Pages

Saturday, February 1, 2014

မန္တလေးဝန်ကြီးချုပ် ယာဉ်တန်း တိုက်ခိုက်မှု စုံစမ်းစစ်ဆေးမည်


01.02.2014
မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက် ခံရမှုကို ဘယ်အဖွဲ့အစည်းက ဘယ်လိုရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာ စုံစမ်းဖော်ထုတ်နေတယ်လို့ သမ္မတပြောခွင့်ရ ဒုပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။ အရင်ကတည်းက တိုင်းဒေသကြီးဝန်ကြီးချုပ်တွေအတွက် လုံခြုံရေး အစီအမံတွေ ရှိထားပြီးဖြစ်ပေမဲ့ အခုလိုဝန်ကြီးချုပ်ကို ဦးတည်ချက်ထား တိုက်ခိုက်ခံတာဟာ ပထမဆုံးဖြစ်လို့ ဘာအကြောင်းရင်းကြောင့်ဆိုတာ သိရှိဖို့ စုံစမ်းနေပြီး ဝန်ကြီးချုပ်တွေရဲ့ လုံခြုံရေးပိုင်းကို  ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဒုပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။ ဝန်ကြီးချုပ်ရဲ့ခရီးစဉ်အတွင်း လိုက်ပါသတင်းယူတဲ့ သတင်းထောက်နှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြပါတယ်။ သတင်းအသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အနီးမှာ မိုးကုတ်မြို့ကနေပြန်လာတဲ့ မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ ယာဉ်တန်းကို ချိန်ပြီးတော့ ချိန်ကိုက်မိုင်းဗုံး ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး မန္တလေးတိုင်း ဝန်ကြီးချုပ်ရဲ့ယာဉ်တန်းကို ဦးတည်ချက်ထားပြီး တိုက်ခိုက်ခဲ့တဲ့အပေါ် ဘယ်အဖွဲ့အစည်းရဲ့ လက်ချက် ဖြစ်တယ်ဆိုတာ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သမ္မတပြောခွင့်ရလည်းဖြစ် ဒုတိယပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“တိုက်ခိုက်မှုဖြစ်တယ်ဆိုတာ မှန်ပါတယ်။ အဲဒီမှာ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်။ ဒါပေမယ့် အဲဒါကို လုပ်တဲ့အဖွဲ့အစည်းရယ်၊ ဖြစ်တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဆဲဖြစ်ပါသေးတယ်။ အဲဒါကြောင့် အသေးစိတ်သတင်း အချက်အလက်တော့ မရသေးပါဘူး။ ဒါပေမယ့် အဲဒီနေရာက ရှမ်းပြည်မြောက်ပိုင်းနဲ့ ဆက်နေတဲ့နေရာဖြစ်နေတယ်လေ။ ဘယ်အဖွဲ့တွေ ဖြစ်နိုင်လဲဆိုတာတော့ ကျနော်တို့ ဖော်ထုတ်ဆဲပါပဲ။”

တိုင်းဒေသကြီးဝန်ကြီးချုပ်တွေအတွက် လုံခြုံရေးအစီအစဉ် ဆောင်ရွက် ပေးထားမှုနဲ့ အဲ့ဒီ့လို မန္တလေးတိုင်း ဝန်ကြီးချုပ်ကို တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ အချိန် လုံခြုံရေး ယူထားပေးတဲ့ အနေအထား၊ နောက် လုံခြုံရေးပိုင်းကို စိတ်ချရအောင် စီမံဆောင်ရွက်နိုင်ဖို့ ဘာကြောင့် တိုက်ခိုက်ခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းကို သိရှိအောင် အရေးတကြီး စုံစမ်းဖော်ထုတ်နေတာဖြစ်တယ်လို့ ဦးရဲထွဋ်က ရှင်းပြပါတယ်။

“နဂိုရ်မူလကတည်းကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်တွေရဲ့ လုံခြုံရေး အစီအမံတွေက ရှိပြီးသားပါ။ သူနဲ့သွားတဲ့ ယာဉ်တန်းပေါ်မှာပါတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လိုဟာမျိုးလည်းပါပါတယ်။ ဒီအခြေအနေတွေပေါ် မူတည်ပြီးတော့မှ ကျနော်တို့ ဖော်ထုတ်ဆဲဆိုတာ အဲဒါလေ။ ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်အဖွဲ့အစည်းလဲ- ဒါတွေကို ကျနော်တို့ ဖော်ထုတ်ပြီးတော့မှ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုလို မိုင်းခွဲတိုက်ခိုက်ခဲ့မှုကြောင့် မန္တလေးတိုင်းဝန်ကြီးချုပ်ခရီးစဉ် ယာဉ်တန်းနဲ့ အတူ လိုက်ပါလာတဲ့ လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးက အခုချိန်ထိ မန္တလေး  အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသမှု ခံယူနေရပြီးတော့ ကျန်နှစ်ဦး ကတော့ ဒဏ်ရာ မပြင်းထန်တဲ့အတွက် ဆေးရုံကဆင်းသွားပြီလို့ မန္တလေး အထွေထွေရောဂါကုဆေးရုံ၊ ပြင်ပလူနာကုဌာန တာဝန်ကျ တစ်ဦးကလည်း ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းချိန်မှာ ပြောပြခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာတော့ မန္တလေးဝန်ကြီးချုပ်မှာ ထိခိုက်ဒဏ်ရာရခဲ့တာ မရှိခဲ့ပါဘူး။ မန္တလေးဝန်ကြီးချုပ်ရဲ့ယာဉ်တန်းတိုက်ခိုက်ခဲ့ရမှုနဲ့ ပတ်သက်တဲ့ သတင်း အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီးတော့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်း အချက်အလက်အပြည့်အစုံကို အစိုးရအဖွဲ့အနေနဲ့ မကြာခင် သတင်းထုတ်ပြန် ပေးသွားမှာဖြစ်တယ်လို့လည်း ဒုပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

“အဲဒီလမ်းကတော့ အခုလည်း ခရီးသည်တင်ကားတွေ သွားနေကြတာလေ။ တိုင်းဒေသကြီးအစိုးရရဲ့ သတင်းအဖွဲ့လည်းပါတယ်။ ဒါပေမယ့် ဒေသခံသတင်းထောက်တွေလည်း ပါတယ်လို့ ပြောတယ်။ ကျနော်ကတော့ အဲဒါတော့ confirm မလုပ်နိုင်ဘူး။ ကျနော်က အတိအကျ မသိရလို့လေ။ နှစ်ယောက်ပါတယ်လို့- ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ သတင်းထောက် တစ်ယောက်ပါတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ကျနော်က သေချာမသိလို့ပါ။ အဲဒီနေရာမှာ စုံစမ်းဖော်ထုတ်ဆဲဖြစ်ပြီးတော့ ကျနော်လည်း လောလောဆယ် ပြောလို့ မရသေးပါဘူးခင်ဗျ။ ရလို့ရှိရင်တော့ အချက်အလက် အပြည့်အစုံတွေ ထုတ်ပြန်ပေးပါ့မယ်။”

မန္တလေးဝန်ကြီးချုပ်ခရီးစဉ်အတွင်း လိုက်ပါသတင်းယူရင်းနဲ့ ဒဏ်ရာရရှိသူ နှစ်ဦးကတော့ မန္တလေးနေ့စဉ်သတင်းစာက သတင်းထောက် ဦးအောင်မင်းဦး (ခေါ်) မန်းကိုကို (ခေါ်) ကိုမန်းကြီးဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ပြန်ကြားရေးသတင်းထောက် ဦးဇင်မင်းထွန်းတို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံး အနည်းငယ် ဒဏ်ရာတွေရခဲ့ကြတယ်လို့  မန္တလေးဒေသခံ သတင်းထောက်တွေက ပြောပါတယ်။ မန္တလေးဝန်ကြီးချုပ်ရဲ့ ယာဉ်တန်းတိုက်ခိုက်မှုမှာ မန္တလေး သတင်းသမားတွေ ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး မန္တလေးမြို့က ဒေသခံ သတင်းထောက် ကိုမင်းထက်ငြိမ်းချမ်းက ပြောပြတာကတော့-

“မိုးကုတ်ကနေ နောင်ချိုပေါ့၊ လမ်းသစ်ရှိတယ်လေ။ အရင်တုန်းက မိုးကုတ်-မန္တလေး ကားလမ်းမဟုတ်သေးဘူး။ မေမြို့ဘက်မှာဖောက်တဲ့ မိုးကုတ် ကားလမ်းကြီး ရှိတယ်လေ။ ကားလမ်းသစ်ကနေ ပြန်လာတာပေါ့ဗျာ။ နောင်ချိုဘက်ကို ပြန်လာတော့ အဲဒီ မိုးကြိုးပစ်ရွာနားမှာ case ဖြစ်တာ။ သတင်းထောက်နှစ်ယောက်က ကိုအောင်မင်းဦးဆိုတာ မန်းကြီး (ခေါ်) မန်းကိုကို (ခေါ်) ကိုအောင်မင်းဦး။ ရန်ကုန်တိုင်းက။ ဒါပေမယ့် သူက တကယ်တော့ မန္တလေးနေ့စဉ်မှာလည်း ပါတယ်။ မန္တလေးနေ့စဉ်သတင်းစာရဲ့ သတင်းထောက်ချုပ်လည်းဖြစ်တယ်။ အခြေအနေကတော့ လက်သန်းလေးထိတယ်လို့ ပြောပါတယ်။ ကောင်းပါတယ်။ အခြေအနေ ကောင်းပါတယ်။”

အခုလို ဒေသဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ တာဝန်နဲ့ သွားလာနေစဉ်အတွင်း ယာဉ်တန်းကို အချိန်ကိုက် ဗုံးခွဲ တိုက်ခိုက်ခဲ့တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး အခုလိုတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး လုံခြုံရေး တာဝန်ရှိသူတွေဘက်က ပေါက်ကွဲမှုဖြစ်စဉ်ကို အရေးတကြီး စုံစမ်းဖော်ထုတ် နေဆဲ အခြေအနေမှာရှိပါတယ်။ တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ လမ်းခရီးမှာတော့ ယာဉ်အသွားအလာတွေ ပုံမှန်ပြန်ဖြစ်နေပါပြီလို့ ဒုပြန်ကြားရေးဝန်ကြီးက ဆိုပါတယ်။
VOA

ကျူးကျော်တွေကို နေရာချထားပေးမယ်လို့ သမ္မတ ပြောကြား

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူတွေကို ပြောကြားတဲ့ ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ မြေယာကျူးကျော် ၀င်ရောက်နေထိုင်တဲ့ မြေယာမဲ့အိမ်ထောင်စုတွေကို စာရင်းပြုစုပြီး သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့အညီ နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဥပဒေမဲ့ တရားမ၀င် ကျူးကျော်ဝင်ရောက် အခြေချနေတာတွေကိုတော့ အသေအချာ စိစစ်ကိုင်တွယ်သွားမယ်လို့လည်း မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။

“မြေယာကိစ္စနဲ့ ကျူးကျော်ဝင်ရောက်အခြေချမှု ပြဿနာများနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေ၊ အငြင်းပွားမှုတွေရှိနေတာကို သိရပါတယ်၊ မြေယာကိစ္စ ပြုပြင်ပြောင်းလဲရေးကို ကျော်ဖြတ်ရတဲ့နိုင်ငံတိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတဲ့ အခက်အခဲဆုံးနဲ့ အကျပ်တည်းဆုံး စီမံဆောင်ရွက်ရတဲ့ ကိစ္စတရပ်ဖြတ်ပါတယ်၊ နိုင်ငံတော်အစိုးရအနေနဲ့ မြေယာမဲ့အိမ်ထောင်စုများကို စာရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးမှုစီမံကိန်းများနဲ့အတူ နေရာချထားမှု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများနဲ့ ပူးပေါင်းစီမံဆောင်ရွက်လျှက်ရှိနေပါတယ်၊ သို့ပေမယ့် တရားမဝင် ကျူးကျော်ဝင်ရောက် အခြေချမှုများကို အသေအချာ စိစစ်ကိုင်တွယ်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်”

ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးမှာ အဓိကကျတဲ့ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေဟာ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ပေါက်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဆင်းရဲချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဖြစ်ပေါ်လာအောင်လည်း ပညာရှင်တွေနဲ့ ဆွေးနွေးဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောခဲ့ပါတယ်။

RFA Burmese

အိမ်ခြေ လေးရာကျော်ရှိသောရွာကို ဖယ်ရှားခိုင်း၊ ရွာသားများက ဖယ်မပေးဘဲ ထိပ်တိုက်တွေ့ရန်ပြင်


သမီးကလေးကျေးရွာကို တွေ့ရစဉ် ဓာတ်ပုံ - ကျော်ဇင်သန်း / 7day Daily 

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း သတ်မှတ်ထားသည့် နယ်နိမိတ်အစပ်တွင်ရှိသော အိမ်ခြေ လေးရာကျော်ရှိသည့် သမီးကလေးကျေးရွာအား လှည်းကူးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ထိုရွာသည် တပ်မတော် ကျောင်းကြီး (၃)ကျောင်း၏မြေဟုဆိုကာ ဖယ်ရှားမည်ဟု အမိန့်စာထုတ်ထားပြီး အဆိုပါရွာသူရွာသားများက ဖယ်မပေးဘဲ ထိပ်တိုက်တွေ့ဆုံရန်စီစဉ်နေသည်။

အဆိုပါရွာကို ဇန်န၀ါရီ ၂၈ ရက်တွင် နောက်ဆုံးဖယ်ရှားရမည်ဟု လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက ဇန်န၀ါရီ ၂၇ရက်တွင် အမိန့်စာထုတ်ပြန်ခဲ့သည်။ ထိုသို့ အမိန့်စာထုတ်ပြန်မှုကြောင့် သမီးကလေးကျေးရွာရှိ ရွာသူရွာသားများက ၎င်းတို့ ဖယ်ရှားခံမည်မဟုတ်ဘဲ အသက်သေသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ထိုကျေးရွာရှိ ရွာသူရွာသားများက တညီတညွတ်တည်း ပြောဆိုသည်။

““ကျွန်တော်တို့ရွာကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ကျူးကျော်ရွာလို့ပြောထားတယ်။ ကျူးကျော်ရွာမဟုတ်ပါဘူး။ ဟိုအရင်တည်းက ရှိခဲ့တဲ့ရွာပါ။ ကျွန်တော်တို့က လုံးဝဖယ်မပေးနိုင်ဘူး။ အသက်သေတဲ့အထိ ကာကွယ်သွားမယ်””ဟု သမီးကလေး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တာကပြောသည်။

သမီးကလေးကျေးရွာ၌ နေထိုင်သူများမှာ ၎င်းတို့၏ ဘိုးဘွားအစဉ်အဆက်ကတည်းက နေထိုင်ခဲ့ကြသူများဖြစ်ပြီး ယခုလက်ရှိနေထိုင်သူများပင်လျှင် အသက် (၇၀)၀န်းကျင်အရွယ် ရောက်နေသူများပင်ရှိနေသည်ဟုဆိုသည်။

သမီးကလေးကျေးရွာတွင် လဂွမ်းပြင်ရေလှောင်တမံစီမံကိန်းတစ်ခုကို ၂၀၀၀ပြည့်နှစ်တွင် တည်ဆောက်ထားရာ ထိုရေလှောင်တမံစီမံကိန်းကမ္ပည်းတိုင်တွင် သမီးကလေးကျေးရွာ၌ ရေလှောင်တမံစီမံကိန်း တည်ဆောက်ထားသည်ဟု ဆည်မြောင်းဝန်ကြီးဌာနမှ ရေးထိုးထားသည်။ ကျေးရွာရှိအိမ်အများစုမှာ ကျူးကျော်တဲပုံစံမျိုး တည်ဆောက်ထားခြင်းမဟုတ်ဘဲ တိုက်အိမ်၊ ပျဉ်ထောင်အိမ်အမျိုးအစား အများစု တည်ဆောက်ထားသည်ကို တွေ့မြင်ခဲ့ရသည်။ ထိုရွာတွင် ဘုန်းတော်ကြီးသင် မူလတန်းစာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ရွာဓမ္မာရုံ စသည်တို့ တည်ဆောက်ထားသည်ကို တွေ့ခဲ့ရသည်။ ရွာဧကလေးရာဝန်းကျင်ကျယ်ဝန်းပြီး ထိုရွာတွင် ကရင်လူမျိုးများနှင့် ဗမာလူမျိုးများနေထိုင်သည်။

အမိန့်စာကို လိုက်နာခြင်း ပျက်ကွက်လျှင် အက်ဥပဒေပုဒ်မ ၂၁(၁)အရအရေးယူမည်ဟုရေး သားထားသည်။ ထိုအမိန့်စာထုတ်ပြန်မှုနှင့် ပတ်သက်ပြီး လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထံသို့ ဇန်န၀ါရီ ၃၁ ရက် ညနေတွင် သွားရောက်မေးမြန်းရာ တွေ့ဆုံခွင့်မပေးခဲ့ပေ။ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်မေးမြန်းရာ ဦးအောင်ကိုဦးမရှိကြောင်းပြောဆိုပြီး ၎င်း၏ ဖုန်းနံပါတ်ပေးပိုင်ခွင့်မရှိကြောင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ  တာဝန်ရှိသူများကပြောဆိုသည်။ ထိုညနေတွင် ထွေအုပ်ရုံးသို့ အစည်းအဝေးလာတက်သော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား မေးမြန်းရာ ဦးအောင်ကိုဦးသည် ထိုရုံးတွင်ရှိနေကြောင်း အတည်ပြုပြောဆိုသည်။

သမီးကလေးကျေးရွာအနီးတွင် စီးပွားရေးလုပ်ငန်းရှင်များက ရော်ဘာခြံလုပ်ငန်းများ လုပ်ကိုင်နေသောကြောင့် မြေဈေးမှာ တစ်ဧကလျှင် ကျပ်သိန်းရာကျော် ပေါက်ဈေးရှိ၍ ဖယ်ရှားခံရခြင်းဖြစ်သည်ဟု ဒေသခံများယူဆနေကြသည်။

Author: ငြိမ်းချမ်း / 7day Daily

ထိုင်းမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ အတွင်း ပစ်ခတ်မှုတွေ ဖြစ်ပွား

ထိုင်းမှာရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြသူများ

ထိုင်းနိုင်ငံမှာ အစိုးရက စီစဉ်ထားတဲ့ မနက်ဖြန် ရွေးကောက်ပွဲ မတိုင်ခင် ဒီကနေ့မှာ အစိုးရ ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေ အကြား ဘန်ကောက်မြို့မှာ တဘက်နဲ့ တဘ်က ထိပ်တိုက် ရင်ဆိုင် အကြမ်းဖက် မှုတွေ ဖြစ်ပွားခဲ့ရာ၊ သေနတ်နဲ့ ပစ်ခတ်တာတွေ နဲ့ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ ပါတယ်။

ဘန်ကောက်မြို့ မြောက်ဘက်ပိုင်း ထိပ်တိုင်ရင်ဆိုင်ပွဲ မှာတော့ ဗုံးတွေပစ်သွင်း သေနတ်တွေနဲ့ ပစ်ခတ်မှုတွေ ကြောင့် လူအတော်များ များ ဒဏ်ရာ ရသွားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲကို အဓိက အတိုက် အခံ ပါတီက သပိတ်မှောက် ထားပြီး၊ ရွေးကောက်ခံတွေ မပါတဲ့ ကြားဖြတ် ပြည်သူ့ကောင်စီမျိုးနဲ့ လက်ရှိအစိုးရကို အစားထိုးဖို့ကို တောင်းဆို ထားပါတယ်။

အတိုက်အခံ ထောက်ခံသူတွေဟာ မဲပြားတွေ ဖြန့်ဝေ နေတာတွေကိုလည်း လိုက်လံ တားဆီး ပိတ်ပင်မှုတွေ ပြုလုပ်နေကြပါတယ်။
BBC

စစ်တပ်ဓာတုစက်ရုံသတင်းကြောင့် ယူနတီ သတင်းထောက်နှင့် အယ်ဒီတာချုပ်ဖမ်းဆီးခံရ (ရုပ်/သံ)


မကွေးတိုင်း ပေါက်မြို့နယ်မှာရှိတဲ့ ဓာတုစက်ရုံကိစ္စ ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေကို သက်ဆိုင်ရာက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ပေါက်မြို့နယ်ဒေသခံ သတင်းထောက် ကိုလူမော်နိုင်ကိုတော့ ဒီနေ့မှာ ပေါက်မြို့နယ်တရားရုံးက နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေနဲ့ အမှုဖွင့်လိုက်ပြီလို့ ဇနီးသည် မလွင်လွင်က ပြောပါတယ်။
ဇန်နဝါရီလ ၂၅ ရက်နေ့က ထွက်ရှိခဲ့တဲ့ Unity ဂျာနယ် အတွဲ ၃ အမှတ် ၄ မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း တရုတ်ပညာရှင်နှင့် လက်ရှိကာချုပ်တို့ရဲ့ လျှို့ဝှက်ဓာတုစက်ရုံ ဆိုတဲ့ သတင်းဆောင်းပါးရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။


