Pages

Tuesday, November 3, 2015

ကြံ့ခိုင်ရေးပါတီ ကော်ပုံးနှင့် လင်ပန်းအသုံးပြု မြိတ်တွင် မဲဆွယ်









Dawei Watch | မြိတ်၊ နိုဝင်ဘာ ၃

ယုဇနကုမ္ပဏီ လုပ်ငန်းရှင် ဦးဌေးမြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် မြိတ်မြို့နယ် အတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကော်ပုံးနှင့် လင်ပန်းများကို တူရိယာ ပစ္စည်းအဖြစ် အသုံးပြုကာ နိုဝင်ဘာ ၃ ရက်နေ့က မဲဆွယ်စည်းရုံးခဲ့သည်။

ပါတီ၏ ဒုတိယအကြိမ် အင်အားပြ လှည့်လည်ပွဲတွင် လှယာဉ်ကျေးမယ်များ၊ အမျိုးသား/ အမျိုးသမီး အကများ၊ (ဒေသအခေါ် ထန်းသုပ်) ရုပ်သေးအကများ၊ ဦးရွှေရိုးအကနှင့် အခြားဖျော်ဖြေရေး အစီအစဉ်များနဲ့ တင်ဆက်ပြသ လှည့်လည်ခဲ့ရာတွင် လင်ပန်းနှင့် ကော်ပုံးတို့ပါ ပါဝင်လာခြင်း ဖြစ်သည်။

အခြား တီးမှုတ်သော တူရိယာ ပစ္စည်းများ ပြင်ဆင်ချိန်မရသဖြင့် လင်ပန်းနှင့် ကော်ပုံးတို့ကို ယူဆောင်လာရခြင်းဖြစ်ကြောင်း ပါတီဝင် အချို့က ပြောသည်။

ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းသာလိုတော့ချိန်တွင် ပါတီ၏ ကိုယ်စားလှယ်လောင်းများကို လူပိုစိတ်ဝင်စားလာစေရန် ယခုကဲ့သို့  ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေစည်းရုံးခြင်းဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမိုးမြင့် ပြောသည်။

“အခြားပါတီတွေက မိတ်ဆွေတွေရော ဒီမိုကရေစီစနစ်ကြီးမှာ ဥပဒေနဲ့အညီ စီတန်းလှည့်လည်ပြီးတော့ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့်ရှိတယ်ဆိုတာတွေကို အားလုံးသိစေချင်တယ်”ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ် အင်အားပြ မြို့တွင်း လှည့်လည်ပွဲတွင် ကား အစီးရေ ၂၀၀၊ ဆိုင်ကယ်အစီးရေ ၁၀၀ နှင့် ပါတီကိုထောက်ခံသည့် ပါတီဝင် ၃၅၀၀၀ ဦး လိုက်ပါခဲ့ပြီး အများစုမှာ မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများမှ ပါတီဝင်တွေအများစု ဖြစ်ကြောင်း ပါတီဝင်များထံမှ သိရသည်။