Pages

Saturday, January 10, 2015

သနပ်ခါးများ မပုပ်မသိုးစေရန်အတွက် ထည့်သွင်းသော ဖော်မလင် ဓာတ်ကြောင့် ရေရှည်တွင် အရေပြားကင်ဆာဖြစ်နိုင်

 
အချို့သော သနပ်ခါးအရည်ဘူး၊ အနှစ်ဘူးများထဲမှ သနပ်ခါးများ မပုပ် မသိုးစေရန်အတွက် ထည့်သွင်း သော ဖော်မလင်ဓာတ်ကြောင့် ရေရှည်တွင် အရေပြား ကင်ဆာအထိ ဖြစ်ပွားနိုင် ကြောင်း အရေပြား အထူးကု ဆရာဝန် ကြီးတစ်ဦးက ပြောကြားသည်။

“နှစ်ပေါင်းများစွာ သုံးစွဲလာလို့ အရေပြားကင်ဆာဖြစ်နိုင်တယ်ဆို တာ သနပ်ခါးအရည်ဘူးတိုင်း၊ သနပ် ခါးအနှစ်ဘူးတိုင်းကို ဆိုလိုတာမဟုတ် ပါဘူး။ ဖော်မလင်ဓာတ်ပါဝင်နိုင်တဲ့ သနပ်ခါးအရည်၊ အနှစ်တွေကိုပြော တာပါ”ဟု ယင်းကပြောကြားသည်။

“အခုခေတ်မှာတော့ တာရှည်ခံ ပစ္စည်းတွေက တော်တော်လေးခေတ်မီ လာပါပြီ။ အလှကုန်ပစ္စည်းတွေဆို ရင် အရေပြားကိုမထိခိုက်တဲ့ တာရှည်ခံ ပစ္စည်းတွေကို သုံးလာကြပါပြီ။ဟိုးအရင်ခေတ်တုန်းကတော့ ဘာမှ သုံးစရာ မရှိတဲ့ အချိန်မှာ ဖော်မလင် ကိုသုံးခဲ့ကြတာရှိရင်ရှိမယ်။ အခု ခေတ်လည်း မသုံးဘူး လို့တော့ အပြတ် ငြင်းတာမဟုတ်ပါဘူး။ ဟိုးတလော က နာမည်ကြီး အမှတ်တံဆိပ် ဂျပန် အလှကုန်တစ်မျိုးတောင် အသားဖြူ ကရင်တစ်ခုမှာ သုံးစွဲရန် မသင့်တဲ့ ဓာတ်ပစ္စည်းပါတယ်လို့ အသံထွက် ခဲ့ သေးတာပဲ။ အဲဒီတုန်း ကတော့ သုံးစွဲ သူရဲ့ အသားအရေနဲ့ ဓာတ်မတည့် လို့ဖြစ်တာပါ။ လူတိုင်းနဲ့ အဆင်မပြေ ဖြစ်တာမဟုတ်ပါဘူး လို့ ပြန်လည် ဖြေရှင်းတာကို ကြားရတယ်။ အခု သနပ်ခါးကိစ္စမှာတော့ အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ထုတ်လုပ် ရောင်းချတဲ့ သနပ်ခါးအရည်ဘူး၊ အနှစ် ဘူးတွေ ဆိုရင် အန္တရာယ် ကင်းမယ် လို့ထင်ပါတယ်”ဟု ယင်းကဆိုသည်။

မြန်မာနိုင်ငံတွင် ရောင်းချလျက် ရှိသော သနပ်ခါး၊ အရည်အနှစ်ဘူး များကို အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေးဦးစီးဌာန၊ အလှကုန် ဌာနခွဲ၏ ခွင့်ပြု ချက်ဖြင့်သာ ရောင်း ချစေခြင်းဖြစ်ပြီး အဆိုပါ သနပ်ခါး အရည်ဘူး၊ အနှစ်ဘူး များကို ၀ယ်ယူ သုံးစွဲခြင်းအားဖြင့် ဘေးအန္တရာယ် ဖြစ် ပွားနိုင်ခြင်း မရှိကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ အလှကုန်ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူကလည်း ပြောသည်။

“သနပ်ခါးအရည်ဘူး၊ အနှစ်ဘူး တွေကို ဓာတ်ခွဲစစ်ဆေးတဲ့အခါမှာ ဒီနေ့ အထိတော့ ဘေးအန္တရာယ်ဖြစ် တယ်ဆိုတာ တစ်ခါမှမတွေ့ရသေး ပါဘူး”ဟု ယင်းက ဆိုသည်။

အဆိုပါဌာနသို့ လာရောက်မှတ် ပုံတင်ထားသည့် သနပ်ခါးအရည်ဘူး၊ သနပ်ခါး အနှစ်ဘူးများ၏ အရေအ တွက်မှာ အလွန်များပြားသော်လည်း ရာဂဏန်း မကျော်သေးကြောင်း ဒေါက်တာသဇင်ရီလှိုင်က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် သနပ်ခါးကို အ လွန်တရာမှ လူကြိုက်များပြီး အချို့ သော သူများ က သနပ်ခါးအတုံးများ ကို သွေးလိမ်းခြင်းများပြုသကဲ့သို့ အချို့သော သူများက လျှင်မြန်လွယ် ကူစွာဖြင့် လိမ်းခြယ်နိုင်မည့် သနပ် ခါးအခဲ၊ အရည်နှင့် အနှစ်များကို လိမ်း ခြယ်ကြကြောင်း သိရသည်။

သူရိယ

The Ladies News Journal

နှစ်ရက်အတွင်း ဘိုကိုဟာရမ်အဖွဲ့က လူပေါင်း ၂၀၀၀ ကို သတ်ဖြတ်

 

ဘာဂါ၊ ဇန်န၀ါရီ

  နိုင်ဂျီးရီးယားမှ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်သည် ပြီးခဲ့သည့် စနေနေ့နှင့် အင်္ဂါနေ့များ ဘာဂါမြို့ကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ထိုနှစ်ရက်တာ အတွင်း စုစုပေါင်း လူ ၂၀၀၀ ခန့် သတ်ဖြတ်ခံခဲ့ ရသည်။

  နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဘာဂိုမြို့ကို ယခုရက်သတ္တပတ်အတွင်း သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် ဒုတိယ အကြိမ်မြောက် သတ်ဖြတ်ချိန်တွင် အဆိုပါ ကိန်းဂဏန်းအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

စစ်သွေးကြွများသည် အရပ်သားများ ရှိနေသည့် နေရာများတွင် အင်္ဂါနေ့ ညနေပိုင်းက မြင်သမျှကို လက်လွတ်စပယ် ပစ်ခတ်ခဲ့ပြီး အဆောက်အအုံများအား မီးရှို့ဖျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

  ယင်းသို့ ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးနေသော ရုပ်အလောင်းများကို လမ်းများထက်တွင် တွေ့ရှိခဲ့ရသည်ဟု မျက်မြင်သက်သေများက ဆိုသည်။

  မြို့၏ စစ်စခန်းတခုကို စစ်သွေးကြွများ တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က ယင်းမြို့ကို အကာအကွယ် ပေးထားရပြီး လူပေါင်း တသောင်းခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

  စစ်တပ်သည် ဘိုကိုဟာရမ်အား ပြန်လည် တိုက်ခိုက်နေပြီ ဖြစ်ကြောင်း နိုင်ဂျီးရီးယားအစိုးရက ယနေ့ ထုတ်ပြန်သည်။

ပြီးခဲ့သည့် စနေနေ့က နိုင်ငံမြောက်ပိုင်း ဘော်နိုပြည်နယ်ရှိ ဝေးလံခေါင်သီသော မြို့တမြို့ဖြစ်သည့် ဘာဂါကို ပထမနေ့အဖြစ် ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ ဗုဒ္ဓဟူးနေ့တွင်မူ အဆိုပါမြို့ကို မီးရှို့ဖျက်စီးကာ အနီးအနားရှိ အခြား မြို့နှင့် ကျေးရွာ စုစုပေါင်း ၁၆ ခုကို တိုက်ခိုက်ချေမှုန်းပစ်ခဲ့ခြင်း ဖြစ်သည်။

  ကျော်လင်းထွန်း
__Ref: Dailymail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မန္တလေးမြို့မှ ဧရာဝတီဘဏ်မှ ကျပ်သိန်း ၂၅၀၀-တန် ချက်လက်မှတ်ဖြင့် လိမ်လည်ထုတ်ယူမှုတွင် ဘဏ်မန်နေဂျာ ထွက်ပြေး တိမ်းရှောင်



မန္တလေးမြို့၊ ဧရာဝတီ ဘဏ်ခွဲ(၅)တွင် လက်မှတ်တွင် လက်မှတ်အတုဖြင့် ငွေကျပ်သိန်း ၂၅၀၀-လိမ်လည်ထုတ်ယူသွားမှု ဖြစ်ပွားခဲ့ရာ ထုတ်ယူသူက ထွက်ပြေး တိမ်းရှောင် နေကြောင်း သိရသည်။

ဧရာဝတီဘဏ်ခွဲ(၆)မှ ချက်လက်မှတ်ဖြင့် လိမ်လည်ထုတ်ယူ သွားခြင်းကို ၅-လခန့်ကြာမှ သိရှိရပြီး ဇန်န၀ါရီ ၆-ရက်၊ မွန်းလွဲ၂-နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ်၊ မြို့မရဲစခန်းတွင် ဧရာဝတီဘဏ်၊ ဒေသဆိုင်ရာ မန်နေဂျာ ဒေါ်ဆွေဆွေလွင်က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဧရာဝတီဘဏ်ခွဲ(၆)တွင် စာရင်းဖွင့်လှစ်ထားသူ ဒေါ်ယဉ်လဲ့မှ ၄င်း၏ ချက်လက်မှတ်တစ်ရွက် ပျောက်ဆုံး နေကြောင်း တွေ့ရသဖြင့် ဘဏ်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေး သည့်အခါ အဆိုပါ ချက်လက်မှတ်ဖြင့် ကျပ်သိန်း ၂၅၀၀-ကို ဘဏ်ခွဲ(၅)မှ ထုတ်ယူသွားခြင်း ဖြစ်သည် ဟုဆိုသည်။

"၂၀၁၄-ခုနှစ်၊ ဇူလိုင် ၄-ရက်နေ့မှာ ချက်လက်မှတ်ပျောက်နေလို့ ဘဏ်စာရင်းနဲ့ တိုက်ကြည့်တော့မှ သိရပြီး ဘဏ်ကို အကြောင်းကြားတယ်။ ဘဏ်မှာက အဲဒီချက်လက်မှတ်နဲ့ ဇူလိုင် ၄-ရက်က ထုတ်သွားပြီဖြစ်ပေမယ့် ချက်လက် မှတ်ပိုင်ရှင်ရဲ့ ငွေစာရင်းမှာလည်း လျော့မသွားဘူး။"ဟု ဘဏ်နှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

ချက်လက်မှတ်ပိုင်ရှင် ဒေါ်ယဉ်ယဉ်လဲ့က ၄င်း၏ ချက်လက်မှတ်တွင်ပါရှိသည့် လက်မှတ်သည် ပိုင်ရှင်၏လက်မှတ်မဟုတ်ကြောင်း နှင့် ဘဏ်မှငွေထုတ်သွားသူ ဦးအောင်ကိုလတ်ကိုလည်း သိရှိခြင်း မရှိကြောင်း ငြင်းဆိုသဖြင့် ဧရာဝတီဘဏ်ရုံး ချုပ်သို့ တင်ပြစီစစ်ခဲ့ရာ လိမ်လည်ထုတ်ယူသည့်ူ ဦးအောင်ကိုလတ်နှင့် ဘဏ်ခွဲ(၆)မန်နေဂျာဖြစ်သူ ဦးမြင့်ဇော်ဦးမှာ ထွက်ပြေး တိမ်းရှောင် နေခြင်း ဖြစ်သည်။

အဆိုပါ ငွေထုတ်ယူသူ ဦးအောင်ကိုလတ်နှင့် ထွက်ပြေး တိမ်ရှောင်သူ ဦးမြင့်ဇော်ဦးတို့အား ချမ်းအေးသာ စံမြို့မ ရဲစခန်းတွင် (ပ)၁၆/၂၀၁၅ ။ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈/၃၄ တို့ဖြင့် အမှုဖွင့်ထားပြီး ပူးပေါင်း ကြံစည်သူများ ကိုလည်း ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

