Pages

Saturday, November 29, 2014

၂၀၁၁ ခုနှစ်အတွင်းက မြောက်ဥက္ကလာပမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့လူသတ်မှုတွင် စွဲချက်အတင်ခံထားရသည့် ကျူးလွန်သူ ၁၅ ဦးအနက် ၁၂ ဦးကိုစစ်ဆေးပြီးဖြစ်


၂၀၁၁ ခုနှစ်အတွင်းက မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင်ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့လူသတ်မှုဖြစ်စဉ်တွင်ကျူးလွန်သူ ၁၅ ဦးအနက် ၁၂ ဦးကိုစစ်ဆေးပြီးဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှ စုံစမ်းသိရသည်။

နိုဝင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းက ၁၂ ဦးမြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့သည့် ကျူးလွန်သူမှာ ကျွဲကြီး(ခ)ထွန်းထွန်းဝင်းဖြစ်ပြီး ၎င်းမှ အမှုနှင့်ပတ်သက်သည့်အကြောင်းအရာများကို ထွက်ဆိုခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်သို့ ရုံးပြန်ချိန်းခဲ့ကြောင်းသိရသည်။

မျက်နှာဖုံးစွပ်အုပ်စုဖွဲ့လူသတ်မှုဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသည့် ကျူးလွန်သူ ၂၃ ဦးကို မြောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး (၂)က ကြိုတင်ကြံရွယ်သည့် လူသတ်မှုပုဒ်မဖြစ်သည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂-၁ (ခ)နှင့် ပူးပေါင်းကြံစည်မှုပုဒ်မ - ၃၄ တို့ဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာလက စွဲချက်တင်အမိန့်ချမှတ်ခဲ့သည်။

ထိုအမိန့်ကိုမကျေနပ်သည့်အတွက် စွဲချက်အတင်ခံထားရသူများအနက် ၁၆ ဦး မှ တရားလွှတ်တော်ရုံးသို့  စွဲချက်တင်အမိန့်ကို ပြင်ဆင်တင်သွင်းခဲ့ရာ ယင်းတို့အနက်မှ ရှစ်ဦးအား စွဲချက်မခိုင်လုံသောကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ အရ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၊ တွဲဘက်(၅) တရားသူကြီး ဒေါ်စိုးစိုးအောင်က တရားရှင်လွတ်ပေးခဲ့သည်။

ထိုအမှုဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် နွယ်သာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် သေဆုံးသူကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ရှိနေစဉ် လူငါးယောက်ခန့်မှ "မင်းကကျော်မင်းလား" ဟုမေးကာ ဓားများဖြင့်ဝိုင်းဝန်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှအပြင်သို့ထွက်ပြေးစဉ် အပြင်၌စောင့်နေသည့်လူများက တုတ်၊ ဓားများဖြင့် ထပ်မံခုတ်ခဲ့ကြောင်း ရဲမှုခင်းစစ်ချက်အရ သိရသည်။

ဥာဏ်ဝင်းရှိန်၊ အောင်မျိုးသန့်EMG

ခြောက်ပွင့်ဆိုင်တွေ့ဆုံမှု မဖြစ်နိုင်ဟု ဦးရဲထွဋ်ဆို

 ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုဟာ လက်တွေ့မကျ၊ မူဝါဒတွေ မတိုက်ဆိုင်လို့ လတ်တလောမှာ မဖြစ်နိုင်သေးဘူးလို့ နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။
 အစိုးရအဖွဲ့ရဲ့ ချဉ်းကပ်ပုံဟာ မဏ္ဍိုင်တွေ၊ အဖွဲ့အစည်းတွေအပေါ် အခြေခံပြီး ပြည်ထောင်စုလွှတ်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ချဉ်းကပ်ပုံက လူပုဂ္ဂိုလ်အပေါ် အခြေခံတဲ့ ချဉ်းကပ်ပုံဖြစ်နေလို့ တွေ့ဆုံဖို့ မဖြစ်နိုင်သေးဘူးလို့ သူကဆိုပါတယ်။

ဒါ့အပြင် ခြောက်ပွင့်ဆိုင်မှာ ပါဝင်မယ့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်ဟာ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားမပြုနိုင်လို့ ဒီတွေ့ဆုံမှုဟာ လက်တွေ့ မကျဘူးလို့လည်း သူက ဆိုပါသေးတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီ အဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ ခုတွေ့ဆုံမှုဟာ လူတစ်ဦးတစ်ယောက်အတွက် လုပ်တာမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် လုပ်ဆောင်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
The Voice

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ပြည်သူ့ကိုယ်စားပြု အစိုးရအဖွဲ့ပေါ်ပေါက်လာရန် သမ္မတတိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာ ၂၆
လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ အပြီးတွင် ပြည်သူလူထုကို ကိုယ်စားပြုသည့် အစိုးရတစ်ရပ် ပေါ်ထွက်လာစေရန်အတွက် နိုင်ငံရေးပါတီများ အနေနှင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်း ပြောဆိုလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ပြုလုပ်ခဲ့သည့် နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်တွင် ၎င်းက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အဓိကကျသည့် အလှည့်အပြောင်း တစ်ခုဖြစ်သည့် အဆိုပါ ရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ကာ ပြည်သူလူထုကို ကိုယ်စားပြုသည့် အစိုးရတစ်ရပ် ပေါ်ထွန်းလာရေးအတွက် နိုင်ငံရေးပါတီများ အနေနှင့် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောဆိုသည်။
“အထူးပြောကြားချင်တဲ့ အချက်တစ်ချက် ရှိပါတယ်။ ဒီမိုကရေစီရဲ့ မူအရ နိုင်ငံမှာ ကျွန်တော်တို့ နိုင်ငံရေးအရ ယှဉ်ပြိုင်မှုတွေ၊ အားပြိုင်မှုတွေကို သဘာယကျကျ လက်ခံကြရမှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ နိုင်ငံလို ဒီမိုကရေစီ တည်ဆောက်ရေး ကြိုးပမ်းနေတဲ့ နိုင်ငံလို နိုင်ငံရေး ပါတီတွေအနေနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုများ အောင်မြင်ရေးအတွက် ရရှိထားတဲ့ ဒီမိုကရေစီ ဖြစ်ထွန်းမှုများ ဆက်လက် တိုးတက်ရေးအတွက် အခက်အခဲ အကျပ်အတည်းတွေကို နိုင်ငံရေးအရထက် တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေး အောင်မြင်ရေးဆိုတဲ့ ကိစ္စတွေမှာ ပါဝင်စဉ်းစား၊ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ လိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ယင်းအပြင် အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးများနှင့် ပတ်သက်၍လည်း သမ္မတဦးသိန်းစိန်က အဆိုပါ တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောဆိုခဲ့သည့်အပြင် ပြီးခဲ့သည့် နေပြည်တော် ၁၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ကဲ့သို့သော ထပ်သီး ခေါင်းဆောင်များ ပါဝင်သည့် ဆွေးနွေးပွဲ များကိုလည်း ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါ သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံရာတွင် ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)၊ အင်းအမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီပါတီ စသည့် တိုင်းရင်းသား ပါတီအချို့က ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဆုံးဖြတ်ထားသည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးရေးအပေါ် ထောက်ပြ ဝေဖန်ခဲ့ကြပြီး ခြောက်ပွင့်ဆိုင်ထက် တိုင်းရင်းသား ပေါင်းစုံ ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ ပါဝင်နိုင်ရေးကို ဆွေးနွေး တင်ပြခဲ့ကြသည်။
“ခြောက်ပွင့်ဆိုင် ဆွေးနွေးရေး ဆိုတာမှာ တိုင်းရင်းသား (Sector) မှာ ဗမာ၊ မွန်၊ ရခိုင် စသဖြင့် ရှိတာဆိုတော့ အနည်းဆုံး တိုင်းရင်းသား ခုနစ်ဦးထက်မနည်း ထည့်သွင်း ဆွေးနွေးပေးဖို့ မေတ္တာရပ်ခံ လိုပါတယ်” ဟု ရခိုင်အမျိုးသားပါတီမှ ဦးဇော်အေးမောင်က တင်ပြဆွေးနွေးခဲ့သည်။
သို့သော် အဆိုပါ တင်ပြဆွေးနွေးချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက တစ်စုံတစ်ရာ မှတ်ချက်ပေး တုံ့ပြန်ခဲ့ခြင်း မရှိပေ။ အဆိုပါ တွေ့ဆုံပွဲတွင် နိုင်ငံရေး ဆွေးနွေးပွဲများကို အချိန်မဆိုင်းစေရန်အတွက် အပစ်အခတ်ရပ်စဲရေး စာချုပ် မချုပ်ဆိုမီကပင် စတင်ကျင်းပခဲ့ သင့်ကြောင်း ပါတီအချို့ကလည်း ထောက်ပြ အကြံပြုခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံရှိ တရားဝင် မှတ်ပုံတင်ထားသည့် ပါတီပေါင်း ၆၀ ကျော် တက်ရောက် ခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် စသည့် အင်အားကြီး ပါတီများက ဝင်ရောက် ဆွေးနွေးခြင်း မပြုခဲ့ပေ။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ အပါအဝင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးအောင်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများလည်း တက်ရောက်ခဲ့သည်။
The Voice

Friday, November 28, 2014

သရဖူ အသိမ်းခံခဲ့ရတဲ့ အလှမယ် ဂျူးစံသာ ဒီတခါ တကယ်သွားပြိုင်ရပြီ

လွန်ခဲ့တဲ့ လေးလလောက်က Miss Globe Myanmar 2014 အဖြစ် ရွေးချယ်ခံထားရပြီး တူရကီနိုင်ငံကို သွားပြိုင်ခါနီး ၁၀ ရက်လောက်အလိုမှ Organization ဘက်က သရဖူ (crown) ပြန်သိမ်းခဲ့လို့ သွားမပြိုင်လိုက်ရတဲ့ အလှမယ် ဂျူးစံသာကို မှတ်မိကြဦးမလားပဲ။



ဓာတ်ပုံ - Miss Golden Myanmar Organization official facebook


 ဒီလို အသိမ်းခံခဲ့ရတဲ့အကြောင်းဟာ ဖေ့ဘုတ် လူမှုကွန်ရက်တွေမှာ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့လို့ နောက်ပိုင်းအလှမယ်တွေ မယ်အဖြစ် အရွေးခံရရင်တောင် “ကရာင်းအသိမ်းခံရမယ်နော် ကိုယ့် ကရာင်းကိုယ်ဖွက်ထား” ဆိုတဲ့ အထင်တွေ အမြင်တွေလည်း ပလူပျံနေခဲ့တာ ဒီကနေ့အထိပေါ့။

သူမဟာ ဒီတခါတော့ Miss Tourism Myanmar 2014 အဖြစ် အရွေးခံရပြီး Miss Tourism 2014 ပြိုင်ပွဲကို သွားပြိုင်ဖို့ ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ ညနေမှာ ဗင်နီဇွဲလားနိုင်ငံ (Venezuela) နိုင်ငံသို့  ထွက်ခွာတော့မှာပါ။

ပထမတခါမှာတော့ သွားခါနီး လာခါနီး သရဖူအသိမ်းခံခဲ့ရလို့ ၀မ်းနည်းခဲ့ရပြီး သတင်းစားရှင်းလင်းပွဲတွေ ပြုလုပ်ကာ ဖြေရှင်းချက်တွေ ပေးခဲ့ရတဲ့ အလှမယ် ဂျူးစံသာ ဒီတခါမှာ နိုင်ငံတကာ စင်မြင့်ကိုတကယ်သွားရပြီဆိုတော့ သူ့ခံစားချက် ဘယ်လိုရှိနေမလဲ။

“ပထမတခေါက်တုန်းကတော့ ပျက်ခဲ့တယ်။ အခုတခေါက်မှာ တကယ် သွားရမယ်လည်းဆိုတော့ အရမ်းလည်း ပျော်နေသလို အရမ်းလည်း စိတ်လှုပ်ရှားနေပါတယ်။ ကိုယ့်စိတ်ထဲမှာ ကိုယ်လုပ်ချင်တဲ့ အရာတခုကို လုပ်ရတော့မယ်ဆိုပြီး ပျော်ရွှင်နေပါတယ်။ ကိုယ်နဲ့ အသိလည်း တယောက်မှ မရှိ၊ မြန်မာလူမျိုးလည်း တယောက်မှ မရှိတဲ့နိုင်ငံမှာ သွားပြိုင်ရမှာဆိုတော့ တော်တော်တော့ စိတ်လှုပ်ရှားနေပါတယ်” လို့ အလှမယ် ဂျူးစံသာ ပြောပါတယ်။

အလှမယ် ဂျူးစံသာကို  Miss Golden Land Myanmar Organization က ၎င်းရဲ့ တရားဝင်ဖေ့ဘုတ် စာမျက်နှာကနေ တဆင့် ပရိတ်သတ်ရဲ့ အဆုံးအဖြတ်နဲ့ Miss Tourism Myanmar 2014 အဖြစ် ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကျင်းပမယ့် Miss Tourism 2014 ပြိုင်ပွဲကို နိုင်ငံပေါင်း ၈၀ ကျော်က ကိုယ်စားပြုအလှမယ်တွေ လာရောက်ယှဉ်ပြိုင်ကြမှာပါ။
ဧရာဝတီblog

အမတ်လစာ ၁၀ သိန်းပေးရန် လွှတ်တော်ဆုံးဖြတ်

 
၁၁ ကြိမ်မြောက် လွှတ်တော်အရပ်ရပ် ခေတ္တရပ်နားလိုက်တဲ့ နိုဝင်ဘာ ၂၈ ရက်မှာ လွှတ်တော်အမတ်တွေ လစာ ၁၀ သိန်းပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

အမတ်လစာတိုးပေးသလို နေ့တွက်စရိတ်တွေကိုလည်း တနေ့ ကျပ် ၂ သောင်းပေးဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ မြေပုံမြို့နယ်အမတ် ဦးဖေသန်းက ပြောပါတယ်။

အရင် လွှတ်တော်အမတ်လစာ ၁ လ ကျပ် ၃ သိန်းဖြစ်ပြီး နေ့တွက်စရိတ်က ကျပ် ၁ သောင်းဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေ လစာတိုးဖို့ ဆုံးဖြတ်ခဲ့သလို ပြည်နယ်တိုင်း အမတ်တွေလစာ ကျပ် ၅ သိန်းတိုးပေးဖို့နဲ့ နေ့တွက်စရိတ် ကျပ် ၂ သောင်းတိုးဖို့လည်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

ပြည်နယ်တိုင်းအမတ်တွေ အရင်လစာက ကျပ် ၂ သိန်းဖြစ်ပြီး နေ့တွက်က ကျပ် ၁ သောင်း ဖြစ်ပါတယ်။

