Pages

Friday, March 6, 2015

ဗကသအဖွဲ့ချုပ်ဝင်များကို စစ်ဆေးမေးမြန်းနေဟု လက်ပံတန်းမြို့မရဲပြော










ဓာတ်ပုံ – ရတနာပုံ ကျောင်းသားများသမဂ္ဂ

ဖမ်းဆီးထားတဲ့ ဗကသ အဖွဲ့ချုပ်ဝင်တွေကို တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း လက်ပံတန်းမြို့မရဲစခန်းက ပြောပါတယ်။
“အခုလောလောဆယ်မှာ ဒီမှာခေါ်ပြီး မေးမြန်းဆဲ ရှိပါသေးတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ ကျနော်လည်း မသိဘူး။ အပေါ်မှာ လူကြီးတွေ ရောက်နေတယ်။ သူတို့ မေးမြန်းတုန်းပဲ” လို့ မြို့မရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောပါတယ်။
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျောင်းသားသပိတ်ထောက်ခံ ဆန္ဒဖော်ထုတ်သူတွေ အကြမ်းဖက်ခံရတဲ့အပေါ် ဒီနေ့ မနက် ၉ နာရီလောက်က ဗကသအဖွဲ့ချုပ်ဝင်တွေဟာ လက်ပံတန်းဈေးရှေ့မှာ ပြည်သူကို ရှင်းလင်းတင်ပြဖို့ ကြိုးစားနေစဉ်အတွင်း သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့တို့က အင်အားသုံး ၀င်ရောက်ဖမ်းဆီးသွားတာပါ။
ဖမ်းဆီးခံရသူတွေကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တွေ ဖြစ်တဲ့ ကိုရဲရင့်ပိုင်မှူး၊ ကိုအောင်မင်းခန့်၊ မအိသဉ္ဇာမောင်တို့ ဖြစ်ပါတယ်။
လက်ရှိ လက်ပံတန်းမြို့ပေါ်မှာ “စည်းကမ်းထိန်းသိမ်းရေး” ဆိုတဲ့ လက်ပတ်တွေကို လိုက်ဝေနေပြီး လုံခြုံရေးအင်အားတွေလည်း ထပ်တိုးချထားတယ်လို့ သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။
DVB