Human Rights Human Dignity International Film Festival
၂၀၁၅ခုနှစ် တတိယအကြိမ်မြောက်“လူ့အခွင့်အရေး နဲ့ လူ့ဂုဏ်သိက္ခာ” နိုင်ငံတကာ ရုပ်ရှင်ပွဲတော် အတွက် ရုပ်ရှင်မှတ်တမ်းတွေ ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ဒီလ ဇန်နဝါရီလကစလို့ လာရောက် ယှဉ်ပြိုင်ကြဖို့ စတင်ဖိတ်ခေါ်နေပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်ပြိုင်ပွဲမှာ အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ ဟံသာဝတီဦးဝင်းတင်ဆုနဲ့ မတ် ၁၃ဆု လေးဆု ချီးမြှင့်ဂုဏ်ပြုမှာဖြစ်ပါတယ်။ လူသားတိုင်း လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ဆိုတာကို အဓိပ္ပါယ် ဖွင့်ဆို နားလည် ခံစားနိုင်ဖို့ ရည်ရွယ်တယ် လို့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် စီစဉ်သူတွေက ဆိုပါတယ်။ အသေးစိတ် မဆုမွန်က ဆက်ပြောပြပေးပါမယ်။
“လူသားတိုင်းသည် မွေးဖွားကတည်းက လွတ်လပ်၍ ညီမျှသော အခွင့်အရေးနဲ့ ဂုဏ်သိက္ခာ ရှိသည်။” ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သတင်း မှတ်တမ်းကားတွေ၊ ဇာတ်လမ်းတိုတွေ၊ Animation ကာတွန်းကားတွေကို ၂၀၁၃ခုနှစ် ကစလို့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ကျင်းပခဲ့တာပါ။၂၀၁၅ခုနှစ်အတွက် တတိယအကြိမ်မြောက်ရုပ်ရှင်ပွဲတော်ကိုတော့ ဇွန်လ ၁၅ရက်နေ့ကနေ ၁၉ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ကို လူသားတိုင်း သိရှိနားလည်ဖို့ ရည်ရွယ်ကြောင်း ရုပ်ရှင်ပွဲတော် ကျင်းပရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ပွဲတော်ဖြစ်မြောက်အောင် စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဗွီအိုအေကို အခုလိုပြောပါတယ်။
"အခုဖိတ်ခေါ်တယ် ဆိုတာကလည်း အရှေ့မှာတုန်းက လုပ်ခဲ့တဲ့ ၂၀၁၃၊ ၂၀၁၄တုန်းက လုပ်ခဲ့တဲ့ အတိုင်းပဲ။ ဒီဇန်နဝါရီလမှာ စပြီးတော့ အမျိုးအစားအားဖြင့် သုံးမျိုးပေါ့။ မှတ်တမ်းရုပ်ရှင်၊ နောက်ပြီးတော့ ဇာတ်လမ်းတို ရုပ်ရှင်၊ ပြီးတော့ Animation ဆိုတာ ထားပါတော့ ကာတွန်းပေါ့လေ အဲ့လိုမျိုး ရုပ်ရှင် အမျိုးအစားသုံးခုကို National ပေါ့နော်။ ပြီးတော့ Regional ပြီးတော့ International ပေါ့နော်။ ခွဲပြီးတော့ ခေါ်တာပေါ့။
ပြီးတော့ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ၃၉ခု စုစည်းထားတဲ့ Network တခုပေါ့နော်။ Human Rights Film Network ဆိုတဲ့ဟာ၊ အဲ့ဒီ့မှာ အဖွဲ့ဝင်အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလက အသိအမှတ်ပြုခံရတယ်။ အဲ့တော့ International ရုပ်ရှင်တွေက အဲ့ဒီ့ Network ထဲမှာ အဖွဲ့ဝင်ဖြစ်သွားတဲ့အတွက် ပိုပြီးတော့ လက်ခံရရှိဖို့ ပိုပြီး ရှိလာတာပေါ့။ ထူးခြားချက်က အဲ့ဒီ့ဟာပါပဲ။"
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Documentary သတင်းမှတ်တမ်းကားဆု အတွက် အောင်ဆန်းစုကြည် ဆု၊  ဇာတ်လမ်းတိုအတွက် မင်းကိုနိုင် ဆု၊ Animation ကားဆုအတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ဂုဏ်ပြု မတ်လ ၁၃ ရက်နေ့ဆု အဲ့ဒီ့သုံးခုအပြင် သတင်းမှတ်တမ်း၊ ဇာတ်လမ်းတိုနဲ့ Animation ကားသုံးမျိုးထဲက အကြိုက်ဆုံး ကားကို ဟံသာဝတီ ဦးဝင်းတင်ဆုအဖြစ် ဆုအမျိုးအစားလေးမျိုး ချီးမြှင့်မှာဖြစ်တယ်လို့ ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး က ပြောပြပါတယ်။
" ဆုအားဖြင့်ပေါ့နော်။ အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆုနဲ့ မတ် ၁၃ ဆုပေါ့နော်။ ဒုတိယနှစ် မနှစ်က ဧပြီလမှာ  ဘဘဦးဝင်းတင် ဆုံးသွားတဲ့အတွက် ဘဘ ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဟံသာဝတီ ဦးဝင်းတင်ဆုဆိုပြီး ဆုတစ်ဆု တိုးတယ်ပေါ့နော်။ ဒီနှစ်ကတော့ အဓိက ဆုက အဲ့လေးဆုပဲ။
အောင်ဆန်းစုကြည်ဆုဆိုတာက မှတ်တမ်းရုပ်ရှင်တွေထဲက အကောင်းဆုံးရုပ်ရှင်၊ မင်းကိုနိုင်ဆု ဆိုတာက ဇာတ်လမ်းတိုရုပ်ရှင်တွေထဲက ဂျူရီအဖွဲ့က ရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင်၊ မတ်လ ၁၃ရက်နေ့ ဆုဆိုတာက အမ်နီးမေးရှင်း ရုပ်ရှင်တွေထဲက သက်ဆိုင်ရာ ဂျူရီအဖွဲ့က အကောင်းဆုံးလို့ သတ်မှတ်ပြီးရွေးချယ်လိုက်တဲ့ ဆု။
ဟံသာဝတီ ဦးဝင်းတင်ဆု ဆိုတာက အဲ့ဒီ့ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းရုပ်ရှင်၊ အမ်နီးမေးရှင်းရုပ်ရှင် အဲ့ဒီ့သုံးခုထဲကမှ ဖွဲ့ထားတဲ့ ဂျူရီအဖွဲ့က အကြိုက်ဆုံး ရုပ်ရှင်ဆု သူက မှတ်တမ်းရုပ်ရှင်လည်းဖြစ်ရင်ဖြစ်မယ်။ ဇာတ်လမ်းတို ရုပ်ရှင် လည်းဖြစ်ရင်ဖြစ်မယ်။ အမ်နီးမေးရှင်း ရုပ်ရှင်လည်း ဖြစ်ရင်ဖြစ်လိမ့်မယ်။ အဲ့ဒီ့သုံးခုထဲက ဂျူရီအဖွဲ့ အကြိုက်ဆုံး ရုပ်ရှင်တခုပေါ့နော်။"
လူ့အခွင့်အရေးဆု ရခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပွဲတော်ဆုရ ဇာတ်ကားတွေနဲ့ ပတ်သက်လို့ ဦးမင်းထင်ကိုကိုကြီးက အခုလိုရှင်းပြပါတယ်။
" မြန်မာနိုင်ငံမှာ ပထမဆုံးပေါ့နော်။ လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် ဆိုပြီးတော့ ဖိတ်ခေါ်တာပေါ့နော်။ Open Call ခေါ်တုန်းကလည်း အကြောင်းအရာက လူ့အခွင့်အရေးဖြစ်ရမယ် ဆိုပြီး ဖိတ်ခေါ်ခဲ့တာပေါ့နော်။ အဲ့ဒီ့မှာ ရုပ်ရှင်တွေရောက်လာတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ အဲ့ဒီ့မှာ အထူးသဖြင့် အောင်ဆန်းစုကြည်ဆုရသွားတဲ့ အကျဉ်းစံ ဆိုတဲ့ ဇာတ်ကားဆိုရင် အကျဉ်းထောင်ထဲမှာ ၃၅နှစ်ထောင်ကျတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ပေါ့နော်။ သူက အကျဉ်းထောင်ထဲမှာ ပန်းချီဆရာဖြစ် သွားပြီးတော့ အဲ့ဒီ့အနုပညာနဲ့ အကျဉ်းထောင်ဘဝကို ဖြတ်သန်းပုံပေါ့။ အဲ့ဒီ့ဟာကို ရိုက်ထားတဲ့ ရုပ်ရှင်ပေါ့။ အဲ့ဒီ့ဟာ ဆုလည်း ရသွားတယ်။  အဲ့တာမျိုးပေါ့နော်။ အဲ့တာမျိုး ရုပ်ရှင်တွေ ပထမဆုံးအကြိမ်မှာကိုပဲ လက်ခံရရှိခဲ့တယ်။ လူ့အခွင့်အရေးလို့ပြော လိုက်တာနဲ့ မြန်မာနိုင်ငံက Filmmaker တွေက ဘယ်လိုအကြောင်းအရာကို ရိုက်ရမယ်ဆိုတာကို သူတို့ နားလည်ပြီးသားပါ။"
တတိယအကြိမ်မြောက် လူ့အခွင့်အရေး-လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် အတွက် ဇာတ်လမ်း ရုပ်ရှင်ကားတွေကို ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ ၂၀၁၅-ဇန်နဝါရီလက စလို့ ဧပြီလ ၁၀ရက် ၂၀၁၅ခုနှစ် နောက်ဆုံးထားပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်သလို လူ့အခွင့်အရေး-လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ရုံးစိုက်ရာ ရန်ကုန်မြို့ကိုလည်း ဆက်သွယ်ပေးပို့နိုင်တယ်လို့ ရုပ်ရှင်ပွဲတော် စီစဉ်သူတွေကပြောပါတယ်။ ဒီရုပ်ရှင်ပွဲတော်အတွင်း ဝင်ရောက်ယှဉ်ပြိုင်လို့ ဆုရ ရုပ်ရှင်ကားတွေကို ခရီးသွား ရုပ်ရှင်ပွဲတော်အဖြစ်လည်း နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွေနဲ့ မြန်မာနိုင်ငံအနှံ့ ပြည်နယ်၊ တိုင်းတွေမှာ နယ်လှည့်ပြသ မှာဖြစ်ပါတယ်။
 VOA

စစ်ကိုင်းမြို့လယ် ရပ်ကွက်၌ အိမ်ဖော်အမျိုးသမီးအား သတ်ပြီး ကျောက်ပုတီးစေ့ သိန်း ၃ဝဝ ကျော်ဖိုး လုယက်သူများအား ဖမ်းဆီးရမိ


လူသတ်မှု ဖြစ်ပွားတဲ့ အိမ် ။ ဓါတ်ပုံ - Zaw Shinn (FB)
စစ်ကိုင်း ဇန်နဝါရီ ၉

စစ်ကိုင်းမြို့ နန္ဒဝန်ရပ်ကွက် တောင်(၁)လမ်းနေ ကျောက်ပုတီး လုပ်ငန်းလုပ်ကိုင်သူ မဂျာဆိုင်းပန်း(ခ)မမေရှမ်းသည် ဇန်နဝါရီ ၅ ရက် နံနက် ၆ နာရီခွဲခန့် စစ်ကိုင်းမြို့ ဒါးဝယ်ဈေးရပ်ရှိ ဘော်ဂါကျောက်ဝိုင်းတွင် ကျောက်ပုတီးစေ့များဝယ် ယူ၍ နံနက် ၉ နာရီအချိန်တွင် နေအိမ်သို့ ပြန်လာစဉ် နေအိမ်တံခါးပွင့်နေပြီး နေအိမ်အတွင်း ဝင်ရောက်ကြည့်ရှုရာ အိမ်အပေါ်တက်သော လှေကားရင်း၌ အိမ်အကူ ခေါ်ထားသော ဒေါ်နှင်းနွယ်(ခ)ဒေါ်နှင်း (၅၄)နှစ်မှာ လည်ပင်း၌ ပြတ်ရှဒဏ်ရာ၊ ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေပြီး အိမ်ရှင်မဂျာဆိုင်း ပန်း(ခ)မမေရှမ်း အိမ်ခန်းအတွင်းထားသော ကျောက်ပုတီးစေ့ စုစုပေါင်း တန်ဖိုး ၃၂၁ သိန်းခန့် ပျောက်ဆုံးနေ၍ မြို့မရဲစခန်းသို့ တိုင်တန်းခဲ့သည်။

အမှု ကျူးလွန်သူများအား စစ်ကိုင်း တိုင်းဒေသကြီး ဒုတိယရဲမှူးကြီး၏ အနီးကပ်ကြီးကြပ်မှု၊ စစ်ကိုင်းရဲတပ်ဖွဲ့မှ ရဲမှူးဝင်းမြင့်၊ ဒုရဲမှူး ပြုံးလွင်၊ ရဲအုပ်ကြည်စိုး အဖွဲ့သည် အမှုစစ် မြို့မစခန်းမှူး ဒုရဲမှူး သင်္ခဝင်းဦးစီးသောအဖွဲ့နှင့် ပူးပေါင်း၍ မသင်္ကာသူ ဝေယံမင်းသူ (၂၄)နှစ် ကျောက်ပုတီး ရောင်း/ဝယ် မ(၂၂၈)နန္ဒဝန်တောင် (၁)လမ်း နန္ဒဝန်ရပ်ကွက် စစ်ကိုင်းမြို့နေသူအား ဖမ်းဆီးစစ်ဆေးခဲ့ရာ ဝေယံမင်းသူက စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက် နယ်မြေ (၆) ထူပါရုံလမ်းသွယ်နေ တိုးကို(ခ)ကိုကိုတိုးနှင့်အတူ ပူးပေါင်းကျူးလွန် ခဲ့ကြောင်း အစစ်ခံထွက်ဆိုခဲ့ သည်။