စစ်တပ်ရဲ့ လျှို့ဝှက် ဓါတုလက်နက် စက်ရုံအကြောင်း ဆောင်းပါးရေးသားတဲ့ ယူနတီဂျာနယ် သတင်းထောက်နဲ့  အယ်ဒီတာချူပ်ကို ဖမ်းဆီးထိန်းသိမ်း ခံနေရပါတယ်။ ဒေါ်ယမင်းဦး သတင်းပေးပို့ ထားပါတယ်။

DVB

ဘူးသီးတောင်တွင် လူတစ်ထောင်ကျော်စုရုံးပြီးမှ ယူအန်နှင့် အိုင်အန်ဂျီအိုများကို ဆန္ဒပြခွင့်မရ


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယူအန်နှင့် အိုင်အန်ဂျီအိုများ ကို ကန့်ကွက် ဆန္ဒပြရန် လူပေါင်း ၁၀၀၀ ကျော်စုရုံးပြီးမှ အာဏာပိုင်များက ခွင့်မပြုသဖြင့် ယနေ့ ဆန္ဒပြမည့် အစီအစဉ်အား ရပ်ဆိုင်းပြီး လာမည့် ဖေဖေါ်ဝါရီလ ၅ ရက်သို့ ရွှေ့လိုက်ရသည်ဟု ဆန္ဒုပြပွဲ စီစဉ်သူ တစ်ဦးဖြစ်သူ ဖြစ်သူ ဦးသန်းလိုင်က နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ဒီကနေ့ နေ့လည် ၁၂ နာရီမှာ လူပေါင်း တစ်ထောင်ကျော် ဘူးသီးတောင်မြို့ ဧစေတီကျောင်းမှာ စုရုံးခဲ့ကြပါတယ်။ အာဏာပိုင်တွေက ပြလို့ရတယ်။ ခွင့်ပြုချက်တင်စရာ မလိုဆိုတဲ့ အတွက် နားလည်မူနဲ့ ပြပါဆိုတဲ့ အတွက် ဒီကနေ့ ပြဖို့လုပ်တော့ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲမှူးကြီးက လာတားပါတယ်။ သူတို့က မေတ္တာရပ်ခံတဲ့ အတွက် ဒီနေ့ ဆန္ဒပြမယ် အစီအစဉ်ကို လာမယ့် ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကို ရွှေ့လိုက်ပါတယ်” ဟု သူက ပြောသည်။

ဆန္ဒပြရန် လာသူများမှာ ယူအန်နှင့် အိုင်အန်ဂျီအိုများ အပေါ် အထူး မကျေနပ်ဖြစ်နေသဖြင့် ဆန္ဒပြပွဲအား ယနေ့တွင် မပြုလုပ်ကြရန် အထူး အနူးအညွှတ် တောင်းပန်ခဲ့ရသည်ဟု သူက ဆိုသည်။

“ တက်ရောက်လာတဲ့ ပြည်သူတွေက မောင်တော ဒုချီးရားတန်း ပြဿနာမှာ သတင်းမှားတွေထုတ်ပြန်ပြီး ပြဿနာတွေ ကြီးထွားအောင် အကွက်ဆင် လုပ်နေတဲ့ ယူအန်နဲ့အိုင်အိုဂျီတွေကို လုံးဝ မကျေနပ်ဖြစ်နေကြတယ်။ ဒါကြောင့် ဆန္ဒပြဖို့ တကဲကဲ လုပ်နေတဲ့ အတွက်  အာဏာပိုင်တွေနဲ့ စကားများတာတွေတောင် ရှိခဲ့ပါတယ်။ နောက်ပိုင်းမှ အတင်းဖျောင်းဖျပြီး လူစု ခွဲခဲ့ရပါတယ်” ဟု ဆိုသည်။

ဆန္ဒပြပွဲ ပြုလုပ်ဖြစ်ပါက ယူအန်နှင့် အိုင်အန်ဂျီအိုများ သတင်းမှား ထုတ်ပြန်မူကို ရုတ်သိမ်းရန်၊ ဘူးသီးတောင်မြို့နယ်မှ ၎င်းအဖွဲ့အစည်းများ ခုနှစ်ရက်အတွင်း ထွက်ခွာသွားကြရန် တောင်းဆိုသွားမည်ဟု ဦးသန်းလိုင်က ဆက်ဆိုသည်။

ယူအန်နှင့် အိုင်အန်ဂျီအိုများ အနေဖြင့် ဒေသဖွံ့ဖြိုး လုပ်ငန်းများနှင့် အတူ ဆင်းရဲနွမ်းပါးသူများကို ထောက်ပံ့ ကူညီမူများပြုလုပ်နေသဖြင့် ဒေသအတွက် သူတို့ရှိနေခြင်းဖြင့် အကျိုးမရှိနိုင်ဘူးလားဟု မေးမြန်းရာ ဦးသန်းလိုင်က ယခုလို ပြောကြားသည်။

“ သူတို့က ဘင်္ဂလီတွေဘက်ကဘဲ တစ်ဘက်သတ် ရပ်တည်ပြီး ကူညီနေတာ ဖြစ်တယ်။ ဒ့ါပြင်သွေးထိုး လုံဆော်မူတွေနဲ့ မြှောက်ပင့်မူတွေ အမြဲပြုလုပ်နေတယ်။ ဒါကြောင့် ဒီဒေသမှာသူတို့ရှိနေသမျှ ကာလပတ်လုံး လူမျိုးနှစ်ခုအကြား သင့်မြတ်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဒါကြောင့် ပြဿနာဖြစ်အောင် အမြဲဖန်တီးနေတဲ့ ယူအန်နဲ့ အိုင်အန်ဂျီအိုတွေကို ကျွန်တော်တို့ မလိုလားဘူး။ သူတို့ကို ကျွန်တော်တို့ ဒေသက ထွက်ခွာသွားဖို့ကိုသာ ကျွန်တော်တို့ လိုလားပါတယ်” ဟု ဆိုသည်။

ယူအန်နှင့် အိုင်အန်ဂျီအိုများ၏ သတင်းအမှားများ လုပ်ကြံ ထုတ်ပြန်မူကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ဗုဒ္ဓဘာသာ ရခိုင်လူအုပ်စုများ၏ သတ်ဖြတ်မူကြောင့် မွတ်ဆလင် အမျိုးသမီးနှင့် ကလေးငယ် ၄၈ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံတကာ သတင်းဌာနများက ကျယ်ကျယ်ပြန့်ပြန့် သတင်းဖေါ်ပြခဲ့ကြသဖြင့် ရခိုင်လူမျိုးများအပေါ် အထူးထိခိုက် နစ်နာမူများရှိခဲ့သည်။

ဘူးသီးတောင်မြို့ တာဝန်ရှိ ရဲအရာရှိကမူ ယနေ့ ဆန္ဒပြပွဲအားခွင့်ပြုချက်မရှိသဖြင့် တားမြစ်ခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာက ခွင့်ပြုချက်ရရှိပါက တားမြစ်စရာ အကြောင်း မရှိပါကြောင်း နိရဉ္စရာသို့ ပြောကြားသွားသည်။

(နိရဉ္စရာ- ၁ ဖေဖေါ်ဝါရီ ၂၀၁၄)

ဓာတုစက်ရုံကိစ္စ ရေးသားဖော်ပြမှုကြောင့် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေနဲ့ အမှုဖွင့်။ Unity ဂျာနယ်အပေါ် နောက်ထပ်ဖမ်းဆီးမှုများ ဆက်ဖြစ်နေ


မကွေးတိုင်း ပေါက်မြို့နယ်မှာရှိတဲ့ ဓာတုစက်ရုံကိစ္စ ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေကို သက်ဆိုင်ရာက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

Unityဦးတင့်ဆန်းကို ရန်ကုန်မြို့က ဂျာနယ်တိုက်မှာ ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး နယ်မြေခံ သတင်းထောက်ကိုတော့ မနေ့ကတည်းက ဖမ်းဆီးခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဦးတင့်ဆန်းကို ရဲအုပ်ညီညီသန်း ဆိုသူပါ ၃ ဦးက ဂျာနယ်တိုက်မှာ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပြီး ဖမ်းဝရမ်းလည်း မပါ။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ လည်း ပါမလာဘူးလို့ ဂျာနယ်တိုက်ရုံးအဖွဲ့က ပြောပါတယ်။

ဦးတင့်ဆန်းကို မဖမ်းမီ ပေါက်မြို့နယ် နယ်မြေခံသတင်းထောက် ကိုလူမော်နိုင်ကို အရင်ဖမ်းဆီး ခဲ့တာဖြစ်ကြောင်း ဦးတင့်ဆန်းကိုယ်တိုင် ဇန်န၀ါရီ ၃၁ ရက်ညပိုင်းက ဒီဗွီဘီကို ဖုန်းထဲက ပြောပြတာက “ကိုလူမော်နိုင်ကိုတော့ ပေါက်မြို့နယ် စခန်းမှူးကြီးက ခေါ်သွားပြီခင်ဗျ။ ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ပေါက်မြို့က နျူကလီးယား စက်ရုံနဲ့ ပတ်သက်ပြီးတော့ သူတို့က တနိုင်ငံလုံးမှာရှိတဲ့ ဖြန့်ထားတဲ့ ဂျာနယ်တွေကိုလည်း သိမ်းတယ်။ ဖြန့်တာက တပတ်ကျော်သွားပြီ အခု ကျနော်တို့ ရုံးကိုလာပြီး ဂျာနယ်တွေ သိမ်းတယ်လို့လည်း ပြောတယ်။ သတင်းထောက် ၃ ယောက်ကိုလည်း သူတို့ ခေါ်မယ်ပေါ့။ အကြီးတန်းသတင်းထောက်ဖြစ်တဲ့ ပိုင်သက်ကျော်ရယ် ရာဇာဦးရယ် အငယ်တန်းသတင်းထောက် စည်သူစိုးရယ် ၃ ယောက်ကို လာဖမ်းတယ်။ အဓိက ပေါက်မှာရှိတဲ့ ဓာတုစက်ရုံအကြောင်းရေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လုပ်တာဗျ။ ပေါက်မှာ ရှိတဲ့ ဧကပေါင်း ၃၃၃၈၇ ဧကမှာ ဆောက်ထားတဲ့ ဓာတုစက်ရုံအကြောင်းရေးတာနဲ့ ပတ်သက်ပြီး ခေါ်မေးတာ”လို့ ပြောပါတယ်။

ပေါက်မြို့နယ်ဒေသခံ သတင်းထောက် ကိုလူမော်နိုင်ကိုတော့ ဒီနေ့မှာ ပေါက်မြို့နယ်တရားရုံးက နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေနဲ့ အမှုဖွင့်လိုက်ပြီလို့ ဇနီးသည် မလွင်လွင်က ပြောပါတယ်။

“မနက် ၁၀ နာရီလောက်ရောက်တော့ သူက ပြောတယ်။ တရားသူကြီး ဒေါ်စန်းသီတာအောင်က သူ့ကို ပုဒ်မ လာတပ်တယ်၊ ရမန်ကြီး တပတ်ယူတယ်။ သူ့ကို ပုဒ်မ ၃၁ (က)/၉ နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေလို့ ပြောပါတယ်။ ”

ကိုလူမော်နိုင်ကို ပေါက်မြို့နယ် ရဲစခန်းကနေ ခေါ်ဆောင်သွားပြီဖြစ်ပြီး ဘယ်ကို ပို့လိုက်တယ်ဆို တာတော့ စုံစမ်းနေတုန်းလို့လည်း ပြောပါတယ်။

ဒီလို စာနယ်ဇင်းသမားတွေကို အလွယ်တကူ ဖမ်းဆီခေါ်ယူ စစ်ဆေး အမှုဖွင့် လုပ်နေတာတွေ ကြည့်ခြင်းအားဖြင့် အခုပေးထားတဲ့ မီဒီယာလွတ်လပ်ခွင့် အာမခံချက် မရှိသေးဘူးဆိုတာ ပြနေတာပဲလို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ကိုဇော်သက်ထွေးက ပြောပါတယ်။

“ကျနော်တို့ မီဒီယာ ဥပဒေကို လွှတ်တော်မှာ အတည်ပြုဖို့အတွက် အချိန်နည်းနည်းပဲ လိုတယ်။ ကျနော်တို့ အမြဲတမ်း ပြောတယ် မီဒီယာ ဥပဒေ မရှိသေးခင်မှာ ပေးတဲ့ Freedom of Press က အန္တရာယ်ရှိတယ်။ အချိန်မရွေး သားရေကွင်းလိုပဲ ကျုံ့နိုင်တယ်။ ချဲ့နိုင်တယ်။ အဲဒါကြောင့် အားလုံး သတိထားပြီးတော့ လုပ်ကြရမယ်လို့ ပြောခဲ့တာ။ အခုတော့ အဲဒီအကွက်ထဲကို ၀င်သွားတာပေါ့။ အဲဒီတော့ အခုပေးတဲ့ Freedom of Press က အာမခံချက်မရှိဘူးဆိုတာ နံပတ် ၁ ပြသနေတာဖြစ်တယ်။ နံပတ် ၂ က လက်ရှိတည်ဆဲဥပဒေနဲ့ အချိန်မရွေး သတင်းသမားတွေကို အန္တရာယ်ပေးနိုင်တော့မယ်ဆိုတာ ရှင်းလင်းတယ်။ နံပတ် ၃ က ဒီလိုမျိုး ဖမ်းခေါ်သွားတာဟာ မီဒီယာလောကအတွက် နှစ်မြို့ဖွယ်ရာ ကိစ္စ မဟုတ်ဘူး။ တကယ်လို့ ဥပဒေကြောင်းအရ ငြိစွန်းတယ်ဆိုရင် လုပ်ထုံး လုပ်နည်းအတိုင်းပဲ တရားရုံးကနေ အမှုဖွင့် တရားရုံးက ဆင့်ခေါ်ပြီးမှပဲ တရားရုံးမှာ သူက ထုချေပိုင်ခွင့်ရှိရမယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့မှ ကျူးလွန်တယ် မကျူးလွန်ဘူးကို သက်ဆိုင်ရာ တရားသူကြီးအဖွဲ့က စစ်ဆေးပြီးမှ ပြစ်ဒဏ်ပေး လို့ ရတာမျိုးပဲ ဖြစ်တယ်။ အခုလို ဘယ်ကို ခေါ်သွားမှန်းမသိ၊ တိကျတဲ့ သတင်းထုတ်ပြန်မှုလည်း မရှိပဲနဲ့ မိသားစုကို ဘာသတင်းမှ မပေးပဲ လုပ်နေတာဟာ မီဒီယာလောကကိုရော သတင်းသမားတွေကိုရော သွယ်ဝိုက်တဲ့နည်းနဲ့ ခြိမ်းခြောက်မှုကို ဆက်လက်ပြနေဆဲဆိုတာ ထင်ရှားတယ်။”

စာနယ်ဇင်းကောင်စီ အနေနဲ့ရော သတင်းမီဒီယာ လောကသားတွေအနေနဲ့ပါ အခုလိုမျိုး လုပ်ဆောင်နေတာတွေကို ကန့်ကွက်တဲ့ သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်သွားဖို့ရှိတယ်။ နည်းအမျိုးမျိုး ကန့်ကွက်ရှုတ်ချသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့က ထွက်ရှိခဲ့တဲ့ Unity ဂျာနယ် အတွဲ ၃ အမှတ် ၄ မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း တရုတ်ပညာရှင်နှင့် လက်ရှိကာချုပ်တို့ရဲ့ လျှို့ဝှက်ဓာတုစက်ရုံ ဆိုတဲ့ သတင်းဆောင်းပါးရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
-----------------------------------------------------------------------------------------
Unity ဂျာနယ်အပေါ် နောက်ထပ်ဖမ်းဆီးမှုများ ဆက်ဖြစ်နေ

မကွေးတိုင်း ပေါက်မြို့ရှိ မြန်မာစစ်တပ်ပိုင် လျှိုဝှက်ဓာတုလက်နက်စက်ရုံ အကြောင်း သတင်း ဆောင်းပါးရေးသားခဲ့သည့် Unity ဂျာနယ်၏ သတင်းထောက်ကို နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားသည့်ဥပဒေဖြင့် အကျဉ်းချဖမ်းဆီးလိုက်ပြီးနောက် ဂျာနယ်ပိုင်ရှင် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းကို ရန်ကုန်မြို့၌ ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဦးတင့်ဆန်းကို ဖမ်းဆီးခေါ်ဆောင်ပြီး ၃နာရီခန့်အကြာ ဂျာနယ်တိုက်ရှိ နောက်ထပ် သတင်းသမား ၃ဦးကို ထပ်မံဖမ်းဆီးသွားခဲ့သည်။ အဆိုပါ သတင်းမီဒီယာသမားများကို ဖမ်းဆီးအရေးယူနေခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် အစိုးရပိုင် ပြန်ကြားရေးဌာနမှ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

Kamayut Media

ကချုင်ပြည်နယ် မိုးမောက်ဒေသမှာ အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်

ကချင်ပြည်နယ် မိုးမောက်ဒေသမှာ အစိုးရတပ်နဲ့  ကေအိုင်အေတပ်တွေ မနေ့က တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့  စစ်ပြေးဒုက္ခသည်တွေကိုကူညီနေတဲ့ WPN ခေါ် ဝမ်ပေါင်နိန်းတွဲအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်မေရီတွမ်က RFA ကိုပြောပါတယ်။
"မနေ့က မနက်ပိုင်း ၂ နာရီကျော်လောက်မှာ နမ့်မွန်တောင်ဆိုတဲ့ရွာမှာ တခါဖြစ်တယ်၊ နောက်မန်စီမြို့နယ်ထဲမှာ နှစ်ခါဖြစ်တယ်၊ ညနေ ၃ နာရီလောက်မှာ မိုးမောက်မြို့နယ်နားက ရွာမှာတခါဖြစ်တယ်ပေါ့"
အဲဒီဒေသမှာ လွန်ခဲ့တဲ့လတွေကလဲ စစ်တပ်ကဝင်ရောက်ခဲ့တဲ့အတွက် စစ်ပြေးဒုက္ခသည်တွေမှာ နောက်ထပ်ထွက်ပြေးကြရပြီး၊ အဲဒီတုန်းက ကျန်းမာရေးနဲ့ အသက်အရွယ်တွေကြောင့် ထွက်မပြေးနိုင်ပဲ ကျန်နေတဲ့သူတွေက အခုဖြစ်တဲ့တိုက်ပွဲတွေကြောင့် အခက်အခဲတော်တော်တွေ့နေတယ်လို့  ဒေါ်မေရီတွမ်ကပြောပါတယ်။
အခုရာသီဟာ ဆောင်းတွင်းအေးတဲ့ကာလဖြစ်တဲ့အတွက် ဒုက္ခသည်တွေ ပိုပြီးအခက်အခဲရောက်သလို၊ အကူအညီတွေလဲ လိုအပ်သလောက်မရကြဘူးလို့ ဆိုပါတယ်။
ဒေါ်မေရီတွမ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

 
RFA

လူ့အခွင့်အရေးကော် မရှင် မောင်တောမှာ စုံစမ်းစစ်ဆေးရေးစတင်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာရဲ့ ဖြစ်စဉ်အမှန်ကိုသိရှိနိုင်ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဒီကနေ့ကစတင်ပြီး ဖေဖေါ်ဝါရီလ ၃ ရက်နေ့အထိ ၄ ရက်ကြာ စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က RFA ကို အခုလို ပြောပါတယ်။
"ဇန်နဝါရီလ ၁၃ ရက်နေ့က ဖြစ်တဲ့ဖြစ်စဉ်မှာ issue တွေရှိတယ်လေ။ အဲဒီ issue တွေကို မှန်ကန်ခြင်းရှိမရှိ ကျနော်တို့ ကွင်းဆင်းပြီး စုံစမ်းစစ်ဆေးတာပါ။ လောလောဆယ်တော့ အခုမှ စစ်တာရမှာပေါ့လေ၊ ကွင်းဆင်းတာဆိုတော့လေ။ ဒီနေ့ကနေ  ဇန်နဝါရီ ၃ ရက်နေ့ထိဆိုတော့ ၄ ရက်လောက်ကြာမှာပေါ့"
မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က ကျေးရွာသူ ကျေးရွာသား မွတ်စလင်လူဦးရေ ၄၀ လောက်သတ်ဖြတ်ခံရတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြောဆိုနေတဲ့အပေါ် မှန်ကန်မှုရှိ၊ မရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေနဲ့ အစီရင်ခံတင်ပြနိုင်ဖို့ စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို ပြည်ထောင်စုအစိုးရထံကိုတင်ပြပြီး သတင်းထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။
မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ မွတ်စလင်ကျေးရွာသားတွေ အသတ်ခံရတယ်ဆိုပြီး အမေရိကန်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂတို့က စုံစမ်းစစ်ဆေးပေးဖို့လိုအပ်ကြောင်း တောင်းဆိုထားပါတယ်။ အစိုးရက အဲဒီကျေးရွာမှာ ရဲတပ်ဖွဲ့ဝင်တပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးနေတာသာဖြစ်ကြောင်းနဲ့ နိုင်ငံတကာကပြောနေသလို အဖြစ်အပျက်မျိုးမရှိခဲ့ကြောင်း ဇန်န၀ါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး ရှင်းပြခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံးက သံအရာရှိတွေဟာ ရခိုင်ပြည်နယ် မောင်တောမြို့က ဒုချီးရားတန်းကျေးရွာခရီးစဉ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်အဖွဲ့ရဲ့ ဒုချီးရားတန်းဖြစ်စဉ် လေ့လာရေးခရီးစဉ်တွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိက တင်ပြထားတာ နားဆင်နိုင်ပါတယ်။
RFA

