Pages

Saturday, February 21, 2015

မတ်လလယ် အပစ်ရပ်ဆွေးနွေးပွဲပြန်စရန် သဘောတူ

ယူပီဒဗလျူစီနှင့် အန်စီစီတီ ချင်းမိုင်းတွင် ဆွေးနွေးစဉ်
 ယူပီဒဗလျူစီနှင့် အန်စီစီတီ ချင်းမိုင်းတွင် ဆွေးနွေးစဉ်

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ (ယူပီဒဗလျူစီ) နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ လာမယ့်မတ်လလယ်မှာ နှစ်ဘက်အပစ်ရပ်ဆွေးနွေးပွဲ ပြန်စဖို့ ဒီနေ့ သဘောတူလိုက်ကြပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကထဲကရပ်တန့်နေတဲ့ နှစ်ဘက်ဆွေးနွေးပွဲတွေပြန်စဖို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ အန်စီစီတီအဖွဲ့ခေါင်းဆောင်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ အလုပ်အဖွဲ့တို့ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတာလို့ ငြိမ်းချမ်းရေးစင်တာအဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။
“အခု ဒီနေ့ကျနော်တို့ပြောနိုင်တာကတော့ နံပါတ်တစ်က ရန်ကုန်မှာ မတ် ၁၂ ရက်နေ့နောက်ပိုင်း ဆွေးနွေးပွဲတွေ လုပ်ကိုလုပ်မယ်ဆိုတာကို အန်စီစီတီခေါင်းဆောင် ၃ ယောက်စလုံးက မူအားဖြင့် သဘောတူပြီးဖြစ်တယ်။ နောက် ဆွေးနွေးပွဲကျင်းပမယ့် ပုံသဏ္ဌာန်တွေကိုလည်း အရင်တပတ် ၀န်ကြီးဦးအောင်မင်းနဲ့ ညှိနှိုင်းထားတာကို သူတို့အနေနဲ့ သဘောတူပြီးဖြစ်တယ်”
ဒီနေ့ဆွေးနွေးပွဲကို အန်စီစီတီဘက်က အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ပဒိုကွယ်ထူးဝင်းနဲ့ ဗိုလ်ချုပ်ဂွန်မော်တို့ ဦးဆောင်တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးစင်တာဘက်က ဦးလှမောင်ရွှေ၊ ဒေါက်တာတင်မောင်သန်းတို့ ဦးဆောင်တက်ရောက်ခဲ့ကြတာပါ။
ဆွေးနွေးပွဲတက်ခဲ့တဲ့ အန်စီစီတီအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက အခုဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအပါအ၀င် အခြေအနေအားလုံးကို ထိန်းနိုင်ဖို့က နှစ်ဘက် ဆွေးနွေးပွဲ ပြန်စမှပဲ ဖြစ်မယ်လို့ ပြောပါတယ်။
“အခုတလော တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ အနေအထားပေါ်မှာ ဒီအခြေအနေတွေ အားလုံးကို ထိန်းနိုင်ဖို့ဆိုတဲ့ ထွက်ပေါက်ကတော့ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ဆက်ဖြစ်ရေးပဲ။ အဲ့ဒါမှပဲ အခြေအနေကို ထိန်းသွားလို့ရမယ်၊ အဲ့လိုသဘောထားရှိတယ်။”
မတ်လလယ် ပြန်ကျင်းပမယ့် နှစ်ဘက် အပစ်ရပ် ဆွေးနွေးပွဲကို လေးငါးရက်လောက် အချိန်ယူ ဆွေးနွေးရမယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် ချင်းမိုင်ဆွေးနွေးပွဲမှာ ပြည်ထောင်စုနေ့အပြီး တပတ်အတွင်း ရန်ကုန်မှာ နှစ်ဘက်တွေ့ဆုံဆွေးနွေးကြဖို့ သဘောတူထားခဲ့ကြပေမယ့် ဆွေးနွေးပွဲ မဖြစ်မြောက်ခဲ့ဘဲ ဒီအပေါ် စောင့်ကြည့်နေတဲ့ ပြည်သူတွေအနေနဲ့ စိတ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ လာမယ့် ၇ ကြိမ်မြောက်ဆွေးနွေးပွဲမှာ ပါလာလိမ့်မယ်လို့ အန်စီစီတီခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ဟံသာက ပြောပါတယ်။
“ယူပီဒဗလျူစီနဲ့ အန်စီစီတီတို့ ဆွေးနွေးပွဲက အပျက်ခံလို့ မရဘူး။ ဒါကို ဆက်ဆွေးနွေးရမယ်။ အဲ့ဒီလို ဆွေးနွေးတဲ့အခါကျရင် ဒီကိစ္စတွေ (တိုက်ပွဲဖြစ်နေတာတွေ) ပါလာလိမ့်မယ်။ ဒီကိစ္စ ဒီပြဿ   နာတွေက နောက်ဆုံးမှာတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အောင်မြင်သွားရင် ဒီကိစ္စကို ထိန်းထားလို့ရမယ်လို့ ယုံကြည်တယ်။”
ယူပီဒဗလျူစီနဲ့ အန်စီစီတီတို့အကြား ကြားကာလ တပ်နေရာ ချထားရေးဆိုင်ရာနဲ့ ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေး စတဲ့ အချက်တချို့ ဆွေးနွေးညှိနှိုင်းဖို့ ကျန်ရှိနေတာဖြစ်ပါတယ်။
ရွှေအောင် DVB

အမျိုးသမီး ၂၉ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၅၃၅ နှစ်ချမှတ်



ဂျိုဟန်နက်စ်ဘာ့ဂ် ၊ ၂၁-၂-၂၀၁၅

တောင်အာဖရိ နိုင်ငံမှ တရားရုံး တစ်ရုံးသည် အမျိုးသမီး ၂၉ ဦးကို အဓမ္မ ပြုကျင့်ခဲ့သည့် အမျိုးသား တစ်ဦးကို ထောင်ဒဏ် ၁၅၃၅ နှစ် ချမှတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်။

အသက် ၃၅ နှစ်အရွယ် အဲလ်ဘတ်မိုရာကေ အမည်ရှိ အမျိုးသားသည် အဆိုပါ ပြစ်မှုများကို ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်း ကျူးလွန်ခဲ့ခြင်း ဖြစ်ပြီး တရားရုံးက ၄င်းကို ဓားပြမှု၊ ပြန်ပေးဆွဲမှု နှင့် လူသတ်ရန် ကြံစည် အားထုတ်မှု အပါအဝင် အခြားပြစ်မှု ၁၄၄ မှုဖြင့် ပြစ်ဒဏ်ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း The Times နေ့စဉ်ထုတ် သတင်းစာ တွင် ဖော်ပြ ထားသည်။

မိုရာကေ သည် အမျိုးသမီး များကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ရာတွင် သေနတ်ကို အသုံးပြု ခဲ့ပြီး ၄င်း ကျူးလွန်ခဲ့သည့် ပြစ်မှုများ အတွက် နောင်တ ရရှိသည်ကို ပြသခဲ့ခြင်း မရှိကြောင်း၊ ထို့ပြင် အနိုင်ကျင့် ခံရသည့် အမျိုးသမီး များကို နောင်တွင် ယင်းသို့ အဓမ္မ ပြုကျင့်ခြင်း မခံရအောင် မည်သို့ ကာကွယ် ရမည်နှင့် စပ်လျဉ်း၍ လည်း မောက်မာစွာဖြင့် ပြောဆို ဆက်ဆံ ခဲ့ကြောင်း တရားသူကြီး ရီယန်စတရိုင်ဒန် က ပြောကြား ခဲ့သည်။

တောင်အာဖရိက နိုင်ငံ၏ ဥပဒေ အရ မိုရာကေ သည် ထောင်ဒဏ် ၂၅ နှစ်ကျခံပြီး မှသာ အာမခံ လျှောက်ထား နိုင်မည် ဖြစ်ကြောင်း သိရသည်။

‎PyiChitThar‬

သောက်သုံးရန်မသင့်သည့် ရေသန့် ၇၃ မျိုး အစိုးရထုတ်ပြန်

သောက်သုံးရန်မသင့် ရေသန့်အမျိုးအစားများ






  ပြည်သူများအကြား ဝေဖန်မှုတွေ ရှိနေတာကြောင့် သောက်သုံး ရန်မသင့်တဲ့  ရေသန့် ၇၃ မျိုးကို အစိုးရက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

  သောက်သုံး ရန်မသင့်တဲ့ ရေသန့်တွေကို ကျန်းမာရေး ၀န်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အရည်အသွေး မီ မမီ စစ်ဆေးထားခြင်း မရှိတဲ့အတွက် ရေသန့်အရည်အသွေး အာမခံချက် မရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ေ သောက်သုံးဖို့မသင့်ဖို့ ကြေညာတဲ့ ရေသန့်တွေထဲမှာ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်း ဒေသကြီး လိပ်စာတွေနဲ့ ထုတ်ဝေနေတဲ့ Zhulian အမျိုးအစား ၁၃ မျိုး၊
အနှိုင်းမဲ့သောက်ရေသန့်၊ ဧရာဝတီတိုင်းက Beyond Water သောက်ရေသန့်၊
 ရန်ကုန်တိုင်းဒေသကြီးမှာ ထုတ်ဝေနေတဲ့ Apolo၊ ရပ်မိရပ်ဖ၊ Seven Elevenနဲ့ OMIZU သောက်ရေသန့်၊ မန္တလေးတိုင်း ဒေသကြီးမှာ ထုတ်ဝေနေတဲ့ Star Sky Blue၊ လွင်မင်းခန့်၊ အောင်၊၊ So Pyay ၊ BA၊ ရွှေယမင်းနဲ့ ရွှေ့မြို့တော် သောက်ရေသန့်အပါအ၀င် ၇၃ မျိုးကို ကြေညာတာ ဖြစ်ပါတယ်။

မနှစ်ကပြုလုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာတမ်းဖတ်ပွဲတခု အတွင်း မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ ရေသန့် ၂၀ ကျော်ဟာ သောက်သုံးရန်မသင့်ဘူးလို့ ဖော်ပြပါရှိခဲ့ပြီးတဲ့နောက် ပြည်သူတွေက ဘယ် ရေသန့်တွေ သောက်ဖို့ မသင့်ဘူးလဲဆိုတာ ထုတ်ပြန်ကြေညာပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုထုတ်ပြန်လိုက်တဲ့ သောက်သုံးဖို့မသင့်တဲ့ သောက်ရေသန့်အမျိုးအစားတွေကတော့ အဲ့ဒီစာတမ်းပါ သောက်ရေသန့် ဟုတ် မဟုတ် မပြောနိုင်ဘဲ အစားအသောက်ဆေးဝါးကွပ်ကဲစစ်ဆေးရေးဌာနက ပုံမှန်စစ်ဆေးတွေ့ရှိတာကို ထုတ်ပြန်တာသာဖြစ်ကြောင်း အဲ့ဒီဌာနက ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောပါတယ်။

ေ သောက်သုံးဖို့မသင့်တဲ့ သောက်ရေသန့် ထုတ်လုပ်သူတွေကို စက်ရုံပိတ်သိမ်းတဲ့အထိ အရေးယူဖို့ လုပ်ဆောင်ထားတယ်လို့ သူက ပြောပါတယ်။

“အဲ့ဒီရေသန့်လိပ်စာပါတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို ကျနော်တို့က ဒီဟာတွေ  ဆက်လက်အရေးယူပေးဖို့ အကြောင်းကြားထားပါတယ်။ အရေးယူတဲ့နေရာမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရေးယူမှုနဲ့ဥပဒေအရအရေးယူတာ နှစ်ပိုင်း ရှိတာပေါ့နော်။ အဲ့ဒီတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရေးယူတာကို သက်ဆိုင်ရာ တိုင်း ခရိုင်မြို့နယ် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီကို လုပ်ပိုင်ခွင့် ပေးထားပါတယ်။ သက်ဆိုင်ရာတိုင်း ခရိုင် မြို့နယ် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတွေက အဲ့ဒီစက်ရုံတွေကို ပိတ်သိမ်းပိုင်ခွင့် ရှိပါတယ်။”
သူပြောသလို သောက်သုံးရန်မသင့်တဲ့ သောက်ရေသန့်စက်ရုံတွေ ပိတ်သိမ်းခြင်း ရှိ မရှိ စောင့်ကြည့်ရမှာဖြစ်ပြီး ကျန်းမာရေးအစားအသောက်စစ်ဆေးရေးဌာန စာရင်းဇယားတွေအရ ပြည်တွင်းမှာ ထုတ်လုပ်ဖြန့်ချိနေတဲ့ သောက်ရေသန့်အမျိုးအစားပေါင်း ၈၀၀ ကျော် ရှိပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

ကိုးကန့်တိုက်ပွဲ တရုတ်စစ်သားဟောင်းများ ပါဝင်ဟု ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးပြော

 
သတင်းဓာတ်ပုံ – မြတ်သူရ 

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ လောက်ကိုင် တိုက်ပွဲဖြစ်စဉ်တွေမှာ တရုတ်စစ်သား ဟောင်းတွေ ပါဝင်သလို (ယူဒဗလျူအက်စ်အေ) ၀တပ်ဖွဲ့ပိုင် လက်နက်စက်ရုံက ထုတ်တဲ့ လက်နက်တွေလည်း သိမ်းဆည်း ရမိတယ်လို့ ကာကွယ်ရေး ဌာနက ပြောပါတယ်။

ဒါ့အပြင် တရုတ်စစ်သား ဟောင်းတွေက စစ်ရေး အကြံပေး၊ နည်းပြ၊ ကြေးစားစစ်သည် တနည်းနည်းနဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ကာကွယ်ရေးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ဓာတ်ပုံတွေနဲ့ ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

By ဒီဗွီဘီ

လောက်ကိုင်ဒေသတပ်မတော်သားများအတွက် ရခိုင်ပြည်နယ်မှ ကျပ်သိန်း ၁၅၀၀ ကျော် လှူဒါန်း

DSC03336
(စစ်တွေ) ဖေဖေါ်ဝါရီ ၁၉


တရုတ်ပြည်နယ်စပ်အနီးရှိ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း ကျဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့သော မြန်မာ့တပ်မတော်မှ ရဲဘော်များနှင့် ကျန်ရစ်သူ မိသားစုများအတွက် ငွေကြေးလှူဒါန်းပွဲ အခမ်းအနားတရပ်ကို ရခိုင်ပြည်နယ်အစိုးရက ကြီးမှူး၍ စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ဖေဖေါ်ဝါရီလ ၁၉ ကျင်းပ ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ရခိုင်ပြည်နယ်မှ ကျပ်သိန်း ၁၅၄၁ ကို ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရ ၀န်ကြီးများ၊ အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် အောင်လင်းဒွေး အပါအ၀င် တပ်မတော်မှ အရာရှိများ၊ လွှတ်တော်အမတ်အချို့နှင့် ဒေသခံ ပြည်သူ  ၂၀၀ ကျော် တက်ရောက်ခဲ့သည်။
ယခုအခမ်းအနားမှာ တိုင်းပြည်အတွက် အသက်ပေးလှူသွားသော စစ်သည်များ၏ ကျန်ရစ် မိသားစုများနှင့် တာဝန်ထမ်းဆောင်စစ်သည်များအား ဂုဏ်ပြုထောက်ပံ့သော အခမ်းအနား ဖြစ်ပါကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားသည်။
မြန်မာ့တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေစဉ် ယခု တိုက်ခိုက်မှု ပေါ်ပေါက်လာကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက ပြောကြားခဲ့သည်။
ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့ထိ ဖြစ်ပွားခဲ့သော လောက်ကိုင်ဒေသတပ်ပွဲတွင် မြန်မာ့တပ်မတော်မှ အရာရှိ ၅ ဦး၊ စစ်သည် ၄၂ ဦး အသက်ပေးခဲ့ရပြီး၊ အရာရှိ ၁၁ ဦးနှင့် စစ်သည် ၆၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တိုင်းမှူးက ကျေးဇူးတင်စကား ပြောကြားရာတွင် ထည့်ပြောကြားခဲ့သည်။
စံမောင်သန်း နိရဉ္စရာ

ဓာတ်အားခွဲရုံနှင့် ၅ မိုင်အကွာရှိကျောက်တော်မြို့နယ်မှ ကျေးရွာ ၄ ရွာ လျှပ်စစ်မီး ၂၄ နာရီရတော့မည်


Kyauk-Taw


စစ်တွေ၊ ဖေဖော်ဝါရီ ၂ဝ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ဓာတ်အားခွဲရုံနှင့် ၅ မိုင်အကွာကျေးရွာ ၄ ရွာကို ၂ဝ၁၅-၂ဝ၁၆ ဘက်ဂျတ် အတွင်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီ ယာက ပြောသည်။
“ဘယ်တော့လောက်စပြီးလင်းမယ်ဆိုတာတော့ မခန့်မှန်းနိုင်သေးဘူး။ အဲဒါက ပြည်နယ်က ဘက်ဂျတ်ချပေးမှပဲ သိရမယ်”ဟု မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝင်းက နိရဉ္စရာသို့ပြောသည်။
မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိတော့မည့် ကျောက်တော်ဓာတ်အားခွဲရုံနှင့် ၅ မိုင်အကွာ ကျေးရွာများမှာ ပုဏ္ဏားရွာ၊ ဘုရားပေါင်းရွာ၊ ကွမ်းအုံချောင်းရွာနှင့် တောင်ပေါက်ရွာတို့ဖြစ်ကြသည်ဟု ဆိုသည်။
အဆိုပါရွာများနည်းတူ မြို့နယ်တွင်းရှိ စံပြကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၃ဝဝ ကျော်ရှိသော အပေါက်ဝရွာနှင့် အနီး ဝန်းကျင်ရှိကျေးရွာတချို့ကိုလည်း ယခုနှစ်အတွင်း မဟာဓာတ်အားလိုင်းမှလျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူးပေးမည်ဟု သတင်း များထွက်ပေါ်နေသော်လည်း ယင်းမှာမဟုတ်မှန်ဟုဆိုသည်။
“လက်ရှိမှာတော့ မီးလင်းမယ့်အထဲ အပေါက်ဝရွာမပါသေးဘူးဗျ”ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝင်းက ပြောသည်။
အပေါက်ဝရွာသည် ကျောက်တော်ဓာတ်အားခွဲရုံနှင့် ၇ မိုင်ခွဲအကွာတွင်တည်ရှိသောကြောင့် လောလောဆယ် တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရနိုင်ခြေနည်းပါးနေခြင်းဖြစ်သည်ဟုဆိုသည်။
“အခုတော့ ရွာမှာ ပုဂ္ဂလိကမီးစက်နဲ့ဆိုတော့ အိမ်မှာ TV လည်းရှိတယ်ဆိုတော့ မီးခတစ်လကို ၁ သောင်းကျော်၊ ၂ သောင်းလောက်အထိပေးနေရတယ်။ မဟာဓာတ်အားလိုင်းကမီးရမယ်ဆိုရင်တော့ အဲလောက် မပေးရတော့ဘူးလို့ ထင်တာပဲ”ဟု အပေါက်ဝကျေးရွာမှ ဒေသခံဦးစံသာအောင်က နိရဉ္စရာသို့ပြောသည်။
အပေါက်ဝကျေးရွာနှင့် အနီးဝန်းကျင်မှ ကျေးရွာအချို့ကို မဟာဓာတ်အားလိုင်းမှလျှပ်စစ်မီးပေးနိုင်ရန်အတွက် ယင်းရွာတွင် 33 kVA ဓာတ်အားခွဲရုံငယ်တစ်လုံးတည်ဆောက်ရန် လျာထားထားသော်လည်း ယခုနှစ်တွင် ဘက်ဂျတ်အ နေအထားအရ မဖြစ်နိုင်သေးကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ဆိုသည်။
ကျောက်တော်မြို့ကို ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှစတင်ကာ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ၂၄ နာရီဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြို့တွင်းရှိ အိမ်ခြေပေါင်း ၁၈ဝဝ ခန့် လျှပ်စစ်မီးသုံးစွဲနိုင် နေပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
မာန်ယုကျော် (ရွှေဝမြေ) နိရဉ္စရာ

