Pages
▼
Tuesday, December 30, 2014
လက်ပံတောင်း သပိတ်စခန်းကို သတိပေး
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အနီးက ဆည် တည်းရွာ မြောက်ဘက်မှာ မနေ့ညက စတင်ဖွင့်ထားတဲ့ သပိတ်စခန်းကို ဖျက်သိမ်းပေးဖို့ လုံခြုံရေး ရဲတပ်ဖွဲ့ ၀င်တွေက ဒီနေ့ အသံချဲ့စက်တွေနဲ့ လိုက်လံ ကြေညာ ခဲ့ပါတယ်။
သပိတ်စခန်း ဖွင့်ထားတဲ့ နေရာက ပုဒ်မ ၁၄၄ ထုတ်ထား တဲ့နေရာဖြစ်တဲ့ အတွက် သပိတ်စခန်းကို ဖျက်ပေးဖို့ နဲ့ ခြံစည်းရိုး ခတ်တာကို မနှောင့်ယှက်ဖို့ ကြေညာ တာဖြစ်တယ်လို့ ဆည်တည်း ကျေးရွာသူ မနွယ်နွယ်ဝင်း က ပြောပါတယ်။
" အခုစခန်းချထားတဲ့ နေရာက ပုဒ်မ ၁၄၄ ထုတ် ထားတဲ့နေရာဖြစ်တယ်၊ စီမံကိန်း ဧရိယာ လဲဖြစ်တယ်၊ အဲ့တော့ ခြံစည်းရိုးပြန်ခတ်မယ်ပေါ့၊ အဲ့လိုခတ်တဲ့ အခါမှာ လာပြီး တော့မနှောက်ယှက် ဖို့ရယ်၊ လူစုအမြန်ခွဲပေးဖို့ဆိုပြီးတော့ အော်တယ်၊ ညီမ တို့ဘက် ကတော့ လျော်ကြေးလုံးဝ ယူထားခြင်း မရှိတဲ့ လယ်ယာတွေကို ခြံစည်းရိုးခတ်တာကို လက်မခံနိုင်ဘူး၊ ညီမတို့အနေနဲ့ ငြိမ်းချမ်းစွာ တောင်းဆို သွားမယ်ပေါ့၊ ဆက်ပြီးသူတို့က လူစုခွဲခိုင်းလဲ ညီမတို့ ဆက်ပြီးတောင်းဆို သွားမှာပဲ၊ သူတို့ကတော့ လုံထိန်းအင်အား အပြည့်နဲ့ နေရာယူထားတယ်၊ ညီမတို့ ဒေသခံတွေ ကတော့ လူစုမခွဲဘူး၊ ဒီတိုင်း ပဲ နေနေတယ်၊ ညီမတို့မနေ့က ဖြိုထားတဲ့နေရာတွေကို သူတို့ကခြံစည်းရိုးပြန်လာခတ်တယ် ဆိုရင် ညီမတို့ကတော့ ငြိမ်းချမ်းစွာ တောင်းဆို ပြီးတော့ သူတို့ကိုအကြမ်းမဖက်ဖို့ ညီမတို့ကတော့ ငြိမ်းချမ်း စွာ ဆန္ဒပြသွားမှာပါ"
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာအဖြစ် ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ခတ်ထားတဲ့ လယ်ယာမြေတွေ ထဲက လျော်ကြေးမယူထားတဲ့ ဆည်တည်းရွာ မြောက်ဘက်က ခြံစည်းရိုးတွေကို ဒေသခံ ၂၀၀ လောက်က မနေ့က ဖြိုဖျက်ပြီး သပိတ်စခန်းဖွင့်ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ဒေသခံတွေရဲ့ သပိတ်စခန်းအနီးမှာ ရဲတပ်ဖွဲ့အင်အား ၂ဝဝ ကျော်လောက်ကို လုံခြုံရေးချထားပါတယ်။
ဒီလ ၂၂ ရက်နေ့က လျော်ကြေးမယူထားတဲ့ လယ်ယာမြေနေရာတွေကို ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး ခတ်တာကို တားမြစ်ခဲ့တဲ့ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ ၀င်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး မိုးကြိုးပြင် အလယ်ရွာကတောင် သူ ဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးခဲ့သလို ရွာသား ၁ဝ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီအတောအတွင်း ကျောက်ပန်းတောင်းမြို့နယ်က သံဃာတော် အပါး ၂ဝဝ ကျော်လောက်နဲ့ ဒေသခံ ၅ဝ လောက် က လက်ပံတောင်းတောင်မှာ ပဋိပက္ခတွေ ထပ်မံမပေါ်ပေါက်ဖို့အတွက် ဒီနေ့ ကျောက်ပန်းတောင်းမြို့ကို တစ်ပတ် ပတ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ခဲ့ပါတယ်။
RFA Burmese