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆောင်ရွက်ရန် ကော်မတီတစ်ရပ် ထပ်မံဖွဲ့စည်းမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား


ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာပါ အကြောင်းအရာများကို အကောင်အထည်ဖော်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ဖြစ်ပေါ်လာသည်အထိ ဆောင်ရွက်ရန် ကော်မတီတစ်ရပ် ထပ်မံဖွဲ့စည်းမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်၏
၂၅ ရက် ၇ လ ၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၄၁/၂၀၁၃ဖြင့် ထုတ်ပြန်ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ ဦးတည်ချက် သက်တမ်းတာဝန်လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းနှင့် ရပိုင်ခွင့်များကိုလည်း ၂၇ ရက် ၈ လ ၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၉/၂၀၁၃ ဖြင့် ထုတ်ပြန် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ၇ ရက် ၁၁ လ ၂၀၁၃  ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ယင်းကော်မတီရဲ့ အစီရင်ခံစာကို ၃၁ ရက် ၁ လ ၂၀၁၄ ရက်မတိုင်မီ လွှတ်တော်သို့ တင်သွင်းရန်အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ကော်မတီအနေဖြင့် ထုတ်ပြန်သတ်မှတ်ထားတဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှယနေ့အထိ အစီရင်ခံစာတင်သွင်းချိန်အထိ ၀ိုင်းဝန်းကြိုးစားဆောင်ရွက်ခဲ့တဲ့ ရလဒ်အဖြစ် ယခုအစီရင်ခံစာကို တင်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေပြီးဖြစ်တဲ့ ကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သုံးသပ်တင်ပြချက် အစီရင်ခံစာအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း၊ အပိုဒ်၊ ပုဒ်မများအလိုက်ပြင်ဆင်သင့်သည်များ၊ ဖြည့်စွက်သင့်သည်များ၊ ပယ်ဖျက်သင့် သည်များကို ဥပဒေနဲ့အညီ ဆက်လက်စိစစ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဦးစားပေး လိုက်ဆောင်ရွက်သင့်တဲ့ ဆောင်ရွက်နိုင်တဲ့ အကြောင်းအရာများကို အသေးစိတ်ထပ်မံ လေ့လာသုံးသပ်နိုင်ရန် အချိန်ယူဆောင်ရွက်သင့်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူလိုကြောင်း တင်ပြထားတာ တွေ့ရှိရပါတယ်။ အစောပိုင်းက တင်ပြခဲ့တဲ့ပူးပေါင်းကော်မတီရဲ့ ဦးတည်ချက်၊ သက်တမ်း၊ တာဝန်နှင့် သတ်မှတ်ချက်တွင် ပူးပေါင်းကော်မတီ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့် အချိန်မှ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင်သွင်းပြီးသည့် အချိန်အထိ ဖြစ်သည်လို့ သတ်မှတ်ဖော်ပြထားပါတယ်"ဟု ပြောကြားသည်။

အဆိုပါအဖွဲ့ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ဖွဲ့စည်းရန် လျာထားကြောင်း အသိပေးခဲ့ပြီး အစီရင်ခံစာပါ အကြောင်းအရာများကို အကောင်အထည်ဖော်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က အခြားကော်မတီတစ်ရပ် ထပ်မံဖွဲ့စည်းပြီး ဆောင်ရွက်ရန်အတွက် လွှတ်တော်က သဘောတူခဲ့သည်။

ယူနတီ ဂျာနယ် သတင်းထောက် ထိန်းသိမ်းခံရ


 ကာဗွန်တွေ ထွက်နေတဲ့ စက်ရုံတရုံကို မြင်ရပုံ
ဇန္နဝါရီ ၂၅ ရက်နေ့ထုတ် ယူနတီ ဂျာနယ်မှာ ပေါက်မြို့မှာ ရှိတဲ့ ဓါတုလက်နက် စက်ရုံလို့ ယူဆရတဲ့ စက်ရုံ ဓါတ်ပုံကို မျက်နှာဖုံး မှာ ဖော်ပြမိလို့ တပြည်လုံးက ဖြန့်ချီရေးတွေကို သက်ဆိုင်ရာက လိုက်သိမ်းနေတယ်လို့ ယူနတီ ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းက ပြောပါတယ်။

ပေါက် မြို့က ယူနတီ ဂျာနယ် သတင်းထောက် ကိုလည်း ခေတ္တ ခေါ်ယူ မယ်ဆိုပြီး ဖမ်းထားတယ် ၊ အခုတော့ ရဲစခန်းမှာ စစ်ကြောနေလို့ အမှု မဖွင့်သေးဘူးလို့ သူက ဆိုပါတယ်။

ရန်ကုန် အခြေစိုက် တခြား အကြီးတန်း သတင်းထောက် နှစ်ယောက်နဲ့ အငယ်တန်း သတင်းထောက် တယောက်ကိုလည်း အိမ်တွေမှာ ရဲက လိုက်မေးနေတယ်လို့ သူက ပြောပါတယ်။

အဓိက ကတော့ ပေါက်မြို့မှာ ရှိတဲ့ လယ်ဧက သုံးသောင်း သုံးထောင် သုံးရာ ရှစ်ဆယ့် ခုနှစ် ဧက ပေါ်မှာ တည်ထားတဲ့ ဓါတု စက်ရုံ ကြီးနဲ့ ပတ်သက်လို့ ယူနတီက သတင်းထောက်တွေ စက်ရုံထဲ ဝင်ရောက် မေးမြန်းခဲ့တာတွေ လုပ်ခဲ့ပြီး ဂျာနယ်မှာ ဖော်ပြခဲ့လို့ အခုလို လိုက်လံ ဖမ်းဆီး အရေးယူမှုတွေ လုပ်နေတာလို့ သူက ရှင်းပြခဲ့ပါတယ်။

ဓါတု စက်ရုံ ဆိုတဲ့ အထောက်အထားတွေ ဆိုတာကတော့ သူတို့ကိုယ်တိုင် ထိပ်ဖူးလို့ ထင်ရတာတွေ တွေ့ရှိခဲ့ကြောင်း ၊ လှိုဏ်ခေါင်း ဓါတ်ပုံ ၁ဝဝလောက် သူတို့ ရိုက်ယူခဲ့ကြောင်းနဲ့ အလုပ်သမားတွေကိုလည်း မေးမြန်းခဲ့တယ်လို့ ဦးတင့်ဆန်းက ဆိုပါတယ်။

အဲဒီ စက်ရုံဟာ အရှေ့တောင် အာရှမှာ အကြီးဆုံးဘဲလို့ အနားက ဒေသခံတွေက ပြောကြောင်း သူက ရှင်းပြပါတယ်။

ဒါ့အပြင် အဲဒီ စက်ရုံဟာ ပေါက်မြို့ထဲကနေ ၁၂မိုင်လောက် ဝေးပြီး တောင်ကြားမှာ ရှိတယ်လို့ သူက ပြောပါတယ်။

၂ဝဝ၈ ခုနှစ်တုန်းက စဆောက်ခဲ့တဲ့ ဒီစက်ရုံဟာ အခုဆို ပြီးသလောက် ရှိသွားပြီး ဖြစ်တဲ့အပြင် လယ်မြေတွေကို သိမ်းတုန်းက တဧကကို ကျပ်ငါးထောင်သာ လျော်ကြေးပေးခဲ့တာလို့ ဦးတင့်ဆန်းက ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပေါက် မြို့  က ဒုံးလက်နက် တွေ ၊ ဓာတုလက်နက် တွေ ထုတ် တဲ့ စက်ရုံ


by FNG

ကိုယ်ပိုင် အမှတ် ၄+++++  ဗိုလ်ကြီး +++++++ သည် ပဲခူးတိုင်း တွင် ၁၉၇၅ ခုနှစ်
ဉ်မွေးဖွားခဲ့ပြီး ၁၉၉၃ ခုနှစ် တွင် ဆယ်တန်း စာမေးပွဲ အား က အဆင့် ဖြင့် အောင်မြင်ပြီး
နောက် စစ်တက္ကသိုလ် သို့ တက်ရောက်ပြီး ခဲ့ပြီး အပတ် စဉ် ၅+သင်တန်းဆင်းတစ်
ယောက် ဖြစ်သည်။

မေမြို့ စစ်တက္ကသိုလ် မှ ဘွဲ့ ရရှိပြီးနောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ
ခြေလျှင် တပ်ရင်း တစ်ခု တွင် လအတန်ကြာ  သင်တန်း တစ်ခု တက်ရောက် ရပြီး ၁၉၉၉
ခုနှစ် တွင် တနင်္သာရီ တိုင်း သရက် ချောင်း တွင် တာဝန် ကျကာ ၂၀၀၂ ခုနှစ် တွင် ဗိုလ်
ကြီး ရာထူး ဖြင့် ရှမ်းပြည်နယ် တွင် တာဝန် ကျသည်။၂၀၀၆ ခုနှစ် တွင် နေပြည်တော် ကာ
ကွယ်ရေး ၀န်ကြီး ဌာန မှ ဆင့်ခေါ်မှု တွင် မကွေးတိုင်း မြိုင် မြို့ နယ် မှ ထပ် မံ သွားရ
သည့် ပေါက်မြို့ ၏ မြောက်ဘက် မိုင် ၃၀ ခန့် အကွာ ရှိ တပ်ရင်း တစ်ခု တွင် တာဝန်
ထမ်းဆောင်ရန် အတွက်  စစ်သုံး မော်တော် ယာဉ်ဖြင့် လိုက်လံ ပို့ ဆောင်ပေးသည်။
စစ်ဆင်ရေး အဖွဲ့ များ ၏ လက်အောက် ခံ မဟုတ် သည့် ထိုတပ်ရင်း တွင် ဗိုလ်မှုးကြီး
အဆင့် ရှိ တပ်ရင်းမှုး တစ်ယောက် အုပ်ချုပ်ပြီး ရောက်ခါ စ တွင် နှစ်ရက် ခန့် သီးသန့် 
ထားရှိ ကာ ထို သို့ စောင့်နေစဉ် အတောအတွင်း ဗိုလ်ကြီး  မြင့် နိုင် ဆိုသူက နေပြည်တော်
သို့ သတင်း ပို့ ထားပြီး ဖြစ်သော် လည်း တပ်ရင်းမှုး ခရီးထွက် နေ သဖြင့်
နောက်ထပ် နှစ်ရက် ခန့် စောင့်ဆိုင်းရန် လာရောက် ပြောဆို သွားသည်။ နှစ်ရက် ခန့် 
အကြာတွင် လေအေးပေးစက် တပ် ဆင် ထား သည့် နှစ်ထပ် တိုက် ရုံးခန်း တစ်ခု
သို့ မသွား ခင် တွင် တစ်ကိုယ်လုံး အား အသေအချာ ရှာဖွေပြီး နောက် ပါလာသော
ပစ္စည်း များ ကို လည်း ရှာဖွေ ပါသည်။ လျှပ် စစ်မုတ်ဆိတ် ရိတ်စက် ကို တပ်ကြပ်ကြီး
နှစ် ဦး နှင့် အဖွဲ့ က ရှာဖွေ ပုံစံ ဖြင့် သိမ်း သွားပြီး ထို သို့ သိမ်းသွားရာတွင် ထို
တပ်ကြပ်ကြီး က”ဒီကို လာစဉ် အထက် က သယ်ဆောင် မသွားရန် ပစ္စည်းများ ကို
မပြောလိုက်ဘူး လားမေးရာ သတိ မထား မိဘဲ ပါလာသည် “ ဟု ပြန်လည် ဖြေရှင်း
ခဲ့သည်။၎င်း က ဆက်လက်၍ အခြား လျှပ် စစ် ပစ္စည်း ဘာပါရှိ သေးလဲ ဟု မေးရာ
ဘာမှ မပါရှိ တော့ကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။

 တပ်ရင်းမှုးမှာ ထိုဒေသတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ရသူသာဖြစ်ပြီး ဒု-ဗိုလ်ချုပ်ကြီး
ခင်မောင်သန်း ၏ တပည့်ရင်း ဖြစ်သူ ဗိုလ်မှုးကြီး ကျော်ရွှေ ဖြစ်သည်။ ၎င်းသည် ထိုဒေသ
၏ ထူးခြားဖြစ်စဉ် ကို ကာကွယ်ရေး ၀န်ကြီးဌာန သို့ မိနစ် ၆၀ တိုင်းတွင် တစ်ကြိမ် အစီရင်
ခံစာတင်ရပြီး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း ဆီ ကို နေ့ စဉ် တိုက်ရိုက် အစီရင် ခံစာရေး တင်ရ
သည်။

ဗိုလ်မှုးကြီး ကျော်ရွှေ ၏ ရုံးခန်း တွင် CCTV လှို့ ဝှက် ကင်မရာများ ၊ Fax စသည့် ဆက်သွယ်
ရေး ပစ္စည်းများ ရှိပြီး ထိုဒေသတွင် သုံးနှစ်တာဝန် ထမ်းဆောင် စဉ် အတွင်း အဆိုပါရုံးခန်း သို့ 
သုံးကြိမ်သာ ရောက်ရှိ ခဲဖူးသည်။ ထို ရုံးခန်း ရှိ ရာ အဆောက်အဦမှာ ဆယ်မိနစ် ခန့် လမ်း
လျှောက် လိုက်လျှင် ရဟတ်ယာဉ် လေးစီးခန့် ရပ် နိုင်သည့် နေရာတွင် စစ်သုံး ရဟတ်ယာဉ်
တစ်စီးမှာ အချိန် ပြည့်ရပ်ထားပြီး ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရှောင် တစ်ခင်လာရောက် စစ်ဆေး
လျှင် ရဟတ်ယာဉ် ငါးစီးခန့် ရှိသည်။

ဗိုလ်ချုပ်မှုးကြီး သည် မိုးရာသီ မှ လွဲ၍ တစ်နှစ်လျှင် လေးကြိမ် ခန့် ကျောချောင်း စစ်လက်နက်
ပစ္စည်း ထုတ်လုပ် တပ်ဆင်ရေး စက်ရုံ သို့ လာသည်။

အထက် ပါသတင်း ပေးပို့ မှု မှာ မြန်မာ့ တပ်မတော်မှ လက်ရှိ တာဝန် ထမ်းဆောင်နေ
ဆဲ ဗိုလ်ကြီး အဆင့်ရှိ သူ တစ်ယောက်ဖြစ်ပြီး ၎င်း ၏ လုံခြုံရေး အရ အမည် ၊ တာဝန်ထမ်း
ဆောင် ခဲ့သည့် နေရာများ နှင့် မွေးဖွားရာ တို့ ကို ပေါက် မြို့ တွင် တာဝန် မထမ်းဆောင်
ခင် အထိ အကုန် လွှဲပြောင်းထားပါသည်။

ကျန်ရှိ နေ သည် များ ကို ဆက်လက် ဖော်ပြမည် ဖြစ်ပါသည်။

နောက် တွင်  မြန်မာဝီကီလိခ် ဉ် ယခု အကြောင်း အရာ ကို ၁ . ၁ . ၁ ဟူသော ဂဏန်း
ရိုက်၍ ရှာပါ ။

မူရင်း မြန်မာ ၀ီကီလိခ်
by FNG  (http://freedomnewsgroup.com/2014/02/01/chemical-factory/)

သမ္မတ ဦးသိန်းစိန်ရဲ့ ဖေဖော်ဝါရီ မိန့်ခွန်း

လစဉ် ရေဒီယိုကတဆင့် မိန့်ခွန်းပြောကြားလေ့ ရှိတဲ့ သမ္မတကြီး ဦးသိန်းစိန်က ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြောတဲ့ မိန့်ခွန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ပြောဆို ထားပါ တယ်။ 




ဒီအထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဋ္ဌာနချုပ် လောခီးလာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကျင်းပခဲ့ပြီး သဘောတူညီချက်တွေ ရခဲ့တာ၊ ဒီကတဆင့် ဖားအံ ဆွေးနွေးပွဲကျင်း ပမယ့်အကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိက ကျတဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ကိစ္စလက်မှတ်ထိုးနိုင်မယ့် ကိစ္စလည်း ပါဝင်သလို နှစ်ပေါင်းများစွာ မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ပြတ်ခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ ပြန်လည်ဆက်သွယ်ခွင့်ရပြီး အမေရိကန် ဒေါ်လာ သန်း ၂ ထောင် ကိုလည်း စတင် ထောက် ပံ့ ချေးယူခွင့် ရတာကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။ 

ဒီအပြင် ဦးသိန်းစိန်က အမျိုးသား ကျန်းမာရေး ကိစ္စ၊ ပညာရေး ကိစ္စတွေလည်း ထည့်သွင်းပြောဆိုသွား ခဲ့ပြီး နိုင်ငံတကာမှာ ပညာသင်ယူနိုင်ဖို့ နိုင်ငံတော် သမ္မတ ပညာရေးသင်ဆု ကိုပေးဖို့ အဖွဲ့ကိုလည်း ထူထောင် ထားပြီဖြစ်တယ်လို့ ထည့်သွင်းပြောဆိုပါတယ်။ 

ဒီအပြင် မြန်မာနိုင်ငံမှာ အဆိုးဆုံးအခြေအနေတခုဖြစ်တဲ့ မြေယာသိမ်းဆည်းမှုကိစ္စတွေလည်း ထည့်သွင်း
ပြောဆိုထားပါတယ်။ 

သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းအပြည့်အစုံကတော့... 

