Pages

Monday, June 22, 2015

တနင်္သာရီတိုင်း ၁၀ တန်း အောင်ချက်ကျရသည့် အကြောင်းအရင်း အဖြေရှာမည်



|Dawei Watch| ထားဝယ်၊ ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း အောင်ချက် ကျဆင်းရသည့် အကြောင်းအရင်းကို ဝိုင်းဝန်း အဖြေရှာသွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်းကျောင်းအုပ်များ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဇွန်လ ၂၇ နှင့် ၂၈ ရက်နေ့တို့တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲတွင် ပြီးခဲ့သည့်နှစ် တက္ကသိုလ်ဝင် တန်းအောင်ချက် ကျဆင်း ရသည့် အကြောင်းအရင်းကို အဖြေရှာခြင်းနှင့် နောက်နှစ် အောင်ချက်မြင့်မားရေးတို့ကို အဓိကထား ဆွေးနွေးသွားမည်ဟု တိုင်းအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင်က ပြောသည်။
“အောင်ချက်ကျတာက ဘာသာရပ်ဆိုင်ရာ ဆရာမတွေနဲ့ အထက်တန်းဆရာမ တွေ မလုံလောက်လို့ ဖြစ်မယ်။ ကိုယ်ကတော့ အဲဒီလိုထင်တယ်”ဟု ဝန်ကြီးဒေါက်တာဝင်းအောင်က ပြောသည်။
အဆိုပါဆွေးနွေးပွဲတွင် ပညာရေး ဝန်ထမ်းမဟုတ်သည့် ဘော်ဒါဆောင်များမှ ဆရာ၊ ဆရာမများကိုပါ ဖိတ်ခေါ် ဆွေးနွေး သင့်ကြောင်း ထားဝယ်မြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်း သင်ကြားသည့် ဘော်ဒါဆောင်တစ်ခုမှ ဆရာတစ်ဦးက ဆိုသည်။
“ဒီလိုဆွေးနွေးပွဲများမှာ ဘော်ဒါတွေက ဆရာတွေ ပါခွင့်ရရင် ပိုကောင်းမယ်။ လိုအပ်နေတာတွေကို ထောက်ပြ ပြောဆိုလို့ ရတာပေါ့”ဟု အထက်ပါဆရာက ဆိုသည်။
တက္ကသိုလ်ဝင်တန်း အောင်ချက် ကျဆင်းရသည့် အကြောင်းအရင်းမှာ ကျောင်းသားကျောင်းသူများ၏ အရည်အသွေးပိုင်းတွင် အဓိက မူတည်ပြီး အစိုးရအနေဖြင့် အလယ်တန်းအဆင့် အတန်းတင် စာမေးပွဲများ အထူးသဖြင့် ၈ တန်း စာမေးပွဲတွင် ထိရောက်စွာ စိစစ်နိုင်ရေးအတွက် ကြီးကြပ်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။
တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မှာ တိုင်းနှင့်ပြည်နယ် အလိုက် အဆင့် ၃ တွင် ရပ်တည်နိုင်ခဲ့သော်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်မူ အောင်ချက် ထိုးကျခဲ့ပြီး ပြည်နယ်နှင့် တိုင်းအလိုက် အောင်ချက် အဆင့် ၉ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။
တနင်္သာရီတိုင်း၏  ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အောင်ချက်ရာနှုန်းမှာ ၄၀.၉၂ ရာနှုန်းရှိခဲ့သော်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အောင်ချက်ရာနှုန်းမှာ ၃၄.၈၉ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

Dawei Watch