Pages

Thursday, April 23, 2015

ဖားကန့်တိုက်ပွဲနှင့် ပတ်သက်ပြီး အစိုးရနှင့် ကေအိုင်အို ဆွေးနွေးမည်

Soldiers of Kachin Independence Army (KIA) man their position at the front line near Mai Ja Yang in Kachin state
ကချင်ပြည်နယ် ဖားကန့် နဲ့ တနိုင်းဘက်မှာ ခုသီတင်းပတ်တွင်း ပစ်ခတ်မှုတွေ ပြန်ဖြစ်နေတာနဲ့ ပတ်သက်လို့ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဟာ လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
ဖားကန့်မြို့နယ် ကံဆီးဒေသ နဲ့ တနိုင်းမြို့နယ် ရွှေမှော်ဘက်မှာ ခုတပတ်တွင်း အစိုးရတပ် နဲ့ ကေအိုင်အေကချင်တပ်ဖွဲ့တွေကြား တိုက်ပွဲ ၄- ၅ ကြိမ် ဖြစ်ပွားပြီးတဲ့နောက် ခုလို ဆွေးနွေးဖို့ စီစဉ်တာလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးဆန့်အောင်က ဒီဗွီဘီကို ပြောပါတယ်။
“လက်ရှိမှာက ဖားကန့်မှာရော၊ တနိုင်းဘက်မှာရော တိုက်ပွဲတွေဖြစ်နေတဲ့ အနေအထားမှာ ဆိုတော့ အဲဒီအတွက်လည်း တွေ့ဖို့လိုတယ်။ ပြီးရင် နောက်လ လဆန်းတွေမှာလည်း ကေအိုင်အိုဘက်က အားလပ်ရက်က မရှိတဲ့ခါကျတော့ တခါတည်းတွေ့လိုက်တဲ့ သဘောမျိုးပေါ့။ ခုရက်ပိုင်း ဧပြီလ ၂၅ မဟုတ်ရင် ၂၆ ပတ်ဝန်းကျင်မှာ တွေ့ဖို့များပါတယ်။ မြစ်ကြီးနား ကေအိုင်အိုဆက်ဆံရေးရုံးမှာပါ။”
ကချင်ပြည်နယ် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို အစိုးရဘက်က ကိုယ်စားလှယ် ၅ ဦး နဲ့ ကေအိုင်အိုဘက်က ကိုယ်စားလှယ် ၅ ဦးစီ ဖွဲ့စည်းထားပြီး ၂၀၁၄ အောက်တိုဘာလကစ ပုံမှန်တွေ့ဆုံညှိနှိုင်းဖို့ရှိပေမယ့် ၂၀၁၄ နိုဝင်ဘာမှာ ကေအိုင်အေဗိုလ်သင်တန်းကျောင်း အပစ်ခံရပြီးတဲ့နောက် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းခဲ့ပါတယ်။
ဒီလဆန်းပိုင်း ၆ ရက်နေ့မှာတော့ တကြိမ်ပြန်လည်တွေ့ဆုံခဲ့ပြီး တိုက်ပွဲတွေကြောင့် တလ အတွင်း ၂ ကြိမ်ပြန်ဆုံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲကို ကေအိုင်အိုဘက်က ဗိုလ်မှူးကြီး ဇော်တောင်၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ဗိုလ်မှူးကြီး နော်လီ၊ ဗိုလ်မှူး တိန်ပွမ် နဲ့ ဦးခွန်ဂျာခုမ်၊ အစိုးရဘက်က နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်တဲ့ မကခ ဒုတိုင်းမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ ဂျီဝမ်း စတဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင်တွေ အဓိကဆွေးနွေးကြမှာပါ။
ကချင်ပြည်နယ် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလက ပြည်ထောင်စု
ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ KIO တို့ သဘောတူညီချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
DVB