Pages

Thursday, May 28, 2015

တနင်္သာရီ မဲဆန္ဒရှင်စာရင်း မြို့နယ် အများစုတွင် ဇွန်လ ၈ ရက်နေ့ ကြေညာမည်


|Dawei Watch| ထားဝယ်၊ မေ ၂၈
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အများစုတွင် မဲဆန္ဒရှင်စာရင်းကို
ဇွန်လ ၈ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း
တိုင်းဒေသကြီးရွေးကောက်ပွဲကော်
မရှင်အဖွဲ့ခွဲထံမှ သိရသည်။
မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့က မြို့နယ် ၈ ခုတွင်
မဲဆန္ဒရှင်စာရင်းများ ပြီးစီးနေပြီဖြစ်သည့်အတွက် ဇွန် လ ၈ ရက်နေ့တွင်
စကြေညာတော့မည်ဖြစ်ကြောင်း သိရသည်။
သို့သော် ကော့သောင်းခရိုင်ရှိ ကော့သောင်းနှင့်
ဘုတ်ပြင်းမြို့နယ်တို့တွင်မူ မဲဆန္ဒရှင် စာရင်းပြုစုနေဆဲဖြစ်သည့်အတွက်
ဇွန်လ ၂၂ ရက်နေ့မှသာ ကြေညာနိုင်မည်ဖြစ်ကြောင်း
တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲအရာရှိ
ဦးထိန်လင်းဦးက ပြောသည်။
“မြို့ပေါ်မှာဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ကပ်မယ်။
ကျေးလက်မှာဆိုရင်တော့ အုပ်ချုပ်ရေးမှူးရုံးအပြင် ကျေးရွာခွဲတွေက ဈေး
ဒါမှမဟုတ် လူစည်ကားတဲ့နေရာမှာ ကပ်မယ်” ဟု ဦးထိန်လင်းဦးက ပြောသည်။
မဲစာရင်းကို ၁၄ ရက်ကြာ ကပ်ထားပေးမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့်
မိမိအမည် ပါမပါကို ကြည့်ရန်နှင့် မပါပါက တောင်းဆိုခြင်း၊ နာမည်ပါသော်လည်း
အချက်အလက်တစ်ခုခုမှားယွင်းနေပါက ပြင်ဆင်ခြင်းနှင့် မဲမပေးသင့်သူ ပါနေပါက
ပြန်ဖျက်ခြင်းတို့ကို ရပ်ကျေးရွေကောက်ပွဲကော်မရှင်မှတဆင့်
လုပ်ဆောင်နိုင်မည်ဖြစ်သည်။
“ဒါကြောင့် လူတွေ လာကြည့်ဖို့ပဲ လိုတယ်” ဟု ၎င်းက ဆိုသည်။
မဲဆန္ဒရှင်စာရင်းကို ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးရုံးတစ်နေရာတည်းတွင်သာ
ကပ်မည်ဆိုပါကာ လူတိုင်းအတွက် အဆင် ပြေမည်မဟုတ်ဟု
ထားဝယ်တက်ကြွလူငယ်အဖွဲ့မှ ကိုဝေဖြိုးက ပြောသည်။
“တကယ်လို့ အုပ်ချုပ်ရေးမှူးရုံးတစ်ခုတည်းမှာ ကပ်မယ်ဆိုရင်
မိတ္တူတွေတောင်းပြီး မဲဆန္ဒစာရင်းကြည့်ဖို့ အဆင်မပြေဖြစ်နေတဲ့
ကျန်တဲ့ရပ်ကွက်တွေမှာ လိုက်ကပ်ပေးမယ်” ဟု ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် မဲဆန္ဒရှင်စာရင်း ၇ သိန်းခွဲခန့်ရှိမည်ဟု မူလက
ခန့်မှန်းထားသော်လည်း လက်ရှိစာရင်းပြုစုပြီးနှင့် ပြုစုဆဲ အခြေအနေအရ ၈
သိန်းခွဲခန့်ရှိသည်ဟု တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် အခြေခံမဲဆန္ဒရှင်စာရင်းကို ဖေဖော်ဝါရီလ က
စတင်ပြုစုခဲ့ကြောင်း သိရသည်။
Dawei Wach