Pages

Friday, March 6, 2015

လက်ပံတန်းတွင် ဗကသအဖွဲ့ဝင်များ အကြမ်းဖက်ဖမ်းဆီးခံရ


ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျောင်းသား သပိတ်ထောက်ခံ ဆန္ဒဖော်ထုတ်သူတွေ အကြမ်းဖက်ခံရတဲ့အပေါ် ဒီနေ့မနက် ၉ နာရီလောက်က ဗကသအဖွဲ့ချုပ်က လက်ပံတန်းပြည်သူကို ရှင်းလင်းတင်ပြဖို့ ကြိုးစားနေစဉ်အတွင်း သာယာဝတီ ခရိုင်အုပ်ချုပ်ရေးမှုးနဲ့ ရဲတပ်ဖွဲ့တို့က အင်အားသုံး ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၀င်တွေဖြစ်တဲ့ ကိုရဲရင့်ပိုင်မှူး၊ ကိုအောင်မင်းခန့်၊ မအိသဉ္စာမောင်တို့ကို ဖမ်းဆီးသွားတယ်လို့ အခင်းဖြစ်နေရာရောက်နေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

အရပ်ဝတ်လူတဦးကလည်း သတင်းထောက်တွေဘက်ကို လက်ညှိုးထိုးပြီး ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားခဲ့ကြောင်း၊ အဲဒီ့အချိန်မှာပဲ ဧရာဝတီသတင်းထောက် ကိုစိုင်းဇော်ကို ၀င်ရောက်ဖမ်းဆီးပြီး၊ ကင်မရာကိုလည်း လုယူရာ ကိုစိုင်းဇော်မှာ တရွတ်တိုက်ပါသွားခဲ့ကြောင်း ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ကျန်တဲ့သတင်းထောက်တွေက သတင်းထောက်တွေဖြစ်ကြောင်း ပြောဆိုပေမယ့် ဆက်လက်ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။
အဲဒီ့အချိန်မှာ ကျန်နေတဲ့သတင်းထောက်တွေက သတင်းထောက်စိုင်းဇော်ကို ရဲတပ်ဖွဲ့ဝင်တွေလက်က ပြန်လည်ဆွဲခေါ်ယူနိုင်ခဲ့တာကြောင့် ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ပြောပါတယ်။

By DVB