ဇန်နဝါရီ ၅ ရက် နံနက် ၆ နာရီခွဲတွင် ရည်စားဖြစ်သူ အားမိန်(ခ)ပိုပို(ခ)မြင့်မြင့်ထွေးနှင့်အတူ ဘော်ဂါ ကျောက်ဝိုင်းသို့ ကျောက်ပုတီးရောင်းဝယ်ရန် သွားရောက်ခဲ့ပြီး နံနက် ၇ နာရီတွင် တိုးကို(ခ) ကိုကိုတိုးက တရုတ်ပြောင်ကြီးအိမ်မှ ယခင်တိုင်ပင်ထားသည့်အတိုင်း ကျောက်ပုတီးများ သွားရောင်းရန် ချိန်း၍ ဝေယံမင်းသူက အခင်းဖြစ်ခြံဝင်းအတွင်း ဝင်ရောက်ကာ ၂x၁ လက်မ အရှည်တစ်တောင်ခန့် သစ်သားချောင်း၊ တိုးကိုက ဓားမတစ်ချောင်းကိုင်ပြီး အိမ်အတွင်း ဝင်ရောက်ခဲ့ကြောင်း၊ အိမ်အပေါ်ထပ်၌ တရုတ်လူမျိုး နှစ်ဦးနေထိုင်သည့် အခန်းတံခါးသော့ကို တုတ်နှင့်ရိုက်၊ ဓားနှင့်ထုနေစဉ် အိမ်အကူ ဒေါ်နှင်းနွယ်(ခ)ဒေါ်နှင်း ရောက်လာ ၍မည်သူ့ကိုမှ မပြောရန် ငွေ ၁ဝဝဝဝ ပေး၍ စည်းရုံးခဲ့သော်လည်း ဒေါ်နှင်း အား စည်းရုံး၍မရသဖြင့် ဝေယံမင်း သူက ဒေါ်နှင်းနွယ်၏ ဦးခေါင်းအား ၂x၁ တုတ်ဖြင့် ရိုက်နှက်ကာ ဒေါ်နှင်းလဲကျသွားစဉ် တိုးကိုက ဓားမဖြင့် နှစ်ချက်ထပ်မံခုတ်သတ်ခဲ့ကြောင်း၊ တရုတ်ပြောင်ကြီးအခန်းထဲမှ ကျောက် ပုတီးအိတ်များကို အသင့်တွေ့ရသော ပီနံအိတ်ဖြင့် ထည့်လျက်ယူဆောင် သွားခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားမကို တာဘောင် လမ်းတစ်နေရာတွင်လည်းကောင်း၊ တုတ်ကို တိုးကိုအိမ်အနီး လမ်းဘေး တွင်လည်းကောင်း လွှင့်ပစ်ခဲ့ကြောင်း အခင်းဖြစ်စဉ်က ဝေယံမင်းသူနှင့် တိုးကိုတို့ဝတ်ဆင်ခဲ့သည့် အင်္ကျီများကို စစ်ကိုင်းတံတားပေါ်မှ မြစ်ထဲသို့ လွှင့် ပစ်ခဲ့ကြောင်း အစစ်ခံသည့်အတွက် တိုးကို(ခ)ကိုကိုတိုးနှင့်အတူ ပါသွားသော ကျောက်ပုတီးစေ့များ ပြန်လည် ရရှိရေးအတွက် ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ထွေးမြင့်နိုင်(စစ်ကိုင်း)

The Mirror Daily

စစ်ကိုင်းမြို့နယ် မင်းကွန်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ မြစ်ကမ်းပါးယံ ပြို ကျရာမှ ရှေးဟောင်းလှေကြီးတွေ့ရှိ


မင်းကွန်း၊ ဇန်နဝါရီ ၉

နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ နေ့စဉ်လာရောက် လည်ပတ် လေ့လာ လျက်ရှိနေသည့် စစ်ကိုင်း မြို့နယ် မင်းကွန်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ဇန်နဝါရီ ၄ရက်က ဧရာဝတီ မြစ်ကမ်းပါး ပြိုကျရာမှ ရှေးဟောင်း လှေကြီး တစ်စီးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းလှေကြီးကို မင်းကွန်းဘိုးဘွား ရိပ်သာဆိပ်ကမ်း (ဖောင်တော်သီဆိပ်) ရေဝဲကယက်အနီးရှိ မြစ်ကမ်းပါးယံ ပြိုကျရာမှ တွေ့ရှိကြခြင်းဖြစ်ကြောင်း၊ သစ်ထွင်းလှေကြီးဖြစ်ပြီး ရေအောက်ရွှံနွံထဲတွင် နစ်မြုပ်လျက်ရှိကာ လှေ၏နောက်မြီးပိုင်း အနည်းငယ်သာ ရေပေါ်တွင် ပေါ်ထွက်လျက် ရှိနေကြောင်း၊ အဆိုပါလှေကြီးကို စတင်တွေ့ရှိစဉ်က သစ်တုံးကြီးထင်မှတ်၍ ဆယ်ယူရန်ပြင်ဆင်ရာမှ လှေကြီးဖြစ်နေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ရေတွင်နစ်မြုပ်နေသည့် အဆိုပါလှေကြီးအား စမ်းသပ်ကြည့်ရာ စောက်နှင့် လှေဝမ်းအကျယ်မှာ နှစ်တောင်ခန့်ရှိကြောင်း၊ အလျားပေနှစ်ဆယ်ခန့်အထိ စမ်းတွေ့မိပြီး ကျန်အပိုင်းမှာ မြေအောက်တွင် နစ်မြုပ်လျက်ရှိနေကြောင်း၊ ရှေးဟောင်းလှေကြီးအား မင်းကွန်းလေးဌာနဆရာတော်ကြီးများက ဖော်ယူထိန်းသိမ်းသွားမည်ဟု သိရသည်။

''ဘိုးတော်ဘုရားလက်ထက် နန်းတော်ကျွန်းကနေ ခေါင်းလောင်းကြီးကို သယ်ယူတုန်းက အသုံးပြုခဲ့တဲ့ လုပ်ငန်းသုံးလှေကြီး ထင်တာပဲ။ ရွှေချထားတာတွေ၊ အမွှန်းအပြောက်တွေ မပါတဲ့အတွက် မင်းစီးလှေတော့ ဟုတ်ဟန်မတူဘူး။ စို့သံကြီးတွေနဲ့သစ်သားပြားတွေကို တွဲထားတယ်လို့ သိရတယ်။ လှေကြီးပေါ်ထွက်နေတဲ့နေရာက ဝဲရှိတော့ ရေစီးသန်တယ်'' ဟု မင်းကွန်းမှ ပန်းချီဆရာဆရာကိုစုက ပြောသည်။

ဧရာဝတီမြစ်ရေကျဆင်းသဖြင့် အဆိုပါ နစ်မြုပ်ရှေးဟောင်းလှေကြီး ပေါ်ထွက်နေသည့်နေရာ၏ အထက်ဘက်ပေ ၃ဝ ခန့်အကွာ မြစ်ကမ်းစပ်တွင် စကျင်ကျောက်နှင့်ပြုလုပ်ထားသည့် ရှည်မျောမျော ကျောက်တုံးကြီးနှစ်တုံးလည်း ပေါ်ထွက်လာရာ ဒေသခံများက မင်းကွန်းခြင်္သေ့ကြီးများ၏ ခြေသည်း လက်သည်းများဖြစ်သည်ဟု ပြောပြကြသည်။ မြစ်ကမ်းစပ်တွင်ပေါ်ထွက်လာသည့် စကျင်ကျောက်တုံး ကြီးများမှာ နာမည်ကျော် မင်းကွန်းခြင်္သေ့ကြီးများ၏ ခြေသည်း လက်သည်းများ ဖြစ်ပါက သက်ဆိုင်ရာမှ စနစ်တကျဖော်ယူ ထိန်းသိမ်းသင့်ကြောင်း ဒေသခံများ ကပြောသည်။

နန္ဒာမင်းလွင်
The Mirror Daily

ငွေအလွဲသုံးစားလုပ်သည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲရန်တောင်းဆို


|Dawei Watch|ထားဝယ်၊ ဇန်န၀ါရီ ၉
ကျေးရွာအတွက် ရရှိထားသည့် ဆင်းရဲမွဲတေမှုလျော့ချရေး ရန်ပုံငွေ ( ဒေသအခေါ် ဆင်းလျော့ရန်ပုံငွေ) အသုံးပြုရာတွင် အလွဲသုံးစားပြုလုပ်သည်ဟုဆိုကာ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲပေးရန် တောင်းဆိုထားကြောင်း တောင်းဆိုရာတွင်ပါဝင်သူများထံမှ သိရသည်။
သကျက်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ရန်ပုံငွေ ကိစ္စ ရှင်းတမ်းထုတ်ပြန်ပေးခြင်းမရှိဘဲ အလွဲသုံးစားပြုလုပ်သည် ဟုဆိုကာ တာဝန်မှရပ်စဲပေးရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ ဒေသခံလက်မှတ် ၃၀၀ ဖြင့် ဇန်န၀ါရီလ ၅ ရက်နေ့က တင်ပြတောင်းဆိုထားကြောင်း ဦးဆောင်တောင်းဆိုသူများထံမှ သိရသည်။
“တိုက်နယ်ဆေးရုံမှာ ဆရာဝန်နေအိမ်ဆောက်ဖို့ ဆင်းလျော့ရန်ပုံငွေ ကျပ် သိန်း ၁၂၀ ရတယ်။ ဘယ်လောက် ကုန်ကျပြီးဘယ်လောက်ပိုတယ်ဆိုတာ ရှင်းတမ်းထုတ်မပေးဘူး” ဟု ကျေးရွာအထောက်အကူပြုကော်မတီဝင်တစ်ဦးဖြစ်သည့် တောင်းဆိုရာတွင် ဦးဆောင်ပါဝင်သူ ဦးဝင်းလွင်က ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးသည် ဆင်းလျော့ရန်ပုံငွေကို ရရှိသည့်အချိန်က ရပ်မိရပ်ဖများနှင့် ကျေးရွာအထောက်အကူပြု ကော်မတီဝင်များကို အစည်းအဝေးခေါ်ယူကာ ဆရာဝန်နေအိမ်ဆောက်လုပ်မည့်ကိစ္စအား ပြောဆိုတိုင်ပင်ခဲ့သော်လည်း အဆောက်အအုံ ဆောက်လုပ်ပြီးနောက်တွင် အစည်းအဝေးမခေါ်တော့သည့်အပြင် ရှင်းတမ်းကိုလည်း ထုတ်ပြန်ပေးခြင်းမရှိဟု ဦးဝင်းလွင်က ဆိုသည်။
၎င်းအပြင် ဒေသခံများက လှူဒါန်းသည့်ငွေဖြင့် ဆောက်လုပ်ထားပြီးဖြစ်သည့် ရမ္မဇူတံတားအတွက် ခွင့်ပြုထားသည့် ဆင်းလျော့ရန်ပုံငွေ ကျပ် ၇ သိန်းနှင့် ရွာသစ်ကုန်းကျေးရွာ ရေရရှိရေးအတွက် ခွင့်ပြုထားသည့် ဆင်းလျော့ရန်ပုံငွေ ကျပ် ၄ သိန်းကို လည်း အသုံးမပြုဘဲ အုပ်ချုပ်ရေးမှူးက ယူထားသည်ဟု ၎င်းက စွပ်စွဲသည်။
အဆိုပါကိစ္စနှင့်ပက်သက်၍ သကျက်တောကျေးရွာအုပ်ချုပ်ရေးမှူးဦးဟိုရှိန်အား ဆက်သွယ်မေးမြန်းရာ မိမိအနေဖြင့် ဆင်းလျော့ရန်ပုံငွေကို အလွဲသုံးစားပြုလုပ်ထားခြင်းမရှိကြောင်း တုံ့ပြန်ပြောဆိုသည်။
“တာဝန်က ရပ်စဲဖို့ စာတင်ထားတဲ့ကိစ္စကိုလည်း မသိရသေးပါဘူး။ တကယ်တင်ထားတယ်ဆိုရင်လည်း မနာလိုတဲ့သူတွေက တင်ထားတာ ဖြစ်မှာပါ။ ဆင်းလျော့ရန်ပုံငွေကိစ္စက အမှန်တိုင်းလုပ်ထားတဲ့အတွက် ကြိုက်တဲ့အချိန် လာစစ်ဆေးလို့ရပါတယ်” ဟု အုပ်ချုပ်ရေးမှူးဦးဟိုရှိန်က ပြောသည်။
ဆရာဝန်နေအိမ်ဆောက်လုပ်ခွင့်ကျထားသည့် ဆင်းလျော့ရန်ပုံငွေ ကျပ် ၁၂၀ သိန်းမှ ပိုသည့်ပိုက်ဆံကို ဆေးရုံအတွင်း ၀န်ထမ်းအိမ်ရာတစ်ဆောင်ကို ကျပ် ၁၃ သိန်းခွဲဖြင့် ဆောက်လုပ်ထားပြီး မူလတန်းကြိုကျောင်းဆောင် ဆောက်လုပ်ရန် စာသင်ကျောင်းကို ကျပ်သုံးသိန်းခွဲ လှူဒါန်းထားပြီးဖြစ်ကာ ရှင်းတမ်းကိုလည်း ထုတ်ပြန်ထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။
ရမ္မဇူတံတားဆောက်လုပ်ရန်အတွက် ဆင်းလျော့ရန်ပုံငွေမှာ လက်ရှိအချိန်အထိ ရောက်ရှိလာခြင်းမရှိသည့်အပြင် ရွာသစ်ကုန်း ကျေးရွာတွင် ရေပြွန်ပိုက်သွယ်ရန် ကျပ် ၃ သိန်း နှင့် ယင်းကျေးရွာရေရရှိရေးအတွက် ကျပ် ၈ သိန်းခွဲ စုစုပေါင်း ၁၁ သိန်းခွဲကို ယနေ့ ဇန်န၀ါရီလ ၈ ရက်နေ့မှ ထုတ်ယူခဲ့ပြီး ရေပိုက်များကို မှာယူထားသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
သကျက်တောကျေးရွာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်သည့် ရမ္မဇူကျောက်မီးသွေးရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအား အလိုမရှိဟူသော ဆိုင်းဘုတ်အချို့ကို ထည့်သွင်းကိုင်ဆောင်ခဲ့ကြသည်။
Dawei Watch

အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်မည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း ထိုင်းဝန်ကြီးချုပ် ငြင်းဆို

 
ဘန်ကောက် ၊ ၉-၁-၂၀၁၅

ထိုင်းစစ်ဘက်၏ အဓိက ရာထူး နေရာများတွင် တာဝန် ထမ်းဆောင် နေသည့် ဝန်ကြီး ၃ ဦးသည် ရာထူးမှ နုတ်ထွက်ရန် တောင်းဆို သွားမည် ဖြစ်ကြောင်း ကောလာဟလ တစ်ခု ထွက်ပေါ် လာပြီးနောက် အစိုးရ အဖွဲ့ဝင်များ သို့မဟုတ် ထိပ်တန်း စစ်ဘက် အရာရှိများ အပြောင်းအလဲ ပြုလုပ်ရန် အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက် ရှိသည် ဆိုသည်မှာ မှန်ကန်မှု မရှိကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ က ငြင်းဆို ခဲ့သည်ဟု ဇန်နဝါရီလ ၇ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။

