Pages

Tuesday, February 3, 2015

ရပ်ဆိုင်းကျောင်းသားစစ်ကြောင်းများ ဆက်လက်ချီတက်မည်ဟုဆို



ဆွေးနွေးပွဲသို့တက်ရောက်မည့် ကျောင်းသား ၁၅ ဦးသည် လက်ရှိ ဆန္ဒပြ ကျောင်းသားများကို ကိုယ်စားပြုကြောင်း သက်သေပြပေးရန်၊ ဒေါက်တာသိန်းလွင်အားလည်း NLD ပါတီမှ ကိုယ်စားပြုမှုဖြင့် ဆွေးနွေးပွဲတွင် တက်ရောက်ခြင်း မဟုတ်ကြောင်းအပြင် NNER ခေါင်းဆောင်ဖြစ်ကြောင်းလည်း သက်သေပြရန် အစိုးရဘက် က တောင်းဆို ထားလိုက်ကြောင်း သိရသည်။ ကျောင်းသားများဘက်က အဆိုပါ တောင်းဆိုချက်ကို သက်သေပြသည့် အနေနှင့် ရပ်ဆိုင်းထားသည့် အနယ်နယ်မှ သပိတ်စစ်ကြောင်းများ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ၁၅ဦးကောင်မတီကိုလည်း လက်ရှိ ဆန္ဒပြနေတဲ့ကျောင်းသားတွေရဲ့ အသိအမှတ်ပြုမှုကို သက်သေပြပေးဖို့အတွက် ပုသိမ်၊ မကွေး၊ ပခုက္ကူ၊ ထားဝယ်တို့မှာ ရောက်နေတဲ့ ရပ်နားထားတဲ့သပိတ်တွေ ရှိတယ်၊ အဲဒီ စစ်ကြောင်းတွေအားလုံး အခုပြန်ထွက်မယ်”ဟု ၁၅ဦးကော်မတီဝင်ဖြစ်သူ ကိုပိုင်ရဲသူ က News Watch သို့ပြောသည်။

“လမ်းမှာကြုံတွေ့ရမယ့်အခက်အခဲအတားအဆီးတွေကို ပြည်သူတွေနဲ့လက်တွဲပြီး ကျော်ဖြတ်သွားမယ်”ဟု
 ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုနန္ဒစစ်အောင်က ပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသား၊ အစိုးရ၊ လွှတ်တော်၊ NNER ၄ပွင့်ဆိုင်တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်ခွင့်ပြုမည့် ကျောင်းသားအရေအတွက်နှင့်ပတ်သက်၍ သောင်မတင်ရေမကျဖြစ်နေသည့်
အခြေအနေတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ NNER ကိုယ်စားလှယ် ၃ဦး၊ ကျောင်းသားကိုယ်စားလှယ် ၅ဦးတို့ မွန်းလွဲပိုင်းအချိန်က တံခါးပိတ်ဆွေးနွေးပြီးနောက် ယင်းကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)