Pages

Saturday, May 3, 2014

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံသား အများဆုံးလာရောက် လည်ပတ်



 မော်လမြိုင်၊ မေ ၃
မွန်ပြည်နယ်အတွင်း လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများထဲတွင် ထိုင်းနိုင်ငံသားများ အများဆုံးဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများထံမှသိရသည်
ထိုင်းနိုင်ငံသားများသည် ကျိုက်ထီးရိုးနှင့် မုဒုံမြို့နယ်အတွင်းတည်ရှိသည့် အတောင် ၄၀၀ ပြည့် လျောင်းတော်မူဘုရား ဆရာတော်ထံသို့ အဓိကထား လာရောက်လည်ပတ် ကြခြင်းဖြစ်သည်။
“သူတို့က အဓိက ကျိုက်ထီးရိုးသွားတယ်။ ပြီးတော့ ဝင်းစိန်တောရဆရာတော်ထံသွားကြတယ်။နောက်ပြီးတော့ စိတ်ဝင်စားတဲ့တခြားနေရာတွေလည်း သွားကြပါတယ်” ဟုမွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွာလာရေးလုပ်ငန်းမှ ဦးစိုးပိုင်ကပြောသည်။
ထိုင်းနိုင်ငံသားများသည် ရန်ကုန်မှတဆင့် မော်တော်ကားဖြင့် မွန်ပြည်နယ်သို့ လာရောက်ကြပြီး အထူးသဖြင့် နယ်စပ်လမ်းများဖြစ်သည့် မဲဆောက်-မြဝတီ၊ ထားဝယ်-ထီးခီးနယ်စပ်လမ်း၊ မောတောင်၊ ကော့သောင်းလမ်းတို့မှလည်း ဝင်ရောက်လာကြသည်ဟု ဆိုသည်။
မွန်ပြည်နယ်နှင့် ထိုင်းနိုင်ငံသို့ တိုက်ရိုက်ဆက်သွယ်ထားသည့် ဖောက်လုပ်ဆဲ သံဖြူဇရပ်-ဘုရားသုံးဆူ မော်တော်ကားလမ်း ပြီးသွားသည့်အခါ  ထိုင်းနိုင်ငံသားများ လက်ရှိထက် ပိုမိုဝင်ရောက်လာမည်ဟု ဦးစိုးပိုင်က ပြောသည်။
မွန်ပြည်နယ်အတွင်း နိုင်ငံခြားသားဝင်ရောက်လာမှုများလာသည်နှင့်အမျှ ဒေသတွင်းသဘာဝအလှများကို ဖော်ထုတ်လျှက်ရှိကာ လက်ရှိ တူးဖော်ထားသည့် သုဝဏ္ဏဘူမိမြို့ဟောင်းနေရာကိုလည်း ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ်သတ်မှတ်ရန်ရှိကြောင်း မွန်ပြည်နယ် စီမံ/စီးပွားဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။
မွန်ပြည်နယ်အတွင်းသို့ နိုင်ငံပေါင်း ၅၂ နိုင်ငံခန့်မှ နိုင်ငံသားများ လာရောက်လည်ပတ်လျက်ရှိနေပြီး ကမ္ဘောဒီးယား၊ ထိုင်း၊ ပြင်သစ်၊ တရုတ်၊ ဂျာမနီ၊ အမေရိကန်၊ သြစတြေလျ စသည့်နိုင်ငံတို့မှ အများဆုံးပါဝင်သည်။
၂၀၁၂ ခုနှစ်က မွန်ပြည်နယ်အတွင်း လာရောက်လည်ပတ်သူဦးရေ ၆၆,၇၈၈ ရှိပြီး၊ ၂၀၁၃ ခုနှစ်တွင် လာရောက်လည်ပတ်သူ ခရီးသွားဦးရေ ၁၁၃,၁၅၃ ပြီး ၎င်းတို့ထဲမှ ထိုင်းနိုင်ငံသားများ အများဆုံးဖြစ်သည်။
|Dawei Watch|

အာဖဂန်နစ္စတန်နိုင်ငံတွင် တောင်ပြို၊ လူ ၁၀၀ ကျော် သေဆုံး

 
အာဖဂန်နစ္စတန်မြောက်ပိုင်း တောင်ထူထပ်ပြီး သွားလာရခက်ခဲတဲ့ ဘာသာကရှန် Badakhshan ပြည်နယ်တခုမှာ မေ ၂ ရက်နေ့မနက်က တောင်ပြိုကျပြီး လူရာကျော်သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ပျောက်ဆုံးနေပါတယ်။

တပတ်ကြာ မိုးအသည်းအသန် ရွာခဲ့တာကြောင့် မြေပျော့ပြီး အခုလို တောင်ပြိုကျခဲ့တာ ဖြစ်တယ်လို့ ပြောဆိုပြီး ရွာသားတွေဟာ ကိုယ်ပိုင်ပေါက်ပြားတွေ၊ ဂေါ်ပြားတွေနဲ့ပဲ ရွံ့တွေ၊ ကျောက်တွေ အောက်ပိနေသူတွေကို ရှာဖွေနေကြရတယ်လို့ အာဏာပိုင်တွေက ဆိုကြပါတယ်။

မြေအောက်ပိနေတဲ့လူတွေကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ဖို့ မျှော်လင့်ချက်သိပ်မရှိဘူးလို့ အာဏာပိုင်တွေက ဆိုကြပါတယ်။ ဘာသာကရှန်ပြည်နယ် ရဲမင်းကြီးက တောင်ပြိမှုကြောင့် ထိခိုက်သူပြည်သူတွေကို ထောက်ပံ့ကူညီကြဖို့ အာဖဂန်ဒေသခံတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အာဖဂန်အစိုးရက အကူအညီတောင်းခံခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ကြိုးစားကြပေမယ့် တပတ်ကြာ မိုးရွားသွန်းထား တာကြောင့် သွားလာရခက်ခဲပြီး ဝေးလံခေါင်ဖျားဒေသဖြစ်နေလို့ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ကဘူလ်းမြို့တော်က ကုလသမဂ္ဂရုံးကတော့ တောင်ပြိုမှုဖြစ်ပွားတဲ့ဒေသအထိ လမ်းကြောင်းက ပွင့်နေပေမယ့် ကယ်ဆယ်ရေးယာဉ်တန်းတွေ၊ ၀န်ချီစက်တွေ သွားဖို့ကတော့ အဆင်မပြေဘူးလို့ ပြောဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းကူညီထောက်ပံ့ရေးရုံးကတော့ သေဆုံးသူဦးရေ ၃၅၀ လို့ ဆို ထားပြီး အပျက်အစီးနဲ့ ထိခိုက်သေဆုံးစာရင်းအတိအကျကို သိနိုင်ဖို့ အချိန်ယူရအုံးမယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူ အနည်းဆုံး ၁၀၀ ကျော်ကိုလည်း ဆေးကုသမှုတွေပေးနေတယ်လို့ ဘာသာကရှန် ဒုရဲမှူးကြီးက ပြောပါတယ်။

အာဖဂန်နစ္စတန်မှာရှိတဲ့ နေတိုးတပ်တွေ တောင်ပြိုကျမှု ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီလုပ်ဆောင်ဖို့ အာဖဂန်အာဏာပိုင်တွေနဲ့ ညိနှိုင်းနေတယ်လို့ ကုလသမဂ္ဂက ပြောဆိုပါတယ်။

By ဒီဗွီဘီ

ယူကရိန်းနိုင်ငံတွင် ရုရှားထောက်ခံသူနဲ့ ဆန့်ကျင်သူကြား ပဋိပက္ခဖြစ်၊ လူ ၄၃ ဦး သေဆုံး



ယူကရိန်းတောင်ပိုင်း အိုဒစ်စာမြို့မှာ မေလ ၂ ရက်နေ့က အလုပ်သမားသမဂ္ဂရုံး မီးတင်ရှို့ခံရမှုနဲ့ ရုရှားထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား တိုက်ခိုက်မှုတွေကြောင့် လူ ၄၃ ဦးသေဆုံးခဲ့တယ်လို့ ကီယက်မြို့အခြေစိုက် အင်တာဖက်စ် ယူကရိန်း သတင်းဌာနက ဆိုပါတယ်။ သေဆုံးသူ ၄၀ ကျော်ထဲက အနည်းဆုံး ၃၁ ဦးဟာ အလုပ်သမားသမဂ္ဂရုံး မီးလောင်မှုအတွင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့ အိုဒစ်စာ ရဲဌာနက ဆိုပါတယ်။

မီးလောင်နေတဲ့ အလုပ်သမားသမဂ္ဂရုံးအတွင်း ပိမိနေသူတွေကို ကယ်ဆယ်ဖို့နဲ့ မီးသတ်သမား တွေ မီးငြိမ်းသတ်မှုမှာ ကူညီဖို့ နှစ်ဖက်ညီညွတ်ရေးမြို့ခံတွေက ကြိုးစားခဲ့ကြပါတယ်။ ယူကရိန်း အရှေ့ပိုင်းမှာ အငြိမ်မသက်ဖြစ်နေတာကနေ ယူကရိန်းတောင်ပိုင်းကို ကူးစက်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

Ukraineယူကရိန်းအရှေ့ပိုင်းမှာတော့ ဆလားမီးရန့်မြို့ တိုက်ပွဲတွေအတွင်း ယူကရိန်းစစ်ဖက်ရဟတ်ယာဉ် နှစ်စီးကို ရုရှားလိုလားသူတွေက ပစ်ချခဲ့ပါတယ်။ ရဟတ်ယာဉ်ပစ်ချခံရမှုမှာ ရဟတ်ယာဉ်ပိုင်းလော့ ၂ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကလည်း အတည်ပြုပြောဆိုပါတယ်။

အိုဒစ်စာမြို့တွင်းတိုက်ပွဲတွေ အပြင်းအထန်ဆက်လက်ဖြစ်ပွားနေပြီး ယူကရိန်းတပ်သားနှစ်ဦး မေလ ၂ ရက်နေ့ညနေက သေဆုံးခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောဆိုပါတယ်။

ယူကရိန်းခွဲထွက်ရေးတွေက ဆလားမီးရန့်မြို့တိုက်ပွဲတွေအတွင်း သူတို့တပ်ဖွဲ့ဝင် ၃ ဦး နဲ့ အရပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ပြောဆိုပါတယ်။ အိုဒစ်စာမြို့ဟာ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံကသိမ်းပိုက်ခဲ့တဲ့ ခရိုင်မီယာရဲ့ အနောက်ဖက် သိပ်မဝေးပါဘူး။ အိုဒစ်စာမြို့မှာ အရင်ကလည်း ဆန့်ကျင်ဖက်အဖွဲ့တွေကြား တိုက်ခိုက်မှုတွေရှိခဲ့ပေမယ့် အခုလို ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။

