Pages

Saturday, March 1, 2014

ဖွဲ့စည်းပုံပြင်ရေး ဥပဒေဘောင်တွင်းကကြိုးစားရန် သမ္မတတိုက်တွန်း

စစ်အစိုးရလက်ထက်က ပြင်ဖို့ခက်အောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဥပဒေဘောင်အတွင်းက ပြင်ဖို့ကြိုးစားကြပါရန် သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေပေမဲ့ အောက်ခြေမှာ တောက်လျှောက်တိုက်ပွဲတွေ ပြန်ဖြစ်နေဆဲအခြေအနေမှာ ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်အတွက် စိတ်ရှည်သည်းခံကြဖို့ကိုလည်း လစဉ် ပြောကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတဦးသိန်းစိန်က ဒီကနေ့ ထည့်သွင်းပြောသွားခဲ့ပါတယ်။
အပြည်အစုံကိုတော့ ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အအခြေခံ ဥပဒေကို နိုင်ငံကြီးသားပီသစွာနဲ့ ပြဌာန်းထားတဲ့ ဥပဒေမူဘောင်ထဲက ပြင်ဆင်ဖို့လိုတယ်ဆိုပြီးတော့ သမ္မတ ဦးသိန်းစိန်က သူရဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ ဖွဲ့စည်းပုံပြင်ဖို့ ကြိုးပမ်းနေတဲ့သူတွေ ကို တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။

“လက်ရှိပြဌာန်းထားတဲ့ ဥပဒေဘောင်ထဲကနေ စနစ်တကျ ကြိုးပမ်းအားထုတ်ကြရမှာဖြစ်သလို လက်ရှိပြဌာန်းထားတဲ့ ဥပဒေမူဘောင်များကို ကျနော်အပါအဝင် နိုင်ငံသားအားလုံးက အလေးထား၊ လေးစားလိုက်နာကြရမှာလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် မိမိတို့ ပြင်ဆင်ကြိုးပမ်းတဲ့ ဥပဒေများ တည်မြဲနေစဉ်မှာတော့ မကြိုက်မနှစ်သက်သော်လည်း နိုင်ငံကြီးသားပီသစွာ တရားဥပဒေကို လေးစားလိုက်နာရေးဓလေ့ အမြစ်တွယ်ခိုင်မာရေးအတွက် လက်ရှိပြဌာန်းထားတဲ့ ဥပဒေများကို လေးစားလိုက်နာကြရမှာဖြစ်ပါတယ်။ ဒီလို တရားဥပဒေရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ခြင်းဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသက်ဝင် ရှင်သန်ရေးအတွက် အလွန်အရေးကြီးလှပါတယ်။”

ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာပါတဲ့ ပုဒ်မ (၄၃၆) အရ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ ခက်ခဲအောင်လုပ်ထားတာဖြစ်တဲ့အတွက် ဖွဲ့စည်းပုံပြင်ရေးကို ဥပဒေအရ သမ္မတက ဥပဒေပါအတိုင်း ပြင်ပါလို့ ပြောဆိုလိုက်တဲ့အပေါ်မှာ အနည်းငယ် အံအားသင့်မိတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဝင်လည်း ဖြစ်၊ ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“ဥပဒေကိုပြင်ရင် တည်ဆဲဥပဒေမှာပါတဲ့ နည်းလမ်းတွေအတိုင်း ပြင်ဖို့ဆိုပြီး သူက ပြောတော့ ရိုးရိုးဥပဒေတွေကိုပြင်ရင်က အဓိပ္ပာယ်တမျိုးဗျ။ ရိုးရိုးဥပဒေကိုပြင်တဲ့အခါကျတော့ တည်ဆဲဥပဒေမှာပါတဲ့နည်းလမ်းကို ပြောမယ်ဆိုရင် လွှတ်တော်မှာ မဲအများစုဆန္ဒနဲ့ ဆုံးဖြတ်လိုက်ရုံပါပဲ၊ ဒါက ဘာမှ ခက်ခက်ခဲခဲမဟုတ်ပါဘူး။ ဒါပေမယ့်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင်တော့ အဓိပ္ပာယ်က တမျိုးခင်ဗျ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၃၆ ရဲ့ နည်းလမ်းအတိုင်းပဲ ပြင်ရတော့မယ်-ကျနော်တို့က။ အဲဒီတော့ အဲဒီဥပဒေကို လေးစားလိုက်နာပြီး အဲဒီဥပဒေအတိုင်းပြင်ရေးကို ပြောတဲ့အခါကျတော့ ကျနော်တို့မှာ အခက်အခဲဖြစ်တယ်။ ဘာကြောင့်တုန်းဆိုတော့ ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်လို့မရအောင်ကို တမင်ရည်ရွယ် ပိတ်ဆို့ထားတဲ့ပြဌာန်းချက် ဖြစ်နေတယ်။”

လက်ရှိဖော်ဆောင်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတဦးသိန်းစိန်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြောဆိုသွားခဲ့ပါသေးတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် လက်မှတ် ရေးထိုးနိုင်ဖို့ဆွေးနွေးမယ့် ဘားအံဆွေးနွေးပွဲအတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့တွေနဲ့ အသေးစိတ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ လည်း သမ္မတက ပြောပါတယ်။

ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် နှစ်ဖက် စိတ်ရှည်ရှည်ထားပြီး ဆောင်ရွက်ဖို့ လိုတယ်ဆိုပြီးတော့လည်း သမ္မတက ပြောပါတယ်။

“ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များ အောင်မြင်စေဖို့အတွက် အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ တပ်မတော်၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများအပါအဝင် ပြည်သူလူထုတရပ်လုံးအနေနဲ့ သဘောထားကြီးကြီး၊ အမြင်ရှိရှိ၊ စိတ်ရှည်သည်းခံခြင်းများနဲ့ တစ်ဦးနဲ့တစ်ဦး လိုအပ်ချက်တွေကို နားလည်လက်ခံနိုင်ရန် ကြိုးပမ်းခြင်းတို့ဖြင့် အတူလက်တွဲဆောင်ရွက်ကြဖို့လည်း ထပ်လောင်း တိုက်တွန်းလိုပါတယ်။”

ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့အတွက် လက်နက်ကိုင်တွေ ဘက်က အဆင့်ဆင့် လိုက်လျောပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့ လက်မှတ်ထိုး ခါနီးကျမှ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပလောင်ဒေသတွေမှ တိုက်ပွဲတွေ ပြန်ဖြစ်နေတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ မြန်မာစစ်ရေးလေ့လာအကဲဖြတ်တွေကဆိုပါတယ်။

လက်တွေမှာတော့ ငြိမ်းချမ်း ဖြစ်စဉ်တွေ မှာ တပ်မတော်ဘက်က ပူးပေါင်း ပါဝင်မှု အားနည်လို့ တိုက်ပွဲတွေ ပြန်ဖြစ်နေရတာဖြစ်ပြီး လတ်တလော တိုက်ပွဲတွေ မှာ ၂ ဖက် အကျဆုံးကလည်း များတာကြောင့် သမ္မတ ရဲ့ စိတ်ရှည်သည်းခံပါလို့ ပြောဆိုချက်ဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ တရုတ်- မြန်မာနယ်စပ်မှာ နေထိုင်တဲ့ မြန်မာ့ စစ်ရေး လေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“စစ်က မရပ်ဘူး၊ တလျှောက်လုံး ဟိုမှာနည်းနည်း ဒီမှာနည်းနည်းဖြစ်နေတာ။ အဲဒီတော့ နှစ်ဘက် အောက်ခြေစစ်သားများအဖို့က တော်တော့်ကို ဒုက္ခရောက်ပါတယ်။ အကျအဆုံးတွေလည်း အင်မတန် များပါတယ်။ ပလောင်ဒေသမှာ ခင်ဗျားတို့လည်း ကြားမှာပေါ့ဗျာ။ တပ်ရင်းမှူး သုံးလေးယောက် ဒီအတောအတွင်းမှာကို သေသွားကြပြီ။ စစ်သားလည်း အနည်းဆုံးမရှိရင် သုံးလေးဆယ်တော့ ပလောင် ဒေသမှာ သုံးလေးဆယ် သေပြီ။ တပ်ရင်းမှူး ကျနော်မှတ်မိသလောက် (၅၀၅) တပ်ရင်းမှူး၊ (၅၀၆) တပ်ရင်းမှူးတွေ သေကြပြီ။ တိုင်းရင်းသားတွေဘက်ကတော့ တော်တော် ကန်းကုန်လာပြီ။ တော်တော်များကြီးလျှော့ခဲ့တယ်။ လက်မှတ်စုထိုးမယ်ဆိုတဲ့ အခြေအနေလည်းဖြစ်လာတယ်။ တကယ်တန်း လက်မှတ်ကို သေသေချာချာ ကျကျနန နိုင်ငံရေးမူဘောင်နဲ့ သတ်မှတ်ပြီး ထိုးနိုင်မယ်ဆိုရင် ဒါ အင်မတန်ကောင်းတဲ့ အလားအလာပေါ့ဗျာ။”

ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအနေနဲ့လည်း စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ်မှာ အဆိုးမြင်ခြင်းနဲ့ အပြစ်တင်ခြင်း ဆိုတဲ့ ရှုမြင်ခြင်းမထားဖို့နဲ့ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ မျှတစွာယှဉ်ပြိုင်ခွင့်ရှိတဲ့ စီးပွားရေးပတ်ဝန်းကျင် တစ်ရပ် တည်ဆောက်နေခြင်းကို ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများအနေနဲ့လည်း ထိရောက်စွာ ပူးပေါင်းပါဝင်ကြဖို့လည်း သမ္မတက ဒီကနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်ခင်ဗျား။ 
အောင်ရဲမောင်မောင်(VOA)

ပိုင်ရှင်မဲ့ မောင်းပြန်သေနတ်တွေ သိမ်းမိတာ စိတ်ဝင်စားစရာ

ပိုင်ရှင်မဲ့ မောင်းပြန် သေနတ်တွေ တွေ့ရှိတဲ့အကြောင်း ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ရဲဇာနည် က ဖော်ပြလာပါတယ်။ အခုတလော လက်နက်တိုက် အဖောက်ခံရတာ၊ လက်နက်တွေ ပိုင်ရှင်မဲ့ တွေ့နေ တာတွေ ကတော့ အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ 


 ဓာတ်ပုံ- ရဲဇာနည်

ရဲတပ်ဖွဲ့က ဖော်ပြတဲ့ သတင်းကတော့ .... 

လက်နက်/ခဲယမ်းများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ 
နေပြည်တော်၊ မတ် ၁ ၂၀၁၄ ခုနှစ်၊ 

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့သစ်မြို့နယ်ခွဲ၊ ဗန္ဓုလကျေးရွာနေ ဦးမြင့်ဦး(၃၂)နှစ်မှ တမူး-စေတီသွားကားလမ်း၊ မိုင်တိုင် အမှတ်(၁၃/၀-၁)ကြား၊ တံတား အမှတ် (၁၄/၀)နှင့်(၁၅)ပေခန့်အကွာရှိ အင်းတောအတွင်း သေနတ် ၂ လက်နှင့် ကျောပိုးအိတ် အသေး (၁)လုံးတွေ့ရှိခဲ့ကြောင်း မင်းသာရဲကင်းရဲစခန်းသို့ လာရောက် အကြောင်းကြားချက်အရ မင်းသာ ရဲကင်း ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။ 

ထိုသို့စစ်ဆေးရာ အိန္ဒိယ စာတန်းများပါရှိပြီး ဒင်နံပါတ်မပါ/နံပါတ်များဖျက်ဆီးထားကာ ကျည် (၁၆) 
တောင့်စီပါ ကျည်အိမ်များ တပ်ထားသည့် HK-33 သေနတ် ၂ လက်၊ NR တံဆိပ်ပါ နက်ပြာရောင် မိုးကာကျောပိုးအိတ်အတွင်းမှ HK-33 ကျည်အိမ် ၄ ခုနှင့် (၅.၅၆) ကျည် ၂၀၀ တောင့်တို့ အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် အဆိုပါ လက်နက်ခဲယမ်းများအား နယ်မြေခံတပ်သို့လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။

ဧရာဝတီ Blog

မလေးသွား အမျိုးသမီး ၄ ဦး အပါအ၀င် လူ ၇၂ ဦး ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီး

 
မလေးရှားနိုင်ငံသို့ တရားမ၀င် ခိုးသွားသူ ဘင်္ဂလီ ၇၂ ဦးကို စက်လှေ တစ်စီးနှင့်အတူ ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့က ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၃၀ တွင် ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီး ၄ ဦးပါဝင်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့မှ ဗိုလ်အဆင့်ရှိသူ  Kazi Harunor Rashid က မီဒီယာသို့ ပြောသည်။

သူတို့အား စိန်မာတင် (ရခိုင်အခေါ် အုန်းကျွန်း) မှ ၅ မိုင်အကွာ ငါးဖမ်းစက်လှေ တစ်စီးပေါ်တွင် ဖမ်းဆီးမိခြင်း ဖြစ်ပြီး စက်လှေကိုပါသိမ်းယူလိုက်သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသူများအား တက်ကနက် ရဲစခန်းသို့ ချက်ချင်း လွှဲပြောင်း ပေးအပ်လိုက်သည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား အများအပြားသည် သူတို့နိုင်ငံတွင် တစ်နေ့ထက် တစ်နေ့ များပြားလာသော လူဦးရေနှင့် အတူ အလုပ်လက်မဲ့နုန်းများပြားလာရာမှ ယခုလို ပွင့်လင်းရာသီတွင် စက်လှေစီးပြီး မလေးရှားကို တရားမ၀င် အလုပ် လုပ်ရန် သွားရောက်လေ့ရှိကြသည်။

