Pages

Saturday, April 19, 2014

နစ်မြုပ် တောင်ကိုရီးယားသင်္ဘောတွင်း ရေငုပ်ကယ်ဆယ်ရေး ကြိုးပမ်း

Sewol တောင်ကိုရီးယားသင်္ဘောနစ်မြုပ်နေတဲ့ထဲက ပိတ်မိနေသူတွေကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းမြင်ကွင်း။ (ဧပြီ ၁၈၊ ၂၀၁၄)
တောင်ကိုရီးယားအနောက်တောင်ဖက် ကမ်းလွန်မှာ နစ်မြုပ်သွားတဲ့သင်္ဘောထဲကို ဝင်နိုင်ဖို့ ရေငုပ်သမား ကယ်ဆယ်ရေးတွေ ဆက်လက် ကြိုးစားနေကြပါတယ်။

အစောပိုင်းတုန်းက သင်္ဘောပြူတင်းပေါက်ကနေတဆင့် အလောင်း ၃ လောင်းကို ရေငုပ်သမားတွေက တွေ့ရှိခဲ့ကြပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရေငုပ်သမား ၅၀၀ ကျော်နဲ့ လုပ်နေကြပါတယ်။ လောလောဆယ် အတည်ပြုနိုင်သလောက် သေဆုံးသူ ၃၂ ယောက် ရှိသွားပါပြီ။

အထက်တန်း ကျောင်းသူ အများအပြားပါတဲ့ ပျောက်နေဆဲ ၂၇၀ ကတော့ သေသလား ရှင်သလား မသိရပေမဲ့ အသက်ရှင်ရက် ရှိနေနိုင်တဲ့ အခြေအနေကတော့ နည်းလာနေပါပြီ။ လှိုင်းကြီးနေတာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အခက်တွေ့နေပေမယ့် ပျောက်ဆုံးနေဆဲ ခရီးသည်တွေရဲ့ မိသားစုဝင်တွေကတော့ သူတို့ရဲ့ သားသမီးတွေကို အမြန်ဆုံး ရှာတွေ့နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဖြစ်တဲ့နေ့ကတည်းက ကလေးတွေကို ကယ်ဆယ်နိုင်သင့်ပါတယ်။ အချိန်ကလင့်လာပါပြီ၊ မိဘတွေ ရင်ပူရလွန်းလို့ သေရပါတော့မယ်၊ ဒီလောက်အေးတဲ့ ရေထဲမှာ ကလေးတွေ အအေးလွန်ပြီး ကြောက်နေကြပါရော့မယ်လို့ ကျောင်းသား မိသားစုဝင်တယောက်က ပြောသွားတာ ဖြစ်ပါတယ်။

သောကြာနေ့တုန်းကတော့ သင်္ဘော Captain နဲ့ သင်္ဘောအမှုထမ်း ၂ ယောက်ကို သင်္ဘောတိမ်းစောင်းမှောက်ပြီး မကြာခင်မှာပဲ သင်္ဘောကို စွန့်ခွာခဲ့မှုနဲ့ ရဲက ဖမ်းဆီးလိုက်ပါတယ်။ သင်္ဘောဘေးကို တိမ်းမှောက်သွားပြီး  ဘေးလွတ်ရာ ထွက်ပြေးနိုင်တဲ့ လမ်းကြောင်းတွေ ပိတ်နေချိန်မှာတောင် ခရီးသည်တွေ နေရာကနေ မရွေ့ဖို့ Captain ကပဲ ညွှန်ကြားခဲ့ပုံရတယ်လို့ သံသယရှိပါတယ်။

Sewol  သင်္ဘောနစ်သွားစဉ်မှာ ခရီးသည် ၄၇၆ ယောက် သင်္ဘောထဲမှာ ပါသွားတာပါ၊ Jeju ကျွန်းဆီ ကျောင်းသားရာနဲ့ချီကို လေ့လာရေးခရီး ထွက်ဖို့ ဦးဆောင်ခေါ်လာတဲ့ အထက်တန်းကျောင်းရဲ့ ဒု-ကျောင်းအုပ်ဆရာကို သဘောင်္နစ်ရာက ကယ်တင်နိုင်ခဲ့ပေမယ့် သောကြာနေ့ကပဲ သူ့ကိုယ်သူ အဆုံး စီရင်သွားပါတယ်။ ဒီကနေ့ စနေနေ့မှာတော့ လူတွေစုဝေးပွဲ သူ့အတွက် အောက်မေ့ဖွယ် ဆုတောင်းခဲ့ကြပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

ထားဝယ်တွင် သင်္ကြန်တွင်း ဟိုတယ်အခန်းပြည့်


 
ထားဝယ်၊ ဧပြီ ၁၈

ထားဝယ်သင်္ကြန် ကာလအတွင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွား ဧည်သည်များ လာရောက်လည်ပတ်မှု အထူး များပြားလာသောကြောင့် ထားဝယ်မြို့တွင် ဖွင့်လှစ်ထားသော ဟိုတယ်များတွင် အခန်းများ ပြည့်သွားကြောင်း ဟိုတယ်ဝန်ဆောင်မှု အသိုင်းအဝိုင်းက ပြောကြားသည်။
 

ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဧည့်သည် အများစုသည် ဧပြီလ ၁၂ ရက် သင်္ကြန်အကြိုနေ့ မတိုင်ခင်မှ ဧပြီလ ၁၆ ရက် သင်္ကြန် အတက်နေ့များအထိ လာရောက် တည်းခိုကြပြီး အချို့မှာ ဧပြီလ ၁၈ ရက်
နှစ်ဆန်းနှစ်ရက်နေ့အထိ တည်းခိုရန် အခန်းများကို ကြိုတင်မှာယူ တည်းခိုလျှက်ရှိကြောင်း၊ တည်းခိုသူ အများစုမှာ မြန်မာနိုင်ငံအထက်ပိုင်း၊ ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့တို့မှ လာရောက်ကြသူများ ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ထားဝယ်သင်္ကြန်ရက် အတွင်း ပြည်ပခရီးသည်ထက် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဧည့်သည် အများစု လာရောက် တည်းခိုကြပြီး နေ့စဉ် ဘုရားဖူးယာဉ် ဆယ်နှင့်ချီ၍ လာရောက် လည်ပတ်ကြကြောင်း သမိုင်းဝင်ဘုရား ဂေါပကအဖွဲ့ များနှင့် မောင်းမကန်ကမ်းခြေမှ တာဝန်ရှိသူများက ဆိုသည်။

ထားဝယ်ဒေသသို့ လာရောက်သူ အများစုသည် ထိုင်းနိုင်ငံနယ်စပ် ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းသို့ သွားရောက် လည်ပတ်ခြင်း၊ ထားဝယ်ဒေသရှိ ရှင်ကိုးရှင်ဘုရား ဖူးခြင်း၊
မောင်းမကန်ကမ်းခြေနှင့် မျှော်ရစ်ဘုရားဖူးခြင်း အပြင် ထားဝယ်သင်္ကြန် ကိုပါ
လည်ပတ်ခဲ့ကြသည်ဟု သက်ဆိုင်ရာ ခရီးသွားဧည့်သည်၊ ဘုရားဖူးဝန်ဆောင်မှု လုပ်ငန်းနှင့် ဟိုတယ်အသိုင်းအဝိုင်း ထံမှ သိရသည်။
“အချို့ဧည်သည်တွေဆို သင်္ကြန်နီးမှ တည်းခိုဖို့ လာကြလို့ အခန်း မပေးနိုင်တော့ဘူး။ အခန်းမပေးနိုင်တာ တော်တော်များတယ်” ဟု ဇေယျာထက်စံ ဟိုတယ်မှ ဦးအောင်စိုးဦးက ဆိုသည်။

Dawei Watch

ရခိုင်မှာဖွင့်မည့် INGO ရုံးလုံခြုံရေး နယ်မြေကန့်သတ် တာဝန်ယူဖို့ ပြင်ဆင်

 
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုတွေကြောင့် ပိတ်ထားခံခဲ့ရတဲ့ နိုင်ငံတကာ NGO ရုံးတွေ မကြာခင် ပြန်ဖွင့်နိုင်တော့မယ်လို့ လွှတ်တော် အမတ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ပြည်နယ်အစိုးရက လုံခြုံရေး တာဝန် ယူပေးတဲ့ နေရာမှာ ဒီ INGO ရုံးတွေကို ပြန်ဖွင့်နိုင်ဖို့ စီစဉ်နေ တာဖြစ်ပေမယ့် အစိုးရက တာဝန်ယူမပေးတဲ့နေရာတွေမှာတော့ လုံခြုံရေးအရ အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။ လောလောဆယ် အခြေအနေတွေ တည်ငြိမ်နေတယ်ဆိုပေမဲ့ အရေးပေါ်အမိန့်ကိုတော့ ရုပ်သိမ်းခြင်း မရှိသေးပါဘူး။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ပြောပြပေးထားပါတယ်။

အခုဆိုရင် ပိတ်ထားခဲ့ရတာ ၁ လ နီးပါး ရှိလာပြီဖြစ်တဲ့ စစ်တွေမြို့က ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO ရုံးတွေဟာ သိပ်မကြာခင်မှာပဲ ပြန်ဖွင့်နိုင်တော့ မယ်လို့ လွှတ်တော် အမတ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဒီလို ရုံးတွေပြန်ဖွင့်နိုင်ဖို့နဲ့ NGO ၀န်ထမ်းတွေရဲ့ လုံခြုံရေး အတွက် ပြည်နယ်အစိုးရ ကနေ ရပ်ကွက်တစ်ခုမှာ နေရာချထားဖို့ စီစဉ်နေတာရှိတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပြပါတယ်။

"NGO၊ INGO တွေအတွက် ပြည်နယ်အစိုးရအဖွဲ့က ဒီ့ပြင် ဟိုတယ် ပတ်ဝန်းကျင်လောက်မှာ  နေရာတခု သတ်သတ်မှတ်မှတ် ချပေးမယ်ဆိုပြီး အဲ့လိုမျိုး အစီအစဉ်ဆွဲထားတဲ့အပိုင်းတွေကို ပြောပါတယ်။ နောက်ပိုင်း ချလာမယ့် စစ်တွေ ဟိုတယ်ဘက်အခြမ်းမှာဆိုရင် သီးသန့် တစ်နေရာတည်း စုပြီးရင် ဖြစ်လာတဲ့အပိုင်းဆိုရင် လုံခြုံရေးအပိုင်း အတွက် ပိုပြီးရင် လုပ်ဆောင်နိုင်လာမယ်လို့ ကျနော်တို့ ယူဆတာပေါ့။

အရင်တုန်းကတော့ တမြို့လုံးမှာ ဟိုတစ်စ၊ ဒီတစ်စဆိုတော့ လုံခြုံရေး အဖွဲ့တွေလည်း ပြဿ       နာ  ဖြစ်တယ်ဆိုတာနဲ့ ဒီဘက်က ဖြစ်လိုက်၊ ဒီဘက်မှာ ဟန့်နေရင်းနဲ့ ဟိုဘက်မှာ ဖြစ်လိုက်ဆိုတော့  လုံခြုံရေးအဖွဲ့ အင်အားကလည်း ဟိုဘက်၊ ဒီဘက် မလိုက်နိုင်ဘူး ဖြစ်သွားတယ်။ အခုဆိုရင်တော့ တစ်စုတည်း နေရာမှာဆိုတော့ ပိုပြီးရင်  လုံခြုံရေးပိုလုပ်ပေးနိုင်မယ့် အနေအထားလို့တော့ ကျနော်တို့ တွေ့ရတာပေါ့။ အဲ့လိုမျိုး။ "

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရတာဝန်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းဖြေဆိုခြင်း မရှိခဲ့ပါဘူး။ တခါ စစ်တွေမြို့မှာ အခုလို ပြဿနာတွေ မဖြစ်ခင်က နိုင်ငံတကာ NGO ရုံးတခုကို ငှားရမ်းခဲ့တဲ့ စစ်တွေဒေသခံ ဦးအေးလှိုင် ကလည်း - နိုင်ငံတကာ NGO ရုံးတွေအတွက် ပြည်နယ် အစိုးရက နေရာချပေးဖို့ စီစဉ်နေတဲ့ အခြေအနေနဲ့ စစ်တွေမြို့ ထဲမှာတော့ ဒေသခံတွေ က သူတို့နေအိမ်တွေကို NGO ရုံးတွေအတွက် ငှားရမ်းဖို့ မ၀ံ့ရဲကြတော့ဘူးလို့ အခုလို ပြောပြပါတယ်။

"ကျနော်တို့ စစ်တွေက တောင်ဘက်ပိုင်းပေါ့။ ဆေးရုံ ပြည်တော်သာ ရပ်ကွက်၊ အဲ့ဒီ့ရပ်ကွက်တစ်ခုကိုတော့ အစိုးရက အာမခံပေး တယ်။ ပြည်တော်သာ ရပ်ကွက်ထဲမှာဆိုလို့ရှိရင်တော့ ပြည်နယ်အစိုးရက NGO၊ INGO ၊ UN တို့ကို ဌားခွင့်ပေးတာပေါ့နော်။ တခြား မြို့ထဲမှာဆိုရင် တော့ အာမ မခံဘူးလို့တော့ ဆိုတယ်။ အဲ့ဒီ့ပြည်နယ်အစိုးရရဲ့ စကားထဲမှာပေါ့နော်။ အဖွဲ့အစည်းတွေကလည်း မြို့ထဲဆိုတော့ နည်းနည်း အဆင်မပြေနိုင်ဘူးလေ။ အစိုးရ အာမခံချက် မပေးဘူး ဆိုတော့။ ဒီပြည်တော်သာ ရပ်ကွက်ထဲမှာဆိုတော့ အဖွဲ့အစည်းတွေ အကုန်လုံးက ဧပြီလ မကုန်ခင် လာမယ်လို့ပြောတယ်ခင်ဗျ။"