လွှတ်တော်သက်တမ်းကုန်ဆုံးဖို့ ၁ နှစ်လောက်ကျန်ရှိနေချိန်မှာ အခုလို လွှတ်တော်အမတ်တွေ လစာတိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ၀န်ထမ်းလစာတိုးဖို့ ဒီတကြိမ်လွှတ်တော်က ဆုံးဖြတ်ခဲ့ပေမယ့် ဘယ်လောက်တိုးမယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ လစာချီးမြှင့်ငွေပြင်ဆင်ရေးဥပဒေကို သမ္မတထံပေးပို့သွားမှာဖြစ်ပြီး သမ္မတလက်မှတ်မထိုးလည်း ၁၄ ရက်အတွင်း ဥပဒေက အတည်ဖြစ်မှာပါ။ ဥပဒေအတည်ဖြစ်ပြီးရင်တော့ လွှတ်တော်အမတ်တွေ တိုးမြှင့်လစာ ခံစားကြရမှာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးလှမျိုးနောင် ကွယ်လွန်

 ဦးလှမျိုးနောင်

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်း ဦးလှမျိုးနောင် အသက် ၄၇ နှစ်ဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ  နိုဝင်ဘာ ၂၈ ရက် မနက် ၈ နာရီ ၄၀ မိနစ်က ကွယ်လွန်သွားပါတယ်။

ကာလရှည် နာမကျန်းဖြစ်နေတဲ့ ဦးလှမျိုးနောင်ဟာ အသည်းရောဂါနဲ့  မနေ့က ဆေးရုံ မှာ တက်ရောက် ဆေးကုသမှုခံယူနေရာက   ဒီကနေ့ မနက်မှာ ကွယ်လွန်သွားတာလို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမင်းဇေယျက ပြောပါတယ်။

“အဓိက အသည်းခြောက်တာပါ။  တခြားရောဂါတွေလည်း ရှိတယ်လို့ပြောတယ်။ သူကရောဂါစုံတယ်။ ဆေးရုံတင်တာလည်း နောက်ကျတဲ့သဘောပေါ့။ မနေ့ကတင် ဒီနေ့ဆုံးတယ်ဆိုတော့  ရောဂါကျွမ်းပြီဆိုတဲ့ သဘောဖြစ်တာပေါ့။ ဆေးရုံမတင်ခင် တပတ်လောက်က ကျနော့်အိမ်ကိုသူရောက်လာသေးတယ်၊ ကျနော်တို့က ရေရှည်ကုရမယ်ထင်ထားတာ၊ ခုတော့ ဗြုန်းစားကြီးဆုံးသွားတာပေါ့။”

ကျောက်ပန်းတောင်းမှာ မွေးဖွားခဲ့တဲ့ ဦးလှမျိုးနောင်ဟာ  ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာသင်ယူခဲ့ပြီး ၁၉၈၈   ကျောင်းသား လှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ ၅ နှစ်ကြာ ထောင်သွင်း အကျဉ်းချခံခဲ့ရပါတယ်။

၂၀၀၇ ခု သြဂုတ်လ  လောင်စာဆီဈေးနှုန်းကျဆင်းရေး  ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက်လည်း ဦးလှမျိုးနောင်ကို စစ်အစိုးရက ထောင်ဒဏ် ၆၅ နှစ်ချမှတ် အကျဉ်း ထပ်ချထားခဲ့ပြန်ပါတယ်။

၂၀၁၂ ဇန်န၀ါရီမှာ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့  တခြား ကျောင်း သားခေါင်းဆောင်တွေနဲ့အတူ ဦးလှမျိုးနောင်လည်း ပြန်လည်လွတ်မြောက်ခဲ့ပြီး နောက်ပိုင်းမှာ  ၈၈ မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ပါဝင်ဆောင်ရွက်ခဲ့ ပါတယ်။

လုပ်ဖော်ကိုင်ဖက်တဦး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ဦးမင်းဇေယျက “လှမျိုးနောင်ဆိုတာက ၁၉၈၈ မတ်လ ကျောင်းသားအရေးအခင်းကစပြီး ကျနော်တို့နဲ့ တောက်လျှောက်တွဲလာတဲ့ ကျောင်းသားခေါင်းဆောင်တယောက်ပါ။ ဒီမိုကရေစီရရှိရေး စစ်အာဏာရှင် အမြစ်ဖြတ်ရေးတိုက်ပွဲတွေမှာ နှစ်ပေါင်းများစွာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ပါပဲ။ ၈လေးလုံးအရေးတော်ပုံကနေ ခုချိန်ထိ သူ့ရဲ့ စွမ်းစွမ်းတမံလုပ်ဆောင်မှုတွေဟာ အားလုံး အမှတ်တရတွေပါပဲ။ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတာတော့ နှမြောစရာတော့ ကောင်းတာပေါ့ဗျာ။ သူ့ရဲ့ စွန့်လွှတ်မှုတွေ၊ ပေးဆပ်မှုတွေ၊ အနစ်နာခံမှုတွေ အပေါ်မှာတော့ ကျနော်တို့က အမြဲတမ်းလေးစားနေမှာပါ” လို့ ပြောပါတယ်။

ဦးလှမျိုးနောင်ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ရဲဘော်ရဲဘက်တဦးဖြစ်သူ ဦးမြအေးကလည်း “ကျနော်တို့ ၁၉၈၈ – ၈၉ ကာလတွေကစပြီး ထောင်တွေကျတဲ့ အချိန်မှာ ကိုလှမျိုးနောင်လည်းပါပါတယ်။ အဲဒီအချိန်တွေက ထောင်ထဲမှာ အရမ်းကြမ်းတမ်းတဲ့ ကာလတွေပေါ့။ အဲဒီကာလတွေကို အတူတူကျော်ဖြတ်ခဲ့ကြတယ်။ အဲဒီအချိန်အခါမှာ ကိုလှမျိုးနာင်ရဲ့ မိဘတွေက တော်တော်ကို စီးပွားရေးအင်အားတောင့်တင်းခဲ့ကြတဲ့ အခြေအနေပါ။ ဒါပေမယ့် ခေတ်စနစ်ရဲ့ တိုက်စားမှုကြောင့် နောက်ဆုံး ကွယ်လွန်သွားတဲ့ အချိန်မှာတော့ သူ့မှာ ပိုင်ဆိုင်မှုဘာမှမရှိဘူး။ သူပိုင်ဆိုင်ခဲ့တဲ့ဟာက သူဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး သမိုင်း၊ တိုင်းပြည်အတွက် သူစွန့်လွှတ်အနစ်နာခံခဲ့တယ်ဆိုတဲ့သမိုင်း ဒါပဲသူ့မှာရှိတယ်။ ကျနော်ကတော့ သူ့ကို အရမ်းခင်တဲ့ သူငယ်ချင်းတယောက်အနေနဲ့ရော ရဲဘော်ရဲဘက် တယောက်အနေနဲ့ရော ကျနော်သူ့ရဲ့ သမိုင်းကို လေးစားနေမှာဖြစ်တယ်။ အသိအမှတ်ပြုနေမှာ ဖြစ်တယ်။ အမြဲသတိရနေမှာဖြစ်တယ်” လို့ ပြောပါတယ်။

ဦလှမျိုးနောင်ရဲ့ ဈာပနကို   နိုဝင်ဘာ ၃၀ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပြီး  ရုပ်ကလာပ်ကို ရေဝေးသုသာန်မှာ ညနေ ၃ နာရီ သင်္ဂြိုဟ်ဖို့ အစီအစဉ် ရှိပါတယ်။

By ပီတာအောင် (ဒီဗွီဘီ)

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးလှမျိုးနောင် ကွယ်လွန်

 ဦးလှမျိုးနောင်

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်း ဦးလှမျိုးနောင် အသက် ၄၇ နှစ်ဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ  နိုဝင်ဘာ ၂၈ ရက် မနက် ၈ နာရီ ၄၀ မိနစ်က ကွယ်လွန်သွားပါတယ်။

ကာလရှည် နာမကျန်းဖြစ်နေတဲ့ ဦးလှမျိုးနောင်ဟာ အသည်းရောဂါနဲ့  မနေ့က ဆေးရုံ မှာ တက်ရောက် ဆေးကုသမှုခံယူနေရာက   ဒီကနေ့ မနက်မှာ ကွယ်လွန်သွားတာလို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမင်းဇေယျက ပြောပါတယ်။

“အဓိက အသည်းခြောက်တာပါ။  တခြားရောဂါတွေလည်း ရှိတယ်လို့ပြောတယ်။ သူကရောဂါစုံတယ်။ ဆေးရုံတင်တာလည်း နောက်ကျတဲ့သဘောပေါ့။ မနေ့ကတင် ဒီနေ့ဆုံးတယ်ဆိုတော့  ရောဂါကျွမ်းပြီဆိုတဲ့ သဘောဖြစ်တာပေါ့။ ဆေးရုံမတင်ခင် တပတ်လောက်က ကျနော့်အိမ်ကိုသူရောက်လာသေးတယ်၊ ကျနော်တို့က ရေရှည်ကုရမယ်ထင်ထားတာ၊ ခုတော့ ဗြုန်းစားကြီးဆုံးသွားတာပေါ့။”

ကျောက်ပန်းတောင်းမှာ မွေးဖွားခဲ့တဲ့ ဦးလှမျိုးနောင်ဟာ  ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာသင်ယူခဲ့ပြီး ၁၉၈၈   ကျောင်းသား လှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ ၅ နှစ်ကြာ ထောင်သွင်း အကျဉ်းချခံခဲ့ရပါတယ်။

၂၀၀၇ ခု သြဂုတ်လ  လောင်စာဆီဈေးနှုန်းကျဆင်းရေး  ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက်လည်း ဦးလှမျိုးနောင်ကို စစ်အစိုးရက ထောင်ဒဏ် ၆၅ နှစ်ချမှတ် အကျဉ်း ထပ်ချထားခဲ့ပြန်ပါတယ်။

၂၀၁၂ ဇန်န၀ါရီမှာ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့  တခြား ကျောင်း သားခေါင်းဆောင်တွေနဲ့အတူ ဦးလှမျိုးနောင်လည်း ပြန်လည်လွတ်မြောက်ခဲ့ပြီး နောက်ပိုင်းမှာ  ၈၈ မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ပါဝင်ဆောင်ရွက်ခဲ့ ပါတယ်။

လုပ်ဖော်ကိုင်ဖက်တဦး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ဦးမင်းဇေယျက “လှမျိုးနောင်ဆိုတာက ၁၉၈၈ မတ်လ ကျောင်းသားအရေးအခင်းကစပြီး ကျနော်တို့နဲ့ တောက်လျှောက်တွဲလာတဲ့ ကျောင်းသားခေါင်းဆောင်တယောက်ပါ။ ဒီမိုကရေစီရရှိရေး စစ်အာဏာရှင် အမြစ်ဖြတ်ရေးတိုက်ပွဲတွေမှာ နှစ်ပေါင်းများစွာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ပါပဲ။ ၈လေးလုံးအရေးတော်ပုံကနေ ခုချိန်ထိ သူ့ရဲ့ စွမ်းစွမ်းတမံလုပ်ဆောင်မှုတွေဟာ အားလုံး အမှတ်တရတွေပါပဲ။ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတာတော့ နှမြောစရာတော့ ကောင်းတာပေါ့ဗျာ။ သူ့ရဲ့ စွန့်လွှတ်မှုတွေ၊ ပေးဆပ်မှုတွေ၊ အနစ်နာခံမှုတွေ အပေါ်မှာတော့ ကျနော်တို့က အမြဲတမ်းလေးစားနေမှာပါ” လို့ ပြောပါတယ်။

ဦးလှမျိုးနောင်ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ရဲဘော်ရဲဘက်တဦးဖြစ်သူ ဦးမြအေးကလည်း “ကျနော်တို့ ၁၉၈၈ – ၈၉ ကာလတွေကစပြီး ထောင်တွေကျတဲ့ အချိန်မှာ ကိုလှမျိုးနောင်လည်းပါပါတယ်။ အဲဒီအချိန်တွေက ထောင်ထဲမှာ အရမ်းကြမ်းတမ်းတဲ့ ကာလတွေပေါ့။ အဲဒီကာလတွေကို အတူတူကျော်ဖြတ်ခဲ့ကြတယ်။ အဲဒီအချိန်အခါမှာ ကိုလှမျိုးနာင်ရဲ့ မိဘတွေက တော်တော်ကို စီးပွားရေးအင်အားတောင့်တင်းခဲ့ကြတဲ့ အခြေအနေပါ။ ဒါပေမယ့် ခေတ်စနစ်ရဲ့ တိုက်စားမှုကြောင့် နောက်ဆုံး ကွယ်လွန်သွားတဲ့ အချိန်မှာတော့ သူ့မှာ ပိုင်ဆိုင်မှုဘာမှမရှိဘူး။ သူပိုင်ဆိုင်ခဲ့တဲ့ဟာက သူဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး သမိုင်း၊ တိုင်းပြည်အတွက် သူစွန့်လွှတ်အနစ်နာခံခဲ့တယ်ဆိုတဲ့သမိုင်း ဒါပဲသူ့မှာရှိတယ်။ ကျနော်ကတော့ သူ့ကို အရမ်းခင်တဲ့ သူငယ်ချင်းတယောက်အနေနဲ့ရော ရဲဘော်ရဲဘက် တယောက်အနေနဲ့ရော ကျနော်သူ့ရဲ့ သမိုင်းကို လေးစားနေမှာဖြစ်တယ်။ အသိအမှတ်ပြုနေမှာ ဖြစ်တယ်။ အမြဲသတိရနေမှာဖြစ်တယ်” လို့ ပြောပါတယ်။

ဦလှမျိုးနောင်ရဲ့ ဈာပနကို   နိုဝင်ဘာ ၃၀ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပြီး  ရုပ်ကလာပ်ကို ရေဝေးသုသာန်မှာ ညနေ ၃ နာရီ သင်္ဂြိုဟ်ဖို့ အစီအစဉ် ရှိပါတယ်။

By ပီတာအောင် (ဒီဗွီဘီ)

ပမာဏကြီးမားတဲ့ ငလျင်ကြီးတွေ အချိန်မရွေးလှုပ်နိုင်တယ် – ဦးစိုးသူရထွန်း

ဦးစိုးသူရထွန်း

နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်း ပဲခူးမြို့တောင်ဘက် အရှေတောင်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်သွားတဲ့ ငလျင်အပါအ၀င် ဒီနှစ်ထဲ ငလျင် ၄၇ ကြိမ် လှုပ်ခတ်ခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ မိုးလေ၀သဌာန စာရင်းဇယား ဖော်ပြချက်တွေအရ သိရပါတယ်။

အခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် ငလျင်လှုပ်ခဲ့တာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းကတော့ အခု လှုပ်ခတ်နေတဲ့ ငလျင်ငယ်တွေဟာ ဖြစ်ရိုးဖြစ်စဉ် လှုပ်ခတ်နေတာဖြစ်ပြီး ငလျင်ကြီးတွေလှုပ်ဖို့ မမြင်မိသေးဘူးလို့ ပြောပါတယ်။

