Pages

Tuesday, October 13, 2015

မြိတ်တွင် ဆန္ဒမဲ လက်မှတ်များ စတင်ဖြန့်ဝေ


ဓာတ်ပုံ ဇော်ဇော်/Dawei Watch

Dawei Watch| မြိတ်၊ အောက်တိုဘာ ၁၃

ရွေးကောက်ပွဲ ရွေ့ဆိုင်းလိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ပြောဆိုချက်များအကြား မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များသို့  ဆန္ဒမဲလက်မှတ်များ အောက်တိုဘာလ ၁၃ ရက်နေ့စ၍ ဖြန့်ဝေနေပြီဖြစ်ကြောင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟုဆိုထားသည့်  အထွေထွေ ရွေးကောက်ပွဲကာလတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်း အများစုရောက်ရှိနေပြီဖြစ်ပြီး ယင်း မဲရုံးသုံးပစ္စည်းများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ မြို့နယ်အလိုက် ပစ္စည်းများကို ပို့ဆောင်ပေးနေကြောင်း ၎င်းတို့ထံမှ သိရသည်။

ခရိုင်အတွက် စုစုပေါင်း ဖြန့်ဝေလျက်ရှိသည့် ဆန္ဒမဲလက်မှတ်များမှာ ပြည်သူလွှတ်တော် မဲလက်မှတ် ၉၂၅၀  အုပ်၊ အမျိုးလွှတ်တော် မဲလက်မှတ် ၈၉၈၂ အုပ်၊ တိုင်းဒေသကြီး အမှတ်(၁) မဲလက်မှတ် ၄၇၀၄ အုပ်နှင့် အမှတ်(၂) မဲလက်မှတ် ၄၅၄၈ အုပ်၊ တိုင်းရင်းသား ဆန္ဒမဲ လက်မှတ်များမှာ ပုလော မြို့နယ်အတွက် ၃၀၆ အုပ်၊ တနင်္သာရီအတွက် ၁၆၀ အုပ်နှင့် ကျွန်းစုမြို့နယ်အတွက် ၁၈၃ အုပ်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

မဲလက်မှတ် တစ်အုပ်လျင် မဲလက်မှတ် ၅၀ ပါရှိသည်။

Dawei Watch