ကော့သောင်းမြို့ မလိဝမ်းလူသတ်မှု တစ်ရက်အတွင်း ဖမ်းမိ


|Dawei Watch|ကော့သောင်း၊ ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ၊ ရေပူစမ်းအနီး ဆီအုန်းခြံအတွင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လူသတ်မှု ကျူးလွန်သည်ဟုဆိုသော သားအဖ နှစ်ဦးကို  တစ်ရက်အတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်း ထံမှ သိရသည်။
အသတ်ခံရသူမှာ အမျိုးသမီး ဖြစ်သူထံမှ ပါရှိလာသော သားဖြစ်ပြီး လွန်ခဲ့သည့် ရက်များက အိမ်မှ ငွေ နှစ်ကြိမ် ခိုးယူခဲ့သောကြောင့် ပထွေးဖြစ်သူနှင့် သားဖြစ်သူတို့မှ ဖျားယောင်းခေါ်ကာ ရေပူစမ်းအနီး ဆီအုန်းခြံအတွင်း ဓားဖြင့် တစ်ယောက်တစ်လှည့်စီ မသေမချင်း ထိုးသတ်ခဲ့ကြောင်း ပြစ်မှုကျူးလွန်သည့် တရားခံများ၏ ထွက်ဆိုချက် ကိုးကားပြီး ကော့သောင်းမြို့ရဲစခန်းက သတင်းထုတ်ပြန်သည်။
သေဆုံးသူ လူငယ်မှာ အသက် ၁၄ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့သည့် သုံးလက ငွေကျပ် နှစ်သိန်း၊ လွန်ခဲ့သော ရက်သတ္တပတ်က ငွေကျပ် ၇၀၀၀ ကျော်နှင့် ထိုင်း ဘတ် ၆၀၀၀ ကျော် ခိုးယူကာ အိမ်မှ ထွက်သွားခဲ့ကြောင်း၊ ၎င်းကို ပန်းခြံအတွင်း တွေ့ရာမှ မလိဝမ်းသို့ ခေါ်ဆောင်ကာ အသင့်ပါလာသော ဓားမြှောင်ဖြင့် သတ်ပစ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက် အရသိရသည်။
ကော့သောင်းတွင် ယင်းလူသတ်မှု အပါအဝင် ၂ ရက်အတွင်း လူသတ်မှု ၃ မူဖြစ်ခဲ့သည့် အနက် ၂ မူကို တရားခံဖမ်းဆီးနိုင်ခဲ့ပြီး အော်ကြီးကျေးရွာတွင်ဖြစ်ပွားခဲ့သည့် လူသတ် တရားခံကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
Dawei Watch

လစ်ဗျား ကားဗုံးခွဲ တိုက်ခိုက်မှု ၃၀ထက် မနည်း သေဆုံး


လစ်ဗျားအစိုးရ ထိန်းချုပ်ထားတဲ့ Qubba မြို့မှာ တိုက်ခိုက်မှုဖြစ်။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅)
လစ်ဗျားနိုငံအရှေ့မြောက်ဒေသတွင်း ကားဗုံးဖေါက် တိုက်ခိုက်မှုအနည်းဆုံး သုံးကြိမ်ဖြစ်ပွါးခဲ့မှု အတွင်း လူပေါင်း အနည်းဆုံး ၃၀ လောက် သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့ သောကြာနေ့မှာ အစ္စလာမ်စစ်သွေးကြွတွေရဲ့ အမာခံနယ်မြေနားက နိုင်ငံတကာ အစိုးရအသိအမှတ်ပြု လစ်ဗျားအစိုးရ ထိန်းချုပ်ထားတဲ့ Qubba မြို့မှာ ဒီတိုက်ခိုက်မှုဖြစ်ပွါးခဲ့တာပါ။

လုံခြုံရေးဌာနအဆောက်အဦးဘေးနားက ဓါတ်ဆီဆိုင်မှာ ကားဗုံး တလုံး ပေါက်ကွဲခဲ့တယ်လို့ အာဏာပိုင်တချို့က ပြောပေမယ့် တချို့တွေကတော့ ဒီလုံခြုံရေးဌာန အဆောက်အဦးနဲ့ လစ်ဗျား ပါလီမန် ပြောခွင့်ရ နေအိမ်ကို သီးခြားတိုက်ခိုက်မှုတွေ ရှိတယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပါတ်သတ်လို့ ဘယ်သူကမှ သူတို့ လက်ချက်ဖြစ်တယ်ဆိုတာကို ပြောဆိုတာမျိုးမရှိသေးပါဘူး။

နယ်မြေချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ IS အဖွဲ့ကို သစ္စာခံတဲ့ တိုက်ခိုက်ရေး သမားတွေကြောင့် နိုင်ငံတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွါးနေတာပါ။ ၂၀၁၁ ခုနှစ်မှာ အာဏာရှင်ဟောင်း မိုမမ်ဂဒါဖီကို ရာထူးကဖြုတ်ချပြီးကတည်းက စစ်သွေးကြွတွေနဲ့ အစိုးရ နှစ်ရပ်ရှိနေတဲ့ လစ်ဗျားမှာ ခုချိန်ထိ တည်ငြိမ်မှု မရှိသေးဘဲ ဖြစ်နေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)

ကိုးကန့် စစ်အုပ်ချုပ်ရေး သတင်းသမားတွေ စိုးရိမ်

 
စစ်အုပ်ချုပ်ရေး လောက်ကိုင်ဒေသ။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅) 

တိုက်ပွဲဖြစ်ပွါးနေတဲ့ ရှမ်းပြည်နယ် လောက်ကိုင် ဒေသ ဘက်မှာ မြန်မာအစိုးရ စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲတွေအကြား သတင်းရယူဖို့ သွားမယ့် သတင်းသမားတွေကို တပ်မတော်ကနေ လုံခြုံရေး ယူပေးဖို့ မြန်မာဂျာနယ်လစ် ကွန်ယက် MJNကနေ တောင်းဆို လိုက်ပါတယ်။ လောလောဆယ်မှာ လောက်ကိုင်ဒေသကို  စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ငြိစွန်းမယ် ဆိုရင် စစ်ခုံရုံးက စစ်ဆေးသွားမှာဖြစ်တဲ့ အကြောင်းလည်း ဖော်ပြထား ပါတယ်။   လောက်ကိုင်နယ်မြေအတွင်းက စစ်ရေး နဲ့ သတင်းမီဒီယာ လှုပ်ရှားခွင့်တွေ အကြောင်းကိုတော့  ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန် က စုံစမ်းတင်ပြထားပါတယ်။

ရှမ်းပြည်နယ် ကိုးကန့် အထူးဒေသတွင်း စစ်ဥပဒေအရ အုပ်ချုပ်နေတဲ့ကာလမှာ  တရားစီရင်ရေးအပိုင်းက ပြစ်မှု ဥပဒေထဲမှာ သတင်းမီဒီယာပြစ်မှုတွေလည်း ပါဝင်နေပါတယ်။ အခုလိုစစ်အုပ်ချုပ်ရေးအရ ဒေသတွင်း သတင်းမီဒီယာကန့်သတ်မှု ခံနေရတဲ့အပေါ်မှာ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) အထွေထွေအတွင်းရေးမှုး ဦးမြင့်ကျော်က အခုလိုပြောပါတယ်။

" ကျနော်တို့ အုပ်ချုပ်ရေးအာဏာပိုင် တပ်လို အသေရေဖျက်မှုလို ကိစ္စ မျိုးကို နည်းဥပဒေ ထည့်ထားလည်းဖြစ်နိုင်တယ်။ နောက်တခုက လူမျိုးတမျိုးနဲ့ တမျိုး၊ အုပ်စုတစုနဲ့ တစုနဲ့ကြားမှာ လူမျိုး ဘာသာမတူတဲ့ကြားမှာ လှုံ့ဆော်ရေးသားတာ သတင်းမီဒီယာဥပဒေထဲမှာ ပါတယ်။ အဲ့ဒီ့ဟာ နှစ်ခုအပေါ်မှာ ရည်ရွယ်ပြီးတော့ ထည့်ထားတယ်လို့ ကျနော်ထင်တယ်ပေါ့။ စစ်အုပ်ချုပ်ရေးကတော့ ဘယ်ဟာကမကောင်းဘူးပေါ့။ စစ်အုပ်ချုပ်ရေးဆိုတာ လွတ်လပ်ခွင့်တွေအကုန်လုံးကို ကန့်သတ်ခံလိုက်ရတယ်။ အဲ့ဒီ့အောက်မှာ မျှတတဲ့ တရားစီရင်ရေးတွေ သွားတောင်းဆိုလို့ မလွယ်တဲ့ အနေအထား။"

  မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဖေဖေါ်ဝါရီ(၁၈)ရက်နေ့က ထုတ်ပြန်ချက်အရ သတင်းမီဒီယာဥပဒေအရ ပြစ်မှုတွေ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း ဥပဒေအရပြစ်မှုတွေကို စစ်ခုံရုံးကနေ စစ်ဆေးသွားမယ်ဆိုတဲ့ အချက်လည်း ပါရှိနေပါတယ်။ လက်ရှိအနေအထားအရ ရှမ်းပြည်နယ် ကိုးကန့် အထူးဒေသလောက်ကိုင် ဘက်မှာ မြန်မာတပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့ တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးနေပြီး တိုက်ပွဲကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတယ်ဆိုပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကနေ ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့ကစပြီး စစ်အုပ်ချုပ်ရေးသုံးလ အုပ်ချုပ်သွားဖို့ တပ်မတော်ကို တာဝန်လွဲအပ်ခဲ့ပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်ခံနေရတဲ့ဒေသတခုလဲဖြစ်နေပါတယ်။

ဒါ့အပြင် သတင်းမီဒီယာသမားတွေအနေနဲ့ တရားမ၀င် လက်နက်ကိုင် အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်မေးမြန်းပြီး သတင်းဖေါ်ပြရင် တည်ဆဲ ဥပဒေအရ မတရားအသင်း အက်ဥပဒေနဲ့ ငြိစွန်းနေတယ်လို့လည်း သတင်းတွေ ပေါ်ထွက်နေပါတယ်။ အခုလို မတရားအသင်း အက်ဥပဒေနဲ့ ငြိစွန်းနေတယ် ဆိုပြီး သတင်း ထွက်ပေါ်လာတာဟာ ကိုးကန့်ဒေသ အတွင်း စစ်အုပ်ချုပ်ရေး ကာလမှာ သတင်းဝါဒဖြန့်ချီမှုကို ကန့်သတ် တားမြစ်မှုတခုလို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ဦးကြည်မြင့်က အခုလိုပြောပါတယ်။

"လောက်ကိုင်ဒေသမှာ သူတို့စစ်ဆင်ရေးလုပ်တဲ့အခါမှာ သူတို့က အပြတ်ချေမှုန်းပစ်ဖို့ ရည်ရွယ်တဲ့အခါမှာ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့လည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘာတွေ ဖြစ်လာလိမ့်မယ် သူတို့ဘက်က အဲ့တာတွေကို ကာကွယ်ဖို့လည်း ဖြစ်အောင် တဖက်က သူတို့ဝါဒဖြန့်ချီရေး လုပ်တာကို တားတဲ့အနေနဲ့ အထူးသဖြင့် ကိုးကန့်ကိစ္စမှာ ဒီဥစ္စာကို ထုတ်ပြောလာတယ်လို့ ကျနော်ကတော့ အဲ့လိုမြင်တယ်ဗျာ။"

စစ်အုပ်ချုပ်ရေး ဥပဒေအရ အနည်းဆုံးထောင်ဒဏ် (၃)လကနေ အများဆုံးသေဒဏ် အထိ စီရင်ပိုင်ခွင့်ရှိတဲ့ ပြစ်မှု အမျိုးအစားထဲမှာ သတင်းမီဒီယာ ဥပဒေအရပြစ်မှုတွေလည်း အကြုံးဝင်နေပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ပြောင်းလဲမှု အတော်အတန်ရှိနေပြီးလို့ ပြောဆိုနေပေမဲ့လဲ သတင်းမီဒီယာသမားတွေအနေနဲ့ သတင်းရေးသားမှုအတွက် ဘက်မျှမှုရှိအောင်ရေးသားနိုင်ဖို့အတွက် အစိုးရအပါအ၀င် ဌာနဆိုင်ရာတွေ ကနေ တွေ့ဆုံ မေးမြန်းချက်ကိုဖြေကြားဖို့ အချက်တွေအပေါ် အခက်ခဲ ရှိနေဆဲလို့ မြန်မာဂျာနယ်လစ်ကွန်ယက်မှ အထွေထွေအတွင်း ရေးမှုး ဦးမြင့်ကျော်ကပြောပါတယ်။

"ဝန်ကြီးဌာန၊ အာဏာပိုင်တွေ အဲ့ဒီ့အထဲမှာလည်း မပြောရဲတဲ့သူတွေလည်း အများကြီးရှိနေသေးတာပေါ့နော်။ သူတို့တွေရဲ့ အလုပ်ကို ထိခိုက်မှာစိုးလို့၊ သတင်းရယူဖို့ ခက်ခဲနေတုန်းပဲ။ သတင်းသမားတွေ ဘက်က လိုလားတဲ့အခြေအနေတရပ်တော့ မရောက်သေးဘူး။"

  ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ(၁၇)ရက်နေ့တုန်းက စစ်ဖြစ်ပွါးရာ လောက်ကိုင်ဒေသမှာ ဒုက္ခသည်တွေကို ကယ်ဆယ်တဲ့ကြက်ခြေနီယာဉ်တန်းတွေ တိုက်ခိုက်မှုခံခဲ့ရပြီး ကြက်ခြေနီအဖွဲ့တွေနဲ့ ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီယာဉ်တန်း ထဲမှာ သတင်းထောက်အချို့နဲ့ ဓါတ်ပုံ သတင်းထောက်အချို့လဲ ပါဝင်ခဲ့ပါတယ်။

သတင်းသမားတွေအနေနဲ့ မိမိတို့ လုံခြုံရေးအတွက် အကာအကွယ် ကြိုတင်ပြင်ဆင်မှု ပြုလုပ်သွားဖို့နဲ့ သက်ဆိုင်ရာ သတင်းဌာနနဲ့ တိုင်ပင်ပြီး သတင်း သွားရောက်ယူဖို့ကိုလည်း မြန်မာ ဂျာနယ်လစ်ကွန်ယက်ကနေ တိုက်တွန်းထားပါတယ်။

သတင်းသမားတွေအနေနဲ့ လက်ရှိဖြစ်ပွါးနေတဲ့ ကိုးကန့်ဒေသ အခြေအနေမှန်ကို မီဒီယာကနေ တဆင့် ပြည်သူတွေကို တင်ပြနိုင်ဖို့သွားရောက် သတင်းယူနေတဲ့ အပေါ် သတင်းသမားတွေရဲ့လုံခြုံရေးကို အကာအကွယ်ပေးဖို့ မြန်မာ ဂျာနယ် လစ်ကွန်ယက်ကနေ တိုက်တွန်းကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကိုနိုင်ကွန်းအိမ် / ဗွီအိုအေ (မြန်မာပိုင်း)

တောင်းဆိုရက်အတွင်း ပညာရေး ဥပဒေပြင်ဖို့ မဖြစ်နိုင်ကြောင်း လွှတ်တော်ကော်မတီပြော


ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် / Photo: RFA
 သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေတောင်းဆို ထားတဲ့အတိုင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံး ထားပြီး အမျိုးသားပညာရေးဥပဒေကို လွှတ်တော် က ပြင်ဆင်ပြဌာန်းပေးဖို့ဆိုတာ အချိန်တိုတောင်းတဲ့ အတွက် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကမေးမြန်းရာမှာ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ရီက အခုလို ပြောပါတယ်။

"သူတို့နဲ့ကိုယ်တို့နဲ့ အရင်ဆုံး နားလည်အောင် ပြည့်ပြည့်စုံစုံကြားနာကြမှာပေါ့နော်၊ သူတို့ပြောတာနားထောင် ဒီဟာလေးနဲ့ ပတ်သက်လို့ ဘယ်လိုရှိလဲစသည်ဖြင့်၊ သူတို့သဘောထားလေးတွေမေး၊ ကိုယ်တို့ဘက်ကလည်း ရှင်းပြစရာလေးတွေရှင်းပြ၊ ပြီးရင်တစ်ခါ NNER တစ်ခါခေါ်၊ ကြားထဲမှာ ပြည်သူတွေ အဖွဲ့အစည်းတွေက တွေ့ချင်ပါတယ်ဆိုလည်း ကျနော်တို့က ဖိတ်မှာပဲ၊ လာတွေ့ပါ ဒါတွေက ကျယ်ကျယ်ပြန့်ပြန့်လုပ်တာ ပိုကောင်းတာပေါ့"

အစိုးရ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ သပိတ်မှောက်ကျောင်း သူ ကျောင်းသားတွေ သဘောတူထားတဲ့ ၁၁ ချက်လုံးကို ထည့်သွင်းဆွေးနွေးမှာဖြစ်ကြောင်းပြောပါတယ်။
အဲ့ဒီအတွက် NNER နဲ့ ကျောင်းသူ ကျောင်းသားကိုယ်စားလှယ်တွေကို ဥပဒေကြမ်းကော်မတီက ခေါ်ယူတွေ့ဆုံ ပြီး ဆွေးနွေးသွားဖို့ရှိပါတယ်။

လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရ ဥပဒေကြမ်းတစ်ခုကို အချိန်တိုတိုအတွင်း အတည်ပြုပြဌာန်းဖို့ရာ မဖြစ်နိုင်ကြောင်းလည်း ဦးခင်မောင်ရီက ပြောပါတယ်။

RFA Burmese

ကိုးကန့်စစ်ပွဲမှာ တရုတ်အစိုးရ ပါဝင်ပတ်သက်မှု မရှိကြောင်း ဝန်ကြီးဦးအောင်မင်းပြော

 
ကိုးကန့်ဒေသမှာ ဖုန်ကြားရှင်ရဲ့တပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေရဲ့နောက်ကွယ်မှာ တရုတ်အစိုးရ မပါရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးကြေညာခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်းက ဒီနေ့ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ လွှတ်တော်ပြင်ပမှာ သတင်းမီဒီယာတွေက ကိုးကန့်ဒေသနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဝန်ကြီး ဦးအောင်မင်းက အခုလို ဖြေကြားခဲ့တာပါ။

"ဖုန်ကြားရှင်လို ကိုးကန့်လူမျိုးတွေကတော့ တကယ်တော့လည်း သူတို့ဟိုဘက်ကမ်းမှာတော့ ဟိုဘက်တရုတ်နယ်မြေမှာ ကိုးကန့်လူမျိုးတွေရှိပါတယ်၊ အဲ့ဒီတော့ သူတို့လူမျိုးအချင်းချင်း ဝင်ပြီးတော့တိုက်တာခိုက်တာတော့ ရှိချင်ရှိမှာပေါ့ဗျာ၊ တရုတ်ကပါတယ်ဆိုတာတော့ ဒါတော့မဖြစ်နိုင်ပါဘူး၊ တရုတ်က နိုင်ငံကြီးဖြစ်ပါတယ်၊ နိုင်ငံကြီးဖြစ်တော့ နိုင်ငံတကာဥပဒေနဲ့ပဲ ဒါလုပ်မှာပဲလေ၊ သူကိုယ်တိုင် ပါစရာမလိုပါဘူး၊ သို့သော်လည်းပဲ ဟိုဘက်ရွာနီးခြောက်စပ်ပေါ့နော်၊ တရုတ်နိုင်ငံထဲမှာရှိတဲ့ ကိုးကန့်လူမျိုးတွေရှိတာပေါ့ဗျာ၊ သူတို့ကတော့ ပါပြီးတော့ကူညီပြီး တိုက်တာတို့ဘာတို့တော့ ရှိနိုင်တယ်လို့ ဒီလိုပဲတွက်လို့ရပါတယ်"

ဒါ့အပြင် ဖုန်ကြားရှင်တပ်တွေနဲ့ ပူးတွဲတိုက်နေတဲ့ တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့ကို ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားရာမှာ တက်ရောက်ခဲ့ခြင်းမရှိကြောင်းနဲ့ အရင်တစ်ခေါက်ဖိတ်ကြားတာကိုလည်း လက်မခံခဲ့ကြောင်း ပြောပါတယ်။

ကိုးကန့်ဒေသမှာ ဦးဖုန်ကြားရှင်ရဲ့ မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီတပ်ပေါင်းစု MNDAA တပ်တွေနဲ့ တပ်မတော်တို့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က တိုက်ပွဲတွေစတင်ဖြစ်ပွားရာမှာ နှစ်ဖက်ကျဆုံးမှုတွေများခဲ့ပြီး အခုကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးကြေညာထားပါတယ်။

RFA Burmese

ရဲနဲ့ အလုပ်သမား ရိုက်ကြလို့ ဒဏ်ရာ ရသူ များပြား


သောကြာနေ့ ညနေပိုင်းမှာ ဖြစ်ခဲ့တာပါ
အခြေခံ လုပ်ခလစာ တိုးမြှင့်ရေး သပိတ်မှောက် တောင်းဆို နေကြတဲ့ ရွှေပြည်သာ စက်မှုဇုန်က အထည်ချုပ် လုပ်သား တွေနဲ့ ရဲတပ်ဖွဲ့ဝင် တွေကြား သောကြာနေ့ည ဦးပိုင်းက ထိပ်တိုက် ဖြစ်တဲ့ အတွက် နှစ်ဘက် စလုံးမှာ ဒါဇင်နဲ့ ချီပြီး လူတွေ ဒဏ်ရာ ရခဲ့ ကြပါတယ်။