နှစ်သစ်ကူး အားလပ်ရက် မတိုင်မီ ပျံ့နှံ့ခဲ့သည့် ၄င်း ကောလာဟလ သတင်းများသည် ဝန်ကြီးချုပ် ပရာယုဒ် ၏ အစိုးရအား အဓိက ကျောထောက် နောက်ခံ ပေးထားသည့် ထိုင်းစစ်ဘက်ရှိ အဆင့်ဆင့် ကြီးကြပ် ကွပ်ကဲမှု စနစ်တွင် အပြောင်းအလဲ တစ်ရပ် ပြုလုပ်နိုင်ဖွယ် ရှိမှုနှင့် ပတ်သက်သည့် မေးခွန်းများ တိုးမြင့် ထွက်ပေါ် လာစေ ခဲ့သည်။ အပြောင်းအလဲ ပြုလုပ်မည် ဆိုသည်မှာ မှန်ကန်မှု မရှိကြောင်း၊ စစ်ဘက် သို့မဟုတ် ၄င်း၏ အစိုးရ အဖွဲ့အား အပြောင်းအလဲ ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း နှင့် အဆိုပါ ကောလာဟလ သတင်းသည် အခြေအမြစ် မရှိကြောင်း ဇန်နဝါရီလ ၆ ရက်နေ့တွင် ဝန်ကြီးချုပ် ပရာယုဒ် က ပြန်လည် ဖြေကြား ခဲ့သည်။

ရာထူးမှ နုတ်ထွက်မည့်သူ တစ်စုံ တစ်ယောက်မျှ မရှိကြောင်း၊ မိမိအနေဖြင့် တစ်ဦး တစ်ယောက်အား ရာထူးမှ နုတ်ထွက် စေလိုပါက ၄င်းတို့အား ထိပ်ဆုံးအဆင့် ဝန်ကြီးများ အဖြစ် ခန့်အပ်ခဲ့မည် မဟုတ်ကြောင်း နှင့် အဆိုပါ စစ်ဘက် အရာရှိများ အနေဖြင့် စစ်ဘက်/ အရပ်ဘက် ရာထူးနေရာ ၂ နေရာကို ထမ်းဆောင်ရာ၌ ကြီးမားသည့် ပြဿနာများနှင့် ရင်ဆိုင်ရခြင်း မရှိကြောင်း ဝန်ကြီးချုပ် ပရာယုဒ် က ပြောကြား ခဲ့သည်။

ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့သည် ဆိုသော သတင်း ထွက်ပေါ်ခဲ့သည့် ဗိုလ်ချုပ်ကြီး ၃ ဦးသည် ဒုတိယ ကြည်းတပ် ဦးစီးချုပ် နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Chatchai Sarikulya ၊ တရားရေးဝန်ကြီး နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Paiboon Koomchaya နှင့် ဒုတိယ ပညာရေးဝန်ကြီး နှင့် စစ်ဦးစီး အရာရှိချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး Surachet Chaiwong တို့ ဖြစ်ကြောင်း သိရှိရသည်။

#PyiChitThar

တရုတ်ကို တရားဝင် ဆန် တင်ပို့ နိုင်ပြီ


တရားဝင် ဆန်ကုန်သွယ်ရာမှာ အခွန်အခ သက်သာဖို့နဲ့ ကိုယ့်ဘက် ကလည်း အရည်အသွေး ထိန်းပေးဖို့ ကိစ္စတွေကို တရုတ် အစိုးရနဲ့ သွားရောက် ဆွေးနွေး နေပါတယ်။

မြန်မာ နိုင်ငံက ဆန်တွေကို တရုတ်က တရားဝင် ဝယ်ယူဖို့ နှစ်ဘက် နားလည်မှု စာချွန်လွှာ ချူပ်ဆို နိုင်ခဲ့တာ မှာ လောလောဆယ် အထိ ဆန် တန်ချိန် ၂ သိန်းကို တရုတ် အစိုးရ အနေနဲ့ ဝယ်ယူမယ် ဆိုပြီး စာချူပ် ချူပ် ထားပါတယ်။

ဒါ့အပြင် တန်ချိန် ၁ သန်း အထိ ဝယ်ယူဖို့ ပုဂ္ဂလိက ကုန်သည်တွေကို လည်း တိုက်တွန်း သွားမယ် လို့ ဆိုပါတယ်။

အရင်ကတော့ တရုတ်ကို ဆန်တွေ တင်ပို့ရာ မှာ တရုတ် အာဏာပိုင် တွေရဲ့ အဖမ်းအဆီး ရှိတဲ့ အခိုက်တွေမှာ ဆို တရုတ်-မြန်မာ နယ်စပ် မှာ မြန်မာ ဆန်တွေ စီးဆင်းမှု ရပ်တန့်ပြီး စုပုံ နေခဲ့ရလေ့ ရှိပါတယ်။

အခုလို တရုတ်ကို တရားဝင် ဆန် တင်ပို့ လာနိုင်တဲ့ အတွက် အဖမ်းအဆီး ရှိမလား ဆိုတဲ့ အပေါ် မြန်မာ ကုန်သည် တွေ စိုးရိမ် ရတာ မရှိ နိုင်တော့ ဘူး လို့ တောင်သူ လယ်သမား အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်း က ပြောပါတယ်။

မြန်မာ ကိုယ်စားလှယ် အဖွဲ့ဟာ တရားဝင် ဆန် ကုန်သွယ် ရာမှာ အခွန်အခ သက်သာဖို့ နဲ့ ကိုယ့်ဘက် ကလည်း အရည်အသွေး ထိန်းပေးဖို့ ကိစ္စတွေ ကို တရုတ် အစိုးရနဲ့ သွားရောက် ဆွေးနွေး နေပါတယ်။
BBC

တောင်ကိုရီးယား ၏ ဟွန်ဒိုင်း အကြီးစားစက်မှုလုပ်ငန်း မှ ကမ္ဘာ့အကြီးဆုံး သင်္ဘောငါးစီးကို ၂၀၁၅ မကုန်မီ ပြီးစီးမည်ဟု မျှော်မှန်း

 
တောင်ကိုရီးယား နိုင်ငံ Daewoo ကုမ္ပဏီဟာ တရုတ်နိုင်ငံ က ကုန်သေတ္တာ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ China Shipping Lines အတွက် The Globe ဆိုတဲ့ သင်္ဘောကြီးကို တည်ဆောက် ပေးခဲ့တယ်။ အဲဒီ The Globe ဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ကုန်တင် သင်္ဘောကြီး တွေကို ကျော်လွှားပြီး ကမ္ဘာ့ အကြီးဆုံး သင်္ဘောကြီးဘွဲ့ကို ရရှိထားပါတယ်။

The Globe သင်္ဘောကြီးဟာ အလျား ၁၃၁၂ ပေ ၊ အကျယ် ၁၈၆ ပေ ၊ အမြင့်ပေ ၂၄၀ ရှိပြီး ကုန်အလေးချိန် တန်ပေါင်း ၁၈၅၀၀၀ တင်ဆောင် နိုင်ပါတယ်။

ဒီတန်ချိန်ဟာ လန်ဒန်မြို့မှာ ပြေးဆွဲနေတဲ့ နှစ်ထပ် ဘတ်စ်ကား အစီးပေါင်း ၁၄၅ဝဝ ရဲ့အလေးချိန်နဲ့ ညီမျှပါတယ်။ ပေ ၂ဝ အရွယ် ကုန်သေတ္တာ အလုံးပေါင်း ၁၉၁ဝဝ လုံးကို တင်ဆောင်နိုင်မှာ ဖြစ်ပြီး ဒီ ကုန်သေတ္တာ တွေကို ရှေ့နောက် တေ့ဆက်တန်းစီ လိုက်မယ်ဆိုရင် အရှည် ၇၂ မိုင် ရှိနေ ပါလိမ့်မယ်။ ဒီ ကမ္ဘာ့အကြီးဆုံး ကုန်သေတ္တာတင် သင်္ဘောကြီး The Globe ဟာသူ့ရဲ့ ပထမဆုံး ရေလမ်းခရီးကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှာ တရုတ်နိုင်ငံ ကျင်ဒေါင်ဆိပ်ကမ်း ကနေ စတင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ တရုတ်နိုင်ငံ နင်ဘိုဆိပ်ကမ်း ကို ရောက်ရှိ ဆိုက်ကပ် ပြီးတော့ သူ့ရဲ့ ပထမဆုံး ခရီးစဉ် ကို အောင်မြင်စွာ ပြီးမြောက်မှာ ဖြစ်ပါတယ်။

အခု လောလောဆယ် ဗြိတိန်နိုင်ငံ ဖီးလစ်စတိုးဝီ ဆိပ်ကမ်းမှာ ဆိုက်ကပ် ရပ်နားနေပါတယ်။ ခရီးစဉ် တစ်လျှောက်မှာ အခြား ဗြိတိန်ဆိပ်ကမ်း များဖြစ်တဲ့ ရော့တာဒင်၊ ဟမ်းဘတ်၊ ဘရူးဂျစ် တို့မှာလဲ ဆိုက်ကပ်ရပ်နား ဦးမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ရဲ့ ဟွန်ဒိုင်း အကြီးအစား စက်မှုလုပ်ငန်း ကနေ ဒီလို သင်္ဘောကြီးမျိုး ငါးစီးဆက်တိုက် ထုတ်လုပ် သွားမှာဖြစ်ပြီး ၂ဝ၁၅ ခုနှစ်မကုန်ခင် ငါးစီးလုံး ပြီးစီး သွားမယ်လို့ မျှော်လင့်ရ ပါတယ်။ ဒါကြောင့်လဲ The Globe ဟာ ကမ္ဘာ့အကြီးဆုံး သင်္ဘောဘွဲ့ ကိုတော့ ၅၃ ရက်ပဲ ထိန်းထား နိုင်မှာပါ။ ဇန်နဝါရီ လကုန်ပိုင်းမှာ The Globe ထက်ကို ပိုကြီးတဲ့ The Oscar သင်္ဘောကြီး ကို ရေချမှာ ဖြစ်လို့ပါပဲ။ The Oscar ကို မြေထဲပင်လယ် သင်္ဘော ကုမ္ပဏီကြီး တစ်ခုက ပိုင်ဆိုင်ပါတယ်။ Daewoo က တည်ဆောက် ပေးတာပါ။ The Oscar ကတော့ ကုန်သေတ္တာ ပေါင်း ၁၉၂၂၄ လုံး တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

The Oscar ရဲ့ ပထမဆုံး ရေလမ်းခရီးကို ဇန်နဝါရီ ၂၅ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။ အာရှကနေ ဥရောပ အသွားအပြန်ကို ၅၃ ရက် ကြာမြင့် ပါလိမ့်မယ်။ အရှည် ၂၉၅ ဒသမ ၄ မီတာ၊ အနက် ၃ဝ ဒသမ ၃ မီတာ၊ အကျယ် ၅၉ မီတာရှိပြီး ကုန်အလေးချိန် တန် ၁၉၃ဝဝဝ တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကုန်သေတ္တာတင် သင်္ဘောကြီး တွေက ပိုပြီး ကြီးလာဖို့ ရှိနေပါတယ်။ မကြာခင်မှာပဲ ကုန်သေတ္တာ အလုံး နှစ်သောင်းထက် မနည်း တင်ဆောင် နိုင်မယ့် သင်္ဘောကြီး တွေကို ထုတ်လုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ ကုန်သေတ္တာတင် သင်္ဘောကြီးတွေဟာ ကမ္ဘာတစ်ဝန်း ကိုတော့ သွားလာနိုင်မှာ မဟုတ်ပါဘူး။ ဆိပ်ကမ်း အခက်အခဲ ရှိတဲ့အတွက် ဒီသင်္ဘောကြီး တွေဟာ အာရှ - ဥရောပ လမ်းကြောင်းကိုပဲ ခုတ်မောင်း သွားလာနိုင်မှာ ဖြစ်ပါတယ်။

အခုလို တစ်ကမ္ဘာ လုံးက စောင့်ကြည့်ရတဲ့ ကမ္ဘာ့ အကြီးဆုံး သင်္ဘော တွေကို ဆောက်လုပ်ခွင့် ရခဲ့တဲ့ တောင်ကိုရီးယား နိုင်ငံ အတွက်တော့ ဂုဏ်ယူ ဝမ်းမြောက် စရာပဲပေါ့။

မြောက်ကိုရီးယား က နိုင်ငံရေး အရှုပ်အထွေး တွေနဲ့ ငြိတွယ်ပြီး ရှေ့ဆက် မရနိုင်ဘဲ နောက်ကျကျန် နေခဲ့ချိန်မှာ တောင်ကိုရီးယား က အောင်မြင်မှု တံခွန် နောက်တစ်ခု စိုက်ထူ လိုက်နိုင် တာပဲလို့ ကိုရီးယား ကျွန်းဆွယ် အရေး စောင့်ကြည့် နေကြသူ များက ဝေဖန်သုံးသပ် နေကြပါတယ် လို့ လေ့လာရေးသား တင်ပြ လိုက်ရ ပါတယ်။

The world's biggest ship - for 53 days

#PyiChitThar

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် အကျင့်ပျက်ခြစားမှု လွှတ်တော် ကြားနာ

 ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် အမှုကြားနာဖို့ လွှတ်တော်ကို ရောက်ရှိလာ။ (ဇန်နဝါရီ ၉-၂၀၁၅)