 နိုင်ငံတော်သမ္မတ ပြောကြားသည့် ရေဒီယိုမိန့်ခွန်း(၁.၂.၂၀၁၄) 


မိဘပြည်သူများခင်ဗျား ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယို ကနေ တစ်ဆင့် အသိပေး ပြောကြား နေကျဖြစ်တဲ့အတိုင်း ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေ များ
နှင့်ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်များကို မိဘပြည်သူများထံ ယခုကဲ့သို့ ပုံမှန်တင်ပြရခြင်းဖြစ် ပါတယ်။ 

လက်ရှိကျွန်တော်တို့ ကြိုးပမ်းအားထုတ်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ကိစ္စရပ်များးမှာ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အကြပ်အတည်းများ ရှိနေ
ခြင်းဟာ ပြုပြင်ပြောင်းလဲစ နိုင်ငံတိုင်းမှာ တွေ့ကြုံရတဲ့ အရှိတရားများပင် ဖြစ်ပါတယ်။ 

ဒီလိုအခက်အခဲတွေရဲ့ အကျိုးဆက်ကြောင့် ထင်သာမြင်သာရှိတဲ့ ရလဒ်များ ထွက်ပေါ်ခြင်း မရှိသေးတဲ့ ကိစ္စရပ်များအတွက် စနစ်တကျ အကောင်အထည်ဖော်ရန် ရည်မှန်းထားပြီး ခိုင်မာတဲ့သန္နိဌာန်နဲ့ လုပ်
ဆောင်နေခြင်း ဖြစ်တယ်ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။ 

သမိုင်းကြောင်းနဲ့ချီတဲ့ လိုအပ်ချက် များရှိခဲ့တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်တဲ့အခါ ဖြည့်ဆည်းရမယ့်ကွပ်လပ်များ၊ လိုအပ်ချက်များကို ရုတ်ခြင်းအဖြေထုတ် အပြောလွယ် သလောက် လက်တွေ့မှာ လုပ်ရတာ အလွန်ခက်ခဲပါတယ်။ 

ဒါ့ကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း ဆောင်ရွက်ရမယ့် နိုင်ငံရေးလုပ်ငန်းစဉ်များ ဟာ ရေဆန်ကူးရ သကဲ့သို့ ခက်ခဲတဲ့လုပ်ငန်းများကို လုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ စိန်ခေါ်မှု ကြီး မားသော်လည်း ကျွန်တော်တို့အစိုးရ တာဝန်ယူချိန်မှာ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များကို ခိုင်မာတဲ့သန္နိဌာန်နဲ့ ဆောင် ရွက် ခဲ့ တဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း အမျိုးစုံသော အခက်အခဲ၊ အကြပ်အတည်းများနဲ့ စိန်ခေါ်မှု များကို အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား အင်အားစုများနဲ့ ပြည်သူလူထုတစ်ရပ်လုံး ကိုယ်စီကျရာ အခန်းကဏ္ဍက ပါဝင်ပူးပေါင်း
ဆောင် ရွက်နိုင်ခဲ့ပါတယ်။ 

ဒီလိုပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ဒီကနေ့မှာ အာမခံချက်ရှိတဲ့ တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရေးထိုးရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ နိုင်ငံရေး
ဆွေးနွေးမှု နည်းလမ်းများနဲ့ ဖြေရှင်းအကောင်အထည်ဖော်နိုင်မယ့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အရုဏ်ဦးကို ရောက်ရှိဖို့ အဆင့်ဆင့် တစ်လှမ်းနေတာ ဖြစ်ပါတယ်။ 

လက်တလောရရှိထားတဲ့ အောင်မြင်မှုကတော့ ကရင်ပြည်နယ်၊ လောခီလာဒေသမှာ KNU က ဦးစီးကျင်း ပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခြင်း ပဲ ဖြစ်ပါတယ်။ 

ထိုဆွေးနွေးပွဲများမှ ရရှိလာတဲ့ ရလဒ်ကောင်းများကို အခြေခံပြီး လိုအပ်မယ့် အဆင့်ဆင့်ညှိနှိုင်း မှုတွေ 
ပြုလုပ်ပြီး မကြာမီကာလအတွင်း ကရင်ပြည်နယ်၊ ဘာအံမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စရြေးဆိုင်ရာ လက်မှတ်ရေးထိုးရေးအတွက် ရက်သတ် မှတ်ခြင်းနဲ့ အသေးစိတ် အချက်အလက်များ ဆက်လက်ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။ 

ထိုမှတစ်ဆင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်
ရေး အတွက် လိုအပ်မည့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်သတ်မှတ်ခြင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ခြင်းဆိုတဲ့ အဆင့်များကို တက်လှမ်းနိုင်ငံတော့မှာ ဖြစ်ပါတယ်။ 

ဤကိစ္စရပ်များသည်ပင်လျှင် မိမိတို့အားလုံး မဆုတ်မနစ်သော ဇွဲလုံလဖြင့် ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေး ရလဒ် များ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး တည်ဆောက်ရေးနဲ့ အပြိုင် မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ လူမှုရေးဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုများအတွက် အဓိကကျတဲ့ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အဓိကကျတဲ့ အမျိုးသား ကျန်းမာရေး 
စောင့်ရှောက်မှုနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း အခြေခံမှစ၍ ပြုပြင်ပြောင်းလဲဖို့ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ယခုလိုစတင်ဆောင်ရွက်လာနိုင်ခြင်းဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေက ရရှိလာတဲ့ ပွင့်လင်း လွတ်လပ် မှုတွေနဲ့ နိုင်ငံတကာထောက်ခံမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ယခုလအတွင်း ထင်သာမြင်သာရှိတဲ့ ကိစ္စ ကတော့ မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းများစွာ ပြတ်တောက်ခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ ပြန်လည်ပြီး ပူးပေါင်း ဆောင် ရွက်နိုင်မှုနဲ့ အကူအညီများရရှိခြင်းပဲ ဖြစ်ပါတယ်။ 

ဒီလိုဆောင်ရွက်တဲ့အခါမှာ နိုင်ငံတကာရဲ့ ပူးပေါင်း ပါဝင်မှုတွေကို အထိရောက်ဆုံး ဖြစ်စေဖို့ အားဖြည့်တဲ့ အနေနဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကိုလည်း ယခုလ အတွင်းမှာ ကျင်းပနိုင်ခဲ့ပါတယ်။ 

အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်ကို အခြေခံကစပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ ဆင်းရဲ ချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ်ကို ပညာရှင် များနဲ့ ညှိနှိုင်းဆွေးနွေးပြီး စီမံဆောင်ရွက်လျက် ရှိပါတယ်။ 

ဒီစီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ် အုပ်စုရဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)တို့ ပူးပေါင်းဆောင်ရွက်ပြီး ရေတို ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက် သွား မှာ ဖြစ်ပါတယ်။ 

Universal Health Coverage လို့ခေါ်ဆိုတဲ့ ဆင်းရဲ ချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်မယ့် ကျန်းမာရေးစနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ဖို့အတွက် အဓိကအကျဆုံး ဖြစ်တဲ့ကိစ္စရပ် ကတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေး အပြောင်းအလဲများကဲ့သို့ပင် မိမိတို့ ရဲ့ကိုယ်ပိုင်စနစ်တစ်ရပ် ဖြစ်ရန် မှန်ကန်တဲ့ ရွေးချယ်မှုများနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

ယခုလို အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ရပ်ကို ပိုင်ဆိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက အခက်အခဲ များ၊ အက်ြပအတည်းများနဲ့ စိန်ခေါ်မှုပေါင်းစုံနဲ့ ကျော်လွှာခဲ့ကြရတာကိုလည်း သင်ခန်းစာ များအဖြစ် ရယူကြရ မှာ ဖြစ်ပါတယ်။ 

ထိုသင်ခန်းစာများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံများနဲ့ 
ပေါင်းစပ်ပြီး မိမိတို့နဲ့ သဟဇာတဖြစ်မယ့် စနစ်တရပ် ပေါ်ပေါက်လာရေးအတွက် အမျိုးသားရေး တာဝန် တစ်ရပ်အနေနဲ့ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။ 

အမျိုးသားအဆင့် ပညာရေးပြုပြင်ပြောင်းလဲမှုဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်တွေ အတွက် အလွန်ရေးကြီးပါတယ်။ 

အရပ်ဘက်လူမှုအဖွဲ့အစည်းမျိုးစုံနဲ့ ပညာရေးအခြေပြုအဖွဲ့အစည်းများ၊ ပညာရှင်များ ဟာလည်း မြန်မာနိုင်ငံ အမျိုးသားပညာရေးနဲ့ပတ်သက်ပြီးကျယ်ပြန့်စွာ ဆွေးနွေးလုပ်ဆောင်နေတာတွေကို လည်း တွေ့မြင်ရပါ တယ်။ 

ယခုလို ပြင်ဆင်မှုတွေနဲ့ ကျယ်ပြန့်တဲ့ ဆွေးနွေးငြင်းခုံမှုတွေကနေတစ်ဆင့် များမကြာမီကာလမှာ ရလဒ်
ကောင်းတွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်တွေ့ ကျပြီး အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက် ရေရှည်အကျိုးရှိစေမယ့် ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိလာပြီး တိုင်းပြည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ဘာသာရပ်တွေကို နိုင်ငံတကာတက္ကသိုလ်များမှာ ထူးချွန်တဲ့ မြန်မာသားလူငယ်များ လေ့လာသင်ယူနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ ပညာသင်ဆုအစီအစဉ် ကို ဖွဲ့စည်းထူထောင်သွားဖို့ စီမံထားပြီး ဖြစ်ပါတယ်။ 

အခြားတိုးတက်မှု ဖြစ်ထွန်းမှု တစ်ခုအနေနဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ စံနှုန်း လိုအပ် ချက်တွေ မပြည့်ဝမှုတွေကို ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုနေကြတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းအသီးသီး ရှိနေတာကို တွေ့မြင်ရပါတယ်။ 

ယခုလို ဆန္ဒဖော်ထုတ်မှုတွေကတစ်ဆင့် ခေတ်စနစ်နဲ့လျော်ညီတဲ့ ဥပဒေတွေ ပေါ်ထွက်လာရေး တောင်းဆို မှုတွေ ဟာ တစ်ဖက်က မိမိတို့လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်များကို ထင်ဟပ်စေပြီး အပြုသဘောဆောင် တဲ့ တောင်းဆိုမှုတွေက နိုင်ငံရေးယဉ်ကျေးမှုသစ်ကို အားဖြည့်ပေးရာ ရောက်တယ်လို့ ရှုမြင်ရမှာ ဖြစ်ပါ တယ်။ 

တဖက်မှာလည်း မြေယာကိစ္စနဲ့ ကျူးကျော်ဝင်ရောက် အခြေချမှု ပြဿနာများနဲ့ ပတ်သက်ပြီး ဆန္ဒဖော် ထုတ် မှုတွေနဲ့ အငြင်းပွားမှုတွေ ရှိနေတာကို တွေ့ရပါတယ်။ 


မြေယာကိစ္စဟာ ပြုပြင်ပြောင်းလဲရေးကို ကျော်ဖြတ်ရတဲ့ နိုင်ငံတိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်
ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတဲ့ အတွက် အခက်အခဲဆုံးနဲ့ အကြပ် တည်းဆုံး စီမံဆောင်ရွက်ရတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ 

ကျွန်တော်တို့အနေနဲ့ စီမံချက်များချမှတ်ပြီး မှန်ကန်ဖို့နဲ့ လက်တွေ့ကျကျ ဖြစ်ဖို့အတွက် အထူးအလေး ထား ဆောင်ရွက်လျက် ရှိပါ တယ်။

နိုင်ငံတော်အစိုးရအနေနဲ့ မြေယာမဲံအိမ်ထောင်စုများကို စာရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ နေရာချထားဖို့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနဲ့ ပူးပေါင်း စီမံဆောင်ရွက် နေပါ တယ်။ 

သို့သော်လည်း ဥပဒေမဲ့ တရားမဝင်ကျူးကျော် ဝင်ရောက် အခြေချမှုများကိုတော့ အသေအချာ စိစစ် ကိုင်တွယ်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ဒီလထဲမှာ အာဆီယံအားကစားပြိုင်ပွဲရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ မသန်စွမ်း အားကစားပြိုင်ပွဲကိုလည်း ကျင်းပ နိုင်ခဲ့ပါတယ်။ 

ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ တိုင်းပြည်အတွက် ဂုဏ်ဆောင်နိုင်ခဲ့ကြတဲ့ အားကစားသမားများ အတွက် ဂုဏ်ယူမိပါတယ်။ 

ကိုယ်ခန္ဒာအစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးချို့တဲ့သည့်တိုင်အောင် သူတို့ဟာ လူ့အဖွဲ့ အစည်းအတွက် တန်ဖိုးရှိရှိ အလုပ်အကျွေးပြုနိုင်ကြောင်း သက်သေပြတဲ့ ပွဲတစ်ပွဲဖြစ်ပြီး သူတို့ရဲ့ လုပ်အားများကို နိုင်ငံတော် တည်ဆောက်ရေး အတွက် သင့်တော်တဲ့နေရာတွေမှာ တာဝန်ယူနိုင်စွမ်း ရှိသေးတယ်ဆိုတဲ့အချက်နဲ့ သူတို့ကို လက်တွဲခေါ်ဆောင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့အသိနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လက်ခံကျင့်သုံး လာနိုင်စေဖို့ မြှင့်တင်နိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။ 

ယခုလအတွင်းမှာပဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ ပုဂံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာ အာဆီယံဥက္ကဌတာဝန်ယူပြီး ဒေသတွင်းမှာ ဦးစီးဦးဆောင်ပြုရမယ့် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှပ်နှံမှု၊ ကူးသန်းရောင်း ဝယ်မှု၊ အလုပ်အကိုင်အခွင့်အလမ်း၊ ဒေသတွင်းလုံခြုံရေးနဲ့ နည်းပညာ၊ စတဲ့ကဏ္ဍတွေမှာ အကျိုးဖြစ် ထွန်းစေမယ့် အလားအလာကောင်းများနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။ 

များမကြာမီကာလများမှာ စတင်ကျင်းပဖို့ ပြင်ဆင်လျက်ရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုး သား ပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များအတွက် တိုင်းရင်းသားများပါဝင်တဲ့ နိုင်ငံရေး
ဆွေးနွေးပွဲများ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို စဉ်းစားတဲ့အခါ ၄င်းတို့ရဲ့ ညှိနှိုင်းဆွေးနွေးရရှိချက်များကို ချန်လှန်မထားခဲ့မိဖို့ သတိပေးတိုက်တွန်း လိုပါတယ်။ တိုင်းရင်းသားများ၏ အဓိက တောင်းဆိုမှုများဖြစ်သည့် တန်းတူရည်တူရှိရေး၊ ကိုယ်ပိုင်
ပြဌာန်းခွင့် ရရှိရေးနဲ့ တိုင်းရင်းသားအခွင့်အရေး၊ ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကားတို့ကို ထိန်း သိမ်းနိုင်ရေးမှအစပြုပြီး ဖယ်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်ရေးအထိ ကျယ်
ပြန့်စွာဆွေးနွေးရန် ရည်မှန်းချက်ထား ဆောင်ရွက်နေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ဖြည့် စွက်ခြင်း၊ ပယ်ဖျက်ခြင်း အစရှိတဲ့ အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို မလွဲမသွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

ထိုပြင်ဆင်ရေး ကိစ္စရပ်များသည်လည်း အခြေခံဥပဒေ အသက်ဝင်ရှင်သန်ရေးအတွက် အဓိကကျတဲ့ ဒီမိုကရေစီတန်ဖိုးများ၊ စံနှုန်းများ ပြည့်မီရေးအစရှိတာတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ကြရမှာ လည်း ဖြစ် ပါတယ်။ 

ဒါကြောင့် အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အဓိကတာဝန်ရှိတဲ့ နိုင်ငံရေးအင်အားစုများဖြစ်တဲ့ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များအားလုံးဟာ ယခုလုပ်ဆောင်လျက်ရှိတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များမှာ အထက်ပါကိစ္စတွေကို ထည့်သွင်းပြင်ဆင်ထားကြဖို့ တိုက်တွန်းပြောကြားအပ်ပါတယ်။ 

အချုပ်အားဖြင့် ယနေ့ မြန်မာလူ့အဖွဲ့အစည်း တည်ဆောက်လျက်ရှိတဲ့ နိုင်ငံရေး အခင်းအကျင်းသစ်တစ်ရပ် ပီပြင်စွာ ပေါ်ပေါက်လာရေးအတွက် ကြုံတွေ့နေရတဲ့ အခက်အခဲများ၊ အကြပ်အတည်းများနဲ့ စိန်ခေါ်မှု များကို အမြင်ကျယ်ကျယ်၊ သဘောထားကြီးကြီးထားပြီး မိမိယုံကြည်တဲ့ နည်းလမ်းများနဲ့ ကြိုးပမ်းရင် ဆိုင် ကျော်လွှားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ 

ဒီနေရာမှာ အထူးပြောကြားလိုတဲ့ အချက်တစ်ချက်ကတော့ ကရင်ပြည်နယ် လောခီလာဒေသတွင် မကြာမီကာလက ကျင်းပပြုလုပ်ပြီးစီးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ညီလာခံမှာ မတူညီကွဲပြားသည့် သဘောထားရပ်တည် ချက် များနဲ့ အစပြုခဲ့ပြီး အဆုံးမှာ ဘုံရပ်တည်ချက်တစ်ခုအနေနဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက် ချနိုင်သည်အထိ ကြိုးပမ်း အားထုတ် ခဲ့ကြတဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများရဲ့ ခေါင်းဆောင် များ အားလုံးကို ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ 


ကျွန်တော်အနေနဲ့ အထူးသတိပြုမိခဲ့တဲ့ အချက်တစ်ခုကတော့ ထိုညီလာခံမှာ KNU ဥက္ကဌ စောမူတူးစေဖိုး 
ပြောကြားခဲ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်အဆင့်ဆင့် တိုးတက်ဖြစ်ထွန်းရန် “ရဲရဲဝံ့ဝံ့လ က်မှတ်
ရေးထိုး သမိုင်းတင်ကြပါ” ဆိုတဲ့ တိုက်တွန်းပြောဆိုချက်ပဲ ဖြစ်ပါတယ်။ 

အကြောင်းကတော့ မိမိတို့ မြန်မာ့နိုင်ငံရေး သမိုင်းအတွက် အလွန်ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုကို တိုင်းရင်း သားများအားလုံး ကျွန်တော်တို့နဲ့အတူ လက် တွဲကြိုးပမ်းကြရန် ခိုင်မာတဲ့ရပ်တည်ချက်တစ်ရပ် တက် လှမ်းနိုင်ရေးအတွက် တိုက်တွန်းပြောကြားသွားခြင်း ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။
 

ဒီလိုခက်ခဲတဲ့ နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ခြင်းသည်ပင်လျှင် အခု ကျွန်တော်ပြောဆိုနေ တဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်နဲ့ နိုင်ငံရေး အခင်းအကျင်းသစ်များ တည်ဆောက်ခြင်း ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပြီး ဤတည်ဆောက်မှုများကနေ ရလဒ်ကောင်းများ ရရှိမယ်လို့ အမှန်တကယ် ယုံကြည် ကြောင်း ပြောကြား ရင်း နိဂုံးချုပ်ပါတယ်။ 


မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။ 


သမ္မတ ဦးသိန်းစိန်ရဲ့ ဖေဖော်ဝါရီမိန့်ခွန်း အသံကို အောက်မှာ နားထောင်နိုင်ပါတယ်။


အိမ့်သံစဉ် (ဧရာဝတီ blog)

တစ်လ ကျပ်တစ်သိန်းနှစ်သောင်းအထက် ဝင်ငွေရှိ ဝန်ထမ်းများကို ဝင်ငွေခွန် ကောက်မည်

 
 ရန်ကုန်၊ ဇန်နဝါရီ ၃၁

တစ်လလျှင် ကျပ် ၁၂၀၀၀၀ နှင့်အထက် ရရှိသော အစိုးရနှင့် ပုဂ္ဂလိက ဝန်ထမ်းများ အားလုံး ၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေအရ ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပြီး ပြန်လည်၍ အခွန်ကြပ်မတ် ကောက်ခံတော့မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

အိမ်ထောင်သည်များက တစ်လလျှင် ကျပ် ၁၈၀၀ ခန့် ပေးဆောင် ရမည် ဖြစ်ပြီး အိမ်ထောင်မရှိသူ (လူလွတ်) များမှာ ကျပ် ၂၀၀၀ ကျော် ပေးဆောင်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အခွန်နှုန်းထား သတ်မှတ်ချက်များအရ သိရသည်။
“ဒီသတ်မှတ်ချက်မှာက အိမ်ထောင်သည်က အခြေခံ သက်သာခွင့် ၂၀ ရာခိုင်နှုန်းအပြင် သားသမီးနဲ့ ဇနီးအတွက် သက်သာခွင့် ထပ်ပေးထားပါတယ်။

လူလွတ်တွေကတော့ ၂၀ ရာခိုင်နှုန်းပဲ သက်သာခွင့် ရှိတာပေါ့” ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေအရ တစ်နှစ်လျှင် ကျပ် ၁၅ သိန်းနီးပါး ရရှိသူ မည်သူမဆို အခွန်ပေးဆောင်ရမည် ဖြစ်ပြီး လအလိုက် ပြန်လည် တွက်ချက်မည် ဆိုပါက တစ်လကျပ် ၁၂၀၀၀၀ ရရှိသူများ အားလုံး အခွန်ပေးဆောင်ရမည် ဖြစ်သည်။
“လူတိုင်း အကုန်ပေးဆောင်ရမှာပါ။ နှုန်းနည်းတာနဲ့ များတာပဲ ကွာမှာပါ။ မဆောင်သေးတဲ့ လူတွေလည်း ပေးဆောင်ရမှာပါ။ အဲလို ပေးဆောင်ဖို့အတွက် အရင်က ကြပ်ကြပ်မတ်မတ် မလုပ်ဆောင်နိုင်ပေမယ့် အခုတော့ အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့နဲ့ ပေါင်းပြီး လုပ်ဆောင်နေပါတယ်” ဟု ယင်းဌာန အကြီးတန်း အရာရှိက ပြောဆိုသည်။

အဆိုပါ ဥပဒေကို တပ်မတော်အစိုးရ လက်ထက်အတွင်းက အမိန့်ကြေညာစာတစ်ရပ် ထုတ်ပြန်၍ ရုပ်သိမ်းထား ခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

ပြည်ထောင်စု ဝန်ကြီး ပြောစကား ဒီမိုကရေစီနဲ့ လွန်ခြားနား


01.02.2014
မကွေးမြို့နယ် သစ်ရာကောက်ရွာ ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကွင်းဆင်းချိန် မှာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ဒေသခံရွာသားတွေ အပေါ် ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအသိုင်းအ၀ိုင်းနဲ့ တိုင်းရင်းသား အင်အားစုတွေက ရှုတ်ချတယ်လို့ တညီတညွတ် ထဲ ပြောဆိုလိုက်ပါတယ်။ ဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောဆို ချက်တွေဟာ အရင် အာဏာရှင် ဆန်ဆန် ပြောဆိုမှုတွေနဲ့ ပြည်သူအပေါ် ခြိမ်းခြောက်မှု လုပ်ခဲ့တဲ့ ပုံစံမျိုးဖြစ်နေလို့ သမ္မတဦးသိန်းစိန် ဒီမိုကရေစီ ဖော်ဆောင်ရေး အပေါ်မေးခွန်း ထုတ်စရာ ဖြစ်တယ်လို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့  သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးမှာပါ။

မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း အခြေစိုက် နိုင်ငံရေး အင်အားစုတွေက တစ်ညီတစ်ညွတ်ထဲ ကန့်ကွက်တယ် ဆိုပြီးတော့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောဆိုပုံတွေဟာ အရင် အာဏာရှင် အစိုးရ လက်ထက်က ပြောဆိုပုံမျိုးတွေ အတိုင်း ဖြစ်နေပြီးတော့ နိုင်ငံရေးသမားတွေ နဲ့ ပြည်သူတွေကိုပါ ရိုင်းပြစွာ ပြောဆိုမှုကိုတော့ လက်သင့်မခံနိုင်ဘူးလို့ ၀ါရင့် သတင်းစာဆရာကြီးလည်း ဖြစ်၊ အတိုက်အခံ ပါတီ NLD ရဲ့ နာယက တစ်ဦး လည်း ဖြစ်တဲ့ ဦးဝင်းတင်က သူ့ရဲ့ ရှု့မြင်ပုံ ကို ဗွီအိုအေကို အခုလို ပြောပါတယ်။

"ပြည်ထောင်စု ဝန်ကြီးလုပ်ပြီးတော့ လူပုံအလည်မှာ တက်ပြီးတော့ နိုင်ငံရေး ပါတီတွေ နိုင်ငံရေးသမားတွေ တိုင်းပြည်အကျိုးကိုဆောင်ရွက်နေတဲ့လူတွေ အနစ်နာခံတဲ့လူတွေ ပြည်သူလူထုတွေ အားလုံးကို ဆဲပြလိုက်တာပဲဗျ။ နောက်တစ်ခါ အစိုးရ ကိုယ်တိုင်ကလည်း သမ္မတ ဦးသိန်းစိန်တို့ ဘာတို့အစိုးရအဖွဲ့က နိုင်ငံရေးအကျဉ်းသားတွေ မှန်သမျှပြန်လွှတ်ပေးပြီးတော့ အကုန်လုံးကို တစ်ယောက်မှ မကျန်အောင် လွှတ်မယ် ဆိုပြီးတော့ ကြုံးဝါးနေတဲ့အချိန်မှာ ဒီလိုစကားမျိုးပြောတယ် ဆိုတာကတော့ ဒါအတော်ကို တော်တော်ကို ရိုင်းစိုင်းတယ် သို့မဟုတ်လည်း ကြမ်းတမ်းတယ်လို့ ပြောရမယ်လို့ ကျနော်ပြောချင်ပါတယ်"

မကွေးမြို့နယ် သစ်ရာကောက်ရွာကို ရောက်ရှိခဲ့ချိန်တုန်းက ဒေသခံ ရွာသားတွေနဲ့ တွေ့ဆုံချိန်မှာ ကျေးလက်ဒေသခံတွေက ပြည်ထောင်စုဝန်ကြီးကို သူတို့ဒေသရဲ့ ရေရရှိမှု အခက်အခဲကို တင်ပြချိန်မှာပဲ ဦးအုန်းမြင့် က ရွာသားတွေ ပြောဆိုပုံတွေဟာ လက်ရှိ နိုင်ငံရေးအင်အားစုတွေ အပေါ် ထိခိုက်တဲ့ စကားလုံးတွေပါသလို၊ အစိုးရကို အတိုက်အခံ လုပ်တဲ့ သူတွေကို ထောင်ထဲ ထည့်ပစ်နိုင်တယ်ဆိုတဲ့ အထိ ခြိမ်းခြောက်မှုတွေ ပါတဲ့ ၁၅ မိနစ်ခန့် ဗွီဒီယိုဖိုင်ဟာလည်း အင်တာနက်ပေါ်မှာပျံနှံ့နေတာပါ။

"နိုင်ငံရေးစကားဆိုတာ ကိုယ်တက်နေတဲ့ အစိုးရ အပေါ်မှာ စော်ကား တဲ့ကောင် ဆော်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲ ထည့်မှာပဲ။ နိုင်ငံတကာ မှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ကောင်တော့ သွား မင်းအချုပ်ထဲနေ။ ငါတို့အစိုးရပြုတ်ရင် မင်းထွက်။ ဒါပဲ။ ခင်ဗျားတို့ သိအောင်ပြောတာ အနှစ် ၂၀ကျော် အနှစ်၄၀ကျော် သူများတွေ လျှောက်ပြောနေတာ။ ကျနော်တို့ ခါးကြားမှာ သေနတ်ထိုးပြီးတော့ ပုခုံးပေါ်မှာ သေနတ် လွယ်ပြီးတော့ အုပ်ချုပ်ခဲ့တာပဲ။

ဘာမှ မတိုးတက်ဘူး ဆိုတာ စောက်ရူးတွေပြောနေတာ။ အဲဒါ ခင်ဗျားတို့စောက်ရူးတွေပြောတာ မယုံနဲ့။ အဲဒီ လွှတ်တော်ထဲရောက်နေတဲ့ လူတွေအကုန် အဲဒီ လွှတ်တော်ကြီးကို ဘယ်သူဆောက်ခဲ့သလဲဆိုရင် အဲဒီ စစ်တပ်ကဆောက်တာ။ မှားလား။ အဲဒီမြို့ကြီးဘယ်သူတည်ခဲ့သလဲဆို စစ်တပ်က တည်ခဲ့တာ။ ဒီတံတားကြီးဘယ်သူဖောက်ခဲ့သလဲ စစ်တပ် ကဖောက်ခဲ့တယ်။ စစ်တပ်ဘာမှလုပ်မသွားဘူး။ မဟုတ်တာတွေ မြေတွေ သိမ်းပြီး မဟုတ်တာလုပ်နေတယ်ပြောနေတဲ့လူက ဘာလိုလူတွေလဲ ခင်ဗျားတို့ တစ်နေ့တော့ သဘောပေါက်လာမယ်"

အခု ကြားခဲ့ရတဲ့အသံတစ်ချို့တော့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောခဲ့တဲ့ စကားတွေထဲ တစ်ချို့ ကို ဖော်ပြတာဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ အကူအညီပေးရေး အစီအစဉ်တွေကိုလည်း ပြစ်တင်ဝေဖန်ခဲ့သလို၊ အစိုးရ အနေနဲ့ လုပ်နိုင်တာကို လုပ်ပေးမယ်ဆိုတဲ့ အချက်တွေလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

ခေတ်ပြောင်းစနစ်ပြောင်းဖို့ ကြိုးစားနေတဲ့ အချိန်မှာ သမ္မတရဲ့ အစိုးရ ထိပ်ပိုင်း ဝန်ကြီးတစ်ယောက်ရဲ့အခုလို ပြောဆိုပုံတွေဟာ နိုင်ငံရေးအင်အားစုအားလုံးကို စော်ကားလိုက်သလို ဖြစ်တယ်လို့လည်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လည်း ဖြစ်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီသစ် ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးသိန်းညွှန့်က အခုလို တုံ့ ပြန်ပြောဆိုပါတယ်။

"အခုက ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့အခါမှာ ငါသည် ပြည်သူ့ လွှတ်တော် အမတ်။ ကျနော်ပြောပြီးပြီ။ နိုင်ငံရေး သမားတွေ ကို ဆန့်ကျင် တိုက်ခိုက်ဖို့ အကြောင်းမရှိဘူး။ ရှေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ကျနော်တို့တိုင်းပြည်ရဲ့ အပြောင်းအလဲကို လုပ်မယ်ဆိုရင် တပ်မတော်ရယ် တိုင်းရင်းသားတွေရယ် နိုင်ငံရေးပါတီတွေရယ် တနည်း အားဖြင့်ပြောရရင် နိုင်ငံရေးသမားတွေရယ် အဲဒီဟာရဲ့ ညီညွတ်မှုနဲ့ အခြေခံပြီးလုပ်ရမယ်။ တစ်ယောက်ကိုတိုက်မယ် တိုင်းရင်းသားရယ် နိုင်ငံရေး ပါတီရယ် အမျိုးသားအင်အားစုတွေအားလုံး ညီညီညွတ်ညွတ် လုပ်ရမယ့် အချိန်မှာ နိုင်ငံရေးသမားဆန့်ကျင်ရေးစကားကို ဘယ်သူပြောပြော ဘယ်ဝါပြောပြောပေါ့ဗျာ။ နိုင်ငံရေးသမားကိုဆန့်ကျင်တယ်ဆိုရင် အဲဒီပြောတဲ့ ပြောဆိုချက်သည် အခုအခြေအနေသစ်မှာ ဒီလိုပြောတယ် ဆိုရင်တော့ အင်မတန် တာဝန်မဲ့ရာကျမယ်လို့ ကျနော်ပြောချင်တယ်"

စစ်အစိုးရ လက်ထက်ကနေ အသွင်ပြောင်းလာတဲ့ အရပ်သားတစ်ပိုင်း အစိုးရ ဖြစ်လာပြီးနောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲရေးကို သမ္မတ ဦးသိန်းစိန် က အလေးထား လုပ်ဆောင်နေပေမဲ့ သူရဲ့ ဝန်ကြီးတွေက လိုက်ပါဖို့ ဆန္ဒမရှိတာကို ဦးအုန်းမြင့် ပြောတဲ့ စကားတွေ က သက်သေခံနေပြီးတော့ သမ္မတ ဦးသိန်းစိန်အနေနဲ့ အခုလိုသဘောထားရှိတဲ့ သူတွေကို ဘာကြောင့် အစိုးရ အဖွဲ့ထဲမှာနေရာပေးထားလဲ ဆိုတာ မေးခွန်းထုတ်ဖို့ ကောင်းတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးဦးလှစော က ပြောပါတယ်။

"အချိန်တိုတိုလေးအတွင်းမှာ ဒီလို Mind Set ကို ပြောင်းနိုင်မယ်လို့ ကျနော်တို့လည်း သိပ်မမျှော်လင့်ဖူးလေ။ အဲဒီတော့ သူတို့ရဲ့ ဇာတိပေါ့ တကယ့် စိတ်ရင်းအမှန်ရှိတာကို ဖော်ပြတာပဲ။ အဲဒီလို ဖော်ပြတဲ့အတွက် ကျနော်တို့ သိရတယ်ပေါ့လေ။ ဒါတစ်ချက်ပေါ့လေ။ နောက်တစ်ခုက ဒီလိုလူမျိုးတွေကို ဦးသိန်းစိန် အနေနဲ့ တကယ့်တိုင်းပြည် ဒီမိုကရေစီ ယန္တယားမှာ သုံးထားတာ မေးခွန်းထုတ်စရာပဲ"

အခုလို ဖြစ်ခဲ့တဲ့ ပြောဆိုမှု ဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီးတော့   ကာယကံရှင် ဖြစ်တဲ့ ဦးအုန်းမြင့် ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့လည်း အဆက်အသွယ် မရခဲ့ပါဘူး
 VOA

မန္တလေး ဝန်ကြီးချူပ် ယာဉ်တန်း တိုက်ခိုက်ခံရ

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့နယ်ထဲမှာ ဇန်န၀ါရီလ ၃၁ ရက်၊ ညနေပိုင်းက မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်မှုကြောင့် လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးက အခုချိန်ထိ မန္တလေး  အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသမှု ခံယူနေရပြီးတော့ ကျန်နှစ်ဦး ကတော့ ဒဏ်ရာ မပြင်းထန်တဲ့အတွက် ဆေးရုံက ဆင်းသွားပြီလို့ မန္တလေး အထွေထွေရောဂါကု ဆေးရုံ၊ ပြင်ပလူနာကုဌာန တာဝန်ကျ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

"သုံးယောက်လာတာ။ နှစ်ယောက်ကတော့ အိုဗီဒီ နဲ့ပြန်သွားပြီရှင့်။ တစ်ယောက်ကတော့ ဆေးရုံမှာတင်ထားတယ်။ ထိခိုက်ဒဏ်ရာ ကုဌာနမှာ။ ကောင်းပါတယ်ရှင့်။"

မေး။  ။ ဟုတ်ကဲ့။ အဲ့ဒီ့တစ်ယောက်ကရော ဘယ်လိုဒဏ်ရာမျိုးများရပြီး အခြေအနေက ဘယ်လိုရှိပါသလဲခင်ဗျာ။

" သူက လက်ကိုရှပ်မှန်တယ်လို့ပြောတာပဲ။ လက်ဖမိုးမှာလေ။ အဲ့တာမနေ့ညက ဆယ်နာရီလောက်က ခွဲခန်းဝင်ပြီးတော့ကျ ခွဲခန်းကထွက်တော့ အခြေအနေကောင်းတယ်။ မစိုးရိမ်ရဘူး။ ကောင်းတယ်။ "

မေး။ ။ အဲ့တာက သတင်းထောက်လို့သိရပါတယ်။ အဲ့တာဟုတ်ပါသလားခင်ဗျာ။

" သတင်းထောက်ချုပ်၊ ဟုတ်။"

မေး။  ။ အဲ့တာ ဘယ်တိုက်ကဆိုတာများ သိရပါသလား ဆရာမ။

"အဲ့တာကျတော့ မသိဘူးရှင့်။ သတင်းထောက်ချုပ်ပဲ သိတယ်။"

မန္တလေးပြည်သူ့ဆေးရုံ ပြင်ပလူနာကုဌာနကို ကိုကျော်ကျော်သိန်း ဆက်သွယ် မေးမြန်းခဲ့တာပါ။

အခုလို တိုက်ခိုက်ခံရတာဟာဖြင့် သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ တက်လာပြီးနောက်ပိုင်းမှာ ဒေသဆိုင်ရာဝန်ကြီးချုပ် တစ်ဦးရဲ့ယာဉ်တန်းကို ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကို သိရဖို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် လုပ်လို့မရခဲ့ သလို မန္တလေးတိုင်းအစိုးရအဖွဲ့ကိုလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ 
ကျော်ကျော်သိန်း(VOA)

Friday, January 31, 2014

ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်

 
နေပြည်တော်၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှု နှုန်းဆက်လက် မြင့်တက်နေကြောင်း ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ အချက်အလက်များအရ သိရသည်။

စားသုံးသူဈေးဆနှုန်း (CPI) ကို အခြေခံသော ပျမ်းမျှ ငွေကြေးဖောင်းပွမှုသည် ၂၀၁၁ ခုနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂ တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းအထိ ဖြစ်လာကြောင်း အဆိုပါ ဥပဒေကြမ်းတွင် ပါရှိသည်။

ယင်းဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုပေးနိုင်ရန် အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများက တင်ပြထားသောကြောင့် ၂၀၁၄ ခုနှစ်တွင် ငွေကြေး ဖောင်းပွမှုနှုန်း
ထိန်းချုပ်ရန် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီနှင့် ဥပဒေကြမ်း ပူးပေါင်း ကော်မတီတို့က အစီရင်ခံစာတွင် ထည့်သွင်း ထုတ်ပြန်ထားပြီ ဖြစ်ကြောင်း ကော်မတီဝင်တို့က ပြောဆိုသည်။

ငွေကြေး ဖောင်းပွမှုနှုန်းကို ထိန်းချုပ်ရန် ဘဏ္ဍာရေးစနစ်၊ အခွန်စနစ်၊ ရသုံးမှန်းခြေ ငွေစာရင်း၊ ပြည်ပပို့ကုန် အခွန် ပြင်ဆင်ခြင်းနှင့် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများကို စီးပွားရေးဆန်ဆန် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ဥပဒေကြမ်းကို လေ့လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

စီမံကိန်း ဥပဒေကြမ်းပါ အချက်များအရ ယခုနှစ်တွင် လူတစ်ဦးချင်းစီ၏ ပျမ်းမျှ စီးပွားရေးအရ ဝင်ငွေကို ကျပ်ဆယ်သိန်း ခွဲကျော်အထိ ရရှိလာရန် ရည်မှန်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဥပဒေကြမ်းအရ သိရသည်။

လာမည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိလာနိုင်သဖြင့် အန္တရာယ်ရှိသော အနေအထားတွင် ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းချက်အရ သိရသည်။

The Voice Weekly

နိုင်ငံရေးသမား ထောင်ကျမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောစကား ထောင်ကျခံဝံ့ဟု ဦးဝင်းတင်ပြော

 
ရန်ကုန်၊ ဇန်န၀ါရီ ၃၀

မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများ ဆန့်ကျင်လျှင် ထောင်ထဲပို့မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားမှုအပေါ် နိုင်ငံရေးသမားများ အားလုံး ထောင်ကျခံဝံ့သည်ဟု ဇန်န၀ါရီ ၃၀ရက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက တစ်ဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် မွေးမြူရေး လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောကြား ခဲ့သည်များကို ၂၀၁၄ ဖေဖော်ဝါရီလ ၁ ရက်ထုတ် အတွဲ ၃၊ အမှတ် ၁၃ ယူနတီ အပတ်စဉ် သတင်းဂျာနယ်တွင် ““မည်သည့် နိုင်ငံရေးသမားကိုမှ ဂရုစိုက်စရာမလို၊ အစိုးရကို ဆန့်ကျင်ပါက ထောင်ထဲပို့မည် ဟု ပြည်ထောင်စုဝန်ကြီးဆို”” ခေါင်းစဉ်ဖြင့် ယခုကဲ့သို့ ရေးသား ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ပြောကြားမှုများမှာ ““ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။ နိုင်ငံရေးစကား စပြောတာအခုမှ။ နိုင်ငံရေးစကား ဆိုတာ တက်နေတဲ့ အစိုးရ အပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲ ထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုပဲ ကျင့်သုံးနေတယ်””စသည်ဖြင့် ရေးသား ဖော်ပြထားသည်။

ထို့ပြင် ““ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်း ပြောလာတာ။ နှစ် ၂၀ ကျော်၊ ၄၀ ကျော် သူများတွေ လျှောက်ပြောနေတာ။ ကျွန်တော်တို့ ခါးကြားမှာ သေနတ် ထိုးပြီးတော့ ပခုံးပေါ်မှာ သေနတ် လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ။ ဘာမှ မတိုးတက်ဘူးပြော။ သောက်ရူးတွေ ပြောနေတာ။ သောက်ရူးတွေ ပြောတာ မယုံနဲ့။ ကိုယ့်လမ်းကိုယ် လျှောက်ရမယ့် လူတွေဖြစ်တဲ့အတွက် ခင်ဗျားတို့ ဘုကန့်လန့် မပြောနဲ့။ ကန့်လန့်တိုက် မပြောနဲ့။ ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှ မလုပ်ပေးဘူး။ တိုင်ချင်တဲ့ နေရာတိုင်လို့ရတယ်။ ခင်ဗျားတို့ တိုင်ရင်လည်း ကျွန်တော် မရောက်သေးလို့ပါ ပြောလိုက်ရုံပဲ။ ရှင်း တယ်နော်”” စသည့် အကြောင်းအရာများကို သင်ရာကောက် ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားမှုကို ဟံသာဝတီ ဦးဝင်းတင်က ““ထောင်ကျခံဝံ့တယ်လို့ ပြောလိုက်ပေါ့ဗျာ။ သူတို့တောင် ထည့်ဝံ့တာ ထည့်ပေါ့။ ကျွန်တော်တို့ကတော့ ထောင်ကျ ခံဝံ့တယ်။ ဒီခေတ်ကြီးမှာ ထောင်ချနေတာ၊ လူတွေ ဒီလောက်ကန့်ကွက် နေတဲ့ကြားထဲက နိုင်ငံရေးသမား ထောင်ချ ချင်ရင် ချပေါ့။ ထောင်ထဲ ထည့်ချင်တိုင်း ထည့်လို့ မရဘူးဗျ။ လူတိုင်းက ကန့်ကွက်နေတယ်။ အဲဒါကို နိုင်ငံရေးသမားကို ထောင်ထဲ ထည့်တယ် ဆိုရင် သူတို့ ထည့်ရဲရင်ထည့် ကျွန်တော်တို့ကလည်း ထောင်ကျ ခံဝံ့တယ်””ဟု တုံ့ပြန် ပြောကြားခဲ့သည်။

Unity အပတ်စဉ် သတင်းဂျာနယ် အတွဲ(၃)၊ အမှတ်(၅)တွင် ဖော်ပြခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် သစ်ရာကောက်ကျေးရွာ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့မှုများနှင့် စပ်လျဉ်းသည့် တိကျသည့် အဖြေ ရရှိစေရန် မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှ မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနရုံးသို့ ဆက်သွယ်၍ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် မန္တလေးတိုင်း တောင်သာမြို့သို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် ခရီးထွက်သွားသည်ဟု ၎င်းဝန်ကြီးဌာနရုံး အဖွဲ့ဝင် တစ်ဦးက ဖြေကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ လက်ကိုင်ဖုန်း သုံးလုံးကို တိုက်ရိုက် ဆက်သွယ်၍ မေးမြန်းနိုင်ရန် ဇန်န၀ါရီလ ၃၀ ရက်၊ မနက် ၁၁ နာရီကျော်မှစ၍ နေ့လယ် ၃ နာရီတိုင် အကြိမ်ကြိမ် ခေါ်ဆိုခဲ့ရာ ဖုန်းဝင်သော်လည်း ဖုန်းမကိုင်သည့်အတွက် အဆိုပါ ပြောကြားမှု၏ အဓိပ္ပာယ်နှင့် အကြောင်းရင်းကို တိကျ စေမည့် အဖြေမရရှိခဲ့ပေ။