ရွေပြည်သာ စက်ရုံ ၄ ရုံက အလုပ်သမား နှစ်ထောင်လောက် ဆန္ဒပြ နေခဲ့တာ နှစ်ပတ်ကျော် လာခဲ့ ချိန်မှာ ဒီလို ပြဿနာ ဖြစ်ခဲ့ တာပါ။

အာဏာပိုင်တွေ ဘက်ကလည်း ဥပဒေနဲ့ အညီ ဆောင်ရွက်မယ်လို့ သတိပေး ထားပြီး ရက်ပိုင်း အတွင်းမှာပဲ အီလန် မြန်မာ အထည်ချုပ် စက်ရုံ ရှေ့မှာ ရဲအင်အား ရာဂဏန်း လောက်က ဝင်ရောက် ရှင်းလင်းဖို့ ကြိုးစား ရင်း နှစ်ဘက် ထိပ်တိုက် တွေ့ခဲ့ ကြတာ ဖြစ်ပါတယ်။

ရဲတွေက သံတုတ်တွေကို အသုံးပြု ခဲ့တယ်လို့ ဆန္ဒပြသူ အလုပ် သမတစ်ဦး ဖြစ်တဲ့ မသိမ်းမိုးဝေ က ဘီဘီစီကို ပြောပါတယ်။

အလုပ်သမား တွေဖက်က မူးလဲသူ နဲ့ ဒဏ်ရာ ရသူ စုစုပေါင်း သုံးလေးဆယ် ရှိမယ်လို့ ထင်ကြောင်း သူကပြောခဲ့ ပါတယ်။

လက်မှာ ဒဏ်ရာ ရထားတဲ့ မခင်မျိုးဝေက ဘီဘီစီကို ပြောရာမှာ တော့ ရဲတွေ ဖမ်းထား တဲ့ ဆန္ဒပြ အလုပ်သမား တွေကို ပြန်တောင်းဖို့ ရှေ့ကို တိုးရင်း ရိုက်နှက်ခံ ခဲ့ရတာ လို့ပြောပါတယ်။

ရဲက ဆန္ဒပြ သူတွေကို ဖယ်ရှားဖို့ ကြိုးစားရင်း ဆန္ဒပြ ခေါင်းဆောင် တွေကို ဖမ်းဆီးသွား တဲ့ အချိန်မှာ အခုလို ပဋိပက္ခ ဖြစ်ခဲ့တာလို့ အဲဒီ နေရာကို ရောက်သွားတဲ့ 7 Day သတင်း ထောက် ကိုငြိမ်းချမ်း က ဘီဘီစီကို ပြောပါတယ်။

ရွှေပြည်သာ ရဲစခန်းကို မေးကြည့်ရာ မှာတော့ ကနဦး တက်တဲ့ သတင်း အရ ဒဏ်ရာ ရသူ ရဲတပ်သား ၁၇ ဦး ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

BBC Burmese

Friday, February 20, 2015

သပိတ်စစ်ကြောင်းကို ကန့်ကွက်ကြောင်းလက်မှတ်များ မကွေးတက္ကသိုလ် တွင် ကျောင်းအာဏာပိုင်များက လိုက်လံကောက်ခံနေ

 
ဌာနမှာ ဆရာက ကျောင်းသား သပိတ် ထောက်ခံလား၊ မထောက်ခံဘူး လား လို့ မေးတယ်။ ထောက်ခံတဲ့ သူတွေ… ခုံနံပါတ်ကော နာမည်ကော ပေးရတယ်။ မထောက်ခံ တဲ့ ကျောင်းသား ကိုတော့ ဘာမှ မပြောဘူး။ ထောက်ခံ တဲ့ ကျောင်းသားကို ဌာနမှူး က ခေါ်တွေ့တယ်။ ထောက်ခံတာလား ဆိုပြီး ငေါက်(ငန်း)တာပေါ့ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်နေ သည့် ကျောင်းသားသပိတ်များအား ကန့်ကွက်ကြောင်း လက်မှတ်များအား မကွေးတက္ကသိုလ်တွင် ကျောင်းအာဏာပိုင်များ ကဖေဖော်ဝါရီ လ၁၆ ရက်မှ ၁၈ရက်နေ့ အထိလိုက်လံကောက်ယူမှုများ ရှိနေကြောင်း မကွေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌကိုဖြိုးကိုကဖေဖော်ဝါရီလ ၁၉ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်း လက်မှတ်ကောက်ခံမှု များကို ကျောင်းဆရာ၊ ဆရာမများက ဦးဆောင်ကာ လိုက်လံကောက် ယူနေခြင်း ဖြစ်ပြီး ဓာတုဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ အင်္ဂလိပ်ဘာသာ ရပ်အထူးပြု စာသင်ခန်းများတွင် တရားဝင်ပုံစံ ကဲ့သို့လိုက်လံကောက် ယူခဲ့ခြင်းဖြစ်ကြောင်း သပိတ်စစ် ကြောင်းထောက်ခံ သည့် ကျောင်းသားများကို ဌာန မှူးရုံးခန်း၌ ခေါ်ယူမေးမြန်းခြင်းများ လည်း ပြုလုပ်ခဲ့သည်။…

““တနင်္လာနေ့ကနေ စကြားတာက Botany (ရုက္ခဗေဒ) ဌာနမှာ ဆရာက ကျောင်းသားသပိတ်က ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို လိုလားလား၊ မလိုလားလားစမေး တယ်။ လိုလားတယ်လို့ ပြော တယ်။ ထောက်ခံလား၊ မထောက်ခံဘူး လားလို့ မေးတယ်။ ထောက်ခံတဲ့ သူတွေ ပြော၊ ခုံနံပါတ်ကော နာ မည်ကော ပေးရတယ်။ မထောက် ခံတဲ့ကျောင်းသားကိုတော့ ဘာမှ မပြောဘူး။ ထောက်ခံတဲ့ကျောင်း သားကို ဌာနမှူးက ခေါ်တွေ့ တယ်။ ထောက်ခံတယ်ဆိုလို့ရှိရင် မင်းတို့က ဒီဟာထောက်ခံတယ်ဆိုလို့ရှိ ရင် ဆဲတာကို ထောက်ခံတာလား ဆိုပြီး ငေါက်(ငန်း)တာပေါ့။ သူတို့ နောက်ဆုံးပိတ်လုပ်မှာက ကျောင်း သားကို သပိတ်မှာမပါဝင်ဖို့ကို သူ တို့ရှိတဲ့ အာဏာနဲ့ခြိမ်းခြောက်တာပေါ့””ဟု မကွေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဖြစ်သူ ဓာတုဗေဒ အထူးပြု တတိယနှစ်ကျောင်းသား ကိုဖြိုးကိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

သပိတ်စစ်ကြောင်းအား ကန့်ကွက်ကြောင်း လက်မှတ်များကောက်ခံရာတွင် အချို့သောဌာနများတွင် မူ ပေါ် ပေါ်ထင်ထင်ကောက်ယူ ခဲ့ခြင်း ဖြစ်ပြီးအချို့ဌာနများတွင်မူ အခြား သောဘာသာရပ်ဆိုင်ရာ ကျောင်း သားများ မသိရှိစေရန် အတွက် သိုသိုသိပ်သိပ် လက်မှတ်ကောက်ယူခြင်း မျိုး ပြုလုပ်ခဲ့သည်။

ြ မြန်မာသံတော်ဆင့်သတင်းဌာန –

အနည်းဆုံးလိုအပ်ဝင်ငွေ အလုပ်သမားတွေ ဝန်ကြီးတင်ပြ


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန် ၃ က အလုပ်သမားတွေ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဆန္ဒပြကြစဉ်။ Photo: Wai Yan Moe Myint/RFA
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုံမှာ သပိတ်မှောက်နေ တဲ့ အလုပ်သမားတွေက မျက်မှောက်ကာလ ကုန်ဈေးနှုန်းတွေအရ၊ လူတစ်ယောက်အတွက် တစ်လကို၊ အနည်းဆုံး ကျပ်ငွေ ၁ သိန်း ၃ သောင်းခန့် ဝင်ငွေရမှ ရှင်သန်ရပ်တည်နိုင်မယ်လို့ တွက်ချက်ပြထား တဲ့ အစီရင်စာတစ်စောင်ကို အလုပ်သမားဝန်ကြီးထံ မနေ့က တင်ပြလိုက်ပါတယ်။

ဒီပမာဏဟာ အလုပ်သမားတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ငွေဖြစ်ပြီး၊ ဒီထဲမှာ ကျန်းမာရေးစရိတ်နဲ့ အခြားမိသားစုရေးအတွက် မပါသေးဘူးလို့ အလုပ် သမားစုပေါင်းသပိတ်ကော်မတီဝင် ကိုသူဇော်က RFA ကိုပြောပါတယ်။

"အလုပ်သမားဝန်ကြီးဆီကို ဒီနေ့မှာ အစီရင်ခံစာတစ်စောင် ပို့ပေးလိုက်ပါတယ်၊ အစီရင်ခံစာထဲမှာ ပျမ်းမျှတင်ပေးလိုက်တာက ကျနော်တို့ နေထိုင်စရိတ်က ၂ သောင်းပေါ့နော်၊ စားသောက်စရိတ်က ၅ သောင်းလောက်ကျတယ်၊ လမ်းစရိတ်တွေရှိတယ်၊ အားလုံးပေါင်းတစ်လကို ၁ သိန်း ၃ သောင်းလောက် အလုပ်သမားတွေ ပျမ်းမျှဝင်ငွေထည့်ပေးလိုက်တယ်၊ အဝတ်အစားစရိတ်၊ ကျန်းမာရေးစရိတ်တွေ ထည့်မတွက်သေးဘူး"

E-Lan Myanmar, Costec, Ford Glory နဲ့ ဟန်ကျင်းအထည်ချုပ်စက်ရုံတွေမှာရှိတဲ့ အလုပ်သမားတွေက အခြေခံလစာကိုကျပ် ၃ သောင်း တိုးမြှင့်ပေးဖို့ သပိတ်မှောက် တောင်းဆိုနေကြတာဖြစ်ပါတယ်။

အလုပ်သမားတယောက်အတွက် လက်ရှိအနိမ့်ဆုံးလစာအဖြစ် ၄ သောင်းဝန်းကျင်သာရနေပြီး၊ အချိန်ပိုလုပ်ခ၊ ရှားပါးစရိတ်၊ ပျက်ရက်မရှိလုပ်ခနဲ့ အခြားချီးမြှင့်ငွေတွေအားလုံးပေါင်းမှ အဲဒီအလုပ်သမားဟာ ကျပ်ငွေ ၈ သောင်းနဲ့ ၉ သောင်းဝန်းကျင်လောက်သာရရှိကြောင်းနဲ့ နေ့ရောညပါ အလုပ်လုပ်နေကြရပေမဲ့ လုံလောက်ခြင်းမရှိလို့ အခုလို သပိတ်မှောက်တောင်းဆိုနေကြတာဖြစ်ကြောင်းလည်း အလုပ်သမားတွေကပြောပါတယ်။

ဒီသပိတ်တွေကနေ မငြိမ်သက်မှုတွေဖြစ်လာရင် အရေးယူမယ်လို့ ရန်ကုန်တိုင်းအစိုးရက ပြီးခဲ့တဲ့ရက်က ကြေညာထားပြီး အလုပ်သမားတွေကလည်း သူတို့တောင်းဆိုထားတဲ့အတိုင်း အလုပ်ရှင်ဘက်က အခြေခံလစာကို နောက်ထပ်ကျပ် ၃ သောင်း တိုးမပေးဘူးဆိုရင် သပိတ်မလှန်ဘူးလို့ ပြောနေကြပါတယ်။

RFA Burmese

စားသုံးရန်မသင့် အစားအစား၁၂ မျိုး ကြေညာ

 
အစားအသောက်တွေမှာ သုံးစွဲခွင့် မရှိတဲ့ ဆိုးဆေးတွေ အသုံးပြုထားတာ တွေ့ရတဲ့အတွက် ကျောင်းတွေ၊ ဈေးတွေမှာ ရောင်းချနေတဲ့ အစားအစာ ၁၂ မျိုးကို  အများပြည်သူ စားသုံးရန် မသင့်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာပါတယ်။

ကြေညာထားတဲ့ အစားအစာ အမျိုးအစား ၁၂ မျိုးကတော့ ရောင်စုံတုတ်ထိုး ချိုချဉ် အမှတ်တံဆိပ်မပါ၊ ရွှေအမှတ်တံဆိပ် ဆိတ်ပေါင်သား ခြောက်ကြော် ၊ ကြက်သားရေညှိအရသာ (you snacks)၊ F4 တံဆိပ် ရောင်စုံ ဝေဖာလုံး  ၊ အောင်တံဆိပ် ကပ်စေးနှဲပြား၊ မျိုးမျိုးကျော်တံဆိပ် သီးသီးပေါင်း၊ ချစ်ချစ်တံဆိပ် ဗီတာမင်ဝေဖာ၊ Pyae Wa တံဆိပ်ကပ်စေးနှဲချောင်း၊ ပလောင်မောင်နှမတံဆိပ် လက်ဖက်နဲ့ အကြော်စုံ၊ ရွှေပဲငါးပိတံဆိပ် ပဲငါးပိ၊ စိန်တလုံးတဆိပ် ရခိုင်မျှင်ငါးပိထောင်း၊ အိုကေတံဆိပ် မက်မန်းသီး တို့ ဖြစ်ပါတယ်။

အဆိုပါ အမှတ်တံဆိပ်ပါ အစားအစာတွေမှာ တားမြစ် ဆိုးဆေးအမျိုးအစားတွေဖြစ်တဲ့ Orange IIနဲ့ Rhodamine B၊ Sudan III၊ Auramin O တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ အစားသောက်တွေကို ဈေးတွေနဲ့ ကျောင်းမုန့်ဈေးတန်းတွေကနေ၀ယ်ယူ စစ်ဆေးခဲ့တွေ့ရှိခဲ့တာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စားသုံးရန်မသင့် အစားအစာတွေအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားတာ ဒီတကြိမ်အပါအ၀င် အမျိုးအစားပေါင်း ၃၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။

အစားအသောက် ထုတ်လုပ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ ဓာတုဆိုးဆေးတွေ လုံးဝ အသုံးမပြုဖို့နဲ့ မလိုက်နာပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ အပိုဒ်ခွဲ က အရ တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

By ဒီဗွီဘီ

မန္တလေးတက္ကသိုလ်တွင် ကျောင်းသားများအား ငြိမ်းချမ်းစွာ ပညာသင်ကြားလိုကြောင်း လက်မှတ်ထိုး ကောက်ခံနေမှုအပေါ် ဆရာနှင့် ကျောင်းသားများ ဝေဖန်



မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားကြောင်းနှင့် ဆန္ဒပြမှုကို လက်မခံကြောင်း ဘာသာရပ်များအလိုက် ကျောင်းသား ကျောင်းသူများအား လက်မှတ်လိုက်လံ ထိုးခိုင်းနေသည်ဟု မန္တလေးတက္ကသိုလ်ရှိ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများထံမှ သိရသည်။
မိမိတို့အနေဖြင့် လက်ရှိအခြေအနေ၌ပင် ငြိမ်းချမ်းစွာ ပညာသင်ကြားနေခြင်းဖြစ်ပြီး အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရန် လမ်းလျှောက်ဆန္ဒပြတောင်းဆိုနေသည့် ကျောင်းသားထုအား ကန့်ကွက်သည့် သဘော သက်ရောက်နေသည့်အတွက် ယင်းလုပ်ရပ်အပေါ် တက္ကသိုလ်ကျောင်းသားများက ဝေဖန်ပြောကြားသည်။

“ကိုယ် ကိုယ်တိုင်တောင်လိုက်ပြီး ဆန္ဒပြချင်တာ။ ဟိုငဲ့ ဒီငဲ့နဲ့မို့ မပါဖြစ်ဘူး။ အဲဒီတော့ ကိုယ်ကျိုးတွေ ဘာမှမငဲ့ဘဲနဲ့ ကျောင်းသားတွေ ပညာရေးကောင်းဖို့အတွက် လုပ်ပေးနေတဲ့သူတွေကို ဘာကြောင့်ကန့်ကွက်ရမှာလဲ။ ဖြစ်နိုင်ရင် သူတို့ကို ထောက်ခံကြောင်း လက်မှတ်ထိုးပြီး ပြောချင်တာ။ အခုလည်း ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီမှ မပါဘူး။ ကျောင်းမှာပဲ ပညာသင်နေတာ။ ဒါကို ငြိမ်းချမ်းစွာ ပညာသင်ကြားလိုပါတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတာ။ တကယ်တမ်း ကန့်ကွက်ရမယ်ဆိုရင် အခု ကျောင်းသားတွေ တောင်းဆိုတဲ့အချက်တွေကို အချိန်အကြာကြီး ဆွဲထားတဲ့သူတွေကိုပဲ ကန့်ကွက်ရမှာ။ ဆန္ဒပြတဲ့အထိမှာ မပါပေမယ့် သူတို့ရဲ့အသံဟာ ကျန်တဲ့ကျောင်းသားတွေရဲ့ အသံကို ကိုယ်စားပြုတယ်လို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ကတော့ အခုကိစ္စမှာ လက်မှတ်ထိုးဖို့ကို ငြင်းဆန်ခဲ့ပါတယ်” ဟု မန္တလေးတက္ကသိုလ်တွင် မဟာတန်း တက်နေသည့် ကျောင်းသူတစ်ဦးက ပြောကြားသည်။

“သူတို့က ကျောင်းသားကို ကျောင်းသားနဲ့ တိုက်တဲ့ပုံစံမျိုး လုပ်တာပေါ့။ ငြိမ်းချမ်းစွာ ပညာသင်လိုပါတယ်လို့လိုက်ပြီး လက်မှတ်ထိုးခိုင်းတာကျတော့ သပိတ်စစ်ကြောင်းကို ဆန့်ကျင်ပါတယ်ဆိုတဲ့ သဘောသက်ရောက်တယ်ပေါ့။ ပါမောက္ခချုပ်ကိုယ်တိုင် လက်မှတ်ထိုးဖို့ ညွှန်ကြားတာလား ဒါမှမဟုတ် အထက်က ခိုင်းတာလားဆိုတာတော့ ကျွန်တော်တို့ သေချာမသိဘူး။ တခြားအတန်းတွေတော့ လိုက်ကောက်နေတယ်။ ကျွန်တော်တို့ မေဂျာတော့ မလာသေးဘူး” ဟု မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ (ယာယီ) ဥက္ကဠ ဥပဒေ ဒုတိယနှစ်ကျောင်းသား ကိုသော်ဇင်အောင် က ပြောကြားသည်။ ထိုသို့ လက်မှတ်လိုက်လံ ကောက်ခံနေသော်လည်း ကျောင်းသားများမှာ အခန်းလိုက် လက်မှတ်မထိုးမှုများရှိကြောင်းနှင့် လက်မှတ်ထိုးပြီးနောက်ပိုင်း ကျောင်းသားရေးရာဌာနသို့ သွားရောက်ကာ ပြန်လည်ပယ်ဖျက်မှုများ ပြုလုပ်ကြသည်။ ယင်းသို့လုပ်ရပ်များသည် ယခင်အစိုးရ၏ လုပ်ရပ်များနှင့်တူညီနေပြီး အမျိုးသားပညာရေးဥပဒေ၏ အာနည်းချက်များကို မသိရှိဘဲ အာဏာရှင်တွေအလိုကျ လုပ်ဆောင်ပေးနေမှု ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်က ပြောကြားသည်။

“အစိုးရအနေနဲ့ မမှန်တဲ့နည်းနဲ့ ဖြေရှင်းမယ့်အစား မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေပြီးတော့ တိုက်ရိုက်ဖြေရှင်းတာ အကောင်းဆုံးပါပဲလို့ မှတ်ချက်ပေးချင်ပါတယ်” ဟု မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသုတ က ပြောကြားသည်။