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေက စစ်တွေမြို့မှာရှိတဲ့ Malteser လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းက နိုင်ငံခြားသူ ၀န်ထမ်း တစ်ဦးကနေ ဗုဒ္ဓသာသနာ့အလံကို ဖြုတ်ချပြီး မဖွယ်မရာ လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် စစ်တွေမြို့မှာရှိတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO ရုံးတွေနဲ့ နေအိမ်တွေ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်ကတည်းကစလို့ NGO ရုံးတွေ ပိတ်ထားခဲ့ရပြီး၊ NGO ၀န်ထမ်းတွေ လည်း စစ်တွေမြို့ကနေ ထွက်ခွာခဲ့ရ တာပါ။ ဒါကြောင့်လည်း ဒုက္ခသည်တွေ အတွက် နိုင်ငံတကာက ထောက်ပံ့ပေးနေတဲ့ လူသားချင်း စာနာမှု အကူအညီတွေလည်း ရပ်တန့်ထားခဲ့ရတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကို ထပ်မဖြစ်အောင် ဟန့်တားဖို့နဲ့ ဒုက္ခသည်တွေထံ အကူအညီတွေ ဖြန့်ဝေနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ မနေ့ ကြာသပတေးနေ့ကပဲ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power က တိုက်တွန်းခဲ့ပါတယ်။မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက် ထောက်ခံသွားမှာဖြစ်ပေမဲ့ အကြမ်းဖက်ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တော့ အထူးပဲ စိုးရိမ်တဲ့အကြောင်း သံအမတ်ကြီး Power က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယား ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကြာသပတေးနေ့ကပဲ အစီရင်ခံ တင်ပြခဲ့တာပါ။

ဒီအထဲမှာ ရခိုင်ပြည်နယ်က အခြေအနေလည်း ပါဝင်နိုင်တယ်လို့ သတင်းတွေ မှာ ဖော်ပြကြပါတယ်။ လောလောဆယ်မှာတော့ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ပြန်လည် တည်ငြိမ်လာနေပြီဆိုပေမဲ့ ပြီးခဲ့တဲ့လက INGO ရုံးတွေ တိုက်ခိုက်ခံရပြီးနောက် ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ရုပ်သိမ်းခြင်း မရှိသေးဘူးလို့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က အခုလို ဆက်ပြောပြပါတယ်။

"လုံခြုံရေးကတော့ အခုအခြေအနေကတော့ ဘယ်လိုပြောမလဲ တမြို့လုံးကိုတော့ လုံလုံခြုံခြုံ ဖြစ်အောင်တော့ လုံခြုံရေးတာဝန်ယူတဲ့ ပြည်ထဲရေးဌာနကတော့ ဖိဖိစီးစီး လုပ်နေတာတော့ တွေ့ရပါတယ်။ စဖြစ်တုန်းကတော့ အိမ်တွေ အဖျက်ဆီးခံရတဲ့ အိမ်တွေမှာ ရဲလုံခြုံရေးတွေ၊ ထားပေးတာပေါ့။ အခုနောက်ပိုင်းတော့ အဲ့ဒီ့အိမ်တွေကို ပိုင်ဆိုင်တဲ့ မိသားစုကို ပြန်အပ်လိုက်ပြီး ကာဖျူး ၁၄၄ ညမထွက်ရအမိန့်ကိုလည်း ၉နာရီကနေ မနက် ၅နာရီအထိ လျှော့ချလိုက်တာပေါ့။"

ကုလသမဂ္ဂ အရာရှိတွေကတော့ - မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေက  အစိုးရက လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အတော်လေး ခြိမ်းခြောက်နေတယ်လို့ သတိပေးနေကြတာ ဖြစ်ပါတယ်။

နန္ဒာချမ်း (ဗွီအိုအေ မြန်မာပိုင်း)

ကချင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

 
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်-မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ်မှာ အစိုးရတပ် တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ KIA တပ်ဖွဲ့ တပ်မဟာ (၃) တပ်တွေ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ကစလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ခုလိုတိုက်ပွဲဖြစ်ပွားရတာဟာ ဧပြီလ ၁၃ရက်နေ့က အစိုးရတပ် ခမရ ၂၇၆ ရဲ့ စစ်ကားတစ်စီးကို KIA ဘက်က မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတာလို့ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

" မိုးမောက်မှာ သင်္ကြန်အကြိုနေ့က တပ်ကို ကားမိုင်းခွဲလိုက်တယ် အဲ့ဟာလိုက်ရှင်းနေတာ၊ ရှင်းနေတုံးပဲ အဲ့ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲပဲ၊ လွယ်ဂျယ်- ဗန်မော်လမ်းကြီးပေါ်မှာ မိုင်းခွဲလိုက်တာလေ ကားတစ်စီး မီးလောင်သွားတယ်လေ၊ တပ်သွားချိန်တာလေ၊ မိုးမိတ်ရွာတက် ၂၇၆ အဲ့တက်ကနေပြီးတော့ စိန်လုံမှာ သွားချိန်းမှာ သွားချိန်းမယ့်ဟာကို ဗန်မော်- လွယ်ဂျယ်လမ်းပေါ်မှာတင် မိုးမောက်အထွက်ပဲရှိသေးတယ် အဲ့ဒါကို မိုင်းခွဲလိုက်တာ မိုင်းခွဲတော့ အဲ့ဒါနယ်မြေကို ဝင်ရှင်းနေတာ၊ လမ်းပေါ်မှာ ကားမိုင်းခွဲတာနဲ့ ပတ်သက်ပြီးတော့ ရှင်းတဲ့ သဘောပါပဲ၊ အခြေအနေက ရှင်းတော့မရှိတော့ဘူးဆို ပြန်ထွက်လာမှာပါပဲ"

အဲ့ဒီလိုတိုက်ခိုက်မှုမှာ အစိုးရတပ်မတော်သားတွေ ထိခိုက်သေဆုံးမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

မိုးမောက်မြို့ရဲ့အရှေ့ဘက် ၅ မိုင်ကျော်အကွာ KIA တပ်မဟာ ၃ လက်အောင်ခံတပ်ရင်း ၁ နဲ့ တပ်မ ၉၉ လက်အောက်ခံတပ်တွေအကြား အခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် KIA ဘက်က နေရာယူထားတဲ့ နန်ဆိုင်းနဲ့ ကျရီကျေးရွာတွေကနေ တပ်ဖွဲ့တွေ ဆုတ်ခွာပေးထားရပါတယ်။ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ခုလိုပြောပါတယ်။

" မနေ့ကတော့ နေ့လည်ပိုင်းအထိ KIO တပ်မဟာ ၃ ဒေသ တပ်မ ၉၉ ကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာမျိုး မနေ့က နေ့လည်ပိုင်းအထိ ပစ်ကျတယ်ခင်ဗျ၊ တစ်ပတ်ရှိသွားပြီပေါ့ဗျာ၊ အင်အားကတော့ တပ်ရင်း ၄ ရင်းရှိတယ်၊ နောက်တော့ လက်နက်ကြီးနဲ့ နေရာ ၃ နေရာကနေပြီးတော့ ၁၀၅ မမ ရယ် ၁၁၀ မမ ရယ်၊ နောက်ပြီးတော့ ၈၁ မမ တို့ အဲ့ဒီလို ပစ်ပေးတယ်ဆိုတော့၊ ကျွန်တော်တို့ဘက်က အချိန်ကြာကြာ ခုခံဖို့က မလွယ်ဘူးခင်ဗျ၊ အဲ့ဒါကြောင့်မို့ ဆုတ်ပေးတာ"

ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က နှစ်ဘက် တပ်တွေ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်း မကြားရပေမယ့် အပြန်အလှန်ပစ်ခတ်မှုတွေရှိတာကို သိထားကြောင်း ပြောပါတယ်။

RFA Burmese

Good Friday နေ့ ကမ္ဘာတဝှမ်း ကျင်းပ

ယေရှုခရစ်တော် ကားစင်တင်ခံရတဲ့နေ့လို့ ယုံကြည်ကြတဲ့ Good Friday နေ့
အထိမ်းအမှတ် အဖြစ် ကမ္ဘာတဝန်းက ခရစ်ယာန် ဘာသာဝင်တွေ ဆုတောင်း ဝတ်ပြုပွဲတွေ ဒီကနေ့ လုပ်နေကြပါတယ်။ Jerusalem မြို့ဟောင်းမှာ Good Friday နေ့အဖြစ် ဝတ်ပြုပွဲတွေ၊ အောက်မေ့ပွဲတွေလုပ်ခဲ့တဲ့အပြင်၊  ခရစ်တော် ကားစင်တင်မခံရခင် သွားခဲ့ရတဲ့လမ်းကြောင်းလို့ ယုံကြည်ကြတဲ့ Jerusalem မြို့ လမ်းတလျှောက်ကိုလဲ ခရစ်ယာန်ဘာသာဝင်တွေ လမ်းလျှောက် သွားခဲ့ကြပါတယ်။

သစ်သားနဲ့လုပ်ထားတဲ့ လက်ဝါးကပ်တိုင်တွေကို ကိုင်ဆောင်လျှောက်
လှမ်းမှုဟာ ရှေးဟောင်း Holy Sepulcher ဘုရားကျောင်းမှာ အဆုံးသတ်ပါတယ်၊ Holy Sepulcher ဘုရားကျောင်းကို ယေရှု ကားစင်တင်ခံ ရတဲ့နေရာပေါ်မှာ
ဆောက်လုပ် ထားတာလို့ ယုံကြည်ကြပါတယ်။

အာရှမှာ Roman Catholic ဘာသာဝင်တွေ အများဆုံးရှိတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ မြောက်ပိုင်းမှာလဲ ဘာသာတရားကိုင်းရှိုင်းသူ တချို့က ယေရှုကား စင်တင်ခံရသလို လက်ဝါး ကပ်တိုင်တွေ မှာ သံမှိုတွေနဲ့ အရိုက်ခံပြီး ပြန်လည်အမှတ်ရပွဲလုပ်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ကျရင်တော့ ယေရှု ရှင်ပြန် ထမြောက်တယ်လို့ ယုံကြည်ကြတဲ့ Easter နေ့အဖြစ် ခရစ်ယာန်ဘာသာဝင်တွေ အထိမ်းအမှတ် ပွဲတွေ ဆင်နွဲကြမှာဖြစ်ပါတယ်။ 
VOA

၂၀၁၉ အာရှအားကစားပွဲ ဗီယက်နမ် လက်ခံကျင်းပမည်မဟုတ်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ၂၀၁၉ ခုနှစ် အာရှအားကစားပွဲစဉ်တွေကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးဖို့ အစီအစဉ်ကို ငွေကြေး အခက်အခဲကြောင့် ပြန်ပြီး ရုတ်သိမ်းလိုက်ကြောင်း ဗီယက်နမ် အစိုးရက ပြောပါတယ်။ ကြာသပတေးနေ့မှာ အစိုးရရုံး ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung က အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ စီးပွါးရေး မပြေလည်တဲ့အတွက် အစိုးရအသုံးစားရိတ်ကို အကန့်အသတ်နဲ့ သုံးနေရပြီး ဒီပွဲတော်အတွက် ကုန်ကျမယ့် ငွေကို တခြား အရေးတကြီး လိုအပ်တဲ့ ကဏ္ဍတွေမှာ သုံးစွဲရမယ်လို့ ဆိုပါတယ်။
ဒီအားကစား ပွဲစဉ်တွေအတွက် ဒေါ်လာသန်း ၁၅၀ လောက်ကုန်ကျမှာမို့ ဗီယက်နမ်နိုင်ငံ အတွက် စားရိတ်သိပ်ကြီးတယ်လို့ ဆိုပါတယ်။  တကယ်တမ်းမှာ ဒီထက်မက ပိုပြီး ကုန်ကျသွားနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။

၂၀၁၂ ခုနှစ် အာရှအားကစားပွဲတော် ကျင်းပစဉ်က အင်ဒိုနီးရှားနိုင်ငံ  Surabaya မြို့နဲ့ ယှဉ်ပြီး အရွေးခံရာမှာ ဟနွိုင်းကို ရွေးခဲ့ကြတာပါ။   အခု အိမ်ရှင်အဖြစ် ဟနွိုင်းက ငြင်းပယ်လိုက်တဲ့ နောက် ၂၀၁၉ ခုနှစ် ပွဲတော်ကျင်းပရမယ့် နေရာကို မသိရသေးပါဘူး။ 
VOA

