Pages

Monday, October 5, 2015

သီရိဒုံ မြိတ်ခရီးစဉ်တွင် ပုဂလိက မီဒီယာသမားများ သတင်းယူခွင့် ဟန့်တားခံရ


|Dawei Watch| မြိတ်၊ အောက်တိုဘာ ၎
ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရီဒုံသည် အောက်တိုဘာလ ၄ ရက်နေ့က မြိတ်မြို့ပေါ်ရှိ နှစ်ရာချီသက်တမ်းရှိ ရှေးဟောင်းသိမ်များနှင့် ရှေးဟောင်း ဘုရားဆင်ထုတော်များအား လာရောက်ဖူးမျှော်စဉ် လုံခြုံရေးကြောင့်ဟုဆိုကာ ပုဂ္ဂလိက မီဒီယာများ သတင်းယူခွင့် ဟန့်တား/ ပိတ်ပင်ခံခဲ့ရသည်။
သီရိဒုံ၏ မြိတ်ခရီးစဉ်တွင် ဌာနဆိုင်ရာ သတင်းမှတ်တမ်းအဖွဲ့များနှင့် ပြန်ကြားရေး အဖွဲ့များမှအပ အကြား ပုဂ္ဂလိက သတင်း ဌာနများ သတင်းယူသည်ကို တာဝန်ကျ အမျိုးသမီးရဲအရာရှိတစ်ဦးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးတို့က တင်းတင်းကြပ်ကြပ် လိုက်လံ ဟန့်တားခြင်း၊ ဌာနဆိုင်ရာ များရှေ့တွင် နှင်ထုတ်ခြင်း ခံခဲ့ရသည်။
“ထိုင်းမှာဖြစ်သွားသည့် ဖောက်ခွဲရေး ပြဿနာကြောင့် နောက်ဆက်တွဲတွေ ဖြစ်လာမှာစိုးလို့ လုံခြုံရေး တင်းကြပ်ပေးထား ရတာပါ။ ဒါကြောင့် လုံခြုံရေး ကတ်မရှိသူကို ၀င်ခွင့် မပေးတာပါ”ဟု တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဆိုသည်။
လုံခြုံရေးအရဟုဆိုလျှင် ခရီးစဉ်မတိုင်ခင်ကတည်းက လုံခြုံရေး ကတ်များ ထုတ်ပေးသင့်သည်ဟု မြိတ်အခြေစိုက် သတင်းများက ပြောသည်။
ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရီဒုံသည် မြိတ်မြို့သို့ ရောက်ရှိစဉ် လေးကျွန်းဆီမီး သိမ်တော်ကြီးဘုရားအား တက်ရောက်ဖူးမျှော်ခဲ့ပြီး၊ အလယ်ကျွန်းနယ်မြေ၊ တောကျောင်း၊ မြိတ်တောင်ကျေးရွာအုပ်စု အရှေ့သိမ်ကျောင်းနှင့် မြိတ်ကမ်းနားလမ်းသို့ သွားရောက်ခဲ့သည်။
အလယ်ကျွန်းနယ်မြေ၊ တောကျောင်းရောက်စဉ် ရှေးယခင်က ထိုင်းဘုရင်များလက်ထက်က တည်ထား ကိုးကွယ်ခဲ့သည့် နှစ် ၃၀၀ သက်တမ်းရှိ ဘုရားသိမ်များ၊ ကြေးသွန်းဘုရားနှင့် ဆင်ထုတော်များကို ကြည့်ရှု့ဖူးမျှော်ခဲ့ပြီးမြိတ်တောင် ကျေးရွာအုပ်စု၊ အရှေ့သိမ်ကျောင်းရှိ ရှေးဟောင်း ဘုရားများကို လှည့်လည်ဖူးမျှော်ခဲ့သည်။

Dawei Watch