Pages

Wednesday, March 4, 2015

ယုံကြည်ချက်တွေ ပျောက်ဆုံးနေတယ်


သမ္မတသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့တော့ အဆင့်အတန်း ခွဲတဲ့ သဘောနဲ့ ထိုင်ခုံကို သီးသန့်ပြင်ဆင်ထားတာကို တွေ့ရတယ်။ ၂၀၁၀-ခုမတိုင်မီက သိန်းစိန်ဆိုတာ သန်းရွှေရဲ့ လက်ကိုင်တုတ် နအဖရဲ့ ဝန်ကြီးချုပ်၊ သံဃာ့သတ်သမား၊ နာဂစ်ဖွဲ့စည်းပုံကို သန်းရွှေအကြိုက် ရေးဆွဲပေးခဲ့သူ၊ ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကို မဲလိမ်ပြီး သမ္မတနေရာကို ရယူခဲ့သူ စတဲ့ ဂုဏ်ပုဒ်နဲ့ ပြည့်စုံသူ ဖြစ်ခဲ့တယ်။

အခု တွေ့ဆုံပွဲမှာ သူက ဒေါ်အောင်ဆန်းစုကြည်ထက် ပိုမိုမြင့်မြတ်သယောင် ဂုဏ်ဒြပ်တုနဲ့ ဟန်ကိုယ့်ဖို့နေခဲ့သူ ဖြစ်တယ်။ ထိုင်တဲ့ကုလားထိုင်နဲ့ ထားတဲ့ စားပွဲက သီးသန့်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အဆင့်နှိမ်ထားကြောင်း တွေ့မြင်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဒီလောက်လေးနဲ့ သမ္မတသိန်းစိန်က လူထုခေါင်းဆောင် နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထက် ပိုမိုမြင့်မြတ်တယ်လို့ ဘယ်သူက ထင်မှာလဲ။

ရှည်ရှည်ဝေးဝေး ကြည့်မနေကြပါနဲ့။ သမ္မတသိန်းစိန်မျက်နှာကိုပဲ ကြည့်ပါ။

(၁) ရှက်ပြုံးလေး ပြုံးလို့၊
(၂) မဝံ့မရဲလေးနဲ့၊
(၃) ကလေးတစ်ယောက်လို လက်ကလေး ထားလို့ဖ
(၄) ယုံကြည်ချက် ပျက်ပြားနေတာကို တွေ့မြင်ရမှာ ဖြစ်တယ်။

ဒါဟာ သမ္မတဆိုတဲ့ လူတစ်ယောက်ရဲ့ သတ္တိနဲ့ ဗျတ္တိ ဖြစ်တယ်။ ဒီနိုင်ငံကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စိတ်နေစိတ်ထား ဖြစ်တယ်။ ပေါ့ပေါ့တွေးလို့ မဖြစ်ဘူး။ မြတ်ဗုဒ္ဓက ကိုယ်ခံအားကောင်းသူသာ သတ္တိအစစ် ရှိသူ ဖြစ်တယ်။ စစ်တပ်အင်အား၊ လုပ်ပိုင်ခွင့်အာဏာ ရာထူးဌာနန္တရ ဘယ်လောက်ပဲ မြင့်မားပစေ ကိုယ်ကျင့်သီလ မရှိက သတ္တိကြောင်ပြီး ပရိသတ်ရှေ့ရောက်တဲ့အခါ ယုံကြည်မှု ကင်းပျောက်နေတတ်ပါတယ်။

တန်ပြန်သပိတ် လုပ်တဲ့ ဖွတ်တို့ရဲ့ မျက်နှာကို သေချာစူးစိုက်ကြည့်တဲ့အခါမှာလည်း သူတို့မှာ ယုံကြည်မှု ပျက်ပြားနေကြောင်း တွေ့မြင်ရမှာ ဖြစ်တယ်။ သိမ်ငယ်တဲ့စိတ်တွေကို ဖုံးဖိလို့ မရပါဘူး။ အစိုးရထောက်ခံတဲ့ ဆိုင်ပုဒ်ကို ကိုင်လို့၊ ရဲရဲတောက်စာတန်းတွေ ပြလို့ နေပေမဲ့ နှလုံးသားမှာ ဝမ်းနည်းကြေကွဲနေကြတာ များပါတယ်။ စစ်အစိုးရပေးခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေဆိုတာ အတိုက်အခံတွေနဲ့ တိုင်းရင်းသားတွေမှာပဲ ရှိတာ မဟုတ်ပါဘူး။ ဖွတ်တွေနဲ့ စစ်တပ်မိသားစုတွေမှာတောင် ကြည့်မကောင်းအောင် ရှိနေကြတာပါ။ သူတို့လူ မဟုတ်ဘူးဆိုတာ သူတို့ပဲ အသိဆုံး ဖြစ်ပါလိမ့်မယ်။

