Pages

Thursday, May 28, 2015

တနင်္သာရီတိုင်းအတွင်း မြို့ကြီးများတွင် လာမည့်လ တယ်လီနော အသုံးပြုနိုင်မည်ဟုဆို


|Dawei Watch| ထားဝယ်၊ မေ ၂၇
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးများတွင် လာမည့်ဇွန်လတွင်တယ်လီနောဖုန်းကတ်များကို စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဖုန်းလိုင်း စမ်းသပ်မှုများ ပြုလုပ်နေသဖြင့် တချို့နေရာများတွင် တယ်လီနော ဖုန်းလိုင်းများကို အသုံးပြုနိုင် မည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။
“လာမယ့် လမှာတော့ ဖုန်းအသုံးပြုလို့ ရပါပြီ။ ရက်အတိအကျတော့ မသိသေးဘူး”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ထားဝယ်ခရိုင်အတွင်းရှိ ကံပေါက်ကျေးရွာ ကလိန်အောင်မြို့နယ်ခွဲနှင့် ထားဝယ်မြို့တို့တွင် မေလ ၂၇ရက်နှင့် ၂၈ ရက်နေ့ တို့တွင် တယ်လီနောဖုန်းများ ခေါ်ဆို အသုံးပြုနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သို့သော် မြိတ်မြို့နှင့် ကော့သောင်းမြို့တို့တွင် တယ်လီနောဖုန်း အသုံးပြု၍ မရရှိသေးကြောင်း မြို့ခံများထံမှ သိရသည်။
မြိတ်မြို့တွင် လာမည့်လ၌ တယ်လီနောဖုန်းများကို အသုံးပြုနိုင်မည်ဟု သတင်းထွက်နေပြီး ကော့သောင်းတွင် တယ်လီနောဖုန်း
လိုင်းတိုင်းများ စိုက်ထူထားပြီးသော်လည်း ကေဘယ်ကြိုးများ တပ်ဆင်နေသည်ကို မတွေ့ရသေးဟု အထက်ပါ မြို့ခံများက ပြောသည်။
ထားဝယ်မြို့နှင့် မြိတ်ရှိ အရောင်းဆိုင်အချို့တွင် တယ်လီနောဖုန်းကတ်များကို စတင်ရောင်းချနေပြီး ထားဝယ်မြို့တွင် ဖုန်းကတ်တစ်ကတ်လျှင် ၂၀၀၀ ကျပ်၊ မြိတ်တွင် ၃၀၀၀ ကျပ် ဖြင့် ရောင်းချနေကြောင်း သိရသည်။
Dawei Watch