Pages

Tuesday, May 5, 2015

စိုင်းစိုင်းနဲ့ ဒိတ်ဒိတ်ကြဲတို့ရဲ့ အမေရိကန်ခရီးစဉ်


စိုင်းစိုင်းခမ်းလှိုင် နဲ့ အထင်ကရ လူငယ်အဆိုတော်တချို့က အမေရိကန်ပြည်ထောင်စုကို ဒီရက်ပိုင်း သွားကြပြီလို့ ယူဆရပါတယ်။



လော့စ်အိန်ဂျလိစ်


မြန်မာပြည်သား အများအပြားနေထိုင်တဲ့ မြို့ကြီး ၃ ခုမှာ စင်တင်ဂီတဖျော်ဖြေပွဲ တင်ဆက်ဖို့ပါ။

နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမှာ လက်မှတ်တစောင် ၄၅၊ ၅၅ ဒေါ်လာ လို့ ကြော်ငြာထားပါတယ်။ မြန်မာမုန့်တွေလည်း ရောင်းပါမယ် တဲ့။

လော့စ်အိန်ဂျလိစ်မှာတော့ လက်မှတ်တွေက ဈေးပိုကြီးပါတယ်။ ဒေါ်လာ ၆ဝ၊ ၇၅ လို့ ဆိုတယ်။ ခန်းမ ငှားရမ်းခ ဈေးကြီးလွန်းလို့ လက်မှတ်လည်း အဲဒီဈေး ဖြစ်သွားဟန်တူပါတယ်။

မိစန္ဒီ၊ နန္ဒာစိုင်း၊ သီရိဆွေ၊ ဘန်နီဖြိုး၊ Snare ၂ ယောက်တို့လည်း ပါဝင်တဲ့ သူတို့ အမေရိကန်ခရီးသွားအုပ်စုရဲ့ ဂီတဖျော်ဖြေပွဲ ကြော်ငြာမှာ 7 stars ဒိတ်ဒိတ်ကြဲ night လို့ အင်္ဂလိပ်စာလုံးတွေထဲ မြန်မာစာလုံး ထည့်ပြီး ရေးထားပါတယ်။


  • 9th May - SF
  • 16th May - LA
  • 30th May - NY


ဒီအထဲမှာ ဒိတ်ဒိတ်ကြဲ အဖြစ်ဆုံး စိုင်းစိုင်းရဲ့ ဖေ့စ်ဘုတ်မှာ ပွဲကြော်ငြာ တင်ထားတာ တွေ့ရမှာပါ။

"ကျနော့်ရဲ့ အဆိုတော် ဘဝမှာ ပထမဆုံး အမေရိက ဖျော်ဖြေရေးခရီးစဉ်ဖြစ်ပါတယ်" ဆိုတဲ့ သူ့စကားကိုလည်း တင်ထားပါတယ်။

ပရိသတ်တချို့ကတော့ ဟိုရောက်ရင် ရေအိုးလေး လှုပ်ပါဟေ့ - တောဂေါ်လီသီချင်း  လိုမျိုး ကော်ပီတွေ မဆိုဖို့ အကြံပေးပါတယ်။

အမေရိကန် အဆိုတော် Eminem ရဲ့  "Shake That" ကို ကော်ပီပြုထားခြင်းကြောင့် တရားစွဲနေမယ်လို့ ဆိုပါတယ်။

 Eminem တို့လို ကမ္ဘာကျော်တွေက မြန်မာလူငယ်တို့ရဲ့ပွဲကို သတိပြုမိကြပါ့မလား လို့ မေးသူလည်း ရှိနိုင်ပါတယ်။

တောဂေါ်လီ မဆိုပြရင် သူ့ပရိသတ်က နားလည်ပေးနိုင်မလား။ သွားကြမယ့် ၇ ယောက်လုံးမှာ ကိုယ်ပိုင်သီချင်း လုံလုံလောက်လောက် ရှိရဲ့လား ဆိုတာကလည်း မေးစရာပါပဲ။
ပရိသတ်အများစုကတော့ ကော်ပီဖြစ်ဖြစ်၊ ကိုယ်ပိုင်သီချင်းဖြစ်ဖြစ် အားပေးကြမှာပါ။

 ဟိုကဝင်ငွေအနေအထားအတိုင်းဆိုရင် လက်မှတ်တွေက သင့်တော်တဲ့နှုန်းထားလို့ ဆိုရမှာဖြစ်ပါတယ်။

ဘန်နီဖြိုးက သူတို့တွေ အမေရိကန်ဗီဇာ ရကြပြီလို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာထားပါတယ်။ ရန်ကုန်အမေရိကန်သံရုံးဖေ့စ်ဘုတ်ကလည်း ဒီပွဲကို ဒီကနေ့ ကြော်ငြာပေးထားပါတယ်။

စည်သူလင်း


နယူးယောက်



ဆန်ဖရန်စစ္စကို

 ဧရာဝတီblog