Writer:
ငြိမ်းဇော်လင်း EMG

ကိုးကန့်စစ် အရှိန်မြင့်လာနိုင်

 ကိုးကန့်စစ်ပြေးဒုက္ခသည်များ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅)
မြန်မာ့တပ်မတော်က ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့တွေကို လိုက်လံ ထိုးစစ် ဆင်နေရာမှာ ကိုးကန့်တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ ကွမ်လုံမြို့ မြောက်ဖက်ဒေသ မှာ ဒီကနေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေ က မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင် သူပုန်တပ်တွေကြား တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်က ကိုးကန့်ဒေသ လောက်ကိုင်မြို့ကို စစ်တပ်က အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အာဏာတွေ သိမ်းယူ ထိန်းချုပ်လိုက် ပြီးနောက် ဖေဖေါ်ဝါရီ (၁၉) မနက်ပိုင်းမှာတော့ လောက်ကိုင်မြို့မြောက်ဖက် တာရွှေထန်မြို့နားက ဖုန်းချွေရှမ်းနယ်မြေထဲမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့သလို ဒီညနေမှာလဲ ကုန်းကြမ်း မြို့တ၀ိုက်မှာ နောက်ထပ် တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

" ဟုတ်ပါတယ်။ မနက် ၇နာရီကနေ ၉နာရီလောက်ပေါ့၊ အဲ့လောက်အထိဖြစ်တယ်။ တစ်ပွဲ။ ဖုန်းခြွေရှမ်းမှာခင်ဗျ။ တာရွှေထန်နဲ့ နည်းနည်းလေး ပိုနီးတယ်။ မြန်မာ့တပ်မတော်ဘက်က သူတို့က အမြောက်နဲ့ လက်နက်ကြီးနဲ့ အရင်ထုတယ်။ ပြီးတော့ ကျည်တပ်ထိုးတယ်ပေါ့။ အခုလည်း တပွဲဖြစ်နေတယ်။ အဲ့တာ ကုန်းထန်း ပတ်ဝန်းကျင်ပေါ့။"
 ကိုးကန့်တပ်ဖွဲ့ဖက်ကနေ အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ကူပြီးတိုက်ပေးနေတယ်လို့ TNLA တအောင်းပလောင် လွတ်မြောက်ရေး တပ်ရဲ့ နိုင်ငံခြားရေးဌာနက ဗိုလ်ကြီးတာပန်လက ပြောပါတယ်။

" ကျနော်တို့ TNLA တအာင်းတပ်မတော်ပါတယ်။ ပြီးတော့ ရခိုင်တပ်မတော်၊ ကိုးကန့်တပ်မတော်ရယ် ကျနော်တို့ သုံးဖွဲ့ ပူးပေါင်းပြီးတော့
 လှုပ်ရှားနေတာမျိုး ရှိပါတယ်။"
ရှေ့လာမယ့် သီတင်းပတ်တွေမှာ ကိုးကန့်ဒေသတွင်း စစ်ရေးအရှိန် ပိုမြင့်လာနိုင်တယ် လို့ ခန့်မှန်းကြောင်း ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက သုံးသပ်ပါတယ်။

" အင်း စစ်ရှိန်တော့ မြင့်မယ့်ပုံပေါ်တယ်။ လက်နက်ကြီးတွေ အများကြီးပို့ထားတယ်။ လူအင်အားရော တပ်အင်အားရော တင့်ကားပါ ပို့ထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဟက်စကီးနဲ့ပစ်တယ်ပေါ့။ အမ်အိုင် ၃၅ လို့ ပြောတယ်။ လေယာဉ်ပေါ်ပါတဲ့ စက်သေနတ်ကြီးတွေနဲ့ပစ်တယ်။ ပြီးတော့ ဗုန်းကြဲတယ်။ ပြီးတော့ အမ်အိုင်ဂျီ ၂၉ အဲ့တာနဲ့လည်း ပစ်တယ်။ အများဆုံးကတော့ ခုနက ကျနော်ပြောတဲ့ မနက်ပိုင်းတုန်းက တိုက်တဲ့နေရာကို အဓိက ထားပြီးတော့ တိုက်နေတယ်။"
ဒီအချက်ကို TNLA တပ်က ဗိုလ်ကြီးတာပန်လကလည်း သဘောတူပါတယ်။
" ကျနော်တို့ ခန့်မှန်းတာတော့ တိုက်ပွဲက စစ်ရေးအခြေအနေ ဆက်လက်ပြီးတော့ ပြင်းထန်နိုင် မယ့် အလားအလာမျိုးတွေ တွေ့နေရပါတယ်။ အခုကတော့ အထူးသဖြင့်ကတော့ လောက်ကိုင်ပတ်ဝန်းကျင် ၊ ကွမ်းလုံပတ်ဝန်းကျင်တွေမှာ အစိုးရတပ်ဘက်က တော်တော်လေး တင်းတင်းကျပ်ကျပ် ချထားတာမျိုးတွေရှိတယ်။ ပြီးတော့ ကျနော်တို့ရှိနိုင်မယ်လို့ ထင်တဲ့နေရာတွေကိုလည်း ပိုက်စိပ်တိုက်ရှာဖွေနေတာမျိုးတွေ ကျနော်တို့တွေ တွေ့ရတယ်တယ်ခင်ဗျ။ ပြိးတော့ အဲ့ဒီ့မှာ ဖွင့်ထားတဲ့ အိမ်ဆိုင်တွေ ရွာတွေမှာလည်း ဝင်ရောက်ပြီးတော့ ဖျက်ဆီးနေတာမျိုးတွေ ရှိတယ်လို့လည်း သိရှိရတယ်။ "
အခုလို စစ်ရေး အရှိန်မြင့်လာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ကို ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
VOA

အနောက်နိုင်ငံတွေ အစ္စလာမ်ကို တိုက်ခိုက်နေခြင်း မဟုတ်

အမေရိကန်သမ္မတ အိမ်ဖြူတော်က ကမကထပြု ကြီးမှူး ကျင်းပတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ထိပ်သီးညီလာခံမှာ အိုဘားမား မိန့်ခွန်းပြော။ (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅)
 အမေရိကန်သမ္မတ အိမ်ဖြူတော်က ကမကထပြု ကြီးမှူး ကျင်းပတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ထိပ်သီးညီလာခံမှာ အိုဘားမား မိန့်ခွန်းပြော။ (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅)

အနောက်နိုင်ငံတွေဟာ အစ္စလာမ်ဘာသာအပေါ် စစ်ပွဲဆင်နွှဲနေတယ်ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ ဘယ်လို ရည်ညွှန်း ပြောဆိုချက်မျိုးမဆို ဆိုးရွားတဲ့ လိမ်လည်မှုတခုဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။

IS စစ်သွေးကြွအဖွဲ့နဲ့ တခြား အကြမ်းဖက်အဖွဲ့တွေကို အပြင်းအထန် နှိမ်နင်း သွားမယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ကမကထပြု ကြီးမှူးကျင်းပတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ထိပ်သီးညီလာခံမှာ မစ္စတာအိုဘားမားက အခိုင်အမာ ပြောပါတယ်။ ခရစ်ယာန်နဲ့ ဂျူးလူမျိုး အနောက်နိုင်ငံအများစုက မူစလင်တွေကို စစ်ပွဲဆင်နွှဲနေတယ်ဆိုတဲ့ အပြောတွေကို မစ္စတာအိုဘားမားက ပယ်ချပါတယ်။ မူစလင်ကမ္ဘာမှာ ဆွန်နီတွေနဲ့ ရှီးယားတွေအကြား ပဋိပက္ခအပါအ၀င် ဘာသာဂိုဏ်းဂဏကွဲ ပဋိပက္ခတွေကို အဆုံး သတ်ရေး နိုင်ငံတကာအစိုးရတွေနဲ့ ယဉ်ကျေးမှုမျိုးစုံနိုင်ငံတွေ လုပ်ဆောင်ရမယ်လို့လည်း မစ္စတာအိုဘားမားကပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေ လူစုနိုင်အောင် ဖန်တီးပေးထားသလိုဖြစ်နေတဲ့ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်မှုတွေကနေ လူတွေ လွတ်မြောက် အောင် ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ကူညီရမယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ကမ္ဘာတ၀န်းက လူငယ်တွေကို အမုန်းတရား သင်ကြားပေးနေကြပြီး လူကြီးတွေအနေနဲ့ မိမိတို့က သင်ကြားပေးနေကြတာ ဖြစ်တယ်လို့လည်း သမ္မတ အိုဘားမားကပြောသွားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနမှာ ကျင်းပတဲ့ အကြမ်းဖက် အစွန်း ရောက်ဝါဒ တန်ပြန်ရေး အိမ်ဖြူတော် ထိပ်သီးညီလာခံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန် ကီမွန်းလည်း တက်ရောက် ပါတယ်။

ကိုးကန့်ဒေသစစ်အတွင်း လူ ၉၀၀၀၀ ထွက်ပြေးနေရ

 
စစ်ပြေးဒုက္ခသည်တွေကို အစားအသောက် ဝေငှပေးစဉ် (Credit: AFP) 

 ကိုးကန့်ဒေသမှာ ​ဖြစ်တဲ့ ​စစ်တွေကြောင့် ​အခုဆိုရင် ​ပြည်သူ ​အယောက်ပေါင်း ​ကိုးသောင်းလောက် ​ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မြို့လုံးကျွတ်၊ ​ရွာလုံးကျွတ် ​ထွက်ပြေး ​တိမ်းရှောင်တာမျိုးတွေလည်းရှိပြီး ​တချို့ကတော့ ​ရရာဆွဲပြီး ​ချေကျင်နဲ့ ​ထွက်ပြေးကြရတာပါ။

ကိုးကန့်လူမျိုးအယောက်ပေါင်း ​သုံးသောင်းလောက်ကတော့ ​တရုတ်နိုင်ငံထဲကို ​ပြေးဝင်ကြတဲ့အတွက် ​တရုတ်အစိုးရကလည်း ​စိုးရိမ်မကင်း ​ဖြစ်နေရပါတယ်။

ကြက်ခြေနီယာဉ်တန်းကိုလည်း ​တဖွဲ့ဖွဲ့ကနေ ​ပစ်ခတ်ခဲ့တဲ့အတွက် ​လူ ​နှစ်ယောက် ​ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီ ​ပစ်ခတ်မှုကို ​မြန်မာစစ်တပ်က ​မလုပ်ရဘူးလို့ ​ပြောဆိုထားသလို ​ကိုးကန့်အဖွဲ့ကလည်း ​မလုပ်ရဘူးလို့ ​ဆိုပါတယ်။

ကုလသမဂ္ဂကတော့ ​လူသားခြင်း ​စာနာတဲ့ ​လုပ်ငန်းတွေ ​လုပ်ကိုင်နေတဲ့ ​လူတွေကို ​ပစ်ခတ်တာဟာ ​ဥပဒေချိုးဖောက်ရာရောက်ပြီး ​ပြည်သူတွေကို ​ကာကွယ်ကြဖို့ ​နှစ်ဖက်စလုံးကို ​တောင်းဆိုလိုက်ပါတယ်။

တအောင်းပလောင် ​အဖွဲ့ကတော့ ​ကိုးကန့်ဒေသနဲ့ ​ပလောင်ဒေသမှာ ​မြန်မာ ​စစ်တပ်က ​စစ်အင်အား ​တိုးချဲ့တာတွေ ​လုပ်နေတဲ့အတွက် ​တိုက်ပွဲတွေ ​ပိုဖြစ်ဖို့ ​အလားအလာရှိနေတယ်လို့ ​ပြောပါတယ်။

တအောင်းပလောင် ​အဖွဲ့ကတော့ ​ကိုးကန့်နဲ့ ​မဟာမိတ် ​ဖြစ်တာကြောင့် ​ကိုးကန့်အဖွဲ့ကို ​ကူတိုက်ပေးနေသလို ​ကိုးကန့်ဒေသမှာ ​ကိုးကန့်လူမျိုးပြီးရင် ​ပလောင်လူမျိုးက ​ဒုတိယအများဆုံး ​ဖြစ်နေတာကြောင့် ​ကူညီ ​တိုက်ခိုက်ပေးနေတယ်လို့ ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia

တိုက်ခိုက်ခံရတဲ့ ကြက်ခြေနီကားသမားနဲ့ မေးမြန်းခန်း

ကြက်ခြေနီကားတန်းတိုက်ခိုက်ခံရလို့ လူတွေ ဒဏ်ရာရ
  ဖေဖေါ်ဝါရီ ၁၇ ရက်က အတိုက်ခိုက်ခံခဲ့ရတဲ့ ကြက်ခြေနီကား တန်းက ကားမောင်းသမား ကိုဇော်မင်းထိုက်ကို ဘီဘီစီ သတင်းထောက် ကိုနေလင်းက လားရှိုး ဆေးရုံမှာ သွားရောက် တွေ့ဆုံ မေးမြန်းထားပါတယ်။

  ဖြေ-ကိုဇော်မင်းထိုက်

ကျွန်တော်တို့က ဒီအဆင်းမှာ ရွာအဆင်းကနေ ပြန် တက်တဲ့ အချိန်မှာပေါ့နော် အပစ်ခံရတာ၊ အခုဟာက ရန်သူလို့လည်း သတ်မှတ်လို့ ရတာပေါ့၊ ဘာလို့ဆို ကျွန်တော်တို့ ဒီ ကြက်ခြေနီ အလံကြီး ရှိနေတဲ့ အတွက်ကြောင့်မို့လို့ ကြက်ခြေနီ အလံကို ဒီ မြန်မာ ဘက်က ပစတာတော့ ထုံးစံ မရှိဘူး၊ ပစ်လည်း မပစ်ဘူး၊ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ စတက် ကတည်းကလည်း စစ်တပ် အဖွဲ့တွေက လုံခြုံရေး ယူပေးပြီးသား၊ နယ်မြေ ရှင်းလင်းရေးလည်း အကုန်လုံး လုပ်ပေးတယ်၊ ဒီကြားတည်း ငှက်ပြောဖူး ပေါ့နော် လောင်ချာ ဗုံးကြီး တွေ့တာတောင် အကုန်လုံး ရှင်းလင်းရေး အကုန်လုံး လုပ်ပေးသွားတယ်။ တပ်ကလည်း မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့ ပစ်တာ ဒါ ရန်သူဆိုတာ ကျွန်တော်တို့ ကြိမ်းသေပေါက် ပြောလို့ ရတယ်။ ကျွန်တော့် အနေနဲ့ ဒီ နှစ်ယောက်လုံး ဖြစ်တဲ့ ဥစ္စာ တပ်ထွက်တွေချည်းပဲ။

  မေး-ဘီဘီစီ-ဘယ်အဖွဲ့လို့ ထင်လဲ

  ဖြေ-ကိုဇော်မင်းထိုက်

ဒါကိုးကန့် တိုင်းရင်းသားပဲ၊ သူပုန်ပေါ့၊ ကိုးကန့် တိုင်းရင်းသား အခု သူပုန်ပဲ၊ အဲဒီ အဖွဲ့တွေလည်း ကျွန်တော်တို့က ထင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ၉၆-၉၇ သူတို့ နေတယ်၊ မောင်းတံကကိုက ကိုးကန့် မောင်းတံလည်း ဖြစ်တယ်၊ စခန်း ကလည်း ကိုးကန့် စခန်းလည်း ဖြစ်နေတယ်၊ ကိုးကန့် စခန်း အဟောင်း အဲ အဲလို ဖြစ်နေတဲ့ အတွက်ကြောင့်၊ ကျွန်တော်က အဲဒီမှာလည်း နေဖူးတယ်၊ ကျွန်တော်က အဲဒီ နယ်မြေခံလည်း ဖြစ်တော့လေ၊ တိတိကျကျ ပြောရဲတာပေါ့။

  မေး-ဘီဘီစီ -ဖြစ်ဖြစ်ချင်း တုန်းက ဘယ်လို ဖြစ်သွားလဲ၊ ပစ်လိုက်တော့၊

  ဖြေ- ကိုဇော်မင်းထိုက်

အဲအချိန်က ကျတော့ ကျွန်တော်တို့ ဘယ်လိုခေါ်မလဲ၊ ကျွန်တော့် အမြင်တော့ စက်လတ်နဲ့ နော် သူတို့ စက်လတ်နဲ့ တရုတ် စက်လတ်နဲ့ ပစ်တယ်လို့ ကျွန်တော်တို့ ထင်တယ်။ အတွဲလိုက်ကို ကုတ်တာ၊ တောက်လျှောက် ကုတ်တာ ၊ အတွဲလိုက် ကုတ်တာ၊ ကျွန်တော်တို့ ရပ်တဲ့ အချိန်မှ သူတို့ လည်းနား၊ ကားရပ်တာနဲ့ တပြိုင်တည်း သူတို့လည်း အနား၊ ကျွန်တော့် ဥစ္စာ စစ်တပ်လို့ ပြောမယ် ဆိုရင်တော့ ပွိုင့်ကား ဖြစ်နေတာပေါ့၊

ဘီဘီစီ-စစ်ကားကို ရွေးပစ်တာပေါ့

ြေ ဖြေ-ကိုဇော်မင်းထိုက်- ရွေးပစ်တာ၊ ပွိုင့်ကားနဲ့ နောက်ပိတ်နဲ့ကို ပစ်တာ အလယ်ကို မပစ်ဘူး၊ အဲလို ဖြစ်သွားတယ်၊

  မေး-ဘီဘီစီ- အဲတော့ စမှန်တော့ ကျတော့ အစ်ကိုက ဘယ်လို ထိသွားလဲ။

  ဖြေ-ကိုဇော်မင်းထိုက်- ထိတာကတော့ သူက တောက်လျှောက်၊ ဘေးဘောင်တွေနဲ့ ထိတာ၊ ခေါင်မိုးကို ပစ်မိတာ၊ ခေါင်မိုးကို ပစ်မိတော့ အစ်ကိုကနေ အော်လိုက်တာ၊ ဟာ ဘုရားဘုရားဘုရား ဟာ ပစ်ပြီ ပစ်ပြီ ကားရပ်လိုက်တော့ ဆိုပြီး မှန်ကို တစ်ချက်၊ ရပ်လည်းရပ် မှန်လည်း အထိ၊ အဲဒီမှာတင် မှန်စက ကျွန်တော့်ကို မျက်လုံးကို မှန်တာပဲ၊ အဲဒီမှာ ကျွန်တော်တို့ ရေမြောင်းလေး ရှိတယ်၊ ရေမြောင်းလေးမှာ ကျွန်တော်တို့ ဝပ်နေရတယ်၊ အခြေ အနေကို ပြန်ကြည့်ရတယ်၊ ထပ်ပစ်မလား မပစ်ဘူးလား၊ အဲဒါကို ကြည့်ပြီးမှ အခြေ အနေကို ကြည့်ပြီးမှ၊ ကျွန်တော်ကလည်း ကျွန်တော့် မျက်စိက ဒဏ်ရာက သွေးက ထွက်နေပြီ၊ အဲဒီမှာတင် ကြက်ခြေနီ အသင်းကလည်း ဆေးဝါးကလည်း အဲဒီ ချိန်မှာ လွတ်ကုန်ပြီ၊ ဆက်သွယ်ရေးကလည်း အကုန်လွတ်၊ မြန်မာ ဖုန်းလည်း မရဘူး၊ တရုတ် ဖုန်းလည်း မရဘူး၊ တစ်ခုမှ မရဘူး၊ အဲဒီမှာ အလံတိုင် အဟောင်းလေး ပါလာတာပေါ့ နှစ်လု သုံးခုပါတော့၊ အဲဒါ မျက်နှာအုပ်၊ အုပ်ပြီး စည်းပြီးမှ ခဏစောင့်၊ စောင့်ပြီးမှ ကျွန်တော်တို့က အဲဒီမှာ အသေအချာလေးကို နောက်ထပ် စပယ်ယာပေါ့ ဒရိုင်ဘာပေါ့ တစ်ယောက် တော့ ရှိတယ်၊ မောင်းတာ စိတ်မချတော့ ကျွန်တော်က ပြန်မောင်း ပေးရတယ် အဲဒီမှာ။

BBC Burmese

ကမ္ဘာအေး ဂမုန်းပွင့်မီးလောင်မှု နိုင်ငံခြားသားများ အပါအ၀င် လူ ၃၀ ကို ခက်ခဲစွာကယ်ခဲ့ရ

 
ရန်ကုန် ဖေဖော်ဝါရီ ၁၉

  ဖေဖော်ဝါရီ ၁၈ ရက် ည ၁ဝ နာရီခန့်က မရမ်းကုန်းမြို့နယ် အမှတ် ၉ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်း အမှတ် (၃ဝဝ) ရှိ ဂမုန်းပွင့်ကုန်တိုက်၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ရသည့်အကြောင်းမှာ ယင်းတိုက်လေးလွှာ (4-I) တွင် ငှားရမ်းနေထိုင်သူ နိုင်ငံခြားသား မိသားစုမှ တရုတ်နှစ်သစ်ကူး ဗျောက်အိုးဖောက်ရာတွင် အသံကျယ် စေရန်အတွက် PVC ရေဆင်းပိုက် အတွင်း ထည့်ဖောက်ရာမှ PVC ရေဆင်းပိုက်ပေါက်ကွဲပြီး ဂမုန်းပွင့်ရှိ အထည်ဆိုင်အတွင်း မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦး ထံမှ သိရသည်။