ကိုရီးယား သင်္ဘောမှောက်မှုကြောင့် ဒုကျောင်းအုပ် ကိုယ့်ဖာသာအဆုံးစီရင်

တိမ်းမှောက်နေတဲ့ ကိုရီးယားသင်္ဘော ကယ်ဆယ်ရေး (ဧပြီ ၁၈၊ ၂၀၁၄)
တိမ်းမှောက်နေတဲ့ ကိုရီးယားသင်္ဘော ကယ်ဆယ်ရေး (ဧပြီ ၁၈၊ ၂၀၁၄)
နစ်မြုပ်သွားတဲ့ တောင်ကိုရီးယား ခရီးသည်တင် သင်္ဘောကနေ ကယ်တင်နိုင်ခဲ့တဲ့ အထက်တန်းကျောင်း ဒုတိယ ကျောင်းအုပ်ကြီးဟာ ဗုဒ္ဓဟူးနေ့မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင် သွားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ SEWOL ခရီးသည်တင် သင်္ဘော နစ်မြုပ်ရာမှာပျောက်ဆုံးနေတဲ့ ခရီးသည် ၂၇၀ နီးပါးကိုရှာဖွေနေရာမှာ တစထက် တစ မျှော်လင့်ချက် နည်းပါးလာချိန်မှာ အခုသတင်း ထွက်ပေါ်လာ တာပါ။

အသက် ၅၂ နှစ်အရွယ် ဒုတိယကျောင်းအုပ်ကြီး Kang Min-Kyu ဟာ၊ အဲဒီခရီးသည်တင် သင်္ဘောနဲ့ ခရီးထွက်ကြတဲ့ ကျောင်းသား ၃၂၅ ဦးပါ အဖွဲ့ကို ဦးဆောင်သူဖြစ်ပါတယ်။ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ သူတွေ ပျောက်ဆုံးနေဆဲဖြစ်သူတွေရဲ့ မိသားစုတွေ ခေတ္တနေထိုင်နေရာ Jindo ကျွန်းပေါ်က ကာယ အားကစားခန်းမတခု အနီးမှာရှိတဲ့ သစ်ပင်တပင်မှာ သူ့ရဲ့ ခါးပတ်ကို အသုံးပြုပြီး ကြိုးဆွဲချ သေဆုံးနေတာ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
သတမ်းစာမှာ သူ့အနေနဲ့ အသက်ရှင်လျှက်ကျန်ရှိနေတာကို အပြစ်ရှိတယ်လို့ ခံစားရတဲ့အတွက် အခုလိုလုပ်ရတာ ဖြစ်တယ်လို့ ဒုတိယကျောင်းအုပ်ကြီး က ရေးသားထားပါတယ်။ အခုအချိန် အထိ သေဆုံးသူလို့ အတည်ပြုနိုင်သူ ၂၈ ဦးရှိပြီး၊ ၁၇၉ ဦး ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အထက်တန်း ကျောင်းသူ၊ကျောင်း သားတွေ အများအပြား အပါအ၀င် လူတွေ ရာနဲ့ချီပြီး ပျောက်ဆုံးနေ ဆဲဖြစ်ပါတယ်။
VOA

ဧ၀ရတ် တောင်နှင်းထုပြို လူတစ်ရာခန့် ပိတ်မိ

ဧဝရတ်တောင်မှာ နှင်းထုပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပွါးနေ တာမို့ တောင်တက် သမား တရာလောက် လမ်းမှာပိတ်မိနေကြသလို  သောကြာနေ့ အစောပိုင်း ပြိုမှုကြောင့်သေဆုံးရတဲ့  ဒေသခံ Sherpa လမ်းပြက  ၁၂ ဦးထက်မနည်း ရှိနေပါတယ်။ နောက် လမ်းပြ ၃ ယောက်က ဒဏ်ရာတွေ ရခဲ့ကြသလို ၄ ယောက်လည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။  အခု နှင်းထုပြိုကျမှုဟာ ဧဝရတ်တောင်မှာ ဖြစ်ပွါးခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှ အဆိုးဝါးဆုံး ဖြစ်မယ်လို့ သတ်မှတ်ကြပါတယ်။  ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို စနေနေ့မှာ ဆက်လုပ်ကြမှာဖြစ်ပါတယ်။

အခုလိုနှင်းထုပြိုကျမှုတွေ ဖြစ်ပွါးခဲ့တဲ့အတွက် ဧဝရတ်တောင်တက်နေသူတွေ လုံးဝရပ်နားထားရတယ်လို့ တောင်တက်သမား  Alan Arnette ကပြောပါတယ်။  တောင်ဆက်တက်နိုင်ဖို့အတွက်  လမ်းကြောင်း အသစ် ရှာဖွေနိုင်အောင် ရက်ပေါင်းအတော်ကြာနိုင်တယ် လို့လည်း ဆိုပါတယ်။

နီပေါခရီးသွားဝန်ကြီးဌာနကတော့ တောင်တက်ကျွမ်းကျင်တဲ့  Sherpa ဒေသခံတွေဟာ အမြင့်ပေ တသောင်းကိုးထောင်ကျော်မှာရှိတဲ့  Popcorn Field လို့ခေါ်တဲ့ နေရာမှာ တောင်တက်သူတွေအတွက်  သူတို့အရင်စောစော ထွက်ပြီး  ကြိုးတွေကို ပြင်ပေးနေစဉ်  အခုလို နှင်းထုတွေ ပြိုကျခဲ့တာလို့ ပြောပါတယ်။
VOA

တိမ်းမှောက် သွားတဲ့ တောင်ကိုရီးယား သင်္ဘော ကပ္ပတိန်ကို ဖမ်းဆီး

သဘောင်္က အရင်ဆုံး ထွက်ခွာသူ Captain ကို ဖမ်းဆီး။
သဘောင်္က အရင်ဆုံး ထွက်ခွာသူ Captain ကို ဖမ်းဆီး။
တောင်ကိုရီးယားနိုင်ငံမှာ နစ်မြုပ်သွားတဲ့ ခရီးသည်တင် ကူးတို့သင်္ဘောက သင်္ဘောကပ္ပတိန် နဲ့ သင်္ဘောသား ၂ ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့က တရားဝင်ဖမ်းဆီးလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က သင်္ဘောမှောက်သွားပြီး သိပ်မကြာခင်မှာပဲ ခရီးသည်တွေကို ထားပြီး ထွက်ပြေးခဲ့တဲ့ အမှုတွေ နဲ့ စွဲချက်တင်လိုက်ပါတယ်။ အသက် ၆၉ နှစ်အရွယ်သင်္ဘော ကပ္ပတိန်ဟာ ခရီးသည်တွေကို ကာကွယ်ရမယ့် သူ့ရဲ့ တာဝန်ကို ပျက်ကွက်ခဲ့ပြီး၊ မျက်မြင်သက်သေတဦးအဆိုအရတော့ မြုပ်နေတဲ့သင်္ဘောကနေ အရင်ဆုံးထွက်ခွာတဲ့သူတွေထဲမှာ ပါဝင်တယ်လို့ စုံစမ်းသူတွေက စွပ်စွဲနေကြပါတယ်။

ဒီသင်္ဘောဘာကြောင့် တိမ်းမှောက်သွားတယ်ဆိုတာကို အခုချိန်ထိမသိရသေးဘဲ ဆက်လက်စုံစမ်းနေတုန်းပဲဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း သင်္ဘောမှောက်မှုနဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံက ကျွမ်းကျင်သူတွေတဦးက အခုလိုသုံးသပ်ပါတယ်။

“သင်္ဘောရဲ့ အနောက်ဘက်တံခါးပွင့်သွားတာကြောင့် အခုလို တိမ်းမှောက်သွားတာဖြစ်နိုင်တယ် ဆိုပြီး သူကပြောသွားတာဖြစ်ပါတယ်။ သင်္ဘောမှောက်ရာ ကနေ ၂ ၈ယောက်သေဆုံးကြောင်းအတည်ပြုပြီး၊ အထက်တန်းကျောင်းသားအများစုပါဝင်တဲ့ ကျန် ၂၇၄ ယောက်ပျောက်ဆုံးနေတာ၊ အသက်ရှင်လျှက်တွေ့ရှိမယ့်အလားအလာတွေ နည်းပါးနေပြီဖြစ်ပါတယ်။

သင်္ဘောလူးလွန့်စအချိန်မှာ၊ ကပ္ပတိန်ဟာ ခရီးသည်တွေကို ငြိမ်သက်စွာ ထိုင်နေဖို့ ညွန်ကြားပြီး ထွက်ပြေး လွတ်မြောက်နိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ထားခဲ့တယ်လို့ သံသယဖြစ်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယား ယုံဟပ်သတင်းဌာနက ဆိုပါတယ်။

သောကြာနေ့မနက်ပိုင်းတုန်းကတော့ - ကျောင်းသူကျောင်းသား ၃၀၀ ကျော် ပါဝင်တဲ့ ဒီလေ့လာရေးခရီးကို ဦးဆောင်ခဲ့သူ အထက်တန်း ဒုတိယကျောင်းအုပ်ကြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ 
VOA

Friday, April 18, 2014

မုန်တိုင်းအန္တရာယ်ရှိတယ် (မိုးလေ၀သပညာရှင် ဦးထွန်းလွင်နဲ့ မေးမြန်းချက်)

ဦး​ထွန်းလွင်
ဦးထွန်းလွင်
 အခုရက်ပိုင်း မိုးတိမ်တောင်အန္တရာယ်နဲ့ မုန်တိုင်းအန္တရာယ်ရှိတာကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေ၀သပညာရှင်က သတိပေးလိုက်ပါတယ်။
မိုးကြိုကာလ ၀င်ရောက်လာပြီမို့ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဲဒီ မိုးတိမ်တောင်တွေကြောင့် နေရာကွက်ပြီး မိုးကြီးခြင်း၊ လျှပ်တပြက် ရေကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ မြန်မာပြည်အနှံ့ ဖြစ်ပွားနိုင်တာမို့ သတိပြု နေထိုင်ကြဖို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေး ပြောကြားလိုက်ပါတယ်။
အထူးသဖြင့် ဧပြီလ ၂၀ ရက်မှ မေလ ၁၀ ရက်အထိ ရက် ၂၀ အတွင်း မုန်တိုင်းသတင်းကို နားစွင့်ထားကြဖို့လည်း သတိပေး နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။
အခုရက်ပိုင်းဖြစ်ပေါ်နေတဲ့ ထူးခြား မိုးလေ၀သဖြစ်စဉ်တွေနဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်တက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်ကို ဒီဗီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။


ရွှေအောင် DVB

တရုတ်အစိုးရ လူအခွင့်အရေးလှုပ်ရှားသူ ၄ ဦးကို ထောင် ၃ နှစ်ခွဲ ချမှတ်


တရုတ်နိုင်ငံမှာ အစိုးရအာဏာပိုင်တွေရဲ့ ပိုင်ဆိုင်မှုကို ဖော်ပြဖို့ တောင်းဆိုခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ၄ ဦးကို တရုတ်အာဏာပိုင်တွေက ထောင်ဒဏ်အများဆုံး ၃ နှစ်ခွဲ ဧပြီ ၁၈ ရက်မှာ ချမှတ်လိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ပြစ်တင် ရှုတ်ချနေတာတွေကို နောက်ဆုံး တုန့်ပြန်လိုက်တာ ဖြစ်ပြီး တချို့ လူ့အခွင့်အရေးအဖွဲ့တွေက အပြစ်ဒဏ်တွေဟာ ပြင်းထန်လွန်းတယ်လို့ ဆိုပါတယ်။
china_citizens_movement_xaw101_40586619 
ထောင်ချခဲ့ရသူတွေဟာ ၀တ္တရားနှောင့်ယှက်မှုနဲ့ စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၅ နှစ်ချခံရနိုင်တဲ့ ပြစ်မှုလည်း ဖြစ်ပါတယ်။
အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဒင်က ထောင် ၃ နှစ်ခွဲ ကျခဲ့ပြီး ၁ ဦးက ထောင် ၂ နှစ်ခွဲနဲ့ ကျန် နှစ်ဦးကတော့ ထောင် ၂ နှစ်စီ ချခံခဲ့ရပါတယ်။
ဒင်ရဲ့ ရှေ့နေ က ထောင်ချခံရသူတွေဟာ ဘယ်အစိုးရနဲ့ အဖွဲ့အစည်းကိုမှ ထိခိုက်အောင် လုပ်ဆောင်ခဲ့တာ မရှိသလို ဘယ်သူတဦးတယောက်ကိုမှလည်း ထိခိုက်တာ မရှိခဲ့ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။
ထင်ရှားတဲ့ တရုတ်လူ့အခွင့်အရေးခေါင်းဆောင်ကို ထောင်ဒဏ် ၄ နှစ် အပြစ်ပေးပြီး ၁ ပတ်အတွင်း အခုလို့ လူအခွင့်အရေးလှုပ်ရှားသူ နောက်ထပ် ၄ ဦးကို အပြစ်ပေး ထောင်ချတာ ဖြစ်ပါတယ်။
တရုတ်အစိုးရအဖွဲ့အတွင်း အဂတိလုပ်စားမှုတွေဟာ ကွန်မြူနစ်ပါတီကြီးကိုပါ အန္တရာယ် ကျရောက်နိုင်တယ်လို့ သမ္မတက သတိပေးထားပြီး တိုက်ဖျက်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
တချိန်ထဲမှာပဲ တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရအုပ်ချုပ်ရေးတွေကို တိုက်ခိုက် စိန်ခေါ်မှုတွေကိုပဲ ပြတ်ပြတ်သား နှိပ်ကွပ်နေတာလည်း ဖြစ်ပါတယ်။
တရုတ်အာဏာပိုင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖော်ပြဖို့ တောင်းဆိုမှုတွေကို တရုတ်အစိုးရက သည်းခံလေ့မရှိပဲ အဂတိလိုက်စားမှု ဆန့်ကျင်ရေးလှုပ်ရှားသူ အနည်းဆုံး ၂၀ ဦး ပြီးခဲ့တဲ့လအတွင်း ထောင်ချခံခဲ့ရပါတယ်။
DVB

