Pages

Tuesday, September 29, 2015

ထားဝယ်သည် ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား လူမျိုးလားဟု ထားဝယ် ပါတီ မေးခွန်းထုတ်

                             ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်း



ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်း ၏ ဟောပြောချက်အစီအစဉ်
MRTV 28-9-2015

Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၂၉

အခြားတိုင်းရင်းသားများနှင့် မတူဘဲ ခွဲခြားဆက်ဆံခံနေရသဖြင့် ထားဝယ်လူမျိုးများသည် မြန်မာနိုင်ငံအတွင်း နေထိုင်သော ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား လူမျိုးများလောဟု မေးခွန်းထုတ်ရမလို ဖြစ်နေကြောင်း ထားဝယ်တိုင်းရင်းသားများပါတီက ပြောဆိုလိုက်သည်။

နိုင်ငံပိုင် ရုပ်သံလိုင်းများမှ တဆင့် စက်တင်ဘာ ၂၈ ရက်နေ့ ညက ထုတ်လွှင့်ခဲ့သော ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြရာတွင် ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထားဝယ်တိုင်းရင်းသားများသည် မြန်မာတစ်နိုင်ငံလုံးအရေး အမြဲတစေစဉ်းစားကာ ကိုလိုနီခေတ် လွတ်လပ်ရေး တိုက်ပွဲဝင်ကတည်းက အာဏာရှင်စနစ်မှ လွတ်မြောက်ရေး အထိ တိုက်ပွဲဝင်လာခဲ့ကြောင်း၊ ထိုသို့ ကိုယ့်လူမျိုးအရေးကို အမြဲတစေ နောက်ချန်ကာ လုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်တွင် ၎င်းတို့ဒေသမှ တိုင်းရင်းသားများမှာ နောက်ကျကျန်နေခဲ့ရပြီ ဖြစ်ကြောင်း ဦးအေးမင်းကဆိုသည်။

ထားဝယ်လူမျိုး အများစုမှာ မှတ်ပုံတင်တွင် ဗမာဟု မှတ်ပုံတင်ခံထားရခြင်း၊ အခြားတိုင်းနှင့် ပြည်နယ် အသီးသီးတွင် အိမ်သုံးလျှပ်စစ်မီး တစ်ယူနစ် ၃၅ ကျပ်သာ ကျသင့်သော်လည်း တနင်္သာရီတိုင်းတွင် တစ်ယူနစ် ကျပ် ၃၀၀ နှင့် အထက် ပေးဆောင်နေရခြင်းတို့ကို ၎င်းက ဥပမာပေး ပြောဆိုသွားခဲ့သည်။

နိုင်ငံတော် အစိုးရမှ ထုတ်ဝေသော စွယ်စုံကြမ်းအရ ၁၉၅၀ ကျော်တွင် ကောက်ယူသော သန်းခေါင်စာရင်းတွင် ထားဝယ်လူမျိုး တစ်သိန်းခွဲကျော်ရှိသည်ဆိုသော်လည်း ယခုအချိန်တွင် လူဦးရေ မည်မျှရှိသည်ကို အစိုးရက ထုတ်ပြန်ခြင်းမရှိပေ။

ယမန်နှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ထားဝယ်လူမျိုးများ စာရင်းကောက်ယူခဲ့သော်လည်း အစိုးရက ယနေ့အချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

ထိုသို့သော လူဦးရေ အတိအကျမရှိသည့် အကျိုးဆက်ကြောင့် နိုင်ငံရေးအရ များစွာ နစ်နာရကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။

“နိုင်ငံရေးအရ အနိမ့်ဆုံး အဆင့်ဖြစ်တဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီး တစ်နေရာ နစ်နာနေရခြင်းပါပဲ”ဟု ၎င်းက မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ မြိတ်၊ ဆလုံ၊ ဗမာ၊ ကရင်၊ မွန် တိုင်းရင်းသားတို့ နေထိုင်သော်လည်း ကရင် တိုင်းရင်းသား ၀န်ကြီး တစ်နေရာသာ တိုင်းဒေသကြီး အစိုးရ အဖွဲ့တွင် ကိုယ်စားပြုခွင့်ရထားသည်။

ထားဝယ်တိုင်းရင်းသားများပါတီကို ထားဝယ်လူမျိုးသမိုင်းတွင် ပထမဆုံးအဖြစ် ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ပြန်ထားသည်။