Pages

Tuesday, February 3, 2015

တိုင်းရင်းစာပေကို အာမခံသည့် ဥပဒေဖြစ်ရေး တိုက်ပွဲဝင်သွားမည်ဟု မွန်ကျောင်းသားများ ဆို

 Dawei Watch| မော်လမြိုင်၊ ဖေဖော်ဝါရီ ၂

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကို အာမခံချက်ပေးသည့် အမျိုးသားပညာရေးဥပဒေမျိုး ပြဌာန်းပေးနိုင်သည်ထိ တိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂက ပြောကြားလိုက်သည်။

မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင်ရေး ရက်ခြောက်ဆယ်ကျော် ရာဇသံ လှုပ်ရှားမှုအနေဖြင့် တိုင်းရင်းသားစာပေသင်ကြားရေးနှင့် ပညာရေးစနစ်စိန်ခေါ်မှုများဆိုင်ရာ ပညာရေးဆွေးနွေးပွဲတရပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တောင်ပေါက်ကျောင်းတိုက်တွင် ဇန်နဝါရီ ၃၁ နှင့် ဖေဖော်ဝါရီ ၂ ရက်နေ့တို့တွင် ကျင်းပခဲ့သည်။

ပညာရေး ဥပဒေ ပုဒ်မ ၄၃ (ခ)တွင် တိုင်းရင်းသား စာပေကို လိုအပ်ချက်ရှိပါက သင်ကြားနိုင်သည်ဟု ပြဌာန်းထားခြင်းးကို သဘောမတူဘဲ တိုင်းရင်းသားစာပေမှာ လိုအပ်ချက်ရှိမှ သင်ကြားရမည်မဟုတ်ကြောင်း မွန်ပြည်နယ် ကျောင်းသားများ သမဂ္ဂတာဝန်ခံ ကိုဘုန်းမြတ်မိုးက ပြောကြားသည်။

 “စာပေနဲ့ ယဉ်ကျေးမှုက ဒင်္ဂါးပြားလိုပဲ။ စာပေပျောက်ရင် ယဉ်ကျေးမှု ပျောက်မှာပဲ။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါပျောက်မှာပဲ။ အဲတော့ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုကို အာမခံချက်ပေးနိုင်တဲ့ ဥပဒေမျိုး ကျနော်တို့ တိုင်းရင်းသားကျောင်းသားတွေအနေနဲ့ အလိုရှိတယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားစာပေသင်ကြားရေးနှင့် ပညာရေးစနစ်စိန်ခေါ်မှုများဆိုင်ရာ ပညာရေးဆွေးနွေးပွဲတွင် အမျိုးသားပညာရေးဥပဒေနှင့် ယင်းဥပဒေ၏ တိုင်းရင်းသားစာပေသင်ကြားခွင့်အတွက် အာမခံချက်မရှိသည့် အချက်တို့ကို ဆွေးနွေးသုံးသပ်ပြီး တိုင်းရင်းသားကျောင်းသားများ  ပညာရေးဆွေးနွေးပွဲမှ ကျောင်းသားများတို့၏ ဆွေးနွေးမှုရလဒ်များ တိုင်းရင်းသားစာပေသင်ကြားခွင့်ဆိုင်ရာ တောင်းဆိုမှုအသံများကို လွှတ်တော်ထိရောက်အောင် ကြိုးပမ်းသွားမည်ဟု ကိုဘုန်းမြတ်မိုးက ပြောသည်။

မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂအနေဖြင့် အမျိုးသားပညာရေးဥပဒေပြင်နိုင်ရေးအတွက် တနိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂများတို့နှင့် ပူးပေါင်းပြီး ကျောင်းသားများ လိုချင်သည့် ပညာရေးဥပဒေ ပန်းတိုင်ရောက်သည်ထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း မွန်ပြည်နယ် တက္ကသိုလ်ကျောင်းသားများက  ပြောသည်။

“ကျွန်တော်တို့ တိုင်းရင်းသား စာပေဆိုတာက အမှုမဲ့ အမှတ်မဲ့ ထားရမယ့် အရာတခုမဟုတ်ပါဘူး၊ အမျိုးသားပညာရေးဥပဒေမှာ ကျနော်တို့ရဲ့ တိုင်းရင်းသားစာပေကို သေချာအာမခံချက်ပေးနိုင်တဲ့ ပြဌာန်းချက်မျိုးကို ပြဌာန်းပေးဖို့ ပညာရေးဥပဒေ မူဝါဒကို ရေးဆွဲနေတဲ့ ပညာရှင်တွေကို တိုက်တွန်းချင်ပါတယ်” ဟု မော်လမြိုင် နည်းပညာတက္ကသိုလ်မှ ကျောင်းသားတဦးက ပြောသည်။

မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့၌ မော်လမြိုင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းပြီး ဖွဲ့စည်းခဲ့သည်။

နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၄င်းမှတဆင့် မော်လမြိုင်ခရိုင်ကျောင်းသားများသမဂ္ဂအဖြစ် ဖွဲ့စည်းရန် ကြိုးစားခဲ့ရာမှ မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းခဲ့သည်ဟု မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂမှ သိရသည်။