နတ္တလင်းမှာ ဘာသာမတူတဲ့ချစ်သူကို ရွာက တားမြစ်တဲ့အတွက် မီးရှို့

ပဲခူးတိုင်း နတ္တလင်းမြို့နယ်မှာ ဘာသာမတူတဲ့ချစ်သူကို မိဘက သဘောတူ ပေမယ့် ရွာသူရွာသားတွေက သဘောမတူတဲ့အတွက် မီးရှို့အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Nattalin 
နတ္တလင်းမြို့နယ် တောင်ညိုမြို့သစ် ကံစုရွာမှာနေထိုင်တဲ့ အမျိုးသမီးငယ် တဦးဟာ နတ္တမြို့ပေါ်က အမျိုးသားတဦးနဲ့ လူငယ်ချင်းချစ်ကြိုက်ရာက သူနေထိုင်ရာ အိမ်ကို အလည်အပတ် ခေါ်ခဲ့ပြီးနောက် ပြဿနာ အစပြု ဖြစ်ပွားခဲ့တာပါ။ လူငယ်အမျိုးသားဟာ မွတ်ဆလင် တဦးဖြစ်တာကို အကြောင်းပြုပြီး ကျေးရွာသားတချို့က အမျိုးသမီးဘက်ကနေ သဘောမတူ ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။
ဧပြီလ ၁၅ ရက်နေ့က ပဋ္ဋိပက္ခ ဖြစ်ပွားပြီး ၁၆ ရက်နေ့မှာ အဖျက်အဆီးတွေလုပ်ခဲ့ကြလို့ နတ္တလင်းမြို့နယ် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးပူးပေါင်း ကော်မီတီ အဖွဲ့ဝင် ဦးခင်အေးက ပြောပါတယ်။
“မိန်းကလေးတွေ ဘက်ကလည်း လိုလားတယ်။ နောက် ဒီကလေးက ပိုက်ဆံလည်း ရှိတော့။ သူတို့တွေရဲ့ စီးပွားရေးအထောက်အပံ့အတွက် လိုလားတယ်။ ရွာက သိပ်မကြိုက်ဘူး၊ သူက ကုလားကိုး။ အဲဒီလို နေရင်းနဲ့ ဧပြီ ၁၅ ရက်နေ့ ည ၉ နာရီမှာ မိန်းကလေး ဖုန်းဆက် ခေါ်တယ်။ အဲဒီလိုဖြစ်တော့ ကျနော်တို့ နတ္တလင်းမြို့ကနေပြီး ရွာကိုသွားတာပေါ့။ ရွာက မလိုလားတဲ့သူတွေက အဲဒီအိမ်ကို ၀ိုင်းပြီး အဲဒီ ကလေးကို ထုတ်ပေးဖို့ ပြောတယ်။ မရှိဘူးဆိုပြီး အိမ်က ငြင်းတာပေါ့။ ထုတ်မပေးရင် အိမ်မီးနဲ့ ရှို့မယ်ပြောတော့ ထုတ်ပေးလိုက်တယ်။ ဒါပေမယ့် ရဲကားက အချိန်မီရောက်သွားတော့ အဲဒီ ကောင်ကလေးကို ရဲကားနဲ့ ပြန်ခေါ်သွားတယ်။ ဒါပေမယ့် ရဲကား မှန်တွေ ဘာတွေ ကွဲသွားတယ်။ ကောင်ကလေးကတော့ မြို့ပေါ်ရောက်သွားတယ်။ အဲဒီမှာ ရွာခံ မိန်းကလေး မိဘတွေနဲ့ ရွာက သံဃာအချို့နဲ့ ကတောက်ကဆ ဖြစ်ကြတယ်။ ၁၆ ရက်နေ့မှာ အိမ် ၄ အိမ် အဖျက်ခံရတယ်။”
ဒီဖျက်စီးမှုတွေနဲ့ပတ်သက်ပြီး ဧပြီလ ၁၇ ရက်နေ့မှာ ပဲခူးတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းနဲ့ ဒေသအာဏာပိုင်များ ဆွေးနွေးကြပြီး မြို့ပေါ်မှာ နောက်ဆက်တွဲ ပြဿနာမဖြစ်အောင် ထိန်းချုပ်မှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။
ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ တစုံတရာ အရေးယူဆောင်ရွက်မှု မရှိသေးဘူးလို့ နတ္တလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကလည်း ပဲခူးတိုင်းတွင်းက ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ မင်းလှ၊ သာယာဝတီ၊ မိုးညို စတဲ့မြို့နယ်တွေမှာ ဘာသာရေးဆန်ဆန် အကြမ်းဖက်ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။
DVB

တောင်ကိုရီးယား သင်္ဘောနစ်မြှုပ်မှုကြောင့် ပျောက်ဆုံးနေတဲ့လူတွေ အသက်ရှင်ဖို့ မျှော်လင့်ချက် လျော့ပါး

ဓာတ်ပုံ - ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ

တောင်ကိုရီးယား သင်္ဘောနစ်မြှုပ်မှုမှာ ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းအထိ ၁၇၉ ယောက်ကိုပဲ ကယ်တင်နိုင်တယ်လို့ အတည်ပြုခဲ့ပြီး ၂၇၀ ၀န်းကျင် ပျောက်ဆုံးနေပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ၃ ရက်မြောက် ဖြစ်လို့ ပျောက်ဆုံးနေတဲ့လူတွေ အသက်ရှင်ဖို့ မျှော်လင့်ချက်တွေ လျော့ပါးနေပါတယ်။

ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းအထိ ၂၈ ယောက် သေဆုံးတယ်လို့ အရာရှိတွေက အတည်ပြုပြီး ရှာဖွေရေးလုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ သင်္ဘောနစ်မြှုပ်သွားတဲ့နေရာကို ၀န်ချီစက်တွေ ရောက်နေပါတယ်။ ကရိန်း ၃ ခုကို သင်္ဘောနစ်မြှုပ်တဲ့နေရာကို ပို့ထားတယ်လို့ အစိုးရက ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က ပြောခဲ့ပြီး သဘောင်္နစ်မြှုပ်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။
သင်္ဘောကုမ္ပဏီ ဥက္ကဋ္ဌက ဧပြီ ၁၇ ရက်နေ့က လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။ သဘောင်္အရာရှိတွေနဲ့ ၀န်ထမ်းတွေဟာ ကြီးမားတဲ့ အမှားကို ကျူးလွန်ခဲ့ကြတယ်လို့ သင်္ဘောကုမ္ပဏီ ဥက္ကဋ္ဌ ကင်ဟင်ဆစ်ခ်က ၀န်ခံ တောင်းပန်လိုက်ပါတယ်။
အသက် ၆၉ နှစ်အရွယ်ရှိ သင်္ဘောကပ္ပတိန် လီဂျွန်ဆွခ်လည်း ရာဇ၀တ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးခံနေရတယ်လို့ ကမ်းခြေစောင့်အရာရှိတွေက ပြောပါတယ်။
သင်္ဘောကပ္ပတိန်ဟာ သင်္ဘောကို ခပ်စောစောကတည်းက စွန့်ထားခဲ့သလားဆိုတာကို စုံစမ်းနေတယ်လို့ အရာရှိတယောက်က ပြောပါတယ်။
သင်္ဘောကပ္ပတိန်ဟာ အစောဆုံး ကယ်တင်ခဲ့ရတဲ့ လူတွေထဲက တယောက်ဖြစ်တယ်လို့ အသက်ရှင်လွတ်မြောက်သူတွေကို ကိုးကားပြီး ဒေသမီဒီယာတွေက အစီရင်ခံပါတယ်။
သဘောင်္နစ်မြှုပ်ရတဲ့ အကြောင်းရင်းကို တရားဝင်ထုတ်ပြန်တာ မရှိသေးပေမယ့် သင်္ဘောဟာ မူလလမ်းကြောင်းကနေ ရုတ်တရတ် ချိုးကွေ့ခဲ့လို့ မှောက်သွားတယ်ဆိုတဲ့ သတင်းတွေကတော့ အရာရှိတွေက ငြင်းဆန်ထားပါတယ်။
နစ်မြှုပ်သွားတဲ့ သင်္ဘောဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ဂျပန်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်းဟေးကလည်း ဧပြီ ၁၇ ရက်နေ့မှာပဲ သင်္ဘောနစ်မြှုပ်တဲ့ တောင်ကိုရီးယား တောင်ပိုင်းကမ်းခြေဒေသကို သွားကြည့်ခဲ့ပါတယ်။
ဧပြီ ၁၇ ရက်နေ့မှာဘဲ ပင်လယ်မှာ လေနဲ့ လှိုင်း ထန်ခဲ့တဲ့တွက် ရှာဖွေရေး လုပ်ငန်းတွေကို ခက်ခက်ခဲခဲ လုပ်ခဲ့ရပြီး ကမ်းခြေစောင့်တပ်နဲ့ ရေတပ်က ရေငုပ်သမားတွေကလည်း ရေငုပ် ရှာဖွေနေပါတယ်။
ဧပြီ ၁၆ ရက်နေ့မှာ အင်ချွန်းကမ်းခြေကနေ ဂျီဂျူးကျွန်းဆီကို အားလပ်ရက်ခရီးထွက်ရင်း နစ်မြှုပ်သွားတဲ့သင်္ဘောပေါ်မှာ လူအယောက် ၃၄၀ ဟာ ဒန်ဝန်းအထက်တန်းကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ ဖြစ်ပါတယ်။
DVB

သံတွဲ စတိုးဆိုင် ဓားထောက်လုယက်မှုနှင့် ရေတပ်သားတဦးကို ဖမ်းဆီး


သံတွဲမြို့လည်ရှိ ဈေးဆိုင် တန်းများအား မြင်တွေ့ရစဉ်
သံတွဲမြို့လည်ရှိ ဈေးဆိုင်တန်းများအား မြင်တွေ့ရစဉ်
18 April 2014
ရခိုင်ပြည်နယ် သံတွဲမြို့မှာ စတိုးဆိုင်တဆိုင်ကို ဓားထောက်လုယက်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ သံသယနဲ့ ရေတပ်သားတယောက်ကို ဖမ်းဆီးထားပြီး ဆက်လက်အရေးယူနိုင်ဖို့ ရေတပ် တာဝန်ရှိသူတွေကို လွှဲပေးထားတယ်လို့ သံတွဲရဲစခန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့က သံတွဲမြို့လယ် မဟာဗဒ္ဓုလ လမ်းမှာရှိတဲ့ စတိုးဆိုင်တဆိုင်မှာ နှစ်ခေါင်းစီးတပ်လူငယ်တဦးက ဈေးသည်အမျိုးသမီးကို ဓားထောက် လုယက်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး အနီးအနားဝန်းကျင်က လူတွေက ၀ိုင်းဝန်းဖမ်းဆီး ရဲစခန်းကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
သံတွဲမြို့လည်ရှိ ဈေးဆိုင်တန်းများအား မြင်တွေ့ရစဉ်
ဖမ်းဆီးခံရသူဟာ ရေတပ်သားတဦးဖြစ်ပြီး ဆက်လက်အရေးယူနိုင်ဖို့ ရေတပ်တာဝန်ရှိသူတွေကို လွှဲပြောင်းပေးထားတယ်လို့ သံတွဲမြို့မ ရဲစခန်းက တာဝန်ကျ ဒုရဲအုပ် အောင်နိုင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ “အဲဒါနဲ့ ပတ်သက်ပြီးတော့ ဖြစ်တဲ့နေ့ကပဲ ဖမ်းဆီးပြီး ရေတပ်ကို လွှဲပြောင်းပေးပြီးပါပြီ ခင်ဗျ။ လောလောဆယ်ကတော့ ကျင့်ဝတ်ဆိုင်ရာနဲ့ အမှုဖွင့်ထားတယ်။ ဖွင့်ထားတာကို သူတို့ရဲ့ အထက်ဌာန အကြီးအကဲတွေဆီကို ကျနော်တို့က ဒီကနေပြီးတော့ ကျင့်ဝတ်ဆိုင်ရာနဲ့ ဖွင့်သင့် မဖွင့်သင့် ဒါမှမဟုတ် စစ်စည်းကမ်းနဲ့ပဲ ဖွင့်သင့်မဖွင့်သင် အကြံဥာဏ်ပြုပါလို့တော့ စတင်ထားပါတယ်။”
ဖမ်းဆီးထားသူကို ဥပဒေအရ အရေးယူပေးဖို့ ဈေးသည် မရွှေနီလာမြင့်က တရားလိုလုပ် တိုင်တန်းထားပြီး သံတွဲ မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
လုယက်မှုခံခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တရားလိုဖြစ်တဲ့ မရွှေနီလာမြင့်က ဒီဗွီဘီကို အခုလို ပြန်ပြောပြပါတယ်။
“ဗီရိုပေါ်တင်ထားတဲ့ အရုပ်ကြီးကို ဘယ်လောက်လဲလို့ မေးတဲ့အခါမှာ မနီလာက ၅ သောင်း ၆ သောင်းလို့ ပြောတဲ့အချိန်မှာ ဘယ်အချိန်က ဓားကို ထုတ်ထားလဲ မသိ။ ဓားထုတ်တဲ့အချိန်မှာ မနီလာတဲ့ ဗိုက်တည့်တည့်ကို ဓားထောက်ထားတယ်။ မနီလာက ဓားပြတိုက်တယ်လို့ အော်တာပေါ့။ အော်ပြီး မနီလာက အဲဒီကောင်ကို ဆောင့်ဆောင့်ပြီး အိမ်ရှေ့တွန်းသွားတာ။”
လုယက်ဖို့ ကြိုးစားခဲ့သူက တွန်းထိုးခဲ့တဲ့အတွက် မိခင်ဖြစ်သူ တင်ပါးဆုံ နာကျင်သွားပြီး အသေးစား ခွဲစိတ်ကုသရမယ်လို့လည်း မရွှေနီလာမြင့်က ပြောပါတယ်။
လုယက်မှုသံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ရေတပ်သားကို အရပ်ဖက်တရားရုံးမှာ တရားစီရင်မလား စစ်ဖက် တရားရုံးမှာ စီရင်မလားဆိုတာကိုတော့ မသိရသေးပါဘူး။ အရေးယူ ဆောင်ရွက်နေမှု အခြေအနေကို သိရဖို့ သံတွဲရေတပ်စခန်းကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။
နိုင်ငံပိုင်သတင်းစာတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ ဒီလုယက်မှုသတင်းကို ဖော်ပြခဲ့ပေမယ့် ဖမ်းဆီးခံထားရသူဟာ ရေတပ်သားတဦးဖြစ်တယ် ဆိုတာကိုတော့ ထုတ်ဖော် ရေးသားခြင်း မရှိပါဘူး။
DVB

ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေ အရေးကြီးနေပြီ (ဒေါက်တာဦးမြင့်သိန်းနှင့် မေးမြန်းချက်)

ဦးဝင်းတင်
(ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းကိုနိုင် ဧပြီ ၁၈ရက်နေ့က ဦးဝင်းတင်ကို သွားရောက်ကြည့်ရှုနေစဉ်)..

18 April 2014
 ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ကုသခံနေရတဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ အခြေအနေဟာ အရေးကြီးနေပြီဖြစ်သလို အသက်အန္တရာယ် ရှိနေပြီဖြစ်တယ်လို့ သူရဲ့ မိသားစုဆရာဝန် ဒေါက်တာ ဦးမြင့်သိန်းက ပြောပါတယ်။
ဦးဝင်းတင်ရဲ့ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ဒေါက်တာ ဦးမြင့်သိန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

By ကို​ထွေး​DVB

ညောင်ရွှေမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ နေအိမ် (၁၀၀) ကျော် ပျက်စီး

နေအိမ်အပျက်အစီးများ ။ ဓါတ်ပုံ - ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ 

၁၇.၄.၂၀၁၄ရက်နေ့ ၁၆၂၀အချိန်မှ ၁၆၃၀ အချိန်ထိ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး ခရိုင်၊ ညောင်ရွှေ မြို့နယ်တွင် လေပြင်း တိုက်ခတ်ပြီး မိုးသည်း ထန်စွာ ရွာသွန်းခဲ့သဖြင့် ညောင်ရွှေမြို့နယ် အတွင်းရှိ နေအိမ်(၁၀၀)ကျော် ပျက်စီးခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ လေပြင်း တိုက်ခတ်မှုကြောင့် သလဲဦးကျေးရွာ အုပ်စုအတွင်း ကျေးရွာ ၆ ရွာမှ လူနေအိမ် ၆လုံး လဲပြို ပြီး ၉၃လုံးအမိုးများ လန်သွားခဲ့ကြောင်း ၊ ကျွန်းကြီးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၅ ရွာတွင် လည်း နေအိမ် ၆ လုံး လဲပြို ပြီး ၁၅ လုံး အမိုးလန်သွားခဲ့ကြောင်း သိရသည်။

နန်းသဲကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာတွင် နေအိမ် ၈ လုံး လဲပြို ပြီး ၇ လုံး အမိုးလန်သွားခဲ့ပါသည်။

ညောင်ရွှေမြို့ပေါ် နန်ပန်းရပ်ကွက်ရှိ နေအိမ် ၂လုံး အမိုးများပျက်စီးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးတန်ဖိုးမှာ ၃၄၂၅၀၀၀ိ/- ဆုံးရှုံးခဲ့ကြောင်း သိရပါသည်။

အဆိုပါ လေပြင်းတိုက်ခတ်၍ ပျက်စီးသည့် ကျေးရွာများသို့ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်၍ လိုအပ် သည်များ ကူညီဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

BY THIT HTOO LWIN

လူ ၁၂ ဦး သေဆုံးခဲ့သည့် ကားတိုက်မှုမှ တောင်ပြာတန်း ယာဉ်မောင်း မဖမ်းမိသေး

ယာဉ်တိုက်မှု, ရန်ကုန်-မန္တလေးလမ်းမကြီး, အဝေးပြေးယာဉ်
ယာဉ်တိုက်မှုဖြစ်ပြီး မီးလောင်သောကြောင့် စုစုပေါင်း ၁၂ ဦး သေဆုံးသည် (ဓာတ်ပုံ – မြန်မာ့အလင်း)
ရန်ကုန်-မန္တလေး အမြန်လမ်း  မိုင်တိုင်အမှတ် ၁၁၆ မိုင် အကျော်တွင် ဧပြီလ ၁၂ ရက်နေ့ မနက် ၂ နာရီကျော်က ဖြစ်ပွားခဲ့သည် လူ ၁၂ သေဆုံးခဲ့သော ကားတိုက်မှုတွင် ယာဉ်မဆင်မခြင် မောင်းနှင်သူ တောင်ပြာတန်း မှန်လုံခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ဖြူးမြို့နယ်ရဲစခန်းမှ စုံစမ်းသိရှိရသည်။
ဧပြီလ ၁၂ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်တွင် နေပြည်တော်မှ ရန်ကုန်သို့ ထွက်လာသော တောင်ပြာတန်း မှန်လုံခရီးသည်တင် ယာဉ်သည် ယာဉ်အမှတ် ၉က/—-၊ ချီဆာ ဆလွန်းအဖြူရောင်ကို ကျော်တက်နေစဉ် နောက်မှဝင်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်သို့ ယာဉ် ၂ စီးလုံး တရွတ်တိုက်ပါသွားကြောင်း၊ ယင်းနောက် ချီဆာ ဆလွန်းယာဉ်ပေါ်သို့ ခရီးသည်တင် မှန်လုံယာဉ် ပိကျပြီး မီးလောင်ခဲ့ကြောင်း၊ တောင်ပြာတန်း ခရီးသည်တင်ယာဉ်ပေါ်မှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၆ ဦးနှင့် ဆလွန်းယာဉ်တွင် လိုက်ပါလာသော ရန်ကုန်တိုင်း ဒေသကြီး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဦး (၅၂ နှစ်)၊ ဇနီး ဒေါ်သန်းသန်းနု (၄၄ နှစ်)၊ သား မောင်နေသာဦး (၆ နှစ်) ၊ တူမ ၂ ဦး၊ ယာဉ်မောင်း ဦးဆန်းထွန်းနိုင် (၄၄ နှစ်) တို့ ၆ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။
အခင်းဖြစ်သည့်နေ့တွင် တောင်ပြာတန်း ခရီးသည်တင် ယာဉ်မောင်းက ထွက်ပြေးသွားကြောင်း စစ်ဆေးတွေ့ရှိပြီး  ၄င်းနေထိုင်ရာ  ရန်ကုန်မြို့ရှိ နေအိမ်သို့ သွားရောက်ရှာဖွေသော်လည်း အိမ်တံခါး ပိတ်ထားသည်ကို တွေ့ရကြောင်း၊ ယနေ့အချိန်အထိ တောင်ပြာတန်း ခရီးသည်တင် ယာဉ်မောင်းကို ဖမ်းဆီး အရေးယူနိုင်ရန်အတွက် စုံစမ်းဆဲဖြစ်ကြောင်း ဖြူးရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းထွဋ်အောင်က ဧရာဝတီသို့ ပြောသည်။
“အခုတော့  ခရီးသည်တွေရဲ့  စာရင်းတွေနဲ့ တိုက်ဆိုင်  စစ်ဆေးလိုက်တဲ့အတွက်  ဘယ်သူတွေ သေဆုံးတယ်ဆိုတာ ကျနော်တို့ အတည်ပြုလို့ရပါပြီ။ အားလုံး အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၆ ဦးပါ” ဟု ရဲအုပ် ဝင်းထွဋ်အောင်က ဆိုသည်။
အခင်းဖြစ်စဉ်တွင် တောင်ပြာတန်း ခရီးသည်တင် မှန်လုံယာဉ် အရှေ့ပိုင်းတွင် မီးလောင်ခဲ့သည့်အတွက် ယာဉ်မောင်း သေဆုံးခြင်းရှိမရှိကို ချက်ချင်း အတည်မပြုနိုင်ခဲ့ကြောင်း၊ သေဆုံးသူများ၏ အနေအထားနှင့် ခရီးသည်အရေအတွက်ကို တိုက်ဆိုင်စစ် ဆေးသည့်အခါ ယာဉ်မောင်းမှာ ထွက်ပြေးခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း ဖြူးရဲစခန်းမှူး ရဲအုပ် ဝင်းထွဋ်အောင်က ဆိုသည်။
“ကျနော်တို့ အခင်းဖြစ်တဲ့ နေရာကိုရောက်တော့ ယာဉ်မောင်းနေရာမှာ တဦးက တွဲလဲကျ သေဆုံးနေ တာကိုတွေ့ရတယ်။ ဒါပေမယ့် တကယ်တမ်းစစ်ဆေး လိုက်တဲ့အခါမှာ သေဆုံးနေတဲ့သူက ယာဉ်မောင်း မဟုတ်ဘူး။ ဒါ့ကြောင့် ယာဉ်မောင်း ထွက်ပြေးရှောင် တိမ်းတယ်ဆိုတာ အတည်ပြုလို့ရတယ်။ ညတွင်းချင်းပဲ အဲဒီယာဉ်လိုင်း၊ ယာဉ်ပိုင်ရှင် လိပ်စာတွေကနေ ယာဉ်မောင်းဖြစ်သူကို သွားရှာတယ်။ မတွေ့ရဘူး။ ကျနော်တို့က ၃ ကြိမ်လောက်အထိ သူ့အိမ်ကို သွားကြည့်ဦးမယ်။ မတွေ့ရရင်တော့ တရားခံပြေးအဖြစ် သတ်မှတ်ရတော့မှာပေါ့” ဟု ၄င်းကဆိုသည်။
ထို့အတူ ဧပြီလ ၁၄ ရက်နေ့ကလည်း အမြန်လမ်း  မိုင်တိုင်အမှတ် ၃၁၆ မိုင်  အကျော်တွင် တက်လမ်း ခရီးသည်တင် မှန်လုံယာဉ် ၆င/—- နှင့် နေလ ခရီးသည်တင် မှန်လုံယာဉ် ၅ဂ/—- တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တက်လမ်း ခရီးသည်တင် ယာဉ်ပေါ်မှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်း၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ဒဏ်ရာရခဲ့ကြောင်း၊ နေလ ခရီးသည်တင်ယာဉ်မှ အမျိုးသား ၁ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဧရာဝတီ 

Thursday, April 17, 2014

ယခုနှစ် သင်္ကြန်ကာလအတွင်း မှုခင်းပေါင်း ၁၉၄ မှု ဖြစ်ခဲ့ပြီး လူ ၁၅ ဦးသေဆုံး


ဒီနှစ်သင်္ကြန်ကာလအတွင်း တနိုင်ငံလုံးမှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်းပေါင်း ၁၉၄ ခု ဖြစ်ပွားခဲ့ကာ လူ ၁၅ ယောက်သေဆုံးပြီး ၁၉၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးချုပ် ၀င်းခေါင်က ဒီဗွီဘီကို ပြောပါတယ်။

အများဆုံးမှုခင်းဖြစ်တဲ့ ခိုက်ရန်ဖြစ်ပွားတာက ၆၄ ခုဖြစ်ခဲ့ပြီး ၁၀၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ပြီးတော့ ယာဉ်တိုက်မှု ၂၅ မှု မှာ ၄ ယောက်သေဆုံးပြီး ၈၈ ယောက်ဒဏ်ရာရခဲ့တယ် လို့ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။

သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားတာဟာ မနှစ်ကထက် ၁၇ ခု တိုးလာပြီး သေဆုံးသူကတော့ ၁၇ ယောက် လျော့သွားခဲ့တာပါ။