ဒါပေမယ့် မြန်မာပြည်ဟာ ငလျင်ပြတ်ရွေ့ကြော ၂ ခုနား တည်ရှိနေတာကြောင့် ပမာဏကြီးမားတဲ့ ငလျင်ကြီးတွေ အချိန်မရွေးလှုပ်နိုင်လို့ သတိပြုနေထိုင်ကြဖို့လည်း နှိုးဆော်လိုက်ပါတယ်။ ဦးစိုးသူရထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးစိုးသူရထွန်းခင်ဗျာ၊ ဒီရက်ပိုင်း ငလျင်ဆက်တိုက်လှုပ်တဲ့သတင်း ကြားရတယ်၊ အကျိုးအကြောင်း ပြောပြပေးပါဦး။

“ကျနော်တို့လည်း သတိထား ကြည့်နေပါတယ်။ ကျနော့်အမြင်အရတော့ ခုလှုပ်နေတဲ့ ငလျင်တွေက ငလျင်ငယ်လေးတွေဖြစ်တာ တကြောင်းပေါ့၊ နောက်တ ခုက နေရာတနေရာစီကနေ လှုပ်နေတဲ့အခါ ကျတော့ နောက် ထပ်ငလျင်ကြီးတခု လှုပ်ဖို့ ပြင်နေတယ်လို့ မမြင်ပါဘူး၊ ဖြစ်ရိုးဖြစ်စဉ်တခုလို့ပဲ ခုချိန်ထိ မြင်ပါသေးတယ်။”

မန္တလေးလှုပ်လိုက်၊ ရန်ကုန်လှုပ်လိုက်၊ ပဲခူးလှုပ်လိုက်၊ ဆက်တိုက်လှုပ်နေတာရော ဘယ်လိုမြင်လဲဗျ။

“တခါတလေမှာ အဲ့ဒီလိုမျိုး ဆက်တိုက်လှုပ်တာ ဖြစ်တတ်ပါတယ်။ ဥပမာ ၂၀၀၄ ဆူနာမီကြီးပြီးတော့ မန္တလေးတို့၊ နမ့်ဆန်တို့ဘက်မှာ အဲ့လိုမျိုး ငလျင်ငယ်လေးတွေ လှုပ်သလိုပေါ့၊ မြေထုချက်တွေက ပုံမှန်အတိုင်း ရွေ့သွားတတ်တာလည်း ရှိတတ်တယ်ဗျ။ အဲ့ဒီလို ရွေ့သွားတဲ့အခါမျိုးမှာ ကျန်တဲ့အသေးအမွှားနေရာလေးတွေမှာ လိုက်လှုပ်တတ်ပါတယ်။”

စစ်ကိုင်းပြတ်ရွေ့ကျောတို့ ဘာတို့နဲ့ ပတ်သက်မှု ရှိလားခင်ဗျ။

“အခုထိ မြင်ရသလောက်တော့ တိုက်ရိုက်ပတ်သတ်နေတယ်လို့ မမြင်ပါဘူး။ ပြီးခဲ့တဲ့ ရက်တွေက လှုပ်ခဲ့တာဆိုရင် အနောက်ဘက် ရခိုင်ရိုးမ၀န်းကျင်မှာ လှုပ်ခဲ့တာဖြစ်တယ်။ ချင်းတောင်တန်းနဲ့ နာဂတောင်တန်းတို့မှာ လှုပ်ခဲ့တာများတယ်။ နောက်တခါ ရှမ်းပြည်အရှေ့ပိုင်းမှာ လှုပ်ခဲ့တာလည်းရှိတယ်။ အဲ့ဒီတော့ အလယ်မှာရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကျောနဲ့တော့ တိုက်ရိုက်ဆက်စပ်နေတာ မရှိပါဘူး။”

ရန်ကုန်မှာက ကန်ထရိုက်တိုက်တွေများတယ်ဗျ။ ငလျင်ကြီးလာရင် ဒဏ်ခံနိုင်ပါ့မလား၊ ဘယ်လိုမြင်ရလဲ။

“အဲ့ဒီလိုမျိုးစဉ်းစားရင်တော့ ကျနော်တို့လည်း စိတ်ပူပါတယ်ခင်ဗျ။ အထူးသဖြင့် ၁၉၉၀ နောက်ပိုင်းဆောက်တဲ့ ကန်ထရိုက်တိုက်တွေက ခိုင်ခံ့မှုပိုင်း အားနည်းကြတယ်ခင်ဗျ။ ရန်ကုန်မှာလည်း ခုနက ပြောတဲ့ ငလျင်ငယ်လေးတွေနဲ့တော့ မဆိုင်ဘူး။ ဒါပေမယ့် ငလျင်ကြီးလှုပ်မယ်ဆို လှုပ်နိုင်တဲ့အခြေအနေ ရှိနေပါတယ်။”

အဲ့ဒီတော့ ငလျင်ကြီး လှုပ်မယ်ဆိုတာလည်း ကြိုတင်သိနိုင်တော့ မဟုတ်တော့ ဘယ်လိုပြင်ဆင် ကာကွယ်သင့်သလဲခင်ဗျ။

“အဲ့ဒီအပိုင်းက အရေးကြီးဆုံးပါ။ မြန်မာနိုင်ငံက ငလျင်ဇုန်အပေါ်ကျနေတော့ အချိန်မရွေးလည်း လှုပ်နိုင်တဲ့ အခြေအနေဖြစ်နေတော့ ကျနော်တို့ဘက်က အလုပ်နိုင်ဆုံးက အဆောက်အအုံပိုင်းပါ။ လူတွေကို အန္တရာယ်ပေးနိုင်တာက အဆောက်အအုံတွေဖြစ်နေတော့ ငလျင်ဒဏ် ခံနိုင် မနိုင် ပြန်လည်စစ်ဆေးသင့်ပါတယ်။ အသစ်ဆောက်တဲ့ အဆောက်အအုံတွေကတော့ ကျနော်တို့ ကြားသိရသလောက်က ခိုင်ခံ့မှုအပိုင်းမှာ အစိုးရက နည်းနည်း ကြပ်ကြပ်မတ်မတ်စစ်တော့ စိတ်ချရတယ်။ အဓိကကတော့ အဆောက်အအုံဟောင်းတွေပေါ့၊ တတ်နိုင်ရင်ပြန်ပြီး စစ်ဆေးသင့်တယ်။”

အဲ့ဒီတော့ မတတ်သာလို့ အထပ်မြင့်တွေမှာ နေထိုင်နေကြရတဲ့သူတွေရော ဘယ်လို ပြုမူနေထိုင်သင့်သလဲ။

“အဆောက်အအုံကြီးတခုလုံး ပြိုကျပျက်စီးသွားတာတော့ တပိုင်းပေါ့။ ကိုယ်တိုင် တတ်နိုင်တဲ့ အပိုင်းမဟုတ်ဘူးပေါ့။ ဒါပေမယ့် တဦးချင်းအနေနဲ့ မိသားစုတွေအနေနဲ့ စဉ်းစားသင့်တာက ငလျင်လှုပ်ရင် ဖြစ်စဉ်အများစုက လေးလံတဲ့ အရာဝတ္ထုတွေ ပြုတ်ကျတာတို့ အဲယားကွန်းတို့လိုဟာမျိုးတွေ ပြုတ်ကျလို့ ထိခိုက်ဒဏ်ရာရကြတာ များပါတယ်။ ဆိုတော့ ကိုယ့်ရဲ့ အဆောက်အအုံခန်းထဲမှာ ဒါမျိုးတွေဟာ ငလျင်လှုပ်ရင် ပြုတ်ကျနိုင်သလား စစ်ဆေးထားသင့်တာပေါ့။ အရေးပေါ်ဖြစ်လာရင် ဘယ်နေရာဟာ ရှောင်ပုန်းဖို့ သင့်သလဲ ကြိုပြင်ထားသင့်တယ်။ ငလျင်လှုပ်ရင် အပြင်ကို ထွက်ပြေးတာတို့၊ အပြင်ကနေ အတွင်းဝင်တာတို့ လုပ်တာက ပိုပြီး အန္တရာယ်များပါတယ်။ ငလျင်လှုပ်တဲ့အခါ အနားရှိတဲ့ ခိုင်ခံ့တဲ့ စားပွဲတို့၊ ကုတင်တို့အောက်မှာ ပုန်းခိုနေသင့်ပါတယ်။ မိသားစုတွေအနေနဲ့ ဒါကို ကြိုပြီး စဉ်းစားထားသင့်ပါတယ်။”

ဖြည့်စွက်ပြောလိုတာ ရှိရင် ပြောပေးပါ။

“လူတွေကတော့ ငလျင်ငယ်လေးတွေလှုပ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်တတ်ကြတာ ရှိတယ်။ ဒီစစ်ကိုင်းပြတ်ရွေ့ကြီး ကိုယ်တိုင်ရော၊ နောက် အနောက်ဘက်ရခိုင်ကမ်းခြေရဲ့ အနောက်ဘက်မှာရှိတဲ့  အမ်ဒမမ်ပြတ်ရွေ့ကြီးတွေက ကျနော်တို့နိုင်ငံနား ရှိနေတော့ ငလျင်ပမာဏ အကြီးကြီးတွေကလည်း အချိန်မရွေးဖြစ်နိုင်ခြေရှိတယ်။ ရှိတော့ အမြဲတမ်းအချိန်မရွေး သတိထားသင့်တဲ့ အခြအနေပါပဲလို့ ပြောချင်ပါတယ်။”

By ရွှေအောင် (ဒီဗွီဘီ)

မြန်မာဘက်သို့ ထွက်ပြေးရန်ကြံရွယ်သည့် အကြမ်းဖက်သမားတစ်ဦးကို ဘင်္ဂလာနယ်စပ်တွင် ဖမ်းမိဟုဆို

ဖမ်းဆီးရမိသူ ဓါတ်ပုံ ( BD news 25 com)

မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးရန် ကြံရွယ်ပုံရသည့် အကြမ်း ဖက်သမား တစ်ဦးကို ဘင်္ဂလာနယ်ခြား စောင့်တပ်မှ မြန်မာ နယ်စပ် အနီး နတ်ကျောက်ဆရီ မြို့နယ်တွင် ဖမ်းဆီးမိကြောင်း ကော့စ်ဘာဇား ခရိုင်ထုတ် သတင်းတပုဒ်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူမှာ ဟာဖေ့စ်မိုဟာမတ် ဆူဇ်နိုင် (၂၉) နှစ်ဖြစ်ပြီး သူကို ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ် စက်ဒါလာ နယ်စပ်တွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ဖမ်းမိခြင်းဖြစ်သည်။

သူ့ကို ပထမဆုံး အင်ဆာ (ခေါ်) ကျေးလက် ပြည်သူ့စစ် အရံတပ်ဖွဲ့မှ ဖမ်းဆီးစဉ် မြန်မာဘက်ကိုထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးစဉ် အမှတ် (၅၀) ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်စခန်းမှ ဖမ်းမိခြင်းဖြစ်ကြောင်း ကောစ်ဘာဇား သတင်းတွင်ဖော်ပြသည်။

သူ့ထံမှ RSO အဖွဲ့ ဥက္ကဌ ဆာလာမ်အုလ္လာဟ် နှင့် ဒုဥက္ကဌဖြစ်သူ ချောဖီအူလ္လာရုပ်ပုံအပါအ၀င် အမျိုးသား မှတ်ပုံတင်ကတ်၊ မဲစာရင်းအပါအ၀င် တခြားပစ္စည်းတချို့ကို တွေ့ရှိရကြောင်းလည်း သတင်းတွင်ဖော်ပြသည်။

ယခုဖမ်းဆီးခံရသူမှာ နတ်ကျောက်ဆိုးရီမြို့သို့ လွန်ခဲ့သည့် ၆ ရက်က ရောက်ရှိနေသူဖြစ်ပြိး နတ်ကျောက်ဆိုးရီမြို့ လက်ရှိအစိုးရပါတီခေါင်းဆောင် နေအိမ်နှင့်တခြား အကြမ်းဖက်သမား နေအိမ် များကို သွားရောက်ခဲ့သည်ဟု နတ်ကျောက်ဆိုးရီ ရဲစခန်းမှ အရာရှိဖြစ်သူ တော်ဟီးရ်ဒူလ် ကော်ဘီက ပြောဆိုကြောင်းလည်း သတင်းတွင်ဖော်ပြသည်။

ယခုဖမ်းဆီးရသူသည် နိုဝင်ဘာလ ၂၄ ရက်နေ့က စစ်တကောင်းမြို့တွင် ပါကိစ္စတန်နိုင်ငံသား တစ်ဦး နှင့်အတူ ဖမ်းဆီးမိသူ ၅ ဦးနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း banglanews24 သတင်းတပုဒ်တွင် ဖော်ပြသည်။

(နိရဉ္စရာ- ၂၈ နိုဝင်ဘာ ၂၀၁၄)

ဘောလိဝုဒ်မင်းသမီး ဗီနာမာလစ် ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံရ ဘာသာတရားကို မလေးမစား လုပ်မှုဖြင့် အရေးယူခြင်းဖြစ်

 
ဘောလိဝုဒ်နာမည်ကျော် မင်းသမီး တစ်ဦး ဖြစ်သော ဗီနာ မာလစ်ကို ပါကစ္စတန် တရားရုံးတစ်ခုက ဘာသာတရား ကိုမလေးမစား လုပ်မှုဖြင့် ထောင်ဒဏ် ၂၆ နှစ်ချမှတ်လိုက် ကြောင်း Foxnews သတင်းဌာနက ယနေ့ဖော်ပြသည်။

ပါကစ္စတန်နှင့် အိန္ဒိယကြားရှိ ကက်ရှ်မီးယားဒေသရှိ ဂီလ်ဂျစ်တရားရုံးက ဗီနာမာလစ်ကို ထောင်ဒဏ်အပြစ်ပေးခဲ့ ခြင်းဖြစ်ပြီး ၄င်း၏ခင်းပွန်းသည် ဖြစ်သူ အေဆက်ဒ်ဘာရှာ ခန်းခါတက်နှင့် မင်္ဂလာဆောင်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို တမန်တော်မိုဟာမက်၏သမီး မင်္ဂလာပွဲ အပေါ် အခြေခံ၍ ရုပ်သံဇာတ်လမ်းရိုက်ကူးထုတ်လွှင့်ခဲ့ခြင်း ကြောင့် ယခုကဲ့သို့ စံချိန်တင် ပြစ်ဒဏ်ချမှတ်ခံ ခဲ့ရခြင်းဖြစ် သည်။

အေဆက်ဒ်ဘာရှာခန်းခါတက်သည် ဗီနာမာလစ်နှင့် မင်္ဂလာဆောင်ခဲ့သော ဖြစ်စဉ်များကို ရိုက်ကူးထားသည့် အဆိုပါရုပ်သံဇာတ်လမ်းတွဲကို ၄င်းပိုင်ရုပ်သံတွင် လအတော် ကြာထုတ်လွှင့်ခဲ့မှုကြောင့်ပါကစ္စတန်တရားရုံးက ၄င်းကို ထောင်ဒဏ် ၁ဝ၄ နှစ်ကျခံရန်လည်း အမိန့်ပေးခဲ့သည်။

