Pages

Monday, September 28, 2015

ထိုင်းဘုရင့်သမီးတော် သီရိဒုံ ထားဝယ်၊ မြိတ် လာမည်


Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၂၈

ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ ထားဝယ်နှင့် မြိတ်မြို့များသို့ အောက်တိုဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် လာရောက်မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြိတ်မြို့နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းထံမှ သိရသည်။

အောက်တိုဘာလ ၃ ရက်နေ့တွင် ထားဝယ်သို့ လာရောက်မည်ဖြစ်ပြီး ၄ ရက်နေ့တွင် မြိတ်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

သီရိဒုံက ထားဝယ်မြို့သို့ လာရောက်ချိန်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းသို့  သွားရောက်မည်ဖြစ်ပြီး ထားဝယ်မြို့တွင် ထိုင်းနိုင်ငံသားများ တည်ထားသော ဆင်ဆိပ်ရပ်ကွက်ရှိ ဩရဂဠုံဘုရားနှင့် ခုံဝင်းဒပ်ရပ်ကွက်ရှိ ဘုရားရှစ်မြောက်စေတီအား ဖူးမျှော်မည်ဖြစ် ကြောင်း ယင်းခရီးစဉ်နှင့် ပက်သက်၍ ထိုင်းအသံမတ် ပြောဆိုချက်ကို ကိုးကား၍ ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးသန်းဆွေက ပြောသည်။

“အောက်တိုဘာလ ၅ရက်နေ့တွင် နေပြည်တော် ကိုလာမယ်၊ နေပြည်တော်မှာ အမျိုးသား ယဉ်ကျေးမှုပြတိုက်ကို ကြည့်မယ်၊ အောက်တိုဘာလ ၆ရက်နေ့မှာ ဘန်ကောက်သို့ ပြန်မယ်”ဟု ဦးသန်ဆွေက ဆိုသည်။

ထားဝယ်မြို့သို့ သီရိဒုံ လာရောက်သည့် ခရီးစဉ်အတွင်း ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားကြီးကို လာရောက်ဖူးမျှော်မည်ဟု ဘုရားကြီးဂေါပကနှင့် နီးစပ်သော အသိုင်းအဝိုင်းထံမှ သိရသည်။

မြိတ်ခရီးစဉ်တွင် တောကျောင်း၊ အရှေ့သိမ်ကျောင်းနှင့် သိမ်တော်ကြီး ဘုရားတို့ကို သွားရောက်မည်ဖြစ်ပြီး နေ့ချင်းပြန် ခရီးစဉ်ဖြစ် ကြောင်း မြိတ်မြို့နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ထားဝယ်ဒေသအတွင်းရှိ ရှေးဟောင်းမြို့များဖြစ်သော ဩရဂဠုံနှင့် သာဂရတို့ကို ထိုင်းနှင့် မြန်မာ အပြန်အလှန် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီး  ထိုင်းတို့ အုပ်ချုပ်စဉ် ယခုဆင်ဆိပ်ရပ်ကွက်ရှိ ဩရဂဠုံဘုရားနှင့် သာဂရမြို့ဟောင်းရှိ ဘုရားရှစ်မြောက်စေတီတို့ကို ထိုင်းနိုင်ငံသားများက တည်ထောင်ခဲ့သည်ဟု သမိုင်း အထောက် အထားများအရ သိရသည်။

ယခင်က ဩရဂဠုံဘုရားမှာ တောတောင်ထူထပ်သည့်နေရာ၌ရှိ၍ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်ရှိ ဂန့်ဂေါ်ပန်ဇင်ကျောင်းတိုက် ဆရာတော်မှ ဩရဂဠုံစေတီအား ယင်းဘုန်တော်ကြီးကျောင်းတိုက်သို့ ပြောင်းရွှေ့ကာ ပူဇော်ခံခဲ့သည်ဟု သိရသည်။

မင်းနဲလှ ထားဝယ်မြို့တည်စဉ် သာဂရမြို့မှ ပုံစံအတိုင်း ရပ်ကွက်များနှင့် စေတီ၊ ပုထိုးများကို တည်ထောင်စဉ် သာဂရရှိ မူလ ဘုရားရှစ်မြှောက် ပုံစံအတိုင်း ထားဝယ်မြို့ ခုံဝင်းဒပ် ရပ်ကွက်တွင် တည်ထားခဲ့သည်။

သာဂရမြို့ဟောင်း၊ ဆင်ပုနစ်ရပ်ကွက်ရှိ ဘုရားရှစ်မြောက်စေတီမှာ နှစ်ကြာလာသောအခါ ပျက်စီးလျက် ရှိ၍ ရခိုင်ဆရာတော်က ပြန်လည် တည်ဆောက်ရာ မူလစေတီသကဲ့သို့ မတည်ဆောက်တော့ဘဲ ကုန်းဘောင်ခေတ် လက်ရာ စေတီကို တည်ခဲ့သည်။

ထိုင်းနိုင်ငံသားများက သာဂရကို တိုက်ခိုက်သိမ်းပိုက်ပြီး ဩရဂဠုံရှိသော ညောင်ရမ်းမြို့(ယခုဆင်ဆိပ်ရပ်ကွက်နှင့် ဝဲကျွန်းထိန်ဟောင်း ရပ်ကွက်)ကို တည်ဆောက်သကဲ့သို့ တနင်္သာရီမြို့ကိုလည်း တိုက်ခိုက်သိမ်း ပိုက်ခဲ့သည်။

ထိုင်းဘုရင့်သမီးသီရိဒုံသည် ၁၉၈၆ခုနှစ်က ပထမဆုံး မြန်မာပြည်ခရီးစဉ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယခရီးစဉ် ဖြင့် ထိုင်း- မြန်မာ နယ်စပ်ကို ဖြတ်ကျော်၍ ကျိုင်းတုံ-တာချီလိတ်ရှိ ဒေသခံပြည်သူများ၏ လူမှုရေးယဉ်ကျေးမှုများကို ၂ ရက်ကြာ လေ့လာရေး ခရီးစဉ်၊ ၂၀၁၃ ခုနှစ်တွင် ပဲခူး၊ မန္တလေး၊ မူဆယ်၊ ကချင်ပြည်နယ် ပူတာအိုမြို့နှင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့များသို့  ၅ ရက်အကြာ တတိယအကြိမ် ခရီးစဉ်တို့ကို လာရောက်ခဲ့သည်ဟု ဧရာဝတီ သတင်းဌာနတွင် ဖော်ပြသည်။

ယင်းနောက် စတုတ္ထအကြိမ်အဖြစ် ၂၀၁၀ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်ခံရစဉ် တော်ဝင်မိသားစု၏ လှူဒါန်းမှုကို လာရောက်  လှူဒါန်း ခဲ့ပြီး ရွှေတိဂုံစေတီတော်ကြီးနှင့် ကျိုက်ထီးရိုး စေတီတို့ကိုလည်း သွားရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

Dawei Watch