Pages

Saturday, April 25, 2015

အင်ဒို လိုင်းယွန်းအဲ ပေါက်ကွဲသံကြောင့် ၀ရုန်းသုန်းကားဖြစ်



အင်ဒိုနီးရှား ပြည်တွင်း လေယာဉ်ခရီးစဉ်မှာ ပျံသန်းပြေးဆွဲနေတဲ့ လိုင်းယွန်းအဲ Lion Air လေကြောင်း လိုင်းပိုင် ခရီးသည်တင်လေယာဉ် JT303 ဟာ ဧပြီ ၂၄ရက်  ခရီးစဉ်မှာ ပေါက်ကွဲသံတသံ ထွက်ပေါ်ခဲ့လို့ ၀ရုန်းသုန်းကားဖြစ်ခဲ့တယ်လို့ လေကြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။

ကုန်ကျစရိတ်သက်သာတဲ့ လိုင်းယွန်းအဲလေယာဉ်ဟာ မြောက်စူမားတြာဒေသထဲက ကွာလာနာမူ နိုင်ငံတကာ လေဆိပ် ကနေ ဂျာကာတာမြို့ကို ထွက်ခွာဖို့ အရှိန်ယူနေတုန်းမှာ ပေါက်ကွဲသံ ထွက်ပေါ်ခဲ့တာလို့ လေဆိပ် အထွေထွေမန်နေဂျာ ဂျာယာ တာဟိုမာ ဆာရိတ်က ရှင်းပြပါတယ်။

လေယာဉ်စက်နှိုးတဲ့အချိန်မှာ ပေါက်ကွဲသံနဲ့ တူတဲ့ ကျယ်လောင်တဲ့ အသံကို ကြားရသလို မီးခိုးတွေ အူထွက်လာတဲ့နောက် ခရီးသည်တွေအားလုံး လေယာဉ်ပေါ်က ဆင်းပေးကြဖို့ လေယာဉ်မှူးက ပြောခဲ့ပါတယ်။

ဒီနောက် ခရီးသည်တွေဟာ အရေးပေါ် ထွက်ပေါက်ကို ဖွင့်ပြီး ကယ်ဆယ်ရေး လျော့ဆင်း လှေခါးကနေ ထွက်ခွာ သွားကြရာမှာ ခရီးသည် ၄ ယောက်  မတော်တဆဖြစ်ပြီး ဆေးရုံပို့လိုက်ရပါတယ်။

ဒဏ်ရာရသူတယောက်က အဲဒီအချိန်မှာ မူမှန်မဟုတ်တဲ့ အသံတသံကို ကြားရတဲ့နောက်  အထိတ်တလန် ဖြစ်နေကြချိန် အရေးပေါ်ထွက်ပေါက်မှာလည်း လူတွေ ပိတ်နေလို့ ခုန်ချဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောပြပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၂၁၄ ယောက် လိုက်ပါခဲ့ပြီး ပေါက်ကွဲသံ ဘာကြောင့် ထွက်ပေါ်ခဲ့သလို ဆိုတာကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။

DVB