တရားသူကြီးများသည် အမိန့်ချမှတ်ပြီးနောက် အာရပ် စော်ဘွားများပြည်ထောင်စု တွင်နေထိုင်လျက်ရှိသော အေ ဆက်ဒ်ဘာရှာခန်းခါတက်နှင့်ဗီနာမာလစ်တို့ကို ဖမ်းဆီးရန် အကူအညီတောင်းခံခဲ့သည်ဟု အရှေ့အလယ်ပိုင်းမီဒီယာ များက ဖော်ပြသည်။

ဗီနာမာလစ်က Guff သတင်းဌာနနှင့် တွေ့ဆုံရာတွင် ''ထောင်ဒဏ် ၂၆ နှစ်တဲ့လား။ လာစမ်းပါစေ။ ဘဝသက် တမ်းအတွင်းမှာ ၂၆ နှစ်ဆိုတာ တော်တော်များတဲ့ အချိန် ကာလတစ်ခုပါ။ဒါပေမယ့် ပါကစ္စတန်မှာရှိတဲ့ တရားရုံးချုပ် အထိ အယူခံဝင်ဖို့စီစဉ်ထားပါတယ်။ ပါကစ္စတန်အဆင့်မြင့် တရားရုံးတွေအပေါ်မှာလဲ ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျွန်မဘဝမှာ နိမ့်မြင့်တက်ကျအများအပြားရင်ဆိုင်ခဲ့ရ ဖူးပါတယ်။ ဒါပေမယ့် ဘယ်လိုအမှား အယွင်းမျိုးကိုမှမလုပ်ခဲ့ဖူးဘူးဆိုတာ တော့ သေချာပါတယ်။ ဘာသာတရား ကို မထီမဲ့မြင်လုပ်ခဲ့တယ်ဆိုတဲ့စွဲချက် က ပြင်းထန်လွန်းတယ်လို့ထင်ပါတယ်၊ ဒါက ရန်ငြိုးထားတဲ့ စီရင်ချက်တစ်ခု ဖြစ် နေမလားလို့စဉ်းစာမိပါတယ်။ အပြစ်မရှိ ဘူးဆိုတာ သက်သေပြနိုင်ဖို့ ဘာမဆိုလုပ်သွား မှာပါ'' ဟု ပြောသည်။

သို့သော် စီရင်ချက်ချမှတ်ခဲ့သော ဂီလ် ဂျစ်တရားရုံး၏အမိန့်သည် ပါကစ္စတန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အကျုံး ဝင်ခြင်းမရှိဟုသိရသည်။ ဂီလ်ဂျစ် တရားရုံးသည် ဗီနာမာလစ်တို့ဇနီး မောင်နှံကို ဒဏ်ငွေ ရူပီးသုံးသန်း ပေးဆောင်ရန်လည်း အမိန့်ချမှတ် ခဲ့သည်။

ပါကစ္စတန် GEO ရုပ်သံတွင် အဆိုပါဇာတ် လမ်းကို နံနက်ပိုင်းအစီ အစဉ်ဖြင့် ပုံမှန်ပြသခဲ့ ခြင်းဖြစ်ပြီး ပါကစ္စတန် နိုင်ငံတစ်ဝန်းလုံးတွင် အဆိုပါ ရုပ်မြင်သံကြားဇာတ်လမ်းနှင့် ပတ်သက်၍ ဝေဖန်မှုများစွာ ပေါ်ထွက်ခဲ့သည်။ ဗီနာမာ လစ်သည် ၂ဝ၁၁ ခုနှစ်က လည်းအလားတူပြဿနာမျိုး ရင်ဆိုင်ခဲ့ရဖူးသည်။

ြ  ပြည့်ဖြိုးနိုင်
The Union Daily

Sunday, November 23, 2014

ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ဗိုလ်ချုပ်မှူးကြီးအမြင်


နိုဝင်ဘာလ (၁၉) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကချင်၊ လိုင်ဇာ ဗိုလ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ဒီ့မတိုင်မီ ရက်ပိုင်းအတွင်း ကချင်ဘက်က ထိပါးတိုက်ခိုက်မှုတွေအပေါ် စစ်ရေးသဘောတရားအရ သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗွီအိုအေနဲ့ တွေ့ဆုံစဉ်မှာပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုးရိမ်စရာပြန်ဖြစ်လာနေတဲ့ တိုင်းရင်းသား ပဋိပက္ခများ အရေးနဲ့ပတ်သတ်ပြီး ဗိုလ်ချုပ်မှူးကြီးနဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းတို့ သီးသန့်မေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ မြန်မာနိုင်ငံမှာ အရေးအကြီးဆုံးကဏ္ဍတခုလို့လည်း ပြောလို့ရပါတယ်။ ဒါက နိုင်ငံတော် ငြိမ်းချမ်းသာယာရေးပေါ့နော်၊ ငြိမ်းချမ်းရေးဆိုတော့ အခုတက်လာတဲ့အစိုးရအနေနဲ့လည်း ဦးစားပေးအစီအစဉ်အနေနဲ့ တနိုင်ငံလုံးခြုံတဲ့အပစ်အခတ်ရပ်စဲရေးကို အဖွဲ့အားလုံးနဲ့ သဘောတူစာချုပ် ချုပ်ဖို့လည်း ကြိုးစားနေခဲ့ပါတယ်။ ဒါပေမယ့် မဖြစ်လာခဲ့ပါဘူး။ အထူးသဖြင့်နောက်ပိုင်း ဒီရက်ပိုင်းတွေမှာဆိုလို့ရှိရင် ကချင်ပြည်ဘက်မှာ တိုက်ပွဲသတင်းတွေ ပြန်ကြားရပါတယ်။ မကြာသေးခင်ရက်ပိုင်းအတွင်းကပဲ ကချင်ပြည်ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်မှု သတင်းကြားပြီးတော့ လူငယ်အရာရှိလောင်းတချို့ သေဆုံးရတဲ့သတင်းလည်း ကြားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့သဘောလေး နည်းနည်းရှင်းပြပေးပါလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတဲ့အချိန်မှာ လွတ်လပ်ရေးနဲ့အတူ တပါတည်းပါလာတဲ့ ပြဿနာကတော့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေပဲဖြစ်တယ်။ အဲဒီပြဿနာက ယနေ့တိုင်ထိ ရှင်းနေရဆဲဖြစ်ပါတယ်။ အဲဒီမှာလည်း တိုင်းရင်းသားဘက်က သေကျေခဲ့တာတွေ ရှိသလို တပ်မတော်ဘက်က သေကျေခဲ့တာတွေလည်းရှိတယ်။ ပြည်သူပြည်သားတွေဘက်က အပြစ်မရှိတဲ့ပြည်သူပြည်သားတွေ သေကျေခဲ့ရတာတွေလည်း အများကြီးရှိပါတယ်။ တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းဖို့ကတော့ လူတိုင်း လိုလားတာဖြစ်ပါတယ်။ နောက်တခါ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့အခြေအနေအရပ်ရပ်ကို တိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကို မလိုချင်ဆုံးပုဂ္ဂိုလ်အနေနဲ့ပြောရင်တော့ ကျနော်တို့ တပ်မတော်သားလို့ပဲ ကျနော် ပြောချင်တယ်။ ဘယ်သူမှ ဒါတွေ မလုပ်ချင်ကြဘူးပေါ့။ တကယ်ကတော့ ကျနော်လည်း မလိုလားပါဘူး။ ငြိမ်းချမ်းရေးလည်း တကယ်လိုချင်ပါတယ်။ ကျနော် ပြည်ပနိုင်ငံတွေကို အခါအားလျော်စွာသွားတဲ့အချိန်မှာ တွေ့ရှိတဲ့ခေါင်းဆောင်တွေရော၊ ကျနော်တို့မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ တပ်မတော်ပိုင်းဆိုင်ရာ၊ နယ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ ကျနော်တို့နဲ့တွေတဲ့အချိန်တွေမှာ ပြောပါတယ်။ ‘ကျနော်တို့ ငြိမ်းချမ်းရေးလိုချင်တယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ကျနော်တို့လိုအပ်ပါတယ်။’ - တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကလိုအပ်ချက်ဟာ ဘာလဲဆိုတော့ တည်ငြိမ်အေးချမ်းဖို့ပါပဲ။ တည်ငြိမ်အေးချမ်းမှ ကျန်တဲ့လုပ်ငန်းကို လုပ်နိုင်လိမ့်မယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ငြိမ်းချမ်းရေးရအောင်ကြိုးစားနေတယ်။ တပ်မတော်ရဲ့ပြင်းပြတဲ့ဆန္ဒကတော့ ငြိမ်းချမ်းရေးရချင်တဲ့ဆန္ဒပါပဲ။ သို့သော်လည်းပဲ အခု ကျနော်တို့သွားနေတဲ့ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းမှာ လက်နက်ကိုကိုင်ပြီးတော့မှ လိုအပ်တဲ့တောင်းဆိုမှုတွေ ပြောဆိုပြီးတော့မှ သူတို့အခွင့်အာဏာရဖို့အတွက် လုပ်ဆောင်ချက်တွေကတော့ မရှိသင့်ဘူးလို့ ကျနော်တို့ ယူဆတယ်။ ဒီမိုကရေစီထဲတော့ စည်းကမ်းဥပဒေနဲ့အညီ သွားကြ လာကြ လုပ်ကြ ကိုင်ကြရမှာဖြစ်ပါတယ်။ လက်နက်နဲ့ကိုင်ပြီးတော့ လုပ်လို့တော့ မရနိုင်ဘူးပေါ့လေ။  ဒါကြောင့်မို့လို့ ဖြစ်နေတဲ့ပြဿနာတွေအားလုံး ငြိမ်းချမ်းအောင် ကျနော်တို့ ကြိုးစားလျှက်ရှိပါတယ်။ ကျနော်နဲ့တွေ့ဆုံတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း ကျနော် ဒီအတိုင်းပဲ ပြောပြတယ်။ သို့သော်လည်းပဲ ကျနော်တို့ပြောထားတဲ့ ငြိမ်းချမ်းရေးမူတွေရှိတယ်။ ငြိမ်းချမ်းရေးဆိုတာလည်း ကိုယ်တစ်ယောက်တည်းလိုချင်လို့ မရဘူးဗျ။ သူတို့ကိုယ်တိုင်လည်း လိုချင်မှရမယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ ဒီလို လက်နက်ကိုင်ပြီးတော့ ဆွေးနွေးမယ်ဆိုတဲ့အစား အားလုံးက ဒီမိုကရေစီနည်းကျ နိုင်ငံရေးအရ ဖြေရှင်းကြဖို့ ဆိုလို့ရှိရင် အပစ်အခတ်ရပ်စဲရေးက ပထမဆုံးဖြစ်ရမယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒါပေါ့၊ ဒါပေါ့။
ဦးသန်းလွင်ထွန်း။ ။ အပစ်အခတ်ရပ်စဲဖို့ဆိုလို့ရှိရင် ကျနော်တို့ လေ့လာမိသလောက်ကတော့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ KNU ကရင်တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ပါတယ်။ မကြာခဏဆိုသလို ရှမ်းတပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့တွေ့ပါတယ်။ ဒါပေမယ့် အခု နောက်ဆုံးဖြစ်နေတဲ့ ကချင်တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းနဲ့တော့ တွေ့တယ်ဆိုတာ ကျနော်တို့ မကြားမိသေးဘူးခင်ဗျ။ ဒါက ဘယ်လိုအခက်အခဲများရှိနေလို့လဲ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ပထမဦးဆုံး ကရင်ပေါ့၊ ကရင် KNU ခေါင်းဆောင်ပိုင်းနဲ့တွေ့တယ်။ နံပါတ် (၁) အချက်ကတော့ ကျနော်တို့ တပ်မတော်ကနေပြောထားတဲ့ ငြိမ်းချမ်းရေးမူ (၆) ချက်ပေါ့။ ဒီထဲမှာတော့ တော်တော်လေးကို အလေးထားပြီးတော့ သူတို့ ဆောင်ရွက်တာ တွေ့ပါတယ်။ သူတို့နဲ့ပြောဆိုကြည့်တဲ့အခါမှာ တကယ်ကို ငြိမ်းချမ်းရေးလိုချင်တဲ့သဘောထားတွေ့တယ်။ ပြောရလို့ရှိရင်တော့ လူပုဂ္ဂိုလ်အရပြောရလို့ရှိရင်တော့ သူတို့ကို ကျနော် ယုံကြည်မှုရှိပါတယ်။ ရှမ်းခေါင်းဆောင်တွေနဲ့ပြောရင်လည်း ကျနော်တို့က အထူး (၄) တို့၊ အထူး (၂) တို့ခေါင်းဆောင်တွေရှိပါတယ်။ ဒီဘက်က အထူး (၁) တို့ ခေါင်းဆောင်တွေ ရှိပါတယ်။ သူတို့နဲ့လည်း ဆွေးနွေးတဲ့အခါမှာ သူတို့လည်း ငြိမ်းချမ်းရေးစိတ်ဓာတ်တွေ အများကြီးရှိတာကို ကျနော်တို့ တွေ့ပါတယ်။ ဆိုလိုတာကတော့ သူတို့နဲ့ ပြောဆိုကြည့်တဲ့အခါမှာ သူတို့ရဲ့လိုလားချက်တွေကို ကျနော်တို့က ခန့်မှန်းမိပါတယ်။ ဒါကတော့ တချက်ပေါ့-
“KIA နဲ့ကျတော့ ကျနော်တို့စပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ကာလမတိုင်ခင်ပေါ့လေ။ အဲဒီအခြေအနေပေါ့။ နောက်ပြီးတော့ ဒီဘက်အခြေအနေ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ စောစောကပြောတဲ့ ငြိမ်းချမ်းရေးမူ (၆) ချက်ထဲမှာပြောထားတဲ့ တချို့အချက်အလက်တွေကို သူတို့လိုက်နာဖို့ အားနည်းတာကို တွေ့တယ်။ သူတို့အားနည်းတာတွေ့တဲ့အခါကျတော့ သူတို့နဲ့တွေ့ဖို့ကျတော့ တပ်မတော်အကြီးအကဲတစ်ယောက်အနေနဲ့ တော်တော်လေး စဉ်းစားရပါတယ်ဗျ။ ဒါလေး စဉ်းစားရပါတယ်။ တွေ့ပြီးတော့မှ ဘာမှလည်း အကျိုးမရှိဘူးဆိုရင် အဓိပ္ပာယ်မရှိပါဘူး။ သူတို့ဘက်က တကယ်ကို ငြိမ်းချမ်းရေးလုပ်ချင်တယ်၊ ပြုချင်တယ်ဆိုရင်တော့ ခုနကပြောတဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ထဲက လိုက်နာရမယ့်၊ လိုက်နာသင့်တဲ့အချက်တွေပေါ့- အားလုံးတော့ အတိအကျလိုက်နာရမယ်လို့တော့ မဟုတ်ပါဘူးဗျာ။ ဒါပေမယ့် တတ်နိုင်သလောက် ဒါတွေ လိုက်နာပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် အပြုသဘောဆောင်တဲ့လုပ်ဆောင်ချက်တွေ ပေါ်လာပါလိမ့်မယ်။ ဒါဆို သူတို့အပေါ် ယုံကြည်မှုတွေ ရှိလာမှာပေါ့။ ကျနော်တို့အနေနဲ့ အခု ဖြစ်ပျက်နေတဲ့ အပစ်အခတ်နဲ့ပတ်သက်ပြီး အခုနက ခင်ဗျားမေးတဲ့အထဲမှာ တချက်ပါတယ်။ ပြီးခဲ့တဲ့ (၁၉) ရက်နေ့ပေါ့နော်၊ ဒီမတိုင်ခင် အခြေအနေတွေကို ပြန်ပြီး နည်းနည်း ပြန် ပြောပြချင်တယ်။ အဲဒီတော့ သမ္မတကြီးက ကျနော်တို့ကို လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ သွားကို မတိုက်ဖို့ ပြောထားတာ ရှိပါတယ်။ သွားမတိုက်ပါဘူး။ ယနေ့တိုင်အထိ သူတို့ရဲ့စခန်းတွေကို တိုက်တာ၊ ပြုတာ၊ ဌာနချုပ်တွေပေါ့၊ သူတို့ကို တရားဝင်ပေါ့ ပေးထားတဲ့နေရာတွေကို ကျနော်တို့ တိုက်တာ ပြုတာမရှိဘူး။ ဒါပေမယ့်လည်း ကျနော်တို့အပေါ်မှာ လာပြီးတော့ သွေးတိုးစမ်းပြီး တိုက်တာ၊ ပြုတာ၊ ပစ်တာ၊ ခတ်တာတွေတော့ ရှိတယ်။ သူတို့ဘက်ကရှိတော့ တခါတလေတော့ လက်တုံ့ပြန်ရတာတွေ ရှိပါတယ်။ ဒါတွေတော့ရှိတယ်။ သမ္မတကြီးက မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်အရ တိုက်ပါလို့ ပြောတယ်။ ခုခံပိုင်ခွင့်ဆိုတာမှာ အဆင့်တွေ အများကြီးရှိတယ်ဗျ။ စစ်ရေးအမြင်တခုအရ ပြောရလို့ရှိရင် ခုခံပိုင်ခွင့်ဆိုတာ မလှုပ်နိုင်အောင် လုပ်ရတဲ့အဆင့်အထိ ကျနော်တို့ လုပ်ရတာတွေ ရှိပါတယ်။ ဒီအဆင့်ကိုကျတော့ တော်တော်လေး ထိန်းထိန်းသိမ်းသိမ်းလုပ်ရပါတယ်။ တွေ့မှတိုက်တာထက်စာရင် မတွေ့ခင်မှာ မလုပ်နိုင်အောင် တားရတာတွေလည်း အဆင့်ဆင့်ရှိတယ်ဆိုတာ ကျနော်ပြောချင်တယ်။ အဲဒီတော့ စောစောက ပြောသလိုပေါ့၊ သူတို့အနေနဲ့ မကြာခဏလာလာပြီး ပစ်ခတ်နှောင့်ယှက်တဲ့အခါကျတော့ ကျနော်တို့က မလုပ်ဖို့ ပြောတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ လာပြီး ပစ်တာလေးတွေ ရှိပါတယ်။
“စောစောကပြောတဲ့ (၁၉) ရက်နေ့ဖြစ်စဉ်ဆိုရင်လည်း ကျနော်တို့ကိုလာပြီး ပစ်တဲ့ဖြစ်စဉ် ဖြစ်လာတဲ့အတွက်ကြောင့် သတိပေးပါတယ်။ မလုပ်ပါနဲ့လို့ ထပ်ပြောတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ (၁၉) ရက်မတိုင်ခင်က ဖြစ်တဲ့ဖြစ်စဉ်ပေါ့။ တပ်မတော်ဘက်က အကျအဆုံးတွေ ရှိခဲ့သလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ရှိတယ်။ ရှိပါတယ်။ အများကြီးပါဗျာ- ဒါတွေပြောမယ်ဆိုရင် ပြန်ဆွသလိုဖြစ်မှာစိုးလို့ တော်ရုံတန်ရုံ ကျနော်ပြောခဲပါတယ်။ တပ်မတော်နဲ့ဖြစ်တယ်လို့ ကျနော် တော်တော်သည်းခံပြီးနေတယ်။ ကျနော် ပြောလိုက်လို့၊ ပြောစရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျနော် မပြောဘူး။ မပြောဘဲနဲ့ ကိုယ်ရအောင်ပဲ အောက်ခြေချင်းပဲ ရအောင် ဖြေရှင်းပါတယ်။ တချို့ဟာတွေမှာ တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ သို့သော် ကျနော်တို့ ကြိတ်မှိတ် သည်းခံပြီးတော့မှ ငြိမ်းချမ်းရေးမပျက်ချင်တဲ့စိတ်နဲ့ လုပ်တာပါ။ သတိပေးပါတယ်။ မလုပ်ကြပါနဲ့၊ ကျနော်ကိုယ်တိုင်လည်း သက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို ကျနော် လှမ်းပြောတယ်၊ မင်းတို့ ပြောပါ၊ သေချာ နားလည်အောင်ပြောပါ၊ ဒါတွေ မလုပ်ကြဖို့၊ ငြိမ်းချမ်းရေးတကယ်လိုချင်လို့ရှိရင် အဓိကကတော့ ပစ်ခတ်မှုတွေလုံးဝမရှိအောင်ထိန်းဖို့တော့ လိုတာပေါ့။ အနည်းဆုံးတော့ ပစ်ခတ်မှုထိန်းမှသာ လုံခြုံမှုဆိုတာ ဖြစ်လာလိမ့်မယ်။ ဒီလိုမဖြစ်အောင် နှစ်ဦးနှစ်ဘက်လုံးက လုပ်ဖို့တော့ လိုမယ်လေ။ ဒါကြောင့်လည်း ကျနော်တို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နေတယ်ဆိုတာ ကျနော် ပြောလိုတာပေါ့။