ချမ်းမြေ့ခိုင်

Myanmartandawsint Newspaper

နိုင်ငံရေးသမားတွေကို ဂရုမစိုက်တဲ့ ၀န်ကြီးဦးအုန်းမြင့် က လက်ပံတောင်းမှာပြဿနာဖြစ်နေတာက အနိုင်ကျင့်လို့ဖြစ်နေတာ လို့ပြော(ရုပ်-သံ)

 
ကျွန်တော့်နာမည် ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ဆိုတဲ့ (ရုပ်/သံ သက်သေနှင့် တကွ) (ရေးချင်တာရေး ပုဆိုးလှန်ပြမယ့် ဗိုဟ်ချုပ်အုန်းမြင့်ရဲ့ ဇာတ်ကြမ်း)
(အမေ့နို့သွားစို့ရင် ပါးရိုက်မယ့် ဗိုဟ်ချုပ်ကြီး) (အစိုးရရဲ့ စေတနာကိုနားလည်၊ သူများပါတီ (NLD ကိုဆိုလိုချင်တာ) စောက်ရမ်း ဘရဲဂေါ လျှောက်ပြောတိုင်း ခင်ဗျားတို့ နားမရောင်နဲ့၊ ရောင်ချင်လဲရောင် ဂရုမစိုက်ဘူး ဆိုတဲ့ မြန်မာ့ တပ်မတော် ဗိုဟ်ချုပ်ကြီး အုန်းမြင့်)
 (သမ္မတကြီး ဦးသိန်းစိန်ရဲ့ပုံနဲ့ ပြက္ခဒိန်တွေ အလကား ဝေပေးသွားတဲ့ ဗိုဟ်ချုပ်ကြီး အုန်းမြင့်ရဲ့ စေတနာ)
(လက်ပံတောင်းမှာပြဿနာဖြစ်နေတာက အနိုင်ကျင့်လို့ဖြစ်နေတာ လို့ပြောတဲ့ ၀န်ကြီးဦးအုန်းမြင့်)ရုပ်/သံ ကြည့်ရှုနိုင်ပါပြီ။



သစ်ထူးလွင် http://www.thithtoolwin.com

ဗိုလ်ချုပ်မှူးကြီးဟောင်း သမီးရဲ့ သရက်ခြံအတွက် ဒေသခံလယ်မြေတွေ သိမ်းယူ (ရုပ်/သံ)


နေပြည်တော် ဥတ္တရသီရိမြို.နယ် ဇလောင်းကျေးရွာ အုပ်စုမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ သမီး ဒေါ်သန္တာရွှေရဲ့ ဧက၁၀၀ စီမံကိန်း သရက်ခြံအတွက် ဒေသခံတွေပိုင်တဲ့ လယ်ယာမြေတွေ သိမ်းယူ ခံနေရ­ပါတယ်။ ဦးကျော်သက်မင်း သတင်းပေးပို့ထားပါတယ်။


ဖွဲ့စည်းပုံပြင်ဆင်ရေး အများစုလိုလားကြောင်း ပြည်ထောင်စုလွတ်တော်ကို တင်ပြ

 
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အကြံပြုသူအများစုက လိုလားတယ်လို့ သုံးသပ်ထားတဲ့ အစီရင်ခံစာကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

အဖွဲ့ဝင် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ဒီကနေ့တင်သွင်းတဲ့ စာမျက်နှာ ဆယ်မျက်နှာပါ “လေ့လာတွေ့ရှိချက်နဲ့ သုံးသပ်ချက် အစီရင်ခံစာ” မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်းလိုက် လေ့လာသုံးသပ်ချက်တွေ့ရှိချက်မှာ မူလအတိုင်းထားလိုသူက ၃၆၇ ရှိပြီး ပြင်ဆင်လိုသူက ၄၁၃၉၁ ဦးက အကြံပြုတင်ပြထားတာကို ဇယားကွက်နဲ့ ဖော်ပြပါတယ်။

အကြံပြုစာတွေကို ပါတီ ၂၀၊ ဥပဒေပညာရှင် အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့၊ ဌာနဆိုင်ရာ၊ ပြည်သူနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ အကြံပြုစာ စုစုပေါင်း ၂ သောင်း ၈ ထောင်ကျော်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အခြေခံမူများကို ပြဋ္ဌာန်းတဲ့ အခန်း ၁ ကို မူလအတိုင်းထားရှိလိုသူက ၄၇ ဦး အကြံပြုတင်ပြထားပြီး ပြင်ဆင်လိုသူက ၂၇၁၄၈ဦး၊ ပယ်ဖျက်လိုသူက ၂၆၂ ဦးက အကြံပြုတင်ပြထားတယ်လို့ ဆိုပါတယ်။

အဲဒီအခန်း (၁) ထဲမှာ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်တယ်ဆိုတဲ့အချက်ဟာ အဓိကအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲတိုင်းမှာ ပြင်ဆင်သင့်တယ်လို့ တောက်လျှောက်ပြောနေတဲ့ အချက်ဖြစ်ပါတယ်။

ဒါ့အပြင် အခန်း (၁၂) ပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းအခန်းကို မူလအတိုင်းထားရှိရန် အကြံပြုသူ မရှိဘဲ ပြင်ဆင်ရန် အကြံပြုသူက ၅၈၆၄ ဦး ရှိပါတယ်။ ဒီအခန်းကို ပြင်ဆင်ဖို့ အကြံပြုသူက ဒုတိယအများဆုံးဖြစ်ပါတယ်။

အဲဒီ အခန်း ၁၂ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းရမှာဖြစ်ပြီး ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက တင်ပြရင် ပြင်ဆင်ချက်မူကြမ်းကို ပြည်ထောင်စုလွတ်တော်က လက်ခံဆွေးနွေးရမယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေထဲက သတ်မှတ်ထားတဲ့ ပုဒ်မတချို့ပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ချင်ရင် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံပြီးမှသာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ထက်ဝက်ကျော် ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။

အဲဒီပြဋ္ဌာန်းချက်အပေါ် တပ်မတော်သား ၂၅ ရာခိုင်နှုန်းရယူထားတဲ့ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်မပါရင် ပြင်မရဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြနေကြပါတယ်။

ပြင်ဆင်ရန် တတိယမြောက် အများဆုံးအကြံပြုတဲ့အခန်းကတော့ အခန်း (၃) နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများ အခန်းဖြစ်ပါတယ်။ ဒီအခန်းဟာ ပြည်တွင်းပြည်ပက လက်ခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မရစေမယ့် ပုဒ်မ ၅၉ (စ) အပါအ၀င်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင်ကတော့ မြန်မာနိုင်ငံသားဖြစ်ပေမယ့် ဗြိတိသျှလူမျိုး မိုက်ကယ်အဲရစ်ကို အိမ်ထောင်ပြုခဲ့တာကြောင့် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ခံထားရသလို ဖြစ်နေပါတယ်။

ဒီပြဋ္ဌာန်းချက်ထဲမှာ သမ္မတနဲ့ ဒုတိယသမ္မတအရည်အချင်းထဲမှာ ကိုယ်တိုင်ဖြစ်ဖြစ်၊ မိဘတဦးဦး သို့မဟုတ် ခင်ပွန်း သို့မဟုတ် ဇနီး၊ မိမိရဲ့ တရားဝင်သားသမီး၊ သားသမီးရဲ့ ဇနီးသို့မဟုတ်ခင်ပွန်း တဦးဦးဟာ နိုင်ငံခြားသားဖြစ်တာနဲ့ ရွေးချယ်ခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားတာပါ။ နိုင်ငံတော်သမ္မတဟာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်လည်းပါရှိတဲ့ ဒီအခန်းကို ပြင်ဆင်ဖို့ လိုလားသူက ၅၈၃၃ ဦးရှိပြီး မူလအတိုင်းထားလိုသူက ၈၂ ဦးပဲ ရှိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီကို လက်ရှိအာဏရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာမှာ ဗဟိုချုပ်ကိုင်မှု များလွန်း-နဲလွန်းခြင်းကြောင့် မလိုလားအပ်တဲ့ ကိစ္စတွေ မဖြစ်အောင် ပြင်ဆင်သင့်တဲ့အချက်တွေကို အချိန်မီပြင်ဆင်ဖို့၊ တိုင်းရင်းသားလူမျိုး အလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းပေးဖို့ ပြင်ဆင်ရာမှာ ပါတီစွဲ-ပုဂ္ဂိုလ်စွဲမထားဘဲ ဦးစားပေးအဆင့်သတ်မှတ်ပြီး ပြင်ဆင်-ပယ်ဖျက်-ဖြည့်စွက်သွားဖို့ မတူညီတဲ့ အကြံပြုချက်တွေကို ပြည်ထောင်စုလွှတ်တော်က အဓိပ္ပာယ်အတည်ပြုဖို့ တင်ပြချက်တွေထဲမှ လွှတ်တော်မှာ ၇၅ ရာနှုန်းနဲ့ ပြင်နိုင်တဲ့အချက်တွေကို ဦးစားပေးဆောင်ရွက်သွားဖို့ စတဲ့ သုံးသပ်ချက် ၆ ချက်ပါဝင်ပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်-ပယ်ဖျက်-ဖြည့်စွက်သင့်တာတွေကို အစီရင်ခံစာပါ သုံးသပ်ချက်တွေအတိုင်း အဆင့်လိုက် ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ပေးဖို့လည်း တင်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ကျားဖြူပါတီက သီပေါမြို့နယ် ပြည်သူ့လွတ်တော်အမတ် ဦးရဲထွန်းကလည်း ဒီကော်မတီရဲ့သုံးသပ်ချက်ဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေအတွက် အလားအလားကောင်းတယ်လို့မြင်ပါတယ်။

သီပေါမြို့နယ် ပြည်သူ့လွတ်တော်အမတ် ဦးရဲထွန်းက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီဖို့အတွက်တော့ တကယ်ပြင်ဖို့ လိုပါတယ်ဆိုတဲ့ ဟာပေါ့။ အရေးကြီးတဲ့ အချက်တွေကတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အရေးကြီးတဲ့ ဖက်ဒရယ်ပုံစံ ဒါမှမဟုတ် ပြည်ထောင်စု စနစ်ပုံစံ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အဲဒါတွေနဲ့ ပတ်သက်ပြီး အာမခံချက်ရှိတဲ့ စနစ်တခုကို ရောက်ဖို့အတွက် ပြင်ဖို့တော့ လိုပါတယ်ဆိုတဲ့ ဟာတခုပေါ့ အဲဒါတော့ ကျသွားပြီ” လို့ ပြောပါတယ်။

၁၀၉ ဦးကော်မတီမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က သဘောထားမကိုက်ညီမှုတွေရှိပေမယ့် ဒီမိုကရေစီကျင့်စဉ်အတိုင်း သဘောထားကြီးပြီး ဆက်လက်ကြိုးပမ်းရမယ်လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် ၁၀၉ ဦးပါဝင်တဲ့ ပူးပေါင်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီတွေ့ရှိချက်တွေကို အကောင်ထည်ဖော် ဆောင်ရွက်ဖို့ ကော်မတီ တခုကိုလည်း ထပ်မံ ဖွဲ့စည်းသွားဖွယ်ရှိတယ်လို့ လွှတ်တော်အတွင်းသတင်းထွက်ပေါ်နေပြီး ဒီကော်မတီကို စောင့်ကြည့်ရမယ်လို့လည်း အမတ် အများစုက သုံးသပ်နေပါတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်းကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ပတ်သက်လို့ ရှင်းလင်းပွဲတွေ လိုက်လံလုပ်ဆောင်ခဲ့ရာမှာ တက်ရောက်လာကြတဲ့ ပြည်သူတွေက အသစ်ရေးဆွဲရေးထက် ပြင်ဆင်ရေးကို လိုလားတယ်လို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကနေ ရေးဆွဲခဲ့တာဖြစ်ပြီး ခုနှစ်နှစ်ကျော်အကြာမှာ အပြီးသတ်ခဲ့ပါတယ်။ ဒီနောက် ၂၀၀၈ ခုနှစ်မှာ လူထုဆန္ဒခံယူပွဲကျင်းပ အတည်ပြုခဲ့ပြီး ဆန္ဒခံယူပွဲရလဒ်နဲ့ ပတ်သက်လို့လည်း ဝေဖန်ခံခဲ့ရပါတယ်။

By ကို​ထွေး​(ဒီဗွီဘီ)

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၌ အရက်သေစာ သောက်စားမူးယစ်ပြီး ဈေးဆိုင်အား မီးရှို့မှု ဖြစ်ပွား

 
မြိတ် ဇန်န၀ါရီလ ၃၀ ရက်

မြိတ်မြို့ မြိတ်တောင်နယ်မြေ၊ ရေနံမြေရပ်၊ ဘီအိုစီလမ်းတွင် ဇန်န၀ါရီလ(၃၀)ရက် ညနေ(၄း၁၅)နာရီ က အရက်သေစာ သောက်စားမူးယစ်ပြီး ဈေးဆိုင်အား မီးရှို့မှု ဖြစ်ပွါးခဲ့သည်။

ဖြစ်စဉ်မှာ ဦးပေါစိန်အနောက်လမ်း၊ မြို့သစ်(၃)ရပ်ကွက်၊ မြိတ်တောင်နယ်မြေနေ မြင့်နိုင်ဝင်း(၂၃)နှစ် (ဘ)ဦးအင်စိန် (ရေလုပ်သား)သည် အရက်သေစာ သောက်စားမူးယစ်ပြီး အမှတ်(၈၂)၊ ဘီအိုစီလမ်း၊ ရေနံမြေရပ်၊ မြိတ်တောင်နယ်မြေရှိ ဦးအောင်စိုး၏ နေအိမ်ရှေ့ရှိ မြေစိုက်တဲဈေးဆိုင် (ဓနိမိုး၊ထရံကာ)၌် ဈေးရောင်းနေသော မ၀င်းနုခိုင်(၂၄)နှစ် (ဘ)ဦးမြဖေ ထံမှ ငွေကျပ်(၁၀၀၀)တောင်းခံရာ မရ၍ မကျေနပ် သဖြင့် ဈေးဆိုင်ရှိဓါတ်ဆီပုလင်းအားခွဲ၍ မီးရှိနေသောဆေးလိပ် တိုဖြင့် မီးရှို့ခဲ့ရာ ဈေးဆိုင်ထရံအား မီးကူး စက်လောင်ကျွမ်းခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းရာသို့ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းဦးစီး၍ သန္ဒေမီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၆၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်ကား(၇)စီးတို့ဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ညနေ(၄း၁၇)တွင် မီးငြှိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး (၈၇၀၀၀)ခန့် ဆုံးရှုံးခဲ့ပြီး မီးရှို့သူ မြင့်နိုင်ဝင်း(၂၃)နှစ်အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

နိုင်ငံရေးသမားများကို ဂရုစိုက်စရာမလိုဟု ၀န်ကြီးပြောဆိုချက် အရေးယူရန်လို

 
ဘယ်နိုင်ငံရေး သမားကိုမှ ဂရုစိုက်စရာ မလိုဘူးလို့ ပြောဆိုခဲ့တဲ့ မွေးမြူရေးလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်ကို အစိုးရက ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့လိုတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးအဖြစ် တာဝန်ထမ်းခဲ့ဖူးတဲ့ ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ဟာ ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားပြီး မကွေးတိုင်း မကွေးမြို့ သစ်ရာကောက်ကျေးရွာခရီးစဉ်မှာ ရွာသားတွေနဲ့ ပြောဆိုခဲ့တာပါ။

ဒီပြောဆိုချက်ကို ယူနတီဂျာနယ်က ဖော်ပြခဲ့ပြီးတဲ့နောက် ဗွီဒီယိုဖိုင် အင်တာနက်ပေါ်ကို တက်လာခဲ့ပါတယ်။

အဲဒီပြောကြားချက်ထဲမှာ နိုင်ငံရေးစကားဆိုတာ တက်နေတဲ့ အစိုးရပေါ်မှာ စော်ကားတဲ့ ကောင်တွယ်မှာပဲ၊ ပါးစပ်နဲ့ တွယ်လို့ မရရင် အချုပ်ထဲထည့်မှာပဲဆိုပြီး ပြောဆိုချက်တွေအပေါ် လွှတ်တော် အမတ်တွေက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အမတ်တဦးဖြစ်သူ ဦးဖြိုးမင်းသိန်းက အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးရဲ့ ပြောဆိုချက်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ပြောပါတယ်။

“သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုတာ ဘာလဲလို့ မေးစရာ ရှိပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့က တကယ်ကို ဒီမိုကရေစီကို ဆန့်ကျင်တဲ့ အလုပ်တွေကို လုပ်နေသလားလို့ ပြည်သူတွေက မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ဒီအခြေအနေတွေကို သမ္မတ ဦးသိန်းစိန်ရဲ့အစိုးရအဖွဲ့က ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့ လိုလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ဦးဝင်းထိန်ကတော့ သူ့တိုပါတီဟာ နှစ်ပေါင်း ၂၀ ကျော် ဒူပေဒဏ်ပေခံ ရပ်တည်လာတဲ့အတွက် ဒီစကားဟာ ပန်းနဲ့ပေါက်သလိုပဲလို့ ပြောပါတယ်။

“ကျနော်တို့ အန်အယ်ဒီက နှစ်ပေါင်း ၂၄ နှစ် ၂၅ နှစ်လောက် ဒူပေနာပေခံပြီးတော့ အရိုက်နှက်ခံရ၊ အညှဉ်းဆဲ ခံရ၊ ထောင်ကျခံရခဲ့တာ ဒီစကားလောက်တော့ ပန်းနဲ့ ပေါက်သလို အောက်မေ့တယ်။”

ဦးအုန်းမြင့်ရဲ့ ပြောဆိုချက်ထဲမှာ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းပြောလာတဲ့ သူဖြစ်သလို ခါးကြားမှာ သေနတ်ထိုး ပခုံးပေါ်မှာ သေနတ်လွယ်အုပ်ချုပ်ခဲ့တာ ဖြစ်ပြီး ဘာမှမတိုးတက်ဘူးလို့ ပြောနေသူတွေဟာ အရူးတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးဌေးဦးကတော့ နိုင်ငံရဲ့ ရေးရာ မှန်သမျှကို အဓိပ္ပာယ်ဖွင့်ဆိုချက်လွဲတာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“နိုင်ငံရဲ့ အရေးအရာမှန်သမျှကို အဓိပ္ပာယ်ဖွင့်ဆိုချက်လွဲတော့ ဒါက အပြစ်ရှိရင်တော့ ရှိသလို သွားမှာပေါ့။ ဥပဒေအရ ချိုးဖောက်တယ်ဆိုရင် ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာပေါ့၊ ဒီလိုပဲ ကျနော်မြင်ပါတယ်။ သူပြောတဲ့အဓိပ္ပာယ်လည်း ဒီလိုတော့ မဟုတ်ဘူးလို့ ကျနော် ယူဆပါတယ်။”

ဒီပြောဆိုချက်ဟာ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာပေါ်မှာ အာရုံစိုက်ခံရဆုံး သတင်း တပုဒ်ဖြစ်ခဲ့ပြီး ရုပ်သံဖိုင်ကိုပါ သုံးစွဲသူများက ဖြန့်ဝေနေကြပါတယ်။

By ကို​ထွေး​(ဒီဗွီဘီ)

Thursday, January 30, 2014

မြို့စွန်သင်္ချိုင်းမှာသာ ဆန္ဒပြခွင့်ရခဲ့သည့် မတ္တရာလယ်သမားများ

 
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့အနီးမှာ လယ်ယာမြေတွေ သိမ်းခံထားရမှုကို မကျေနပ်လို့ ရာနဲ့ချီတဲ့ လယ်သမားတွေစုရုံးပြီး ဒီကနေ့မွန်းလွဲပိုင်းက ဟောပြောပွဲတွေနဲ့ ဆန္ဒပြပွဲတွေကျင်းပပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

လယ်သိမ်းခံ လယ်သမားတွေက လူအင်အား ၁၀၀၀ နဲ့ မတ္တရာမြို့ပေါ်မှာ စီတန်းလှည့်လည် ဆန္ဒပြခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မပြုတာကြောင့် မြို့စွန်သင်္ချိုင်းအနီး မြေကွပ်လပ် တနေရာမှာ အင်အား ၁၀၀ လောက်နဲ့ လယ်ယာမြေသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေ ကျင်းပခဲ့တာပါ။