သင်္ကြန်အကြိုနေ့မှာ မှုခင်း ၁၃ ခု၊ အကျနေ့မှာ ၄၀၊ အကြတ်နေ့မှာ ၆၀ နဲ့ အတက်နေ့မှာတော့ အများဆုံးဖြစ်ခဲ့ပြီး ၇၈ ခု ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးတိုင်းမှာ အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သင်္ကြန်ကာလမှာ ရန်ကုန်တိုင်းအတွင်း မှုခင်းဖြစ်ပွားတာတွေ လျော့နည်းဖို့အတွက် လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီက ကွပ်ကဲမှုရုံးတွေ ဖွင့်လှစ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

သင်္ဘော နစ်မြုပ်ရတဲ့ အကြောင်းရင်း စုံစမ်းဆဲ

 
တောင်ကိုရီးယား ကျောင်းသား ကလေးငယ် ရာနဲ့ ချီ လိုက်ပါခဲ့တဲ့ နစ်မြုပ်သွားတဲ့ ဖယ်ရီ သင်္ဘော နောက်ဆုံး အချိန်တွေမှာ ဘာဖြစ်ခဲ့တယ် ဆိုတဲ့ အသေးစိတ်ကို စုံစမ်းနေတယ်လို့ ကမ်းခြေစောင့် တပ်တွေက ပြောပါတယ်။

ခရီးသည်တွေ အနေနဲ့ သင်္ဘောကို စွန့်ခွာပြီး အသက်ကယ်လှေတွေဆီ သွားကြဖို့ သင်္ဘော အဖွဲ့သားတွေက အမိန့်ပေးတာ နှောင့်နှေးခဲ့တယ် ဆိုတဲ့ ပြောဆိုမှုတွေကို အတည်ပြုဖို့တော့ အရာရှိတွေက ငြင်းဆိုခဲ့ကြပါတယ်။

Sewol ရေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ လူ ၁၇၉ ယောက်ကို ကယ်တင် နိုင်ခဲ့ပေမယ့် နောက်ထပ် လူ ၃၀ဝ နီးပါး ကတော့ ပျောက်ဆုံးနေတုန်း ဖြစ်ပါတယ်။

ရေစီးသန်တဲ့ လှိုင်းဂယက်တွေကြောင့် မြုပ်နေတဲ့ သင်္ဘောထဲက အခန်းတွေထဲ ရေငုပ်သမားတွေ ဝင်ရောက် ရှာဖွေဖို့ အခက်အခဲ ရှိနေပါတယ်။

အစောပိုင်း သတင်းတွေကတော့ ရေငုပ်သမား ၃ ယောက် ရေစီးထဲ ပါသွားလို့ ကယ်ဆယ်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးက သင်္ဘော နစ်မြုပ်ရာ အနီး ဆိပ်ကမ်းမှာ ရှိနေကြတဲ့ ခရီးသည်တွေရဲ့ မိသားစုတွေကို သွားရောက် တွေ့ဆုံ အားပေးစကား ပြောခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနှင့် ပြင်သစ်နိုင်ငံ ခရီးစဉ်ကနေ ပြန်လည် ရောက်ရှိ

 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်ကနေ ဧပြီ ၁၇ ရက် ဒီနေ့ မနက် ၈ နာရီ မိနစ် ၅၀ မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၉ ရက်နေ့က စပြီး ဂျာမနီနိုင်ငံနဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်တွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီနိုင်ငံခရီးစဉ်အတွင်းမှာ ဂျာမန်သမ္မတ၊ ၀န်ကြီးချပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ဆုံခဲ့ပြီးနောက် ဂျာမန်ပါလီမန်ကို သွားရောက်လေ့လာပြီး ပါလီမန်ဥက္ကဋ္ဌနဲ့ လွှတ်တော်ရေးရာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် လူတွေ အချင်းချင်းကြား နိုင်ငံတကာ နားလည်မှုတွေ မြှင့်တင်ပေးနိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပေးအပ်တဲ့ နိုင်ငံတကာ ၀ီလီဘရန့်ဒ်ထ်ဆုကို လက်ခံရယူ ခဲ့ပါတယ်။

ဧပြီ ၁၄ ရက်မှာတော့ ပြင်သစ်နိုင်ငံကို ခရီးဆက်ခဲ့ပြီး ပါရီမြို့တော်မှာ သမ္မတ ဟော်လန်ဒီ၊ နိုင်ငံခြားရေးဝန်ကြီး အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

By ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကို ဂုဏ်ယူကြောင်း ပြင်သစ်အစိုးရ ပြောကြား

 
ပြင်သစ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်အဖြစ် ရောက်ရှိလာတဲ့အပေါ် ကြိုဆိုကြောင်း၊ ပြင်သစ်နိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြားမှာရှိတဲ့ ဆက်ဆံရေးကို ဂုဏ်ယူကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius က ပြောကြားလိုက်ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ မနေ့က တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲကို ပြင်သစ်နိုင်ငံနဲ့အတူ အီးယူ ဥရောပသမဂ္ဂက စောင့်ကြည့်နေကြောင်း၊ မြန်မာပြည်သူလူထု လွတ်လပ်စွာမဲပေးနိုင်ခွင့်၊ နိုင်ငံရေးပါတီတွေ လွတ်လပ်စွာမဲဆွယ်စည်းရုံးနိုင်ခွင့်၊ နိုင်ငံရေးပါတီတိုင်း ရွေးကောက်ပွဲဝင်နိုင်ခွင့် ရရှိရေးအတွက် ပြင်သစ်အစိုးရက မျက်ခြေမပြတ် စောင့်ကြည့်သွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် တိုင်းရင်းသားတွေနဲ့ ငြိမ်ချမ်းရေးကိစ္စတွေကိုလည်း စောင့်ကြည့်ပြီး လွတ်လပ်စွာပြောဆိုခွင့်နဲ့ ပညာရေးကဏ္ဍတွေမှာ အရင်ကထက် ပိုမိုကူညီအားပေးသွားမှာဖြစ်ကြောင်း၊ မိမိတို့ပြင်သစ်အစိုးရဟာ လက်ရှိ မြန်မာအစိုးရခေါင်းဆောင်ပိုင်းနဲ့ ဆွေးနွေးမှုတွေရှိကြောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး ထွန်းကားရေးအတွက် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အားပေးကူုညီခဲ့တာဖြစ်သလို ဆက်လက်ပြီးလည်း ကူညီသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေလည်း ပိုမိုတိုးမြှင့်လုပ်ကိုင်နိုင်ဖို့ ကြိုးစားနေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၅ ရွေးကောက်ပွဲနဲ့အတူ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြသွားခဲ့ပါတယ်။

၂၀၁၅ မှာဘာတွေဖြစ်လာမလဲဆိုတာဟာ ၂၀၁၄ ရဲ့ ဆုံးဖြတ်လုပ်ဆောင်ချက်တွေပေါ်မှာ မူတည်ပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အလွယ်တကူ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ အများအပြားရှိနေကြောင်း၊ အဲဒီပြဿနာတွေဖြေရှင်းဖို့ အချိန်အများကြီးလိုအပ်သလို အစိုးရက အဓိက ဖြေရှင်းပေးရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီအားပေးဖော်ဆောင်ပေးချင်တဲ့ အစိုးရတိုင်းက မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကူညီပေးဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန် François Hollande နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ်နိုင်ငံကနေ ထွက်ခွာလာမှာဖြစ်ပြီး မြန်မာနိုင်ငံကို မနက်ဖြန် ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

RFA Burmese

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ (ရုပ်/သံ)

 

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားခဲ့တာ တွေထဲက တချို့ကို ကျမတို့ဝိုင်းတော်သူ မသင်းသီရိက ကောက်နှုတ်တင်ပြထားပါတယ်။ RFA Burmese


ကိုရီးယားသင်္ဘောက ပျောက်နေသူတွေကို ညလုံးပေါက်ရှာ

မီးကျည်တွေနဲ့ ညလုံပေါက်ရှာ
 တောင်ကိုရီးယား ကမ်းခြေက ၁၂ မိုင်အကွာ ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ ခရီးသည်တင် သင်္ဘောက ပျောက်ဆုံးနေဆဲဖြစ်တဲ့ ခရီးသည် ၃၀ဝ နီးပါးကို တညလုံးရှာဖွေနေခဲ့ကြပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး သမားတွေဟာ၊ တိမ်းမှောက်ခဲ့တဲ့ သင်္ဘောကို အားကောင်းတဲ့ မီးမောင်းတွေ မီးကျည်တွေနဲ့ ပျောက်ဆုံးနေသူတွေကို ရေငုတ် ရှာဖွေ နေခဲ့ကြတာပါ။

စောစောပိုင်းကတော့ ၁၇၉ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ခရီးသည် အများစု က ကျောင်းသူကျောင်းသားတွေ ဖြစ်ပြီး နိုင်ငံအနောက်မြောက်ဖက် အင်ချွန်ဆိပ်ကမ်း က နေ တောင်ဘက် က အပန်းဖြေ စခန်း ဂျေဂျူ ကျွန်း ကိုအသွား လမ်းမှာ နစ်မြုပ်သွားခဲ့တာပါ။

ပျောက်ဆုံးနေသူအများအပြားဟာ မီတာ ၃၀ လောက်နက်တဲ့ ရေထဲမှာ နစ်မြုပ်နေတဲ့ သင်္ဘောထဲမှာဘဲ ပိတ်မိနေတယ်လို့ ယူဆရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ သင်္ဘောပျက်တဝိုက်ကို အလေးထားပြီးရှာဖွေနေကြပါတယ်။

ပိတ်မိနေသူတွေအနေနဲ့ အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းမရှိသလောက်နည်းတယ်လို့ အဆင့်မြင့် ကယ်ဆယ်ရေးအရာရှိ တဦးက ပြောပါတယ်။

စောစောပိုင်းကတော့ လှိုင်းထန်တာကြောင့် ရေငုတ်သမားတွေ မြုပ်နေတဲ့သင်္ဘောထဲကို မဝင်နိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

ဘာကြောင့်သင်္ဘော ဒီလို မြှတ်ခဲ့ရတယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး ။ သင်္ဘောဟာ ခါတိုင်းသွားနေကျ လမ်းကြောင်းပေါ်ကနေ မောင်းနှင်နေခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က လှိုင်းလေငြိမ်ကာ မြင်နိုင်စွမ်းကလည်း ပုံမှန်ရှိနေခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

တောင်ကိုရီးယား ဝန်ကြီးချူပ် Chung Hong-won က တစက္ကန့်လေးမှ နှောင့်နှေးလို့မရဘူး၊ အသက်တွေ ပိုကယ်နိုင်သမျှ ကယ်ဖို့ အစွမ်းကုန် ကြိုးစားကြပါ ဆိုပြီး၊ ရှာဖွေရေးလုပ်နေတဲ့ သူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ရုရှားလိုလားသူတွေ ယူကရိန်းစစ်ယာဉ်တွေသိမ်းပိုက်

မျက်နှာဖုံးစွပ်ထားတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းစစ်တပ်ပိုင် သံချပ်ကာကားတွေကို ဗုဒ္ဓဟူးနေ့မှာ သိမ်းပိုက်ခဲ့ကြပါတယ်။ ဒါဟာဆိုရင် ရုရှားလိုလားသူတွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်လည်သိမ်းပိုက်ဖို့ ယူကရိန်းအစိုးရရဲ့ ကြိုးပမ်းမှုတွေကို အရှက်တကွဲဖြစ်အောင် ထိုးနှက်လိုက်တာလည်း ဖြစ်ပါတယ်။

ကားပေါ်မှာလိုက်ပါလာတဲ့ ယူကရိန်းစစ်သားတွေက ခုခံမှုမလုပ်ခဲ့ကြပါဘူး။ ယူကရိန်းရဲ့ Sloviansk မြို့အနီးမှာ ဖြစ်ပွားခဲ့တာပါ။ ရုရှားလိုလားသူတွေက ကားတွေပေါ်မှာ ရုရှားအလံတွေ လွှင့်ထူခဲ့ကြပြီး မြို့တွင်းကို မောင်းခိုင်းခဲ့ကြပါတယ်။ သူတို့ကို ထောက်ခံကြတဲ့သူတွေက သြဘာပေး ကြိုဆိုခဲ့ကြပါတယ်။ တချို့ယူကရိန်းစစ်သားတွေဟာ ရုရှားအပေါ် သစ္စာခံသူတွေနဲ့ ရင်ဆိုင်တွေ့ချိန်မှာ ဘက်ပြောင်းသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒုတိယ စစ်သံချပ်ကာကား အဖွဲ့ဟာလည်း Sloviansk မြို့ကို ဦးတည်မောင်းသွားချိန်မှာ လူအုပ်ကြီးက ၀ိုင်းဝန်းပိတ်ဆို့ ရပ်တန့်ခိုင်းခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒေသခံတွေက စစ်ကားတွေ ဆုတ်ခွာခွင့်မပြုခင် စစ်သားတွေထံက လက်နက်တွေကို အတင်းအဓမ္မ တောင်းယူပြီး တချို့လက်နက်တွေကို အသုံးမပြုနိုင်အောင် လုပ်ပစ်ခဲ့ကြတယ်လို့ အနောက်နိုင်ငံ သတင်းထောက်တွေက ပြောပါတယ်။