အဆိုပါတိုက်မှာ အထပ် (၁၁) ထပ်ရှိပြီး ပထမထပ်နှင့် ဒုတိယ အထပ်တွင် ဂမုန်းပွင့်မှ အရောင်း ဆိုင်များ ဖွင့်ထားခြင်းဖြစ်သည်။ တတိယထပ်မှအစပြု၍ လူနေခန်း များဖြစ်သည်ဟုသိရပြီး အခန်းပေါင်း ၉ဝ ရှိသည်။

ေ လောင်သည့်မီးမှာ မီးအားထက် လောင်စာများကြောင့် မီးခိုးများ များ ပြားစွာ ထွက်ရှိနေခဲ့သည်။ ထို့အတွက် တိုက်အထပ်များတွင် နေသူများအား မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များက ခက်ခဲစွာ ကယ်ဆယ်ခဲ့ရ သည်ဟု ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။ မီးလောင်နေစဉ် လေးလွှာရှိ ဓာတ်လှေကားအတွင်း နိုင်ငံခြားသား ဇနီးမောင်နှံနှစ်ဦး အခန်းတွင်း၌ ပိတ်မိနေသည်။ ရင်ခွင် ပိုက် ကလေးငယ်တစ်ဦးအပါအဝင် နိုင်ငံခြားသား မိသားစုဝင်သုံးဦး အခန်းအတွင်း ပိတ်မိနေသည်။ နိုင်ငံခြားသား ဇနီးမောင်နှံနှစ်ဦးနှင့် အခြားမိသားစုဝင် ၂၃ ဦး စုစုပေါင်း လူ ၃ဝ အား ကယ်ထုတ်ပေးခဲ့ရသည်။ မီးခိုးများအကြားမှ ဝင်ရောက် ကယ်ဆယ်ခဲ့ရသည့်အတွက် သန္ဓေမီး သတ်တပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးတို့ မီးခိုးများ မွှန်ကာ အသက်ရှူကျပ်လာခြင်း ကြောင့် သင်္ဃန်းကျွန်းဆေးရုံနှင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ ဆေးကုသမှု ခံယူခဲ့ရသည်။

မီးလောင်ရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြား ရေးမှူး ဦးမြတ်သူ၊ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးသော်ဒါတို့၏ ကြီးကြပ်မှု၊ မြို့နယ်မှ မီးသတ်ရေယာဉ် ၄၆ စီး တို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂ ၉ဝ ကျော်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ဝ ကျော် တို့၏ ကြိုးပမ်းမှုကြောင့် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ဝဝ နာရီ ၂၅ မိနစ် တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင် မှုကြောင့် နိုင်ငံခြားသား မစ္စတာ ဝမ်ဇိုင်းဟူ (၃၃ နှစ်)နှင့် မစ္စတာ ဝမ်ဖယောင်း အသက် (၄ဝ နှစ်) တို့အား မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။

သတင်း- ကိုကြီးတင်
Myanmaalinn

Thursday, February 19, 2015

မိကျောင်းကန်ဆန္ဒပြသူများကို ထောင်ဒဏ် ၆ လစီ ချမှတ်

 d1
သက်ကြီးရွယ်အိုတွေအပါအ၀င် မိကျောင်းကန်ဆန္ဒပြသမား ၁၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် စုစုပေါင်း ၆ လ စီ ဒီကနေ့ ချမှတ်လိုက်ပါတယ်။
ရန်ကုန်မြို့တော်ခန်းမ အ၀င်လမ်းကို ပိတ်ဆို့ဆန္ဒပြတဲ့အတွက် ထောင်ဒဏ်ချခံရတာဖြစ်ပြီး ထောင်ကျသွားသူတွေထဲမှာ အသက် ၆၈ နှစ်အရွယ် အဘွားအိုတွေလည်း ပါဝင်တယ်လို့  ဆန္ဒပြသူတွေရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။
“မိကျောင်းကန်ကသူတွေကို ဒုရဲမှူး ဦးတင်လှကနေပြီးတော့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ နဲ့ ၂ မှုဖွင့်တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီက စီမံဌာနမှူး ဦးမောင်မောင်ဇော်ကလည်း ပုဒ်မ ၁၄၃၊  ၃၄၁ အရ အမှုဖွင့်တယ်။ အဲဒါကို တရားသူကြီးက ပုဒ်မ ၁၈ တခုကို ၁လ – ၁လနဲ့  နှစ်မှုတွဲ ၂ လ။ နောက်တတိယအမှုမှာကျတော့ ပုဒ်မ ၁၄၃ အတွက် ၃ လ၊ ပုဒ် ၃၄၁ အတွက် ၁ လ ဆိုပြီး စုစုပေါင်း ၆ လဖြစ်သွားတယ်။”
ထောင်ချခံရတဲ့ ၁၄ ယောက်ထဲမှာ ၁၂ ယောက်က အမျိုးသမီးတွေဖြစ်ပါတယ်။ ရန်ကုန် မြို့တော်ခန်းမအ၀င်လမ်းမှာဖွင့်လှစ်ထားတဲ့ သပိတ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အာဏာပိုင်တွေက သွားရောက်သိမ်းဆည်းပြီး ၁၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဒီနောက်ဆန္ဒပြသမား ၁၄ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ နဲ့ အမှု ၂ မှု၊  မတရားတားဆီးကန့်ကွက်မှု  ပုဒ်မ  ၃၄၁၊  ပြည်သူပိုင်လမ်းပိတ်ဆို့မှု ပုဒ်မ ၁၄၃ တို့နဲ့ ကျောက်တံတားမြို့နယ်ရဲ စခန်းမှူး က တရားလိုလုပ်တရားစွဲဆိုခဲ့တာပါ။
ဆန္ဒပြသူတွေကို အခုလိုထောင်ချလိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေ  ဦးရောဘတ်ဆန်းအောင်က      “လူတွေကိုထောင်ချတာက ဖြစ်ပေါ်နေတဲ့ ပြဿ     နာကို ဖြေရှင်းတာမဟုတ်ဘူး။ ဖြစ်ပေါ်နေတဲ့ပြဿ      နာကို ပိုမိုကြီးထွားလာအောင်လုပ်သလိုဖြစ်တာပဲ”  လို့ ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်တွင်း စစ်တပ်သိမ်းထားတဲ့မြေတွေ ပြန်လည်ရရှိရေးအတွက် မိကျောင်း ကန်ပြည်သူတွေက မဟာဗန္ဓုလပန်းခြံမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လကတည်းက သပိတ်စခန်းဖွင့် တောင်းဆိုနေတာဖြစ်ပါတယ်။
DVB

ပစ်ခတ်ခံခဲ့ရသည့် ကြက်ခြေနီ ၂ ဦး ဒဏ်ရာသက်သာ

 IMG_4005
ရှမ်းပြည်နယ်တိုက်ပွဲမှာ နေရပ်ပြန်သူတွေကို ကူညီပို့ဆောင်ရင်း သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် (၂) ဦးကို ကွမ်းလုံဆေးရုံကနေ လားရှိုးဆေးရုံကို ပြောင်းရွှေ့ကုသပေးနေတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြောပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း အမှုဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်လှက “သူတို့ကို ဒီကနေ့မနက်ကိုတော့ ကွမ်းလုံဆေးရုံကနေပြီးမှ လားရှိုးပြည်သူ့ဆေးရုံကြီးကို ပို့လိုက်ပြီလို့ သိရပါတယ်ဗျ။ စိုးရိမ်စရာအခြေအနေတော့ မရှိတော့ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်ဒေသမှာ မနေ့က စစ်ရှောင်ဒုက္ခသည်တွေကို ဘေးလွတ်ရာ သယ်ဆောင်ရင်း လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့နယ်အကြားမှာ ယာဉ်တန်းရဲ့ ရှေ့ဆုံးကားကို ပစ်ခတ်ခံခဲ့ရတာပါ။
ဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း အမှုဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်လှက “ဖြစ်စဉ်ကတော့ ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းပေါ့နော် အသင်းဝင်တပ်ဖွဲ့ဝင်တွေက လောက်ကိုင်မှာ သွားပြီးမှာ စစ်ရှောင်ဒုက္ခသည်တွေကို လားရှိုးဘက်ကို ပြန်ခေါ်လာတာပါ။ ပြန်ခေါ်လာရင်းနဲ့ ကျနော်တို့ လောက်ကိုင်နဲ့ ချင်းရွှေဟော်အကြားပေါ့နော် အဲဒီနေရာမှာ ကျနော်တို့ အဖွဲ့တွေ အပစ်ခံရတာပါ။ ဒီဖြစ်စဉ်ဖြစ်ပေမယ့် လိုအပ်ချက်အရတော့ ကျနော်တို့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ဒီဗွီဘီသတင်းထောက်က ကားတွေပေါ်မှာ ကြက်ခြေနီ အလံထောင်တဲ့အကြားက ပစ်ခတ်ခံရတာဖြစ်တယ်လို့ ပြောပါတယ်။ ကားရှေ့ခန်းမှာ လိုက်ပါလာတဲ့  ကွမ်းလုံမြို့နယ်က ကြက်ခြေနီနှစ်ဦးအနက် ယာဉ်မောင်းသူ ကိုဇော်မင်းထိုက်က မျက်စိမှာ မှန်စ၀င်ပြီး ကိုမိုးကျော်က ၀မ်းဗိုက်မှာ ထိမှန်ခဲ့ပါတယ်။ မျက်စိထိသူကို ခွဲစိတ်ကု သမှုခံယူခဲ့ရတယ်လို့ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ထုတ်ပြန်ချက်မှာ ယခုတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ  တာဝန်ရှိတယ်ဆိုတာ မသိရှိရသေးကြောင်း၊  ဒဏ်ရာရကြက်ခြေနီ ၂ ဦး သက်သာကြောင်းနဲ့ အခင်းဖြစ်စဉ် ကားပေါ်လိုက်ပါတဲ့ စေတနာလုပ် အားရှင်တွေဟာ ကြက်ခြေနီအမှတ်အသားကို ထင်ထင်ရှားရှား  ဝတ်ဆင်ထားကြကြောင်း ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာသာလှရွှေက တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး  “တိုက်ပွဲကြောင့် နေရပ်ပြန်သူများကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးနေ စဉ်မှာ အခုလို ဒဏ်ရာရရှိကြောင်းသိရတဲ့အတွက် အလွန်ပဲ ၀မ်းနည်းရပါတယ်။ ဒီလို အ­­­ခက် အခဲတွေကြားထဲက ကူညီပေးနေတဲ့သူတို့ကို လေးစားရမှာဖြစ်ပြီး ပစ်မှတ်အဖြစ် မတိုက်ခိုက် သင့်ပါဘူး”လို့ အသင်းထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
တရုတ်ပြည် ယူနန်ပြည်နယ်နဲ့ လေးမိုင်ခန့်အကွာမှာ တည်ရှိတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဧရိယာမှာ လွန်ခဲ့တဲ့သီတင်းပတ်ကစလို့ အစိုးရတပ်နဲ့ ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့အကြား အပြင်းအထန် တိုက်ပွဲဖြစ်ပြီး ထောင်ပေါင်းများစွာသော အရပ်သားတွေ လောက်ကိုင်ဒေသကို စွန့်ခွာထွက်ပြေးကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ကြက်ခြေနီယာဉ်တန်းတိုက်ခိုက်ခံရပြီး တနာရီခန့်အကြာ မနေ့ညနေ လေးနာရီခွဲခန့်မှာ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာဟာ ဆွီဒင်ကြက်ခြေနီအသင်းဥပဒေအကြံပေးနှင့် အပြည်ပြည်ဆိုင်ရာ ညွန်ကြားရေးမှူး Mr.Dick Oskar Anders Clomen နှင့် Ms.Eva Ingela Holmertz တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ နေပြည်တော်မှာ နှစ်နိုင်ငံ  ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးကြပါတယ်။
အစိုးရက ကိုးကန့်ဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစပြီး ၃ လကြာ အရေးပေါ်အခြေအနေသတ်မှတ်ပြီး စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်သွားတော့မယ်လို့ မနေ့ညက ထုတ်ပြန်ကြေညာထားပါတယ်။
အေးနိုင် DVB

လောက်ကိုင်ဒေသ၌ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းပြီး စစ်ခုံရုံးဖြင့် တရားစီရင်မည့် ပြစ်မှုများတွင် သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ ထည့်သွင်းထားခြင်းကြောင့် ဂျာနယ်လစ်များအနေဖြင့် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ သေဒဏ်အထိ ကျခံရနိုင်ေ

ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်က စစ်အုပ်ချုပ်ရေး အမိန့်အမှတ် (၁/၂ဝ၁၅) ဖြင့် ထုတ်ပြန်ခဲ့သော အမိန့်တွင် စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများ၌ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများကို ထည့်သွင်းထားခြင်းကြောင့် ဂျာနယ်လစ်များအနေဖြင့် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ သေဒဏ်အထိ ကျခံရနိုင်ကြောင်း ထုတ်ပြန်ခဲ့သော အမိန့်ပါဖော်ပြချက်များအရ သိရသည်။
အဆိုပါ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂ဝ၁၅ ၏ အပိုဒ်၎(ခ) (၃) တွင် ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားရာ တည်ဆဲဥပဒေများတွင် မည့်သို့ပင်ပါရှိစေကာမှု နောက်ဆက်တွဲဇယား (က) ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သူတစ်ဦးအား စစ်ခုံရုံးက ပြစ်မှုထင်ရှား စီရင်ပါက သေဒဏ်၊ နှစ်အကန့်အသတ် မရှိသော အလုပ်နှင့်ထောင်ဒဏ်၊ သုံးနှစ်အောက် မလျော့သော အလုပ်နှင့်ထောင်ဒဏ် (သို့တည်းမဟုတ်) သုံးနှစ်အောက် မလျော့သော အလုပ် နှင့်ထောင်ဒဏ်အပြင် ငွေဒဏ် စသည့် ပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်ဟု ပြဠာန်းထားသည်။
အလားတူ နောက်ဆက်တွဲဇယား (က) ပါ စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများထဲတွင် သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနှင့်ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများကို ထည့်သွင်းထားသောကြောင့် ဂျာနယ်လစ်များအနေဖြင့် ပြစ်မှုထင်ရှားသည်ဟုဆိုကာ စီရင်ခြင်းခံရပါက နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုကျူးလွန်သူများနည်းတူ အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ သေဒဏ်အထိ ကျခံရနိုင်စေရန် ပြဠာန်းထားသည်ကို တွေ့ရသည်။
နောက်ဆက်တွဲဇယား (က) ပါ စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများထဲတွင် ပါဝင်သည့် ပြစ်မှုအမျိုးအစား အပြည့်အစုံမှာ (၁) နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၂)၊ (၂) အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က) ၊ (၃) မတရားအသင်း အက်ဥပဒေအရပြစ်မှုများ၊ (၄) လက်နက်အက်ဥပဒေအရပြစ်မှုများ၊ (၅)လူသတ်မှု ၊ (၆)လူသေမှု၊ (၇)မုဒိမ်းမှု၊ (၈)လုယက်မှု၊ (၉) ဓားပြမှု၊ (၁ဝ) အဂတိလိုက်စားမှု (၁၁) ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရပြစ်မှုများ၊ (၁၂) ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေအရပြစ်မှုများ၊ (၁၃) ၁၉၆၃ခုနှစ်အများနှင့် သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများ၊ (၁၄) ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ၊ (၁၅) သတင်းမီဒီယာဥပဒေအရပြစ်မှုများ၊ (၁၆) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ စသည်တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါအမိန့်တွင် စစ်ခုံးရုံးများက ချမှတ်သော ဆုံးဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည်ဖြစ်ကြောင်း သို့ရာတွင် သေဒဏ်စီရင်ပါက ထို့သို့ စီရင်ခြင်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်ကြောင်း၊ နှစ်အကန့်အသတ်မရှိသော ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် ပြန်တမ်းဝင်အမှတ် ကြည်း ၂ဝ၈၃ဝ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ၏ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထို့အတူ အတည်ပြုခြင်းနှင့်ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊ ပြစ်ဒဏ်ကို ပိုနိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်းစသည့် လုပ်ပိုင်ခွင့်များရှိကြောင်းလည်း စစ်အုပ်ချုပ်ရေး အမိန့်အပိုဒ် ၄(ခ) (၄)တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။ အလားတူ ယခုထုတ်ပြန်သည့် အမိန့်အရ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက် ပြစ်ဒဏ်ချမှတ်ချက်များနှင့် စပ်လျဉ်းပြီး အယူခံပိုင်ခွင့် မရှိစေရကြောင်းလည်း သိရသည်။
မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “စစ်အုပ်ချုပ်ရေးထုတ်တာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ထုတ်တာဖြစ်တယ်။ ကျွန်တော်တို့က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အတည်ဖြစ်နေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် စစ်အုပ်ချုပ်ရေး ထုတ်ထားတဲ့ဒေသမှာ စစ်ဦးစီးချုပ်က ဘုရင့်အာဏာပဲ။ သက်ဦးစံပိုင်စနစ်ပဲ။ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီးရင်ရေးအာဏာ  သုံးရပ်စလုံး ကျင့်သုံးနိုင်တယ်။ လူလည်း လွှဲလို့ရတယ်။ စစ်ခုံရုံးတင် စစ်ဆေးမယ့် ပြစ်မှုတွေမှာ ချပေးတဲ့ပြစ်ဒဏ် အမျိုးအစားတွေရော အကုန်ပေးထားတာပေါ့။ ထုတ်ပြန်ထားတဲ့ ပြစ်မှုတွေမှာတော့ ပြောစရာမရှိဘူး။ သူတို့ကလုပ်မှာပဲ။ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများဆိုတဲ့ ထုတ်ပြန်ချက်တွေကတော့ စဉ်းစားရအတော်ကျပ်တယ်။ အဲဒီ စစ်အုပ်ချုပ်ရေးဒေသမှာ အကုန်မလုပ်ရအောင် ထိန်းချုပ်ထားတာပဲ။ ရှင်းရှင်းပြောရရင် အဲဒီမှာ နိုင်ငံရေးလှုပ်ရှားမှုများနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်တဲ့ သဘောပါ။ ဒီဟာတွေလုပ်တာက တစ်ဖက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသားတွေရဲ့အခွင့်အရေးအားလုံးကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့အချိန်မှာ ကျင့်သုံးခွင့်မရှိဘူးဆိုပြီး ပါတယ်။ ပြောချင်တာက နိုင်ငံရေးနဲ့ မီဒီယာသတင်းလွတ်လပ်ခွင့်အပြင် နိုင်ငံသားအခွင့်အရေးတွေကို ထိန်းချုပ်ချင်လို့ ရည်ရွယ်တာပဲ”ဟု ပြောကြားသည်။
“အဓိကထားပြောချင်တာက တရားစီရင်ရေးအပိုင်း ဖြစ်ပါတယ်။ တရားစီရင်အပိုင်းမှာက ဥပဒေတွေ ရှိပြီးသားဖြစ်ပါတယ်။ ရှိနေလျက်နဲ့ တည်ဆဲဥပဒေတွေ ဘယ်လိုရှိရှိ စစ်အုပ်ချုပ်ရေးမှာ ဖွဲ့စည်းတဲ့ စစ်ခုံရုံးတွေကနေ ပြီးတော့ သေဒဏ်အထိ သူချချင်သလို ချဖို့ အခွင့်အရေးပေးတာကတော့ တရားဥပဒေစိုးမိုးရေးနဲ့ လုံးလုံးလျားလျားကြီးကို ဆန့်ကျင်နေတယ်လို့ မြင်တယ်။ ဒါကတော့ မဖြစ်သင့်ဘူးလို့မြင်တယ်။ တစ်နည်းအားဖြင့် ဥပဒေရဲ့အထက်မှာ သွားထားလိုက်တဲ့သဘော ဖြစ်တဲ့အတွက် ကျွန်တော်တို့ နောင်မှာလည်း စိုးရိမ်စရာ နောက်ဆက်တွဲ ပေါ်ပေါက်လာနိုင်တယ်လို့ ကျွန်တော်တို့ တွက်တယ်။ အခုက ဒီလိုအကန့်အသတ်မရှိ စစ်အုပ်ချုပ်ရေးအခွင့်အာဏာရသူက တည်ဆဲဥပဒေတွေကို လွန်ဆန်ပြီးတော့ သေဒဏ်ထိချမှတ်နိုင်တဲ့ပြစ်မှု အမျိုးအစားတွေကို ကြည့်ရှုတဲ့အခါမှာ ကျတော့လည်း ကျွန်တော်စိုးရိမ်စရာကောင်းတာတွေ ရှိတယ်။ ဒါကဘာလဲဆိုတော့ သတင်းမီဒီယာဥပဒေဆိုတာကလည်း ပါလာတယ်။ ပုံနှိပ်ထုတ်ဝေရေးဥပဒေဆိုတာလည်း ပါလာတယ်။ ဒါက ကျွန်တော်တို့ သတင်းလွတ်လပ်ခွင့် ဖြစ်ရပ်မှန်ဖော်ထုတ်ရေးကိစ္စတွေကို မလုပ်ဝံ့ မလုပ်ရဲအောင် တစ်ခါတည်းပိတ်ပင်ထားတဲ့ သဘောမျိုးဖြစ်တယ်လို့ မြင်တယ်။ ဒါကြောင့်မို့လို့ တရားစီရင်ရေးပိုင်းနဲ့ ပတ်သက်လို့ ဒီလို စစ်အုပ်ချုပ်ရေးမှာ ဒီလိုအချက်အလက်တွေ ထည့်သွင်းထားတာတော့ ကျွန်တော်တို့ မနှစ်မြို့ဘူး”ဟု ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစောလွင်က ပြောကြားသည်။
စစ်အုပ်ချုပ်ရေးစနစ် စတင်ပြီဆိုသည်နှင့် တရားစီရင်ရေးနှင့်အုပ်ချုပ်ရေးသည် တပ်မတော်၏ လက်အောက်ရောက်ရှိသွားပြီး ဒီမိုကရေစီအခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်ကလည်း ပြောကြားသည်။
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှအဖွဲ့ဝင် ဦးခိုင်မောင်ရည်ကလည်း “ဒီလိုမျိုး ရခိုင်ဒေသမှာ တစ်ခေါက်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုလို ဥပဒေတွေကို သတ်မှတ်ထားတာဟာ ဒီတစ်ခါမှာ ထူးခြားမှုတစ်ခု ဖြစ်တယ်။ ဒါနိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်လိုက်တယ်။ ဒီကန့်သတ်ပိုင်ခွင့်က တပ်မတော်မှာ ရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်မှာ ရှိနေတယ်ဆိုတာ ပြည်သူတွေကို မီးမောင်းထိုပြလိုက်တာ ဖြစ်တယ်။ 
စစ်အုပ်ချုပ်ရေး ဖြစ်သွားပြီဆိုရင် ပြည်သူတွေ ရဲ့ အခွင့်အရေးကို ကန့်သတ်ခံရလိမ့်မယ်ဆိုတဲ့ နမူနာပြကွက်တစ်ခု ဖြစ်နေတယ်။ အခုလို မီဒီယာဥပဒေအထိပါ ကန့်သတ်လာတာ ထူးခြားမှုတစ်ခုဖြစ်နေတယ်။ စစ်အုပ်ချုပ်ရေးဖြစ်ပြီဆိုရင် စစ်တပ်က အားလုံးအပေါ် လွှမ်းမိုးပြီး လုပ်ကိုင်ခွင့်ရှိတယ်ဆိုတာ ပြည်သူတွေ သဘောပေါက်ဖို့လိုတယ်လို့ မြင်တယ်။ နောက်တစ်ခုက ဒီလိုအရေးပေါ်ဖြစ်တဲ့အချိန်မှာ နိုင်ငံသားတွေက အခွင့်အရေးအားလုံး ဆုံးရှုံးရမှာ အခုမြင်တွေ့ရတဲ့အတိုင်း ဖြစ်မယ်လို့ ပြောရမှာပဲဖြစ်တယ်”ဟု  The Daily Eleven သတင်းစာသို့ ပြောကြားသည်။
နိုင်ငံတကာတွင်လည်း သတင်းမီဒီယာများကို အကာအကွယ်ပေးလေ့ရှိပြီး မြန်မာနိုင်ငံတွင် ပြဠာန်ထားသော သတင်းမီဒီယာဥပဒေတွင်လည်း ဂျာနယ်လစ်များ လွတ်လပ်စွာ သတင်းယူခွင့်ကို အာမခံကာကွယ်ပေးထားကြောင်း၊ မူရင်းဥပဒေတွင် မပါဝင်သည့် ပြစ်ဒဏ်များဖြင့် အရေးယူမည်ဆိုပါက တရားမျှတမှု မရှိနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
“စစ်အုပ်ချုပ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြစ်ဒဏ်ကို စစ်တပ်က ချမှတ်နိုင်တဲ့ဆိုတဲ့ သဘောပေါ့။ ကျွန်တော်တို့ မီဒီယာသမားတွေ ဂျာနယ်လစ်တွေဆိုတာကတော့ စစ်မြေပြင်မှာ သတင်းယူခွင့်ရှိတာပဲ။ တစ်ကမ္ဘာလုံးမှာ ရှိတယ်။ အရှေ့အလယ်ပိုင်းမှာလည်း သတင်းယူနေကြတာပဲ။ မီဒီယာသမားမှာ Media Right ခေါ်တဲ့ သတင်းရယူပိုင်ခွင့် ပတ်သက်ပြီး သတင်းမီဒီယာဥပဒေမှာလည်း အကာအကွယ်ပေးထားတာ ရှိပါတယ်။ နိုင်ငံတကာမှာလည်း ဂျာနယ်လစ်တွေကို အကာအကွယ်ပေးရမယ့် သဘောရှိတဲ့အတွက် အရေးယူလို့ မရဘူးလို့ ကျွန်တော်ထင်တယ်။ သူတို့က အဲဒီလိုမဟုတ်ဘဲနဲ့ ဂျာနယ်လစ်တွေကို စစ်အုပ်ချုပ်ရေးနဲ့ အရေးယူမယ်ဆိုရင်တော့ မတရားဘူးလို့ ထင်ပါတယ်။ နိုင်ငံတကာစံနှုန်းတွေကို လေ့လာဖို့လိုပါတယ်။ နိုင်ငံတကာမှာလည်း စစ်မက်ဖြစ်ပွားတဲ့နေရာတွေမှာ သတင်းယူနေကြတာပဲ။ အရေးယူလို့မရပါဘူး”ဟု ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဦးချစ်ဝင်းမောင်ကလည်း ပြောကြားသည်။
“ဥပဒေထဲမှာက ဒါက သေဒဏ်၊ ဒါက ဘယ်လောက်ဆိုတာ ပြဠာန်းထားပြီး ဖြစ်ပါတယ်။ အဲဒီဟာကို ကျော်လွန်ပြီးတော့ ဥပမာ ပုံမှန်ဥပဒေထဲမှာ ထောင်ဒဏ်နှစ်နှစ်ပဲ ရှိတဲ့ဟာမျိုးကို အခုဟာက အကန့်အသတ်မရှိ ထောင်ဒဏ်တို့ သေဒဏ်တို့ ပေးလိုက်မယ်ဆိုရင် ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တာ မဟုတ်ဘူး။ ဥပဒေသဘောအရဆိုရင် ဥပဒေပြဠာန်းချက် အများကြီးကျော်လွန်တယ်လို့ သုံးသပ်တယ်” ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဦးငိုင်ဆာခ့် က ပြောကြားသည်။
“ ပြစ်ဒဏ်ချမှတ်တဲ့နေရာမှာ တည်ဆဲဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူဆိုပြီးတော့ ပြောထားတာ။ အဲဒီလိုပါရှိထားတဲ့အတွက် မီဒီယာတွေကိုလည်း ထုတ်ပြန်ထားတဲ့အတိုင်း ထောင်ဒဏ်ချမှတ်နိုင်တယ်။ ငွေဒဏ်ချမှတ်ရမယ့် မီဒီယာကိုလည်း ပြစ်မှုကျူးလွန် မယ်ဆိုရင် သေဒဏ်လည်း ချမှတ်နိုင်တယ်။ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်နဲ့သုံးနှစ်အောက် မလျှော့သော ထောင်ဒဏ်လည်း ချမှတ်နိုင်တယ်။ ကျွန်တော်လည်း ကိုယ်တွေ့ ကြုံဖူးတယ်။ ၁၉၉ဝ ပြည့်နှစ်တုန်းက မန္တလေးတိုင်း စစ်ခုံရုံးအမှတ် ၄ ကနေပြီးတော့ ၁၉၅ဝ ပြည့် အရေးပေါ်စီမံမှု အက်ဥပဒေအရ ၅(ည)နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တယ်။ ၅(ည)ရဲ့ ပြစ်ဒဏ်က ခုနစ်နှစ်ပဲရှိတယ်။ ကျွန်တော့်ကို ၁၄ နှစ်ထိချတယ်။ သူတို့က လုပ်မှာပဲ။ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ သုံးရပ်စလုံးက ဦးစီးချုပ်လက်ထဲကို အပ်လိုက်တာပဲ။ အဲတော့ သူကြိုက်တာချလို့ရတယ်။ ပြောရရင် တည်ဆဲဥပဒေများတွင် မည်သို့ပင် ပါရှိစေကာမူဆိုတော့ ဇာတ်လမ်းက ပြတ်သွားပြီ။ ပြစ်မှုနဲ့ပြစ်ဒဏ် မျှတမှုရှိရဲ့လားဆိုတာ ကျွန်တော်တို့ ကိုယ်တွေ့ပဲလေ။ စစ်ခုံရုံးကို ကျွန်တော် နှစ်ကြိမ်ကြုံခဲ့ဘူးတယ်။ အဲဒီကြုံခဲ့တဲ့ထဲက ဖြစ်စဉ်တစ်ခုဆိုရင် မာလာကာသီးတစ်လုံး ခိုးတာကို ထောင်လေးနှစ် ချခဲ့တယ်။ စစ်ခုံရုံးရဲ့အနိမ့်ဆုံးပြစ်ဒဏ်က လေးနှစ်ဖြစ်တဲ့အတွက် အဲဒီလိုချခဲ့တယ်။ အဲဒီ မာလာကာသီးတစ်လုံး ခိုးတဲ့သူက ကလေးပဲရှိသေးတာ။ 
အခု စစ်အုပ်ချုပ်ရေးထုတ်ပြန်တာမှာ တရားမျှတမှု ရှိ၊ မရှိ ဥပဒေနဲ့ ညီ၊ မညီဆိုတာ နှစ်ပိုင်းရှိတယ်။ ပထမအချက်က ဥပဒေနဲ့တော့ ညီတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဠာန်းထားတာကိုး။ တရားမျှတမှု ရှိ၊ မရှိဆိုတာကတော့ မာလကာသီးတစ်လုံး ခိုးတာ ထောင်လေးနှစ်ချတယ်ဆိုတော့ ဘယ်တရားမျှတမှုရှိမလဲ။ ပြောရမယ်ဆိုရင် ခုထုတ်ပြန်မှုက ဥပဒေနဲ့တော့ ညီတယ်။ ဒါပေမဲ့ တရားမျှတမှုမရှိဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်သည်။
Writer: 
သတင်းအယ်ဒီတာအဖွဲ့ EMG

ကြက်ခြေနီယာဉ်တိုက်ခိုက်မှု ကိုးကန့်တပ်ဖွဲ့ငြင်းဆန်

 
လွန်ခဲ့တဲ့ရက်ပိုင်းက ကြက်ခြေနီ ၂ ဦး ဒဏ်ရာရခဲ့တဲ့ ကယ်ဆယ်ရေး ယာဉ်တန်းကို ပစ်ခတ်ခဲ့ခြင်း မရှိဘူးလို့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့က ငြင်းဆန်လိုက်ပြီး အခင်းဖြစ်တဲ့နေရာ ဟာ တပ်မတော်ထိန်းချုပ် နယ်မြေအတွင်းမှာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်အထူးဒေသ (လောက်ကိုင်) မှာ တိုက်ပွဲဖြစ်ပြီး လောက်ကိုင်ကနေစစ်ရှောင်ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ ကြက်ခြေနီယာဉ်တန်းဟာ ဖေဖော်ဝါရီ ၁၇ ရက်က ချင်းရွှေဟော်အနီး ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခင်းဖြစ်တဲ့ညပိုင်း သတင်းထုတ်ပြန်ချက်မှာ ပစ်ခတ်သူဟာ ကိုးကန့်တပ်ဖွဲ့ကလို့ စွပ်စွဲခဲ့ပါတယ်။ သတင်းမှာ “ယနေ့မွန်းလွဲ (၂) နာရီခန့်၌ ပါစင်ကျော်နှင့် ချင်းရွှေဟော်အကြား သို့ရောက်ရှိစဉ် အဆိုပါ ဖြတ်သန်းမောင်းနှင် လာသော ယာဉ်အား ကိုးကန့်တိမ်းရှောင်အဖွဲ့က ချုံခို ပစ်ခတ်တိုက်ခိုက်ခဲ့သည်” လို့ ဖော်ပြခဲ့ပါတယ်။   ပစ်ခတ်သူကို အချိန်တိုအတွင်း ဘယ်လိုဖော်ထုတ် အတည်ပြုချက်ရယူခဲ့တယ်ဆိုတာတော့ သတင်းမှာမဖော်ပြပါဘူး။

အစိုးရဘက်က စွပ်စွဲချက်နဲ့ ပတ်သက်လို့ ကိုးကန့်တပ် မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့က  ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက “ကျနော်တို့ တိုက်တာမဟုတ်ပါဘူး။ လောက်ကိုင်မြို့ကို သူတို့ကနေပြီးတော့ ထိန်းချုပ်ထားတယ်ခင်ဗျ။ လောက်ကိုင်ကနေ ချင်းရွှေဟော် တောက်လျှောက် သူတို့ ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။ ကျနော်တို့လူတွေ အဲဒီမှာ မရှိပါဘူး။ ကပ်လို့တောင် မရပါဘူးခင်ဗျ။ တိုက်ပွဲဖြစ်ရင်တောင်မှ လမ်းမကြီးမှာ မဖြစ်နိုင်ဘူးခင်ဗျ။ ခင်ဗျားတို့ (သတင်းသမားတွေ) ပြောနေတဲ့ လုံထမ်ဆိုတာတောင်မှ လမ်းမကြီးနဲ့ နည်းနည်းလှမ်းပါသေးတယ်။ တိုက်ပွဲဖြစ်နေတာက ဟိုးဘက်ခြမ်းမှာ ဖြစ်နေတာပါခင်ဗျ။ ဒီလမ်းမကြီးနား ကျနော်တို့ မကပ်နိုင်ပါဘူးခင်ဗျ။” လို့ ပြောပါတယ်။

လောက်ကိုင်မှာ ကျန်ရှိတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို ကယ်ထုတ်လာတဲ့ယာဉ်တန်းမှာ ကြက်ခြေနီအလံတွေထောင်၊ ကြက်ခြေနီအ၀တ်အစားတွေ ထင်ထင်ရှားရှား ၀တ်ဆင်ထားတဲ့ ကြားက ပစ်ခတ်ခံခဲ့ရ တာဖြစ်ပြီး ယာဉ်ဦးခန်းမှာလိုက်ပါလာတဲ့ ကြက်ခြေနီ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနဲ့ လခြမ်းနီ လှုပ်ရှားမှုအဖွဲ့တို့က ကန့်ကွက်ခဲ့ကြပြီး ကြက်ခြေနီတွေရဲ့ လုံခြုံရေးကို အာမခံဖို့နဲ့ အတားအဆီးမရှိ ကယ်ဆယ်ကူညီခွင့်ပြုဖို့ တိုက်ပွဲဖြစ်စဉ်တွေမှာ ပါဝင်သူတွေအားလုံးကို တောင်းဆိုကြပါတယ်။

တိုက်ပွဲကြောင့် လောက်ကိုင်ဒေသခံတွေ တရုတ်နိုင်ငံဘက်ခြမ်းနဲ့ မြန်မာနိုင်ငံအတွင်းဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြသလို ဒီလ ၁၇ ရက်နေ့ညမှာ အစိုးရက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးကြေညာပါတယ်။

By ဒီဗွီဘီ

ကိုးကန့်တိုက်ပွဲ ပါဝင်ပတ်သက်သည့် လက်နက်ကိုင်အဖွဲ့များကို အစိုးရ ထုတ်ပြန်



ဖေဖော်ဝါရီ ၁၅ ရက်ကနေ  ၁၇ ရက်အထိ ကိုးကန့်ဒေသ လောက်ကိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေမှာ အစိုးရတပ်က ၃ ဦး ကျဆုံးခဲ့ပြီး အရာရှိ ၁ ဦးနဲ့ စစ်သည် ၂၆ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လောက်ကိုင်ဒေသကို သွားရောက်တဲ့ တပ်မတော်စစ်ကြောင်းနဲ့ စစ်ကူတွေအပါအ၀င် အုပ်ချုပ်မှု ကိစ္စရပ်တွေ အခက်အခဲ ဖြစ်စေဖို့ ရည်ရွယ်ပြီး ကိုးကန့်တပ်ဖွဲ့တွေအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ရှမ်းပြည်တပ်မတော် (ဝမ်ဟိုင်း) အဖွဲ့တွေပူးပေါင်းပါဝင် တိုက်ခိုက်တယ်လို့ ရေးသားထားပါတယ်။

ဒါဟာ အစိုးရဘက်က ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်တဲ့ တပ်ဖွဲ့အမည်တွေကို ပထမဆုံးထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချူပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံစဉ်က ကာကွယ်ရေးဦးစီးချပ်က  အခုတိုက်ပွဲတွေမှာ အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ  ပါဝင်ပတ်သက်တဲ့ အထောက်အထားတွေ ရှိနေပြီး အဲဒီ့အတွက် တာဝန်ယူရမယ်လို့ ပြောကြား ခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းတွေဆိုတာတော့ ထည့်သွင်းမပြောဆိုခဲ့ဘဲ အခုမှ အဖွဲ့နာမည်တွေကို ထုတ်ပြောလာတာဖြစ်ပါတယ်။

ကေအိုင်အေကတော့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်မှု မရှိကြောင်း ကေအိုင်အေပြောခွင့်ရ ဦးလနန်က ဒီဗွီဘီကို ပြောကြားထားပါတယ်။

တီအန်အယ်လ်အေကတော့  ကိုးကန့်တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း အစောပိုင်းကတည်းက ဒီဗွီဘီ ကိုပြောပါတယ်။

By ဒီဗွီဘီ

ကိုးကန့်အဖွဲ့၏ ငြိမ်းချမ်းရေး တောင်းဆိုချက် ညှိနှိုင်းရန်မရှိဟု သမ္မတရုံးပြော


အမ်အန်ဒီအေအေ ကိုးကန့် လက်နက်ကိုင်အဖွဲ့က သူတို့ဟာ မြန်မာနိုင်ငံရဲ့ မိသားစု အဖွဲ့ဝင်ဖြစ်ပြီး သမ္မတကြီးအနေနဲ့ ငြိမ်းချမ်းရေး တံခါးဖွင့်ပေးဖို့ တောင်းဆို ခဲ့တဲ့ အပေါ်မှာ သမ္မတရုံးက ပယ်ချလိုက်ပါတယ်။

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့က (အမ်အန်ဒီအေ အေ) ဟာ  နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာမို့ သူတို့နဲ့ ဆွေးနွေးညှိနှိုင်း စရာအကြောင်းမရှိဘူးလို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က တပ်ကိုတိုက်တာမဟုတ်ဘူး၊ တပ်စခန်းတွေကို တိုက်တာမဟုတ်ဘူး၊ သာမန်အခွင့်အရေးတောင်းဆိုတာ မဟုတ်ဘူး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လောက်ကိုင်အုပ်ချုပ်ရေးဌာနကို ဦးတည်ပြီးတိုက်တာဖြစ်တယ်။ ကြိုတင်စီစဉ် လုပ်ဆောင်တာဖြစ်တယ်။ ဒါဟာ  အခြေခံဥပဒေအရ အုပ်ချုပ်ရေးအာဏာကို ဆင့်ကဲ ခွဲဝေဆောင်ရွက်နေတဲ့ ဌာနကို ထိပါးစော်ကားတဲ့ သဘောဖြစ်တယ်။ အဲဒီတော့ သူတို့ကို တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တန်းတူသဘောထားလို့ မရဘူး။ တရားဝင်တုံ့ပြန်စရာလည်းမရှိဘူး။ ညှိနှိုင်းစရာလည်း မရှိဘူး။ လုပ်သင့် လုပ်ထိုက်တာတွေ အကုန်လုပ်သွားမယ်။”

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က ဖေဖော်ဝါရီ ၁၆ ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်း စိန်ထံ ပေးပို့တဲ့အိတ်ဖွင့်ပေးစာမှာ ကိုးကန့်ဟာ ပြည်ထောင်စုထဲက တိုင်းရင်းသား တမျိုးဖြစ်ကြောင်း၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ကိုယ့်အိမ်ကိုယ်ပြန်ကာ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်ဝတ္တရားကို ပူးပေါင်း ဆောင်ရွက်လိုကြောင်းနဲ့  သမ္မတအနေနဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးကို သော့ချက်အဖြစ် အသုံးချပြီး ငြိမ်းချမ်းရေး တံခါးဖွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