ဦးသန်းလွင်ထွန်း။ ။ ဆိုတော့… ဗိုလ်ချုပ်မှူးကြီးပြောသလိုပဲလေ၊ တဘက်နဲ့တဘက် အပြန်အလှန်ပစ်ခတ်မှုတွေ၊ ထိတွေ့မှုတွေ၊ ကျဆုံးမှုတွေ၊ အထိအခိုက်တွေရှိတယ်ဆိုတာလည်း ကျနော်တို့ နားလည်ပါတယ်။ ဘယ်သူမှန်တယ်။ ဘယ်ဝါမှန်တယ်ဆိုတဲ့ သဘောမဟုတ်ဘူးဆိုပေမယ့် အခု ထပ်ပြီးမေးချင်တဲ့ကိစ္စက- ဗိုလ်ချုပ်မှူးကြီး ရှင်းပြတဲ့အထဲမှာလည်း နည်းနည်းတော့ ပါပါတယ်။ အခု (၁၉) ရက်နေ့ ဖြစ်စဉ်ကတော့ နှစ်ဘက်အဖွဲ့တွေကြား ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့နေရာနဲ့ တော်တော်လှမ်းတဲ့နေရာ၊ သူတို့ရဲ့ဌာနချုပ် အတွင်းပိုင်းအထိ ရောက်နိုင်နေတဲ့အနေအထားဆိုတော့- ဒါက.. ဒီလို နှစ်ဘက် ဒီလို ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့်ဆိုတဲ့ ဘောင်ကိုကျော်နေသလား၊ ဒီလိုဖြစ်လာတဲ့အတွက် တဘက်ကရော ဒီဘက်အတွင်းပိုင်းနယ်ဘက်ကို ပြန်လှန်တိုက်ခိုက်မှုတွေလုပ်လာဖို့ ဖိတ်ခေါ်သလိုများ ဖြစ်မနေဘူးလား။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ သူတို့ဘက်ကတွေးရင်လည်း ဒီလိုတွေးရင်တွေးမှာပေါ့။ ကျနော်တို့ဘက်က ဒီလိုမတွေးဘူးဗျ။ ကျနော်တို့က သူတို့ကို သတိပေးမယ်လို့ ပြောထားတယ်။ သတိပေးပစ်ခတ်တာပေါ့။ ကျနော်တို့မှာတော့ မင်းတို့ကို ငါတို့ ပစ်ပြီဆိုရင်တော့ ပြန်ပြီးသတိပေးတဲ့ ပစ်ခတ်မှုပါ။ သူတို့ ဘယ်နေရာကပစ်မှန်းတောင် မသိပါဘူး။ သူတို့ကို မေးလိုက်လို့ရှိရင် ဥပမာ အကြောင်းတခုခုပြောလိုက်ရင် - ‘ကျနော်တို့အောက်က ပစ်တာ၊ ကျနော်တို့ မသိပါဘူး၊ စိစစ်ပါအုံးမယ်။’ဆိုတာလေးပဲ သူတို့ပြောပါတယ်။ တခါတခါကျရင် သူတို့လူတွေသူတို့၊ ကျနော်တို့လူတွေကို ကျနော်တို့ ပြောလို့မရပါဘူးဆိုတဲ့ အဖြစ်မျိုးလည်း ရခဲ့တဲ့ဟာလည်း ရှိပါတယ်။ အဲဒီတော့ စောစောကဖြစ်တဲ့ လမ်းဖောက်လုပ်ရေးလုပ်ငန်းမှာဖြစ်တဲ့ ဖြစ်စဉ်နဲ့ ဒီဘက်ကဖြစ်တဲ့ဖြစ်စဉ်နဲ့ ဝေးတယ်လို့ ပြောတဲ့အခါမှာ ကျနော်တို့အနေနဲ့ကတော့ တနယ်ကဖြစ်ပြီဆိုရင်တော့ သူတို့ဖြစ်နိုင်တဲ့နေရာတွေပေါ့။ အသိပေးနိုင်မယ့်နေရာတွေကို သတိပေးပစ်ခတ်မှုတွေလုပ်တာပေါ့။ ဒါကြောင့်လည်း ဒီလိုမျိုး သတိပေးပစ်ခတ်မှုဆိုတာ ဖြစ်တယ်ဆိုတာပဲ ပြောလို့ရပါတယ်။ ဝေးတာ မဝေးတာတော့ ကျနော်တို့ မသိဘူးပေါ့လေ၊ ဒါပေမယ့် သူတို့သိအောင်တော့ အသိပေးရတာပေါ့။ စစ်ရဲ့သဘောတရားမှာတော့ဗျာ-အများကြီးရှိပါတယ်။
ဦးသန်းလွင်ထွန်း။ ။ အခုလောလောဆယ်ကတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကို ဦးဆောင်ပြီး ညှိနှိုင်းနေတာက ငြိမ်းချမ်းရေးဖော်ဆောင်ရေး စင်တာပေါ့နော်။ MPC - ဒီအဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ဆွေးနွေးတာတွေ၊ ပြောဆိုတာတွေ၊ ညှိနှိုင်းတာတွေရှိပါတယ်။ ရှိပေမယ့်လည်း တခါတခါကျလို့ရှိရင် ထိတွေ့မှုတွေက ဆက်တိုက်ဖြစ်နေပြီးတော့ သူတို့ရဲ့ညှိနှိုင်းမှုတွေ မအောင်မြင်တတ်တဲ့ ပုံစံမျိုးတွေ ကျနော်တို့ ကြားရတယ်လေ။ အဲဒီတော့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးစင်တာရဲ့ လုပ်ငန်းစဉ်တွေနဲ့ ဘယ်လောက်ထိများ ပူးပေါင်းဆောင်ရွက်မှုရှိသလဲဆိုတာကို သိပါရစေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ MPC ကနေ လုပ်နေတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရှိပါတယ်။ ရုံးတွေရှိပါတယ်။ သူတို့လုပ်တာနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့လည်း ငြိမ်းချမ်းရေးအောင်မြင်ချင်တဲ့အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ တပ်မတော်က အရာရှိကြီးတွေ၊ အခါအားလျော်စွာလုပ်တဲ့ အစည်းအဝေးတွေမှာ ကျနော် မပျက်မကွက်တက်ပြီး ပြောသင့်ပြောထိုက်တဲ့အချက်တွေ ကျနော်တို့ပြောတာပေါ့။ သူတို့လည်း သူတို့နည်းလမ်းပေါင်းစုံနဲ့ သူတို့ ကြိုးစားတာပဲ။ တချို့လည်း အလျှော့ပေးတာတွေ လျှော့ပေး၊ တချို့လည်း ညှိညှိနှိုင်းနှိုင်းလုပ်တာတွေ ကျနော်တို့ တွေ့ပါတယ်။ တချို့ဟာတွေလည်း ကျနော်တို့ လက်ခံနိုင်တာတွေရှိတယ်။ တချို့ဟာတွေကျတော့လည်း စောစောကပြောသလို ကျနော်တို့က အမျိုးသားနိုင်ငံရေးကိုကြည့်တော့ တိုင်းပြည်ရဲ့အခြေအနေကို ချိန်ဆပြီးတော့မှ ကြည့်တဲ့အခါကျတော့ တခါတလေကျ အံမဝင် ခွင်မကျတဲ့ အချက်အလက်လေးတွေ ရှိတတ်တယ်။