ခုလို ဆန္ဒထုတ်ဖော်ရခြင်းနဲ့ ပတ်သက်ပြီး ဦးဆောင် ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဦးရဲရင့်အောင်က ခုလိုပြောပါတယ်။

“ကျနော်တို့ မတ္တရာမြို့နယ် တံငါမြောက်ကျေးရွာက အသိမ်းခံမြေယာတွေနေရာကနေ မြို့နယ် သမ၀ါယမရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြဖို့ တင်ထားတာ၊ ကျနော်တင်ခဲ့တာက ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်လည်း ပါပါတယ်။ ဒါပေမယ့် သူတို့ချပေးတာက သင်္ချိုင်းကုန်းမှာ ချပေးတဲ့အတွက် ခုလိုမျိုး မြို့ပြင်သင်္ချိုင်းကုန်းမှာ လုပ်တာပါ။ ဒီအတွက် ကျနော်တို့ အင်မတန် ၀မ်းနည်းပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က သိမ်းသွားတဲ့သူတွေရှေ့မှာ ပြချင်တာ၊ ခုလိုမျိုး ချောင်ကြိုချောင်ကြားထဲမှာ ပြရတာဝမ်းနည်းပါတယ်။ အဓိက အကြောင်းကတော့ ကျနော်တို့ရဲ့ လယ်ယာမြေတွေ သိမ်းဆည်းသွားတာ ၂၇ နှစ် ကျော်ရှိလာတဲ့အချိန်မှာ ခုချိန်ထိ တစုံတရာ ဖြေရှင်းနိုင်ခြင်းမရှိတဲ့ အတွက် ကျနော်တို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ကတော့ ကျနော်တို့ မြေတွေကို ပြန်ပေးပါလို့ပဲ ပြောချင်ပါတယ်။”

ဒီကနေ့ ဆန္ဒပြတဲ့လယ်သမားအများစုဟာ မန္တလေးတိုင်း မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေက အကြောင်းအမျိုးမျိုးကြောင့် လယ်မြေတွေ သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၈၆ ခုနှစ်တုန်းက စိုက်ပျိုးကုန်ထုတ် သမ၀ါယမ အသင်းလီမိတက်က သိမ်းယူထားတဲ့ လယ်ဧကပေါင်း ၆၀၀ ပြန်လည်ရရှိရေး အဓိက တောင်းဆိုခဲ့ကြတာပါ။

မတ္တရာမြို့နယ် တံငါမြောက်ကျေးရွာက လယ်မြေဧက ၂၅ သိမ်းသိမ်းခံခဲ့ရတဲ့ လယ်သမား ဦးနေ၀င်း က လယ်မြေသိမ်းမှုတွေကြောင့် မိသားစုဘ၀တွေ ဆုံးရှုံးနစ်နာ အခက်အခဲ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့ အကြောင်း ခုလို ပြောပါတယ်။

“သိမ်းကတည်းက လက်ငုတ်လက်ရင်းတွေ မရှိတော့ဘူး၊ သိမ်းပြီဆိုကတည်းက အလုပ်လက်မဲ့တွေ အကုန်ဖြစ်ကုန်ပြီ။ အလုပ်လက်မဲဖြစ်တော့ နေ့စားတွေ အကုန်ဖြစ်ကုန်တယ်၊။ ခုတော့ လက်လုပ်လက်စားပေါ့ဗျာ၊ ကြုံရာကျရာ လုပ်စားကြတာ။ ခုတော့ ချောင်းထဲက သဲတွေ ယူရောင်းတာတို့ ကျောက်ချတာတို့၊ တချို့ဆိုရွှေတောတို့ ၀ါးခုတ်တာတို့ လုပ်ရတယ်။ မျိုးဆက်ပြတ် သေကုန်တာတွေလည်း ရှိတယ်။ ကျနော်တို့ဆို ကျနော်တို့ မိသားစုလိုက်ကို ကျောင်းထွက်ခဲ့ရတာရှိတယ်။ ပညာရေးတွေ အကုန်ဆုံးရှုံးတယ်။ စီးပွားရေးတွေ ချို့တဲ့တယ်။ အဖေအမေတွေကတော့ စိတ်ရောဂါနဲ့ ဆုံးကုန်ပြီပေါ့ဗျာ။ ၁၉၈၆ ခုနှစ်မှာ သိမ်းတယ်။ ဒါကို ရလိုရငြား ၈၇၊ ၈၈ခုနှစ် ကတည်းက အသနားခံစာတင်ပြီးတော့ ပြန်ရလိုကြောင်း သိမ်းပြီးတဲ့နောက်နှစ်က စတင်လိုက်တာ ယနေ့အချိန်အထိပဲဗျ။ ပြန်အကြောင်းကြားခြင်းကို မရှိတဲ့အတွက် ဒီနေ့ ကျနော်တို့ ဆန္ဒထုတ်ဖော်ရတာ။”

ဒီဆန္ဒပြပွဲဟာ မတ္တရာမြို့နယ်ထဲမှာ နှစ်ပေါင်းများစွာ လယ်ယာမြေတွေ သိမ်းခံထားရတဲ့ လယ်သမားတွေ စုရုံးပြီး ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပြီး လယ်သမားတွေရဲ့ ဆန္ဒပြပွဲကို မန္တလေး မြ၀တီကျောင်းတိုက်က ဆရာတော် အပါအ၀င် ဒေသခံရွာ သားပေါင်း ၃၀၀ ကျော်လောက်လည်း လာရောက် အားပေးခဲ့ကြပါတယ်။

By ဒီဗွီဘီ

မလေးရှားတွင် အကျဉ်းကျ မြန်မာများ တစ်လတစ်ကြိမ် နေရပ်ပြန်ခေါ် မည်ဟုဆို


ရန်ကုန်၊ ဇန်နဝါရီ ၂၉

မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေရသည့် မြန်မာများကို တစ်လတစ်ကြိမ်နှုန်းဖြင့် နေရပ်ပြန်ခေါ်ရန် စီစဉ်ထားကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က မလေးရှားတွင် အကျဉ်းကျနေသည့် မြန်မာလုပ်သား ၁၄၀ ကျော်ကို နေရပ်ခေါ်လာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သီတဂူ အထောက်အဖွဲ့ (မလေးရှား) မှ အတွင်းရေးမှူး ဒေါက်တာမြတ်သူက ပြောကြားသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့က နေရပ်ပြန်ခေါ်လာသည့် အကျဉ်းကျခံ မြန်မာလုပ်သား ၁၄၁ ဦးတွင် အမျိုးအသား ၁၀ ဦး ပါဝင်သည်။

အဆိုပါ မြန်မာများကို သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဉာဏိဿရ ဦးဆောင်သည့် သီတဂူ အထောက်အကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် နေရပ်ပြန်ခေါ်လာခြင်း ဖြစ်သည်။

မလေးရှားတွင် အကျဉ်းကျခံရသူ များကို ဖေဖော်ဝါရီလ ၂၀ ရက် ဝန်းကျင်တွင်လည်း နောက်တစ်ကြိမ် ထပ်မံခေါ်ယူမည်ဖြစ်ပြီး ယခုနေရပ်ပြန်သူများမှာ အကျဉ်းကျခံနေရသူ သီးသန့်ခေါ်လာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို အိမ်ပြန်ရန် လမ်းစရိတ် တစ်ဦးလျှင် ကျပ်နှစ်သောင်းစီ ပေးကြောင်း ဒေါက်တာမြတ်သူက ဆိုသည်။
“အရင်က အပြင်က လူတွေပါခေါ်တော့။ ဒုက္ခသည် မဟုတ်တဲ့ ဒုက္ခသည်အတုတွေ ပါလာတယ်။ အဲဒါကြောင့် အပြင်က လူတွေကို မခေါ်ဘူး” ဟု ၎င်းက ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ကျပ် ၁၀ သိန်းပေးခဲ့ရပြီး တရားမဝင် လမ်းကြောင်း (အောက်လမ်း) က သွားရောက်ခဲ့သဖြင့် မလေးရှားနိုင်ငံသို့ ရောက်သည့်နေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း ရှမ်းပြည်နယ် လားရှိုးမြို့မှ ဦးမောင်ကျော်ဦးက ပြောကြားသည်။
“အလုပ် မလုပ်ခဲ့ရဘူး။ ထောင်မှာ သုံးလ နေခဲ့ရတယ်။ ထောင်က ဘယ်မှာရှိတယ်ဆိုတာ မသိခဲ့ဘူး” ဟု ၎င်းကဆိုသည်။

အကျဉ်းကျ ခံရသူများများကို နေရပ်ပြန်ခေါ်လာစဉ် ကွာလာလမ်ပူ လေဆိပ်တွင် အမျိုးသမီးအများစု အပါအဝင် မြန်မာ ၅၀ ခန့်မှာ အေးဂျင့် လာမခေါ်သဖြင့် သောင်တင်နေသည်ကို တွေ့ခဲ့ရကြောင်း သီတဂူ သာသနာပြုအဖွဲ့ အောက်မြန်မာပြည် အတွင်းရေးမှူး (၄) ဦးမြင့်အောင်က ပြောကြားသည်။

သီတဂူ အထောက်အကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် ကွာလာလမ်ပူမှ မြန်မာနိုင်ငံသို့ MAI စင်းလုံးငှား လေယာဉ်ဖြင့် မလေးရှားနိုင်ငံတွင် အကျဉ်းကျ ခံနေရသည့် မြန်မာလုပ်သား ၁၇၆ ဦး ဇူလိုင်လ ၁၆ ရက်နေ့တွင်လည်း တစ်ကြိမ် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

မလေးရှားနိုင်ငံ အခြေစိုက် သီတဂူ အထောက်အကူပြု အဖွဲ့သည် ကမ္ဘောဇဘဏ် လီမိတက်နှင့် ပူးပေါင်း၍ မလေးရှားတွင် ဒုက္ခရောက်နေသူ၊ အကျဉ်းကျနေသူ မြန်မာလုပ်သားများကို မြန်မာနိုင်ငံသို့ ယခုတစ်ကြိမ် အပါအဝင် ကိုးကြိမ်တိုင်တိုင် စရိတ်ငြိမ်း ပို့ဆောင်ပေးခဲ့ပြီး လူဦးရေအားဖြင့် စုစုပေါင်း ၁၅၀၀ ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း ဒေါက်တာမြတ်သူက ဆိုသည်။

The Voice Weekly

ပင်လယ်ပြင် ငါးဖမ်းရေယာဉ်များကို နှစ်အကန့်အသတ်ဖြင့် လုံးဝပိတ်ပင်ရန် မဖြစ်နိုင်ဟုဆို


နေပြည်တော်၊ ဇန်နဝါရီ ၂၉

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသယံဇာတများ ဆုတ်ယုတ်လျက် ရှိသော်လည်း ကမ်းဝေးရေယာဉ်များ ငါးဖမ်းခွင့်ကို နှစ်အကန့်အသတ်ဖြင့် ပိတ်ပင်ရန် လုံးဝမဖြစ်နိုင်ကြောင်း မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်၏ မြန်မာပင်လယ်ပြင်အတွင်း ကမ်းဝေး ငါးဖမ်းရေယာဉ်များဖြင့် ငါးဖမ်းခွင့်ကို နှစ်အကန့်အသတ်ဖြင့် လုံးဝပိတ်ပင်ရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပြည်ပသို့ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း တင်ပို့မှုမှာ ၂၀၁၃ ခုနှစ်အတွင်း တန်ချိန်ပေါင်း ၀ ဒသမ ၃၇ သန်း ရှိပြီး အမေရိကန်ဒေါ်လာ ၆၅၂ ဒသမ ၃ သန်း ရရှိခဲ့သောကြောင့် ပင်လယ်ပြင်ကမ်းဝေး ငါးဖမ်းလုပ်ငန်းကို ရပ်ဆိုင်းလိုက်ပါက ရေငန် ငါးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက ရှင်းပြသည်။
“ပြည်တွင်း ငါးစားသုံးမှု အပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ပင်လယ်ပြင်အတွင်း ဖမ်းဆီးနေသော ကမ်းဝေး ရေယာဉ်များသည် စည်းကမ်းနှင့် မကိုက်ညီသော ဖမ်းဆီးမှုများကြောင့် ပင်လယ်ပြင်အတွင်း ငါးရှားပါးမှု ဖြစ်ပေါ်နေပြီး ဒေသခံ တံငါလုပ်ငန်း လုပ်ကိုင်သူများအတွက် ထိခိုက်နစ်နာမှုများ ရှိလာကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောကြားသည်။
“ပင်လယ်ပြင် ငါးရှားပါးမှုကို အစိုးရအနေနဲ့ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ပေးစေ လိုပါတယ်” ဟု၎င်းင်းကဆိုသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း နှစ်စဉ် ရေပေါ်ရေအောက် ငါးဖမ်းဆီး ထုတ်လုပ်နိုင်သော ပမာဏ ငါးတန်ချိန် သန်းပေါင်း ၁ဒသမ ၀၅ သန်းသာ ရှိသော်လည်း ပြည်ပ တင်ပို့မှု ရေငန် ငါး ၊ ပုစွန် လိုအပ်ချက်ကြောင့် ၂ ဒသမ ၄ သန်း ထုတ်လုပ်လျက် ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) သုတေသန စာရင်းများအရ သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း တရားဝင် ငါးဖမ်းလိုင်စင် ယူထားသော ကမ်းဝေး ရေယာဉ်ပေါင်း ၂၂၉၆ စီးရှိပြီး ရေလုပ်သား ၄၂၀၀၀ ကျော်နှင့် ရေထွက်ပစ္စည်း ပြုပြင်မွမ်းမံသည့် စက်ရုံ၊ အလုပ်ရုံ ၁၁၆ ခုရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနထံမှ သိရသည်။

သူရိန်

တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများနှင့် ကန်ထရိုက်

ကန်ထရိုက်လုပ်ငန်းခွင့်ပြုသည့် လုပ်ထုံးလုပ်နည်းများ၊ စူးစမ်းလေ့လာမှုလုပ်ငန်း လုပ်ထုံးလုပ်နည်းများ၊ တည်ဆောက်ထုတ်လုပ်သည့် လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အားလုံး မူဝါဒ လုပ်ထုံးလုပ်နည်းနှင့် တပြေးညီဖြစ်ရေး လေ့လာပြုစုထုတ်ပြန်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆပ်ကော်မတီ Delivery Unit အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာ၌ အခက်အခဲအတားအဆီးများ၊ ဖြေလျှော့ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Focal Ministry အဖြစ်ဦးဆောင်၍ တည်ဆောက်ရေးလုပ်ငန်းများအား ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၇-၁၁-၂၀၁၃ ရက်နေ့တွင် ၀န်ကြီးဌာနများအားလုံးနှင့်တွေ့ဆုံကျင်းပ၍ ၀န်ကြီးဌာနအားလုံး၏ သဘောတူညီသော စည်းမျဉ်းတစ်စုံကို ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြထားရှိခဲ့ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၃၃/၂၀၁၃၌ သဘောတူပြီးဖြစ်သဖြင့် လိုက်နာကျင့်သုံးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ(၈)ရက် ၊ ရက်စွဲပါစာအမှတ် ၃၁/၂၅၂- ကန်ထရိုက်/အဖရ (၂၀၁၄)ဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများအား လုံး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့အားလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(သို့မဟုတ်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အားလုံးသို့ ဆောလျင်စွာ ဖြန့်ဝေရန် အကြောင်းကြားစာများပေးပို့ထားရှိပြီးဖြစ်သည်။

အဆိုပါ ကန်ထိရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်စာအုပ်(၁)အုပ်နှင့် လုပ်ငန်းလမ်းညွှန်ချက်များ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များ၏ အကျဉ်းချုပ်တင်ပြချက်စာအုပ်(၁) အုပ် စီအား ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆပ်ကော်မတီ(Delivery Unit) ရုံးသို့ အောက်ပါဖုန်းနံပါတ်များမှတဆင့် ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းထုတ်ပြန်ဖော်ပြအပ်ပါသည်-

ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ-
၀၉-၄၄၈၅၄၀၆၀၇ -၀၉-၂၅၄၀၃၆၀၈၆ -၀၉-၄၂၀၇၀၂၂၇၉

ရခိုင်အရေးသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်စဉ် တစ်ခုသာဖြစ်ကြောင်း ဥရောပသမဂ္ဂသံအမတ်ကြီး ပြောကြား


မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော မငြိမ်သက်မှုများမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်စဉ် တစ်ခုအဖြစ် ဥရောပသမဂ္ဂမှ လုံးဝယုံကြည်လက်ခံထားကြာင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia က စစ်တွေမြို့သို့ ရောက်ရှိစဉ်ပြောကြားသည်။

ဇန်န၀ါရီ ၂၉ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံး၌ ဥရောပနိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများတွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အရေးကိစ္စများအတွက် ဆွေးနွေးမှုတွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်က ယခုကဲ့သို့ ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ကျောက်နီမှော်ကျေးရွာမှ ဖြစ်စဉ်ကြောင့် စတင်ခဲ့သော ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများနှင့် ပတ်သက်၍ ဥရောပသမဂ္ဂမှ ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် လာရောက်လေ့လာခြင်းဖြစ်ပြီး လူမျိုးစုနှစ်စုအကြားတွင် တင်းမာမှုလျှော့ချနိုင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်နေသော လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia က ပြောကြားသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တစ်ဦး ကင်းလှည့်စဉ် အကြမ်းဖက်တိုက်ခိုက်ခံရသဖြင့် ပျောက်ဆုံးသွားခဲ့အပြီး ဘင်္ဂါလီလူမျိုး ၄၀ ကျော်အသတ်ခံခဲ့ရကြောင်း နိုင်ငံတကာသတင်းမီဒီယာများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ သတင်းထုတ်ပြန်အပြီး နောက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia အပါအ၀င် ဥရောပသမဂ္ဂနိုင်ငံများမှ သံအမတ်များပါဝင်သောအဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ဒုချီးရားတန်းဖြစ်စဉ်အပြီးနောက် ဘင်္ဂါလီအမျိုးသမီးနှင့် ကလေးငယ် ၄၀ ကျော် အသတ်ခံရသည်ဆိုသော သတင်းမှာ နိုင်ငံတကာကယ်ဆယ်ရေးဝန်ထမ်းများထံမှ ရရှိသည်ဆိုသော သတင်းအရင်းအမြစ်ကို BBC သတင်းဌာနမှ ဖော်ပြခဲ့ခြင်းသာဖြစ်ပြီး အမှန်တကယ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်တစ်ဦးသာ အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားသည်။

“ဒီရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့အခက်အခဲကြီးဟာ ပြည်တွင်းရေးသက်သက်သာ ဖြစ်တယ်ဆိုတာ လုံးဝလက်ခံထားပါတယ်။ မနေ့က သတင်းစာရှင်းလင်းပွဲမှာလည်း ပြည်ထဲရေးဝန်ကြီးက ပြောသွားတဲ့အတိုင်း ဒီကိစ္စက ပြည်တွင်းရေးသက်သက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံးက လက်ခံပါတယ်”ဟု Mr. Roland Kobia က ဆိုသည်။
စိုးထက်ခိုင်(Eleven Media Group)

၂၀၁၅ ရွေးကောက်ပွဲ White Card ကိုင်ဆောင်သူများ မဲပေးခွင့်ပြုပါက ကန့်ကွက်မည်ဟုဆို


မန္တလေး၊ ဇန်နဝါရီ ၂၉

လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ ယာယီသက်သေခံကတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုပါက ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်မည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဆရာတော် အရှင်ဝီရသူက မိန့်ကြားသည်။

“ဒီမိုကရေစီဝါရင့် နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် Green Card ကိုင်ခွင့်ရတဲ့လူတွေ မဲပေးခွင့် မရှိဘူး၊ ဂျပန်နိုင်ငံမှာ ကိုရီးယားကနေ ရောက်နေတဲ့ သုံးဆက်မြောက် မျိုးဆက်တောင် ဖြစ်နေတဲ့ ကိုရီးယားတွေ အမြဲနေထိုင်ခွင့် ပေးထားပေမယ့် မဲပေးခွင့် မရဘူး။ မြန်မာနိုင်ငံမှာက White Card ကိုင်တဲ့ လူတွေကို မဲပေးပိုင်ခွင့် ရှိနေတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ White Card တွေကို မဲပေးခွင့် ပြုမယ်ဆိုရင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ ကန့်ကွက်မယ်။ ဘယ်လို ကန့်ကွက်မယ်ဆိုတာတော့ ထုတ်မပြောဘူး။ အချိန်ကာလနဲ့ လိုက်လျော ညီထွေ လုပ်ဆောင် သွားမှာပါ” ဟု အရှင်ဝီရသူက မိန့်ဆိုသည်။