လောက်ကိုင်မြို့မှာ အရေးပေါ်အခြေအနေကြေညာထားပြီး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန် ထားပါတယ်။ ဒီထက် အခြေအနေပိုဆိုးလာရင် မြို့တွင်းစစ်ဆင်ရေးတွေ လုပ်လာနိုင်တဲ့ အနေအထားရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အစိုးရက သူတို့နဲ့ မညှိနှိုင်းတော့ဘူးဆိုရင်တော့ အခြေအနေတွေ ပိုပြီးဆိုးရွား လာနိုင်တယ်လို့   အမ်အန်ဒီအေအေ အထွေအထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ပြောပါ တယ်။

“မဆွေးနွေးတော့ဘူးဆိုကတည်းက သူတို့က အကြီးအကျယ်တိုက်တော့မယ့်ပုံပေါ့ဗျာ။ ကျနော်တို့လည်း ခုခံသွားရုံပဲရှိတယ်။ လောက်ကိုင်အုပ်ချုပ်ရေးဌာနကို ကျနော်တို့မထိပါးပါဘူး။ အုပ်ချုပ်ရေးမှူးကလည်း သူ့ဖာသူတိမ်းရှောင်သွားတာပါ။ အခုလည်း ကျနော်တို့က လောက်ကိုင်မြို့နဲ့ အဝေးကြီးမှာ၊ အဲဒီနား မကပ်နိုင်ပါဘူး။ ကျနော်တို့က ပြည်ထောင်စုကနေ ခွဲထွက်ဖို့လည်း မတောင်းဆိုဘူး။ ဒါကြောင့် အချုပ်အခြာအာဏာကို ထိပါးတယ်ဆိုတာ မဟုတ်ပါဘူး။”

လောက်ကိုင်မြို့မှာ အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် ၃ ရက်အတွင်း လူ၁၀၀ ကျော်သေဆုံးခဲ့ရပြီး အများစုဟာ ကိုးကန့်တိုင်းရင်းသားတွေဖြစ်တဲ့အတွက် လူမျိုးရေးပြဿ  နာ ဖြစ်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ အမ်အန်ဒီအေအေဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကို ၂၀၀၉ ခုနှစ်မှာ စွန့်ခွာခဲ့ပြီးနောက် လွန်ခဲ့တဲ့ သီတင်းပတ်မှာ ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုများပြားပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ထောင်ပေါင်းများစွာသော မြို့ခံတွေ ထွက်ပြေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီး ပြောခွင့်ရ ဟွာချွန်ယင်းကတော့ လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားလာခြင်းမရှိအောင်၊ စစ်တပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) တွေကို အပစ်အခတ်ရပ်စဲဖို့ ဖေဖော်ဝါရီ ၁၇ ရက်က သတင်းစာ ရှင်းလင်း ပွဲမှာ ပြောဆိုခဲ့ပါတယ်။

By ဒီဗွီဘီ

Monday, February 16, 2015

လစ်ဗျား IS စခန်းတွေကို အီဂျစ် ဗုံးကြဲ



IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ကို ထောက်ခံတဲ့ လစ်ဗျား စစ်သွေးကြွတွေက အီဂျစ် နိုင်ငံသား ခရစ်ယာန် ၂၁ ဦးကို ခေါင်းဖြတ် သတ်တဲ့ ဗီဒီယို ထွက်ပေါ် လာပြီးနောက် လစ်ဗျား အရှေ့ပိုင်းမှာ ရှိတဲ့ IS အဖွဲ့ရဲ့ ပစ်မှတ်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အီဂျစ် နိုင်ငံက ပြောပါတယ်။

IS အဖွဲ့ရဲ့ ခြေကုပ် စခန်းတွေ၊ လေ့ကျင့်ရေး စခန်းတွေနဲ့ လက်နက် သိုလှောင်ရာ နေရာတွေကို ဒီမနေ့ မနက် လင်းအားကြီး အချိန်က အက်ဖ် ၁၆ တိုက်လေယာဉ် တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အီဂျစ် စစ်တပ်က ပြောပါတယ်။

လစ်ဗျား ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ကလည်း လစ်ဗျား အရှေ့ပိုင်းက အစွန်းရောက် ဂျီဟတ် ဝါဒီတွေ ထိန်းချုပ်တဲ့ Derna မြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း ပြောပါတယ်။

အသတ်ခံရတဲ့ ကော့ပ်တစ် ခရစ်ယာန် အီဂျစ် အလုပ်သမားတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ လတွေမှာ လစ်ဗျား အရှေ့ပိုင်းက Sirte မြို့ကနေ IS အဖွဲ့က ဖမ်းခေါ် သွားခဲ့တာ ဖြစ်ပါတယ်။

အီဂျစ် သမ္မတ Abdel Fattah al-Sisi က ကော့ပ်တစ် ခရစ်ယာန် ဘုရားကျောင်းကို သွားရောက်ပြီး ဘုန်းတော်ကြီး Pope Tawadros ထံမှာ ဝမ်းနည်းစကား ပြောခဲ့ပါတယ်။

BBC Burmese

ကချင်ဒေသမှာ မြန်မာစစ်တပ် အင်အားတိုးချဲ့



ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် ကချင်ပြည်နယ် အတွင်းမှာတော့ အစိုးရတပ်ဖက်က စစ်အင်အား တိုးချဲ့လာနေပြီး အရင်ရက်ပိုင်းတွေက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့ KIO က တာဝန်ရှိသူတဦးက ပြောပါတယ်။ လက်ရှိ အခြေအနေအရ သူတို့ကိုလည်း တိုက်ခိုက်မယ် အခြေအနေ ရှိနေတယ်လို့ KIO အရာရှိက သုံးသပ်ပါတယ်။ ကချင်ပြည်နယ်အတွင်းက အခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ အစိုးရနဲ့ အပစ်အခတ်မရပ်စဲသေးတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အခြေစိုက်ရာ ကချင်ပြည်အတွင်းမှာ အစိုးရဖက်က တပ်အင်အားတိုးချဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်ဘက်က လတ်တလော စစ်ရေးလှုပ်ရှားလာတဲ့အခြေအနေကို KIO နည်းပညာအကြံပေးအဖွဲ့က ပြောရေး ဆိုခွင့်ရှိသူ ဦးဒေါင်ခါးက အခုလို ပြောပါတယ်။

“အခုက တပ်ပြောင်းတပ်ရွှေ့လုပ်တယ်ဆိုပြီးတော့ အင်အားတိုးချဲ့နေတာတော့ သိရတယ်။ မြစ်ကြီးနား၊ ဖားကန့်..မန္တလေးကနေ မြစ်ကြီးနားတက်လာတဲ့လမ်းကြောင်းတကြော၊ နောက် မြစ်ကြီးနား-ဗန်းမော်တလျှောက်၊ မြစ်ကြီးနား- ကန်ပိုက်တီး ပန်ဝါသွားတဲ့လမ်းကြောင်း၊ ပြီးရင် ဗန်းမော်ကနေ မိုးမိတ်ပေါ့- အားလုံးလိုလိုပါပဲ၊ လမ်းကြောင်းတွေအားလုံးမှာ အစိုးရတပ်အင်အားအပြောင်းအလဲဆိုတဲ့ခေါင်းစဉ်နဲ့ အင်အားတိုးချဲ့တဲ့ဟာတွေ၊ ရိက္ခာပို့တဲ့ဟာတွေ ရှိတယ်။ ရိက္ခာဆိုလည်း လက်နက်ရိက္ခာပါတာပေါ့ဗျာ။”

ပြီးခဲ့တဲ့ရက်ပိုင်းတွေက KIO ဌာနချုပ် လိုင်ဇာအနီးကို အစိုးရတပ်ဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့တာကြောင့် KIO ကိုလည်း တိုက်ခိုက်လာနိုင်မယ်အခြေအနေရှိနေတယ်လို့ ဦးဒေါင်ခါးက သုံးသပ်ပါတယ်။

“အခုတလော ၁၁ ရက်နေ့ကနေ သူတို့ လက်နက်ကြီးတွေပစ်နေတယ်။ လိုင်ဇာမြို့ထဲမှာက မကျဘူး၊ ဒါပေမယ့် မြို့အပြင်ကျတယ်၊ ပြီးရင် လိုင်ဇာနဲ့ဗန်းမော်သွားတဲ့လမ်းကြောင်း တခု၊ နယ်စပ်လမ်းတခုရှိတယ်။ အဲဒီလမ်းကြောင်းတလျှောက်မှာ သူတို့ လက်နက်ကြီးနဲ့ပစ်တယ်။ ဒါ သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာပဲ။ ဆွေးနွေးချင်တဲ့အနေအထားမျိုးနဲ့ တိုက်ပွဲဖြစ်ချင်တဲ့အနေအထားမျိုးကို ဖန်တီးတာပဲ။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ တုံ့ပြန်ပစ်ခတ်တာမရှိဘူး၊ ကာချုပ်ရဲ့လေသံနားထောင်ကြည့်တော့ KIO ကိုလည်း သူတို့က တိုက်မယ့်ပုံစံမျိုးတော့ ဖြစ်နေတယ်။”

ပြည်ထောင်စုနေ့အခမ်းအနားလာတက်ခဲ့ကြသူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အခမ်းအနားအပြီးတွေ့ဆုံဆွေးနွေးရာမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုးကန့်ဒေသတိုက်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိကြောင်း၊ ဒီအတွက် တာဝန်ယူရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဦးဒေါင်ခါးကတော့ KIO အနေနဲ့ တပ်ပေါင်းစုဖြစ်ပေါ်ရေး ဆောင်ရွက်တာတွေရှိပေမယ့် ကိုးကန့်ဒေသဘက်ကို နယ်ကျော်ပြီး လူအင်အား စေလွှတ်တိုက်ခိုက်တာမရှိကြောင်း ပြောပါတယ်။

“တကယ့်လူအင်အားအရ၊ လက်နက်အင်အားအရ Central Commend ကနေပြီးတော့ အင်အားတွေ စုစည်း ပေါင်းပြီးတော့လုပ်တဲ့ဟာတော့ မရှိဘူး။ ကိုးကန့်တိုက်ပွဲမှာလည်း လူအင်အားအရ နယ်ကျော်ပြီးတော့ အကူအညီပေးတဲ့ဟာ မရှိဘူး။”

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကတော့ လက်ရှိ ကချင်ပြည်နယ်တွင်းက အခြေအနေကို အခုလို ပြောပါတယ်။

“၁၁ ရက်..၁၂ ရက်နေ့တုန်းကတော့ လက်နက်ကြီးတွေနဲ့ပစ်တာ ရှိတယ်။ အခုလောလောဆယ်ကတော့ မနေ့ကနဲ့ဒီနေ့ကတော့ ဘာသံမှ မကြားတော့ဘူး။ လက်နက်ကြီးပစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ကို PCG ကြောင်းကြားလာတာ၊ ကျနော်တို့လည်း ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်နဲ့ တိုင်း (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆိုလိုပါတယ်။) ကိုတော့ အကြောင်းကြားလာတယ်ဗျ။ အောက်ခြေမှာဖြစ်တာ သူတို့လည်း စုံစမ်းကြည့်မယ် ဆိုပြီးတော့မှ အခုအချိန်အထိတော့ ဘာမှ အကြောင်းမပြန်လာဘူးဗျ။ အခု ကျနော်တို့သိရသလောက်ဆိုရင် တပ်စွဲပြီးပြီလို့ ပြောပြတယ်ဗျ။ အဲဒီမှာထိုင်တဲ့တပ်တွေ၊ တပ်မတွေ ပြန်ချိန်းဖို့အတွက် ပြင်ဆင်နေတာလို့ သိရတယ်ဗျ။ သူတို့လည်း တပ်ချိန်းတယ်လို့ပြောတယ်။ တပ်တွေကလည်း အများကြီးလာတယ်။ တပ်ချိန်းဖို့လာသလား၊ ထပ်တိုးဖို့လာသလား- ဘယ်လိုပုံစံလဲဆိုတာတော့ ကျနော်တို့လည်း အတိအကျတော့ မသိဘူးဗျ။”

တနိုင်းဒေသဖက်က ရွှေမှော်၊ ပယင်းမှော်တွေမှာလည်း တိုက်ပွဲဖြစ်နိုင်တဲ့အခြေအနေရှိတာကြောင့် အလုပ်လုပ်ကိုင်သူတွေကို အစိုးရတပ်က ပြန်ခိုင်းနေတယ်လို့ ပယင်းတူးဖော်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“တနိုင်းဘက်က ပယင်းမှော်၊ အောင်ဘာမှော်၊ ဒီနမ်ဗျို ရွှေမှော်- အဲဒါတွေကို အားလုံးဖယ်ခိုင်းတယ်လေ။ အဲဒီ ကြော်ငြာက ... ဒီ ကေအိုင်အေတွေက စစ်ဆင်ရေးကိုအကြောင်းပြပြီးမှ လူသစ်စုဆောင်းတယ်၊ ဆတ်ကြေးကောက်တယ်-တဲ့။ အဲဒါကြောင့် ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုး ဖြစ်တယ်-တဲ့။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ ရှင်းလင်းရေးဝင်လုပ်မယ်-တဲ့။ အဲလိုလုပ်တဲ့အချိန်ကျတော့ တိုက်ပွဲဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီမှာလုပ်ကိုင်စားသောက်နေတဲ့ လုပ်ငန်းရှင်တွေ၊ လက်လုပ်လက်စား မိဘပြည်သူတွေ- တိုက်ပွဲဖြစ်လာရင် ထိခိုက်လာနိုင်တယ်-တဲ့။ တပ်မတော်အနေနဲ့ လုံခြုံရေးတာဝန်မယူဘူး-တဲ့။ ဒါကြောင့် “အမြန်ဆုံးထွက်ခွာပေးရန် နှိုးဆော်အပ်ပါတယ်”- ဆိုပြီးတော့မှ အဲလို စာဖြန့်ထားတာကိုး။”

KIO နဲ့ အစိုးရတပ်အကြားမှာ အရင်က စစ်ရှိန်လျှော့ချဖို့ နှစ်ဖက်သဘောတူညီခဲ့ကြပြီး ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကိုဖွဲ့စည်းပြီး နှစ်ဖက်အကြား တိုက်ပွဲတွေဖြစ်လာရင် ညှိနှိုင်းဆွေးနွေး ဖြေရှင်းတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ လိုင်ဇာစစ်သင်တန်းကျောင်း ပစ်ခတ်မှုနောက်ပိုင်းမှာတော့ ဒီလို ဆွေးနွေးဖြေရှင်းတာတွေ ရပ်ဆိုင်းခဲ့သလို အစိုးရဘက်က ဖိတ်ကြားခဲ့တဲ့ လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့ အခမ်းအနားတွေကို KIO က မတက်ရောက်ခဲ့ပါဘူး။

KIO ဖက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းကော်မတီ NCCT က ဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်သည် အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)

လောက်ကိုင် ဒေသ စစ်ရှောင် သူများ ပိတ်မိနေ


လာရှိုးမှာ စခန်းတွေ ဖွင့်ပြီး တိမ်းရှောင် လာသူ တွေကို အကူ အညီ ပေးနေ
ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင် ဒေသ မော်ထိုက် မြို့နယ် ကျေးရွာတွေ ကနေ ဆရာ ဆရာမ ၁၇ ဦးဟာ ဆုံကန် ကျေးရွာမှာ ရောက်ရှိ နေပြီး အဲဒီ မှာ ဘယ်မှ သွားလို့ မရဘဲ ပိတ်မိနေ ကြပါတယ်။

ပုံမှန် ပြေးဆွဲ နေတဲ့ လိုင်းကားတွေ မရှိ တော့တဲ့ အတွက် ဘယ်မှ သွားလို့ မရဘဲ ဖြစ်နေပြီး စိုးရိမ် ထိတ်လန့် နေတယ်လို့ အဲဒီမှာ ပိတ်မိ နေတဲ့ ဆရာမ မဝင်းဝင်းမော် က ဘီဘီစီကို ပြောပါတယ်။

ရွာသား တွေလည်း ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြ ပြီ ဖြစ်ပြီး၊ ရွာမှာ လူ အနည်းငယ် သာ ကျန်ရှိ တယ်လို့ ဆရာမ က ပြောပါတယ်။ စစ်တပ်လည်း ရောက်ရှိ နေပြီး အဲဒီ နေရာ တဝိုက် မှာတော့ တိုက်ခိုက် မှုတွေ မရှိဘူး လို့ ဆိုပါတယ်။

တခါ ဘေးလွတ်ရာ ကို ရွှေ့ပြောင်း ဖို့ တာရွှေထန် ကျေးရွာ ကနေ လားရှိုးကို အသွား လောက်ကိုင် လမ်းမှာတော့ တနဂင်္နွေ နေ့က ကား တိမ်းမှောက် ခဲ့တဲ့ အတွက် ဆရာမ ၃ ဦး အပါ အဝင် လူ ၉ ယောက် သေဆုံး ခဲ့ပါတယ်။

လားရှိုးမြို့ အထက ၁ ကျောင်းမှာတော့ ဒုက္ခသည် တွေ အတွက် စခန်းဖွင့် ထားပြီး အကူအညီ ပေးနေ တယ်လို့လည်း ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းခမ်းမြတ် က ပြောပါတယ်။

တိုက်ပွဲ အခြေ အနေ ကတော့ လောက်ကိုင် ဘက်ကို စစ်ကူ သွားတဲ့ အစိုးရ စစ် ယာဉ်တန်း ဟာ တနဂင်္နွေ နေ့တုန်းက ကျောက်မဲ နဲ့ သီပေါမြို့ အကြားမှာ ခြုံခို တိုက်ခံရလို့ စစ်တပ်က တစ်ဦး ကျဆုံး သွားပါတယ်။

နေပြည်တော် ပြည်ထောင်စု လွှတ်တော် မှာတော့ ဒီလောက်ကိုင် အရေး နဲ့ ပတ်သက်ပြီး တနင်္လ࿿ာနေ့က အရေးကြီး အဆို တခု တင်သွင်းခဲ့ ကြောင်း သိရပါတယ်။

အစိုးရရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာ ကိုးကန့် ဒေသ အတွင်း ကိုးကန့် လက်နက်ကိုင် အဖွဲ့နဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှု တွေကြောင့် ဒေသခံ တွေရဲ့ အသက် အိုးအိမ် နဲ့ ဒေသ လုံခြုံ အေးချမ်း ရေးကို ထိခိုက် စေခဲ့တဲ့ အတွက် တပ်မတော်က နယ်မြေ ရှင်းလင်း မှုတွေ ပြုလုပ် နေတယ်လို့ ဖော်ပြ ထားပါ တယ်။

BBC Burmese

လောက်ကိုင် ဒေသ စစ်ရှောင် သူများ ပိတ်မိနေ


လာရှိုးမှာ စခန်းတွေ ဖွင့်ပြီး တိမ်းရှောင် လာသူ တွေကို အကူ အညီ ပေးနေ
ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင် ဒေသ မော်ထိုက် မြို့နယ် ကျေးရွာတွေ ကနေ ဆရာ ဆရာမ ၁၇ ဦးဟာ ဆုံကန် ကျေးရွာမှာ ရောက်ရှိ နေပြီး အဲဒီ မှာ ဘယ်မှ သွားလို့ မရဘဲ ပိတ်မိနေ ကြပါတယ်။

ပုံမှန် ပြေးဆွဲ နေတဲ့ လိုင်းကားတွေ မရှိ တော့တဲ့ အတွက် ဘယ်မှ သွားလို့ မရဘဲ ဖြစ်နေပြီး စိုးရိမ် ထိတ်လန့် နေတယ်လို့ အဲဒီမှာ ပိတ်မိ နေတဲ့ ဆရာမ မဝင်းဝင်းမော် က ဘီဘီစီကို ပြောပါတယ်။

ရွာသား တွေလည်း ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြ ပြီ ဖြစ်ပြီး၊ ရွာမှာ လူ အနည်းငယ် သာ ကျန်ရှိ တယ်လို့ ဆရာမ က ပြောပါတယ်။ စစ်တပ်လည်း ရောက်ရှိ နေပြီး အဲဒီ နေရာ တဝိုက် မှာတော့ တိုက်ခိုက် မှုတွေ မရှိဘူး လို့ ဆိုပါတယ်။

