Pages

Thursday, April 30, 2015

တပ်မတော်စစ်ကြောင်းများက ဆက်ကြေးကောက်ခံနေသော TNLA အဖွဲ့အား တိုက်ခိုက်ရှင်းလင်း





 နေပြည်တော် ၊ ဧပြီ ၃၀

 ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင် - နမ့်ဖက်ကာ ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ နမ့်ဖလွန်းကျေးရွာနှင့် အနီး ပတ်ဝန်းကျင်များ၌ ဧပြီ ၂၉ ရက်တွင် TNLA အဖွဲ့မှ အင်အား ၅၀ ဦးခန့်သည် အဖွဲ့ ၂ ဖွဲ့ခွဲကာ ကားလမ်း အတက်/အဆင်း ယာဉ်များအား ယာဉ်ငယ်တစ်စီးလျှင် ကျပ်တစ်သောင်း မှ နှစ်သောင်းအထိ၊ ယာဉ်ကြီး တစ်စီးလျှင် ကျပ်ငါးသိန်း ဆက်ကြေးကောက်ခံ လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဆက်ကြေးကောက်ခံနေသော TNLA အဖွဲ့အား တပ်မတော် စစ်ကြောင်းများက သွားရောက်ရှင်းလင်းရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့ပြီး TNLA အဖွဲ့များက ဟိုဖျက်ကျေးရွာဘက်သို့ ဆုတ်ခွာသွား ကြသည်။

ပစ်ခတ်တိုက်ခိုက်မှုများတွင် တပ်မတော်မှ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး TNLA အဖွဲ့ထံမှ အမ် (၂၁) သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၄ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း နှင့် တပ်မတော် စစ်ကြောင်းများက ဆုတ်ခွာသွားသော TNLA အဖွဲ့များနောက်သို့ လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း သတင်းရရှိသည်။

  မြ၀တီ