(နိရဉ္စရာ- ၁ မတ်လ ၂၀၁၄)

MSF အဖွဲ့ လုပ်ငန်းတွေနဲ့ပတ်သက်လို့ အစိုးရထုတ်ပြန်ပြီ (ရုပ်-သံ)

ကျန်းမာရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ အခြားနေရာတွေမှာ ကူညီလုပ်ဆောင်နေတဲ့ MSF Halland (Médecins Sans Frontières - Holland) (AZG) အဖွဲ့နဲ့ပတ်သက်ပြီး သတင်းကြေညာချက် တစောင် ယနေ့ ထုတ်ပြန်ပါတယ်။ 


MSF ရဲ့ မြန်မာနိုင်ငံတွင်း ကျန်းမာရေး ကူညီမှုဆိုင်ရာ စီမံကိန်းများပြ မြေပုံ၊ ဓာတ်ပုံ- MSF

MSF ရဲ့ လုပ်ငန်းအားလုံးကို လုံးဝ ရပ်ဆိုင်စေပြီး လူနာများအား ဆေးဝါးများ ထောက်ပံ့နေမှုများ ရပ် ဆိုင်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ပြည်သူများ အဖြစ်မှန်သိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်လိုက်တာကို မြန်မာ့အသံက အခုလို ကြေညာပါတယ်။ 


ဧရာဝတီ Blog

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကြီး ရည်ရွယ်ချက် လက်ကမ်းစာစောင်ဖြန့်ဝေ


ရန်ကုန် ၊ မတ်လ ၁

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းအပြီးအပိုင် ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကြီး၏ ရည်ရွယ်ချက်အား သိရှိစေရန်
လက်ကမ်းစာစောင်ဖြန့်ဝေပေးလျှက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းအပြီးအပိုင် ရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့မှ မေခ၊ မလိခ မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကြီး၏ ရည်ရွယ်ချက်လေး ချက်အား ပြည်သူများသိရှိရန် ယနေ့ မတ်လ ၁ ရက်တွင် လက်ကမ်းစာစောင် (၂၀၀၀) ကိုဖြန့်ဝေပေးလျှက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်( နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော်မတီ )မှ ကိုရဲထွဋ်ခေါင်က

"မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းဖို့အတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော်တဲ့ ရည်ရွယ်ချက်ကို လူထုသွားလာမှုများတဲ့ မြို့တော်ခန်းမရှေ့နဲ့ ဆူးလေဘုရားတဝိုက်မှာ လက်ကမ်းစာစောင် ဖြန့်ဝေပေးနေတာပါ " ဟုပြောသည်။

ထို့အပြင် မတ်လ ၃ ရက်နေ့ တွံတေးမြို့နယ်သို့သွားရောက်ကာ လက်ကမ်းစာစောင် (၂၀၀၀) အားဖြန့်ဝေမည်ဖြစ်ပြီး မတ်လ ၁၀ ရက်တွင်မူ မြစ်ကြီးနားမြို့နယ်၌ အသိပညာပေးဟောပြောမှု များကို ပြုလုပ်သွားမည်ဟု သိရသည်။

Popular Myanmar News Journal

ဒေါ်လာ ၉၀,၀၀၀ ကျော်တန် ကျောင်းဆောင်သစ် ဖွင့်ပွဲ (ဂျာမန်အန်ဂျီအို လှူဒါန်း)







ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်ခွဲရှိ၊ သဇင်ကျေးရွာတွင် ဒေါ်လာ ၉၀,၀၀၀ ကျော်တန် (ငွေကျပ် သိန်း ၉၀၀နီးပါး) ကျောင်းဆောင်သစ် တစ်ခုကို ဂျာမန် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းက ဆောက်လုပ်လှူဒါန်းခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင်
ကျင်းပခဲ့သည်။

ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်ခွဲရှိ၊ သဇင်ကျေးရွာတွင် ဒေါ်လာ ၉ဝ,ဝဝဝ ကျော်တန် (ငွေကျပ် သိန်း ၉ဝဝ နီးပါး) ကျောင်းဆောင်သစ် တစ်ခုကို ဂျာမန် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းက ဆောက်လုပ်လှူဒါန်းခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် အဆိုပါကျေးရွာတွင် ကျင်းပခဲ့သည်။

"ဒီကျောင်းကိုဆောက်လုပ်မယ်လို့ ကုန်ကျငွေကို တွက်လိုက်တော့ အရမ်းများခဲ့တယ်။ ဖြစ်နိုင်ပါ့မလားလို့ ထင်ခဲ့ပေမယ့် အလှူရှင်တွေ ပေါ်လာတယ် ။ ဆွစ်ဇာလန်နိုင်ငံ ဖောင်ဒေးရှင်း တစ်ခုနဲ့ ချိတ်ဆက်မိပြီး သဇင်ကျေးရွာက ကျောင်းကို ပြန်လည် တည်ဆောက်နိုင်တာပါ" ဟု ကျောင်းဆောင်သစ်ပြန်လည် တည်ဆောက်ရေးအတွက် လှူဒါန်းခဲ့သည့် ဂျာမန်အန်ဂျီအိုတစ်ခုဖြစ်သည့် Projekt Burma e.V. မှ ဥက္ကဋ္ဌ မစ္စစ် မာရီယွန်မာ့ခ်က ပြောသည်။

Projekt Burma e.V. နှင့်အတူ မြန်မာနိုင်ငံမှ Violet Valley Trading Co, Ltd. တို့က ပူးပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်သည်။ ကျောင်းဆောင်သစ်
ဆောက်လုပ်ရန်အတွက် ကျောင်း ဒီဇိုင်းကို သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်ရန်၊ မုန်တိုင်းဒဏ်ခံအဆောက်အဦး တစ်ခုဖြစ်ရန် ဂျာမန် အဖွဲ့တစ်ခုဖြစ်သော Ackermann+ Raff မှ ဗိသုကာပညာရှင်များက ဒီဇိုင်းရေးဆွဲခဲ့သည်။

ကျောင်းဆောင်သစ်ကို ဧပြီလ ၂ဝ၁၃ ခုနှစ်တွင် အသစ်ပြန်လည်တည်ဆောက်ရန် အစီအစဉ်ဆွဲခဲ့ပြီး အောက်တိုဘာလ ၂ဝ၁၃ ခုနှစ်မှ ဖေဖော်ဝါရီလ ၂ဝ၁၄ ခုနှစ်အထိ ပြန်လည် တည်ဆောက်ခဲ့သည်။ အခန်း ၇ ခန်းနှင့် ဆရာ/ဆရာမ များနားနေဆောင် အခန်းတစ်ခန်း ပါဝင်သော နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ထို့အတူ ကျောင်းဝန်းအတွင်း၌ ဆားငန်ရေမှ သောက်သုံးရေအဖြစ် ရရှိစေရန် ပြန်လည်ပြုပြင်ပေးသည့် ရေသန့်စက်တစ်ခုကို ဂျာမန် အဖွဲ့အစည်းတစ်ခုဖြစ်သော Moerk Water Solution မှ ငွေကျပ် သိန်း ၅ဝဝ နီးပါး (ဒေါ်လာ ငါးသောင်း) အကုန်အကျခံ တည်ဆောက်ပေးခဲ့သည်။

အသစ်ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်နေရာတွင် ယခင်က ကျောင်းဆောင်မှာ ၁၉၈၂ ခုနှစ် မှ စတင်ပြီး ပျက်စီးယိုးယွင်းလာခဲ့သည့် ကျောင်းဆောင်တစ်ခုဖြစ်သည်။

"ကျောင်းလည်း ဆောက်ပေးတဲ့လူရှိတယ်။ ရေသန့်စက်လည်းတပ်ပေးတယ်။ ဆရာမတစ်ယောက်အနေနဲ့ ပီတိဖြစ်တယ်။ ကျေးဇူးလဲအထူးတင်ရပါတယ်" ဟု အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဝင်း ကပြောသည်။

(နီနီမြင့်)  မဇ္ဈိမ

မော်လမြိုင်မြို့၌ တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်၍ ငါးနှစ် အရစ်ကျစနစ်ဖြင့် ဝန်ထမ်းများအား ရောင်းချပေးမည်

 
မွန်ပြည်နယ် မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ အစိုးရပိုင် မြေလွတ် (၉) ဧက၌
သီရိမင်္ဂလာ တန်ဖိုးနည်း အိမ်ရာအား ငါးနှစ် အရစ်ကျဖြင့် လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများမှ အသက် ၅၅ နှစ် အထက်ရှိပြီး ဝန်ထမ်း လုပ်သက် ၃ဝ နှစ် အထက် ရှိသူများကို ပထမ ဦးစားပေးပြီး လုပ်သက် ၂၅ နှစ်မှ ၃ဝ နှစ် အထိကို ဒုတိယ ဦးစားပေး စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

၎င်းသီရိမင်္ဂလာအိမ်ရာ စီမံကိန်းကို ပထမအဆင့် အနေဖြင့် မြေနှစ်ဧကပေါ်တွင် ရှစ်ခန်းတွဲ လေးထပ် အဆောက်အအုံ ငါးလုံးအား တည်ဆောက်မည်ဖြစ်၍ အခန်းပေါင်း ၁၆ဝ အား ရောင်းချပေးမည် ဖြစ်သည်။ တိုက်ခန်း တစ်ခန်းလျှင် အကျယ်အဝန်း စတုရန်းပေ ၆ဝဝ ရှိပြီး အိပ်ခန်း တစ်ခန်း၊ ရေချိုးခန်း၊ မီးဖိုခန်းနှင့် သန့်စင်ခန်းတို့ ပါရှိပြီး ရေ၊ မီး ၂၄ နာရီ ရရှိမည် ဖြစ်သည်။

၎င်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို မြေညီထပ် တစ်ခန်းလျှင် ငွေကျပ် သိန်း ၁၃ဝ၊ ဒုတိယထပ် ငွေကျပ် ၁၂၅ သိန်း၊ တတိယထပ် ငွေကျပ်သိန်း ၁၂ဝ၊ စတုတ္ထထပ် ငွေကျပ် ၁၁၅ သိန်းဖြင့် ရောင်းချသွားမည် ဖြစ်ပြီး ပထမအရစ် ပေးသွင်းမှု အဖြစ် ငွေကျပ် သိန်း ၄ဝ အား တစ်ကြိမ်လျှင် ငွေကျပ်သိန်း ၂ဝ နှုန်းဖြင့် နှစ်ကြိမ်ခွဲ၍ ပေးသွင်းရမည် ဖြစ်ပြီး ကျန်ငွေများကို ငါးနှစ်အတွင်း တစ်လလျှင် ငွေကျပ် တစ်သိန်း လေးသောင်း နှုန်းဖြင့် လစဉ် ပေးသွင်းရမည် ဖြစ်သည်။ လျှောက်လွှာများကို မတ် ၁ ရက်မှစ၍ မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီမှ ရောင်းချပေးမည် ဖြစ်ပြီး တန်ဖိုးနည်း အိမ်ရာများကို သီရိမင်္ဂလာ ရပ်ကွက်၌ ဆောက်လုပ်သဖြင့် သီရိမင်္ဂလာ ရပ်ကွက်နေ အိမ်ရာမရှိသည့် ပြည်သူ ၃၂ ဦးအားလည်း ထည့်သွင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းတန်ဖိုးနည်းအိမ်ရာ ရောင်းချရာတွင် လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသည့် ဝန်ထမ်းများ၊ ကိုယ်ပိုင်နေအိမ် ခြံမြေမရှိသူများ ဖြစ်ရမည်။ နိုင်ငံတော် အစိုးရမှ ချထားပေးသည့် မြေကွက် ရရှိထားသူများ မဖြစ်စေရ၊ နေအိမ် တိုက်ခန်းအား ဝယ်ယူပြီးပါက ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချ၍ မရကြောင်း၊ မြေညီထပ် အခန်းများအား မဲစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်းနှင့် ဝန်ထမ်းများနှင့် ပတ်သက်၍ ရာထူးကြီးငယ် အပေါ် ဦးစားပေးမည် မဟုတ်ဘဲ လုပ်သက်ကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပထမဆုံး ဆောက်လုပ်သည့် အခန်း ၁၆ဝ ကို လက်ရှိ ဝန်ထမ်းမိသားစုများသို့ ရောင်းချပေးပြီး လျှောက်လွှာ အနည်းအများပေါ် မူတည်၍ ကျန်ရှိသည့် မြေခုနစ်ဧကတွင်လည်း ထပ်မံ ဆောက်လုပ် သွားမည် ဖြစ်သည်။

ယခု ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ၂ဝ၁၄ ခုနှစ် မတ် ၁ ရက်မှ စတင်၍ ၂ဝ၁၅ ခုနှစ် မတ်လအတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာ တိုးတိုးအောင်က ပြောကြားခဲ့ကြောင်း သိရသည်။

