Pages

Thursday, May 28, 2015

NBF အဖွဲ့ဝင်ပါတီများ တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာအားလုံး ဝင်ပြိုင်မည်



|Dawei Watch| မော်လမြိုင်၊ မေ ၂၆
လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)အဖွဲ့ဝင်ပါတီများမှ တနိုင်ငံလုံးရှိ အနည်းဆုံး မြို့နယ်ပေါင်း ၁၆၁ မြို့နယ်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု NBF က ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့၌ မေလ ၂၃ ရက်နေ့နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့၌ မေလ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် NBF ၏ ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး အချက် ၅ ချက်ပါ ထုတ်ပြန်ကြေညာချက်တွင် ယင်းသို့ ဖော်ပြထားသည်။
“ကျွန်တော်တို့ ပါတီအနေနဲ့ကလဲ NBF အဖွဲ့ဝင်အနေနဲ့ ဝင်ပြိုင်သွားမယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
၎င်းပြင် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကို အပြီးသတ် အမြန်ဆုံး လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် အမြန်ဆုံး ရေးဆွဲရန်နှင့် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်မှ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ အား ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ပေးရန်၊ အစိုးရနှင့် ကော်မရှင်တို့ ကတိကဝတ် ပြုထားသည့် အတိုင်း ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း လွတ်လပ်တရားမျှတ ပွင့်လင်းမြင်သာစွာ ကျင်းပပေးရန်လည်း NBF က ကြေညာချက်ထုတ် တိုက်တွန်း တောင်းဆိုထားသည်။
ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအပါအ၀င် စသည့်ပါတီ ၂၁ ပါတီဖြင့် ဖွဲ့စည်းထားသည်။
Dawei Watch