ယူကရိန်းအရေးမှာ ရုရှားနောက်ကွယ်ကနေ ပါနေတယ်ဆိုပြီး အမေရိကန်နဲ့ အီးယူတို့က စီးပွားရေးပိတ်ပင်မှုတချို့လုပ်ပေမယ့် ထိရောက်မှုတော့ သိပ်မရှိလှပါဘူး။

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကလ်နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့က မေလ ၂၅ ရက်နေ့မှာ ကျင်းပတော့မယ့် ယူကရိန်းသမ္မတ ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ဖျက်လိုဖက်ဆီး၊ ၀င်ရောက်နှောင့်ယှက်မယ်ဆိုရင် စီးပွားရေးပိတ်ဆို့မှု ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်လုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

 By ဒီဗွီဘီ

မုံရွာ - ယာကြီး - ကလေးဝ ကားလမ်းတွင် ခရီးသည်တင်မှန်လုံကားတစ်စီး မီးလောင်

 
ကနီ၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ - ယာကြီး- ကလေးဝ ကားလမ်း ၅၂မိုင် နေရာတွင် မေလ ၂ရက် ညနေပိုင်းက မုံရွာ -ကလေးမြို့သွား ခရီးသည်တင် မှန်လုံယာဉ်တစ်စီး မီးလောင်ခဲ့သည်ဟု ကနီမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိန်အောင်က ပြောသည်။

“ကားပေါ်မှာ ဆိုင်ကယ်တင်လာတယ်။ အဲ့ဒီဆိုင်ကယ်က ဓာတ်ဆီတွေယိုစိမ့်ပြီး ကားနောက်ပိုင်းက အင်ဂျင်ပေါ်ကို ကျတယ်။ တောင်ပေါ်လမ်းဖြစ်တာကြောင့် အင်ဂျင်အပူရှိန်နဲ့ ဆိုတော့ မီးကူးဆက် လောင်သွားတာမျိုးဖြစ်ပါတယ်” ဟု ကနီမြို့မရဲစခန်းမှူး ဒုရဲမှူး စိန်အောင်က ပြောသည်။

ကားမီးလောင်ကျွမ်းသည့် နေရာသည် တောင်ပေါ်လမ်းဖြစ်သောကြောင့် ငြှိမ်းသတ်စရာ ရေမရှိသဖြင့် ကားတစ်စီးလုံး လောင်ကျွမ်းခဲ့သော်လည်း ယာဉ်ပေါ်ပါ ခရီးသည်အားလုံး အန္တရာယ်ကင်းရှင်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် ခရီးသည်တင်မှန်လုံကားမှာ မုံရွာမှ ကလေးမြို့သို့ ပြေးဆွဲလျက်ရှိသော အောင်ကမ္ဘာကားအသင်းမှဖြစ်ပြီး ယာဉ်ပေါ်၌ စီးနင်းလိုက်ပါသူ ခရီးသည် ၂၅ဦး ပါရှိသည်ဟု ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

“တောင်ပေါ်မှာဆိုတော့ မီးငြိမ်းစရာ ရေလည်းမရှိဘူး။ ဒီအတိုင်းပဲကြည့်နေလိုက်ရတာပါ။ ကားကတော့ အရိုးအတိုင်းပဲကျန်တော့တယ်။ ခရီးသည်အားလုံးကတော့ ဘေးလွတ်ခဲ့ပါတယ်” ဟု ယာကြီး ကျေးရွာနေ
ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ခရီးသည်တင်ကား မီးလောင်ကျွမ်းမှုကြောင့် ခရီးသည်တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း ယာဉ်ပေါ်ပါ ကုန်ပစ္စည်းအချို့ မီးလောင်ဆုံးရှုံးခဲ့ရသည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို အသေးစိတ်တွက်ချက်လျက် ရှိသည်ဟု သိရှိရသည်။
ကိုတိုးကြီး
Mizzima - News in Burmese

ရန်ကုန်-နေပြည်တော် အမြန်လမ်း ပြုပြင်ရေး အမေရိကန်ကူညီမည်

 
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး ပြုပြင်ရေးအတွက် အမေရိကန်နိင်ငံက အကူအညီနဲ့ ဆောင်ရွက်ဖို့ ဆွေးနွေးမူတွေကို မနေ့က စတင်ပြုလုပ်နေပြီလို့ အမြန်လမ်းမကြီး ပြင်ဆင်ထိန်းသိမ်းရေးဌာန အကြီးအကဲက RFA ကို အတည်ပြု ပြောပါတယ်။

နေပြည်တော် အမြန်လမ်းကြီးဟာ မြန်မာပြည်တွင်းရှိ လမ်းမကြီးတွေထဲမှာ မတော်တဆမှု အများဆုံးဖြစ်နေတဲ့ လမ်းတစ်ခုဖြစ်ပြီး အခုနှစ်အတွင်း မတော်မတဆမှုတွေ ပိုမိုများပြားလာတာကြောင့် ပြင်ဆင်ထိန်းသိမ်းမူတွေလုပ်ဖို့ လိုအပ်နေတယ်လို့ အမြန်လမ်းမကြီး ပြင်ဆင်ထိမ်းသိမ်းရေး အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။ ပြင်ဆင်မှုတွေအတွက် အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ရေးဌာနဖြစ်တဲ့ USAID ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

"ဒီနေ့ဆိုရင် ကျနော်တို့ဆီကို USAID ကနေ နည်းပညာကူညီဖို့အတွက် လာရောက်ဆွေးနွေးတယ်၊ လက်ရှိအမြန်လမ်းမကြီးကို Road Safety အတွက် ကျနော်တို့ကို Technical Training ပေးပြီးမှ ၁ဝ ကီလိုမီတာကို Pilot Project ပေါ့နော်၊ ကျနော်တို့အနေနဲ့ Road Safety အတွက်ကို သူတို့ကဒီဇိုင်းထုတ်ပြီးလုပ်ပေးမယ်၊ ဒီဇိုင်းထုတ်တဲ့ နည်းပညာတွေကိုလည်း ကျနော်တို့ကို သင်တန်းပေးမယ်လို့ ဒီနေ့အတွက် ကျနော်တို့ဆွေးနွေးထားတယ် "

မတော်တဆမှုတွေ ကာကွယ်ရေးအတွက် လမ်းဒီဇိုင်းထုတ်တဲ့ ပညာရပ်တွေကို သင်ကြားပေးပြီး မြန်မာအင်ဂျင်နီယာတွေက လမ်းအရှည် ၁၀ ကီလိုမီတာကို စမ်းသပ်ဒီဇိုင်းထုတ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ သတင်းတွေအရ USAID ထံက အမေရိကန်ဒေါ်လာ တစ်သန်းခွဲလောက် အကူအညီရရှိဖို့ရှိတယ်လို့ သိရပါတယ်။

RFA Burmese

ဆီအုန်းနှင့် ရော်ဘာစိုက်ပျိုးရေးကြောင့် အိမ်ထောင်စု ၂၄၀ ကျော် အိမ်ရာမဲ့ ဟုဆို

Dawei Watch| ထားဝယ်၊ ဧပြီ ၂၁

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သရက်ချောင်းမြို့နယ်နှင့်
ပုလောမြို့နယ်နယ်နမိတ်အစပ်၌ ကျေးရွာ ၇ ရွာအတွင်းကျေးရွာပိုင်မြေလွတ်နှင့် ဥယျာဉ်ခြံမြေများ၌ ပုဂ္ဂုလိကကုမ္ပဏီနှစ်ခုမှဆီအုန်းပင်နှင့်ရော်ဘာပင်များ စိုက်ပျိုးလုပ်ကိုင်လာမှုများကြောင့်
မြေယာမဲ့နေထိုင်လာရသူ အိမ်ထောင်စုဦးရေ ၂၄၀ကျော်ရှိလာပြီဖြစ်ကြောင်း
ယင်းစီမံကိန်းသက်ရောက်မှုရှိသော ကျေးရွာများမှ ဒေသခံများကပြောကြားသည်။

ယင်းကျေးရွာများတွင်အဏ္ဏ၀ါစိုးမိုးကုမ္ပဏီမှဆီအုန်းပင်စိုက်ပျိုးရေးလုပ်ငန်းကြောင့် အောက်သရက်ချောင်း၊
သရက်တောင်ကြီး၊ ပိတောက်ကြီး၊ ပိတောက်ငယ်ကျေးရွာနှင့်ဆင်မတန်းကျေးရွာများတွင် မြေယာမဲ့ အိမ်ထောင်စု ၁၉၉ စုရှိလာခဲ့ပြီး၊ ပြည်ဖြိုးထွန်း ကုမ္ပဏီမှ ရော်ဘာပင်စိုက်ပျိုးရေးလုပ်ငန်းကြောင့်
မီးလောင်ချောင်းကျေးရွာနှင့် အင်းမကြီးကျေးရွာတို့တွင်မြေယာမဲ့အိမ်ထောင်စု ၄၄ စုရှိလာပြီဖြစ်ကြောင်း ၄င်းတို့ကဆိုသည်။

“စိုက်ပျိုးဖို့နေရာမရှိလို့ ယခုရော နောက်မျိုးဆက်တွေပါ
လုပ်ကိုင်စားသောက်ဖို့အတွက် မြေယာ ပဲလိုချင်တယ်။ မြေမရရင်လဲ့ ထိုက်တန်တဲ့
လျော်ကြေးလိုအပ်တယ် သက်ဆိုင်ရာအစိုးရကိုလည်း တင်ပြတောင်းဆိုသွားမယ်”ဟု
အင်းမကြီးကျေးရွာမှ သီဟိုခြံ ၈ ဧကပိုင်ရှင် နော်မေးဘယ်လ်က ဆိုသည်။

အဆိုပါ စိုက်ပျိုးရေးစီမံကိန်းများကို ထားဝယ်-မြိတ်
ပြည်ထောင်စုလမ်းမကြီးနဘေးတွင် မိုင်တိုင်အမှတ် ၅၂ မိုင်မှ စတင်ကာ
လမ်းနဘေးတလျောက်၌ စိုက်ပျိုးထားပြီး အဏ္ဏ၀ါစိုးမိုးကုမ္ပဏီမှ
လျာထားဆီအုန်းစိုက်ပျိုး ဧက ၅၀၀၀ နှင့် ပြည်ဖြိုးထွန်း ကုမ္ပဏီမှ လျာထား
ရော်ဘာစိုက်ပျိုးဧက ၁၅၀၀ ကို နှစ်အလိုက်စီမံချက်များဖြင့်
စိုက်ပျိုးလျက်ရှိသည်ဟု သိရသည်။

