Pages

Thursday, December 31, 2015

ရုရှားတိုက်လေယာဉ်များက တူရကီသို့ သွားရောက်မည့် ISIS အဖွဲ့၏ ဆီသယ်ယာဉ် အစင်း ၂၀ ကို ဖျက်ဆီး



မော်စကို ၊ ၃၁-၁၂-၂၀၁၅

ဆီးရီးယားနိုင်ငံ အိုင်ဒလစ်ဘ် ပြည်နယ်မှ တူရကီနိုင်ငံသို့ သွားရောက်မည့် ISIS စစ်သွေးကြွ အဖွဲ့၏ မှောင်ခိုဆီသယ်ယာဉ် အစင်း ၂ဝ ကို ရုရှား တိုက်လေယာဉ် များက ဖျက်ဆီး နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၃ဝ ရက်တွင် ပြောကြား ထားကြောင်း Sputnik သတင်းတစ်ရက် အရ သိရသည်။

ထို့ပြင် ရုရှားလေတပ်သည် ပြီးခဲ့သည့် နှစ်ရက်အတွင်းက ISIS စစ်သွေးကြွ အဖွဲ့ ထိန်းချုပ်ထားရာ ဒီယာအက်ဇော နှင့် အလက်ပိုပြည်နယ် တို့မှ ရေနံချက်စက်ရုံ ခြောက်ခုကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အိုင်ဂေါကိုနာရှန်ကော့ဗ် က ပြောကြားသည်။

''လေကြောင်းရန် ကာကွယ်ရေး လက်နက်များ တပ်ဆင်ထားသည့် ယာဉ်များ ခြံရံကာ ဆီးရီးယား-တူရကီ နယ်စပ်သို့ သွားရောက်မည့် မှောင်ခိုဆီ သယ်ယာဉ်တန်း တစ်ခုကို အိုင်ဒလစ်ဘ် ပြည်နယ် အတွင်း လေကြောင်း ကင်းထောက်မှု တစ်ခုမှာတွေ့ရှိ ခဲ့တယ်။ အဲဒီယာဉ်တန်းကို ရုရှားလေတပ်က Su-34 တိုက်လေယာဉ် တစ်စင်းတည်းဖြင့် ချေမှုန်း နိုင်ခဲ့တယ်'' ဟု ကိုနာရှန်ကော့ဗ် က ပြောကြားသည်။


ဒီဇင်ဘာ ၂၈ ရက်မှစ၍ ၄၈ နာရီအတွင်း ရုရှားတိုက်လေယာဉ် များသည် လေကြောင်း တိုက်ခိုက်မှု ၁၂၁ ကြိမ်ပြုလုပ်ပြီး အလက်ပို၊ အိုင်ဒလစ်ဘ်၊ လက်တာကီးယား၊ ဟားမား၊ ဟွမ်းစ်၊ ဒမတ်စကပ်၊ ဒါရား၊ ရက္ကာနှင့် ဒီယာအက်ဇော ပြည်နယ်အတွင်းရှိ ISIS စစ်သွေးကြွ အဖွဲ့၏ အဓိကစစ်အခြေစိုက် စခန်းတစ်ခု အပါအဝင် ပစ်မှတ် ၄၂၄ ခုကို ချေမှုန်းနိုင်ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြား ထားသည်။

ထို့ပြင် အိုင်ဒလစ်ဘ်ပြည်နယ် အတွင်းရှိ အယ်နျူဆရာ တပ်ဦး သူပုန်အဖွဲ့၏ လက်နက်တိုက်ကြီး တစ်ခုနှင့် Osa လေကြောင်းရန် ကာကွယ်ရေးဒုံးကျည် စနစ်ကိုလည်း ရုရှားတိုက်လေယာဉ် များက ချေမှုန်းနိုင် ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com