Pages

Tuesday, December 8, 2015

လိုင်စင်မဲ့မော်တော်ယာဉ် လေလံရောင်းချမှု ကျပ်သန်းပေါင်း ၂၅၀၀ ရရှိ


Dawei Watch| မော်လမြိုင်၊ ဒီဇင်ဘာ ၇

မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လိုင်စင်မဲ့မော်တော်ယာဉ်များအနက် တရားရုံးမှ စိစစ်ပြီး မော်တော်ယာဉ်များကို တတိယအကြိမ် လေလံတင်ရောင်းချခဲ့ကာ ငွေကျပ်သန်းပေါင်း ၂၅၀၀  ကျော်ရရှိသည်ဟု မော်တော်ယာဉ်လေလံထုခွဲရောင်းချရေးကော်မတီထံမှ သိရသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့ထိ ရောင်းချခဲ့ပြီး ကြမ်းခင်းဈေးမမီသည့် မော်တော်ယာဉ် ၁၅ စီး လေလံမအောင်ခဲ့ဘဲ မော်တော်ယာဉ် ၂၇၆ စီးသာ လေလံအောင်ခဲ့သည်ဟု မော်တော်ယာဉ်လေလံထုခွဲရောင်းချရေးကော်မတီ အတွင်းရေးမှူး ဒေါ်ရီရီမြင့်က ပြောသည်။

ထိုလိုင်စင်မဲ့မော်တော်ယာဉ်လေလံတင်ရောင်းချမှုမှ ရရှိလာသည့် ငွေကြေးများသည် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အရ အသုံးငွေစာရင်းများတွင် ပါဝင်လာမည်ဖြစ်သည်ဟု သိရသည်။

တတိယအကြိမ် လိုင်စင်မဲ့မော်တော်ယာဉ်လေလံတင်ရောင်းချပွဲသည်လည်း ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကဲ့သို့ပင် ရန်ကုန်နှင့် မန္တလေးမှ ကားပွဲစားများသာ လာရောက် လာရောက်လေလံဆွဲကြပြီး နယ်ခံများနည်းပါးကြောင်း ကားပွဲစားတို့က ပြောသည်။

“နယ်က သိပ်မတွေ့ဘူး ကျွန်တော်တို့ကျတော့ ကိုယ့်အလုပ်က ဒါပဲလေ။ ပြီးတော့ အကျိုးအမြတ်လည်း သိပ်ရတာမဟုတ်ပါဘူး။ လေလံအောင်တဲ့ဈေးနဲ့ ပြီးတော့ ဒီကားတွေက မိုးထဲ လေထဲ နှစ်နဲ့ချီပစ်ထားတာလေ ဒါကို ပြန်ပြင်ရမှာနဲ့ ဒီလိုပဲ လုပ်စားရတာပေါ့” ဟု မန္တလေးမှ လေလံလာဆွဲသည့် ကားပွဲစားတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် လိုင်စင်မဲ့မော်တော်ယာဉ်များကို စီမံချက်ဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလခန့်က စတင်ဖမ်းဆီးခဲ့သည်။

ထိုဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့မော်တော်ယာဉ်များအနက် တရားရုံးမှ စိစစ်ပြီးဖြစ်သည့် မော်တော်ယာဉ်များကို ပထမအကြိမ်အဖြစ် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က မော်တော်ယာဉ် ၈၈ စီးကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မော်တော်ယာဉ် ၁၅၀ စီးကိုလည်းကောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မော်လမြိုင်မြို့တွင် လေလံတင် ရောင်းချခဲ့ပြီဖြစ်သည်။

ပထမအကြိမ် ရောင်းချခဲ့သည့် ၈၈ စီးအနက် ၇၇ စီး လေလံအောင်ခဲ့ပြီး စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်းပေါင်း ရှစ်ထောင်ကျော်ရရှိကာ ဒုတိယအကြိမ် လေလံတင်ရောင်းချခဲ့သည့် မော်တော်ယာဉ် အစီး ၁၅၀ အနက် ၁၃၁ စီး လေလံအောင်ခဲ့ပြီး ငွေကျပ်သန်းပေါင်း တစ်ထောင်ကျော်ရရှိသည်ဟု မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။