ယင်းဒေသများတွင် ကုမ္ပဏီကြီးများမှ ကျေးရွာမြေလွတ်နှင့်
ဥယျာဉ်ခြံမြေများခုတ်ထွင်ရှင်းလင်းကာ မြေယာသိမ်းဆည်းပြီး
စိုက်ပျိုးရေးစီမံကိန်းများလုပ်ဆောင်လာမှုနှင့် စစ်ဘေးသင့်ဒဏ်ကြောင့်
လုပ်ကိုင်စားသောက်ရန်မြေယာများမရှိ၍ ဒေသခံများမှာ
နယ်စပ်ဒုက္ခသည်စခန်းသို့ရောက်ရှိသွားခြင်း၊
ထိုင်းနိုင်ငံဖက်သို့သွားရောက်လုပ်ကိုင် စားသောက်ရခြင်း၊
လုပ်ကိုင်များရှားပါးမှုကြုံတွေ့ရပြီးမိသားစုဝင်ငွေများနိမ့်ကျလာခဲ့ကြောင်း ပိတောက်ကြီးကျေးရွာမှနော်ချိုချိုခိုင်က ရှင်းပြသည်။

“ဥယျာဉ်ခြံ ၁၀ ဧက ကို ခုတ်လှဲခံရပြီး မြေယာသိမ်းယူခံရလို့ နေရာမဲ့
အလုပ်အကိုင်မဲ့ဖြစ်ရတယ်။ နေထိုင်ရာနေရာမရှိလို့ အခြားသူတွေရဲ့အနားမှာ
ကပ်ပြီးနေထိုင်နေရတယ်  ကြုံရာအလုပ်ကို
စားဝတ်နေရေးအတွက်လုပ်ကိုင်နေရတယ်”ဟု သရက်တောင်ကြီးကျေးရွာအုပ်စုတောင်ခေါင်းတုံးရွာမှ ဦးပြုံးကဆိုသည်။

အင်းမကြီး၊ မီးလောင်ချောင်း၊ ပိတောက်ကြီးကျေးရွာများသည် စစ်ဘေးဒဏ်ကြောင့်
ရွာပျက်ကာ ပြောင်းရွေခံရသော ကျေး
ရွာများဖြစ်ကာပြန်လည်စိုက်ပျိုးခွင့်ရပြီးနောက် ဥယျာဉ်ခြံမြေများကို
ပုဂ္ဂလိကကုမ္ပဏီများကထပ်မံသိမ်းဆည်းခံခဲ့ရသော ကျေးရွာများဖြစ်သည်ဟုသိရသည်။

ဥယျာဉ်ခြံမြေများသိမ်းဆည်းခံရသူများကို ကုမ္ပဏီဖက်မှလျော်ကြေးများပေးအပ်ခဲ့သော်လည်း ယင်းလျော်ကြေးပေးအပ်သည့်စံနှုန်းမှာနိမ့်ကျသည်ဟု ခြံရှင်များကပြောဆိုကြသည်။

ယင်းလျော်ကြေးကိုခြံပိုင်ရှင်အချို့ လက်ခံကြပြီး အချို့မှာလက်မခံကြပေ။

ယင်းကျေးရွားများ၌ အဏ္ဏ၀ါစိုးမိုးကုမ္ပဏီမှဆီအုန်းပင်စိုက်ပျိုးခြင်းလုပ်ငန်းကို ၁၉၉၈ခုနှစ်ကစတင်ပြီးပြည်ဖြိုးထွန်းကုမ္ပဏီမှ ရော်ဘာစိုက်ပျိုးခြင်းလုပ်ငန်းကို၂၀၀၅-၂၀၀၆ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ဆီအုန်းပင်စိုက်ပျိုးရန်  အဏ္ဏ၀ါစိုးမိုးကုမ္ပဏီမှ
ခြံရှင်များစိုက်ပျိုးထားသော ဥယျာဉ်ခြံမြေသိမ်းဆည်းဧက ၁၃၁၂ ဧကရှိပြီး၊ရော်ဘာပင်စိုက်ပျိုး
ရန်ပြည်ဖြိုးထွန်းကုမ္ပဏီမှ ဥယျာဉ်ခြံမြေသိမ်းဆည်းဧက၇၈၀ ဧကကျော်ရှိသည်ဟု ခြံရှင်းများ၏
ကူညီ တောင်းခံချက်အရ ဂေဟစနစ်ထိန်းသိမ်းရေးအဖွဲ့(ESNRD)မှ ပြုစုကာပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသောမှတ်တမ်း အရသိရသည်။

Dawei Watch

ကျန်ရှိ ဘင်္ဂါလီများအား လူမျိုးအမည် မဖြေကြား ပုံစံဖြင့် မေလတွင် သန်းခေါင်စာရင်း ကောက်မည်

 
ရခိုင်ပြည်နယ်ရှိ သန်းခေါင်စာရင်း အကောက် မခံခဲ့သော ဘင်္ဂါလီများအား လူမျိုးအမည် မဖြေကြား ပုံစံဖြင့် ယခုလတွင် သန်းခေါင်စာရင်း အပြီး ကောက်ခံသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနမှ သတင်း ရရှိသည်။

““မေးခွန်း လေးဆယ် မေးမယ်။ ကိုးကွယ်သည့် ဘာသာ ဖြေကြားမယ်။ လူမျိုး အမည် ဖြေကြား ချင်တယ် ဆိုရင်လည်း ရိုဟင်ဂျာကို မှတ်တမ်းထဲ မထည့်ဘူး၊ မှတ်တမ်း မတင်ဘူး။ တခြား အမည် ဖြေလို့ရတယ်။ လူမျိုး အမည် မဖြေကြားလည်း ရတယ်”” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်လင်း က The Messenger သတင်းစာသို့ပြောသည်။

ထိုကဲ့သို့ ကောက်ခံရာတွင် ကုတ်နံပါတ် (၉၁၄) ၌ အမည် မဖြေကြားဟူ၍ ကောက်ခံ သွားမည်ဖြစ်ပြီး၊ မေလ ပထမပတ်တွင် ပြန်လည် ကောက်ခံမည် ဖြစ်ကြောင်း လ.၀.က မှ သိရသည်။ ယင်းကဲ့သို့ ပြန်လည် ကောက်ခံခြင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူမှု အောင်မြင် စေချင် သောကြောင့် ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူစဉ် ကာလက ရခိုင် ပြည်နယ်ရှိ ဘင်္ဂါလီများသည် လူမျိုးနေရာတွင် ရိုဟင်ဂျာဟု ဖြေကြားမှုများ ရှိသောကြောင့် သန်းခေါင်စာရင်း ကောက်ယူ၍ မရခဲ့ကြောင်း ကောက်ယူ သူများ ထံမှ သိရသည်။ ““အခုထိတော့ မသိသေးဘူး။ ကျွန်တော်တို့ ခေါင်းဆောင် တွေနဲ့ အစိုးရ တာဝန်ရှိ တဲ့သူတွေ ကောက်ယူဖို့ ညှိနေတယ်””ဟု စစ်တွေမြို့၊ အန်ဘာလာ ရပ်ကွက်မှ ဘင်္ဂါလီ အမျိုးသား တစ်ဦးက The Messenger သတင်းစာသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ကုတ်နံပါတ် (၉၁၄) ၌ ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ခံ မည်ဟု သတင်းများ ထွက်ပေါ် လာသောကြောင့် ရခိုင် တိုင်းရင်းသား များက ကန့်ကွက် ဆန္ဒထုတ် ဖော်ခဲ့ပြီးနောက်၊ ရိုဟင်ဂျာဟု ပြောဆိုပါက မကောက်ယူဘဲ ချန်ထား ခဲ့ခြင်း ဖြစ်သည်။

The Messenger

အစိုးရတပ်ထိန်းချုပ်နယ်မြေအတွင်း ဗုံးထပ်မံပေါက်ကွဲ တစ်ဦးသေ သုံးဦးဒဏ်ရာရ

 
မေလ ၁ ရက် ၂၀၁၄

မြန်မာအစိုးရတပ် ထိန်းချုပ် နယ်မြေအတွင်းဖြစ်သော ကချင်ပြည်နယ် ကိုင်းထောက်ကျေးရွာ ဗန်းမော်သွားရာ ကားလမ်းမပေါ်တွင် မနေ့ မနက်ပိုင်း တွင် ဗုံးတစ်လုံးပေါက်ကွဲကာ လူတစ်ဦး ပွဲချင်းပြီးသေဆုံးကာ သုံးဦးဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါပေါက်ကွဲသော ဗုံးမှာ ကားလမ်းမပေါ်တွင် ကြိုးတန်းထောင်ထားသော ဗုံးဖြစ်ကြောင်း၊ ထိခိုက်သေဆုံး ဒဏ်ရာရ သူများမှာ မော်တော်ဆိုင်ကယ် ဖြင့် ခရီးသွားပြည်သူများဖြစ်ကြကြောင်း ဗုံးဒဏ်ရာဖြင့်နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံ ရောက် တရုတ်လူမျိုး မောင်ဖုန်းရွှင်က ဆိုသည်။

“ကျနော်တို့ ဆိုင်ကယ်သုံးစီးနဲ့ လူငါးယောက် ခရီးသွားကြတာ။ အဲဒီပေါက်ကွဲတဲ့နေရာမရောက်မှီ ၂ မိုင် အကွာ မှာ လုံခြုံရေး ယူနေတဲ့ မြန်မာစစ်သားတွေကို မေးကြည့်သေးတယ် ၊ ဒီဘက်ပိုင်းသွားလို့ရ မရ ပေါ့။ သူတို့က ကိုင်းထောက်ရွာ မကျော်ရင် သွားလို့ရတယ်တဲ့။ ကိုင်ထောက်ရွာနားလည်းရောက်ရော ဆိုင်ကယ် က မိုင်းကြိုးကို ညှိပါလေရော။ တစ်ခါတည်း အုန်း..ဘုန်း ပေါက်ကွဲတော့တာပဲ ၊ ကျနော်ရှေ့ က ဆိုင်ကယ်သမား တစ်ကိုယ်လုံး သွေး တွေနဲ့ ။ အဲဒီနေရာမှာ ပွဲချင်းပြီးဘဲ ” ဟု ၄င်းကဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအား အစိုးရစစ်သားနှစ်ဦးက မန့်ဝိန်း ကြီး ကျေးရွာမှ နမ့်ခမ်း ပြည်သူ့ဆေးရုံသို့ နေ့လည် ၁ နာရီ မိနစ် ၃၅ အချိန်တွင် ပို့ဆောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်သူ နှစ်ဦး ကို မူစယ်မြို့ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးကြောင်း နမ့်ခမ်းမြို့ ကျန်းမာရေး ၀န်ထမ်း တစ်ဦးက ဆိုသည်။

“ ခုနမ့်ခမ်းဆေးရုံမှာကျန်နေတဲ့တစ်ယောက်က ရင်ဘတ်နဲ့ ပေါင်မှာ ဗုံးစ ထိမှန်တာ ၊ နက်ဖန်မှ ခွဲစိတ်မှု စတင်မယ် ဒီနေ့မှာလည်း နမ့်ခမ်းမြို့ နိုင်ငံရေးပါတီတွေနဲ့မြို့မိမြို့ဖအဖွဲ့တို့ လာရောက်ကြည့်ရှု အားပေး စကားပြော ဆိုကြတယ် ” ဟု ၄င်းက သျှမ်သံတော်ဆင့်အားပြောပြသည်။