ဦးသန်းလွင်ထွန်း။ ။ ဘယ်လို အချက်အလက်မျိုးကို လက်မခံနိုင်တာလဲ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ သူတို့တောင်းဆိုတာ - ဥပမာ လက်နက်ကိုင်နဲ့ပတ်သက်တဲ့ဟာလေးတောင်းဆိုတာတွေ ရှိတယ်။ နယ်မြေနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောရခင် သူတို့ပြောတာလေးတွေရှိတာပေါ့။ နောက်ပြီး လုပ်ပိုင်ခွင့် တောင်းတာတွေ ရှိတာပေါ့။ ဒါတွေကျတော့လည်း တချို့ဟာတွေ မလိုက်လျှောနိုင်တဲ့ဟာတွေကျတော့ မလိုက်လျှောနိုင်တဲ့ဟာတွေလည်းရှိတယ်။ အဲဒါကြောင့် ဥပဒေအရ သွားကြမှ ဖြစ်တာပေါ့။ ကျနော် စောစောကပြောသလိုပေါ့၊ ကျနော်တို့က ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားနေတယ်၊ ဥပဒေအရပဲ သွားကြဖို့၊ ဥပဒေအရ သူလိုချင်တဲ့ဟာလေးတွေ တောင်းပေါ့ဗျာ၊ ဒီလိုတော့ မဟုတ်ဘူး၊ သူတို့က- တချို့ဟာတွေကျတော့လည်း တောင်းဆိုမှုလေးတွေ နည်းနည်း များတာပေါ့။ အဲဒါလည်း ကျနော်ထင်ပါတယ်။ သူတို့က စိုးရိမ်မှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စိုးရိမ်မှုကို မရှိအောင် ကျနော်တို့ကလုပ်ပြဖို့လည်း - နှစ်ဦးနှစ်ဘက်ကတော့ လုပ်ဖို့တာဝန်ရှိတာပေါ့။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒါကတော့ MPC နဲ့ပတ်သက်ရင်တော့ ကျနော်တို့လည်း အောင်မြင်အောင်တော့ လုပ်စေချင်တယ်။ တိုင်းပြည်ငြိမ်းချမ်းဖို့ကတော့ သိပ်အဓိကကျတာပေါ့၊ သိပ်အဓိကကျပါတယ်။ တိုင်းပြည်မငြိမ်းချမ်းဘဲနဲ့ကတော့ ရှေ့ဆက်တိုးဖို့ဆိုတာတော့ အရှိန်ကတော့ နှောင့်နှေးနေမှာပဲ။ သွားတော့သွားမှာပဲ။ မသွားဘူးမဟုတ်ဘူး၊ ကျနော်တို့လည်း သွားနေမှာပဲ၊ လျှောက်နေမှာပဲ။ သို့သော်လည်း တလှမ်းလှမ်းမယ့် အပြည့်လှမ်းမယ့်နေရာမှာ အပြည့်မလှမ်းနိုင်ဘူး၊ အလှမ်းဝက်လောက် လှမ်းနိုင်တဲ့အခြေအနေမျိုး၊ လေးပုံသုံးပုံလောက်လှမ်းနိုင်တဲ့အခြေအနေမျိုးဖြစ်တဲ့ဟာမျိုး ကျနော်တို့ ကြုံနေရတာပေါ့။ အခုဖြစ်နေတာကတော့-

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အခု ကျနော်တို့သတိထားမိတဲ့အချက်ကတော့ ဒီလို ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးနေရင်းနဲ့ တချို့ရင်ဆိုင်တိုက်ခိုက်မှုလေးတွေ၊ ထိတွေ့မှုလေးတွေဖြစ်တယ်ဆိုလို့ရှိရင် ပြည်သူတွေအနေနဲ့ရော ကျနော်တို့သတင်းဌာနတွေအနေနဲ့ပါ တိတိကျကျ သတင်းအချက်အလက်တွေ မရတာတွေရှိပါတယ်။ အထူးသဖြင့်တော့ တပ်မတော်ဘက်ပိုင်းက ထုံးတမ်းစဉ်လာအရ ထုတ်ပြန်လေ့သိပ်မရှိဘူး။ အခုနောက်ပိုင်းမှာတော့ သတင်းထုတ်ပြန်ရေးအဖွဲ့ လုပ်ဆောင်လာပြီးတော့ သတင်းလေးတွေပေးလာတာ တွေ့ရပါတယ်။ ဒီဟာနဲ့ပတ်သက်လို့တော့ ကျနော်တိုက်တွန်းချင်တာကတော့ သတင်းများများ၊ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးပါဆိုတာကိုပဲ တိုက်တွန်းချင်ပါတယ်။ တပ်မတော်လိုပဲ ပြည်သူလူထုကလည်း ငြိမ်းချမ်းရေးကိုလိုလားတယ်။ ဖြစ်စဉ်ကို အမှန်အတိုင်း တိတိကျကျနားလည်ချင်တဲ့ဆန္ဒ အားလုံးမှာ ရှိကြတယ်ဆိုတော့ ဘက်ပေါင်းစုံကကြားရင် ပိုကောင်းပါတယ်။ အဲဒါလေးတချက် ပြောပါရစေ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ ။ သတင်းပေါ့လေ- သတင်းဆိုတာလည်း အားလုံးပြောတိုင်းလည်း သိပ်ကောင်းတာတော့ မဟုတ်ဘူး။ တချို့ဟာကျတော့လည်း ဖိအားပေးသလို ဖြစ်ပါတယ်။ တခါတလေကျတော့လည်း အဲဒါကြီးကို ပုံဖော်ပြီးတော့မှ ပုံကြီးချဲ့တဲ့ဟာမျိုးလည်း ဖြစ်တတ်ပါတယ်။ သတင်းဌာနတွေကလည်း သူတို့ရဲ့ရှုဒေါင့်ကနေ သူတို့ရေးကြတာကိုး၊ ရေးတဲ့အခါကျတော့လည်း ကောင်းတဲ့ဘက်ကနေ ရေးလိုက်ရင် တမျိုးပေါ့။ အဲလိုမဟုတ်ဘဲနဲ့ သူတို့အယူအဆ လွဲမှားပြီးတော့- သူတို့လည်း ရိုးရိုးသားသားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနော်တို့က မစွပ်စွဲပါဘူး။ ရိုးရိုးသားသားဆိုပေမယ့်လည်း သူတို့ရှုဒေါင့်က တမျိုးမြင်ပြီးတော့မှရေးတဲ့အခါကျလို့ရှိရင် ပဋိပက္ခ ပိုပြီးကြီးမားတဲ့အသွင်ကို ဆောင်သွားတတ်တယ်။ ဒါကြောင့် သူတို့ဘက်က ဘယ်လောက်ပဲဘာပြောပြော၊ ကျနော်တို့အနေနဲ့ကတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်။ သိပ်ပြီးတော့မှ ထိခိုက်တယ်ဆိုလို့ရှိရင် ကျနော်တို့က သတင်းထုတ်ပြန်ပေးတာပေါ့။ ဒါ ကျနော်တို့ရဲ့ အရိုးခံစိတ်ပါပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ပဋိပက္ခကို ပိုမကြီးထွားစေချင်လို့သာ ကျနော်တို့ပြောတာပါ။

ဦးသန်းလွင်ထွန်း။ ။ မှန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ။ တချို့ဆိုရင် လူတွေရှိတယ်ဗျ။ ကျနော်တို့ဆီမှာလည်း လူမှုကွန်ယက်တွေကနေပြီးတော့ ပြောတာတွေ ရှိတယ်။ မခံနိုင်လို့ပြောတဲ့ဟာတွေလည်းရှိတယ်။ ဒါတွေလိုက်ပြီးပြီးတော့ သူတို့ပြောထားတဲ့အတိုင်း ကျနော်တို့လိုက်လုပ်ပေးနေမယ်ဆိုလို့ရှိရင် ပိုပြီးတော့ ကြီးသထက်ကြီး၊ ကြီးသထက်ကြီး- ကျနော်တို့က အောက်မှာ အနည်းဆုံး Low Porfile ဖြစ်အောင်၊ အတတ်နိုင်ဆုံး၊ သူတို့ကိုလည်း အတတ်နိုင်ဆုံး ဒီဟာနဲ့ပတ်သက်ပြီးတော့ tension ကျအောင် ကျနော်တို့က လုပ်တယ်။ tension မြင့်အောင် ကျနော်တို့မလုပ်ချင်ဘူး။ ကျနော့်ရဲ့စိတ်ကတော့ ဒီအတိုင်းပဲရှိတယ်။

ဦးသန်းလွင်ထွန်း။ ။ သတင်းသမားတွေကြားထဲမှာရော၊ လူထုကြားထဲမှာရော အဓိက-ကတော့ ရနိုင်တဲ့အချက်အလက်ကနည်းလေလေ၊ ခန့်မှန်းယူဆချက်တွေနဲ့ သံသယတွေက ကြီးလေလေပါပဲ။ ဒါလေးရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျနော် ဒါလေး သဘောပေါက်ပြီ။ ကျနော် ပြောသင့်တဲ့အချက်လေးတွေ နောက်ပိုင်းလည်း ကျနော်ပြောပါတယ်။ အရင်ကတော့ တော်တော်လည်း ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်ဗျ။

ဦးသန်းလွင်ထွန်း။` ။ အဲဒီတော့ ငြိမ်းချမ်းရေးမှာပဲ အခု ဗိုလ်ချုပ်မှူးကြီးလည်း စောစောက တော်တော်လေးရှင်းပြခဲ့ပါတယ်။ ဒ်ီနေရာမှာ တိုင်းရင်းသားတွေက ပြောတဲ့အချက်တွေထဲမှာ တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်ဆိုတဲ့ စကားလုံး အသုံးအနှုန်းလေးတွေကို မကြာခဏတွေ့ပါတယ်။ တောင်းဆိုချက်တွေ ပြင်းပြင်းထန်ထန် ရှိပါတယ်။ တပ်မတော်အနေနဲ့ ဒီအချက်တွေကို ကြားထဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တပ်မတော်နဲ့ကြားမှာ ဘာများကွဲလွဲမှုရှိလဲ။ ဖက်ဒရယ်-ဆိုတဲ့ စကားလုံး စကားရပ်တွေကြားမှာ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အင်း…ပြဿ     နာကတော့ ဖက်ဒရယ်ရဲ့ definition ပေါ့။ အဲဒီတော့ အရင် ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာတွေ ရှိတယ်။ ယူနီယံတို့၊ ဖက်ဒရယ်တို့ ပြောတာစကားရှုပ်ပါတယ်ကွာ-တဲ့။ wording ကတော့ ကျနော် အတိအကျ မဟုတ်ဘူးပေါ့နော်၊ အဲဒီသဘောပေါ့- ရှုပ်တယ်၊ တို့ မြန်မာလိုပဲ ပြည်ထောင်စုပဲ ခေါ်တာကောင်းတယ်ဆိုပြီးတော့ ပြည်ထောင်စုဆိုတဲ့အသုံးအနှုန်းလေး သူစခဲ့တာပါ။ ဒီစကားလုံးလေး ကျနော်တို့ မှတ်သားမိဖူးပါတယ်။ အရေးကြီးတာတော့ ဖက်ဒရယ်တို့၊ ပြည်ထောင်စုတို့ အဓိပ္ပာယ်လိုချင်တာ လျှောက်ဆွဲထုတ်မယ့် အစား တကယ်တော့ ကျနော်တို့ တိုင်းရင်းသားအားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ နေဖို့အတွက်ပေါ့လေ၊ ဒီလိုဆိုချင်ပါတယ်။ သူတို့ပြောနေတဲ့ ဖယ်ဒရယ်ဆိုတာကတော့ သူတို့ရဲ့ ဖယ်ဒရယ် UNFC ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရေးထားတဲ့အချက်အလက် နောက် သူတို့ရေးထားတဲ့ အချက်အလက်၊ နောက်သူတို့ပြောတဲ့ ပြောမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့တော့မတူဘူး၊ ကွဲပြားမှုရှိနေတာကို သွားတွေ့တယ်။ ခုနကပြောတဲ့ဖယ်ဒရယ် ပြည်ထောင်စုတပ်မတော်ပေါ့ ။ ဖယ်ဒရယ် ယူနီယံအာမီပေါ့ FUA ပေါ့၊ ဖယ်ဒရယ် ယူနီယံအာမီကလည်း သူတို့ ဖွဲ့ဖို့အတွက် ဖွဲ့ထားတာ၊ အဲ့ဒီခုနက ဖယ်ဒရယ် ပြည်ထောင် - UNFC ထဲမှာ ပါပါတယ်။ ဒီလိုသာဆိုလို့ရှိရင် ကျနော်တို့ဆီမှာလည်း တပ်မတော်ရှိတာပေါ့၊ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာတော့ အမျိုးသားတပ်မတော်ဆိုတာ ရှိတယ်၊ ကျနော်တို့ဆီမှာ ဆို ကျနော်တို့ တပ်မတော်ပေါ့၊ ဘယ်နိုင်ငံမှာ ကြည့်ကြည့် အမျိုးသားတပ်မတော်ဆိုတာ တစ်ခုပဲ ရှိတယ်၊ နှစ်ခု သုံးခု အပြိုင်ဖွဲ့ထားတာ ဘယ်မှာမှ မရှိဘူး။ Even အမေရိကန်လည်းမရှိဘူး၊ အိမ်းနီးနားချင်း အိန္ဒိယလည်း မရှိဘူး၊ တရုတ်လည်းမရှိဘူး၊ ထိုင်းလည်းမရှိဘူး၊ ဘင်္ဂလားဒေ့ရှ်လည်း မရှိပါဘူး၊ ဒါ နိုင်ငံတကာ စံနှုန်းနဲ့ ကြည့်မယ်ဆိုရင်ပေါ့၊ ကျနော်တို့တပ်မတော်ပေါ့၊ ကျနော်တို့ တပ်မတော်ဟာ တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ဖြစ်ပါတယ်၊ အရာရှိထဲမှာဆိုရင် (၄၅၀၀) တိုင်းရင်းသားအရာရှိတွေဖြစ်ပါတယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်အထိ ရှိတယ်၊ ကျွန်တော်ကိုယ်တိုင်ပင်လျှင် ထားဝယ်က ဖြစ်ပါတယ်။ မိဘတွေက ထားဝယ်က ဖြစ်ပါတယ်။ အဲ ကျွန်တော်က မြန်မာစိတ်ရှိပါတယ်။ မြန်မာစိတ်ပါပဲ။ အဲ့တော့ ဒီ နေရာမှာလည်း စောစောကပြောတဲ့ ဖက်ဒရယ် တပ်မတော်တပ်မတော်လို့ပြောရင် ကျနော်တို့ တပ်မတော်မှာလည်း စစ်မှုထမ်းတဲ့ စဉ်းမျဉ်းစဉ်းကမ်းတွေရှိတယ်၊ မည်သည့်တိုင်းရင်းသားမဆို ၁၈ နှစ်ပြည့်ပြီးတဲ့ မိမိသဘောဆန္ဒအလျှောက်ပြည့်တဲ့ ၊ ဆန္ဒအလျှောက် တာဝန်ထမ်းဆောင်တဲ့ ၁၈ နှစ်ပြည့်တယ်၊ ကျန်းမာသန်စွမ်းတဲ့သူဆိုရင်တော့ တပ်မတော်က စံချိန် သတ်မှတ်ထားချက်တော့ ရှိတာပေါ့ဗျာ၊ ၁၃ ချက်ပေါ့၊ ၁၃ ချက်နဲ့ ကိုက်ညီမယ်၊ ကိုယ်တိုင်ဆန္ဒပြုမယ်၊ အသက် ၁၈ နှစ် ပြည့်ပြီးမယ် အဲ ဆိုလို့ရှိရင်တော့ မည်သည့် တိုင်းရင်းသားမဆို တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ပိုင်ခွင့်ရှိပါတယ်။ အဲလုပ်လို့လည်းရပါတယ်၊ စစ်မှုထမ်းစည်းမျဉ်စဉ်းကမ်းနဲ့ ပေါင်းမယ်ဆိုရင် ဒါ အများကြီးဖြစ်တာပေါ့၊ အဲ့တော့ ဒီမှာတင် သူတို့နဲ့ ကျနော်တို့က နည်းနည်းလေး သဘေားထားလေးတွေ မတူတာလေးတွေဖြစ်လာတာပေါ့၊ အရင်တုန်းက ကျနော်တို့ဆီမှာလည်း တိုင်းရင်းသားတပ်တွေရှိပါတယ်။ ဥပမာ အရင် ဗမာ့ သေနတ်ကိုင်တပ်ရင်းတို့၊ ရှမ်းသေနတ်ကိုင်တပ်ရင်းတို့၊ ချင်းသေနတ်ကိုင်တပ်ရင်းတို့၊ အရင်က လွပ်လပ်ရေးမရခင်က ကျနော်တို့ လွပ်လပ်ရေးရတဲ့အချိန်မှာတပါတည်း ပါလာတဲ့ တပ်တွေရှိတယ်။ ဒါတွေလည်း အခက်အခဲတွေ အများကြီးကြုံရတယ်။ ဒါကြောင့်လည်း လူကြီးတွေက အရင်တပ်မတော် အကြီးအကဲတွေက ဒါလေးတွေကို နံပါတ်တစ်အရ လူတွေကိုပြောင်းလဲ ဖွဲ့စည်းတာပေါ့၊ တခါ ခြေလျှင် ခြေမြန်တွေနဲ့ နံမည်ပြောင်းပြီးတော့ တပ်မတော်ပုံစံတခုတည်းနဲ့ ပြောင်းခဲ့တာဖြစ်ပါတယ်။ တပ်မတော်ဆိုတာကတော့ စည်းစည်းလုံးလုံးရှိမှဖြစ်မယ်။ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် တပ်မတော်ဆိုတာ ကွဲနေလို့ မရဘူး။ ဒါကြောင့် စုစည်းညီညွတ်တဲ့ တပ်မတော်တခုဘဲ ရှိဖို့သင့်တယ်လို့ ကျနော်တို့ ယူဆတယ်။