မြ၀တီ

ခရိုင်းမီးယား မှာ ၀င်မမွှေ ဖို့  ရှုရှား ကို အိုဘားမား သတိပေး

 russian-tanks
ယူကရိန်း နိုင်ငံ ပိုင်နက် ဖြစ်တဲ့ ခရိုင်းမီးယား ကျွဆွယ် ထဲ ကို ရုရှား စစ် တပ် တွေ
ဝင်ရောက် တပ် ဆွဲ ထား တယ်လို့  ယူကရိန်း ကြား ဖြတ် အစိုးရ က သတင်းဌာန
တွေ ကို ပြော ပါတယ်။ ရုရှား စစ်သား ၂၀၀၀ ကျော်လောက် ဟာ ခရိုင်းမီးယား ကျွန်း
ဆွယ် ရဲ့ လေဆိပ် နှစ်ခု နဲ့   အရေး ပါတဲ့ အစိုးရ အဆောက် အဦ တွေ ကို သိမ်းပိုက်
ထား ပါတယ်။
ရုရှား စစ်တပ် က ထောက်ပို့  လေယာဉ် တွေ ဖြစ်တဲ့ အီလျုရှင် IL-76 လေယာဉ်တွေ
ဟာ ခရိုင်းမီးယား လေဆိပ် ကို ဆင်းသက် ပြီး အမျိုးအမည် မသိတဲ့ ပစ္စည်းတွေ ကို
ချပေး ခဲ့ တယ် လို့  သတင်း တွေ မှာ ဖော် ပြထားပါတယ်။
အမေရိကန်သမ္မတ ဘရက်(ခ) အိုဘားမားက ဒီနေ့  ၀ါရှင် တန် သမ္မတ အိမ်ဖြူတော်
ရုပ်သံ မေးခွန်းမှာ အချုပ်အခြာ အာဏာပိုင် ဖြစ်တဲ့ ယူကရိန်း နိုင်ငံ ကို ရုရှား က ကျုး
ကျော် မှု ပြု မယ် ဆိုရင် အန္တရာယ်များ ပြီး အဆုံးအရှုံး တွေ ရှိ နေ လိမ့်မယ် လို့  သတိ
ပေးခဲ့ ပါတယ်။
ယူကရိန်း ပြည်သူ တွေ ဟာ ကိုယ့် ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိ တယ်။ အမေရိကန် က
ယူကရိန်း ပြည်သူတွေ အတွက် ကမ္ဘာ့ မိသားစု နဲ့  အတူ ရပ်တည် မယ် လို့  ပြောပါတယ်။
သမိုင်း မှာ တော့ ဇာဘုရင် ရဲ့ တပ် တွေ ဟာ ရုရှား ဘာသာစကား ပြော တဲ့ ယူကရိန်း
ဒေသ တွေ ကို ၀င်ရောက်ခဲ့ ဖူးပြီး ၊ ကွန်မြူနစ် တွေ အာဏာရ လာ တော့ တပ်နီတော်https://www.blogger.com/blogger.g?blogID=8561541533177272493#editor/target=post;postID=2776776854749401617
တွေ ဟာ ယူကရိန်း ကို အက်စတိုးနီးယား ၊ လစ်သိုရေးနီးယား တို့  လိုပဲ ဆိုဗီယက် ပိုင်
နက် ထဲ ထည့် သွင်းခဲ့ ပါတယ်။
အိုဘားမာ က ရုရှား တပ် တွေ ပြန်ဆုတ် ဖို့  လည်း သတိပေး ထား ပါတယ်။ တစ်ဆက်
တည်းမှာ ပဲ ရုရှား စစ်သင်္ဘော တစ်စီး ဟာ အမေရိကန် ကမ်းရိုးတန်း နဲ့  မိုင် ၂၀၀ကျော်
လောက် က နေဖြတ် ပြီး ကျုးဘား နိုင်ငံ ဟာဗားနား ဆိပ်ကမ်းမှာ ရပ် နား ခဲ့ ပါတယ်။
စစ်ထောက်လှမ်းရေး အကြီး အကဲ ဟောင်း ဗိုလ်ချုပ် ကြီး ခင် ညွန့်  က တော့ ရှမ်း ပြည် နယ် က
ဝ ဒေသ ဟာ တစ်ချိန် မှာ အခု ခရိုင်းမီးယား လို ဖြစ်သွားမယ် လို့   ပြောကြား လိုက် ပါတယ်။
ရုရှား လိုလား တဲ့ ခေါင်းဆောင် ဖယ်ရှား ခံရတော့ ရုရှား စကား ပြော တဲ့ သူ တွေ ကို ကာကွယ် ဖို့  ဆို ပြီး
ရုရှား က ၀င်နေ ပြီ။ နောင် မြန်မာ ပြည် မှာ တရုတ် စကား ပြော သူ တွေ ကို ကာ ကွယ် ဖို့  ဆို ပြီး
တရုတ် က ၀င်လိမ့်မယ်။ အခု ၀ နယ် တွေ ကိုးကန့် နဲ့  ရှမ်းနယ် ဘက် တွေ မှာ တရုတ် စကား
တင် မဟုတ် ဘူး ၊ တရုတ် ပိုက် ဆံ ပါ ကိုင်သုံး နေတာ ။ ခရိုင်းမီးယား ထက် ဆိုးမယ် လို့ 
FNG ကို ပြောပါတယ်။
 
1623568_615214915225220_164821642_nCUBA-RUSSIA-WARSHIP-VIKTOR LEONOVRussian Tanksslide_339484_3477826_freeslide_339484_3477829_free

ဖွဲ့စည်းပုံပြင်ရေး သာကေတနဲ့ သင်္ဃန်းကျွန်းမှာ ဆန္ဒပြ


၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း သာကေတမြို့နယ်နဲ့  သင်္ဃန်းကျွန်းမြို့နယ်တွေမှာ ဒီနေ့ ဆန္ဒပြကြမယ်လို့ သိရပါတယ်။

သာကေတမြို့နယ်မှာတော့ အခုမနက် ၇ နာရီခွဲမှာ အမှတ် ၁ ဈေးအနီးက စတင်လူစုပြီး ထွက်ခွာမှာဖြစ်တယ်လို့  သာကေတမြို့ နယ်မှာနေထိုင်သူ နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းနှင်းမွှေးက RFA ကို ပြောပါတယ်။

ဒီဆန္ဒပြပွဲကို ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလိုလားတဲ့ နိုင်ငံရေးပါတီဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဒေသခံတွေ ပူးပေါင်းဆောင်ရွက်ကြတာလို့ ဆိုပါတယ်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ်မှာတော့ ဒီနေ့ မွန်းလွဲ ၃ နာရီကနေ ၆ နာရီ ထိ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြကြမယ်လို့  စီစဉ်သူတွေက လက်ကမ်းစာစောင် ဝေငှထားပါတယ်။ သူတို့ကတော့ သံသုမာလမ်း စံပြရပ်ကွက် ၆ လမ်းထိပ်ကနေစပြီး ချီတက်မယ်လို့ ဆိုပါတယ်။ အခုဆန္ဒပြပွဲနှစ်ပွဲစလုံးဟာ သက်ဆိုင်ရာက ခွင့်ပြုချက်ရပြီးသားဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ ပဲခူးမြို့မှာ ဆန္ဒပြ


ပဲခူးမြို့တွင်(၁.၃.၂၀၁၄)နေ့ နံနက်(၈း၁၅)အချိန်ခန့်က ပဲခူးတိုင်း NLD ပါတီဝင်များမှ (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ပုဒ်မ ၅၉(ဃ) (စ)နှင့်ပုဒ်မ ၄၃၆ တို့အား ပြင်ဆင်နိုင်ရန်အတွက် ပါတီဝင်အင်အား(၁၁၀၀)ခန့်တို့က ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ပဲခူးတံတား အနောက်ဘက်ထိပ်မှ ရန်ကုန် - မန္တလေးကားလမ်းမ တစ်လျှောက် ယာဉ်ဝင်းဟောင်း ထိပ်အထိ ၄င်းယာဉ်ဝင်းဟောင်းထိပ်မှ ပဲခူးတံတားထိပ်သို့ပြန်ပြီး ပုဒ်မ၅၉(ဃ) (စ) နှင့် ပုဒ်မ၄၃၆ ပြင်စဉ်ပေးရေးအတွက် ပဲခူးတံတားထိပ်တွင် ဟောပြောပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြဲ့ကတာ ဖြစ်ပါတယ်။

ထိုသို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာတွင်”ဒီမိုကရေစီ နှုန်းနှင့်မညီသော ပုဒ်မများ ပြင်စဉ်ပေးရေး ဒို့အရေး”ဟု ကြွေးကျော်ပြီး” ဒီမိုကရေစီစံညွှန်းနှင့် မညီသောဥပဒေများ ဖော်ထုတ်ပေး၊ ပုဒ်(၅၉)(ဃ)(စ)ပြင်စဉ်ရေးနှင့် ပုဒ်မ ၄၃၆ပြင်စဉ်ရေး”ဆိုင်းဘုတ် များ ကိုင်ဆောင်ခဲ့ကြောင်းနှင့် နံနက် (၁၀း၁၅)အချိန်ခန့်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု ပြီးဆုံးသွားကြောင်း သတင်းရရှိပါတယ်။

ကိုသန့် စင်

BY THIT HTOO LWIN

မြန်မာလုပ်သား ငါးထောင်ကျော် ယခုနှစ်အတွင်း တောင်ကိုရီးယားခေါ်မည်

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စက်မှုလုပ်ငန်းများတွင် လုပ်ကိုင်ရန် မြန်မာလုပ်သား ငါးထောင်ကျော်ကို ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ ခေါ်ယူမည် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Choi Yong-il က ပြောကြားသည်။

အဆိုပါ လုပ်သားများကို EPS (Em-plyonment Permit System) စနစ်အရ တောင်ကိုရီးယား အရည်အချင်းစစ် စာမေးပွဲ စစ်ဆေးပြီး ခေါ်ယူမည် ဖြစ်ကြောင်း မြန်မာလုပ်သား ခေါ်ယူရန် တာဝန်ယူ လုပ်ကိုင်နေသည့် HUMAN RESOURCES DEVE-LOPMENT SERVICE OF KOREA မှ ဒါရိုက်တာလည်းဖြစ်သူ ၎င်းကဆိုသည်။
“ရိုးသား ကြိုးစားမှုကြောင့် မြန်မာလုပ်သားတွေကို အလုပ်ရှင်တွေက ကြိုက်ကြတယ်။ ဒါပေမဲ့ တရားမဝင် အလုပ်သမားတွေ ဆိုရင်တော့ ခေါ်ယူတဲ့နေရာမှာ နှောင့်နှေး သွားစေမယ်” ဟု Mr.Choi Yong-il က ပြောဆိုသည်။

တောင်ကိုရီးယားက မြန်မာလုပ်သား ၁၉၀၀ ကျော် ခေါ်ယူရန် ကမ်းလှမ်းထားပြီး နောက်ထပ် တရားဝင် ကမ်းလှမ်းမှု မရှိသေးကြောင်း၊ ကိုရီးယား အရည်အချင်း စစ်စာမေးပွဲကို ၂၀၁၃ ခုနှစ် မေလပိုင်းတွင် ပြုလုပ်ရန် ရှိကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမြင့်က ပြောကြားသည်။

တောင်ကိုရီးယား နိုင်ငံတွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာလုပ်သား အရေအတွက် တဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိ စာရင်းအရ တရားမဝင် မြန်မာလုပ်သား ၆၀၀ ဝန်းကျင် ရှိကြောင်း၊ ယင်းသို့ တရားမဝင် လုပ်သား နှုန်းထား မြင့်တက်လာမှုသည် လာမည့် ဒီဇင်ဘာလတွင် နားလည်မှု စာချွန်လွှာ (MoU) သက်တမ်းတိုးရေးကိစ္စကို အနှောင့်အယှက် ဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

မြန်မာလုပ်သားများ တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်သည့် လုပ်ငန်းစဉ်ကို အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီက တာဝန်ယူသည့် သုံးနှစ်ကျော် အကြာတွင် မြန်မာလုပ်သား ၁၈,၀၀၀ ကျော်ကို စေလွှတ်ပြီး ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။

EPS စနစ်ဖြင့် တောင်ကိုရီးယား နိုင်ငံက မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လုပ်သားများ ခေါ်ယူလျက် ရှိသည်။

The Voice Weekly

လမ်းဘေးရပ်ထားသော ယာဉ်ထိန်း မော်တော်ယာဉ် ဝင်တိုက်ခံရ၊ ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရ

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ဒဂုံမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၁ နာရီခန့်က ယာဉ်စစ်ဆေးရေး ဆောင်ရွက်နေသော ဆိပ်ကမ်းမြို့နယ်မှ ယာဉ်ထိန်း တပ်ဖွဲ့ပိုင်ကားကို ကိုယ်ပိုင်ယာဉ် တစ်စီးက အရှိန်လွန်ပြီး ဝင်တိုက် ခဲ့သောကြောင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ကြည့်မြင်တိုင်မြို့နယ် သီတာရပ်ကွက်တွင် နေထိုင်သော အသက် ၃၀ အရွယ် ကိုမျိုးမင်းဆန်း မောင်းလာသည့် Alphard အမျိုးအစား ကိုယ်ပိုင်ယာဉ်က ကမ္ဘာအေး ဘုရားလမ်းရှိ ကျောက်တိုင်မှတ်တိုင် အရောက်တွင် အရှိန်မထိန်းနိုင် ဖြစ်ပြီး ညာဘက်လမ်းဘေး၌ ရပ်ထားသော မာဇဒါဂျစ် အမျိုးအစား ယာဉ်ထိန်း တပ်ဖွဲ့ပိုင် ကားကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဒဂုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ယာဉ်စစ် တာဝန်ပြီးလို့ ယာဉ်ထိန်း ရဲအုပ်အပါအဝင် သုံးဦးက ကားပေါ်မှာ နားနေတုန်း နောက်ကနေ အရှိန်နဲ့ ဝင်တိုက်မိတာပါ။ ရဲသုံးဦးလုံး ကားကသံတိုင်တွေနဲ့ ဆောင့်မိပြီး ဦးခေါင်း၊ ရင်ဘတ်နဲ့ လက်တွေမှာ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာတွေ ရခဲ့တာ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်ခံရမှုကြောင့် ဆိပ်ကမ်းမြို့နယ် ယာဉ်ထိန်းတပ်စုမှ ရဲအုပ်မင်းစိုး၊ တပ်ကြပ် အောင်သန်းဦးနှင့် တပ်သား ကျော်စည်သူတို့ သုံးဦးကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသထားပြီး ယာဉ်နှစ်စီးစလုံးမှာ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဆိပ်ကမ်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ ယာဉ်ထိန်းရဲ တပ်ဖွဲ့ပိုင် မော်တော်ယာဉ်ကို ဝင်တိုက်မိသော ယာဉ်မောင်း ဖြစ်သူကို ဒဂုံမြို့မရဲစခန်းမှ ယာဉ်(ပ) ၁၀/၁၄၊ ပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