လတ်တလောမကြာခဏ ဗုံးပေါက်ကွဲမှုဖြစ်နေသောနေရာများမှာ မြန်မာအစိုးရတပ်နှင့်တိုင်း ရင်းသားလက် နက်ကိုင် တပ်ဖွဲ့များလုပ်ရှားရာဒေသများတွင်ဖြစ်သည်။

ယမန်နေ့ ဧပြီလ ၃၀ ရက် ၌ ဗန်းမော်ကားလမ်းပေါ် မန့်ဝိန်းကြီးကျေးရွာအုပ်စု (၂) မိုင်ခန့်အကွာ ကိုင်ထောက် ရွာအနီး လက်သည်မပေါ်ဗုံးပေါက်ကွဲမှု ကြောင့် နမ့်ခမ်းမြို့ အောင်မေတ္တာ ရပ်ကွက် နေ မောင်ရင်ထွေးဟော် အသက်(၃၃)နှစ် သေဆုံးပြီး ၊ မမွှေးကြူ ၊ ကွတ်ခိုင်မြို့နယ် ပန်မူ/ပန်ပြိန်း ကျေးရွာနေ မောင်ရင်ထွေးဖ ၊ မောင်ဖုန်းရွှင် အသက် (၂၉) နှစ် တို့က ဒဏ်ရာရရှိကြကြောင်း ကျန်တစ်ဦးမှာ လုံးဝထိ ခိုက် ဒဏ်ရာမှုမ ရှိကြောင်း နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံ အကြီးအကဲနှင့်နီးစပ်သူတစ်ဦးထံမှသိရသည်။

သျှမ်းသံတော်ဆင့်/စိုင်းတိုင်း

မီးပွိုင့်များတွင် မှတ်သားဖမ်းဆီးမှု စတင်သည့်နေ့ စည်းကမ်းမဲ့ယာဉ် ၆၀၀ ကျော်ဖမ်းမိ

 
ရန်ကုန်၊ မေ ၂

ရန်ကုန်မြို့တွင်းရှိ မီးပွိုင့်များတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များကို မေလ ၁ ရက် နေ့မှ စတင်၍ မှတ်သား ဖမ်းဆီးခွင့် ပေးခဲ့ရာ ယင်းတစ်ရက်အတွင်း ယာဉ်စီးရေ ၆၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောကြားသည်။

တန်ဖိုးမြင့် စီမံချက် ဒဏ်ငွေများဖြင့် ဖမ်းဆီးမှုကို ဖျက်သိမ်းပြီး နောက်ပိုင်း ယာဉ်များမှာ မီးပွိုင့်များတွင် စည်းကမ်း ချိုးဖောက်မှု ပိုမိုများပြားလာသောကြောင့် မှတ်သား ဖမ်းဆီးခြင်းကို ပြန်လည် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အများဆုံး ဖမ်းဆီးရမိသည်မှာ ခရီးသည်တင် ယာဉ်များ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မှတ်သား ဖမ်းဆီးခံရတဲ့ ကားကို သူအဖမ်းခံရမှန်း သိအောင် ယာဉ်ထိန်းက ဖမ်းတဲ့အကြောင်း ခရာမှုတ် အချက်ပြမယ်။ လှုပ်ရှားမှု မရှိတဲ့ ကားတွေကိုတော့ ဓာတ်ပုံရိုက်ပြီး မှတ်သားဖမ်းဆီးမယ်။ ဒဏ်ငွေကတော့ ၁၅၀၀ ပါ။ မှတ်သားဖမ်းဆီးမှုကြောင့် ယာဉ်စည်းကမ်း ချိုးဖောက်မှု လျော့သွားတဲ့ မီးပွိုင့်က ယာဉ်ထိန်းရဲတွေကို လစာအပိုငွေ ထောက်ပံ့မှုတွေ ပေးသွားမယ်” ဟု ၎င်းကဆိုသည်။

ယာဉ်တင်သွင်းခွင့် မူဝါဒ ပြောင်းလဲပြီးနောက်ပိုင်း ရန်ကုန်မြို့တွင်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်လျက် ရှိပြီး မီးပွိုင့်များတွင် လမ်းပြောင်းပြန်မောင်းခြင်း၊ လူအတင်အချ ပြုလုပ်ခြင်း၊ မီးနီဖြတ်မောင်းခြင်း၊ FREE ကွေ့ကြောတွင် အတည့်သွားမည့် ယာဉ်များက ပိတ်ဆို့ရပ်ထားခြင်း တို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် ယင်းကဲ့သို့ မှတ်သားဖမ်းဆီးခွင့် ပေးရခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ပွိုင့်ရဲတွေက ဖမ်းခွင့်မရှိတော့ ယာဉ်မောင်းတွေက လေးစားမှု မရှိတော့ဘူး။ ကွေ့ကြောမှာ တည့်တည့်လာရပ်ထားလို့ သွားပြောတဲ့အခါ မမျှော်လင့်တဲ့ ပြသနာတွေ ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။

စည်းကမ်းချိုးဖောက်သည့် ယာဉ်များကို တိတိကျကျ ခရာမှုတ် သတိပေး ဖမ်းဆီးမည်ဆိုပါက ပွင့်လင်းမြင်သာသည့် အခြေအနေတစ်ရပ်ဟု သုံးသပ်မိကြောင်း၊ ဒဏ်ငွေက ၁၅၀၀ ကျပ်ဖြစ်သဖြင့် ယာဉ်ထိန်းများအနေနှင့် လာဘ်ပေးလာဘ်ယူမှု နည်းပါးနိုင်ကြောင်း ယာဉ်မောင်းသက် နှစ် ၂၀ ကျော်ရှိသူ ဦးထွန်းထွန်းဝင်းက ဆိုသည်။

The Voice Weekly

မဟာမြတ်မုနိ သွန်းလောင်း ပြီးစီးသောနေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်


ကျောက်ဖြူ၊ မေ ၂

ရခိုင်ဘုရင် စန္ဒသူရိယဘုရင် လက်ထက်က မဟာမြတ်မုနိ ကိုယ်စားတော်မြတ်ကို သွန်းလောင်း ပြီးစီးသည့် ကဆုန်လပြည့်ကျော် တစ်ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ် ရခိုင်အမျိုးသား ညီလာခံက သတ်မှတ်လိုက်ကြောင်း ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ကော်မတီ (ကျောက်ဖြူညီလာခံ) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစံလှကျော်က ပြောကြားသည်။

ရခိုင်အမျိုးသားနေ့ ရွေးချယ်မှု မူဘောင်များအရ ရခိုင်အမျိုးသားနေ့ကို မဟာမြတ်မုနိ ကိုယ်စားတော်မြတ်ကို သွန်းလောင်း ပြီးစီးသည့်နေ့၊ ရခိုင်အမျိုးသားညီလာခံ စတင်ကျင်းပသည့် ဧပြီလ ၂၇ ရက်နေ့ (တန်ခူးလပြည့်ကျော် ၁၃ ရက်နေ့) နှင့် ဘုရင်မင်းစောမွန် မြောက်ဦးမြို့ စတည်သည့် တော်သလင်းလဆန်း တစ်ရက်နေ့ သုံးနေ့ကို ပဏာမ ရွေးချယ်ထားသည့် အနက် အဆိုပါနေ့ကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ် ကိုယ်စားလှယ်များက မဲဆန္ဒနှင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မဟာမြတ်မုနိ သွန်းလောင်း ပြီးစီးသည့်နေ့ကို မြို့နယ် ၁၂ မြို့နယ်က ဆန္ဒမဲပေးခဲ့ပြီး ရခိုင်အမျိုးသား ညီလာခံ စတင် ကျင်းပသည့်နေ့ကို လေးမြို့နယ်က ဆန္ဒမဲပေးကာ မြောက်ဦးမြို့ စတည်သည့် နေ့ကို မြို့နယ်တစ်ခုကသာ ဆန္ဒမဲပေးခဲ့ကြောင်း ဒေါက်တာစံလှကျော်က ပြောဆိုသည်။

ရခိုင်သမိုင်းစဉ် တစ်ခုလုံးကို ကိုယ်စားပြုနိုင်နေသောနေ့၊ ရခိုင်ရိုးရာ ယဉ်ကျေးမှု ရိုးရာဓလေ့ ထုံးစံများ၊ အမျိုးသားနိုင်ငံရေးဆန်ပြီး ရခိုင်အမျိုးသား သမိုင်းဟူ၍ ထင်ထင်ရှားရှား၊ ထည်ထည်ဝါဝါ တည်ရှိမှုနှင့် လူမျိုးဂုဏ်ဒြပ်ကို ဖော်ကျူးနိုင်သည့်နေ့၊ ရာသီဥတု၊ ခြေခင်းလက်ခင်း သာယာပြီး တောင်သူလယ်သမားများ အားလပ်သည့် ဗုဒ္ဓဘာသာဆိုင်ရာ အခါကြီး၊ ရက်ကြီးများနှင့် လွတ်ကင်းသည့်နေ့၊ ရခိုင်ပြည်သူ တစ်ရပ်လုံး၏ အမျိုးဘာသာ သာသနာ အကျိုးစီးပွားကို ရှေးရှုသောနေ့ အချက်များ အပါအဝင် အချက် ရှစ်ချက်ဖြင့် ရွေးချယ်ခြင်း ဖြစ်ကြောင်း ကော်မတီထံမှ သိရှိရသည်။

ရခိုင်အမျိုးသားညီလာခံတွင် မဟာမြတ်မုနိ သွန်းလောင်း ပြီးစီးသည့် နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်နိုင်ခဲ့သည့် အတွက် ဂုဏ်ယူကြောင်း၊ လာမည့် ကဆုန်လပြည့်ကျော် တစ်ရက်နေ့ကမှ စ၍ ရခိုင်အမျိုးသားနေ့ကို ရာသက်ပန် ကျင်းပသွားပြီး ရခိုင်တိုင်းရင်းသားများ၏ ဂုဏ်ကို မြှင့်တင်သွားရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

“ကိုယ်တိုင် ပြဋ္ဌာန်းတဲ့နေ့ကို ကိုယ်တိုင် တန်ဖိုးထားရဖို့။ ကျွန်တော်တို့ တန်ဖိုးထားမှ ရခိုင်တိုင်းရင်းသားများကို ကျန်တိုင်းရင်းသားတွေက တန်ဖိုးထားနိုင်မယ်။ နေ့တစ်ခု သတ်မှတ်ပြီးတော့ မေ့မေ့လျော့လျော့ နေလို့ မရဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်တိုင်းရင်းသားများ သဘောဆန္ဒဖြင့် သတ်မှတ်လိုက်သည့် ရခိုင်အမျိုးသားနေ့ကို ပြည်ထောင်စုအစိုးရက တရားဝင် သတ်မှတ်ပေးရန် လွှတ်တော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြသွားမည် ဖြစ်ကြောင်း ဒေါက်တာစံလှကျော်က ပြောဆိုသည်။

