Pages

Tuesday, December 8, 2015

အာဖဂန် ပြည်နယ်ရဲစခန်းကို ဗုံးဖောက်ခွဲ၊ အနည်းဆုံး ၁၂ ဦး ဒဏ်ရာရ

ဓာတ်ပုံ-ရိုတ်တာ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းက နန်ဂါဟာ (Nangarhar) ပြည်နယ်မှာ ဒီဇင်ဘာ ၇ ရက် မနက်အစောပိုင်းက ပြည်နယ်ရဲစခန်းကို ကုန်တင်ကားဗုံးနဲ့ ပစ်မှတ်ထား ဖောက်ခွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ဖောက်ခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၁၂ ဦးရှိပြီး အာဖဂန်ရဲတပ်ဖွဲ့ဝင် ၇ ဦး ပါဝင်တယ်လို့ ဒေသခံ ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။
ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက် အနီးပတ်ဝန်းကျင်က ဈေးဆိုင်တွေ၊ ဘာသာရေး အဆောက်အဦနဲ့ ပြည်နယ်ရဲစခန်းလည်း ဆိုးဆိုးဝါးဝါး ပျက်စီးသွားပါတယ်။
ပျက်စီးမှုအခြေအနေကို သွားရောက်ကြည့်ရှုခဲ့တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးက မနက်အစောပိုင်း လူသူအသွားအလာ နည်းနေချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်လို့ သက်သာတာလို့ ပြောပါတယ်။
ဒီဖောက်ခွဲမှုကို တာဝန်ခံကြေညာတဲ့ အဖွဲ့အစည်းတော့ မရှိသေးပေမယ့် အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ အာဖဂန်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တာလီဘန် အကြမ်းဖက်တွေပဲ လုပ်ဆောင်လေ့ရှိတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။
၂၀၁၄ နှစ်ကုန်ကစပြီး နေတိုးတပ်အင်အားအများစု ရုပ်သိမ်းသွားပြီးနောက်ပိုင်း အာဖဂန် တာလီဘန်တွေ ပြန်လည်အားကောင်းလာပြီး နိုင်ငံတောင်ပိုင်း၊ အရှေ့ပိုင်း နယ်စပ်တကြောနဲ့ မြောက်ပိုင်းဒေသတွေမှာ ပြန်လည်နေရာယူ ထိန်းချုပ်လာကြပါတယ်။
DVB