ဦးသန်းလွင်ထွန်း။ ။ အခုတော့ လက်ရှိတပ်မတော်အနေနဲ့က ပြောရမယ်ဆိုလို့ရှိရင် ပြည်ထောင်စုတပ်မတော်၊ ဒါပေမယ့်လည်း တဘက် အသုံးအနှုန်း အနေနဲ့ဆိုလို့ရှိရင် ဖက်ဒရယ်တပ်မတော်ဆိုတဲ့သဘောမျိုး ပြောနိုင်ပါသလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒီလိုပါပဲ။ ဒီအဓိပ္ပာယ်ပါပဲ။ ပြည်ထောင်စုတပ်မတော်ပါပဲ။ တိုင်းရင်းသားအားလုံး - ကျနော်တို့ကောက်နုတ်ထားတဲ့ စာရင်းမှာဆိုရင် တိုင်းရင်းသားအားလုံးရှိတယ်။ တပ်မတော်ထဲမှာ တိုင်းရင်းသားအားလုံးရှိတယ်။ တချို့လည်းကပြား၊ တချို့လည်း တိုင်းရင်းသား စစ်စစ်တွေ ရှိပါတယ်။ လက်ရှိလည်း တပ်သားကနေစပြီးတော့ အရာခံဗိုလ်အထိ အခြားအဆင့်ပေါ့။ ရှိတယ် ။ အရာရှိဆိုလို့ရှိရင်လည်း စောစောက ပြောသလို အရာရှိငယ်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တိုင်းရင်းသားတွေရှိတယ်ဆိုတာ ပြောလိုတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲတော့ ပြည်ထောင်စုတပ်မတော်အနေနဲ့ ပြည်ထောင်စုကြီးတရပ်လုံးကိုကာကွယ်ပေးရမယ့် အခွင့်အရေး၊ ကိစ္စတွေကို လုပ်ဆောင်နေတယ်ဆိုတာ ကျနော်တို့လည်း နားလည်ပါတယ်။ ဒါပေမဲ့နိုင်ငံတကာမှာတော့ မြန်မာနိုင်ငံရဲ့ တပ်မတော်နဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြနေတဲ့အချက်ထဲမှာ အခြားအရေးကြီးဆုံး နောက်တခုရှိပါတယ်။ အဲဒါက တပ်မတော်နဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေပါ။ အထူးသဖြင့်တော့ တပ်မတော်အနေနဲ့ တိုက်ပွဲတွေရင်ဆိုင်နေရတဲ့အနေအထားဆိုတော့တိုက်ပွဲဒေသတွေမှာဆိုရင် လူ့အခွင့်အရေး ကျူးလွန် ဖောက်ဖျက်မှုတွေ ရှိတယ်ပေါ့နော်။ အဲဒါအပြင် ကလေးစစ်သားစုဆောင်းမှုတွေရှိခဲ့တယ်။ ဒါတွေကတော့ ကလေးစစ်သားစုဆောင်းမှုကိစ္စမှာတော့ ဗိုလ်ချုပ်မှူးကြီးတို့အနေနဲ့ ပြုပြင်စရာတွေပြုပြင်ပြီးတော့ ကလေးစစ်သား မဖြစ်အောင်ကာကွယ်နေတဲ့ အကြောင်းအရင်းတွေတော့ ကျနော်တို့လည်း ကြားပါတယ်။ ဒါပေမယ့် တခြားနယ်စပ်ဒေသတွေမှာဖြစ်နေတဲ့ လူ့အခွင့်အရေးဖောက်ဖျက်မှု၊ သတ်ဖြတ်ကျူးလွန်မှု၊ သူတို့စွပ်စွဲတဲ့ အဓမ္မမှု၊ ဒီလုပ်အားပေး စေခိုင်းမှု ဒီကိစ္စတွေနဲ့ပတ်သက်လို့ကတော့ ပြောဆိုစွပ်စွဲသံတွေကြားနေရဆဲခင်ဗျာ။ အဲဒါနဲ့ပတ်သက်လို့ရော ဗိုလ်ချုပ်မှူးကြီးရဲ့လမ်းညွန်မှုက ဘယ်လိုရှိလဲ။ ဘယ်လိုဖြေရှင်းဖို့ အစီအစဉ်တွေရှိလဲဆိုတာ သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အင်မတန်ကောင်းတဲ့ မေးခွန်းတခုလို့ ပြောရမယ်။ ဒါကျနော် နည်းနည်း ရှင်းပြချင်တာပေါ့။ ကျနော်တို့ တပ်မတော်သားဆိုတာ မ-တထောင်သားဖြစ်ပါတယ်။ စည်းကမ်းမဖောက်ဘူးလို့ ကျနော်မပြောလိုပါဘူး။ ရှိကောင်းရှိနိုင်တာပေါ့။ သို့သော် စည်းကမ်းကိုတော့ တော်တော်လေး ထိန်းသိမ်းထားတာပေါ့။ ကျနော်တို့မှာလည်း အမိန့်နဲ့ညွန်ကြားချက်တွေရှိပါတယ်။ နောက် (၁၉၅၉) တပ်မတော် အက်ဥပဒေ ဆိုတာရှိတယ်။ စည်းကမ်းတွေဖောက်ဖျက်ရင် အရေးယူတဲ့ဟာတွေရှိတယ်။ နောက် ကျနော်တို့ရဲ့ပြစ်ဒဏ်-အပြစ်ပေးတဲ့အခါမှာလည်း နယ်ဖက်ဆိုင်ရာအပြစ်ပေးတာထက် ကျနော်တို့ကပိုပြီး ပြင်းထန်တယ်။ ပိုကြီးပါတယ်။
“ဥပမာ လူသတ်မှုတခုဖြစ်တယ်ဆိုရင် သူတို့ဆီမှာ အခြေအနေအချိန်အခါပေါ်မူတည်ပြီး နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်နဲ့ ပြီးကောင်းပြီးသွားနိုင်တာပေါ့။ ကျနော်တို့ဆီမှာကျတော့ မရဘူး။ များသောအားဖြင့် ခုနှစ်နှစ်၊ ဆယ်နှစ်။ တချို့ဆိုရင်သေဒဏ်ထိ ပေးပါတယ်။ အခုနကပြောတဲ့ နယ်ဖက်နဲ့ပတ်သက်ပြီး ပြစ်မှုဖြစ်နေတဲ့ ကိစ္စတွေပေါ့။ ဥပမာဖြင့် ပြောရလို့ရှိရင် သေမှုတွေ၊ လူသေတဲ့ကိစ္စရှိတယ်၊ လူသတ်တဲ့ကိစ္စရှိတယ်၊အဓမ္မပြုကျင့်တဲ့ကိစ္စတွေ ကျနော်တို့ကပဲ သေ၊ သတ်၊ ကျင့် ဆိုတာဟာ မျိုးပြောကြတာပေါ့။ ဒါနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်အရေးယူတာတွေရှိတယ်။ တချို့အရပ်ဖက်မှာ ဖြစ်တဲ့ကိစ္စဆိုရင်တပ်မတော်ပိုင်းဆိုင်ရာ တရားစီရင်မှုပြီးတာနဲ့ ကျနော် နယ်ဘက်ကိုလွှဲပေးလိုက်တာပေါ့။ ဒါတွေလည်း အများကြီးရှိပါတယ်။ ကျနော်တို့အပိုင်းမှာဆိုရင်လည်း တပ်မတော်သားတွေစစ်မှုထမ်းချိန်မှာဖြစ်တယ်ဆိုရင်လည်း တော်တော်ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချတယ်။ အဓမ္မမှုနဲ့ လူသတ်မှုပါတဲ့ဟာရယ်၊ အဓမ္မမှုနဲ့ ငယ်ရွယ်တဲ့ကလေးနဲ့ပတ်သက်ပြီးဖြစ်တာဆိုရင် သေဒဏ်ထိပေးတဲ့ထိပေးပါတယ်။ ပြစ်ဒဏ်စီရင်တာ မစီရင်တာ တပိုင်းပေါ့လေ။ ဥပဒေကတော့ ကျနော်တို့ အမြင့်ဆုံးပြစ်ဒဏ်ကို ကျနော်တို့ပေးတယ်။ ဒါတော့ ကျနော်ကတော့ လုံးဝလက်မခံဘူး။ လူမှုရေးအရလည်း လက်မခံနိုင်ဘူး။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ practice အရလည်း လက်မခံနိုင်ဘူး။ တိုင်းရင်းသားရေးရာအရလည်း ကျနော်တို့သည် ပြည်သူတွေကြား ပေါက်ဖွားလာတဲ့ တပ်မတော်သားတွေဖြစ်တဲ့အတွက်ကြောင့် ပြည်သူကိုစော်ကားတဲ့ဟာမျိုးတော့ ဖြစ်လို့မရဘူး။ ကျနော်တို့က ပြည်သူရဲ့ ထောက်ပံ့အားပေးမှု မရဘဲနဲ့လည်း နိုင်ငံတော်ကာကွယ်ရေးဆိုတာလည်း ပြီးပြည့်စုံတဲ့ ကာကွယ်ရေးတခုဖြစ်ဖို့မလွယ်ဘူး။ပြည်သူက ကျနော်တို့ကို ပူးပေါင်းဆောင်ရွက်လို့ရမှသာဖြစ်တယ်။ ဒါကြောင့် ပြည်သူနဲ့ပတ်သက်ပြီးဖြစ်လာတဲ့ဟာဆိုရင်တော့ ထိထိရောက်ရောက်ကို ကျနော်အရေးယူတယ်။
“ဒီလိုပဲ ခုနက ငယ်ရွယ်တဲ့စစ်သားလေးကိစ္စပေါ့။ ဒီလိုပဲ ဖြစ်လေ့ဖြစ်ထရှိခဲ့တာပါ။ ကျနော်တို့လည်း ဒါနဲ့ပတ်သက်ပြီး ကျနော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့အချိန်မှာ တော်တော်ထိထိရောက်ရောက်ကို ဖေါ်ထုတ်ပြီးအရေးယူပါတယ်။ အရေးယူတာခံရတဲ့အရာရှိစစ်မှုထမ်းများစွာရှိပါတယ်။ ပြန်လွှဲပေးတဲ့ case တွေထဲကဆိုရင် ကျနော်ထင်တယ်။ ဒီဘက်ပိုင်းမှာ လူ (၄၀၀) ကျော်လောက် ရှိပါတယ်။ ၂၀၀၂ ခုနှစ်ကစပြီး count လုပ်မယ်ဆိုရင် ၁,၀၀၀ အစွန်းထွက်လောက် ကျနော်တို့ ပြန်ပြီးပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်း တော်တော်ကို စစ်ထုတ်ပြီးတော့ကို လုပ်နေပါတယ်။ ဒါလည်း ရှင်းရှင်းပြောရရင်ဗျာ တပ်မတော် သိက္ခာကျတဲ့ကိစ္စပေါ့။ ကျနော်တော်တော်လေး ဒါနဲ့ပတ်သက်ပြီး စောင့်ထိန်းပါတယ်။ ခံလည်း ခံပြင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါလေးက ၁% တောင်မရှိဘူး။ ၁% တောင်မရှိတဲ့ကိစ္စကို ကျနော့်မှာ ဒါနဲ့ခေါင်းခြောက်နေလို့လည်း အလုပ်မဖြစ်ပါဘူး။
(တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗွီအိုအေ သီးသန့် တွေ့ဆုံမေးမြန်းခဲ့တာပါ။ တပ်မတော်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများ၊ တပ်မတော် နိုင်ငံတကာဆက်ဆံရေး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အနာဂတ်နိုင်ငံရေး စတာတွေနဲ့ ပတ်သတ်ပြီး တတိယနဲ့ နောက်ဆုံးပိုင်းကို မနက်ဖြန်မနက်မှာ ဆက်ပြီး ထုတ်လွှင့်ပေးသွားဖို့ ရှိပါတယ်။)
ဦးသန်းလွင်ထွန်း VOA

ကိုပါကြီး KKO တပ်ဖွဲ့ဝင်ဖြစ်တဲ့ အထောက်အထားမတွေ့ဘူးလို့ ကော်မရှင်ပြော

 
အသတ်ခံလိုက်ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ကရင်အစည်းအရုံး KKO အဖွဲ့ဝင်ဖြစ်တဲ့ အထောက်အထား မတွေ့ရကြောင်း အဲဒီအမှုကို စစ်ဆေးနေတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်က ပြောပါတယ်။

ကိုပါကြီးသေဆုံးမှုကို စစ်ဆေးရာမှာ စစ်တပ်ကစွပ်စွဲသလို ကရင်အစည်းအရုံး KKO အဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူဖြစ်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရကြောင်း ဒေါက်တာဥာဏ်ဇော်က ပြောပါတယ်။

"အဲ့ဒါကတော့ အထောက်အထားမတွေ့ဘူးဆိုတာ ဘယ်လိုလုပ်သိမလဲ၊ အထောက်အထား ဘာမှမရှိတာလေ၊ သူတို့ကတော့ အလွတ်သတင်းထောက်ရဲ့ အဓိပ္ပာယ် freelance ကိုလည်း အဓိပ္ပာယ်ဖွင့်ရတာ နည်းနည်းလေးကျယ်ပြန့်တော့ သူကတော့ သတင်းရေးဖူးတယ်ဆိုတဲ့ ပြောတဲ့လူကတော့ရှိတာပေါ့"

ကိုပါကြီးကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ခမရ ၂၁၀ တပ်က ဖမ်းဆီးထားချိန် သေနတ်လုပြီး ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ကိုပါကြီးသေဆုံးမူကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က တပ်မတော်အရာရှိတွေအပြင် ဒေသခံတွေနဲ့ ဘားအံမြို့က သတင်းထောက်တစ်ဦး စုစုပေါင်း လူဦးရေ ၅၀ ကျော် ကိုစစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကိုပါကြီးသေဆုံးမှုကို သတင်းထုတ်ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ကိုပါကြီးရဲ့ဇနီး မသန္တာနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

ဒီအတောအတွင်း အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဇနီးသည်မသန္တာထံက ထွက်ချက်ယူဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံ လာရောက်ရေးကိစ္စမှာ လိုက်ပါနိုင်မယ့်သူဦးရေ အကန့်အသတ်ရှိတာကြောင့် သွားရောက်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မသန္တာရဲ့ရှေ့နေက အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ ဒီကနေ့ စာတစ်စောင်ပေးပို့လိုက်ပါတယ်။

RFA Burmese

7 Day Daily သတင်းစာတွင် ဖော်ပြထားသကဲ့သို့ တပ်မတော်အရာရှိဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းရွှေ့ခန့်ထား၍ တာဝန်ထမ်းဆောင်စေရန် ဆုံးဖြတ်ထားခြင်း မရှိသေးပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သဘောထားထုတ်ပြန်

တပ်မတော်အရာရှိဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းရွှေ့ခန့်ထား၍ တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်ထုတ် အစိုးရသတင်းစာများမှ တစ်ဆင့် သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ 
အဆိုပါသဘောထားထုတ်ပြန်ချက်မှာ နိုဝင်ဘာ ၁၇ ရက်ထုတ် 7 Day Daily သတင်းစာတွင် “တပ်မတော်ဆရာဝန်များ အရပ်ဘက်သို့ ပို့ရောက်လာတော့မည်” ခေါင်းစဉ်ဖြင့် တပ်မတော်တွင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဆေးပညာမဟာဘွဲ့ တက်ခွင့်မရသော ဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းပေးမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားခဲ့ခြင်းကြောင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
7 Day Daily သတင်းစာတွင် ရေးသားဖော်ပြထားချက်များမှာ တပ်မတော်ဆေးတက္ကသိုလ် နောက်ပိုင်းအပတ်စဉ်များမှ ကျောင်းဆင်းပြီး တပ်မတော်တွင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသော ဆေးပညာမဟာဘွဲ့ တက်ရောက်ခွင့်မရသည့် ဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းပေးမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားခြင်းဖြစ်ပြီး တပ်မတော်စစ်ဆေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးတစ်ဦး၏ စကားပြောအနေဖြင့် “စစ်ဆေးရုံတွေမှာ လူနာကမရှိသလောက်နည်းသွားတော့ ဆေးသိပ်မကုရဘူး။ ဒါကြောင့်ထွက်ခွင့်ပေးပြီး တိုက်နယ်ဆေးရုံတွေကို ပို့မယ်လို့ပြောတယ်။ အပတ်စဉ်(၇)လောက်ကနေဆိုတော့ လူကမနည်းဘူး”ဟု ရေးသားဖော်ပြထားသည်။
ထို့ပြင် လက်ရှိတွင် တိုက်နယ်ဒေသရှိ ဆေးရုံများသို့ အရပ်သားဆရာဝန်များ သွားရောက်လုပ်ကိုင်ချင်သူ နည်းပါးသဖြင့် တပ်မတော်သားဆရာဝန်များအား ပို့ဆောင်ရခြင်းဖြစ်ကြောင်းနှင့် တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဆေးတက္ကသိုလ်တက်ခွင့်မှာ အရပ်ဘက်ဆေးတက္ကသိုလ်တက်ခွင့်ထက် အမှတ်နည်းခြင်း၊ လစာခွင့်ရရှိခြင်းတို့ကြောင့် ဆရာဝန်ဖြစ်လိုသူများအနေဖြင့် စစ်ဆေးတက္ကသိုလ်သို့ တက်ရောက်သူများပြားခဲ့ပြီး လက်ရှိကျန်းမာရေးဝန်ကြီးမှာလည်း တပ်မတ်ာတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ 
ယင်းကဲ့သို့ ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ သဘောထားထုတ်ပြန်ရာတွင်  ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးကဏ္ဍမူဝါဒ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကျန်းမာရေးစောင့်ရှောက်မှု အမျိုးအစားအလိုက် လိုအပ်မည့် ကျန်းမာရေးလူ့စွမ်းအားစုများကို အရည်အသွေးပြည့်ဝစွာ လေ့ကျင့်မွေးထုတ်ခြင်းနှင့် မွေးထုတ်ထားသည့် စွမ်းအားစုများကို နိုင်ငံ့အကျိုးပြုဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးတို့ကို စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်မြှင့်တင်ရာတွင် ကျန်းမာရေးနှင့် နှီးနွှယ်ဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပလူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြထားသည်။ 
မြန်မာနိုင်ငံတွင် ဝေးလံသောဒေသမြို့နယ် ၁၁ဝ မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်လုံလောက်စွာ ခန့်အပ်ပေးနိုင်မှုမရှိခြင်း၊ ခန့်အပ်တာဝန်ပေးအပ်ပါကလည်း ဆရာဝန်များအနေဖြင့် သွားရောက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသည်ကို တွေ့ရကြောင်းနှင့် ထို့ကြောင့် ဝေးလံသောဒေသမြို့နယ်များတွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သောဆရာဝန်အရေအတွက်ကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၏ အစီအစဉ်ဖြင့်လျှောက်လွှာများ တိုက်ရိုက်ခေါ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရေးသားထားသည်။ 
ထို့ပြင် အကယ်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအနေဖြင့် လိုအပ်သည့် အရေအတွက်မရပါက အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ဆရာဝန်များမရှိသော မြို့နယ်များသို့ တပ်မတော်အရာရှိဆရာဝန်များအား အလှည့်ကျစနစ်ဖြင့် သွားရောက်တာဝန်ထမ်းဆောင်စေသည့် အစီအစဉ်ဆောင်ရွက်ရန် နည်းလမ်းတစ်ခုအဖြစ် စဉ်းစားသုံးသပ်သည့်အဆင့်တွင်သာ ရှိနေသေးကြောင်း၊ ရေရှည်စီမံချက်အနေဖြင့် ဝေးလံဒေသရှိ တိုင်းရင်းသားများထဲမှ ၁ဝ တန်းအောင်မြင်သူများကို ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းတွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ ထောက်ခံမှု၊ ကိုယ်တိုင်ဆန္ဒပြုမှုများ အပေါ်မူတည်၍ တက်ရောက်သင်ကြားခွင့်ပေးလျက်ရှိပါကြောင်းနှင့် 7 Day Daily သတင်းစာတွင် ဖော်ပြသကဲ့သို့ တပ်မတော်အရာရှိ ဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းရွှေ့ခန့်ထား၍ တာဝန်ထမ်းဆောင်စေရန် ဆုံးဖြတ်ထားခြင်း မရှိသေးပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြရေးသားထားသည်။ 
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၂ ခုနှစ်မှစ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝနှင့်သွားလာရေးခက်ခဲသည့် ဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆေးတက္ကသိုလ် တက်ရောက်ချင်သူများအတွက်ကိုလည်း အထူးအခွင့်အရေးအနေဖြင့် ဆေးတက္ကသိုလ် (မကွေး)သို့ တက်ရောက်ခွင့်ပေးခဲ့ပြီး လက်ရှိလူဦးရေ ၃၂ ဦးခန့်ရှိကြောင်းနှင့် အောင်မြင်ပြီးသူများကိုလည်း မိမိဒေသတွင် ပြန်လည်ထမ်းဆောင်ခွင့်ပြုရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေးအတွက် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေများ နှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသစရိတ် ခံစားခွင့်ရှိသည့် သွားလာရေးနှင့်လူမှုရေးခက်ခဲသည့် ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ ဆေးပညာကို အမှန်တကယ်ဝါသနာပါပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆာင်နိုင်မည့် အရည်အသွေးပြည့်ဝသည့် ဆေးပညာရှင်ဆရာဝန်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ခေါ်ယူခြင်းဖြစ်ကြောင်း  သိရသည်။ 
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂ဝ၁၄ ခုနှစ်၊ ဇွန်လအထိ ရရှိထားသည့် စာရင်းများအရ ဆရာဝန်ဦးရေ ၃၁၅၄၂ အထိ မွေးထုတ်ထားပြီး ယင်းတို့အနက်မှ လူဦးရေ ၈၇ဝဝ ကျော် (သုံးပုံတစ်ပုံ)ကိုသာ အစိုးရမှနိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ သို့သော် စာရင်းများအရ ဆေးတက္ကသိုလ်အသီးသီးမှ မွေးထုတ်ထားသည့် ဆရာဝန်များ၏ သုံးပုံတစ်ပုံကိုသာ အလုပ်ခန့်အပ်နိုင်ပြီး ကျန်ရှိနေသည့် နှစ်ပုံမှာ ပြင်ပပုဂ္ဂလိက ဆေးရုံဆေးခန်းများ၊ ဆေးကုမ္ပဏီများ၊ ကိုယ်ပိုင်ပြင်ပဆေးခန်းများတွင် လုပ်ကိုင်နေရပြီး ဆရာဝန်ဘွဲ့ရ အလုပ်လက်မဲ့များလည်းအများအပြားရှိနေခြင်းကြောင့် အဆိုပါဆရာဝန်များကို ဝန်ကြီးဌာနအနေဖြင့် မည်သို့လုပ်ဆောင်ပေးမည်ဆိုသည့်အချက်ကိုလည်း ထည့်သွင်းစဉ်းစားပေးရန် လိုအပ်ကြောင်း ကျန်းမာရေးပညာရှင်များက သုံးသပ်ပြောကြားသည်။
EMG

ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းမှ လက်နက်ကြီး ထိမှန်သေဆုံးခဲ့သော သင်တန်းသားများအတွက် MPC ရှေ့တွင် ပန်းခွေချ လှုပ်ရှားမှု ယနေ့ ပြုလုပ်မည်

 လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သော KIA ဗိုလ်လောင်းသင်တန်းကျောင်းမှ သင်တန်းသားများအတွက် မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) ရှေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းခွေချလှုပ်ရှားမှု နိုဝင်ဘာ ၂၃ ရက် တွင် ပြုလုပ်မည်ဖြစ်ကြောင်း ယင်းလှုပ်ရှားမှုတွင် ပါဝင်မည့်သူများထံမှ သိရသည်။
လိုင်ဇာမြို့ KIA ဗိုလ်လောင်းသင်တန်းကျောင်းဖြစ်စဉ်တွင် သေဆုံးသူ ၂၃ ဦးရှိခဲ့ပြီး ၂ဝ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“ကျွန်မတို့အနေနဲ့ ဒီလှုပ်ရှားမှုကို အဖွဲ့အစည်းတွေကနေ ဦးဆောင်လုပ်တာ မဟုတ်ဘူး။ စိတ်ပါဝင်စားသူ မည်သူမဆို ပူးပေါင်းပါဝင်လို့ရတယ်”ဟု အဆိုပါလှုပ်ရှားမှုတွင် ပါဝင်မည့် ဒေါ်ခွန်ဂျာက ပြောကြားသည်။
ယင်းလှုပ်ရှားမှုအား စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်းဘေး ဗားကရာလမ်းပေါ်တွင် စတင်စုဝေးမည်ဖြစ်ကာ ပါဝင်မည့်သူများအနေဖြင့် အနက်ရောင်အဝတ်အစားအား ဦးစားပေးဝတ်ဆင်လာစေလိုကြောင်း၊ မည်သည့်ကြွေးကြော်သံ၊ ပိုစတာများ ပါဝင်မည်မဟုတ်ဘဲ လူတစ်ဦးချင်းတွင် ပန်းပွင့်များကိုင်ဆောင်ကာ ပြုလုပ်မည်ဖြစ်ကြောင်း ဒေါ်ခွန်ဂျာက ၎င်း၏ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသော အစိုးရစစ်တပ်၏ လုပ်ရပ်ကို ကန့်ကွက်သည့်အနေဖြင့်လည်း ယင်းလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရေးသားထားကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့KIO ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာဒေသရှိ KIA ဗိုလ်လောင်းသင်တန်းကျောင်း ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူများအနက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)မှ သင်တန်းသား အရာရှိလောင်း ၁၁ ဦး ပါဝင်ကြောင်း သတင်းရရှိသည်။ 
ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ သင်တန်းသား ရဲဘော်နှစ်ဦး၊ ရက္ခိုင့်တပ်မတော်(AA)မှ ရှစ်ဦး၊ ချင်းအမျိုးသားတပ်မတော်(CNA) မှနှစ်ဦး ပါဝင်ကြောင်း သိရသည်။
“ဝမ်းနည်းကြောင်းလှုပ်ရှားမှုမှာ ကချင်၊ ရခိုင်၊ တအောင်းနဲ့ ချင်းစတဲ့တိုင်းရင်းသားလူငယ်တွေလည်း ပါဝင်လှုပ်ရှားကြမယ်လို့ ခန့်မှန်းသိရှိထားတယ်။ အဓိက ကတော့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ လူငယ်တွေ ပါဝင်လှုပ်ရှားကြမယ်” ဟု ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုကြောင့် တရားရင်ဆိုင်နေရသော အမျိုးသမီးတစ်ဦးက ဆိုသည်။ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၃၆ မိနစ် မြန်မာ့တပ်မတော် ခြေမြန်တပ်ရင်း (၃၈၉) တပ်ဖွဲ့သည် KIO မှ ကြီးမှူးဖွင့်လှစ်သော အရာရှိလောင်းသင်တန်းကျောင်းအား (၁ဝ၅) မမဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မဟာမိတ်တပ်ဖွဲ့ဝင်အရာရှိလောင်းများနှင့်အတူ TNLA အရာရှိလောင်း ၁၁ ဦးကျဆုံးခဲ့ကြောင်း၊ ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သောတပ်ဖွဲ့ဝင်များအားလုံးအတွက် အထူးဝမ်းနည်းကြေကွဲရသည်ဟု TNLA ၏ နိုဝင်ဘာ ၂ဝ ရက်တွင် ထုတ်ပြန်သော ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာတွင် ပါရှိသည်။
KIA ဗိုလ်လောင်းသင်တန်းကျောင်း လက်နက်ကြီးထိမှန်မှုမှာ ရည်ရွယ်ချက်ရှိရှိ  ပစ်လိုက်ခြင်းမဟုတ်ကြောင်း ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်က နိုဝင်ဘာ ၂ဝ ရက်က မြစ်ကြီးနားမြို့တွင် သတင်းမီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။
EMG