The Voice Weekly

လပွတ္တာမြို့နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆန္ဒဖော်ထုတ်



( 28 : 10 : 2011 ) ခုနှစ်ကတည်းက ပိတ်သိမ်းခြင်းခံခဲ့ရသော လပွတ္တာမြို့နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက် ( ၈း၀၀း )နာရီမှစတင်ကာ ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ပွဲကို လပွတ္တာ မြို့သူမြို့သားများက ပြုလုပ်ခဲ့ကြပါတယ် ။ ဒုတိယအကြိမ် ဆောင်ရွက်ကြခြင်းလည်း ဖြစ်ပါတယ် ။ 





သတင်းနှင့် ဓာတ်ပုံ - ငြိမ်းစိုးဦး

Friday, May 2, 2014

ပုဂံရှေးဟောင်း အမွေအနှစ်နေရာများကို မှတ်တမ်းတင်မည်

 
မန္တလေး၊ မေ ၁

မြန်မာ့သမိုင်း ဖြစ်စဉ်များနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို လေ့လာထိန်းသိမ်း လိုသူများနှင့် ရှေးဟောင်း ပညာရပ်များကို စိတ်ပါဝင်စားသူများဖြင့် ပါဝင်ဖွဲ့စည်ထားသည့် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာ အသင်းသည် ပုဂံဒေသရှိ သဘာဝ ပတ်ဝန်းကျင် ဆက်စပ်သည့် ရှေးဟောင်း အမွေအနှစ် နေရာများကို မှတ်တမ်းတင်မည် ဖြစ်ကြောင်း ယင်းအသင်း အတွင်းရေးမှူး ဦးသူရအောင်က ပြောကြားသည်။

အဆိုပါအသင်း၏ ပထမဆုံး ခရီးစဉ်အဖြစ် ယင်းဒေသသို့  မေလပထမပတ်တွင် သွားရောက်ကာ ပုဂံဒေသရှိ သဘာဝ ပတ်ဝန်းကျင်နှင့် ဆက်စပ်သည့် ရှေးဟောင်း အမွေအနှစ်များ တည်ရှိရာ နေရာများဖြစ်သည့် ဇီးအိုရွာ အင်ကြင်းတော သက်ဆိုးတောင်ထိပ်ရှိ ကျောက်ရေကန်နှင့် ရွှေစည်းခုံ ဘုရားဝန်းကျင်ရှိ ဧရာဝတီ မြစ်ကမ်းမှစ၍ ဗူးဘုရား တည်ရှိရာ ဧရာဝတီ မြစ်ကမ်း အပါအဝင် ရှေးဟောင်း အမွေအနှစ်များ တည်ရှိရာ နေရာများကို လေ့လာမည် ဖြစ်ကြောင်း၊ ယင်းနောက် သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အမွေအနှစ်များ ဆက်စပ်သည့် အနုပညာ လှုပ်ရှားမှုများဖြစ်သော ဂီတဖျော်ဖြေပွဲ၊ စကားရည်လုပွဲနှင့် ကဗျာရွတ်ပွဲများကို အသင်းဝင်များနှင့်အတူ ပြုလုပ်မည့်အပြင် ရှေးဟောင်း အမွေအနှစ်ဆိုင်ရာ ကိစ္စရပ်များကို ဘာသာရပ်အလိုက် ရှင်းပြမည့် အစီအစဉ်များ အပါအဝင် ခရီးစဉ်အစအဆုံး ဒီဗီဒီ မှတ်တမ်း ရိုက်ကူးပြီး အသင်းဝင်များကို ဖြန့်ချိမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ပုဂံရောက်ခဲ့တဲ့ ရှေးဟောင်း ကျောင်းသား အများစုများက တူးဖော် ထိန်းသိမ်းရေး မလုပ်ရတော့ ဘာပညာမှ မရခဲ့ကြဘူး။ ဘုရားဖူး လှည့်လည်လေ့လာတဲ့ ခရီးစဉ်အဖြစ်ပဲ သိခဲ့ကြတယ်။ အသင်းကတော့ အသင်းဝင်တွေကို လေ့လာ ထိန်းသိမ်းရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်ကိုလည်း ထည့်သွင်း ပို့ချသွားမှာပါ” ဟု ယင်းအသင်းတွင် ပါဝင်သည့် ခရီးစဉ်တွင် လိုက်ပါမည့် ဦးစိုးဝင်းနိုင်က ဆိုသည်။

ကမ္ဘာ့နိုင်ငံများရှိ ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရေးကို လုပ်ကိုင် ဆောင်ရွက်နေသည့် ရှေးဟောင်း ယဉ်ကျေးမှု နေရာများကို အစိုးရ ယဉ်ကျေးမှု ဌာနများနှင့်အတူ ရှေးဟောင်းပညာရှင် များဖြင့် ဖွဲ့စည်းထားသည့် ရှေးဟောင်း အဖွဲ့အစည်း များကလည်း တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်ခွင့် ရရှိနေသော်လည်း မြန်မာနိုင်ငံတွင် ယနေ့အထိ ခွင့်ပြုသည့် အနေအထား မရှိသေးဟု ပုဂံရှေးဟောင်း သုတေသနတွင် လက်ထောက် ညွှန်ကြားရေးမှူးဖြင့် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဦးမျိုးညွန့်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာ အသင်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး အသင်းဝင်အင်အား တစ်ရာနီးပါးရှိကာ ရန်ကုန်မြို့တော် ဒဂုံမြို့နယ်၊ ဗိုလ်ရာညွန့်လမ်း၊ အခန်းအမှတ် ၈၃ အေတွင် တည်ရှိပြီး ၀၉- ၇၃၁၇၄၁၈၇ နှင့် ၀၉- ၄၃၂၀၇၅၀၀ တို့ကို ဆက်သွယ်နိုင်သည်ဟု ယင်း အသင်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

လယ်ယာမြေကို အခြားနည်း အသုံးမပြုရေး လွှတ်တော်တွင် အတည်ပြုရန် ဖိအားပေးမည်ဟု သမဂ္ဂဆို

 
ရန်ကုန်၊ ဧပြီ ၁

လယ်ယာမြေကို အခြားနည်းဖြင့် အသုံးမပြုရေး မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (Agriculture and Farmer Federation of Myanmar-AFFM) ၏ နှစ်ပတ်လည် ညီလာခံ နောက်ဆုံးနေ့တွင် ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို လွှတ်တော်မှတင်ပြကာ အစိုးရကို ဖိအားပေးမည် ဖြစ်ကြောင်း အဆိုပါသမဂ္ဂ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးကြည်ဦးက The Voice သို့ ပြောကြားသည်။

ညီလာခံကို ဧပြီ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် နှစ်ရက်ကြာ ကျင်းပခဲ့ပြီး ညီလာခံ နောက်ဆုံးနေ့တွင် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးမပြုရေး အပါအဝင် စားသောက်ကုန် လုပ်ငန်းများတွင် ဘေးကင်းသော ဓာတုဆေးများ သုံးစွဲရေး၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် အညွှန်းပါသည့် ဓာတ်မြေသြဇာများ စနစ်တကျ သုံးစွဲရေး စသည့်အချက်များ ကိုလည်း သဘောတူခဲ့ကြောင်း ဦးကြည်ဦးက ဆိုသည်။

“သဘောတူညီချက်တွေကို လွှတ်တော်ကနေတစ်ဆင့် တင်ပြပြီး အစိုးရကို ဖိအားပေး လုပ်ဆောင် သွားမှာပါ။ လယ်ယာမြေကို စိုက်ပျိုးရေးအတွက် အသုံးမပြုရင် ကျွန်တော်တို့ကတော့ လူထု Campaign လုပ်ပြီး ကန့်ကွက်မှာပါ” ဟု ၎င်းက ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ပြောကြားသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (Agriculture and Farmer Federation of Myanmar-AFFM) သည် အပြည်ပြည်ဆိုင်ရာ စားသောက်ကုန်ထုတ် အလုပ်သမားသမဂ္ဂ (Inter-national Union of Food-IUF) ၏ အဖွဲ့ဝင်ဖြစ်ပြီး အဆိုပါ ပြည်လုံးကျွတ် ညီလာခံသို့ IUF ၏ အာရှပစိဖိတ် ဒေသတွင်း အထွေထွေ အတွင်းရေးမှူးချုပ်နှင့် IUF အဖွဲ့ဝင် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက် ခဲ့ကြောင်း အဆိုပါပွဲသို့ တက်ရောက်သည့် အလုပ်သမားများထံမှ သိရသည်။

AFFM ညီလာခံသို့ အနယ်နယ် အရပ်ရပ်မှ လယ်သမား၊ အလုပ်သမား အပါအဝင် လူ ၉၀၀ နီးပါး တက်ရောက် ခဲ့ကြောင်း အဆိုပါ ညီလာခံ စီစဉ်သူများထံမှ သိရသည်။

The Voice Weekly

ပဲခူးမြို့နယ်တွင်း ပေါက်တောကျေးရွာတွင် လေပြင်းတိုက်ခတ် နေအိမ် (၁၉၂) လုံး ပျက်ဆီး






ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပေါက်တောကျေးရွာတွင် ၁-၅-၂၀၁၄ ရက်နေ့ ညနေ(၆)နာရီ အချိန်ခန့်က လေပြင်း တိုက်ခတ်ပြီး မိုးများသည်းထန်စွာ ရွာသွန်းခဲ့ရာ မူလတန်းလွန် စာသင်ကျောင်း အပါအ၀င်ပျက်စီးသွားသော နေအိမ်(၉၅)လုံး နှင့် အိမ်ခေါင်မိုး ပျက်စီး သွားသော နေအိမ်(၉၇)လုံး စုစုပေါင်း(၁၉၂)လုံးဆုံးရှုံးသွားခဲ့ပြီး လျှပ်စစ်မီးကျောက်တိုင်များ ပြိုလဲသွား ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကျေးရွာသို့ ပဲခူးတိုင်း ဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးသက်ထွန်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီးဦးရဲမြင့်ထွန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးစောမော်ထွန်း၊ ဦးကြင်သိန်းနှင့် တာဝန်ရှိသူများမှ သွားရောက်ပြီး လေဘေးသင့်ပြည်သူများအားပေးစကားများပြောကြား၍လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးမှုတန်ဘိုးများကို စီစစ်ဆောင်ရွက် နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

BY THIT HTOO LWIN

ကလေးသူငယ်များအား ဂေဟာသင်တန်း ကျောင်းများတွင် ထားရှိခြင်းသည် အန္တရာယ်ရှိနိုင်

 
ရန်ကုန်၊မေ၂

မြန်မာနိုင်ငံတွင် စစ်ဆေးတွေ့ရှိရသော အချက်များအရ မိဘမဲ့ဂေဟာများတွင် ရောက်ရှိနေသော ကလေးသူငယ်များသည် မိသားစု၏ ချစ်ခင်ကြင်နာ မှုများကို မရရှိရုံမက ၄င်းတို့အတွက် အန္တရာယ်များပင် ဖြစ်စေနိုင်ကြောင်း ယူနီဆက်ကပြောသည်။