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ် ကို တိုင်းပြည်ဘဏ္ဍာ ဒေါ်လာ ဘီလီယံနဲ့ချီဆုံးရှုံးစေခဲ့တဲ့ အစိုးရက တစိတ်တပိုင်း ထောက်ပံ့ ပေးတဲ့ ဆန်စပါး ၀ယ်ယူမှု အစီအစဉ်နဲ့ ဆက်စပ်ပြီး တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့ သောကြာနေ့ ထိုင်းလွှတ်တော်မှာ စတင်ကြားနာပါတယ်။ စစ်အစိုးရ ဖွဲ့စည်းထားတဲ့ အမျိုးသား ဥပဒေပြုလွှတ်တော်ကို ဒီကနေ့ တင်သွင်းတဲ့ သူရဲ့ ကြေညာချက်မှာတော့ မစ္စ ယင်းလပ်က သူ့အပေါ် စွပ်စွဲထားတဲ့ အမှုအားလုံးကို ငြင်းဆန်ထားပါတယ်။
ထိုင်းနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မစ္စယင်းလပ်ကို အာဏာကို အလွဲသုံးစားလုပ်မှုနဲ့ ပြီးခဲ့တဲ့နှစ် မေလတုန်းက စွပ်စွဲထား တာပါ။ အဲဒီနောက် တရားရုံးကို သူ့ကို ၀န်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခဲ့ပြီး သိပ်မကြာခင်မှာပဲ ထိုင်းစစ်တပ်က တိုင်းပြည်မှာ အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။ အပြစ်ရှိကြောင်း ဆုံးဖြတ်ရင်တော့ မစ္စယင်းလပ်ဟာ နိုင်ငံရေးလုပ်ငန်းတွေမှာ ၅ နှစ် ပါဝင်လှုပ်ရှားခွင့် ရတော့မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ရှပ်နီဝတ်တွေ လို့ ခေါ်တဲ့ သူ့အပေါ် ထောက်ခံသူ ကျေးလပ်ပြည်သူတွေရဲ့ တုံ့ပြန်မှုတွေနဲ့ မတည်ငြိမ်မှုတွေ တိုင်းပြည်မှာ ပေါ်ပေါက်လာနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် လူ ၉၀ ထက်မနည်း သေဆုံးခဲ့ရပြီး လူတွေ ရာနဲ့ချီ ဒဏ်ရာ ရခဲ့ကြတာ ဖြစ်ပါတယ်။
အခု တရားရုံး ကြားနာမှုတွေဟာ ရှင်နာဝပ် မိသားစုရဲ့ နိုင်ငံရေး သြဇာကျ အောင်လုပ်တဲ့ ဘုရင့်သစ္စာခံ မြို့နေ နိုင်ငံရေးအသိုင်းအ၀ိုင်းရဲ့ နိုင်ငံရေး ပရိယာယ် တခု ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောဆို ကြပါတယ်။ မစ္စယင်းလပ်ရဲ့ အစ်ကို သက်ဆင် ရှင်နာဝပ် ဟာလည်း ၂၀၀၆ ခုနှစ်က စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ၀န်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။
သူ့ကို ၂၀၀၈ ခုနှစ်မှာ အဂတိလိုက်စားမှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ပြည်ပမှာ တိမ်းရှောင်နေရ သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လို့ နိုင်ငံရေးသြဇာအရှိန်အ၀ါကတော့ ခုချိန်ထိ တိုင်းပြည်တွင်းမှာ အင်အား ကြီးနေဆဲ ဖြစ်ပါတယ်

လက်ပတောင်းတောင် ကြေးနီစီမံကိန်းဟာ နိုင်ငံတော် အတွက် အကျိုးရှိတယ် လို့ စစ်ကိုင်း သတ္တုတွင်း ဝန်ကြီး ပြော


ကော်မရှင် အစီရင်ခံစာ နောက်ပိုင်း အကြံပြုချက် အရ ထပ်စောင်းငွေ တွေ ပေးခဲ့တာမှာ ထုတ်ယူသူ ၆၀ % နီးပါး ရှိတယ် ဆိုပြီး ဦးသန်းထိုက် က ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဟာ နိုင်ငံတော် အနေနဲ့ အကျိုး အမြတ် ၅၁ % ရနေတဲ့ လုပ်ငန်း ဖြစ်တယ် လို့ စစ်ကိုင်းတိုင်း သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက် က ပြောပါတယ်။

မြေယာ လျော်ကြေး ထုတ်ပေးမှု ကလည်း ပထမ အကြိမ်မှာ သိမ်းဆည်း မြေ အားလုံး အတွက် ပေးခဲ့ပြီး၊ ကော်မရှင် အစီရင်ခံစာ နောက်ပိုင်း အကြံပြုချက် အရ ထပ်စောင်းငွေ တွေ ပေးခဲ့တာမှာ လည်း ထုတ်ယူသူ ၆၀ % နီးပါး ရှိတယ် ဆိုပြီး ဦးသန်းထိုက် က ပြောပါတယ်။

ဒေသခံတွေ နဲ့ အကြား နောက်ဆုံး ဖြစ်ပေါ်လာခဲ့တဲ့ တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီ ရဲ့ စိုက်ပျိုးမြေ တွေ အပေါ် သံဆူးကြိုး ခတ်လာ ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးသန်းထိုက် က ဘီဘီစီ ကို ပြောတာ ကတော့ သတ္တုတွင်း ဧရိယာ အတွင်း ကိုသာ ခတ်ခဲ့တာ ဖြစ်ပြီး တချို့ ရွာဟောင်း နေရာတွေတောင် ခတ်ဖို့ ကျန်နေသေးတယ် လို့ ဆိုပါတယ်။

ကြေးနီ စီမံကိန်း စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာ အတိုင်း အကောင်အထည် ဖော်ရေး ကော်မတီ က အပြည့်အဝ လုပ်ဆောင်တာ မရှိဘူး ဆိုတဲ့ ဝေဖန် ပြောဆိုမှု တွေကို ကော်မတီက ငြင်းဆိုလိုက် တဲ့ နောက်ပိုင်း၊ အခု ကော်မတီ ဝင် တစ်ဦး ဖြစ်တဲ့ စစ်ကိုင်းတိုင်း သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက် ကလည်း ဒီ ကြေးနီ စီမံကိန်းဟာ တရုတ်ပိုင် ဝမ်ပေါင်နဲ့ မြန်မာ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီတို့ရဲ့ အကျိုးစီးပွား သာမက နိုင်ငံတော် ရဲ့ အကျိုးစီးပွား ဖြစ်တယ် လို့ ပြောလာတာ ဖြစ်ပါတယ်။
BBC

ပင်သစ် အကြမ်းဖက်သမားတွေ ရဲတပ်ဖွဲ့ ချေမှုန်းလိုက်ပြီ


ပဲရစ်မြို့တော် မြောက်ပိုင်းက ၀င်ရောက်စီးနင်းမှုအတွင်း အကြမ်းဖက်သမားတွေ ဖမ်းထားတဲ့ ဓားစာခံ လွတ်မြောက်ခဲ့ပြီး အခုအပတ်အတွင်း Charlie Hebdo မဂ္ဂဇင်းရုံးကို ၀င်ရောက် တိုက်ခိုက်ခဲ့သူ အကြမ်းဖက်သမား နှစ်ယောက် ကတော့ သေဆုံး သွားကြောင်း ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။ ပဲရစ်မြို့ ကော့ရှာ စူပါမားကတ်အတွင်း ဓားစာခံတွေကို ဖမ်းဆီး ထားတဲ့ သေနတ်သမားတဦးလည်း ၀င်ရောက် စီးနင်းမှု အတွင်း သေဆုံး သွားပါတယ်။ ဒီစီးနင်းမှုအတွင်း ဓားစာခံ လေးဦး သေဆုံးခဲ့ကြောင်း လည်း အာဏာပိုင်တွေက ပြောပါတယ်။
မြိုတော် ပဲရစ်နဲ့ မြောက်ပိုင်းက Dammartin en Goele မြို့တွေကို တချိန်တည်းမှာ ရဲလုံခြုံရေးတွေက နေ့လည်ဘက် ၀င်ရောက် စီးနင်းရာမှာ သေနတ် သံတွေ ပေါက်ကွဲသံတွေကို ကြားရပါတယ်။ ပဲရစ်က ရုပ်ပြောင် ကာတွန်းနဲ့ သရော် စာတွေရေးတဲ့ မဂ္ဂဇင်းတိုက်ကို ၀င်ရောက်စီးနင်းသူတွေအဖြစ် သံသယရှိထားတဲ့ အကိုဖြစ်သူ Cherif နဲ့ Said Kouachi တို့ဟာ သူတို့ပုန်းအောင်းနေတဲ့ ပစ္စည်း သိုလှောင်တဲ့ ဂိုဒေါင်မှာ ရဲတွေနဲ့ တွေ့ဆုံပြီး အပြန်အလှန်ပစ်ခတ်ခဲ့တာပါ။
ရဲအင်အား အလုံးအရင်းနဲ့ ၀င်ရောက်စီးနင်းမှုအတွင်း အဲဒီ့အကြမ်းဖက် သမား နှစ်ဦး သေဆုံးသွား တာပါ။ ပဲရစ်မြို့က ဂျူးရပ်ကွက် လို့လည်း သိကြတဲ့ Porte de Vincennes နားက စူပါမားကက်ကိုလည်း လုံခြုံရေးတွေက ၀င်ရောက် စီးနင်းခဲ့ပါတယ်။ Kouachi ညီအကိုကို ကူညီခဲ့တယ်လို့ ယုံကြည်ရသူ သေနတ်သမားတဦး အဲဒီစီးနင်းမှုအတွင်း သေဆုံးခဲ့ပြီး အဲဒီ့သေနတ်သမားက ဓါးစာခံတွေအဖြစ် ဖမ်းဆီးထားသူ ငါးဦးထဲက လေးဦး သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် ဘယ်ချိန်မှာ ဘယ်လိုသေဆုံးခဲ့လည်းဆိုတာတော့ သေချာမသိရသေးပါဘူး။
သောကြာနေ့ညနေက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြင်သစ် သမ္မတ Francois Hollande က အကြမ်းဖက်သမားတွေကို တိုက်ခိုက်ခဲ့တဲ့ လုံခြုံရေးတွေကို ချီးကျူးစကားပြောဆိုလိုက်ပြီး ပြင်သစ် လူထုအနေနဲ့ အခြေအနေကို သတိထားဖို့၊ အကြမ်းဖက်မှုဆန့်ကျင်ရေး၊ လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်ပြီး ညီညွတ်ဖို့ ပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမား ကလည်း သောကြာနေ့က Tenessee ပြည်နယ်ကိုရောက်ရှိစဉ်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ ပြင်သစ်နဲ့အတူ ရပ်တည်သွားမှာဖြစ်ပြီး လိုအပ်သမျှအကူအညီပေးသွားမယ်လို့ ပြောပါတယ်။
VOA

Friday, January 9, 2015

အဲအေးရှား Black box ရဲ့ အချက်ပြမှုကို ဖမ်းမိ


လှိုင်းကြီးလို့ ကြာသပတေးနေ့က လေယာဉ်အမြီးပိုင်း ဆယ်ယူမှု နှောင့်နှေးခဲ့
 ပြီးခဲ့တဲ့ နှစ်ပတ်က အင်ဒိုနီးရှား နိုင်ငံ အနီး ပင်လယ်ပြင်ထဲ ပျက်ကျ သွားခဲ့တဲ့ အဲအေးရှား လေယာဉ်ရဲ့ မှတ်တမ်းတင် ကိရိယာ black box က လာတာ ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အချက်ပြမှု တွေကို လေယာဉ် ရှာဖွေရေး အဖွဲ့က ရရှိခဲ့ပါတယ်။

ဖမ်းယူ ရရှိတဲ့ အချက်ပြချက် တွေဟာ ပင်လယ် ရေမျက်နှာပြင် အောက် မီတာ ၃၀ အကွာ ရွှံ့ထဲမှာ စိုက်နေတဲ့ လေယာဉ် အမြီးပိုင်း နေရာ ဝန်းကျင်ကနေ လာတာလို့လည်း ယူဆကြပါတယ်။

ဆယ်ယူရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက လေယာဉ် အမြီးပိုင်းကို ပင်လယ်ထဲကနေ ဆွဲတင်ဖို့ ကြိုးစား နေကြပါတယ်။

လူပေါင်း ၁၆၂ ယောက် လိုက်ပါလာတဲ့ အဲဒီ အဲအေးရှား လေယာဉ်ဟာ အင်ဒိုနီးရှား နိုင်ငံ ဆူရာဘာယာ မြို့ကနေ စင်ကာပူကို ပျံသန်းခဲ့စဉ် ရာသီဥတု ဆိုးရွားတဲ့ အတွက် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ရွှေသံလွင်ကုမ္ပဏီ မြေယာလျော်ကြေး ရွာငံတောင်သူအများစု လက်မခံ

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းမှာ သိမ်းဆည်း ခံထားရတဲ့ မြေဧက ၁၃၀၀ ကျော်အတွက် ရွှေသံလွင်ကုမ္ပဏီက လျော်ကြေးငွေထုတ်ပေးမှာကို တောင်သူ ၂ဝဝ ကျော်က လက်မခံကြဘူးလို့ သိရပါတယ်။

မြေဧက ၁၃ဝဝ ကျော်ကို ပိုင်ဆိုင်တဲ့ တောင်သူ ၃၀၀ ကျော်ထဲက ၂ဝဝ လောက်က လျော်ကြေးငွေမယူလိုပဲ မြေကိုသာ ပြန်လည်ရယူလိုတာဖြစ်တယ်လို့ မြေအသိမ်းခံထားရသူတွေထဲက နွားဘန်းကြီးကျေးရွာသား တောင်သူ ကိုသက်ဦးက ပြောပါတယ်။

"ဦးရေက ကျနော်တို့ နွားဘန်းနဲ့ပြောမယ်ဆိုလို့ရှိရင် ၁ဝဝ ပိုပိုလောက်ပဲရှိမယ်၊ ယူမယ့်လူမပေးသေးဘူး၊ ကျနော်တို့ အများစုက ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့မြေပဲ ကျနော်တို့ ပြန်ရတာ၊ အခုကုမ္ပဏီက လုပ်နေတဲ့ပုံစံက ကျန်တဲ့လူဘာမှနားမလည်တဲ့ပုံစံမျိုးပေါ့၊ ညှိနှိုင်းတာဆောင်ရွက်ထားတာ မရှိဘူးလေဗျာ၊ မြေကိုပြန်မပေးနိုင်ဘူး သူတို့လုပ်နေတာလေ၊ ငွေဆိုငွေပဲ ပေးမယ်ဆိုတဲ့ ပုံစံမျိုးလုပ်နေတာလေ သူက၊ သူတို့ဆီကို ကျနော်တို့ မြေသမားတွေ ဝင်ခွင့်ကိုမရှိတာက အတော်ခက်တာ၊ လျှော်ကြေးဆိုပေးမှ သူတို့နားကို ဝင်လို့ရတာ"

