Pages

Saturday, April 11, 2015

အိန္ဒိယ စစ်သင်္ဘော စစ်တွေသို့ရောက်ရှိ

 အိန္ဒိယ ရေတပ်သင်္ဘောကို စစ်တွေကမ်းခြေမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ- နိရဉ္စရာ)
အိန္ဒိယ ရေတပ်သင်္ဘောကို စစ်တွေကမ်းခြေမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ- နိရဉ္စရာ)
 စစ်တွေ၊ ဧပြီ ၁၀
အိန္ဒိယရေတပ်မှ သင်္ဘောတစ်စီးသည် စစ်တွေမြို့သို့ ရောက်ရှိနေပြီး စစ်တွေ အရှေ့ဘက် ပွိုင့်ကမ်းခြေ အနီးတွင် ကျောက်ချ ရပ်နားထားသည်။
“အခု ရောက်ရှိနေတဲ့ အိန္ဒိယ ရေတပ်သင်္ဘောက စစ်တွေမြို့ အိန္ဒိယ ဆိပ်ကမ်းအနီး ရေပြင်ကို တိုင်းထွာဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီရေတပ်သင်္ဘောကို သွားရောက်လေ့လာခဲ့ပြီ ဖြစ်ပါတယ်။ တော်တော့ကိုအဆင့်မြင့်ပါတယ်”ဟု အမည်မဖော်လိုသူ မြန်မာရေတပ်မတော်သား တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းအား အဆိုပါ စစ်သင်္ဘောကိစ္စ မေးမြန်းရာ သံတွဲ ခရီးစဉ်မှ ယခုမှ ပြန်ရောက်ရှိလာသဖြင့် အဆိုပါ သင်္ဘောကိစ္စကို အသေးစိတ် မသိရှိရသေးကြောင်း၊ စစ်ရေး စစ်ရာ ကိစ္စဖြစ်သဖြင့် နယ်စပ်ရေးရာ ၀န်ကြီးကိုသာ မေးမြန်းပါဟု ပြောကြားသည်။
ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးကို အဆိုပါ အိန္ဒိယ စစ်သင်္ဘောရောက်ရှိနေခြင်းနှင့် ပတ်သက်ပြီး ဖုန်းဖြင့်ဆက်သွယ်ရာ တစ်စုံတစ်ရာ လက်ခံ ဖြေကြားခြင်း မရှိပါ။
သို့အတွက် စစ်တွေတွင် တည်ဆောက်နေသော အိန္ဒိယ ဆိပ်ကမ်းပြီးစီးပါက သင်္ဘောများ ၀င်ထွက်သွားလာမည့် ရေလမ်းကြောင်းကို တိုင်းတာရန် အတွက် အိန္ဒိယ စစ်သင်္ဘော စစ်တွေသို့ ရောက်ရှိလာသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဟုတ်/ မဟုတ်ကို နိရဉ္စရာမှ အတည်ပြုနိုင်ခြင်း မရှိပါ။
အိန္ဒိယ ရေတပ်မတော်သားများ စစ်တွေသို့ လာရောက်လည်ပတ်စဉ် လုံခြုံရေး ယူထားခဲ့ရသော ရဲအရာရှိတစ်ဦးကမူ ချစ်ကြည်ရေး လာရောက်တာပါဟု နိရဉ္စရာ သတင်းဌာနသို့ပြောသည်။
“အိန္ဒိယ သင်္ဘောဟာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာတာပါ။ ဒီကမြန်မာ့ရေတပ်မတော်က သွားရောက်ကြိုဆိုခဲ့ပါတယ်”ဟု ဆိုသည်။
မြန်မာ့ရေတပ်မှ တာဝန်ကျ တပ်ကြပ်ကြီး အဆင့်ရှိသူတစ်ဦးကို မေးမြန်းရာ အိန္ဒိယ စစ်သင်္ဘော ရောက်ရှိနေခြင်းကို အတည်ပြုသော်လည်း  အသေးစိတ်ကို သိလိုလျှင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မေးမြန်းက ရနိုင်ကြောင်း၊ စစ်တွေရှိ ရေတပ်မှတာဝန်ရှိသူများ အနေဖြင့် ဖြေကြားခွင့် ရှိမည်မဟုတ်ကြာင်း ၄င်းက ပြောသည်။
ယင်းရေတပ်သင်္ဘောမှ ရေတပ်သားများအား  မြန်မာရေတပ်မှသွားရောက်ကြိုဆိုကာ ဧပြီလ ၈ ရက်နေ့က အိန္ဒိယရေတပ်မှ အရာရှိများနှင့် မြန်မာရေတပ်မှ အရာရှိများသည် ခရီးသည်တင်ကား နှစ်စီးဖြင့် စစ်တွေမြို့ကို လှည့်လည်ကြည့်ရှုခဲ့သည်။
စံမောင်သန်း (နိရဉ္စရာ )