အခြေခံဥပဒေ ပြင်ဆင်ရေး သာကေတမှာ ဆန္ဒဖော်ထုတ်

 
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် မတ်လ ၁ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ ပုဒ်မ ၅၉(စ)(ဃ)၊ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့အတွက် အဓိက ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို သက်ဆိုင်ရာမှာ ခွင့်ပြုချက်တောင်းခံခဲ့ပြီး လူ ၂၀၀ ကျော် ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို မနက် ၈ မှာ သာကေတမြို့နယ် အနော်မာလမ်းထိပ်ကနေ သာကေတ အုပ်ချုပ်ရေးမှူးရုံး ရှေ့ထိဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲကို အရပ်ဖက်အဖွဲ့စည်းမှ လူများ ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။ အခုဆန္ဒပြပွဲကို သက်ဆိုင်ရာက ခွင့်ပြုချက်ရပြီးသားဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၇ မြို့နယ်က ဒေသခံတစ်ထောင်ကျော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(ဃ)၊ (စ) နဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးဖို့ ပဲခူးမြစ်ကူးတံတားအနီးမှာ စနေနေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။

By ဒီဗွီဘီ

ရန်ကုန်တွင် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အန္တရာယ်ရှိ အဆင့်ရောက်

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

အိုဇုန်းလွှာ ပါးလာခြင်းကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများသို့ ခရမ်းလွန် ရောင်ခြည် (UV Radiation) ကျရောက်မှု ပိုမို ပြင်းထန်လျက် ရှိရာ ယခုနှစ်တွင် ရန်ကုန်မြို့ပေါ် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အညွှန်းကိန်းမှာ လွန်ကဲအဆင့် (အန္တရာယ်ရှိ အဆင့်) အထိ မြင့်တက် ရောက်ရှိနေပြီ ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

မြန်မာ အလယ်ပိုင်း ဒေသများနှင့် အောက်ပိုင်း ဒေသတို့တွင် ၂၀၁၂ ခုနှစ်က အညွှန်းကိန်းမှာ ၈ မှ ၁၀ အထိသာ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ရန်ကုန်မြို့ အပါအဝင် မြစ်ဝကျွန်းပေါ် တောင်ပိုင်း ဒေသများတွင် နံနက် ၁၁ နာရီမှ ၁ နာရီ အတွင်း၌ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း တန်ဖိုးများမှာ လွန်ကဲအဆင့် ၁၁ ထက် ကျော်လွန် ရောက်ရှိလာမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်းမှာ ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အပြင်းထန်ဆုံး အချိန်ဖြစ်ပြီး နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့မှု ပမာဏ လိုအပ်သည်ထက် များလာပါက အရေပြား ကင်ဆာနှင့် မျက်စိ တိမ်စွဲခြင်း၊ ကွယ်ခြင်း စသည်တို့ ဖြစ်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သတိပေးချက် ထုတ်ပြန်ထားသည်။

ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၄ မှ ၇ အထိသည် ပြင်းအား အသင့်အတင့် ရှိပြီး ညွှန်းကိန်း (၈) ထက် ကျော်လွန်ပါက အရေပြားဆိုင်ရာ ရောဂါများ ဖြစ်ပေါ်နိုင်၍ နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း နေပူထဲ သွားလာရန် မသင့်တော်ဘဲ ထီး၊ ဦးထုပ် စသည်တို့ကို အကာအကွယ် ယူပြီး သွားလာရန် လိုအပ်ကြောင်း ဦးထွန်းလွင်က ဆိုသည်။

လာမည့် မိုးရာသီ ကာလ မတိုင်မီ အထိ ခရမ်းလွန် ရောင်ခြည် ကျရောက်မှုမှာ လွန်ကဲ အဆင့်ထိ ရောက်ရှိနေမည် ဖြစ်ပြီး ယင်းဖြစ်စဉ်ကို သတိပြု ကာကွယ်ရန် လိုကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

The Voice Weekly

Friday, February 28, 2014

ပုသိမ်ထောင်အတွက် မူကြိုကျောင်းဖွင့်

မန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ထောင်တွင်းမူကြိုကျောင်းကို ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်ထောင်မှာ ကြာသပတေးနေ့က ဖွင့်လှစ်ခဲ့ပါတယ်။

အကျဉ်းကျအမျိုးသမီးများ၊ ထောင်ဝန်ထမ်းများရဲ့ကလေးတွေ အတွက် စာသင်ခန်း၊ ကစားကွင်းနဲ့ သင်ထောက်ကူပစ္စည်းတွေ ပါဝင်တဲ့ ဒီကျောင်းဖြစ်မြောက်ရေးအတွက် The Bridge of Life - ဘ၀ပေါင်းကူးတံတား အမည်ရှိတဲ့ ပြည်ပ NGO  တခုက   စီစဉ်ပေးခဲ့တာပါ။

အကျဉ်းထောင် ၄၄ ခု၊ အလုပ်ကြမ်းစခန်း   ၄၆ ခု ရှိတဲ့ မြန်မာပြည်မှာ ဒီလိုအဆင့်ရှိပြီးကောင်းမွန်တဲ့ ကျောင်းက ဒီတကျောင်းပဲ ရှိတယ်လို့   ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစိုးက ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ဆီမှာ ကလေးတွေစာသင်တာတွေကတော့ အရင်ကတည်းက တနိုင်တပိုင်လုပ်ပါတယ်။ ဒါပေမယ့် သင်ထောက်ကူပစ္စည်းတွေနဲ့ ကစားကွင်းနဲ့ ကျောင်းဆောင်နဲ့ သီးသန့်မူကြိုကျောင်းရယ်လို့ အကျဉ်းဦးစီးဌာနမှာမရှိဖူးပါဘူး။ ဒါက ပထမဆုံးလို့ ပြောလို့ရပါတယ်”

 ၁၃၆ သိန်း ကုန်ကျတဲ့ ဒီကျောင်းဆောင်က   အကျဉ်းထောင်နဲ့ အနီးဆုံးနေရာမှာတည်ဆောက်ထားတာပါ။
 
 -
 -
 -


ကလေး  ၅ ယောက်ကတော့ အကျဉ်းကျအမျိုးသမီးတချို့ရဲ့ ကလေးတွေဖြစ်တယ်၊ ၁၄ ယောက်က   ၀န်ထမ်းမိသားစုတွေရဲ့ ကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။

  ကျောင်းဖွင့်ချိန်ကတော့ မနက် ၉ ကနေ  ညနေ ၃ အထိပါ။

“ကျမတို့ကလေးတွေကို နေ့ခင်းဘက်ဆို ဒီမူကြိုကျောင်းကို ပို့ထားပြီး ညပိုင်းကျတော့ ကျမဆီ ပြန်ခေါ်ထားတာပေါ့။
ကလေးအတွက် စားဖို့သောက်ဖို့ဘာမှထည့်ပေးစရာမလိုဘူး။ ကျောင်းလခလည်း ပေးစရာ မလိုပါဘူး။
အကုန်လုံးကျောင်းကပဲ တာဝန်ယူပေးပါတယ်။
အရင်တုန်းကတော့ မူကြိုမရှိတော့ ကလေးတွေကို တနေရာမှာစုပြီး စာသင်တာတော့ ရှိခဲ့တယ်။
အခုလို ကျောင်းအဖြစ်တော့ မရှိခဲ့ဘူး။ အခုလို မူကြိုကျောင်းလေးမှာ ကျမသားလေးကို ထားရတော့ အရမ်းဝမ်းသာပါတယ်” လို့ ပုသိမ်ထောင်မှာ အကျဉ်းကျနေတဲ့ မမိုးမိုးက ပြောပါတယ်။

မူကြိုကျောင်းလေးထဲကို သွားလေ့လာကြည့်တော့ အရုပ်တွေ၊ စက်ဘီးလေးတွေစီးပြီး ကလေးတွေလည်း ပျော်နေကြသလို အကျဉ်းကျ မိခင်တွေကလည်း သူတို့သားသမီးတွေရဲ့ အပြောင်းအလဲကို ကြည့်ပြီး ၀မ်းသာနေတာကို တွေ့ခဲ့ရပါတယ်။

အမျိုးသမီးတချို့က ကိုယ်ဝန်ဆောင်ကာလမှာ အထိန်းသိမ်းခံရတဲ့အတွက် သူတို့ရဲ့ ရင်သွေးတွေကို ထောင်ထဲမှာပဲ မျက်နှာမြင်ကြတာပါ။ မွေးလာတဲ့ ကလေးက မိခင်နဲ့အတူ အုတ်နံရံနဲ့သံတိုင်များကြား လပေါင်းများစွာ၊ တချို့ဆိုရင် နှစ်ပေါင်းများစွာ နေကြရတာပါ။

တခြားသော အကျဉ်းထောင်တွေမှာလည်း အခုလို ကလေးငယ်ကို သင်ယူစရာ၊ ပျော်ရွှင်စရာတွေ ပေးနိုင်တဲ့ ထောင်တွင်းမူကြိုကျောင်းလေးတွေ ပေါ်ပေါက်လာမယ်ဆိုရင် အပြစ်မရှိဘဲ မိခင်နဲ့အတူထောင်ထဲကိုလိုက်နေရတဲ့ကလေးငယ်တွေအတွက် ပညာရေးအခြေခံကောင်းတွေ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
 - -

 -

-

 -
 
အလှူရှင် Mr Edward Wayne Junior က ကျောင်းဆောင်ပေးအပ်ပွဲအခမ်းအနားမှာ ...
“အခုလို ကျနော်တို့ လှူဒါန်းနိုင်ခဲ့တာဟာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်၊ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနဲ့
ဧရာဝတီတိုင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစိုးတို့ရဲ့ ကလေးတွေအပေါ်ထားတဲ့ စေတနာကြောင့်ပဲ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။


ဆလိုင်းသန့်စင်


ကျူးကျော်များကို နေရာချပေးရန် စနစ်တကျ ပြင်ဆင်နေ

သမီးလေးကျေးရွာ ဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်

ကျူးကျော်မြေနေရာတွေမှာ နေထိုင်သူတွေကို စာရင်းကောက်ခံနေသလို သူတို့ကို နေရာ ချပေးနိုင်မယ့် နေရာတွေကိုလည်း ရှာဖွေနေတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရန်ကုန်တိုင်းလွှတ်တော်ရုံးမှာ လုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းမှာ ကျူးကျော်နေထိုင်သူပေါင်း ၅ သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။

ဒီ လူတွေ ကျူးကျော်ဖြစ်ရတဲ့အကြောင်းအရင်းဟာ အလုပ်အကိုင်နဲ့ အခွင့်အလမ်း မရှိလို့
နေရာ ရွှေ့ပြောင်းရင်း ဖြစ်ရတာမို့၊ သူတို့ကိစ္စ ဖြေရှင်းရင် အလုပ်အကိုင် အခွင့်အလမ်းပြဿနာကို အဓိကထား ဖြေရှင်းနိုင်မှ ရမယ်လို့ သူက ဆိုပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့ နေရာတွေမှာ သွားချထားပေးလိုက်ရင် နေရာ ရောင်းစားပြီး နောက်တနေရာမှာ ကျူးကျော်ပြန်ဖြစ်နေဦးမှာပဲလို့ သူက မှတ်ချက်ပေးပါတယ်။

By ဒီဗွီဘီ

မန္တလေးကျုံးတွင် နှစ်ရက်ဆက်တိုက် အလောင်းနှစ်လောင်းတွေ့


မန္တလေး၊ ဖေဖော်ဝါရီ ၂၇

မန္တလေးမြို့ဂုဏ်ဆောင် ရှေးဟောင်း ယဉ်ကျေးမှု နေရာများတွင် ထိပ်ဆုံးမှ ပါဝင်သော မန္တလေး ကျုံးအတွင်းနှင့် ကျုံးအနီးတွင် ဖေဖော်ဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့ နှစ်ရက်ဆက်တိုက် အလောင်း နှစ်လောင်း တွေ့ရှိ ရကြောင်း သက်ဆိုင်ရာထံမှ သတင်းရရှိသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း၈၀၊ ၁၇x၁၈ လမ်းရှိ ကျုံးရေပြင်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီအချိန်က အသက် ၅၀ နှစ်အရွယ်ရှိ ဦးတင်မောင်အေးသည် ပြင်ပဒဏ်ရာ မရှိဘဲ ရေနစ် သေဆုံးနေကြောင်း အောင်မြေသာစံ မြို့နယ် အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဦးတင်မောင်အေးသည် အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သေဆုံးသူသည် အဆိုပါနေ့ နံနက်ခင်းပိုင်းတွင် အိမ်မှထွက်သွား၍ လိုက်လံရှာဖွေနေသူ ဖြစ်ကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူ ပြောပြချက်အရ သိရသည်ဟု မှုခင်းမှတ်တမ်းထဲတွင် ဖော်ပြထားသည်။