ရုရှားနယ်စပ်မှာရှိတဲ့ မြို့ ၉ မြို့မှာရှိတဲ့ ရုရှားဘာသာစကားပြောသူ လက်နက်ကိုင်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ ယူကရိန်းအစိုးရကို တောင်းဆိုနေကြသလို ယူကရိန်းကနေခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းဖို့ လူထုဆန္ဒခံယူပွဲ ကျင်းပပေးဖို့လည်း တောင်းဆိုနေကြပါတယ်။ 
VOA

Wednesday, April 16, 2014

မန်စီမြို့နယ်မျာ အစိုးရတပ်နဲ့ ကေအိုင်အို တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြောင့် ဒုက္ခသည်များ နေရပ်မှ ထွက်ခွာနေစဉ် (ဓာတ်ပုံ - Kachin Land)

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား ဧပြီ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ကေအိုင်အိုရဲ့ ဗဟိုကော်မတီဝင် ဦးဒွဲဗီဇက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကချင်ပြည်တွင်း ဒုက္ခသည်စခန်း ၂ ခု ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရသလို ရွာအများအပြားလည်း ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေနဲ့ ဒုက္ခသည်အခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးဒွဲဗီဇာကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။




 By နော်နိုရင်း (ဒီဗွီဘီ)

ပျောက်ဆုံး မလေးလေယာဉ် ရှာဖွေရန် အမေရိ ကန် ရေတပ် သုံး ရေအောက် မောင်းသူမဲ့ယာဉ် အသုံးပြုမည်

အမေရိကန်ရေတပ်သုံး ရေအောက်သွား မောင်းသူမဲ့ယာဉ်

အမေရိကန် ရေတပ်သုံး ရေအောက်သွား မောင်းသူမဲ့ ယာဉ်တစီးကို အိန္ဒိယ သမုဒ္ဒရာ ကြမ်းပြင်မှာ နစ်မြှုပ် နေတယ်လို့ ယုံကြည်တဲ့ ပျောက်ဆုံး လေယာဉ်ကို ရှာဖွေရေး အတွက် ထိထိ ရောက်ရောက် အသုံးချဖို့ စီစဉ်နေပါတယ်။

ဒီယာဉ်ဟာ ၆၀၀ စတုရန်း ကီလိုမီတာ အကျယ်ဒေသကို ရှာဖို့ အချိန် ၂ လလောက် ယူရနိုင်တယ်လို့ အာဏာပိုင်တွေက ဧပြီ ၁၅ ရက်နေ့က ပြောပါတယ်။

ဧပြီ ၁၄ ရက်နေ့ကတော့ ဘလူးဖင်း တွမ်တိဝမ်း ရေအောက်သွားယာဉ်ဟာ သူရေငုပ်နိုင်စွမ်း ရေအနက် ၄ ဒသာမ ၅ ကီလိုမီတာကို ကျော်လွန်ခဲ့လို့ ဘေးကင်းရေး စနစ်အရ အလိုအလျောက် ရေပေါ် ပြန်တက်ခဲ့တာပါ။

မတ် ၈ ရက်နေ့က လူ ၂၃၉ ယောက်ကို တင်ဆောင်ပျံသန်းရင်း ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရှာဖွေရေးအတွက် ပင်လယ်အောက်သွား မောင်းသူမဲ့ယာဉ်ကို အသစ် မိတ်ဆက်တာလည်း ဖြစ်ပါတယ်။

ဘလူးဖင်းတွမ်တိဝမ်း မောင်းသူမဲ့ယာဉ်က ရေအောက်မှာ ၆ နာရီကြာ စုဆောင်းခဲ့တဲ့ သတင်းအချက်အလက်တွေကို သုံးသပ်စစ်ဆေးအပြီးမှာ စိတ်ဝင်စားစရာ ဘာမှ ရှာမတွေ့ဘူးလို့ အရာရှိတွေက ပြောပါတယ်။

ဧပြီ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ဒီမောင်းသူမဲ့ယာဉ်ဟာ ဒုတိယအကြိမ် ရှာဖွေရေး လုပ်ငန်းကို စတင်လုပ်ဆောင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဒီစက်ရုပ်ယာဉ်ဟာ မနှစ်က ဂျပန်ကမ်းလွန်မှာ ပျက်ကျခဲ့တဲ့ အဲ့ဖ်ဖစ်ဖတင်း တိုက်လေယာဉ်ကို အောင်အောင်မြင်မြင် ရှာဖွေနိုင်ခဲ့ဖူးပါတယ်။

ဒီယာဉ်ဟာ ပင်လယ်ကြမ်းပြင်မှာ ၁၆ နာရီကြာ နေနိုင်စွမ်းရှိပြီး အပျက်အစီး ဖြစ်နိုင်ချေတွေကို ရှာတွေ့ခဲ့ရင် အလင်းရောင် အင်မတန်နည်းတဲ့ ရေအောက် အခြေအနေမှာတောင် ဓာတ်ပုံတွေကို ပြန်ပို့နိုင်စွမ်း ရှိပါတယ်။

By ဒီဗွီဘီ

နစ်မြုပ်သွားတဲ့ တောင်ကိုးရီးယားဖယ်ရီသင်္ဘောနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်း

နောက်ဆုံးသတင်းများအရသေဆုံးသူ၎ ဦးရှိနေပြီးပျောက်ဆုံးနေသူ(၃၀၀)ရှိနေတယ်လို့သိရ













သတင်းနှင့်ဓာတ်ပုံ - http://www.mirror.co.uk

တောင်ကိုရီးယား အနောက်တောင် ကမ်းရိုးတန်းမှာ လူ ၄၇၀ ဦး တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘော နစ်မြှုပ်

 Rescue crews attempt to save passengers of the Sewol, a South Korean ferry ship, as it sinks in the Yellow Sea on Wednesday, April 16. Of the 459 people on board, 325 were students from a Seoul high school on their way to a resort island called Jeju. About 290 people remain unaccounted for, officials said.
တောင်ကိုရီးယား အနောက်တောင်ကမ်းရိုးတန်းမှာ လူအယောက် ၄၇၀ ကျော်ကို တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘော ၁ စီး ဧပြီ ၁၆ ရက် ဒီနေ့မှာ  နစ်မြှုပ်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။

သင်္ဘောပေါ်မှာပါသူ အများအပြားဟာ ကျောင်းရဲ့လေ့လာရေး ခရီးစဉ်နဲ့ သွားတဲ့ ကျောင်းသားတွေ ဖြစ်ပါတယ်။

အန်ဆန်ဒန်ဝမ် အထက်တန်းကျောင်းသား ၃၂၅ ယောက်အပါအ၀င် ခရီးသည်နဲ့ အမှုထမ်း ၄၇၆ ယောက်ဟာ အင်ချုံကနေ ဂျဲဂျုကို သွားရင်း ခုလိုဖြစ်တာလို့ လုံခြုံရေးနဲ့ ပြည်သူ့စီမံရေး ဒုဝန်ကြီးနဲ့ အရေးပေါ်ဗဟိုဌာနချုပ် ခေါင်းဆောင် လီဂယောင်အုတ်က ပြောပါတယ်။

ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ် ၁၈ စီး မီးသတ်တပ်ဖွဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့၊ ရေတပ်နဲ့ ရဲတပ်ဖွဲ့တွေအပါအ၀င် ကမ်းရိုးတန်းစောင့်တပ်က သင်္ဘော ၃၄ စီးနဲ့ ရေတပ်က ၂၅ စီး ပူးတွဲဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

မတော်တဆမှုကြောင့် နစ်မြှုပ်သင်္ဘောက အမှုထမ်းတယောက် သေဆုံးတယ်လို့  အတည်ပြုထားပါတယ်။

Rescue boats scramble to save passengers from the ferry as it sinks into freezing waters on April 16.

တောင်ကိုရီးယား သတင်းဌာန ယုံဟပ်ကတော့ အရေးပေါ်ဌာနချုပ်က အရာရှိ တယောက်ကို ကိုးကားပြီး လူ ၁၆၁ ယောက်ကို ကယ်ဆယ်ပြီးပြီလို့ အစီရင်ခံပါတယ်။

ကယ်ဆယ်ရရှိသူတွေကို အနားက ဆေးရုံတွေဆီ တင်ပို့ထားပြီး ကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။

ကားတွေနဲ့ ကုန်ကားတွေကိုပါ တင်ဆောင်ထားတဲ့ နစ်မြုပ်သင်္ဘောဟာ လူအယောက် ၉၀၀ ကို တင်ဆောင်နိုင်စွမ်း ရှိပါတယ်။

မတော်တဆဖြစ်ရတဲ့အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နစ်မြုပ်တဲ့ ပတ်ဝန်းကျင်မှာတော့ မြူတွေ သိပ်သိပ်သည်းသည်း တညလုံး ကျနေလို့ ကျွန်းကို ကူးတဲ့ ခရီးသည်တင် ၀န်ဆောင်မှုအများအပြားကို ဖျက်သိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းက အသင့်အတင့်ရှိနေတယ်လို့ သတင်းဌာနတွေက အစီရင်ခံပါတယ်။

A South Korean coast guard helicopter lifts passengers off the vessel on April 16.
 Police and rescue teams carry a passenger at the port in Jindo, South Korea, on April 16.

Parents at Danwon High School in Ansan, South Korea, search for names of their children among the list of survivors on April 16.
Helicopters hover over the ferry as rescue operations continue April 16.
Officials escort rescued passengers on their arrival at Jindo on April 16.
South Korean coast guard and rescue team members search the waters for more passengers on April 16.
Rescue teams and fishing boats try to rescue passengers on April 16.
Photos - CNN
By ဒီဗွီဘီ

မြ၀တီမြို့က သင်္ကြန်တွင်း ရမ်းကားမှု

 
မနေ့က သင်္ကြန်အကြတ်နေ့ မြ၀တီမြို့၊ ရပ်ကွက်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှုးအား မြ၀တီ အခြေစိုက် ကရင် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုမှ အကြီးအကဲ တစ်ဦး၏သား ပါဝင်သော ကရင်အလံများ ကိုင်ဆောင်ထားသော ဆိုင်ကယ်အုပ်စုမှ လက်နက်ကိုင်များ အင်အား(၇၀)ခန့် မှ ဒါးဖြင့်ခုတ်ရန် ကြိုးပမ်းခဲ့ပြီး မောင်းပြန်လက်နက်ငယ်များဖြင့် အသင့်ပစ်ခတ်ရန် အနေအထားဖြင့် ချိန်ရွယ်ကာ ရပ်ကွက်အတွင်း ၀င်ရောက်ခဲ့ပါသည်။

ရပ်ကွက်(၂) ဗိုလ်ချုပ်လမ်းနှင့် ပတ္တမြားလမ်းထောင့်ရှိ မဏ္ဍပ်တွင် အဆိုပါလူစုနှင့် မဏ္ဍပ်လူငယ်များ ပြသနာဖြစ်ပွားခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဖြေရှင်းပေးစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

ယနေ့အတက်နေ့ နေ့လည်ပိုင်း အဆိုပါ ဆိုယ်ကယ်စီးလူစုမှာ ကား များဖြင့် အင်အားဖြည့်တင်း လာပြီး တုတ်၊ ဒါး၊ သံပိုက်လုံးများ ကိုင်ဆောင်ကာ ရပ်ကွက်အတွင်း နှစ်ရက်ဆက်တိုက် အင်အားပြလှည့်လည် ရမ်း ကားနေပါသည်။ ရပ်ကွက်လူငယ်များမှ ပြန်လည်ခုခံရန် အသင့်စုဖွဲ့နေပါသည်။

ထိုဖြစ်စဉ်ကြောင့် ရေကစားမည့်သူများ မရှိတော့ပဲ ရပ်ကွက်အတွင်းရှိ နေအိမ်များလည်း အိမ်တံခါး များ ပိတ်ကာနေကြရပါသည်။

ဓါတ်ပုံမှာ ယနေ့နေ့လည်ပိုင်း လုံခြုံရေး အဖွဲ့ရောက်ရှိလာစဉ်ပုံနှင့် ရပ်ကွက်လူငယ်များပုံများဖြစ်ပါသည်။

ပေးပို့သူ/ အမှတ်(၂)ရပ်ကွက်သားတစ်ဦး၊ မြ၀တီမြို့

ဟာဂျူလီ ကသာ
သစ်ထူးလွင်

ယူကရိန်း လွတ်လပ်ရေး ရုရှား ဖျက်ဆီးနေဟု ဆို


    ယူကရိန်း သံချပ်ကာ ကားတွေကို ရုရှား လိုလားသူတွေ ထိန်းချုပ်ထား
 16 ဧပြီလ 2014
ယူကရိန်း နိုင်ငံထဲကို ရုရှားအစိုးရက အကြမ်းဖက် ဝါဒတွေ သွတ်သွင်းနေပြီး နိုင်ငံရဲ့ လွတ်လပ်ရေးကို ဖျက်ဆီးဖို့ ဆန္ဒ ရှိနေတယ်လို့ ယူကရိန်း ယာယီ ဝန်ကြီးချုပ် အာဆဲနီ ယက်ဆင်ညုက ပြောကြားလိုက်ပါတယ်။