မန္တလေးမြို့တော် မစိုးရိမ်တိုက်ဟောင်း နိရုတ္တိနယူပဒေသ ကျောင်းတိုက်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်သည်။

“ကော်မရှင်အနေနဲ့ကတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေတွေအရ မဲပေးခွင့်ရှိတဲ့ လူတွေ မဲပေးခွင့်ရအောင် လုပ်ကိုင် ဆောင်ရွက်ရတာပါ၊ White Card တွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဥပဒေတွေ ပြင်ဆင်ဖို့ ရှိနေပါတယ်။ လွှတ်တော်က ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေတွေ ပြင်ဆင် သတ်မှတ်ရင်တော့ ကျွန်တော်တို့က သက်ဆိုင်ရာ ဥပဒေအတိုင်း ဆောင်ရွက်သွားဖို့ပါပဲ” ဟု ရွေးကောက်ပွဲ ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ဆိုသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် သတင်းထုတ်ပြန်ရေးဌာန၊ ဘဏ္ဍာရေး အထောက်အကူပြုဌာန၊ သင်တန်းရေးရာ ဌာန၊ အသိပညာပေး စည်းရုံးရေးဌာန၊ သုတေသနနှင့် သမိုင်းမှတ်တမ်းဌာန၊ စာရင်းစစ်ဌာန၊ ဥပဒေရေးရာဌာန တို့ဖြင့် ရဟန်း၊ သီလရှင် ၄၂၆ ပါးဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေး အတုမရှိ ကျောင်းတော်ကြီးပေါ်တွင် ဖွဲ့စည်းခဲ့သည်။

“ဆရာတော်ဝီရသူရဲ့ ဆန္ဒနဲ့ ကျွန်တော်တို့က တစ်ထပ်တည်း ကျပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄ မှာ အချုပ် အခြာအာဏာသည် နိုင်ငံသားထံမှ ဆင်းသက်သည်လို့ ရှိပါတယ်။ မဲပေးတယ်ဆိုတာ အချုပ်အခြာ အာဏာကိစ္စပဲ။ နိုင်ငံသားတွေသာ အချုပ်အခြာ အာဏာပိုင်ရမှာ ဖြစ်တယ်။ ဒါကြောင့် White Card ကိစ္စကို လွှတ်တော်မှာ ဥပဒေပြင်ဆင်ဖို့ လုပ်နေပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီ တချို့နဲ့ နိုင်ငံရေး ပါတီဝင်တွေ နိုင်ငံသား မဟုတ်ဘဲ ပါတီတွေနဲ့ ပတ်သက်နေတဲ့ ကိစ္စကိုလည်း ရှေ့အပတ်လောက် လွှတ်တော်မှာ တင်ပြဖို့ ရှိနေပါတယ်” ဟု ရခိုင်အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသည့် White Card ကိုင်ဆောင်သူဦးရေ ခြောက်သိန်းခန့် ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ အောက်တိုဘာ ၂ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံသား မဟုတ်သူများကို ယာယီနိုင်ငံ သားကတ်များ ထုတ်ပေးပြီး တပ်မတော် အစိုးရက မဲပေးခွင့် ပြုခဲ့ရာ နိုင်ငံရေးသမားများ၊ အတိုက်အခံများနှင့် မီဒီယာများက ဝေဖန်ခဲ့ကြသည်။

The Voice Weekly

ရခိုင်ပြည်နယ်၌ နောက်ထပ်ပဋိပက္ခများ ထပ်ဖြစ်လာပါက ကုလအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းဌာနများတွင် တာဝန်ရှိသည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် သတိပေး

ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းနှစ်ခုကြားတွင် ပဋိပက္ခများ ဖြစ်ပွားလာပါက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သတင်းဌာနများနှင့် သက်ဆိုင်ရာသံရုံးများတွင် တာဝန်ရှိမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)က သတိပေးမှု ထုတ်ပြန်ခဲ့သည်။

ALD အနေဖြင့် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ Cafe 47 စားသောက်ဆိုင်တွင် မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာ၌ ဖြစ်ပွားခဲ့သည့် ပြဿနာနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ့ ပြုလုပ်ခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ရာ၌ ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့ ဒုချီးရားတန်းကျေးရွာတွင် ဇန်နဝါရီ ၉ ရက်နှင့် ၁၃ ရက်များတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ဘင်္ဂါလီ ၄ဝ ကျော် သေဆုံးခဲ့သည်ဆိုသော မမှန်မကန် လုပ်ကြံထားသည့် သတင်းများကို  မှန်ကန်မှုရှိမရှိ စုံစမ်းစစ်ဆေးခြင်း လုံးဝမရှိဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အမေရိကန်သံရုံးနှင့် ဗြိတိသျှသံရုံးတို့၏ ပူးတွဲကြေညာချက်နှင့် နိုင်ငံတကာ သတင်းဌာနများမှ ထုတ်ပြန်ချက်များမှာ မှားယွင်းကြောင်း ALD တာဝန်ရှိသူများက ရှင်းလင်းခဲ့သည်။

ယင်းသတင်းမှားများကြောင့် ဘင်္ဂါလီလူမျိုးများဘက်က ရန်ပြုတိုက်ခိုက်ရန် ပြင်ဆင်နေမှုများ ရှိနေကြောင်း၊ မောင်တောဒေသ၌ ရခိုင်လူမျိုးများမှာ လူနည်းစုသာရှိသည့်အတွက် ဘေးကင်းရာသို့ ရွှေ့ပြောင်းနေကြကြောင်း၊ ၎င်းတို့အနေဖြင့် နောက်ထပ်ပဋိပက္ခများ ထပ်ဖြစ်လာနိုင်သည်ဟု သတိပေးထားပြီးဖြစ်ကာ ယင်းကဲ့သို့ ထပ်ဖြစ်လာပါက သတင်းမှားထုတ်ပြန်သည့် သူများတွင် တာဝန်ရှိကြောင်း ALD က ရှင်းလင်းခဲ့သည်။
ရခိုင်လူမျိုးများ အနေဖြင့် ယခင်ကတည်းက ဘင်္ဂါလီလူမျိုးများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြောင်း၊ ယခုမှသာ ရိုဟင်ဂျာလူမျိုးဆိုကာ နယ်မြေတောင်းလာသည့်အတွက် ပြဿနာတက်နေခြင်းဖြစ်ကြောင်း၊ ဘင်္ဂါလီလူမျိုးများ အနေဖြင့် ၎င်းတို့မှာ ဘင်္ဂါလီလူမျိုးဟု ခံယူခြင်း၊ တရားဥပဒေဘောင် အတွင်းတွင် နေထိုင်ခြင်း၊ နိုင်ငံသားဖြစ်ထိုက်သူများက နိုင်ငံသားကဲ့သို့နေပြီး
“လူ ၄ဝ ကျော်သေတယ်ဆိုတာ တကယ်ကို Sensitive (ထိခိုက်လွယ်)ဖြစ်တဲ့ ကိစ္စပဲလေ။ ရခိုင်တွေကလည်း မွေးရပ်မြေကို သိမ်းတော့မယ့်သူတွေဆိုပြီး စိုးရိမ်နေတယ်။ ပြင်ပအဖွဲ့အစည်းတွေက မီးလောင်ရာလေပင့်လုပ်နေရင် နောက်ထပ်လည်း အဲဒီကိစ္စတွေ ဆက်ဖြစ်နေဦးမှာပဲ” ဟု ALD ဗဟိုအလုပ်အမှုဆောင် ဦးဦးလှမြင့်ကဆိုသည်။

အမှန်တကယ် ဖြစ်စဉ်ဖြစ်သည့် ဇန်နဝါရီ ၁၃ ရက် ညပိုင်းက ပုံမှန်ကင်းလှည့်နေစဉ် ဘင်္ဂါလီများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ယနေ့တိုင် ပျောက်ဆုံးနေဆဲဖြစ်သည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကိစ္စကိုမူ ကုလသမဂ္ဂ အပါအဝင် မည်သည့်နိုင်ငံတကာ အဖွဲ့အစည်းကသော် လည်းကောင်း၊ မည်သည့်သတင်းဌာနကသော် လည်းကောင်း၊ မည်သည့်နိုင်ငံခြား သံရုံးများကသော် လည်းကောင်း သတင်းထုတ်ပြန်ခြင်း မရှိသည်မှာ ထူးဆန်းသည်ဟု ALD ကြေညာချက်တွင် ပါရှိသည်။

ယင်းကဲ့သို့ မမှန်သတင်းများကို အခြေခံကာ သတင်းထုတ်ပြန်ခြင်းများသည် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း နှစ်ခုကြားတွင် ယုံကြည်မှုကို ပိုမိုပျက်ပြားစေခြင်း၊ အမုန်းတရားများကို ကြီးထွားစေခြင်း၊ အာဃာတစိတ်များကို တိုးပွားစေခြင်းတို့ဖြင့် နောက်ထပ်ပဋိပက္ခများကို ဦးတည်စေကြောင်း၊ ထို့ပြင် လူ့အခွင့်အရေးကို အကြောင်းပြကာ မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလိုသူများအား အားပေးကူညီစေရာ ရောက်သဖြင့် ယင်းအပေါ်တွင် ပြင်းထန်စွာ ကန့်ကွက်ကြောင်းလည်း ALD က ကြေညာခဲ့သည်။

ရခိုင်လူမျိုးများ အနေဖြင့် ယခင်ကတည်းက ဘင်္ဂါလီလူမျိုးများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြောင်း၊ ယခုမှသာ ရိုဟင်ဂျာလူမျိုးဆိုကာ နယ်မြေတောင်းလာသည့်အတွက် ပြဿနာတက်နေခြင်းဖြစ်ကြောင်း၊ ဘင်္ဂါလီလူမျိုးများ အနေဖြင့် ၎င်းတို့မှာ ဘင်္ဂါလီလူမျိုးဟု ခံယူခြင်း၊ တရားဥပဒေဘောင် အတွင်းတွင် နေထိုင်ခြင်း၊ နိုင်ငံသားဖြစ်ထိုက်သူများက နိုင်ငံသားကဲ့သို့နေပြီး နိုင်ငံခြားသားများက နိုင်ငံခြားသားများကဲ့သို့ နေစေလိုကြောင်း ဦးဦးလှမြင့်က ပြောကြားသည်။

လက်ရှိတွင် အပြောင်းအလဲတစ်ခုကို ဖြတ်သန်းနေရသည့် မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှု အရေးတကြီး လိုအပ်နေချိန် ဖြစ်သဖြင့် ပဋိပက္ခလောင်စာ ဖြစ်စေနိုင်သည့် မမှန်သတင်းများ ထုတ်ပြန်ခဲ့ခြင်းများကို သက်ဆိုင်ရာအဖွဲ့များမှ ပြန်လည်ရုပ်သိမ်းပေးပြီး သတင်းမှန်များ ပြန်လည်ဖော်ပြပေးရန်လည်း ALD က တောင်းဆိုခဲ့သည်။
ဇင်ဘိုလွင်(Eleven Media Group)

မူးယစ်ဆေးသုံးသည့် ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို အရေးယူ ထောင်ချ


ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲတဲ့ ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို ရဲတပ်ဖွဲ့က ထုတ်ပယ်ပြီး ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။

ဒုရဲအုပ်တဦး အပါအ၀င် တပ်ကြပ်တပ်သား အဆင့်ဆင့်ကို အရေးယူ အပြစ်ပေး လိုက်တယ်လို့ သူက ပြောပါတယ်။

“အများစုကတော့ အခြားဆင့်တွေပဲ။ တပ်သားတို့၊ ဒုတပ်ကြပ်တို့၊ တပ်ကြပ်တို့ ဒီလိုတွေ ပါတာပေါ့။ အခု ပြစ်ဒဏ်ချတဲ့အထဲမှာတော့ အရာရှိအငယ်၊ ဒုရဲအုပ်အဆင့်ကတော့ ၁ ယောက် ပါတယ်။ သူတို့ကို ပြစ်ဒဏ်ချလိုက်တဲ့အထဲ အားလုံး စုစုပေါင်း ၃၆ ဦး ပြစ်ဒဏ် ချထားတယ်။ ၃ နှစ်တို့ ၅ နှစ်တို့ ထောင်ချတာ။ သုံးစွဲတဲ့ဟာကို ကျနော်တို့ သင်္ကာမကင်းဖြစ်လို့ ဆီးစစ်တယ် ဆီးမှာ အဖြေပေါ်တဲ့အတွက်ကြောင့် ရဲတပ်ဖွဲ့ဆိုင်ရာကလည်း အရေးယူတယ်။ ရဲတပ်ဖွဲ့ကလည်း ထုတ်ပယ်ရတာပေါ့။ သို့သော် သူတို့က မူးယစ်သုံးစွဲတာဖြစ်တဲ့အတွက် မူးယစ်ဥပဒေအရ နယ်ဘက် တရားရုံးမှာ တရားရင်ဆိုင်ရတာ။ နယ်ဘက် တရားရုံးက သုံးစွဲတဲ့သူကို ပြစ်ဒဏ်ချတဲ့ နေရာမှာ ၃ နှစ်ကနေ ၅ နှစ်အထိ ချလို့ရတယ်။ အဲဒီတော့ သူတို့ရဲ့ ပြစ်ဒဏ်အမျိုးအစားအရ ၃ နှစ်ကော ၄ နှစ်ကော ၅ နှစ်ကော အကုန်ပါတယ်။ ပြစ်ဒဏ် အမြင့်ဆုံးကျတဲ့သူတွေလည်း ပါတယ်။ အနိမ့်ဆုံးကတော့ ၃ နှစ်ပေါ့။”

၂၀၁၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း အခုလို အပြစ်ပေး အရေးယူခဲ့တာလို့လည်း ပြောပါတယ်။

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကတော့ ကချင်ပြည်နယ်ထဲ မူးယစ်ဆေး ရောင်းချတဲ့နေရာမှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှု ရှိတယ်လို့ ပြောပါတယ်။

“မူးရစ်ရဲတွေကို အထူး မူးယစ်တွေဆိုပြီးတော့ လုပ်တယ်။ ရောင်းတဲ့သူ ဂိုဏ်းကြီးတွေက သူတို့နဲ့ အဆက်အစပ်ရှိတယ်။ ဖမ်းမယ်လို့လုပ်တဲ့ အခါမှာ သူတို့က အရင်ဦးဆုံး သတင်းပေးထား လိုက်တယ်။ ရောင်းတဲ့သူတွေက ရှောင်နေလိုက်တယ်။ ပြီးရင် ဘာမှမဟုတ်တဲ့ သွားလာတဲ့သူ နည်းနည်းပါးပါးကို လိုက်ဖမ်းပြီး၊ အချုပ်ထဲမှာ ၃၀၀ လောက်ရှိတယ်။ အဲဒီလူတွေက မူးယစ်မှုတွေ မသင်္ကာမှုတွေနဲ့ အဖမ်းခံရတယ်။ တကယ့် ဂိုဏ်းသမားတွေက ဒီနေ့အထိ မိသေးဘူး။ အများကြီးပဲ အပြင်မှာ လွတ်နေတယ်။ ဘာမှ မဟုတ်တဲ့သူတွေလောက်ပဲ ဖမ်းထည့်နေတာ။”

ရဲတပ်ဖွဲ့ဝင်တွေ မူးယစ်ဆေးသုံးလို့ အပြစ်ပေး အရေးယူတာ တဦးစနှစ်ဦးစ ရှိခဲ့ဖူးပြီး အခုလို အများအပြား အရေးယူ အပြစ်ပေးတာတော့ ဒါ ပထမဆုံး ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

မြန်မာဒုက္ခသည်များအား လက်ခံသည့် အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု ရပ်ဆိုင်း




(Bangkok Post မှ 28 Jan 2014 ရက်စွဲပါ “US ends Myanmar refugee program” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်း မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည်များအတွက် ပြန်လည်နေရာချထားခြင်း အထူး အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ရပ်ဆိုင်းလိုက်ပြီဟု ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

အထူးပြန်လည်နေရာချထားခြင်း အစီအစဉ်၏ နောက်ဆုံးအသုတ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့က လက်ခံကာ ၉ နှစ်ကြာ အစီအစဉ်ကို အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာဒုက္ခသည်များအား ရိုးရှင်းသော လုပ်ထုံးလုပ်နည်းဖြင့် တက်နိုင်သမျှ လက်ခံရန်အတွက် ၂၀၀၅ တွင် အစီအစဉ်စတင်ခဲ့ကြောင်း ဘန်ကောက်ရှိ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး ရုံးမှ ပြန်ကြားရေးအရာရှိ ဗီဗီယန်းတန် က ပြောကြားသည်။

အမေရိကန်အစိုးရ၏ လူဦးရေ ဒုက္ခသည်နှင့် ရွှေ့ပြောင်းမှု ဗျူရို လက်ထောက်အတွင်းဝန် အင်နီရစ်ချက် ကလည်း “အမေရိကန်ပြည်ထောင်စုသည် နိုင်ငံတစ်လွှား မြို့ကြီးများနှင့် မြို့ငယ်များတွင် ရွှေ့ပြောင်းနေထိုင် အခြေချ နေကြသော မြန်မာနိုင်ငံသား ဒုက္ခသည် ၇၃,၀၀၀ ကျော်ကို ၂၀၀၅ ခုနှစ်မှစ၍ ကြိုဆိုခဲ့သည်” ဟု ရှင်းလင်း ပြောကြား သည်။

ယခုအခါ ထိုင်း မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် မြန်မာဒုက္ခသည် ခန့်မှန်းခြေ ၁၂၀,၀၀၀ ခန့် နေထိုင် နေကြဆဲ ဖြစ်ပြီး ၎င်းတို့အနက် ထိုင်းအာဏာပိုင်များထံ မှတ်ပုံတင်ထားခြင်း မရှိသူ ၄၀,၀၀၀ ခန့် ပါဝင်ပါသည်။

မှတ်ပုံတင်ခြင်း မပြုသော ဒုက္ခသည်များမှာ သတ်မှတ်ချက်နှင့် အကြုံးမဝင်သောကြောင့် အမေရိကန် ပြည်ထောင်စုတွင် အခြေချနေထိုင်ရန် လျှောက်ထားခြင်းမပြုသူများဖြစ်သည်ဟု ဗီဗီယန်းတန် က ဆိုပါသည်။

ထိုင်း မြန်မာ နယ်စပ်အနီး တပ်ခ် ပြည်နယ်ရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်သူအများစုသည် မြန်မာနိုင်ငံမှ ကရင်မျိုးနွယ်စုဝင်များ ဖြစ်သည်။ ၎င်းတို့သည် မြန်မာစစ်တပ်၏ ကရင်ပြည်နယ် ထိုးစစ်ကို ရှောင်ရှားရန် အတွက် ထိုင်း နိုင်ငံ ဖက်သို့ လွန်ခဲ့သော နှစ် ၂၀ ကျော်က ထွက်ပြေးရောက်ရှိ လာကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ UNHCR ကိုယ်စားလှယ် မီဂျယ်လီဂျရတ် က “ဒီ အစီအစဉ်ရပ်ဆိုင်းမှုဟာ ရွှေ့ပြောင်းအခြေချ စီမံချက်လုံးဝပြီးဆုံးသွားတာ မဟုတ်ပါဘူး။ UNHCR က ဒုက္ခသည်တွေရဲ့ တစ်ဦးချင်း အကာအကွယ်ပေးသင့်တဲ့ လိုအပ်ချက်ပေါ် မူတည်စိစစ်ပြီး တစ်ခြားနိုင်ငံပေါင်းစုံကို ဆက်လက်တင်ပြ ပေးသွားမှာပါ” ဟု ပြောကြားသည်။

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများမှ နောက်ထပ် မြန်မာဒုက္ခသည် ၁၉,၀၀၀ ခန့်မှာလည်း သြစတြေးလျား၊ ကနေဒါ၊ ဖင်လန် နှင့် ဂျပန် အပါအဝင် အခြားနိုင်ငံအသီးသီးသို့ လွန်ခဲ့သော ကိုးနှစ်အတွင်း ရွှေ့ပြောင်း အခြေချ နေထိုင်ခဲ့ကြသည်ဟု UNHCR က ဆိုပါသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပက ဝိုင်းဝန်းစက်ဆုပ်ရွံ့ရှာခြင်းခံရသော စစ်ဖက်အုပ်ချုပ်မှုကို ၂၀၁၁ တွင် ဖျက်သိမ်းပြီးနောက် အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းလဲခဲ့ရာ၊ အာဏာရရှိလာသော သမ္မတဦးသိန်းစိန် လက်ထက် တွင် အပြုသဘောဆောင်သော နိုင်ငံရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ ရှိလာခဲ့သော်လည်း အိမ် ပြန်လာမည့် စစ်ပြေး ဒုက္ခသည်များအတွက် ကရင်ပြည်နယ်တွင် လုံခြုံမှုဆိုင်ရာ ပြဿနာများရှိနေခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း UNHCR က ထုတ်ဖော်ပြောဆိုထားသည်။
yangon chronicle