“အမရဌာနီ အရှေ့ရပ်ကွက်ထဲကလို့ သိရတယ်။ မနက်က နေအိမ်ကနေ ထွက်သွားတဲ့သူလို့လည်း ပြောတယ်” ဟု ကလျာဏ မိတ္တလူမူကူညီရေးအသင်းမှ တာဝန်ခံ ဦးခင်မောင်မြင့်က ပြောကြားသည်။

အဆိုပါ ကျုံးရေပြင်တွင် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးမှုနှင့် ပတ်သက်ပြီး အောင်မြေသာစံမြို့နယ် အမှတ် (၂) မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၄ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယင်းအပြင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်ကလည်း မန္တလေး ကျုံးဘေး တောင်ဘက် ပလက်ဖောင်းပေါ်တွင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး အာဟာရပြတ် သေဆုံးနေကြောင်း ကလျာဏမိတ္တ လူမူကူညီရေးအသင်းထံမှ သိရသည်။

The Voice Weekly

အစိုးရနဲ့ ခရိုနီတွေ ဘိန်းစိုက်မှုပတ်သက်နေလို့ ဆို

ပလောင်လူမျိုးတွေ နေထိုင်ကြတဲ့ ဒေသတွေမှာ တိုက်ပွဲ အများဆုံး ဖြစ်ပွားရခြင်းဟာ ဘိန်း စိုက်ပျိုးမှုနဲ့ ပတ် သက်နေပြီး အစိုးရနဲ့ ပြည်တွင်း စီးပွားရေးသမား ခရိုနီတွေက ဘိန်း စိုက်ပျိုးမှုရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတယ်လို့ ပလောင်(တအာင်း)အမျိုးသမီး အဖွဲ့အစည်းက ပြောခဲ့ပါတယ်။ 


 ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သည့် “လျစ်လျူရှုခံ အကြပ်အတည်းများ” စာတမ်း သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

“ကျမတို့ ပလောင်(တအာင်း) ဒေသမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ လူငယ်တွေ ၉၁ ရာခိုင်နှုန်း
လောက် ပျက်စီး နေပါတယ်၊ ကျမတို့ဘက်မှာ ဘိန်းမည်းတွေ ရတယ်၊ ဘိန်းဖြူတွေ ရတယ်၊ မူးယစ်ဆေးဝါး နဲ့ ပတ်သက်တာ အစုံ၊ အကုန်ရတယ်၊ စိုက်ပျိုးတဲ့ မြေကို ကြည့် ရင် တရုတ်တွေ များတယ်၊ အစိုးရနဲ့ ခရိုနီ
တွေ ပါဝင်နေတာကို တွေ့ရတယ်”လို့ ပလောင် အမျိုးသမီး အဖွဲ့မှ မဒီဒီပိုးကျိန်က ဆိုပါတယ်။ 

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပလောင် အမျိုးသမီးအဖွဲ့ကအဲဒီလို ပြောလိုက်တာပါ။ 

သူတို့ ပလောင် အမျိုးသမီး အဖွဲ့က သုတေသန ပြုထားတဲ့ ပလောင် ဒုက္ခသည်များနှင့် ပတ်သက်သည့် “လျစ်လျူရှူခံ အကြပ်အတည်းများ” စာတမ်း အကြောင်း သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာပေါ်က ဧရာဝတီ သတင်းထောက် သူဇာရဲ့ ပလောင်ဒေသ ဘိန်းစိုက်ပျိုးမှု အစိုးရနဲ့ ခရိုနီတွေ ပတ်သက်နေဟု ဆို အမည်ရတဲ့ သတင်းမှာ (http://burma.irrawaddy.org/news/2014/02/26/55523.html) အပြည့်အစုံဖတ်နိုင်ပါတယ်။  

ဧရာဝတီBlog

ကျောင်းသားအရေး ဆွေးနွေးပွဲ ဖိအားပေးခံရ ။


ဒဂုံတက္ကသိုလ်မှာ ဗုဒ္ဒဟူးနေ့က ပြုလုပ်ခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုကို ကျောင်းအုပ်ချုပ်ရေး အဖွဲ့က ဟန့်တားခဲ့ပါတယ်။

ဒဂုံတက္ကသိုလ်က ကျောင်းသားများ နားနေဆောင် တစ်ခုမှာ မနေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ မစခင် ကတည်းက ကျောင်းအုပ်ချုပ်ရေးက ဟန့်တားတာကို ခံခဲ့ရတာပါ။

မြန်မာနိုင်ငံရဲ့ မျက်မှောက်ခေတ် ပညာရေး စံနစ်နဲ့ ကျောင်းခေါ်ချိန် ကန့်သတ်ချက်တွေအပေါ် ကျောင်းသားတွေက ဝေဖန်ဆွေးနွေး နေတုန်းမှာ တားဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ လုပ်ကြမယ် ဆိုတဲ့ အကြောင်းကို ကျောင်းထဲက အဆောင်တွေမှာ ကျောင်းသားတွေ သိအောင် လိုက်ပြောစဉ် ကတည်းက အဆောင်ထဲကို ပေးမဝင်တာတွေ ရုံးခန်းကို ခေါ်တွေ့တာတွေ ရှိခဲ့တယ်လို့ ဒီပွဲကို စီစဉ်ခဲ့တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ကျောင်းသားတွေက ပြောပါတယ်။

ပါဝင်ဆွေးနွေးမယ့် ကျောင်းသားတွေကိုလဲ ဆွေးနွေးပွဲကို မတက်ဖို့ ဖိအားပေး ပြောဆိုတာတွေ ရှိခဲ့တယ်လို့ ဒဂုံ တက္ကသိုလ် ရူပဗေဒ ဌာနက ကျောင်းသား ကိုနန်းလင်းက ပြောပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကျောင်းသားတွေရဲ့ မိဘအုပ်ထိမ်းသူတွေကို ကျောင်းအုပ်ချုပ်ရေး အဖွဲ့နဲ့ လာတွေ့ဖို့ ချက်ချင်းပဲ ခေါ်ခဲ့ပါတယ်လို့ သိရပါတယ်။

ကျောင်းခေါ်ချိန် ၇၅% ပြည့်မီမှ စာမေးပွဲ ဖြေခွင့်ရှိတယ်ဆိုတယ် ဆိုပေမယ့် ကျောင်းသားတချို့ကပဲ ဒီစည်းကမ်းနဲ့ အရေးယူ ခံနေရပြီး တချို့ကျောင်းသားတွေကျတော့ အထူးကင်းလွတ်ခွင့် ရနေတာမျိုးတွေကို အဲဒီပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တက္ကသိုလ် ဆရာများ အသင်းက တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေလဲ ဖိအားပေးခံရပါတယ်။ ဒဂုံတက္ကသိုလ် ဆရာများ သမဂ္ဂ ယာယီ ဥက္ကဌ ဒေါက်တာ အာကာမိုးသူ ဆွေးနွေးနေစဉ်မှာ ဌာနမှုးဖြစ်သူက လာခေါ်ခဲ့ပါတယ်။ နောက်ပြီး ဒီပွဲကို ကျောင်းလုံခြုံရေးတွေက ဗီဒီယို ကင်မရာတွေနဲ့ မှတ်တမ်းတင် ရိုက်ကူးခဲ့တာတွေလဲ ရှိတယ်လို့ သိရှိရပါတယ်။

BBC Burmese

ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်ကိုဖျက်ဆီးခဲ့သည့် ပြစ်မှုကျူးလွန်သူများအား ပြိုင်ကားများနှင့်အတူ မိဘအုပ်ထိန်းသူများက လာရောက်အပ်နှံ



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန်တွင် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် အငှားယာဉ်ကို ပြိုင်ကားများက ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့်တို့ကို ရိုက်နှက်ထိုးကြိတ်စဉ် အငှားယာဉ်ကို ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း (ပ) ၇၂/၂၀၁၄၊
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၀/၄၂၇ /၃၂၅ /၁၁၄ အရ အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့်ပြိုင်ကားများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် ခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်နေစဉ် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ကိုကိုနိုင် မောင်းနှင်ခဲ့သော ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင် ပြိုင်ကားကို ၁၉.၂.၂၀၁၄ရက်နေ့ ၀၂၅၀အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာ၌ ရပ်ထားသည်ကိုတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ပြီး၊ ၂၁.၂.၂၀၁၄ ရက်နေ့ ၂၂၄၅ အချိန်တွင် ကိုထက် (ခ)ဇာနည်(ခ)ဇာနည်ထက်ဝေ မောင်းနှင်ခဲ့သော YGN 3G-1470(V300 ARISTO) အဖြူရောင်ပြိုင်ကားကိုလည်းကောင်း၊ ၂၂.၂.၂၀၁၄ရက်နေ့ ၁၈၃၀အချိန်တွင် ဝေယံလင်း မောင်းနှင်ခဲ့သော ၅င/၈၅၆၇ MAZDA
RX-8 ခဲပုတ်ရောင်ပြိုင်ကားကိုလည်းကောင်း ၎င်းတို့၏မိဘအုပ်ထိန်းသူ များက လှိုင်မြို့မရဲစခန်းသို့ ပို့ဆောင်အပ်နှံပေးခဲ့ကြပါသည်။

ဆက်လက်၍ ပြစ်မှုကျူးလွန်သူများနှင့် ကျန်ရှိနေသေးသောပြိုင်ကားများ ရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၅.၂.၂၀၁၄ ရက်နေ့ ၁၇၁၀ အချိန် တွင် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ထက်အောင်လူ မောင်းနှင်ခဲ့သော YGN 4C-4238 FRAND CHIEROKEE JEEP အနက်ရောင်ယာဉ်နှင့်
ကောင်းစည်သူ မောင်းနှင်ခဲ့သော MDY 7C-5830 NissanFairlady350Z ခဲပုတ်ရောင်ပြိုင်ကားတို့ကို မိဘအုပ်ထိန်းသူများက လှိုင်မြို့မရဲစခန်းသို့ ပို့ဆောင်အပ်နှံပေးခဲ့ကြပါသည်။



ဧရာဝတီ Blog မှ

ပြိုင်ကား ၅ စီး ရဲစခန်းရောက်နေပါပြီ

 
အငှားယာဉ်တစီးနဲ့လူတချို့ကို ၀ိုင်းဝန်းရိုက်နှက်မှုမှာ ပါဝင်တယ်လို့ ဆိုတဲ့သူတွေကို သူတို့ရဲ့ မိဘများက ရဲစခန်း သွားပို့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားစဉ် အသုံးပြုတဲ့ ပြိုင်ကား ၅ စီးလည်း ရဲစခန်း ရောက်နေပါပြီ တဲ့။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ ဒီသတင်းကို ကြာသပတေးနေ့ထုတ် အရပ်ဘက်သတင်းစာများမှာလည်း ဖော်ပြထားကြပါတယ်။

 ဥပဒေအထက်မှာမောင်းနေတာကြာပြီဖြစ်တဲ့ ပြိုင်ကားများထဲက တချို့သောပြိုင်ကားတွေ အခုမှ သတင်းစာမျက်နှာပေါ် ပြုံပြီး ရောက်နေတာဟာဖြင့် အင်မတန် ထူးခြားနေပါတော့တယ်။

ဧရာဝတီBlog

  • ဆက်စပ်

အုပ်စုဖွဲ့ ရမ်းကားခဲ့တဲ့ ပြိုင်ကားပြဿနာနဲ့ နောက်ဆက်တွဲ 
http://blog.irrawaddy.org/2014/02/blog-post_234.html

ရန်ကုန်မြို့ နဲ့ ပြိုင်ကား သောင်းကျန်းမှု 
http://blog.irrawaddy.org/2014/02/blog-post_18.html

ဝန်ကြီးချုပ်နဲ့ဆွေးနွေးဖို့ ထိုင်း အတိုက်အခံ လမ်းဖွင့်

ထိုင်းအတိုက်အခံခေါင်းဆောင် Suthep Thaugsuban
 ထိုင်းနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Suthep Thaugsuban က ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ ဆွေးနွေးမယ်လို့ အရိပ်အမြွက် ပြောကြား လိုက်ပါတယ်၊ လနဲ့ချီ ကြာနေပြီဖြစ်တဲ့နိုင်ငံရေးပြဿနာကို အဆုံးသတ်နိုင်ဖို့ ဘယ်လိုဆွေးနွေး ညှိုနှိုင်းမှုကိုမှ မလုပ်နိုင်ဘူးဆိုပြီး အတိုက်အခံခေါင်းဆောင်က အရင်က ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်။

အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေကို ဦးဆောင်သူ Suthep Thaugsuban က ဝန်ကြီးချုပ် ယင်လပ်နဲ့ ၂ ယောက်ထဲ  တိုက်ရိုက် တနိုင်ငံလုံးကို ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားပေါ်မှာ အခြေအတင်ဆွေးနွေးမှု လုပ်မယ်လို့ စိန်ခေါ်လိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ကလဲ ညှိုနှိုင်းမှုတွေလုပ်ဖို့ တံခါးဖွင့်ထားတယ်လို့ ပြောပေမဲ့ Mr.ဆူထက်အနေနဲ့ ဆန္ဒပြပွဲတွေကို အရင်ရပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်၊
လုပ်တဲ့ဆွေးနွေးမှုတွေဟာလဲ ဖွဲ့စည်းပုံဥပဒေရဲ့ ဘောင်ထဲမှာ ရှိရမယ်လို့ ဝန်ကြီးချုပ် ယင်းလတ်က ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ ဝန်ကြီးချုပ်အပေါ် စွဲထားတဲ့ အမှုတွေအတွက် မနေ့က ကြားနာခဲ့ပါတယ်၊ အငြင်းပွားစရာ ဆန်စပါးဝယ်ယူတဲ့ အစီအစဉ်နဲ့ ပါတ်သက်လို့ ဝန်ကြီးချုပ်စွဲဆိုခံထားရတဲ့ အမှုအတွက်ကြားနာပွဲကို ၀န်ကြီးချုပ်ကိုယ်စား သူ့ရဲ့ အကျိုးဆောင်ရှေ့နေ လာရောက်ခဲ့ပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

