Pages

Saturday, December 5, 2015

ကျွန်းစု NLD အနိုင်ရ ကိုယ်စားလှယ်လောင်းများ အမှိုက်စကောက်


ကိုယ်စားလှယ်လောင်းများ အမှိုက်ကောက်နေပုံ
ဓာတ်ပုံ - Dawei Watch
|Dawei Watch| မြိတ်၊ ဒီဇင်ဘာ ၅
မြိတ်ခရိုင် ကျွန်းစုမြို့နယ် NLD ကိုယ်စားလှယ်လောင်းများက ဒီဇင်ဘာ ၅ ရက်က စပြီး အမှိုက်ကောက်နေပြီဖြစ်ကြောင်း ယင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်က ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနိုင်ရကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာမြို့နယ်အလိုက် တစ်မြို့နယ်လုံးသန့်ရှင်းသွားစေရန် အမှိုက်ကောက်ရမည်ဟု ထည့်သွင်း ပြောဆိုခဲ့ပြီး တစ်ပတ်အကြာတွင် ယင်းသို့ အမှိုက်ကောက်သည့် လှုပ်ရှားမှုကို စတင်ခဲ့ခြင်းဖြစ်သည်။
“မြို့ပေါ်မှာက နှစ်ပတ်ဆက်တိုက် ကောက်သွားမယ်၊ ပြီးရင် ရွာဘက်တွေကို ဆင်းပြီး အမှိုက်ကောက်သွားမယ်”ဟု ဒေါ်တင်တင်ရီက ပြောသည်။
ကျွန်းစုမြို့ပေါ်ရပ်ကွက်မျာြး ဖစ်ကြသည့် အမှတ် ၃ နှင့် ၄ ရပ်ကွက် ဆေးရုံ ကမ်းနားလမ်းတို့တွင် ကိုယ်စားလှယ်လောင်းများနှင့် အဖွဲ့ဝင်များက အမှိုက်ကောက်ကြပြီး ကျန်ရပ်ကွက်များကို လာမည့် ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်ကောက်သွားမည်ဟု ကျွန်းစု NLD ရုံးမှ သိရသည်
အမှိုက်ကောက်သည့် လှုပ်ရှားမှုကို ရေရှည်စီမံချက်တစ်ခုအနေဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ သက်ဆိုင်ရာကျေးရွာ/ရပ်ကွက်များမှ NLD အဖွဲ့ဝင်များနှင့်အတူ ပြုလုပ်သွားမည်ဟု သိရသည်။
“တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် တစ်လတစ်ကြိမ်မျိုးနဲ့ ကောက်သွားမယ်”ဟု ဒေါ်တင်တင်ရီက ပြောပြသည်
ထို့အပြင် အမှိုက်ပုံးများ ထားရှိပေးထားခြင်း အမှိုက်ပစ်နေရာများ သတ်မှတ်ခြင်းနှင့် အမှိုက်ကားများ အမှိုက်ပုံမှန် သိမ်းနိုင်ရေး အတွက်လည်း မြို့နယ်စည်ပင်နှင့် တိုင်ပင်ဆောင်ရွက်သွားမည်ဟု ကျွန်းစု NLD ရုံးမှ သိရသည်။
မြိတ်၊ ကော့သောင်းနှင့် ထားဝယ်မြို့တို့တွင်လည်း NLD ကိုယ်စားလှယ်များ ဦးဆောင်ကာ အမှိုက်ကောက်သည့် လှုပ်ရှားမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

Dawei Watch