မေလ၂ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ပြု လုပ်ခဲ့သော လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Myanmar Servey Research က ကောက်ယူသော စစ်တမ်းများအရ မြန်မာနိုင်ငံတွင် မိဘမဲ့ဂေဟာ စုစုပေါင်း ၁၄၇ရှိရာ မှတ်ပုံတင်ပြီးဂေဟာမှာ ၁၁၁လုံး မှတ်ပုံတင်ဆဲဂေဟာမှာ ၁၃လုံးနှင့် မှတ်ပုံတင်မရှိသေးသောဂေဟာမှာ ၂၃လုံးဖြစ်ကြောင်းသိရသည်။

ဂေဟာများတွင်ရောက်ရှိနေသော ကလေးများမှာ အမိရောအဖရောမရှိသူ ၂၄၇၈ဦး ဖခင်မရှိသူ၁၉၆၁နှင့် မိခင်မရှိသူ၁၆၁၂ ဦးအပြင် အခြားအခြေ အနေအကြောင်းကြောင့် ၆၆၃ဦးရှိကာ အိရောအဖပါရှိ လျက် ဂေဟာ သို့ ရောက်ရှိလာသူမှာ ၅၅၀၉ ဦးဖြစ်ပြီး စုစုပေါင်း၏ ၄၄ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရသည်ဟုဆိုသည်။

ထို့အပြင် ဂေဟာတွင် ရောက်ရှိနေသော ကလေးများမျာ စားဝတ်နေရေး အဆင်ပြေနိုင်သော်လည်း မိဘဆွေမျိုးများ၏လုံခြုံနွေးထွေးသော မေတ္တာ မရရှိခြင်းကြောင့် ကိုယ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု များနှေးကွေးနိုင်သည့်အပြင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများအထိပါ အန္တရာယ်ရှိနိုင်သဖြင့် ယူနီဆက်အနေနှင့်ကလေးများအား မိသားစုနှင့်အတူ ကြီးပြင်းလာရေးအတွက်စီမံကိန်းများ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်သဇင်ဦး

Popular Myanmar News Journal

လပွတ္တာမြို့ပေါ် ဆေးရုံပြန်ဖွင့်ရေး ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မည်

 
လပွတ္တာမြို့ပေါ်ရှိ ဆေးရုံပြန်ဖွင့်ဖို့အတွက် ဒေသခံ ၇၀၀ ကျော်လောက်က မေ ၃ ရက်နေ့ နံနက် ၉ နာရီ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မယ်လို့ လပွတ္တာ ဒေသခံ ဦးသိန်းဌေးက ပြောပါတယ်။

“မတ်လထဲမှာ တခေါက်ပြပြီးပြီ။ သက်ဆိုင်ရာက ဘာမှလုပ်မပေးလို့ တရားဝင်စာတင်ပြီး အခုထပ်ပြတာပါ” လို့ ဆိုပါတယ်။

လပွတ္တာမြို့ပေါ်ရှိ ဆေးရုံကို နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း သုံးမိုင်မြို့သစ်မှာ ခုတင် ၂၀၀ ဆေးရုံအသစ် တည်ဆောက်ကာ၂၀၁၁ ခုနှစ်မှာ ဆေးရုံဟောင်းကို တရားဝင် ပိတ်သိမ်းခဲ့ပါတယ်။

လပွတ္တာမြို့နယ် လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ဆေးရုံဟောင်း အနီးမှာ နေထိုင်ကြလို့ လူနာတွေက မြို့သစ်ဆေးရုံကို သွားရောက်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

By ဒီဗွီဘီ

ဆုပန်ထွာက စေ့စပ်ကြောင်းလမ်းခြင်း ကန့်ကွက်ခံရမှုကို တုံ့ပြန်ပြီ

သရုပ်ဆောင် ဆုပန်ထွာကတော့ သူ့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်း ကန့်ကွက်ခံထားရတာကို တုံ့ပြန်လိုက် ပါပြီ။ 


 ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ၊ ဓာတ်ပုံ- ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ် 

ပြီးခဲ့တဲ့ ရက်ပိုင်း က သရုပ်ဆောင် ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့လူသိရှင်ကြား စေ့စပ်ကြောင်းလမ်းခြင်း အပေါ် ကိုဥက္ကာကျော်ရဲ့ ဇနီး အဖြစ် တရားဝင် ပြန်စဲတာမရှိသေးဘူးဆိုတဲ့ ဒေါ်မဉ္စူအောင်ရဲ့ ကန့်ကွက်စာ ကို နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ထည့်သွင်းဖော်ပြခဲ့တာ ဧရာဝတီပရိသတ်တွေ ကောင်းကောင်း သိကြ မှာပါ။ 

ဒီကိစ္စအပေါ် ဆုပန်ထွာက သူ့ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် အခုလို တုံ့ပြန်ထားပါတယ်။



ပန်ပန်ပရိတ်သတ်များအားလုံးပန်ပန်အတွက် စိတ်ပူပေး ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ 
နိုင်ငံပိုင်သတင်းစာတွေထဲမှာကိုဥက္ကာကျော်ဘက်မှလဲရှေ့နေ ကတဆင့်ပြန်လည် ရှင်းလင်းသွား မှာဖြစ်ပါတယ်။ 
ပန်ပန်ကိုယ်တိုင်လဲ တဦးချင်း မဖြေကြားနိုင်တဲ့အတွက် ပန်ပန့်ရဲ့ facebook နှင့် စာနယ်ဇင်းများကနေ တဆင့်ပြန်လည် ရှင်းလင်းအသိပေးသွားမှာဖြစ်ပါတယ်။ 
စိတ်ပူပေးကြတဲ့ သူများအားလုံး ကျေးဇူးအထူးတင်ပါတယ်ရှင်... 

ဆုပန်ထွာရဲ့ ဖေ့စ်ဘုတ်က ကူးယူဖော်ပြပေးလိုက်တာပါ။

 သတင်းစာမှာ တဖက်က ကြေညာအပြီး ကိုဥက္ကာကျော်ကလည်း သူ့ဖေ့စ်ဘုတ်ကနေ ထပ်မံ ရှင်းလင်းပြီး အမှန်တရားဟာ ပေါ်ပေါက်လာမှာဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုနဲ့ ပတ်သက်ပြီး ဒီဘလော့မှာ ရေးပြီးပါပြီ။ ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ရှင်းလင်းချက် http://blog.irrawaddy.org/2014/04/blog-post_11.html မှာ ဖတ်နိုင်ပါတယ်) 

အိမ့်သံစဉ် ~ ဧရာဝတီ

မြန်မာ-တရုတ်ပိုက်လိုင်း ဖြတ်သန်းရာ ငဖဲမြို့နယ်၌ သိမ်းဆည်းခဲ့သည့် မြေယာများအတွက် လျော်ကြေးမကြာမီပေးအပ်နိုင်ရန် စီစဉ်နေ


မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်း သိမ်းဆည်းခဲ့သည့် မြေယာများအတွက် ပေးလျော်ရမည့် လျော်ကြေးငွေပမာဏ အလွန်များပြားသဖြင့် ငွေသားများ လုံခြုံရေးအတွက် အစိုးရနှင့် ကုမ္ပဏီဘက်မှ စနစ်တကျပေးချေသည့် နည်းလမ်းများသတ်မှတ်ပြီး တောင်သူများလက်သို့ မကြာမီကာလအတွင်း ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း ဧပြီ ၃၀ ရက် ရန်ကုန်မြို့ရှိ Sedona ဟိုတယ်၌ ကျင်းပသည့် SEAGP ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယင်းကဲ့သို့ ငဖဲမြို့နယ်အတွင်း သိမ်းဆည်းခဲ့သည့် မြေယာများ၏ လျော်ကြေးပမာဏနှင့် မည်သည့်ကာလတွင် ပေးချေသွားမည်တို့နှင့် စပ်လျဉ်းပြီး  The Daily Eleven ၏ မေးမြန်းချက်အပေါ် “အဲဒီ လျော်ကြေးငွေပမာဏဟာ ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်တို့ တိတိကျကျ မသိပါဘူး။ လျော်ကြေးပေးဖို့ကတော့ ကန်ထရိုက်ကုမ္ပဏီနဲ့ပဲ ဆိုင်ပါတယ်။ ကန်ထရိုက် ကုမ္ပဏီကတော့ အိန္ဒိယကုမ္ပဏီ PLL ဖြစ်ပါတယ်။ နောက်ပြီး အဲဒီလျော်ကြေးကို ဘယ်တော့ပေးသွားမယ်ဆိုတာလဲ တိတိကျကျ ကျွန်တော်တို့ မသိပါဘူး။ အတတ်နိုင်ဆုံး အစောဆုံးဖြစ်အောင် ပေးသွားမှာပါ” ဟု SEAGP ကုမ္ပဏီ၊ Public Relation ဌာနမှ မန်နေဂျာ Mr.Zhang က ပြောကြားသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းရှိ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ဂုတ်ကြီးရွာကို ဖြတ်သန်းသောပိုက်လိုင်းသည် မြန်မာ-တရုတ်ပိုက်လိုင်း KP ၁၃၀ မှ KP ၁၆၀ အထိပိုင်းမှ ပိုက်လိုင်းဖြစ်ကြောင်း သိရသည်။ ပိုက်လိုင်းတည်ဆောက်ရေးကို တာဝန်ယူဆောင်ရွက်နေသည့် Contractor ကုမ္ပဏီသည် ယင်းနေရာတွင် လုပ်ငန်းဆောင်ရွက်စဉ် အချို့နေရာများ၌ သတ်မှတ်ထားသည်ထက်များသော ဧရိယာကို သိမ်းထားခြင်းရှိကြောင်းလည်း  အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မန်နေဂျာ Mr.Zhang က ပြောကြားသည်။

အဆိုပါ Contractor ကုမ္ပဏီသည် အပိုသိမ်းဆည်းသည့် နေရာအပေါ် ယာယီလျော်ကြေးငွေပေးမည့် တာဝန်ရှိကြောင်း၊ ယင်းအခက်အခဲကို ဖြေရှင်းပေးရန် Contractor ကုမ္ပဏီသည် ဒေသခံများ၊ အစိုးရနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
Eleven Media Group

ဦးသိန်းစိန် ကင်းထောက်ချုပ် တာဝန်ယူ

သမ္မတ ဦးသိန်းစိန်အခု နောက်ဆုံး ယူလိုက်တဲ့ တာဝန်ကတော့ ကင်းထောက်ချုပ်ကြီးဖြစ်ပါတယ်။ 



ကင်းထောက်လူငယ်တွေနဲ့ တွေ့ဆုံနေတဲ့ သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- ဦးရဲထွဋ် ( ပြန်ကြားရေး)