လပွတ္တာမြို့ပေါ် ဆေးရုံ ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်(ဓာတ်ပုံ)


 လပွတ္တာ - 28 : 2 : 2014

လပွတ္တာမြို့ပေါ် ဆေးရုံ ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲကို တရားဥပဒေဘောင်အတွင်းမှ ကျင်းပပြုလုပ်ရန် ခွင့်ပြုမိန့် ရရှိခဲ့ပါသည် ။
 ထို့ကြောင့် ယနေ့ ( 28 : 2 : 2014 ) ရက်နေ့ သောကြာနေ့ နံနက် ( ၈း ၀၀ )နာရီတွင် သကျမာရဇိန်ဆုတောင်းပြည့်ဘုရားကြီးအနီးမှာ စုရပ်ပြုလုပ်၍ မြို့တွင်းသို့
သတ်မှတ်လမ်းကြောင်းနှင့်အညီ စီတန်းလှည့်လည် ဟောပြော ဆန္ဒထုတ်ဖော်ခဲ့ကြပါသည် ။



 

 

 

သတင်းနှင့်ဓာတ်ပုံ-ငြိမ်းစိုးဦး (လပွတ္တာ)

» မြန်မာ့ လူ့အခွင့်အရေး တိုးတက်မှု ကန် အသိအမှတ်ပြု


 မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ရာမှာ စိန်ခေါ်မှု အများအပြား ရှိနေသေးပေမဲ့လည်း ဆက်ပြီး အားပေးသွားရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၃ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ မြန်မာနိုင်ငံ နဲ့ပတ်သက်ပြီး ၀န်ကြီး ကယ်ရီက အဲဒီလိုပြောသွားတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

အထူးသဖြင့် လူမျိုးစုတိုင်းရင်းသားဒေသတွေအပါအ၀င် အဆင့်တိုင်းမှာ ဥပဒေရေးရာနဲ့ မူဝါဒရေးရာ ပြန်ပြောင်းသုံးသပ် ချက်တွေကို အာဏာပိုင်တွေက အပြည့်အ၀ ဒါမှမဟုတ် အစဉ်တစိုက် အကောင်အထည်ဖော်တာမျိုး မရှိခဲ့ပေမဲ့လည်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းဟာ ဆက်ပြီး တိုးတက်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အစိုးရက ကျူးလွန်တဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာ ကျဆင်းသွားတာကို လေ့လာသူတွေက ပြောကြတယ်လို့ အစီရင်ခံစာက ဆိုထားသလို နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီကလည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။

 “နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်ကနေ တဖြည်းဖြည်း ပြောင်းလဲနေရုံသာမက အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာအသိုက်အ၀န်းနဲ့ ပိုပြီး အပြုသဘောဆောင်တဲ့ မိတ်ဘက် ဆက်ဆံရေးဆီ ဦးတည်နေတာကို ကျနော်တို့ ဆက်ပြီး တွေ့နေရပါတယ်။”

မတူကွဲပြားတဲ့လမ်းကြောင်းကို ရွေးချယ်ပြီး အောင်မြင်အောင်ကြိုးစားနေတဲ့ နေရာဒေသတွေရဲ့ ဥပမာတွေ အများကြီးရှိပါတယ်လို့ လည်း ၀န်ကြီး ကယ်ရီက ပြောပါတယ်။

ဒါပေမဲ့လည်း သိသာထင်ရှားတဲ့ လူ့အခွင့်အရေးပြဿနာတွေ မြန်မာနိုင်ငံ တ၀န်းမှာ ဆက်ရှိနေတုန်းပဲလို့ အစီရင်ခံစာက ထောက်ပြပါတယ်။ အဲဒီထဲမှာ လူမျိုးစု တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ မတရားနှိပ်စက် ညှဉ်းပန်းတာတွေ၊ နိုင်ငံရေးပယောဂပါတဲ့ ဖမ်းဆီးမှုတွေ၊ လူမှုအ၀န်း အ၀ိုင်းအတွင်း ခွဲခြားဆက်ဆံမှုတွေနဲ့ မူစလင်လူထုပေါ် အကြမ်းဖက်တာတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ သင့်တင့်လျောက်ပတ်တဲ့ နစ်နာကြေးပေးတာ ဒါမှမဟုတ် စနစ်တကျ လုပ်ဆောင်တာ မဟုတ်တဲ့ မြေယာ သိမ်းဆည်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေတဲ့ တရားဥပဒေစိုးမိုးရေး အားနည်းတာ စတဲ့အခြေအနေတွေကို ဖော်ပြထား ပါတယ်။

ဒီလိုပြဿနာတွေ ရှိနေဆဲဖြစ်တယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီကလည်း အသိအမှတ်ပြုပေမဲ့ ရှေ့ဆက်တိုးတက်ဖို့ အားပေးသွားရမယ်လို့ ပြောခဲ့ပါတယ်။

 “အခုအစီရင်ခံစာမှာ ပြောထားသလိုပဲ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အခြေခံဥပဒေကို ပြုပြင် ပြောင်းလဲရေးကနေ ခွဲခြားဆက်ဆံမှုကို အဆုံးသတ်ရေး၊ ဘာသာရေးနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးဆိုတဲ့ စိန်ခေါ်မှုတွေကို မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲပါ။ ဒါပေမဲ့လည်း ရှိနေတဲ့ပြဿနာတွေကို ရိုးသားမျှတစွာ ပြောနေတာနဲ့တချိန်ထဲမှာ ပဲ တိုးတက်မှုရှိအောင်လည်း ဆက်ပြီး အားပေးသွားရပါမယ်။”

အရင်နှစ်တွေနဲ့မတူတာကတော့ နှိပ်စက်ညှဉ်းပန်းမှုအတွက် တာဝန်ရှိတဲ့အရပ်သားတွေကို အစိုးရက အရေးယူတာ ဒါမှမဟုတ် အပြစ်ပေးတာတွေ လုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးတာဝန်ရှိသူတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှု အများအပြားကတော့ အပြစ်ပေး အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေတုန်းပဲ ဆိုတာကိုလည်း ထောက်ပြပါတယ်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံတကာ လူ့အခွင့်အရေးအခြေအနေအရပ်ရပ်ကို အမေရိကန်နိုင်ငံခြားရေးဌာနက အစီရင်ခံစာ ထုတ်ပြန် တာမှာ မြန်မာနိုင်ငံအခြေအနေကို စာမျက်နှာ ၄၈ မျက်နှာနဲ့ အစီရင်ခံ ဖော်ပြထားတာပါ။

ကဏ္ဍ ခုနစ်ရပ်ခွဲပြီးတော့ အသေးစိတ် အစီရင်ခံထားတဲ့ မြန်မာ့ လူ့အခွင့်အရေးအခြေအနေတွေထဲမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ဂုဏ်သိက္ခာကို လေးစားလိုက်နာမှု အခြေအနေကနေ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ စသည်ဖြင့် ဖော်ပြထားပါ တယ်။

ကျော်ကျော်သိန်း (ဗွီအိုအေ)

ထိုင်းအသံလွှင့်ဌာန PBS ဗုံးဖြင့် ပစ်ခတ်ခံရ

ထိုင်း PBS အသံလွှင့်ဌာနအတွင်း ထိုင်းစစ်တပ်မှ လက်နက်ခဲယမ်းများ ရှာဖွေနေစဉ် (ဓာတ်ပုံ - ရိုက်တာ)

ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ အကြမ်းဖက်မှုတွေ တိုးလာနေစဉ် မနေ့ညဦးပိုင်းက လခ်စီခရိုင်မှာ ရှိတဲ့ ထိုင်းပြည်သူ့အသံလွှင့်ဌာန (ပီဘီအက်စ်) ကို ဗုံးသီးလောင်ချာနဲ့ ပစ်ခတ် တိုက်ခိုက် ခံခဲ့ရပါတယ်။

လုံခြုံရေးကင်မရာကတော့ ပီဘီအက်စ်အသံလွှင့်ဌာနရဲ့ ယာဉ်ရပ်နားစခန်းမှာ ပေါက်ကွဲမှုဖြစ်ပုံကို ဖမ်းယူ ရရှိထားပါတယ်။

ရုပ်သံလွှင့်ဌာနကတော့ ပေါက်ကွဲမှုကြောင့် ကား ၃ စီး ပျက်စီးပြီး သေဆုံးဒဏ်ရာရမှု မရှိဘူးလို့ ရဲက အစီရင်ခံပါတယ်။

ဗုံးသီး ၂ လုံးကို ထိုင်း ပီဘီအက်စ် ခြံဝင်းထဲမှာ တွေ့ရပြီး နောက်တလုံးကိုတော့ အနားက ဘန်ကောက်ရဲကလပ်ထဲမှာ တွေ့တယ်လို့ ထိုင်းမီဒီယာတွေက အစီရင်ခံပါတယ်။ ရဲကလပ်ကို လောလောဆယ်မှာ ငြိမ်းချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးဌာနအဖြစ် အစိုးရက သုံးနေတာပါ။

ဒီနေ့မှာတော့ ထိုင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ၀န်ကြီးချုပ် ယင်းလပ်ကို လျစ်လျူရှုမှု ပုဒ်မနဲ့ တရားစွဲဖို့ ရှိပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကတော့ အဆုံးသတ်မမြင်ရတဲ့ အကြမ်းဖက်မှု တွေကြောင့် တာဝန်ရှိသူ ၀န်ကြီးချုပ် ရာထူးက နုတ်ထွက်ရေး တောင်းဆိုထားပါတယ်။ ထိုင်းဝန်ကြီးချုပ်ကတော့ တရားရုံး ကြားနာပွဲကို မတက်ဘဲ သူ့ရဲ့တရားရေးအဖွဲ့ကို ကိုယ်စား စေလွှတ်ခဲ့ပါတယ်။

By ဒီဗွီဘီ

Thursday, February 27, 2014

ooredoo မှ မိုဘိုင်းဆင်းကဒ်များကို ယခုနှစ်ဇူလိုင်လတွင် စတင်ရောင်းချ ပေးတော့မည်ဟုဆို


ရန်ကုန်-ဖေဖော်ဝါရီ ၂၇

ooredoo မှ မိုဘိုင်းဆင်းကဒ်များကို ယခုနှစ်ဇူလိုင်လတွင် စတင်ရောင်းချ ပေးတော့မည်ဟု ကာတာအခြေစိုက်ဆက်သွယ်ရေးကုမ္ပဏီ ooredoo မှ သိရသည်။
` ဆင်းကဒ်ဈေးနှုန်း ဘယ်လောက်နဲ့ ရောင်းမယ်၊ ဖုန်းခေါ်ခ ဘယ်လောက် ဖြစ်မလဲဆိုတာ မပြောနိုင်သေးပေမဲ့ရောင်းမဲ့ အချိန်ကတော့ ဇူလိုင် သေချာသလောက် ရှိပါတယ်´ဟု ooredoo မှ သတင်းပြန်ကြားရေး တာဝန်ခံ မသီရီကြာညိုကပြောသည်။၊

ဆင်းကဒ်များကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး မြို့ကြီးများတွင်စတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း 2G ၊ 3G စနစ်များပါဝင်မည် ဖြစ်ကြောင်း ၊ အလွယ်တကူ ၀ယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း ၊ဖုန်းခေါ်ဆိုခကိုသက်သာသောနူန်းဖြင့် ကောက်ခံမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှသိ ရသည် ။

az

Popular Myanmar News Journal

ဧည့်လမ်းညွှန်များ ဧည့်လမ်းညွှန် လိုင်စင်ကတ် ချိတ်ဆွဲ ထားရန်နှင့် ပြည်ပနိုင်ငံ အလံများ လွှင့်ထူ၍ ခရီးစဉ်လှည့်လည်ခြင်း မပြုရန် သတိပေး


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ဧည့်လမ်းညွှန်များကို ခရီးစဉ် လှည့်လည်ရာတွင် ဧည့်လမ်းညွှန် လိုင်စင်ကတ် ချိတ်ဆွဲထားရန်နှင့် ပြည်ပနိုင်ငံ အလံများ လွှင့်ထူ၍ ခရီးစဉ် လှည့်လည်ခြင်း မပြုမိစေရန် သတိပေး အကြောင်းကြား ထားကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းမြတ်က ပြောကြားသည်။