အခု ဗဂိုးတိုင်း၊ လက်ပံတန်းမှာ ရဲတွေက ကျောင်းသားတွေကို ပိတ်ဆို့ကြတယ်။ ရဲမေတွေနဲ့ ရဲသားတွေရဲ့ မျက်လုံးများမှာ အဖြေရှာကြည့်ပါ။ အားငယ်နေတဲ့ စိတ်၊ သိမ်ငယ်နေတဲ့ စိတ်၊ ယုံကြည်မှု မရှိတဲ့ စိတ်၊ ပြည်သူများနဲ့ ကျောင်းသားများကို မျက်နှာပူတဲ့စိတ်ဟာ သူတို့ရဲ့ မျက်စိတံခါးပေါက်ကနေ လှစ်ဟပြသလို့ နေပါတယ်။ ညှိုးငယ်နေတဲ့ သူတို့ရဲ့ မျက်နှာဟာ သူတို့ဘက်မှာ အမှန်တရား မရှိဘူးဆိုတာ ထပ်လောင်းပြီး ကွန်ကရစ်လောင်းလိုက်ခြင်းပင် ဖြစ်တယ်။ 

ဒီတော့ ၂၀၀၈-ခုနှစ် နာဂစ်ဖွဲ့စည်းပုံဟာ နာဂစ်မုန်တိုင်းကို အမြတ်ထုတ်ပြီး အတည်ပြုခဲ့တယ်၊ သူတို့ကို အမိန့်ပေးနေတဲ့ အစိုးရဟာ မဲသူခိုး၊ သယံဇာတသူခိုး၊ လူလိမ်လူညစ်တွေ ဖြစ်တယ်၊ သူတို့ဟာ တရားတာ မတရားတာ အဖြေရှာပိုင်ခွင့် မရှိဘဲ အမိန့်ပေးတဲ့အတိုင်း လုပ်ရမယ်လို့ စိတ်နဲ့ ပြည်သူလူထုရှေ့မှာ ရပ်နေရတာ ဆိုတော့ ကိုယ့်လိပ်ပြာ ကိုယ်ဘယ်လုံပါတော့မလဲ။ 

"ငါတို့ကို ပြည်သူတို့ မုန်းနေမှာပဲ၊ တိုင်းရင်းသားတွေကလည်း ငါတို့ကို မုန်းနေကြမှာပဲ၊ ငါတို့က ဒီအလုပ်ကို လုပ်မိပြီ၊ မထူးတော့ပါဘူး"လို့ ခံယူပြီး ရှက်ရမ်းရမ်းတဲ့ ပုဂ္ဂိုလ်ကျော်အချို့က လွဲပြီး အစိုးရဝန်ထမ်းတိုင်းဟာ အဖြေမှန်သိနေပြီဖြစ်တဲ့ ပုစ္ဆာတစ်ခုကို မဖြေရဲကြပါဘူး။ အဲဒီအဖြေမှန်ကတော့ ဒီစနစ်အတိုင်း ဆက်သွားလို့ မရတော့ဘူးဆိုတာပါပဲ။

စစ်တပ်မှာ ယုံကြည်ချက်တွေ ပျောက်ဆုံးနေတယ်။
အစိုးရမှာ ယုံကြည်ချက်တွေ ပျောက်ဆုံးနေတယ်။
ဝန်ထမ်းတွေမှာ ယုံကြည်ချက်တွေ ပျောက်ဆုံးနေတယ်။
ရဲနဲ့ အလိုတော်ရိတွေမှာတောင် ယုံကြည်ချက်တွေ ပျောက်ဆုံးနေတယ်။
ယုံကြည်ချက် ကင်းမဲ့နေတဲ့အဖွဲ့အစည်းတစ်ခုဟာ သူတို့ကို လုံးဝမယုံကြည်တဲ့ တိုင်းရင်းသားတွေနဲ့ မိဘပြည်သူများကို ဘယ်လိုလုပ်ပြီး ဦးဆောင်နိုင်မှာလဲ။

သူတို့က ဒါကို ဝန်ခံဖို့တောင် ယုံကြည်ချက် မဲ့နေပြန်တယ်။
ဝန်ခံလိုက်ရင် သူတို့ကိုများ မုန်းတီးကုန်တော့မလားပေါ့။

ဒီဘဝကနေ လွတ်မြောက်အောင် ထွက်ပေါက်တစ်ခုပဲ ရှိတယ်။
အဲဒါကတော့ ဖွဲ့စည်းပုံကို ပြင်ဖို့ပါပဲ။
ယုံကြည်မှုအများဆုံး ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပေးဖို့ပါပဲ။
တိုင်းရင်းသားတွေကို ဖက်ဒရယ်အာမခံချက်ပေးဖို့ပါပဲ။

ဒါတောင်မှ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့၊ အချင်းချင်း ယုံကြည်ကြဖို့၊ သွေးစည်းညီညွတ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရပါအုံးမယ်။ စစ်အုပ်စုတို့အနေနဲ့ ဒီပြည်ထောင်စုကြီးကို အနာတရ လုပ်ရင်းနဲ့ သူတို့ရဲ့ ယုံကြည်ချက်ကိုလည်း ဖျက်ဆီးခဲ့ပါပြီလို့ မသိသေးသမျှကာလပတ်လုံး မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ပေါ် မရောက်သေးဘူးလို့ ပြောချင်တယ်။.                                                    
    U Ravika
ဒေါင်းမာန်ဟုန် မှ