သိမ်းဆည်းခံထားရတဲ့ မြေဧက ၁၃၀၀ ကျော်အတွက် ရွှေသံလွင်ကုမ္ပဏီက လျော်ကြေးငွေအဖြစ် တစ်ဧကကို ကျပ် ၁၀ သိန်းနှုန်းနဲ့ တောင်သူတွေထံ ပေးအပ်မှာဖြစ်ကြောင်းနဲ့ လျော်ကြေးငွေထုတ်ယူမယ့် တောင်သူတွေ အနေနဲ့ ကုမ္ပဏီရုံးခန်းမှာ လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးကြေညာထားတယ်လို့ ဒေသခံတောင်သူ တွေက ဆိုပါတယ်။

ရွာငံမြိုနယ် နွားဘန်းကြီး၊ တောင်ခေါင်းဖွာ၊ ကသစ်၊ ရွာမ၊ ညောင်ကုန်း၊ ညောင်အိုင်၊ လက်ပံပင်၊ ရေချမ်းသာ ကုန်း စတဲ့ ကျေးရွာ ၁၃ ရွာက မြေဧက ၁၃၀၀ ကျော်ကို လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က တပ်မ ၅၅ က သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ၁၉၉၉ ခုနှစ်မှာ ရွှေသံလွင်ကုမ္ပဏီထံ လုပ်ပိုင်ခွင့်လွှဲပြောင်းပေးခဲ့ရာ ကုမ္ပဏီက သရက်နဲ့ ဂေါ်ဖီ ပန်းပွင့်စိမ်းတို့ကို စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

တာလီဘန်ခေါင်းဆောင် သတင်းနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံက ဆုငွေ အမေရိကန် ဒေါ်လာ တစ်သိန်း ပေးအပ်မည်ဟုဆို


ကရာချိ ၊ ၉-၁-၂၀၁၅

Tehreek-e-Taliban Pakistan(TTP) အဖွဲ့ခေါင်းဆောင် Mullah Fazlullah အား ဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း ဆောင်ရွက်နိုင်မည့် သတင်း အချက်အလက် အတွက် ဆုငွေအဖြစ် ပါကစ္စတန် ရူပီး ၁ဝ သန်း (အမေရိကန် ဒေါ်လာ တစ်သိန်း) ပေးအပ် သွားမည် ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ Khyber-Pakhtunkhwa ပြည်နယ်အစိုးရ အဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်ဟု Newsnow သတင်းတစ်ရပ် အရ သိရသည်။

ပါကစ္စတန်နိုင်ငံ အနောက် မြောက်ဘက်ရှိ ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် နာမည်ကျော် လူသိများသည့် စစ်သွေးကြွ ၆၁၅ ဦး၏ စာရင်းကို ပြင်ဆင် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း နှင့် ၄င်းတို့၏ သတင်း အချက်အလက်များ အတွက် ဆုငွေ စုစုပေါင်း ပါကစ္စတန် ရူပီး သန်း ၇၆၀ ( အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ သန်း ) ပေးအပ် သွားမည် ဖြစ်ကြောင်း ပြည်နယ် ပြန်ကြားရေး ဝန်ကြီး Mushtaq Ghani က အတည်ပြု ပြောကြား ခဲ့သည်။

အဆိုပါ စာရင်းတွင် Khyber ခရိုင်အတွင်း ၌ စစ်ဆင်ရေး ဆောင်ရွက်လျက် ရှိသော တာလီဘန် အဖွဲ့နှင့် အဆက်အသွယ် ရှိသည့် Lashkar-e-Islam စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် Mengal Bagh လည်း ပါရှိကြောင်း ပြည်နယ်အစိုးရ အဖွဲ့ အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

လာမည့် ရက်သတ္တပတ် များအတွင်း စစ်သွေးကြွ အကျဉ်းသား ၅ဝဝ ဦးအား ကြိုးပေး ကွပ်မျက်ရန် စီစဉ်ထားကြောင်း ပါကစ္စတန် တာဝန်ရှိသူ များက ပြောကြား ခဲ့သည်ဟု သိရှိရသည်။

#PyiChitThar

ကော့သောင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ရွေးချယ်မှု ပွင့်လင်းမြင်သာခြင်း မရှိဟုဝေဖန်ခံရ


Dawei Watch| ကော့သောင်း၊ ဇန်န၀ါရီ ၈
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြန်လည် ရွေးချယ်ရာတွင် ၎င်းတို့အား ဖိတ်ကြားခြင်း မရှိခဲ့ဘဲ ပွင့်လင်းမြင်သာမှု မရှိကြောင်း နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများ ဝေဖန်ပြောဆိုလိုက်သည်။
ယခင် ရွေးကောက်ပွဲ မြို့နယ် ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူမှာ ကျန်းမာရေး အခြေအနေကြောင့် အနားယူမည်ဖြစ်သဖြင့် ၎င်း နေရာတွင် ဆက်လက်လုပ်ကိုင်ရန် လူပုဂ္ဂိုလ် နှစ်ဦးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ရုံခန်းတွင် ဇန်နဝါရီလ ၅ ရက်နေ့၌ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့ မြို့နယ်ထွေ/အုပ် အပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင်များ ၊ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ၊
စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ စုစုပေါင်း ၂၄ ဦးတက်ရောက်ခဲ့ပြီး မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ခဲ့ကြောင်း အခမ်းအနားတက်ရောက်သူများထံမှ သိရသည်။

“ကော်မရှင်ဥက္ကဋ္ဌ ဆိုတာ ရွေးကောက်ပွဲ တစ်ခုရဲ့ ဒိုင်လို့ ပြောလို့ရတယ်။ ဒါကို နိုင်ငံရေးပါတီတွေ မသိတာကတော့ မဖြစ်သင့်ဘူး။ ကိုယ့်ပါတီအပေါ် ကြီးကြပ်မဲ့သူရဲ့ ကိုယ်ရေးအချက်အလက်တွေကို သိဖို့မပြောနဲ့ ဒီနေ့အထိ ဘယ်သူဘယ်ဝါ လုပ်မယ်။ ဘယ်သူတွေက ဦးဆောင်ပြီး ဘယ်နေရာမှာ လုပ်သွားတယ်ဆိုတာ အမည်တောင်မသိရသေးဘူး”ဟု ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အလုပ်မှုဆောင် ဥက္ကဋ္ဌ ဦးသက်နိုင် ကဆိုသည်။
ထိုသို့ မြို့နယ် ကော်မရှင် ဥက္ကဋ္ဌ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရေးမှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း (ကော့သောင်း) မှ ဦးမျိုးလွင် ဥပဒေရေးရာအကြံပေးအဖွဲ့ဝင် ကပြောကြားသည်။
“ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာစွာချပြပြီး ရွေးချယ်မှုတွေ ပြုလုပ်သင့်တယ်”ဟု ၎င်းကဆိုသည်။
မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ရွေးချယ်ရာတွင် မြို့နယ် ထွေ/အုပ်အား အကူအညီတောင်းကာ မဲစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး ကျန်ရှိသည့်အပိုင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အနေဖြင့် မသိရှိကြောင်း ကော့သောင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကျင်းဖိန် ကဆိုသည်။
မြို့နယ် ကော်မရှင် ဥက္ကဋ္ဌ နေရာအတွက် မြို့နယ် နာရေးကူညီမှုအသင်း နာယက ဦးသိန်းထိုက်ကို ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဆင်နဂါးစတိုးပိုင်ရှင် ဦးမျိုးမြင့်ကို အရန် ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခဲ့ကြောင်း ၎င်းတို့နှစ်ဦးကို  ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ အဖြစ် အတည်ပြု တာဝန်ပေးအပ်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံ တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။
လူမျိုးပေါင်းစုံနေထိုင်သည့် နယ်စပ်မြို့ဖြစ်သော ကော့သောင်းမြို့နယ်တွင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့ အပြင် တိုင်းရင်းသား ပါတီများဖြစ်သော ထားဝယ်တိုင်းရင်းသားများပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့လည်း အခြေစိုက်သည်။
Dawei Watch

အမေရိကန် ဦးဆောင်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် ISIS စစ်သွေးကြွ များ၏ပစ်မှတ် ၃၂၂၂ ခု ပျက်စီးခဲ့

 
ဝါရှင်တန် ၊ ၉-၁-၂၀၁၅

ဆီးရီးယားနိုင်ငံ နှင့် အီရတ်နိုင်ငံ အတွင်း ရှိ ISIS စစ်သွေးကြွ များအပေါ် လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း တပ်ဖွဲ့၏ တိုက်ခိုက်မှု များကြောင့် ISIS စစ်သွေးကြွ များ၏ စစ်စခန်း ၉၈ဝ ခု၊ စစ်ဆင်ရေး နေရာ ၆၇၃ခု၊ Humvee အမျိုးအစား မော်တော်ကား ၁၈၄ စီးနှင့် တင့်ကား ၅၈ စီး အပါအဝင် စစ်သွေးကြွ များ၏ အဓိက ပစ်မှတ် ၃၂၂၂ ခုကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ဇန်နဝါရီ ၇ ရက်တွင် ပင်တဂွန် စစ်ဌာနချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များ၏ စစ်စခန်းများ မည်မျှပျက်စီး သွားခဲ့သည် ဆိုခြင်းကို မိမိ အနေဖြင့် အတိအကျ မသိကြောင်း၊ သို့ရာတွင် မိမိတို့၏ လေကြောင်း တိုက်ခိုက်မှု ကြောင့် ISIS အဖွဲ့တွင် ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့သည်မှာ သေချာကြောင်း ပင်တဂွန် စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စတိဗ်ဝါရန် က ပြောကြား ခဲ့သည်။

အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း လေကြောင်း တိုက်ခိုက်မှု အဖွဲ့သည် အီရတ် နှင့် ဆီးရီးယား နိုင်ငံတွင်းရှိ ISIS စစ်သွေးကြွ  များကို ၂ဝ၁၄ ခုနှစ် သြဂုတ် ၈ ရက်မှစ၍ စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လျက် ရှိသည့် ညွန့်ပေါင်း တပ်ဖွဲ့တွင် သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ် နှင့် နယ်သာလန် နိုင်ငံတို့ ပါဝင်ကြပြီး ဆီးရီးယား နိုင်ငံအတွင်းရှိ ISIS စစ်သွေးကြွ များအား လေကြောင်း တိုက်ခိုက်မှု တွင် ဘာရိန်း၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ နှင့် အာရပ် စော်ဘွားများ ပြည်ထောင်စု တို့ ပါဝင်ကြောင်း သိရသည်။

#PyiChitThar

၂၀၁၅ ရွေးကောက်ပွဲနှစ်တွင် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှု ပိုမိုရှိလာစေရေး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု လွှတ်တော်တရားဥပဒေစိုးမိုးရေးကော်မတီ ပြောကြား



ရန်ကုန်မြို့တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ညပိုင်းတွင် လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

ယခု ၂ဝ၁၅ ရွေးကောက်ပွဲနှစ်တွင် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှုပို မိုရှိလာစေရေး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း၌ ဘာသာရေး ပဋိပက္ခများ၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဆိုင်ရာ ပဋိပက္ခများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခများစသည့် တရားဥပဒေစိုးမိုးရေးအားနည်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများစွာ ဖြစ်ပေါ်ခဲ့သည်။

အလားတူ ယခု ၂ဝ၁၅ခုနှစ်သည် တိုင်းပြည်၏ ဒီမိုကရေစီအလှည့်အပြောင်းဖြစ်လာမည့် ရွေးကောက်ပွဲရှိနေသဖြင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုမှာ အလွန်အရေးပါနေကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။

“၂ဝ၁၅ မှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးက အရေးကြီးဆုံးနှစ်လို့ ပြောလို့ရတယ်။ ၂ဝ၁၅ က နိုင်ငံအေးချမ်းဖို့အတွက်က အဓိကပဲလေ။ ရွေးကောက်ပွဲနှစ်လည်းဖြစ်တယ်။ ရွေးကောက်ပွဲနှစ်ဆိုတာ တိုင်းပြည်ရဲ့ အလှည့်အပြောင်းနှစ်လည်း ဖြစ်တယ်။နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း သွားမလား၊ မသွားသေးဘူးလား ဆုံးဖြတ်ပေးမယ့် နှစ်ပဲ။ ပြည်သူရဲ့လိုလားတဲ့ ဆန္ဒတွေဖြစ်လာဖို့ လိုတယ်လေ။ ဒါ့ကြောင့် ဒီနှစ်က အရေး ကြီးတဲ့ နှစ်ပဲလေ။ ဒီနှစ်မှာ ကော်မတီအနေနဲ့ ပိုလုပ်ဖို့ရှိတာပေါ့”ဟု  ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြင့်က ပြောကြားသည်။

ဆက်လက်၍ ၎င်းက“တရားဥပဒေစိုးမိုးမှုရှိမှ တည်ငြိမ်မှုရှိမှာ။ တိုင်းပြည်တည်ငြိမ်မှ တိုင်းပြည်တိုးတက်မှာ။ နောက်တစ်ခုက ပြည်သူတွေက တည်ငြိမ်မှုမရှိလို့၊ အပစ်အခတ်ရပ်စဲရေး မရှိသေးလို့ ရွေးကောက်ပွဲရွှေ့ နိုင်တယ်လို့ မီဒီယာတွေအပါအဝင် ပြည်သူတွေက ပြောနေကြတာတွေရှိတယ်။ ပြည်သူတွေကလည်း သူတို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ ပြောနေတဲ့အခါကျတော့ ပြည်သူရဲ့ ထင်မြင်ယူဆချက်ကို မှားတယ်လို့လည်း သုံးသပ်လို့မသင့်ဘူး”ဟု ပြောကြားသည်။