မနေ့က မနက်ပိုင်းမှာ မန္တလေးတိုင်း မေမြို့ ( ပြင်ဦးလွင်) မှာ ရှိတဲ့ ကင်းထောက် လူငယ် စခန်းကို သွား
ရောက် လေ့လာရင်း  မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ရဲ့ ကင်းထောက်ချုပ်အဖြစ် ခံယူခဲ့တဲ့ ဦးသိန်းစိန်ဟာ  ကင်းထောက်လူငယ်တွေကို သမ္မတတဦးအနေနဲ့ တင်မဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက် ကင်းထောက် တဦးအနေနဲ့လည်းအား ပေး စကားပြောပါတယ်တဲ့။ 

သမ္မတ ပြောခွင့် ပြန်ကြားရေး ဝန်ကြီး ဦးရဲထဋ်လည်း ဦးသိန်းစိန်နဲ့ အတူ လိုက်ပါသွားခဲ့တာကြောင့် ကင်းထောက်အဖွဲ့ သမ္မတ သွားရောက်အားပေးတာနဲ့ အဖွဲ့ပေါ်ပေါက်လာပုံတွေကို သူ့ဖေ့စ်ဘုတ်မှာ အခုလို ရေးထားပါတယ်။ 

ကင်းထောက်အဖွဲ့ကို မြန်မာနိုင်ငံမှာ ၁၉ ၂၀ မှာ စဖွဲ့ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး ၁၉ ၄၈ ကနေ ၁၉ ၆၂ ခုနှစ်အထိ ကင်းထောက်လှုပ်ရှားမှုရှိခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ စ၀်ရွှေသိုက်၊ ဒေါက်တာဘဦး၊ မန်းဝင်းမောင်တို့က ကင်းထောက်နာယက ( ကင်းထောက်ချုပ်) များအဖြစ် တာဝန်ယူခဲ့ကြပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်လည်း အမျိုးသမီး ကင်းထောက်ခေါင်းဆောင် အဖြစ်ဆောင်ရွက်ခဲ့
ပြီး ၀န်ကြီးချုပ်ဦးနု ရဲ့ ဇနီး ဒေါ်မြရီက အမျိုးသမီးကင်းထောက်အဖွဲ့ ဥက္ကဌ အဖြစ်တာဝန်ယူ ဖူးတယ်လို့ သိရပါတယ်။ 

ကျွန်တော်တို့ ခေတ်ရောက်တော့ ကင်းထောက်အတွေ့အကြုံတွေကို အဖေ နဲ့ ဦးလေး ဆီကပဲ ကြားခဲ့ရပါ တယ်။ နိုင်ငံတော်သမ္မတကြီးက ကင်းထောက်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့ ၂၀၁၂ ခုနှစ်ကုန်ပိုင်းက စပြိး ဆောင်ရွက်ခဲ့ပါတယ်။ 

၂၀၁၃ ခုနှစ်ထဲမှာ ကင်းထောက်လူငယ်တွေကို နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အခုတော့ ကင်းထောက် လူငယ်များတွေ့ဆုံပွဲလုပ်နေတဲ့ ပြင်ဦးလွင်ကို သမ္မတကိုယ်တိုင် လာရောက်တွေ့ဆုံ အားပေးခဲ့တာဖြစ်ပါ တယ်။

ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက ဖော်ပြတဲ့ အတိုင်း ပြန်လည် ကူးယူဖော်ပြပေးလိုက်တာပါ။ 




အဲဒီပို့စ်ရဲ့ အောက်မှာ ကွန်မန့်ပေးထားကြတာတွေထဲက တခုကတော့ သမ္မတနဲ့ ဝန်ကြီးအဖွဲ့တွေ ၀တ်ထား ကြ တဲ့ ကင်းထောက်ဝတ်စုံထဲက ဦးထုပ်လိုပဲ လူငယ် ကင်းထောက် တွေကိုလည်း စီစဉ်ပေးသင့်တယ်ဆို တာပါဘဲ။ 

ဒါက မကွဲမခြားပဲ တသားတည်း တပုံစံတည်းဖြစ်သင့်တာကို ထောက်ပြထားတဲ့ သဘောလို့ ယူဆရပါ တယ်။ 

အိမ့်သံစဉ် ~ဧရာဝတီ blog

Thursday, May 1, 2014

လယ်သမား အစည်းအရုံး ဖွဲ့စည်းရေး ကျောက်ဖြူ ရခိုင်ညီလာခံမှာ အဆိုတင်သွင်း

rakhine-conference-305
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာကျင်းပနေတဲ့ ရခိုင်အမျိုးသား ညီလာခံ ၄ ရက်မြောက်နေ့ကို မြင်ရစဉ်
photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်ရဲ့ လူဦးရေအများစုဖြစ်တဲ့ လယ်သမား အရေးကို ရခိုင်အမျိုးသား ညီလာခံမှာ တက်ရောက်နေ ကြတဲ့ ပါတီတွေ အဖွဲ့အစည်းတွေက ဆွေးနွေးကြဖို့ နဲ့ လယ်သမားအရေးကို ကိုယ်စားပြု တောင်းဆိုနိုင်မယ့် အစည်းအရုံး ဖွဲ့စည်းပေးဖို့ လိုအပ်ကြောင်း မြေပုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဒီနေ့ကျင်းပနေတဲ့  ရခိုင်အမျိုးသား ညီလာခံမှာ အဆို တင်သွင်းခဲ့ပါတယ်။
ဦးဖေသန်းဟာ လယ်ယာမြေနဲ့ အခြားမြေများ သိမ်း ဆည်းခံရမှု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်ဖြစ်ပြီး ဒီနေ့ သူတင်သွင်းခဲ့တဲ့ အဆိုနဲ့ပတ်သက်ပြီး အခုလို ပြော ပါတယ်။
"တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျနော်တို့ ရခိုင်ပြည် နယ်ရဲ့ အတိုင်းအတာကို ကျနော့်အနေနဲ့ လယ်သမား အစည်းအရုံးပေါ်ပေါက်ရေးကို ဒီညီလာခံမှာ အဆိုတင်သွင်းနေခြင်းဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ၇ဝ ရာခိုင်နှုန်းရှိတဲ့ တောင်သူလယ်သမားတွေကို တက်လာတဲ့ အစိုးရတွေ၊ပါတီတွေက ဥပေက္ခာပြုထား ပြီးတော့ တောင်သူလယ်သမား အကျိုးစီးပွါးကို မဆောင်ရွက်နိုင်ဘူးဆိုရင် လယ်သမားလူထုကလည်း အဖွဲ့ အစည်းတွေက ဖွဲ့စည်းပြီးမှ ကျနော်တို့ရဲ့ ညီညွတ်မှုနဲ့ လယ်သမားတွေရဲ့ ညီညွတ်မှုနဲ့ ဒီအစိုးရတွေ ပါတီတွေကို ကျနော်တို့ တောင်းဆိုတိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်"
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ရခိုင်တိုင်းရင်းသားပါတီတွေ အဖွဲ့အစည်းတွေ တသီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း တစ်ထောင်ကျော် တက်ရောက်နေတဲ့ ရခိုင်အမျိုးသားညီလာခံကို ဒီနေ့ ၄ ရက်မြောက်နေ့အဖြစ် ကျင်းပနေတာပါ။
ဒီနေ့မှာ ရခိုင်ပြည်နယ် အမျိုးသားနေ့သတ်မှတ်ရေး၊ တရားဥပဒေစိုးမိုးရေး ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စာတမ်း ၁ဝ စောင်ကျော်လောက်ကိုလည်း ဖတ်ကြားတင်သွင်းခဲ့ကြပါတယ်။
မနက်ဖြန် ညီလာခံ နောက်ဆုံးနေ့မှာ ၄ ရက်ကြာဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို ထုတ်ပြန်ကြေညာသွား မှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်း တက်ရောက် မယ်လို့လည်း သိရပါတယ်။
၅ ရက်ကြာကျင်းပနေဆဲ ရခိုင်ညီလာခံအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေး ပို့ထားတာ နားဆင်နိုင်ပါတယ်။
RFA

ဒါဖတ်ပြီးမှ ဘရူးနိုင်း ကို သွားပါ

အခုနှစ် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို ရာထူး သင်္ကေတ တူကြီး လွှဲပြောင်းပေးခဲ့တဲ့ ဘရူးနိုင်း နိုင်ငံက ဒီကနေ့ကစတင်ပြီး  အစ္စလမ် ရှရီယာ ဥပဒေတွေကို စတင်ကျင့်သုံးတဲ့အကြောင်း 
ကြေညာပါတယ်။






လူ့အခွင့်အရေးအခြေအနေတွေ နောက်ပြန်ဆွဲစေတဲ့ ပြင်းထန်တဲ့ အစ္စလမ် ရှရီယာ ဥပဒေတွေမှာ အမျိုးသမီးတွေအပေါ်လည်း ခွဲခြားမှုတွေ အကြီးအကျယ်ရှိသလို ပြစ်ဒဏ်အပြင်းစားတွေလည်း အများကြီး ပါဝင်ပါတယ်။ 

ဘရူးနိုင်း ဘုရင်က အစ္စလမ် ဥပဒေကို နိုင်ငံမှာ အဆင့် ၃ ဆင့်နဲ့ ကျင့်သုံးမှာဖြစ်တယ်လို့ ကြေညာပါတယ်။ 

ဘရူးနိုင်း နိုင်ငံသားတွေအနေနဲ့  သောကြာနေ့တိုင်း ဘုရားဝတ်မတက်ရင်၊ လက်မထပ်ဘဲ ကိုယ်ဝန်ရှိ ရင် ထောင်ဒဏ် ငွေဒဏ်တွေ အပြစ်ပေးမှာ က အဆင့် ၁ ဖြစ်ပါတယ်တဲ့။

နောက်နှစ်မှာ စတင်မယ့် ဒုတိယအဆင့်မှာတော့ ခိုးမှု၊ လူမြင်ကွင်း အရက်သေစာသောက်စာမှုတွေ ကျူးလွန်ရင်တော့ လက်၊ ခြေတွေ ဖြတ်တာနဲ့ ကြိမ်ဒဏ်ပေးတာမျိုး အပြစ်ပေးမှာဖြစ်ပါတယ်တဲ့။ 

တတိယအဆင့်ကတော့ နောက်နှစ်ကုန်ပိုင်း စတင်ကျင့်သုံးမှာဖြစ်ပြီး အလွန်တင်းကြပ်တဲ့ ဥပဒေတွေ နဲ့ ပြစ်ဒဏ်တွေကို ကျင့်သုံးတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒါတွေကတော့ ကိုရမ်ကျမ်းနဲ့ တမာန်တော် ကို ထိခိုက် အသေရေပျက်စေတာ၊ အိမ်ထောင်ရေးဖောက်
ပြန် တာ၊ တိရိစ္ဆာန် နဲ့ လိင်ဆက်ဆံတာမျိုးတွေ ပြစ်မှု ထင်ရှားပြီဆိုရင်တော့ အစ္စလမ် ဥပဒေဖြစ်တဲ့ ခဲနဲ့ ပေါက်ပြီးသတ်တဲ့ အထိ အပြစ်ပေးမှာ ပါတဲ့။ 

