Pages

Saturday, December 5, 2015

တနင်္သာရီတွင် မိုးရေနှင့်အတူ ရွှေရောင် ငွေရောင်တောက်သည့် အမှုန်များ ကျလာ



ရွှေရောင် ငွေရောင် တောက်သည့် အမှုန်များပါသည့် မိုးရွာနေစဉ် 
ဓာတ်ပုံ - အောင်ကိုထွေး
|Dawei Watch| မြိတ်၊ ဒီဇင်ဘာ ၅
မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာတွင် ဒီဇင်ဘာလ ၃ ရက် ညနေ ၄ နာရီခန့်က မိုးရေနှင့်အတူ ရွှေရောင် ငွေရောင် လက်နေသည့် အမှုန်များ နေရာအနှံ့ပြန့်ကျဲတွေ့ရကြောင်း တကူကျေးရွာသားတချို့ထံမှ သိရသည်။
ယင်းဖြစ်စဉ်ကို ရွာသူရွာသားများကို ရွှေမိုးငွေမိုးရွာသည်ဟု  ယူဆကြသည်။
မိုးရွာပြီး နောက်တစ်ရက် နံနက်တွင် မြက်ခင်းပြင်တစ်ခုလုံး ရွှေကြည်ငွေကြည်ကဲ့သို့ အမှုန်များကို မြင်တွေ့ရသည်ဟု တကူရွာနေ မမျိုးငယ်က ပြောသည်။
“အဲသည်နေ့က ရွာတဲ့မိုးက ပုံမှန်မိုးလို မဟုတ်ဘူး။ ကောင်းကင်မှာ အရောင်တွေလက်လက်နဲ့ ထူးခြားမှုရှိနေပါတယ်”ဟု တကူရွာသားတစ်ဦးက ပြောသည်။
ရွှေမိုးငွေမိုးရွာသည်ဟု ယူဆထားသည့် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာသူရွာသားများက တိုင်းပြည်အတွက် နမိတ်ကောင်းဟု ပြောကြသည်။
ယင်းဖြစ်စဉ်မျိုး လွန်ခဲ့သည့် ၃ နှစ်ခန့်က တနင်္သာရီမြို့ရှိ နေရာတချို့တွင် ၂ ခါဖြစ်ပွားခဲ့ဖူးကြောင်း တနင်္သာရီမြို့နယ် စာရေးရာများအသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။
“တနင်္သာရီ ရိုးရာ ဧဇာသီချင်းမှာ  ဘုန်းကံပေါ်လို့ ရွှေမိုးငွေမိုးရွှာဆိုတဲ့ အဓိပ္ပါယ်မျိုးပါတဲ့ စာသားတွေ ရှိတယ်။ ကောင်းတဲ့ နမိတ်လို့ ယူဆတယ် ”ဟု ဦးသန်းစိုးဝင်းက ဆိုသည်။