တရားဥပဒေစိုးမိုးရေးဆိုသည်မှာ  လွှတ်တော်တစ်ခုတည်းလုပ်၍ မရကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရမှလည်း ပူးပေါင်းဆောင်ရွက်ရန် လိုသည်ဟု ဦးဝင်းမြင့်က ဆိုသည်။

“ကော်မတီက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လွှတ်တော်က ပေးတဲ့ တာဝန်ကျေပွန်အောင် အစွမ်းကုန်ကြိုးစားသွားမယ်။ လွှတ်တော်က ပေးထားတဲ့အထဲမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးလည်းပါတယ်။ တရားဥပဒေစိုးမိုးမှုရှိအောင် EU နဲ့ ပူးပေါင်းပြီး ရဲတွေကို လူစုလူဝေးထိန်းတတ်အောင်၊ ရပ်ရွာအေးချမ်းသာယာအောင် သင်တန်းတွေ ပေးနေတာလည်း ကော်မတီအနေနဲ့ လုပ်ဆောင်ချက်တွေကို တိုးမြှင့်လုပ်ဆောင်နေတာပါပဲ။ အန်ကယ်တို့ ကုလသမဂ္ဂတို့၊ ဥရောပသမဂ္ဂတို့နဲ့လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ဦးဝင်းမြင့်က ဆိုသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ တစ်နှစ်တာအတွင်း တိုင်ကြားစာပေါင်း ၇၂၇ဝ ရရှိပါကြောင်း၊ တရားစီရင်ရေးနှင့်စပ်လျဉ်း၍ ၃၅ဝဝစောင်၊ လယ်ယာမြေနှင့်စပ်လျဉ်း၍ ၂၅ဝဝ စောင်၊ အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ ၁၁၇ဝ စောင်၊ တပ်မတော်နှင့် စပ်လျဉ်း၍ ၁ဝဝ စောင်တို့ဖြစ်ကြောင်း ၎င်းကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။ တိုင် ကြားစာများအနက် တရားစီရင်ရေးနှင့် ပတ်သက်၍ တိုင်ကြားခဲ့သည်မှာ အများဆုံးဖြစ်သည်ဟု သိရသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုကလည်း မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးအခြေအနေသည် လွန်စွာအားနည်းနေပြီး တရားရေးနယ်ပယ်တွင် အဂတိလိုက်စားမှုများ လွှမ်းမိုးနေကြောင်း ပြောကြားထားသည်။       
Writer:
ဝေယံဖြိုးဦး

အချင်းများရာမှ အရပ်သားတစ်ယောက်ကို ရဲတပ်ဖွဲ့ဝင် ၄ ဦး ၀ိုင်းရိုက်

ရန်ကုန်၊ ဇန်န၀ါရီ ၇

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ ဂေါက်ကလပ် စားသောက်ဆိုင်အတွင်း ဇန်န၀ါရီ ၅ ရက်က ဖျာပုံ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် အရပ်သားဖြစ်သူ မောင်မြတ်မင်းတို့ အချင်းများရာမှ မောင်မြတ်မင်းမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ရဲတပ်ဖွဲ့ဝင် ၄ ဦး၏ ၀ိုင်းဝန်း ရိုက်နှက်မှုကြောင့် မောင်မြတ်မင်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်မြို့ ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှု ခံယူရလျက်ရှိရာ ရိုက်နှက်ခဲ့သူ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ဖျာပုံမြို့မရဲ စခန်း၌ လက်ရောက်မှု ပုဒ်မ ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း မောင်မြတ်မင်း၏ အစ်မဖြစ်သူ မနီလာဝင်းက ဇန်န၀ါရီ ၆ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

““သက်ဇော်အောင်ပါ ၄ ဦးကနေပြီးတော့ မိန်းကလေးကိစ္စပေါ့။ သူနဲ့စကားများပြီးတော့ အစ်မမောင်က အိမ်သာ ကို ထသွားတဲ့ အချိန်မှာ ၄ယောက်က ၀ိုင်းပြီးတော့ လိုက်ရိုက်တာပေါ့။ ဖျာပုံဆေးရုံကနေ ရန်ကုန်ကို လွှဲစာ ပို့လိုက်တယ်။ ဖျာပုံမြို့မ ရဲစခန်းက ရဲတွေဆိုတော့ စခန်းမှာတော့ ရှိမှာပေါ့။ အမှုပဲဖွင့်ထားတာ ရှိသေးတယ်”” ဟု မောင်မြတ်မင်း၏ အစ်မဖြစ်သူ မနီလာဝင်းက မြန်မာသံတော်ဆင့်ကို ပြောသည်။

ဖြစ်စဉ်မှာ ဖျာပုံ၊ ဂေါက်ကလပ် စားသောက်ဆိုင်တွင် ဇန်န၀ါရီ ၅ ရက် ည ၁၀ နာရီခန့်က မောင်မြတ်မင်း ဆိုသူက ၎င်းထိုင်နေသော ၀ိုင်းတွင် စားသောက်ဆိုင်မှ မိန်းကလေးကို ခေါ်ထားရာ တစ်ဖက် ၀ိုင်းတွင် ထိုင်နေသည့် ဖျာပုံမြို့မ ရဲစခန်းမှ ရဲအရာခံ သက်ဇော်အောင်ပါ ၄ ဦးက အဆိုပါ မိန်းကလေးအား လှမ်းခေါ်ရာမှ အချင်းများပြီး မောင်မြတ်မင်းအား ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

““အခုက စွပ်စွဲထားတာတော့ ၄ ယောက်ရှိတယ်။ အခုအမှု စစ်နေတုန်းပဲရှိတယ်။ ပုဒ်မ ၃၂၅/၁၁၄ (လက်ရောက်မှု)”” ဟု ဖျာပုံမြို့မ ရဲစခန်းမှ ဒုရဲအုပ် ဦးကြည်ထွန်းက မြန်မာသံတော်ဆင့်ကို ပြောသည်။

ရည်မွန်ဖြိုး

ြ မြန်မာသံတော်ဆင့်သတင်းဌာန-

Wednesday, January 7, 2015

ကျောက်မီးသွေးစက်ရုံ ဆောက်မည့် ကုမ္ပဏီ ထောက်ပံ့ငွေ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ လက်မခံ

Displaying P2150072.jpg
၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ချီတက်နေပုံ
ဓာတ်ပုံ - ယဉ်စနိုင်း/ Dawei Watch 

|Dawei Watch| မော်လမြိုင်၊ ဇန်န၀ါရီ ၆
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ (တပို့တွဲလပြည့်ကျော် ၁ ရက်နေ့) တွင် ကျရောက်သည့် ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားအတွက် Toyo-Thai ကုမ္ပဏီမှ ငွေကြေးထောက်ပံ့ရန် ကမ်းလှမ်းထားမှုကို လက်ခံမည်မဟုတ်ဟု မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ(ဗဟို) က ပြောသည်။
Toyo – Thai ကုမ္ပဏီသည် ရေးမြို့နယ်တွင် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။
ရေးမြို့တွင် ကျင်းပမည့် ယခုနှစ် မွန်အမျိုးသားနေ့အတွက် Toyo-Thai ကုမ္ပဏီမှ ငွေကျပ်သိန်း  ၁၅၀ ထောက်ပံ့ရန် ကမ်းလှမ်းခဲ့သော်လည်း မွန်အမျိုးသားစည်းလုံးညီညွတ်မှုကို ရှေ့ရှုပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ ကျင်းပခဲ့သည့် သတ္တမအကြိမ် မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ (ဗဟို) အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
“အခုလက်ရှိက ကျောက်မီးသွေးစက်ရုံက ပတ်ဝန်းကျင်ထိခိုက်တယ်ဆိုပြီး ပြည်သူတွေက မြင်ပြီးတော့ ကန့်ကွက်နေကြတယ်၊ ပြည်သူတွေရဲ့ အမြင်ကို လေးစားရမယ်လေ၊ စည်းလုံးညီညွတ်ရေး ထိခိုက်မှာကြောက်လို့ ဒါကို လက်မခံဖို့ ဆုံးဖြတ်ကြတယ်” ဟု ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ (ဗဟို) ဥက္ကဌ နိုင်ကျော်စိုးက ပြောသည်။
မွန်အမျိုးသားနေ့ (ဗဟို) အတွက် Toyo-Thai  ကုမ္ပဏီ၏ ကမ်းလှမ်းထားမှုတွင် ငွေကျပ်သိန်း (၁၅၀) ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျောက်မီးသွေးနှင့် ပတ်သက်၍ သိလိုသည်များကို ရှင်းလင်းဖြေကြားခွင့်ရရန်အတွက် အခမ်းအနားကျင်းပရာ ကွင်းပြင်ဧရိယာ အတွင်းတွင် ပြခန်းနှင့် ရှင်းလင်းဆောင်တစ်ခု တည်ဆောက်ခွင့်ပြုရန်လည်း ပါရှိသည်။
ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီးတွင် တည်ဆောက်ရန် လျာထားသည့် ၁၂၈၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဒေသခံတို့ ကန့်ကွက်လျက်ရှိပြီး Toyo-Thai  ကုမ္ပဏီကလည်း ယင်းစီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိသည်။
၎င်းပြင် မွန်ပြည်သစ်ပါတီကလည်း ယင်းကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံစီမံကိန်းကို ဒေသခံပြည်သူလူတို့နှင့်အတူ ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်နေ့က ဒေသခံပြည်သူလူထုတို့နှင့် တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ကာ ၄င်းတို့၏ သဘောထားကို ပြောကြားခဲ့သည်။
ရေးမြို့တွင် ကျင်းပမည့် ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို နယ်မြေစီးပွားရေးအခြေအနေကြောင့် ယမန်နှစ်ကဲ့သို့ အကုန်ကျခံ ကျင်းပနိုင်မည်မဟုတ်သော်လည်း အခမ်းအနားကို စည်းကားစွာဖြင့် ကျင်းပသွားမည်ဟု မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) မှ သိရသည်။
အခမ်းအနားတွင် မွန်တေးဂီတ၊ မွန်ဇာတ်သဘင်ပွဲ၊ မွန်ရိုးရာအကများဖြင့် ဖျော်ဖြေပေးသည့်အပြင် စာပေပြိုင်ပွဲများ၊ လှေလှော်ပြိုင်ပွဲ၊ ဘောလုံးပွဲ၊ မာရသွန်ပြေးပွဲ စသည့် ပျော်ပွဲ ရွှင်ပွဲများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
သမလ၊ ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ကျင်းပလာခဲ့ကြသည်။
Dawei Watch

ပြင်သစ်ဂျာနယ်တိုက် ပစ်ခတ်မှု ၁၀ ဦးကျော် သေဆုံး

 

ပြင်သစ်နိုင်ငံက သရော်စာတွေရေးတဲ့ အပတ်စဉ်ထုတ် Charlie Hebdo မဂ္ဂဇင်းတိုက်မှာ ပစ်ခတ်မှု ဖြစ်သွားခဲ့တာမှာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၁၀ ဦးလောက် ထိခိုက် ဒဏ်ရာရသွားတယ်လို့ ပြင်သစ်အရာရှိတွေက ပြောပါတယ်။

သတင်းစာတိုက်ရှိတဲ့ အဆောက်အဦးထဲကို သေနတ်သမား ၃ ဦး ၀င်လာပြီး မောင်းပြန်သေနတ်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ သေနတ် သမားတွေဟာ ထွက်ပြေး လွတ်မြောက်သွားကြတယ်လို့ ဆိုပါတယ်။

မဂ္ဂဇင်းအယ်ဒီတာ Stephane Charbonnier နဲ့ အနည်းဆုံး ကာတွန်းဆရာ ၃ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ကြောင်း ပြင်သစ်သမ္မတ Francois Hollande က ပြစ်တင် ရှုတ်ချလိုက်ပြီး ပဲရစ်မြို့မှာ အကြမ်းဖက်မှု သတိပေးချက် အမြင့်ဆုံးအဆင့်ကို ထုတ်ပြန်ထားပါတယ်။

ဘယ်အကြမ်းဖက် တိုက်ခိုက်မှုကမှ သတင်းလွတ်လပ်ခွင့် ပျောက်ကွယ်သွားအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုပြီး သတင်း မီဒီယာ လွတ်လပ်ခွင့်အပေါ် သမ္မတ Hollande က ကာကွယ် ပြောကြားလိုက်ပါတယ်။ လက်ဝဲယိမ်းတဲ့ ဒီသတင်းစာတိုက်အနေနဲ့ တခါတလေမှာ မလေးမစား ဖြစ်သွားစေတဲ့ ရေးသားမှုတွေကြောင့် ဘာသာရေးနဲ့ ယဉ်ကျေးမှု အဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်ခြင်း မကြာခန ခံနေရတာလည်း ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်တုန်းကလည်း တမန်တော် မိုဟာမက်ရဲ့ ကာတွန်းပုံကို သတင်းစာမျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့အတွက် ဒီသတင်းစာတိုက်ကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်မှု ဖြစ်သွားခဲ့ပါသေးတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အိန္ဒိယကွန်ဂရက်ပါတီဝင် ခေါင်းဆောင်၏ဇနီး အဆိတ်ခတ် ခံရမှုကြောင့် သေဆုံးဟုဆို


စုနန်ဒါ ပွတ်ရှ်ခါ (ဓာတ်ပုံ - abplive)
အိန္ဒိယ အတိုက်အခံပါတီ ဖြစ်တဲ့ ကွန်ဂရက်ပါတီက ခေါင်းဆောင်တဦးဖြစ်သူ နိုင်ငံရေးသမား ရှရှိသာရိုး (Shashi Tharoor) ရဲ့ ဇနီးဖြစ်သူ စုနန်ဒါ ပွတ်ရှ်ခါ (Sunanda Pushkar) ဟာ အဆိပ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ အိန္ဒိယရဲမင်းကြီး ဘီအက်စ် ဘက်စီ(BS Bassi) က ပြီးခဲ့တဲ့ ဇန်န၀ါရီ ၆ ရက်နေ့က ပြောပါတယ်။