လူဦးရေ ၄ သိန်းခွဲ လောက်ရှိတဲ့ ဘရူးနိုင်းနိုင်ငံမှာ အခု ဥပဒေတွေဟာ အစ္စလမ်ဘာသာဝင်မဟုတ်တဲ့ 
နိုင်ငံသားတွေအပေါ်လည်း အကျုံးဝင်မှာဖြစ်ပါတယ်။  အထူးသဖြင့် ဘရူးနိုင်း နိုင်ငံသား တရုပ်လူမျိုးတွေ လည်း ပြစ်မှု ကျူးလွန်ရင် အဲဒီ ဥပဒေအတိုင်း အပြစ်ပေးခံရမှာဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ 

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ ဒီ လုပ်ရပ်ဟာ ဘရူးနိုင်း နိုင်ငံမှာ လူ့အခွင့်အရေနဲ့ ပတ်သက်လို့ ကြီးမားတဲ့ နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ပြောဆို ပြစ်တင်လိုက်ပါတယ်။

 ၂၁ ရာစုမှာ အခုလို ရက်စက်တဲ့ အလယ်ခေတ်က အပြစ်ပေးမှုတွေပါတဲ့ အစ္စလမ် ဥပဒေကို ကျင့်သုံးဖို့ မသင့်တော့ဘူးလို့ HRW ဒါရိုက်တာ ဖီးလ် ရောဘတ်ဆန်က ဆိုပါတယ်။ 

အစ္စလမ်ဘာသာရေး ခေါင်းဆောင်တွေကတော့ ဒါဟာ အလ္လာရ် ရဲ့ အမိန့်တော်အတိုင်း လူသားတွေ ဖြစ်
သင့်တာလို့ ခုခံ ကာကွယ်ကြတယ်လို့သတင်းတွေက ဆိုပါတယ်။

 အခုလို အစ္စလမ် ရှရီယာ ဥပဒေ ကျင့်သုံးလိုက်တဲ့ ဘရူးနိုင်ငံမှာ လာရောက် အလုပ်လုပ်နေ ကြတဲ နိုင်ငံခြား သား ခရစ်ယန်နဲ့ ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီအပေါ် စိုးရိမ်စရာ အခြေအနေ ရှိနေပြီလို့ ပြောကြပါတယ်။ 

အထူးသဖြင့်တော့ ပြည်ကနေ ဘရူးနိုင်း နိုင်ငံရေနံ လုပ်ငန်းတွေမှာ လာအလုပ်လုပ်ကြတဲ့ အစ္စလမ် ဘာသာဝင် မဟုတ်သူ တွေအတွက် ဒီလို အစ္စလမ် ဥပဒေတွေက အတော်စိုးရိမ်စရာ ကောင်းတယ်လို့ ဆိုကြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကလည်း အခုလို ဘုရင် အုပ်စိုးတဲ့ ဘရူးနိုင်း နိုင်ငံမှာ  အစ္စလမ် ဥပဒေကို ကျင့်သုံးလိုက်တဲ့အပေး ပြစ်တင်ဝေဖန်ပါတယ်။ 

ဘရူးနိုင်း နိုင်ငံဟာ အာဆီယံ နိုင်ငံတွေထဲမှာ အပြင်းထန်ဆုံး ဥပဒေကို ကျင့်သုံးလိုက်တဲ့ ပထမဆုံး နိုင်ငံ
ဖြစ်လာတာပါ။

မြန်မာနိုင်ငံသားတွေလည်း ဘရူးနိုင်းမှာ သွားအလုပ်လုပ်နေကြတာတွေ ရှိသလို တချို့လည်း ဘရူးနိုင်းကို အလည်အပတ် သွားတာမျိုးလည်း ရှိနိုင်ပါတယ်။ 

ဒီတော့ ရွှေမြန်မာတွေအနေနဲ့ ဘရူးနိုင်း နိုင်ငံကို သွားမယ်ဆိုရင် ဒီသတင်းလေး ဖတ်ပြီးမှ သွားစေချင်ပါ တယ်။ 
ဧရာဝတီ blog

လယ်တီ သိမ်တော်နဲ့ စေတီကို ဖြိုဖျက်လိုက်ပြီ

lpt-monastry305.jpg
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့သာသနိက အဆောက်အဦး ကိုတွေ့ရစဉ်
photo: Internet

တရုတ်ဝမ်ပေါင်နဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီ တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာက လယ်တီဆရာတော်ရဲ့ သိမ်တော်နဲ့ စေတီတွေကို လုံးဝဖြိုဖျက်လိုက်ပြီလို့  သတင်းရရှိပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့  ဒေသခံ ဆရာတော် အရှင် စန္ဒာသီရိကRFA ကိုမိန့်ပါတယ်။
"လုပ်ကွက်ထဲမှာပါတဲ့ ဦးဇင်းတို့လို တစ်ယောက်ပေါ့နော် သူကနေပြီးတော့ ဘုရား ပန္နတ်တွေကို မနေ့ညကပဲ ဖျက်ဆီးပစ်လိုက်ပြီ ငုတ်တိုတွေပဲ ကျန်တော့တယ်လို့ သတင်းလှမ်း ပို့တယ်ဗျ "
အဲဒီ လယ်တီသိမ်ကိုမဖျက်ဆီးဖို့ ဒေသခံတွေ ကန့် ကွက်တောင်းဆိုခဲ့ကြသလို၊ စုံစမ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာလဲ စီမံကိန်းမလွတ်လို့ ဆိုရင် မူလ ပုံစံမပျက်ရွှေ့ ပြောင်းပေးရမယ်လို့  အကြံပြုထား ပါတယ်။ ဒါပေမယ့် ဒေသခံလူထုရော၊ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကိုပါ လျစ်လျူရှုပြီး ဖြိုချလိုက် တာဖြစ်တယ်လို့ ဒေသခံ ဆရာတော် အရှင်စန္ဒာသီရိကမိန့်ပါတယ်။

PSI က အော်ရီဒူးနှင့် ပူးပေါင်း၍ မိုဘိုင်းလ် ဝန်ဆောင်မှုဖြင့် ကျန်းမာရေး အသိပညာ ပေးမည်

 
ရန်ကုန်၊ ဧပြီ ၃၀

ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် အော်ရီဒူးနှင့် ပူးပေါင်း၍ မိုဘိုင်းလ် နည်းပညာ အသုံးပြုကာ အမျိုးသမီးများ၏ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အသိပညာ တိုးတက်စေရေးအတွက် m-moment အမျိုးသမီး ကျန်းမာရေး ဝန်ဆောင်မှုဖြင့် ကျန်းမာရေး အသိပညာ ပေးခြင်းကို ချဲ့ထွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း PSI မြန်မာက ဈေးကွက်ချဲ့ထွင်ရေး ဒါရိုက်တာ ဒေါက်တာဟန်ဝင်းထက်က The Voice သို့ ပြောကြားသည်။

PSI မြန်မာသည် m-moment အမျိုးသမီး ကျန်းမာရေး ဝန်ဆောင်မှုတွင် ထည့်သွင်းဖော်ပြမည့် ကျန်းမာရေးဆိုင်ရာ အသိပညာ သတင်းအချက်အလက်များကို သုံးသပ်နေပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ အတည်ပြုချက် ရယူရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အဆိုပါ ကျန်းမာရေး ဝန်ဆောင်မှု၏ အောင်မြင်ပေါ် မူတည်၍ အခြားသော ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို ချဲ့ထွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

“အခုလိုမျိုး မိုဘိုင်းလ် ဝန်ဆောင်မှုကနေ ကျန်းမာရေး အသိပညာပေးတာ ကောင်းပါတယ်။ Samsung လို Device maker ကတောင် Health လို ကျန်းမာရေး ဝန်ဆောင်မှုမျိုးကို ထည့်သုံးလာတာ တွေ့ရတယ်။ တကယ်လုပ်မယ် ဆိုရင်တော့ ပြည်သူတွေအတွက် ထိရောက်မှုရှိဖို့ လိုတယ်” ဟု ကွန်ပျူတာပညာရှင် တစ်ဦးဖြစ်သူ ကိုရဲဝင့်အောင်က ဆိုသည်။

PSI မြန်မာသည် ကျန်းမာရေး အသိပညာပေးခြင်းကို ဆောင်ရွက်ရန်အတွက် ရုပ်သံ၊ ရေဒီယိုတို့ဖြင့် ချိတ်ဆက်ခဲ့ပြီး မကြာမီ ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မိုဘိုင်းလ်ဖုန်းကို အသုံးပြုနိုင်တော့မည် ဖြစ်သောကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်းနှင့် တယ်လီနောနှင့်ပါ ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ် ရှိကြောင်း ဒေါက်တာဟန်ဝင်းထက်က ပြောကြားသည်။

“Local Operator နဲ့ ကျန်းမာရေး ဝန်ဆောင်မှု ပေးတာကို တွဲဖက် လုပ်ကိုင်လိုပေမယ့် အဆင်မပြေမှုတွေ ရှိတယ်။ Hot Line လိုဟာမျိုးကို အလကား ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

ပညာရေး၊ ကျန်းမာရေး အသိပညာ အားနည်းသည့် ပြည်သူလူထုအတွက် သတင်းအချက်အလက် မှန်ကန်စွာဖြင့် တိကျသော လမ်းညွှန်မှုများဖြင့် ကျန်းမာရေး ပညာပေးနိုင်ရန် မျှော်လင့်ကြောင်း၊ ဝန်ဆောင်မှုများကို ပေးရာတွင် အခမဲ့ ပေးနိုင်ပါက လူတိုင်း အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် မိုဘိုင်းလ် နည်းပညာ အသုံးပြုမည် ဖြစ်သည့်အတွက် တန်ဖိုးသင့်သော ဖုန်းများ ရောင်းချပေးနိုင်ရန်လည်း မျှော်လင့်ကြောင်း သင်္ဃန်းကျွန်း မြို့နယ်ရှိ ရောင်ခြည်သစ် အခမဲ့ဆေးခန်းက တာဝန်ခံ ဒေါက်တာကျော်စွာဦးက အကြံပြု ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် PSI သည် နိုင်ငံပေါင်း ၆၇ နိုင်ငံတွင် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနေပြီး PSI မြန်မာသည် ခုခံအားကျဆင်းမှု ကူးစက်သည့်ရောဂါ (HIV/AIDS)၊ တီဘီ၊ ငှက်ဖျား၊ အဆုတ်ရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် မျိုးဆက်ပွား ကျန်းမာရေးတို့ကို ဆောင်ရွက်နေသော ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

The Voice Weekly