ပြည်ပနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ နေ့စဉ် ဝင်ရောက် လည်ပတ်လျက်ရှိရာ ဝန်ဆောင်မှုပေးသည့် ဧည့်လမ်းညွှန်များ အနေနှင့် ဧည့်လမ်းညွှန် လိုင်စင်ကတ် ချိတ်ဆွဲထားမှသာ ဧည့်လမ်းညွှန်ဟု သတ်မှတ်နိုင်မည် ဖြစ်ပြီး မိမိဝန်ဆောင်မှု ပေးနေသော ဧည့်သည်၏ ကိုယ်စားပြုနိုင်ငံ အလံကို ကိုင်ဆောင်၍ မြန်မာနိုင်ငံတွင်း ခရီးစဉ် လှည့်လည် ဝန်ဆောင်မှု ပြုခြင်းများကို မပြုမိစေရန်အတွက် သတိထားစေလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“လတ်တလောမှာ ထိုင်းနိုင်ငံအလံကို ကိုင်ပြီး ခရီးစဉ် လှည့်လည်နေတဲ့ ဧည့်လမ်းညွှန်လိုင်စင် ချိတ်ဆွဲမထားတဲ့ အမျိုးသမီး တစ်ယောက်ကို တာဝန်သိ ဧည့်လမ်းညွှန် တစ်ယောက်က ဒီလိုမလုပ်ဖို့ တားခဲ့ရပါတယ်။ ဒါပေမဲ့ လိုက်နာမှု မရှိခဲ့ဘူးလို့ သိခဲ့ရပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သည့်အတွက် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းအနေနှင့် ပြည်ပနိုင်ငံ အလံများ လွှင့်ထူ၍ ခရီးစဉ် လှည့်လည်ခြင်း မပြုမိစေရန် အကြောင်းကြားသည့်စာကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (မန္တလေးဇုန်၊ ပုဂံဇုန်၊ ရှမ်းတောင်ဇုန်၊ ရှမ်းအရှေ့ ရွှေတြိဂံဇုန်၊ မွန်ပြည်နယ်ဇုန်) တို့ကို ပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

“ဧည့်လမ်းညွှန်တွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ ကြိုတင်သတိပေးမှုတွေကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းက သတိပေးတယ်။ သတိပေး တားမြစ်တာကို ဆက်လုပ်ရင် ဓာတ်ပုံနဲ့တကွ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပေးပို့ဆောင်ရွက်မယ်” ဟု ဦးထွန်းမြတ်က ဆိုသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလကုန်အထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင် ၃၆၇၉ ခု ထုတ်ပေးထားပြီး မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် နိုင်ငံခြား ဧည့်သည်ပေါင်း ၂,၀၄၄,၃၀၇ ဦး ဝင်ရောက်ခဲ့သည်။

The Voice Weekly

အီလက်ထရောနစ် ဥပဒေကို ထောင်ဒဏ်လျှော့ပေါ့ ပြင်ဆင်အတည်ပြု


လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ အတည်ြပုခဲ့တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြု လိုက်ကြောင်း ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ရက်စွဲနဲ့ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေမှာ ပြစ်ဒဏ်တွေကို ထောင်ဒဏ်တွေလျှော့ပြီး၊ ငွေဒဏ်တွေတိုးထားပေမဲ့ ဒီဥပဒေဟာ လွတ်လပ်စွာရေးသား ဖော်ထုတ်ခွင့်ကို ခြိမ်းခြောက်နေဆဲဖြစ်တယ်လို့ သရုပ်ဆောင် ဦးသူရ ခေါ် ဇာဂနာက ပြောပါတယ်။

"ဆက်သွယ်ရေးဥပဒေနဲ့ ပတ်သက်ပြီးတော့ အမှန်ကတော့ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး သေသေချာချာ တိုင်ပင်ပြီးတော့မှသာလျှင် ဒီဥပဒေမျိုးကို ရေးဆွဲပြီးတော့ အတည်ပြုတာမျိုး ဖြစ်သင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အခုချိန်ခါမှာ ဒါမျိုးလုပ်လိုက်ရော၊ လုပ်လိုက်ပြီးတဲ့အခါမှာ အဲဒီဥပဒေကို နောက်တခါ ထပ်ပြင်ဖို့က အကြာကြီးစောင့်ရဦးမယ်၊ ဒီဥပဒေ မပြင်နိုင်သေးတဲ့ အတောအတွင်းမှာ အချိန်မရွေး မြန်မာနိုင်ငံထဲမှာရှိနေတဲ့ နိုင်ငံရေးကို စိတ်ဝင်စားသောသူများ၊ သေချာတယ် အဲဒါက နိုင်ငံရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးနဲ့ ချိတ်ဆက်နေတဲ့လူတွေကို အမြင်ကတ်လို့ လုပ်ထားတဲ့ဥပဒေ၊ ဒီ့အတွက်ကြောင့်မို့ အဲဒီလူတွေကို ဒီလိုမျိုးအရေးယူဖို့ဆိုတာဟာ ဒီပုဒ်မတစ်ခုနဲ့ ခြိမ်းခြောက်ထားသလိုပဲ"

ဒီဥပဒေပြင်ဆင်ချက်မှာ အပိုဒ် ၆ ပိုဒ် ပါဝင်ပြီး ပုဒ်မ ၃၃ မှာ မူလက ထောင်ဒဏ် ၇ နှစ် ကနေ ၁၅ နှစ်အထိ အစား အခု ထောင်ဒဏ် ၅ နှစ်ကနေ ၇ နှစ်အထိ ပြောင်းလဲသတ်မှတ်ထားသလို ပုဒ်မ ၃၄၊ ၃၅၊ ၃၆ နဲ့ ၃၇ တွေမှာလဲ ထောင်ဒဏ်အစား ငွေဒဏ် အရင်ချမှတ်ပြီး ငွေမပေးနိုင်မှ ထောင်ဒဏ်ချမှတ်ခွင့်ပြုထားပါတယ်။

အီလက်ထရောနစ်ဥပဒေကို စစ်အစိုးလက်ထက် ၂၀၀၄ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ဒီဥပဒေနဲ့ အနုပညာရှင် ကိုဇာဂနာ ၊ ဘလော့ဂါ ကိုနေဘုန်းလတ်၊ စာရေးဆရာ အယ်ဒီတာ ကိုဇော်သက်ထွေး၊ ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ် အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

RFA Burmese

တနင်္သာရီတိုင်းအတွင်း အစိုးရနှုန်းထားအတိုင်း လျှပ်စစ်မီတာခ ရရှိရေး ရှေ့ဆက်ဆောင်ရွက်မည်


ထားဝယ်၊ ဖေဖော်ဝါရီ ၂၆

လျှပ်စစ်မီး တစ်ယူနစ် ဈေးနှုန်းကို အစိုးရဈေးထက် အဆ ၂၀ အထိ ပေးဆောင်နေရသော တနင်္သာရီတိုင်း ဒေသကြီးအတွင်း တစ်နိုင်ငံလုံး လျှပ်စစ်မီတာခ နှုန်းထားအတိုင်း ရရှိသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့် ရရှိရေးကော်မတီ (ထားဝယ်) က သတင်းထုတ်ပြန်လိုက်သည်။

တနင်္သာရီ ကမ်းရိုးတန်းတွင် မြန်မာနိုင်ငံ၏ အဓိက သဘာဝ ဓာတ်ငွေ့သိုက်များ ထွက်ရှိကာ ထိုင်းနိုင်ငံသို့ ရောင်းချနေသော်လည်း တိုင်းဒေသကြီး မြို့တော်ထားဝယ်တွင် တစ်ယူနစ် ၄၇၀ ကျပ်မှ အချို့နေရာများတွင် ကျပ် ၇၀၀ အထိ အသီးသီး ပေးဆောင်နေရမှုကြောင့် ယင်းကော်မတီက သုံးလအတွင်း လက်မှတ် သုံးသိန်းကျော် ကောက်ယူကာ တောင်းဆိုရန် စီစဉ်လျက် ရှိသည်။

ယင်းအချိန်တွင်း တနင်္သာရီတိုင်း ကံပေါက်ဒေသမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်သော ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ မဂ္ဂါဝပ် ၅၀ ဝယ်ယူ ဖြန့်ဖြူးခွင့်ကို တိုင်းအစိုးရသို့ ပြည်ထောင်စုအစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဝင်းဆွေက ပြောကြားသည်။

ယင်းစီမံကိန်းမှ ဝယ်ယူဖြန့်ဖြူးမည့် နှုန်းထားမှာ တစ်ယူနစ်ကျပ် ၂၀၀ ကျော် ဖြစ်နိုင်ကြောင်း တိုင်းအစိုးရက ဆိုထားသည်။

ယင်းကြောင့် ကော်မတီအနေနှင့် တစ်နိုင်ငံလုံးတွင် ဖြန့်ချိနေသော ဈေးနှုန်းနှင့် တစ်ပြေးညီ မရမချင်း လှုပ်ရှားမှုများကို အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း ကော်မတီက ဆိုထားသည်။

တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ထားဝယ် တိုင်းရင်းသားများပါတီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (ထားဝယ်)၊ ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့တို့ အပါအဝင် စုစုပေါင်းအဖွဲ့ ၁၄ ဖွဲ့မှ ကိုယ်စားလှယ် ၂၅ ဖြင့် ထားဝယ်မြို့တွင် ဖွဲ့စည်းထားသည်။

ထိုနည်းတူ ထားဝယ် တိုင်းရင်းသားများ ပါတီကလည်း သဘာဝဓာတ်ငွေ့မှ လျှပ်စစ် ဓာတ်အားရရှိရေး ကိစ္စ တွေ့ဆုံဆွေးနွေးရန် တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ်ကို တွေ့ဆုံခွင့် တောင်းခံထားကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောကြားသည်။

The Voice Weekly

ရတနာပုံတယ်လီပို့ နဲ့ ထိုင်းနိုင်ငံက True ပူးပေါင်းဖို့ ဆွေးနွေးနေ


ထိုင်းနိုင်ငံမှာ တယ်လီဖုန်း၊ အင်တာနက်၊ ဆက်သွယ်ရေး လောကမှာ နာမည်ကြီးလာနေတဲ့ True Corporation ကုမ္ပဏီနဲ့ ရတနာပုံ တယ်လီပို့ တို့ဟာ မြန်မာနိုင်ငံက ဆက်သွယ်ရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့  ဆွေးနွေးနေပါတယ်။
ရိုက်တာ သတင်းတပုဒ် အဆိုအရ ထိုင်းနိုင်ငံက True  ကုမ္ပဏီရဲ့ အကြီးအကဲ Noppadol Dej-Udom နဲ့ ရတနာပုံ တယ်လီပို့ တို့က တာဝန်ရှိသူတွေ ဆွေးနွေးကြတာလို့ ဆိုပါတယ်။

သူတို့ ညှိနှိုင်းဆွေးနွေးလို့ အောင်မြင်မယ်ဆိုရင်တော့ True ကုမ္ပဏီက အစီအစဉ်တွေ တင်သွင်းရမှာ ဖြစ်တယ်လို့ True အကြီးအကဲက ရိုက်တာကိုပြောပါတယ်။

True Corporation  ကုမ္ပဏီကို ထိုင်းနိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တဦးဖြစ်တဲ့ Dhanin Chearavanont က ပိုင်ဆိုင်တာဖြစ်ပြီး ထိုင်းနိုင်ငံ တလွှား တယ်လီဖုန်း၊ အင်တာနက် စတဲ့ ဆယ်သွယ်ရေး ဝန်ဆောင်မှုတွေမှာ အဖိုးနှုန်းချိုချိုသာသာနဲ့ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီကြီးတခုလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ လေဆိပ်တွေ၊ စတိုးဆိုင်တွေမှာ True Move ဆိုတဲ့ စာတမ်းလေးနဲ့ တယ်လီဖုန်း ဆင်းမ်ကတ် အခမဲ့ ပေးဝေနေတာတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို လုပ်ဆောင်ခွင့်ရကြမယ်ဆိုရင် တော့ တယ်လီနော၊ အူရီဒူးတို့နဲ့ အတူ အပြိုင်အဆိုင် ဝန်ဆောင်မှုတွေပေးနိုင်ကာ မြန်မာပြည်သူတွေ ဆက်သွယ်ရေး ပစ္စည်းနဲ့ သုံးစွဲမှုတွေကို အဖိုးနှုန်း ချိုချိုနဲ့ သုံးနိုင်မှာပါ။

ရတနာပုံတယ်လီပို့ ကတော့ မြန်မာနိုင်ငံမှာ အင်တာနက် ၀န်ဆောင်မှုတွေ ပေးနေပြီး၊ ပြည်တွင်း ကုမ္ပဏီ ၁၃ ခု ရယ် မြန်မာအစိုးရတို့နဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်။

ဧရာဝတီ Blog

Wednesday, February 26, 2014

တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီ (ထားဝယ်) သတင်းထုတ်ပြန်ချက်


Photo: သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှု 

သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှုကို တနင်္သာရီတိုင်းအတွင်းရှိ လူမှုအဖွဲ့အစည်းများမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။

ဒေသခံပြည်သူများ မိမိတို့ ရရှိခံစားသင့်သော အခွင့်အရေးအား တစ်ညီတညွတ်တည်း တောင်းဆိုနိုင်စေရန် နှင့် သက်ဆိုင်ရာ မူဝါဒနှင့် ဆုံးဖြတ်ချက်ချမှတ်သူများ ဒေသအရေးအား အလေးအနက်ထား စဉ်းစားဆောင်ရွက်ပေးလာစေရေးအတွက်ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်းရှိ မြိတ်၊ ထားဝယ်၊ ကော့သောင်းအတွင်းရှိ ဒေသခံပြည်သူများ၏ လက်မှတ် သုံးသိန်း ကောက်ယူကာ တောင်းဆိုသွားမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ တွင် ရတနာ၊  ရဲတံခွန်၊ ဇောတိက သဘာဝဓါတ်ငွေ့စီမံကိန်းများရှိရာ ကန်ဘောက်ဒေသမှ စတင်လှုပ်ရှားခဲ့ပြီး တနင်္သာရီတိုင်းအတွင်းရှိ ဒေသအားလုံးသို့ ဖြန့်ကျက်ဆောင်ရွက်သွားမည်ဖြစ်သည်။