ဒေသခံမီဒီယာတွေကတော့ သာရိုးဟာ ပါကစ္စတန်အခြေစိုက် သတင်းထောက်တွေနဲ့ ပတ်သက်နေတယ်ဆိုတဲ့ အဆိုပြုချက်ကို တွစ်တာလူမှုကွန်ရက်ပေါ်တင်အပြီး ရက်ပိုင်းအတွင်း နယူးဒေလီက ဟိုတယ်ခန်းထဲမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက သေဆုံးနေတာကို တွေ့ခဲ့တာလို့ အစီရင်ခံပါတယ်။

သူသေဆုံးမှုအပြီး ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တဲ့ ရင်ခွဲစစ်ဆေးမှုထဲမှာတော့ စိတ်ကျရောဂါ သက်သာစေတဲ့ဆေးတွေကို အလွန်အကျွံ သောက်မိလို့ သေဆုံးတာ ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

ရဲတွေကတော့ ပွတ်ရှ်ခါ သေဆုံးနေတဲ့ ဟိုတယ်ခန်းထဲက သုံးပြီးသား အယ်လ်ပရက်ဇ်လို့ သိကြတဲ့ ဆေးကတ်ကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။

ဒီဆေးဟာ စိတ်သောက၊ အအိပ်မမှန်မှုနဲ့ စိတ်ဓာတ်ကျမှုတွေကို ခံစားနေရတဲ့ လူနာတွေ သောက်လေ့ရှိတဲ့ ဆေးဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်း ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ ဆေးလည်း ဖြစ်ပါတယ်။

မနှစ်က တနှစ်လုံး သေဆုံးမှု အကြောင်းရင်းကို မေးခွန်းတွေ ထုတ်ခဲ့အပြီး ဒေလီရဲတွေက ဒီသေဆုံးမှုဟာ သဘာဝမကျဘူးလို့ ဇန်န၀ါရီ ၆ ရက်နေ့ကမှ အတည်ပြုခဲ့ပါတယ်။

ပွတ်ရှ်ခါရဲ့ မောင်နှမဝမ်းကွဲ အရှုတ်ခ်ကူးမားကတော့ သူဟာ အသတ်ခံရတာ ဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ နှောင့်နှေးခဲ့တယ်လို့ ပြောပါတယ်။

ပွတ်ရှ်ခါတို့ ဇနီးမောင်နှံဟာ ၂၀၁၀ ခုနှစ်က လက်ထပ်ခဲ့တာ ဖြစ်ပြီး ၂ ယောက်လုံးရဲ့ တတိယအကြိမ်မြောက် အိမ်ထောင်လည်း ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/76264

ဟိန္ဒားသတ္တုတွင်းအမှုကို ဆက်လက်စစ်ဆေးရန် ကြားဖြတ်အမိန့်ချ

Displaying DSCF2313.JPG
 ဓာတ်ပုံ - ရဲထွဋ် / Dawei Watch

|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် စည်းကမ်းမဲ့စွန့်ပစ်မြေစာများကြောင့် ဆုံးရှုံးမှုများကို တာဝန်ယူမဖြေရှင်းပေးသဖြင့် ဒေသခံများက အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနှင့် မြန်မာပွန်ပီပက်ကုမ္ပဏီတို့ကို တရားစွဲဆိုထားသည့်အမှုကို ဆက်လက်စစ်ဆေးရန်အတွက် ထားဝယ်ခရိုင်တရားရုံးမှ ဇန်န၀ါရီလ ၇ ရက်နေ့တွင် ကြားဖြတ်အမိန့်ချမှတ်လိုက်ကြောင်း တရားလိုအကျိုးဆောင်ရှေ့နေများထံမှ သိရသည်။
ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ၏ စည်းကမ်းမဲစွန့်ပစ်သည့်မြေစာများကြောင့် ထိခိုက်ဆုံးရှုံးမှုကို တာဝန်ယူ မဖြေရှင်းပေးသဖြင့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရှိ ဟိန္ဒားသတ္တုတွင်းတွင် သတ္တုတူးဖော်နေသည့် မြန်မာပွန်ပီပက်ကုမ္ပဏီ တို့ကို မြောင်းပြိုကျေးရွာ ဒေသခံ ၉ ဦးက ၂၀၁၄ ခုနစ် မေလက တရားစွဲဆိုထားခြင်း ဖြစ်သည်။
“ပြီးခဲ့တဲ့ ရုံးချိန်းက တင်ပြခဲ့တဲ့ နှစ်ဖက်လျှောက်လဲချက်တွေအပေါ်မှာ အမှုကို ဆက်စစ်ဖို့ ကြားဖြတ် အမိန့်ချလိုက်တာပါ” ဟု တရားလို အကျိုးဆောင်ရှေ့နေက ပြောသည်။
ရုံးချိန်း ၂၀ ကြိမ်မြောက်တွင် ယခုကဲ့သို့ ကြားဖြတ်အမိန့်ချခဲ့ခြင်းဖြစ်ပြီး လာမည့် ဇန်န၀ါရီလ ၂၁ ရက်နေ့ပြုလုပ်မည့် ၂၁ ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုများကို စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း တရားလိုများနှင့် ၎င်းတို့၏ အကျိုးဆောင်ရှေ့နေထံမှ သိရသည်။
“ဒီနေ့ ရုံးချိန်းက အဆုံးအဖြတ်ပဲလို့ သိထားတယ်။ အမှုကို ပလပ်မလားလို့ စိုးရိမ်နေတာ။ အခုလိုမျိုး ဆက်စစ်မယ်လို့ အမိန့်ချလိုက်တော့ ပျော်တာကတော့ အတိုင်းအထက်အလွန်ပါပဲ” တရားစွဲရာတွင် ပါဝင်သူ မြောင်းပြိုဒေသခံတစ်ဦးက ပြောသည်။
တရားပြိုင်ဘက်မှ အမှုမှာ တရားစွဲရန် မလိုအပ်ကြောင်း၊ ထိခိုက်ပျက်စီးမှုမှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ယခုမှ တရားစွဲဆိုခြင်းမှာလည်း ကာလစည်းကမ်း တစ်နှစ်ထက်ကျော်လွန်နေကြောင်း၊ အစိုးရဌာနထံသို့ ပေးပို့သည့် သတိပေးစာတွင်လည်း မန်နေဂျာနာမည်ဖြင့်ပေးပို့ထားခြင်းကြောင့် ဌာနနှင့်သက်ဆိုင်ခြင်းမရှိသဖြင့် တရားမ၀င်ကြောင်း စသဖြင့် လျှောက်လဲခဲ့သည်ဟု တရားလိုများက ပြောသည်။
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ဥယျာခြံမြေများဆုံးရှုံးနေခြင်းကြောင့် တရားစွဲဆိုသင့်သည့် အမှုဖြစ်ပြီး ထိခိုက်ပျက်စီးမှုများမှာ ကုမ္ပဏီမှ စတင်လုပ်ဆောင်ချိန်မှ စ၍ ဆက်တိုက်ဖြစ်ပွားလာကြောင်း၊ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း တိုင်းဒေသကြီးမန်နေဂျာထံပေးပို့သည့် သတိပေးစာတွင်လည်း မန်နေဂျာနာမည်နှင့် ဌာန ပူးတွဲပါရှိပြီးဖြစ်သည့်အတွက် ဌာနကို ကိုယ်စားပြုပေးပို့ခြင်းဖြစ်ကြောင်း ပြန်လည်ချေပခဲ့သည်ဟု တရားခွင်တွင်ကြားခဲ့ရသည်များကို တရားလိုများက ပြောဆိုသည်။
ထားဝယ်ခရိုင်တရားရုံးထုတ်ပြန်ထားသော ပဏာမ ငြင်းချက် သုံးချက်ဖြစ်သည့် “ယခုအမှုကို တရားစွဲဆိုရန်အကြောင်းအရင်း ပေါ်ပေါက်ခြင်း မရှိဆိုခြင်းမှာ မှန်/မမှန်”၊ “ယခုအမှုမှာ ကာလစည်းကမ်းထက် ကျော်လွန်နေသည်ဆိုခြင်းမှာ မှန်/မမှန်”၊ “အစိုးရထံပို့သည့် notice သည် တရားမ၀င်ဟုဆိုခြင်းမှာ မှန်/မမှန်” တို့အပေါ်တွင် တရားလိုဘက်ကို အနိုင်ပေးကာ ဆက်လက်စစ်ဆေးရန် ကြားဖြတ်အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း တရားလိုအကျိုးဆောင်ရှေ့နေထံမှ သိရသည်။
မြန်မာပွန်ပီပက်ကုမ္ပဏီမှ စည်းကမ်းမဲ့စွန့်ပစ်သည့်မြေစာများကြောင့် မြစ်ချောင်းတိမ်ကောခြင်း၊ ရေနေသတ္တ၀ါနှင့် အပင်များ မျိုးတုန်းခြင်း၊ နေအိမ်၊ ဥယျာဉ်ခြံမြေနှင့်ရေတွင်း၊ ရေကန်များ၊ သာသနိကအဆောက်အဦများ ပျက်စီးဆုံးရှုံးခြင်း တို့ကို ကြုံတွေ့နေရကြောင်း မြောင်းပြိုဒေသခံများက ပြောသည်။

Dawei Watch

ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ကြိုးပေးသေဒဏ်ချမှတ်


သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)
၂၀၁၃ခုနှစ် အောက်တိုဘာ(၁၁)ရက်နေ့ ညပိုင်းက တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေဟာ ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရားခံ စောထွန်းထွန်းကို ဒီနေ့ ဇန်န၀ါရီ (၇)ရက်နေ့က တောင်ငူခရိုင် တရားရုံးမှာ ပြစ်မှု ဥပဒေ ပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန်၊ဥပဒေပုဒ်မ-၃၂၆ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၅)နှစ်ကျခံစေရန်၊ ပုဒ်မ-၃၂၄ အရ ထောင်ဒဏ်(၂)နှစ်ကျခံစေရန် တောင်ငူခရိုင်ဒုတိယခရိုင်တရားသူကြီး(၂)က အမိန့်ချမှတ်ခဲ့ကြောင်း ခရိုင်တရားရုံှး တရားသူကြီးတဦးက DVBကို ပြောကြားပါတယ်။

သေဒဏ်အမိန့်ကို အတည်ပြုနိုင်ဖို့အတွက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို (၇)ရက်အတွင်း အတည်ပြုမိန့် တောင်းခံရန် တင်ပြသွားဖို့ ရှိပြီး သေဒဏ်အမိန့်ချမှတ်ခံရသူ စောထွန်းထွန်းအနေနဲ့ လည်း (၇)ရက်အတွင်း အယူခံနိုင်ကြောင်း သိရှိရပါတယ်။

စောထွန်းထွန်းကို ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ကလည်း ဒုခရိုင် တရားရုံး (၂)ကနေ ၁၉၈၀ခုနှစ် ပေါက်ကွဲစေတတ်သောအက်ဥပဒေပုဒ်မ (၃)နဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ထားခဲ့ပါသေးတယ်။

DVB TV News

ပျောက်ဆုံး AirAsia လေယာဉ် အမြီးပိုင်းတွေ့

 
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်အတွင်း ဒီဇင်ဘာလ ၂၈ ရက်နေ့က ပျက်ကျသွားခဲ့တဲ့ AirAsia လေကြောင်းအမှတ် ၈၅၀၁ ရဲ့ လေယာဉ်အမြီးပိုင်းကို တွေ့ပြီလို့ အင်ဒိုနီးရှား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Black Box လို့ခေါ်တဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်တဲ့ ကိရိယာပါတဲ့ လေယာဉ်အမြီးပိုင်းကို တွေ့ပြီဖြစ်တဲ့အကြောင်း အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက သတင်းထောက်တွေကို ဒီကနေ့ ပြောလိုက်တာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကို နေရာတိုးချဲ့ရှာဖွေမယ့်အကြောင်း အင်္ဂါနေ့မှာ ပြောဆိုအပြီး လေယာဉ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းကို တွေ့ရှိကြောင်း သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။ လေယာဉ် ဘယ်လို ပျက်ကျသွားတယ်ဆိုတာနဲ့ ပတ်သက်လို့ အဲဒီ လေယာဉ်ပျံသန်းမှု မှတ်တမ်းကတဆင့် သိနိုင်ဖို့ ကြိုးစား အဖြေရှာကြမှာ ဖြစ်ပါတယ်။

Borneo ကျွန်း ကမ်းလွန်ပင်လယ်ပြင်ထဲ ပျက်ကျသွားတဲ့ အဲဒီလေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၆၂ ဦး ပါသွားတာ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကနေ အသက်ရှင် ကျန်ရစ်သူ တယောက်မှ မတွေ့ရတော့ဘဲ အခုချိန်ထိ ၃၉ လောင်းပဲ ပြန်တွေ့ပါသေးတယ်။ ပြန်တွေ့တဲ့ အလောင်းတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ သြစတြေးလျနိုင်ငံက မှုခင်း ဆေးပညာရှင်တွေက အင်ဒိုနီးရှားအစိုးရကို ကူညီပေးနေပါတယ်။

သာမှန်အားဖြင့် ၂ နာရီလောက်သာကြာမယ့် အင်ဒိုနီးရှားနဲ့ စင်ကာပူအကြား ပျံသန်းနေတဲ့ AirAsia လေကြောင်းလိုင်းပိုင် Airbus 320 အမျိုးအစား လေယာဉ်ဟာ ခရီးတ၀က်လောက်အရောက်မှာ ဘေးအန္တရာယ် ကျရောက်တယ်ဆိုတဲ့ သတိပေး အကြောင်းကြားခြင်း မရှိဘဲ ရုတ်တရက် ရေဒါပေါ်ကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)