Pages

Tuesday, December 8, 2015

မှုခင်းကျဆင်းရေး လူထုတွေ့ဆုံပွဲများ ရပ်ကွက်များတွင် စတင်



Dawei Watch| ထားဝယ်၊ ဒီဇင်ဘာ ၈

တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်မြို့ကြီး သုံးမြို့ရှိ ရပ်ကွက်တိုင်းတွင် မှုခင်းကျဆင်းရေး လူထုတွေ့ဆုံပွဲပြုလုပ်ရေး အစီအစဉ်အရ ယခုလဆန်းမှ စတင်၍ ထားဝယ်မြို့ပေါ် ရပ်ကွက်နှစ်ခုတွင် စတင်လိုက်ပြီဖြစ်သည်။

ယခုတစ်ပတ်အတွင်း ထားဝယ်မြို့ ကြက်စားပြင်နှင့် ထိန်သစ်ရပ်ကွက်တို့တွင် မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး နှင့် အထွေထွေ ကိစ္စရပ်များအတွက် ရဲတပ်ဖွဲ့နှင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေးမေးမြန်းစေနိုင်ရန် ရည်ရွယ်၍ လူထု တွေ့ဆုံပွဲများ ထိုသို့ ကျင်းပရခြင်း ဖြစ်ကြောင်း ထားဝယ်မြို့မ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

 “ ရဲတွေ ဘာလုပ်နေတယ်ဆိုတာကို ပြည်သူလူထုကို သိစေချင်တယ်။ ပြည်သူက ရဲကို အပြည့်အ၀ မယုံရဲသေးဘူး။ သံသယရှိနေသေးတယ်။ တွေ့ဆုံပွဲမှာ အမှုတွေနဲ့ ပတ်သက်ပြီး မေးကြတယ်။ ရဲတပ်ဖွဲ့ကလည်း အထောက်အထားနဲ့ ပြန်ရှင်းပြပါတယ်” ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူး ကြီး ကြည်လင်းက ပြောကြားသည်။

ယခင်က ယင်းသို့ တွေ့ဆုံပွဲကို ရဲစခန်းများတွင် ပြုလုပ်ခဲ့ဖူးသော်လည်း မထိရောက်ဘဲ အစည်းအဝေးတက်ရောက်သူ ထပ်နေသဖြင့် ရပ်ကွက်အသီးသီးသို့ သွားရောက်က တွေ့ဆုံခြင်းဖြစ်ကြောင်း ရဲမှူးကြီးက ပြောသည်။

ယင်းအစီအစဉ်ကို တိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း မြို့ပေါ်ရပ်ကွက်များတွင် ဆက်တိုက်ပြုလုပ်သွားမည်ဟု ရဲမှူးကြီး ကြည်လင်းကဆိုသည်။

ယင်းအပြင် ရဲစခန်းတွင် အမှုစစ်နေချိန်တွင် ပြည်သူများ ကိုယ်တိုင်လာရောက်လေ့လာနိုင်ကြောင်း ထားဝယ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်မှ စ၍ အမှုစစ်ချိန်တွင် ပြည်သူများ လာရောက်လေ့လာခွင့်ပြုခဲ့သော်လည်း တရားခံ၊ တရားလို မိသားစုဝင်များမှအပ လေ့လာသူမရှိကြောင်း ဒုရဲမှူး က ပြောကြားသည်။

 “ထင်သာမြင်သာရှိအောင်လို့ အမှုစစ်ခန်းနဲ့ အချုပ်ခန်းတွေမှာ CCTV ကင်မရာတွေလည်း တပ်ထားတယ်” ဟု ဒုရဲမှူး က ဆိုသည်။

ရဲတပ်ဖွဲ့က ပြုပြင်ပြောင်းလဲနေချိန်တွင် ရဲတပ်ဖွဲ့အား ပြည်သူ၏ ယုံကြည်ကိုးစားမှုရရှိစေရန်နှင့် ပြည်သူနှင့်နီးစပ်သည့်ဆက်ဆံရေး ရရှိစေရန် ရည်ရွယ်၍ အမှုစစ်နေချိန်နှင့် အချုပ်ခန်းများအား မည်သူမဆိုလာရောက်လေ့လာနိုင်သည်ဟု ဒုရဲမှူး မျိုးမြင့်ဦးက ပြောကြားသည်။

 “အခုလို လေ့လာခိုင်းတာက တစ်ဖက်ကလည်းမကောင်းဘူး။ အမှုနဲ့ ပက်သက်တဲ့ သြဇာအာဏာရှိတဲ့သူတစ်ယောက်က ၀င်နေနေမယ်ဆိုရင် အဆင်မပြေနိုင်ဘူး” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု အထက်တန်းကျောင်းများ အထိ ပြန့်နှံ့လာသဖြင့် အထူးအလေးပေးလုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။