ယူကရိန်း အစိုးရကို ဆန့်ကျင်တဲ့ အုပ်စုတစ်စုက လက်နက်ကိုင်တွေ နိုင်ငံအရှေ့ပိုင်း ဒိုနက်စ်ခ်မြို့က နောက်ထပ် အစိုးရ အဆောက်အအုံ တစ်ခုကို ထပ်သိမ်းလိုက်ချိန်မှာပဲ မစ္စတာ ယက်ဆင်ညုက အခုလို ပြောကြားလိုက်တာပါ။


တခြား မြို့ကြီး မြို့ငယ် အတော်များများက အစိုးရ အဆောက်အအုံ တွေနဲ့အတူ ဒိုနက်စ်ခ်မြို့ က အစိုးရ အုပ်ချုပ်ရေး အဆောက်အအုံကြီးကို ရုရှား လိုလားတဲ့ ခွဲထွက်ရေး သမားတွေက ဝင်ရောက် သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

ယူကရိန်း တပ်ဖွဲ့တွေဟာလည်း ကရာမက်တော့စ်ခ် မြို့က လေတပ်စခန်း တစ်ခုကို ပြန်လည် သိမ်းပိုက်လိုက်အပြီး ရှေ့တိုး စစ်ဆင်မှုတွေ လုပ်လာနေပါတယ်။

ဒါပေမယ့်လည်း အခုအခါ ရုရှား လိုလားတဲ့ သေနတ်သမားတွေက ယူကရိန်း သံချပ်ကာကား အတော်များများကို ထိန်းချုပ်ထားပါတယ်။

အခြေအနေတွေကို အတိအကျ သိနိုင်ဖို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီး အဲဒီနေရာကို သွားရောက်ဖို့ ရှိပါတယ်။
BBC

နိုင်ဂျီးရီးယား ကျောင်းသူ ၁၀၀ ပြန်ပေးဆွဲခံရ


  ဘိုကိုဟာရမ် အုပ်စု လှုပ်ရှားနေတဲ့ ဘော်နိုပြည်နယ်မှာ လိုက်လံ ရှာဖွေနေ
 16 ဧပြီလ 2014
နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း လူသူအရောက် နည်းတဲ့ ဒေသတစ်ခုက စာသင်ကျောင်း တစ်ကျောင်းကနေ ပြန်ပေးဆွဲ ခံခဲ့ရတဲ့ ဆယ်ကျော်သက် အရွယ် ကျောင်းသူ တစ်ရာလောက်ကို နိုင်ဂျီးရီးယား စစ်တပ်နဲ့ လေတပ်က လိုက်လံ ရှာဖွေနေပါတယ်။

ဘိုကိုဟာရမ် အစ္စလာမစ် လက်နက်ကိုင် အုပ်စု အကြီးအကျယ် လှုပ်ရှားနေတဲ့ ဒေသမှာ အခုလို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကင်မရွန်း နိုင်ငံနဲ့ ကပ်ရပ် နယ်စပ် ဘော်နို ပြည်နယ်က သစ်တော ထူထပ်တဲ့ ဒေသတစ်ခုဆီ ခေါ်သွားပုံ ရတယ်လို့ စိုးရိမ်နေကြပါတယ်။

ကျောင်းသူတွေကို တင်ဆောင်သွားတဲ့ ထရပ်ကားကိုလည်း တစ်နေရာမှာ စွန့်ပစ်ထားတာ တွေ့ရပါတယ်။

အဲဒီဒေသကို ဘိုကို ဟာရမ် အုပ်စုက ကောင်းကောင်း ကျွမ်းပြီး အရင်က တောအုပ်တွေထဲမှာ ပုန်းအောင်း စခန်းချနေတဲ့ ဘိုကို ဟာရမ် အုပ်စုကို တိုက်ထုတ်ဖို့ စစ်တပ်ရဲ့ ကြိုးပမ်းမှုတွေ အကန့်အသတ်နဲ့သာ အောင်မြင်မှု ရခဲ့တယ်လို့ နိုင်ဂျီးရီးယားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
BBC

Tuesday, April 15, 2014

ချင်းမိုင် သင်္ကြန်



 ချင်းမိုင်တစ်မြို့ လုံး စစ်ပွဲတစ်ခုနှယ်သို့ ပြန်ရောက်ရှိသွားသလိုမျိုး
လူတိုင်းကိုယ်စီရေသေနတ်များ၊ ရေပုံးများ ကိုင်စွဲလျှက် အေး
စက်သော ရေခဲရည်များဖြင့် တစ်ဦးကိုယ်တစ်ဦး ရေပက်ကစား
သည့်ပွဲမှာ ယနေ့ သင်္ကြန်အကြိုတစ်ရက်လုံးပင်ဖြစ်သည်။

ထိုသင်္ကြန်ရေသည် ၅မိနစ်မကျော်ခင်အချိန်လေးအတွင်းမှာပင်လမ်း
မတစ်လမ်းလုံးရေများပြည့်လျှံသွားသည်အထိဖြစ်ခဲ့သည်။ ထိုသင်္ကြန်
ပွဲတော် သည် ထိုင်းနိုင်ငံအတွက် ကမ္ဘာလှည့်ခရီးသွားများစွာ အား
ကြီးမားသော ဆွဲဆောင်မှုတစ်ခုဖြစ်သော ပွဲတော်တရပ်ပင်ဖြစ်သည်။

လူတိုင်းလူတိုင်း ယင်း သင်္ကြန်ပွဲတော်တွင်ရေပက်ကစားကြခြင်း
ကြောင့် လမ်းမတိုင်းလိုလိုတွင် ယာဉ်ကြောပိတ်ဆို့ မှုများ၊
ရေလွှမ်းမိုးမှုများဖြစ်ပေါ်သည်အထိ စည်ကားသိုက်မြိုက်လျှက်
ရှိကြောင်းတွေ့ မြင်နိုင်သည် ဖြစ်ပါသည်။
သူရိယနေ၀န်း 

ယဉ်မတော်တဆမှုများကြောင့် ၁၆၁ ဦးသေဆုံးပြီး ၁၆၄၀ ဦး ဒဏ်ရာရရှိထားသည့် ထိုင်းသင်္ကြန်ပွဲတော်



  အောင်ဟိန်းခိုင် ၊ ဧပြီ ၁၄

မြန်မာနိုင်ငံနှင့်အတူ သင်္ကြန် ရေသဘင်ပွဲတော်ကို ဆင်နွှဲလျက်ရှိသော အိမ်နီးချင်းထိုင်းနိုင်ငံတွင် ရေသဘင်ပွဲတော်စတင်ကျင်းပသည့် ပထမ ၃ ရက်မြောက်နေ့မှာပင် မော်တော်ယဉ်မတော်မဆ မှုများကြောင့် လူ ပေါင်း ၁၆၁ ဦး သေဆုံးကာ ၊ ၁၆၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
ရေသဘင်ပွဲတော်ကိုဆင်နွှဲလေ့ရှိသော ဧပြီလ၏ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်းကို အန္တရာယ်ရက်များအဖြစ်သတ်မှတ်ကာ ယဉ်မတော်တဆမှုများလျော့ချနိုင်ရန်အတွက် ဆောင်ရွက်ခဲ့သော်လည်း ယမန်နေ့ တစ်ရက် တည်းမှာပင် ယဉ်မတော်တဆမှုများကြောင့် လူပေါင်း ၅၉ ဦးသေဆုံးကာ ၇၄၇ ဦးဒဏ်ရာရရှိခဲ့သည်။ သင်္ကြန် (ဆွန်ခရမ်) ပွဲတော်ကျင်းပစဉ်အတွင်းဖြစ်ပွားခဲ့သော ယဉ်မတော်တဆမှုများ၏ အဓိက အကြောင်းအရင်းများမှာ အရက်သေစာသောက်စားမောင်းနှင်ခြင်းနှင့် အရှိန်ပြင်းမောင်းနှင်ခြင်းကြောင့်ဟုသိရသည်။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဌာန ၏ထုတ်ပြန်ချက်များအရ ဆွန်ခရမ် (သင်္ကြန်) ပွဲတော်စတင်ကျင်းပသည့်နေ့မှ စတင်ကာ ပထမ ၃ ရက်အတွင်းယဉ်မတော်တဆမှုပေါင်း ၁၅၃၉ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၆၁ ဦးသေဆုံးကာ ၁၆၄၀ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ယဉ်မတော်တဆမှုများ၏ အဓိက အကြောင်းအရင်းအဖြစ် အရက်သေစာ သောက်စားမှုက ၄၂.၃၈ ရာခိုင်နှုန်းဖြင့် ရပ်တည်လျက်ရှိပြီး အရှိန်လွန်မောင်း နှင်မှုကြောင့်ဖြစ်ပွားရသည့် ယဉ်မတော်တဆမှုများမှာ ၂၃.၉၅ ရာခိုင်နှုန်းဖြစ်သည်။ ဒါ့အပြင် ယဉ်မတော်တဆမှုများ၏ ၇၆.၃၅ ရာခိုင်နှုန်းမှာ မော်တော်ဆိုင် ကယ်များနှင့်ပတ်သတ်မှုများရှိနေပြီး ၁၄.၈၁ ရာခိုင်နှုန်းမှာ ကုန်တင်ယဉ်များနှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သူရိယနေ၀န်း

မြန်မာနိုင်ငံ လက်နက်တင်ပို့မှု တားမြစ်ချက် EU သက်တမ်းတိုး

ဆွိဒင်၊ ဗြိတိန် နဲ့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးများအား EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တွေ့ရစဉ်။ (ဝဲမှယာ)
မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုတွေ တားမြစ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုအစီအစဉ်ကို ဥရောပသမဂ္ဂ (EU) က နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် ကန့်သတ်တားမြစ်ချက်တွေကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ထပ်မံ သက်တမ်း တိုးလိုက်တဲ့အကြောင်း Luxembourg မှာ ကျင်းပနေတဲ့ EU နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးက အင်္ဂါနေ့မှာပဲ ဆုံးဖြတ်ခဲ့တာပါ။ သက်တမ်းတိုးလိုက်တဲ့ အရေးယူဒဏ်ခတ်မှု အစီအစဉ်မှာတော့ ပြည်တွင်းက ဖိနှိပ်တဲ့လုပ်ရပ်တွေမှာ အသုံးချနိုင်မယ့် လက်နက်နဲ့ စစ်ပစ္စည်းတင်ပို့မှုတွေ မလုပ်ဖို့ တားမြစ်ချက်တွေ ပါဝင်တယ်လို့လည်း ကြေညာချက်က ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်တပ်က အုပ်ချုပ်နေတာတွေ အဆုံးသတ်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကတိကဝတ်တွေနဲ့ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရ တက်လာပြီးနောက်မှာတော့ EU နဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက ဒဏ်ခတ်မှုအများစုကို ဖယ်ရှားပေးခဲ့တာပါ။

ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေတွေအပေါ် စိုးရိမ်မကင်းမှုတွေနဲ့အတူ မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့တာ၊ စစ်ဖက်ဆိုင်ရာ ဆက်ဆံရေးတွေမှာတော့ အနောက်နိုင်ငံတွေက သတိထားနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အားပေးတဲ့ အနေနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းပြည်တွေကို ပေးအပ်နေတဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်ရ နိုင်ငံတခုအဖြစ်နဲ့ EU နဲ့ အမေရိကန် ပြည်ထောင်စုတို့က မြန်မာနိုင်ငံကို ပြန်လည် လက်ခံထားပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

ခရီးသည်တင် မှန်လုံယာဉ် (၂) စီး ယာဉ်တိုက်မှု ၂ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)

 
ဧပြီလ ၁၄ ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်က မိတ္ထီလာမြို့နယ် မိုင်တိုင်အမှတ် ၃၁၆ မိုင် ၃ ဖာလုံနှင့် ၃၁၆ မိုင် ၄ ဖာလုံကြား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း ကျော်မြင့်ဦး (၃၈) နှစ် ယာဉ်မောင်းလိုင်စင် (စိစစ်ဆဲ) အမှတ် (၅၁) အောင်သပြေလမ်း၊ တောင်ဒဂုံမြို့နေသူ မောင်းနှင်သော ၆င/၇၆၆၂ ရွှေအိုရောင် တက်လမ်း ခရီးသည်တင် မှန်လုံယာဉ် (လိုင်စင် စိစစ်ဆဲ ) သည်
စက်ပျက်ပြီး လမ်းညာဘက်ချမ်းတွင် ရပ်ထားသော ယာဉ်မောင်း ချစ်ကိုကို (၂၇) နှစ် အမှတ် (၂၈) အင်ကြင်းလမ်း၊ ယုဇန ဥယျာဉ်မြို့ နေသူမောင်းနှင်သော ၅ဂ/၇၄၇၇ နေလ ခရီးသည်တင် မှန်လုံယာဉ်၏ နောက်ပိုင်းအား တိုက်မိသောကြောင့်  ၆င/၇၆၆၂ ခရီးသည်တင်ယာဉ်ပေါ် ပါရှိသူ အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားသုံးဦး အမျိုးသမီး လေးဦး ဒဏ်ရာရရှိကာ
 နေလ ခရီးသည်တင်ယာဉ်မှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

MRTV