တနင်္သာရီတိုင်းသည် သဘာဝဓါတ်ငွေ့တူးဖော်ရေးစီမံကိန်းများ တည်ရှိရာဒေသဖြစ်သော်လည်း လျှပ်စစ်ဓါတ်အားတစ်ယူနစ်ကို ၅၀၀ ကျပ်နှုန်းခန့်ဖြင့် သုံးစွဲနေရသော ဒေသဖြစ်သည်။ ရတနာ၊  ရဲတံခွန်၊ ဇောတိက သဘာဝဓါတ်ငွေ့စီမံကိန်းများရှိရာ ကန်ဘောက်ဒေသတွင် လျှပ်စစ်ဓါတ်အား တစ်ယူနစ် ကျပ် ၇၀၀ ဖြင့် သုံးစွဲရသည်။ ထိုသို့နေလာခဲ့သည်မှာ နှစ်ပေါင်း ၂၀ နီးပါး ကြာခဲ့ပြီဖြစ်သည်။

သဘာဝဓါတ်ငွေ့များ ကြွယ်ဝသော်လည်း သဘာဝပါတ်ဝန်းကျင်ကို ဆိုးရွာစွာထိခိုက် ပျက်စီးစေသော  ကျောက်မီးသွေးစက်ရုံများ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်တို့တွင် ဆောက်လုပ်ရန် ကြိုးပမ်းနေခြင်းမှာ လက်ခံနိုင်ဖွယ် ကိစ္စမဟုတ်ပါ။

ယခု မိမိတို့ အခွင့်အရေးအား တစ်ညီတညွတ်တည်း တာင်းဆိုရန် အချိန်တန်ပြီဖြစ်သည်။

အားလုံးပူးပေါင်းပါဝင်ကြပါစို့။ 
 ရက်စွဲ ၊ ၂၅၊ ၂၊ ၂၀၁၄

တနင်္သာရီတိုင်းအတွင်းရှိ သယံဇာတ အကျိုးခံစားခွင့် ရရှိရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများမှ ဦးဆောင်၍ တနင်္သာရီ သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်ဓါတ်အားရရှိရေး လှုပ်ရှားမှုအား ဆောင်ရွက်လျှက်ရှိ သည်။

(၁)။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ မှ ဧပြီလအတွင်း တနင်္သာရီတစ်တိုင်းလုံးရှိ ပြည်သူလူထု လက်မှတ်ပေါင်း ၃ သိန်း ကျော်စုဆောင်း၍ တောင်းဆိုသွားမည်ဖြစ်သည်။

(၂)။ တနင်္သာရီတစ်တိုင်းလုံး (ထားဝယ်၊ မြိတ်၊ ကော့သောင်း) ရှိ ပြည်သူများ လျှပ်စစ်မီးတစ်ပြေးညီ ရရှိသည် အထိ ဆက်လက်ဆောင်ရွက်သွားမည်။

(၃)။ တနင်္သာရီတိုင်းအတွင်းရှိ ဒေသအားလုံး တစ်နိုင်ငံလုံး အစိုးရ လျှပ်စစ်မီတာခ နှုန်းထားအတိုင်း ရရှိသည် အထိ ဆက်လက်ဆောင်ရွက်သွားမည်။

(၄)။ တနင်္သာရီတိုင်းအတွင်း လျှပ်စစ်မီးရရှိရေးအတွက် အစိုးရမှ မည်သည့် အစီအမံများ ဆောင်ရွက်နေကြောင်း ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ရှင်းပြ၊ တိုင်ပင်၊ ဆွေးနွေးခြင်း မဆောင်ရွက်သရွေ့ အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်သွားမည်။

(၄)။ တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီ (ထားဝယ်) အားဖွဲ့စည်းလိုက်သည်။ မြိတ်၊ ကော့သောင်းတို့ရှိ ကော်မတီများနှင့် အရှိန်အဟုန်မပျက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်။

ပါဝင်သည့်အဖွဲ့အစည်းများမှာ

(၁)။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ကိုယ်စားလှယ် ၈ ဦး)
(၂)။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) (ကိုယ်စားလှယ် ၂ ဦး)
(၃)။ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (ကိုယ်စားလှယ် ၁ ဦး)
(၄)။ ထားဝယ်တိုင်းရင်းသားများပါတီ (ကိုယ်စားလှယ် ၂ ဦး)
(၅)။ တာကပေါ (ကိုယ်စားလှယ် ၁ ဦး)
(၆)။ ထားဝယ်အမျိုးသမီးသမဂ္ဂ (ကိုယ်စားလှယ် ၂ ဦး)
(၇)။ တကသ (ထားဝယ်ခရိုင်) (ကိုယ်စားလှယ် ၃ ဦး)
(၈)။ ထားဝယ်လူငယ်မိတ်သဟာရ (ကိုယ်စားလှယ် ၁ ဦး)
(၉)။ KDN (ကိုယ်စားလှယ် ၁ ဦး)
(၁၀)။ ထားဝယ်သုတေသနအသင်း (ကိုယ်စားလှယ် ၁ ဦး)
(၁၁)။ ထားဝယ်ခရိုင်လယ်သမားသမဂ္ဂ (ကိုယ်စားလှယ် ၁ ဦး)
(၁၂)။ Dawei Human Rights Watch (ကိုယ်စားလှယ် ၁ ဦး)
(၁၄)။ CSLD (ကိုယ်စားလှယ် ၁ ဦး)

Dawei Development Association(Facebook) စာမျက်နှာမှ

တနင်္သာရီတိုင်းအတွင်း ဒို့သယံဇာတ ဒို့ပြည်သူအတွက် လက်မှတ်ကောက်ခံလှုပ်ရှားမှုစတင်(ရုပ်-သံ)

Photo - Dawei Youth Group (DYG)

တနင်္သာရီတိုင်း ဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့ကနေ ထုတ်ယူတဲ့ လျှပ်စစ်ဓာတ်အားကို ဈေးနှုန်း သက်သက်သာသာနဲ့ သုံးစွဲခွင့်ရရှိဖို့အတွက် လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ စတင်နေပါတယ်။
 RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။

ယဉ်ကျေးမှု ဒုဝန်ကြီး ဘုရားကြီးစောင်းတန်းပြုပြင်ရန် အလှူငွေပေးအပ်


တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ကျက်သရေဆောင်ရွှေတောင်စားစေတီတော်
မြတ်နှင့် လောကမာရဇိန်ဘုရားကြီးဝင်းဘက်စုံမွမ်းမံပြင်ဆင်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိရာအလှူရှင်များကလည်းဆက်လက်လှူဒါန်းလျက်ရှိကြသည်။
လောကမာရဇိန်ဘုရားကြီးဂန္ဒကုဋီတိုက်၏တောင်ဘက်စောင်းတန်း ပြန်လည်ပြုပြင်ရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးသန်းဆွေက အလှူငွေကျပ် သိန်း၁၀၀ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီက ဘုရားကြီးဝင်းအတွင်းရှိ ဘုရားကြီးပြတိုက်၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးများ၊ဂေါပကအဖွဲ့ဝင်များထားဝယ်ယဉ်
ကျေးမှုအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ထို့နောက်စောင်းတန်းတော်ပြန်လည်ပြုပြင်မှု
တည်ဆောက်မှုလုပ်ငန်းစတင်ခြင်းအထိမ်းအမှတ်အဖြစ်အမွှေးနံ့သာရည်များပက်ဖျန်းခဲ့ကြသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

ဥပဒေကို ပြည်သူ မကြောက်အောင် ပြင်ရမည်ဟု ဒေါ်စုပြော

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်မှ ဥပဒေပညာရှင်များနှင့် ဥပဒေကျောင်းသားများ လေ့လာရေး လာရောက်ကြရာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ နုတ်ဆက်စကား ပြောကြားခဲ့သည်။ ဓါတ်ပုံ-National League for Democracy

ဥပဒေသည် ဖိနှိပ်ရန်နှင့် ကန့်သတ်ချုပ်ချယ်ရန် ထုတ်ပြန်ပြဋ္ဌာန်းထားသည်ဟု အများပြည်သူက အရိုးစွဲ ယုံကြည်နေကြသည့်အတွက် ဥပဒေ၏သဘောသဘာဝကို ပြည်သူများ အမြင်မှန်သိရန် ပြင်ယူရမည်ဟု ဥပဒေပညာဘာသာရပ် သင်ကြားနေသည့် ကျောင်းသား/သူများကို ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်းလိုက်သည်။

“ဆယ်စုနှစ်နဲ့ချီပြီးတော့ ဥပဒေတွေဟာ ပြည်သူတွေကို ဘယ်လိုချုပ်ချယ်ရမယ်။ ပြည်သူတွေကို အစိုးရ လုပ်သူတွေရဲ့အောက်မှာ ပြားပြားဝပ်အောင် ဘယ်လိုထားရမလဲဆိုပြီးတော့ အဲ့လိုအသုံးချခံရတဲ့ အနေ အထားမှာ ဥပဒေက ရှိခဲ့တယ်။ ဒါကြောင့် ကိုယ့်ခေတ်ရောက်လို့ရှိရင် ကိုယ်ပြန်ပြင်ရမယ်”ဟု ၎င်းက ဆို သည်။

ပြည်ထောင်စုလွှတ်တော်သို့ ဖေဖော်ဝါရီ ၂၅ ရက်က လာရောက်လေ့လာသည့် ဒဂုံတက္ကသိုလ်မှ ဥပဒေ ကျောင်းသူ၊ကျောင်းသားဦးရေ ၁၀၀ ကျော်ကို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဥပဒေများကို မည်သည့်အတွက် ပြဋ္ဌာန်းထားရသလဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသား၊ ကျောင်းသူများကို မေးခွန်းထုတ်ခဲ့ရာ ကျောင်းသူတစ်ဦး၏“ဥပဒေဆိုတာ နိုင်ငံသားတွေ ကောင်းကောင်း မွန်မွန်နေနိုင်ဖို့နဲ့ အစိုးရပြဋ္ဌာန်းတဲ့ ဥပဒေတွေ”ဟူသည့် အဖြေကို ဒေါ်အောင်ဆန်းစုကြည်က ဘ၀င်မကျ ခဲ့ပေ။

ဥပဒေဆိုသည်မှာ အပြစ်ပေးရန်မဟုတ်ဘဲ ပြည်သူများအား ပညာပေးရန်သာဖြစ်သည်ကို နားလည်ရ မည်ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါကျောင်းသူ၏ ပြန်လည်ဖြေကြားချက်ကို ပြန်လည်ပြောကြား ခဲ့သည်။

“ဥပဒေဆိုတာ အစိုးရအတွက်ဆိုတဲ့ အတွေးအခေါ်က ဒီနိုင်ငံမှာ စွဲနေပြီ။ ဒါလည်း သားတို့ရဲ့အပြစ် မဟုတ်ဘူး။ ဒါပေမဲ့ သားတို့ခေတ်မှာ စပြီး ပြောင်းရမယ်။ ဥပဒေဆိုတာ အစိုးရအတွက်မဟုတ်ဘူး။ ခြုံငုံ ပြောရမယ်ဆိုရင် ဥပဒေဆိုတာ လူမှုအသိုင်းအ၀ိုင်းတစ်ခုလုံး အေးချမ်းသာယာနိုင်အောင်လို့၊ ဒါပဲ”ဟု ၎င်းက ရှင်းလင်း ပြောဆိုသည်။

ယင်းအပြင် ဥပဒေ၏အထက်တွင် မည်သူမျှမရှိရဘဲ ဥပဒေအထက်တွင် အစိုးရရှိနေမည်ဆိုပါကလည်း “ဒီနိုင်ငံကတော့ တော်တော်ခံရတော့မယ် မှတ်ပေတော့”ဟု ၎င်းက ပြောသည်။

လက်ရှိ တက္ကသိုလ်ပညာရေးစနစ်တွင် ဥပဒေအထူးပြုဘာသာရပ်ကို ဆယ်တန်း အမှတ်ပေါင်း ၃၅၀ ဖြင့် တက်ရောက်ခွင့်ရပြီး ပညာသင်နှစ် လေးနှစ် သင်ကြားပြီးပါက ဘွဲ့လက်မှတ်ရရှိမည်ဖြစ်သည်။

နိုင်ငံတကာနှင့် နှိုင်းယှဉ်မည်ဆိုပါက လက်ရှိမြန်မာနိုင်ငံ၏ ဥပဒေပညာရှင်များသည် အခွင့်အရေးများ နည်းနေပြီး ဥပဒေပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကလည်း မျက်နှာငယ်နေရ သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

“ပညာရေးစနစ် ကောင်းတယ်ဆိုလို့ရှိရင် ဘယ်ဘာသာရပ်ပဲသင်သင် ကိုယ့်သိက္ခာနဲ့ကိုယ် နေနိုင်တယ်။ ဆရာဝန်မှ၊ အင်ဂျင်နီယာမှ မဟုတ်ဘူး။ ဒီနိုင်ငံက ပညာရေးစနစ်မကောင်းလို့၊ လူမှုရေး၊ နိုင်ငံရေးစနစ် မကောင်းလို့ အဲ့လိုဖြစ်သွားတာ”ဟု ၎င်းက ဆိုသည်။ အခြားတစ်ဖက်တွင်လည်း တရားဥပဒေစိုးမိုးမှုရှိမှ သာလျှင် ဥပဒေများကို လေးစားလိုက်နာကြမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဉဏ်လှိုင်လင်း၊ မင်းမင်း
Mizzima - News in Burmese