တခါ ဘေးလွတ်ရာ ကို ရွှေ့ပြောင်း ဖို့ တာရွှေထန် ကျေးရွာ ကနေ လားရှိုးကို အသွား လောက်ကိုင် လမ်းမှာတော့ တနဂင်္နွေ နေ့က ကား တိမ်းမှောက် ခဲ့တဲ့ အတွက် ဆရာမ ၃ ဦး အပါ အဝင် လူ ၉ ယောက် သေဆုံး ခဲ့ပါတယ်။

လားရှိုးမြို့ အထက ၁ ကျောင်းမှာတော့ ဒုက္ခသည် တွေ အတွက် စခန်းဖွင့် ထားပြီး အကူအညီ ပေးနေ တယ်လို့လည်း ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းခမ်းမြတ် က ပြောပါတယ်။

တိုက်ပွဲ အခြေ အနေ ကတော့ လောက်ကိုင် ဘက်ကို စစ်ကူ သွားတဲ့ အစိုးရ စစ် ယာဉ်တန်း ဟာ တနဂင်္နွေ နေ့တုန်းက ကျောက်မဲ နဲ့ သီပေါမြို့ အကြားမှာ ခြုံခို တိုက်ခံရလို့ စစ်တပ်က တစ်ဦး ကျဆုံး သွားပါတယ်။

နေပြည်တော် ပြည်ထောင်စု လွှတ်တော် မှာတော့ ဒီလောက်ကိုင် အရေး နဲ့ ပတ်သက်ပြီး တနင်္လ࿿ာနေ့က အရေးကြီး အဆို တခု တင်သွင်းခဲ့ ကြောင်း သိရပါတယ်။

အစိုးရရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာ ကိုးကန့် ဒေသ အတွင်း ကိုးကန့် လက်နက်ကိုင် အဖွဲ့နဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှု တွေကြောင့် ဒေသခံ တွေရဲ့ အသက် အိုးအိမ် နဲ့ ဒေသ လုံခြုံ အေးချမ်း ရေးကို ထိခိုက် စေခဲ့တဲ့ အတွက် တပ်မတော်က နယ်မြေ ရှင်းလင်း မှုတွေ ပြုလုပ် နေတယ်လို့ ဖော်ပြ ထားပါ တယ်။

BBC Burmese

Sunday, February 15, 2015

လောက်ကိုင်မြို့ နောက်ဆုံး အခြေအနေ


တရုတ် နယ်စပ် နားက လောက်ကိုင်
  လောက်ကိုင် မြို့ပေါ် မှာ စနေ နေ့ညက အစိုးရ နဲ ကိုးကန့် တပ်ဖွဲ့ တွေ တိုက်ပွဲ တွေဖြစ်ပွါးခဲ့ ပေမယ့် ဒီနေ့ ညနေပိုင်း အထိ အခြေအနေတွေ ငြိမ်သက် နေ ပါ တယ် ။

လူ ဦးရေ ၆ သောင်း လောက် ရှိတဲ့ လောက်ကိုင် မြို့ပေါ်က လူအတော် များ များ ဟာ ထိတ်လန့် ပြီး မြို့ပေါ်က ထွက် ပြေး တိမ်းရှောင် သွား ကြပြီ လို့လည်း သိရပါတယ် ။

မနေ့က လောက်ကိုင် မြို့ပေါ်မှာ အစိုးရ တပ် က ကိုးကန့် တပ်တွေနဲ့ လောက်ကိုင် မြို့တွင်း မှာ တိုက်ပွဲ ဖြစ်ပွား ခဲ့ ပြီး အလောင်း ၁၃ လောင်း လူ ၈ ဦး နဲ့ လက်နက် ၉၈ လက် ရတယ်ဆိုပြီး သတင်း ထုတ်ပြန်ခဲ့ ပေမယ့် ဒီနေ့ ညနေပိုင်း အထိ တိုက်ပွဲ တွေ ဖြစ်တာ မရှိ ဘူးလို့ ဒေသခံ တွေဆီက သိရပါတယ် ။

  လောက်ကိုင်မြို့ဟာ ကိုးကန့် ပလောင် ရှမ်း ဗမာ စတဲ့ လူမျိုးတွေအပြင် တရုတ် လူမျိုး တွေလည်း လာရောက်ပြီး စီးပွားရေး လုပ် ကိုင် နေတဲ့ မြို့ဖြစ်ပါတယ် ။

အရင်က နယ်စပ် အခြေပြု စီးပွားရေး လုပ် ငန်း တွေ နဲ့ စည်စည် ကားကား ရှိခဲ့တဲ့ မြို့ဟာ အခု အခါ မှာ မြို့ပျက် ကြီး လို ဖြစ်နေတယ် လို့ လောက်ကိုင် မြို့ကနေ လားရှိုး ကို စစ်ဘေး တိမ်းရှောင် လာသူ ကိုမိုင်းမျိုးအောင် က ပြောပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဟာ လားရှိုး မြို့ ပေါ် က မန်ဆူ ဘုန်းကြီး ကျောင်း က စစ် ဘေးရှောင် ဒုက္ခသည် တွေကို ဒီနေ့ လာရောက် အားပေးခဲ့ ပါတယ် ။

   ဖေဖော်ဝါရီ လ ၉ ရက်နေ့ ကစပြီး ကိုးကန့်ဘက်က တိုက် ခိုက်မှု တွေ ကြောင့် တရုတ်- မြန်မာနယ်စပ် ကိုးကန့် ဒေသ မှာ တိုက်ပွဲ တွေ ဖြစ်ပွားခဲ့ ပြီး ဒါနဲ့ ပတ်သက်ပြီး နှစ်ဘက် စလုံးက ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန က ဘေဂျင်း မြို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြား ထားပါတယ် ။

   မြန်မာကာကွယ်ရေးဦး စီးချုပ်က တော့ လောက်ကိုင်ဒေသ ကို တိုက်ခိုက်မှု ကို လုံး ဝအလျှော့ပေး မှာ မဟုတ် ဘူး လို့ စနေ နေ့က မြန်မာ စာနယ်ဇင်း ကောင်စီနဲ တွေ့ဆုံပွဲ မှာ ပြောကြားခဲ့ တာကြောင့် အဲဒီဒေသတဝိုက် မှာ ကိုးကန့်တပ်တွေနဲ့ တိုက်ပွဲ တွေထပ်ဖြစ်ပွား နိုင်တဲ့ အခြေအနေ တွေ ရှိနေပါတယ် ။

BBC Burmese

လောက်ကိုင်ရဲစခန်း ပစ်ခတ်ခံရ၊ ရဲမိသားစုဝင် ၁၃၀ ကျော် လားရှိုးကို ထွက်ပြေး


တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ လောက်ကိုင်မြို့က ရဲတပ်ဖွဲ့ဝင်မိသားစု ကလေးလူကြီး ၁၃၀ကျော်ဟာ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက လားရှိုးမြို့ကို ထွက်ပြေး ရောက်ရှိ လာကြပါတယ်။

ေ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက ထွက်ပြေးလာကြတာဖြစ်ပြီး မြို့မရဲစခန်း ရှေ့တည့်တည့် နေအိမ်တွေ ကနေ စခန်းကို ချောင်းမြောင်း ပစ်ခတ်တဲ့ အတွက် လူကြီးတွေ ကပြောင်းခိုင်းတဲ့ အတွက် လားရှိုးကို ထွက်ပြေးလာကြတာလို့ ရဲမိသားစုဝင်အမျိုးသမီးတဦးက ဒီဗွီဘီကို ပြောပါတယ်။

သူတို့ရဲ့ မိသားစုဝင်တွေ လုံခြုံရေးစိုးရိမ်ရလို့ ထွက်ပြေးလာကြတုန်း မြို့မရဲစခန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ ရဲမိသားစုဝင်အမျိုးသမီးက ပြောပါတယ်။

“ကျမတို့ အခု ထွက်လာကြရင်း ယောက်ျားတွေနဲ့အဆက်အသွယ်လုပ်ကြည့်တော့ အဲ့ဒီအိမ်ကပစ်နေတော့ သူတို့လည်း ပြန်ပစ်နေတယ်လို့ ပြောတယ်။ မြို့ထဲမှာ သူတို့က ချောင်းပြီးပစ်နေတာ၊ လာရှိုးက လာကူတဲ့ ရဲတပ်ဖွဲ့နဲ့ဆို ရဲအင်အား ၆၀-၇၀ လောက်ရှိမယ်၊ ပြန်ပစ်နေကြတာ။”

လောက်ကိုင် မြို့ထဲမှာ လူသူကင်းမဲ့ ခြောက်ကပ်နေပြီး အိမ်တံခါးတွေပိတ် ပုန်းအောင်းနေသူတချို့ ရှိနေပေမယ့် အများစုကတော့ တရုတ်နဲ့ မြန်မာပြည်ထဲ ထွက်ပြေးနေကြတယ်လို့လည်း ပြောပါတယ်။

သူတို့မိသားစုဝင်တွေ ဆယ်ဘီးကားနဲ့ လားရှိုးမြို့ကို ထွက်ခွာလာတုန်း လမ်းခရီးမှာ ခြေကျင်လျှောက်ပြီး ထွက်ပြေးနေတဲ့ မြန်မာအလုပ်သမားတွေ တွေ့မြင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်မိသားသားစုတွေကို သက်ဆိုင်ရာက ဆယ်ဘီးကား ငါးစီးနဲ့ သွားရောက်ခေါ်ယူခဲ့တာဖြစ်ပြီး ရဲမိသားစုတွေအပြင် ကြံစိုက်တောင်သူနဲ့ ပန်းရန်အလုပ်သမားတွေပါ ပါဝင်လာကြပြီး စုစုပေါင်း လူ ၅၀၀ ကျော် ရှိပါတယ်။

လတ်တလော သူတို့ကို လားရှိုးမြို့ပေါ်က မန်ဆူဘုန်းကြီးကျောင်းမှာ နေရာချထားပေးပြီး မြေလတ်ဒေသက အလုပ်သမားတွေကတော့ မန္တလေးဆင်းဖို့ ပြင်နေကြပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ လောက်ကိုင်မြို့ပေါ်ရှိ ဆိုင်တွေအဖောက်ခံထားရပြီး ခုချိန်ထိ လားရှိုးမြို့ပေါ်ကို ပြေးဝင်ခိုလှုံနေသူတွေ အမြောက်အမြားရှိနေတုန်းပဲလို့ လားရှိုး ဒီဗွီဘီသတင်းထောက် ကိုခွန်ဇော်ဦးက ပြောပါတယ်။

လောက်ကိုင်ကထွက်ပြေးလာသူအများစုဟာ ကြံစိုက်တောင်သူတွေနဲ့ ပန်းရန်လုပ်တဲ့အလုပ်သမားတွေဖြစ်ပြီး သူတို့ဟာ လားရှိုးမှာ တထောက်နားပြီး မန္တလေးမြို့ကို ကားနဲ့ဆင်းကြတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ကို ရောက်လာတဲ့ ကြံစိုက်တောင်သူတဦးက “ဟိုမှာ ညလည်း တိုက်ပွဲဖြစ်တာပဲ၊ တောက်လျှောက်ပစ်နေတာပဲ၊ လာမယ့်နေ့ကလည်း နေ့ခင်းပစ်နေတယ်၊ မြို့တွင်းမြို့ပြင် တောက်လျှောက်ပစ်နေတယ်၊အဆောက်အဦတွေတော့ အကုန်လုံးဖောက်ထားပြီ၊ ပြေးတဲ့သူတွေပြေးကုန်ုပြီဆိုတော့ လူမရှိတော့ဘူး။ ရှိတဲ့ဥစ္စာလည်း သူတို့ဖောက်ပြီး ယူသွားကြတယ်” လို့ ပြောပါတယ်။

ပိုင်ရှင်တချို့က သူတို့ဆိုင်သူတို့ဖောက်ပြီး ပစ္စည်းသယ်ယူသွားကြတာရှိသလို လမ်းစရိတ်မရှိတဲ့ အလုပ်သမားတချို့က ဆိုင်ဖောက်ပြီး ပစ္စည်းဝင်ယူသွားတာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။

လားရှိုးမြို့ပေါ်မှာတော့ လောက်ကိုင်က ထွက်ပြေးလာတဲ့ ပညာရေးမိသားစု ၃၀၀ ကျော် ဆက်လက်ခိုလှုံနေပြီး သူတို့စားဝတ်နေရေးအတွက် သက်ဆိုင်ရာဌာနက တာဝန်ယူစောင့်ရှောက်နေသလို မြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းတွေကလည်း ထောက်ပံ့ကူညီနေကြပါတယ်။

လောက်ကိုင်မှာ ကြံစိုက်၊ ပန်းရန်လုပ်နေသူအများစုဟာ မြေလတ်ဒေသ တောင်တွင်းကြီးဘက်က ဖြစ်ပြီး ပုသိမ်၊ မြန်အောင် စတဲ့ ဧရာဝတီတိုင်းဘက်ကသူတွေလည်း ပါဝင်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း လားရှိုးကတဆင့် မန္တလေးမြို့ကိုရောက်လာတဲ့ လောက်ကိုင်စစ်ပြေးဒုက္ခသည်ပေါင်း ထောင်နဲ့ချီ ရှိနေပြီး မန္တလေးအာဏာပိုင်တွေနဲ့ အသင်းအဖွဲ့တွေ အကူအညီနဲ့ ဒေသရင်းကို ဆက်လက်ထွက်ခွာနေကြပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က လောက်ကိုင်မြို့အတွင်း တပ်မတော်က နယ်မြေရှင်းလင်ရေးလုပ်ဆောင်ရင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ကိုးကန့်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ အစိုးရသတင်းတရပ်မှာ ဖော်ပြပါတယ်။

တပ်မတော်က  လောက်ကိုင်မြို့ထဲလိုက်ရှင်းရာမှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းကနေ ည ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

By webteam (ဒီဗွီဘီ)

လာက်ကိုင်မြို့တွင်း နယ်မြေရှင်းလင်းရာ လူ၊ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ထမ်မံ သိမ်းဆည်းရမိ


နေပြည်တော် ဖေဖော်ဝါရီ ၁၅

လောက်ကိုင်နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော် စစ်ကြောင်း များ က နယ်မြေ ရှင်းလင်းခြင်း များ ဆောင်ရွက် လျက်ရှိ ရာ လောက်ကိုင်မြို့ အတွင်း၌ ကိုးကန့်တိမ်းရှောင် အင်အားအချို့နှင့် ဖေဖော်ဝါရီ (၁၄)ရက် နံနက်ပိုင်းမှစ၍ ည(၇)နာရီထိ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများအား သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဖေဖော်ဝါရီ( ၁၄)ရက် ည(၇)နာရီနောက်ပိုင်းတွင် ကိုးကန့် တိမ်းရှောင် သောင်းကျန်း သူများက လောက်ကိုင်မြို့ အား မြို့ပြင်ပမှ လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်နယ်မြေအား တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းချေမှုန်းခဲ့ရ သည့်အပြင် လောက်ကိုင်မြို့တွင်းတွင်လည်း ဆက်လက် ရှင်းလင်းခြင်း များ ဆောင်ရွက် ခဲ့ရာ သောင်းကျန်းသူများထံမှ လက်နက်ငယ်(၂)လက်၊ ခဲယမ်း မျိုးစုံ၊ လမ်းလျှောက် စကားပြောစက်(၈)လုံး၊ Laptop Computer (၄)လုံး၊ မူးယစ်ဆေးဝါးများနှင့် သောင်းကျန်းသူ အလောင်း(၅)လောင်းတို့အား ထပ်မံသိမ်းဆည်းရမိသည်။

တပ်မတော်စစ်ကြောင်းများက လောက်ကိုင်မြို့အတွင်း နယ်မြေရှင်းလင်းခြင်း များ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ(၁၄)ရက်မှ ယနေ့ထိ ကိုးကန့် တိမ်းရှောင်သောင်းကျန်း သူများထံမှ လက်နက်ငယ်မျိုးစုံ အလက်(၁၀၀)၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းမျိုးစုံ၊ လမ်းလျှောက်စကားပြောစက်(၈)လုံး၊ Laptop Computer (၄)လုံး၊ မူးယစ်ဆေးဝါး များနှင့် သောင်းကျန်းသူ အလောင်း(၁၈)လောင်းတို့အား ရရှိခဲ့ပြီး အပြင်းအထန် ဒဏ်ရာရ (၈)ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။

ကိုးကန့်တိမ်းရှောင်သောင်းကျန်းသူထံမှ ဖမ်းဆီးရမိခဲ့သော အပြင်းအထန် ဒဏ်ရာရရှိသူ (၈)ဦးအား တပ်မတော်က ဆေးကုသမှုများဆောင်ရွက်ပေးစဉ် ရရှိဒဏ်ရာ များကြောင့် သေဆုံးသွားခဲ့ကြောင်းနှင့် လောက်ကိုင်နယ်မြေ တည်ငြိမ်အေးချမ်းရေး အတွက် လောက်ကိုင်မြို့နှင့် ဆက်စပ်ဒေသများတွင် နယ်မြေ ရှင်းလင်းခြင်းများကို အသေးစိတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

ပညာရေးဥပဒေပြင်ဆင်မှု ဥပဒေကြမ်း လွှတ်တော်တင်ဖို့ အသင့်

 
ကျောင်းသား၊ လွှတ်တော်၊ အစိုးရနဲ့ NNER လေးပွင့်ဆိုင် ဆွေးနွေးပွဲ (ဓာတ်ပုံ-NNER fb) 

 အစိုးရ၊ လွှတ်တော်၊ NNER ကိုယ်စားလှယ်တွေနဲ့ ကျောင်းသား ကိုယ်စားလှယ်တွေ လေးပွင့်ဆိုင်သဘောတူညီချက်နဲ့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ဒီကနေ့မှာ အပြီးသတ်ရေးသားပြုစုပြီးဖြစ်လို့ မနက်ဖြန်မှာ လွှတ်တော်ကို တင်သွင်းတော့မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဒီကနေ့ ရန်ကုန်မြို့မှာ ပညာရေး ဥပဒေ ပြန်လည်ပြင်ဆင်ရေး သပိတ်မှောက် ကျောင်းသားတွေကို ထောက်ခံတဲ့ ရန်ကုန်ကျောင်းသားတွေဦးဆောင်တဲ့ လူထု လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ ပင်မစစ်ကြောင်းကတော့ ရန်ကုန်ကို ဆက်လက် ဦးတည်ချီတက်လာနေပြီဖြစ်ပါတယ်။ နောက်ဆုံးရအခြေအနေတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

သမ္မတ လက်မှတ်ရေးထိုးအတည်ပြုပြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေပြန်လည်ပြင်ဆင်ရေး ဖေဖော်ဝါရီလ ၁၄ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်မှာ အစိုးရကိုယ်စားလှယ်၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NNER ပညာေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီက ကျောင်းသားကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး NNER ရဲ့ ပညာရေးမူကြမ်းကို လွှတ်တော်ကို တင်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာတော့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည်မှာ ကျောင်းသားကိုယ်စားလှယ်တွေ၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ NNER က ကိုယ်စားလှယ်တွေ ထပ်မံတွေ့ဆုံပြီး ပညာရေးမူကြမ်းကို အချောသတ်ပြုစုနိုင်ခဲ့လို့ ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနကတဆင့် လွှတ်တော်ကို တင်သွင်းနိုင်တော့မှာ ဖြစ်တယ်လို့ အစည်းအဝေးကို ကျောင်းသားကိုယ်စားပြုတက်ရောက်ခဲ့တဲ့ ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

“သဘောတူညီချက်ထုတ်ပြန်ပြီးတော့ ဥပဒေအပိုင်းမှာ ဆက်ပြီးတော့ ထုတ်ပြန်မယ့်အပိုင်းတွေကို အဆင့်မြင့်ပညာဦးစီးဌာနအောက်မြန်မာပြည်ရုံးမှာ မပြီးသေးတဲ့ ဥပဒေကြမ်းကို ဆက်ဆွဲလိုက်တယ်။ ပြီးတာနဲ့ ပညာရေးဝန်ကြီးဌာလက်ထဲကို အပ်ခဲ့လိုက်တယ်။ ကျောင်းသားကိုယ်စားလှယ်ထဲက ကျနော်နဲ့ ကိုအောင်နေပိုင်နဲ့ နှစ်ယောက်ပါတယ်။ NNER ဘက်ကတော့ ဆယ်ယောက်လောက်လာတယ်။ အစိုးရဘက်ကတော့ ညွှန်ချုပ်တွေလည်းလာတယ်။ ဥပဒေပညာရှင်တွေလည်းပါတယ်၊ ရှေ့နေချုပ်ရုံးကလည်း ဥပဒေပညာရှင်တယောက်ပါတယ်။ ကတိပေးသွားတာကတော့ မနက်ဖြန် ၁၆ ရက်နေ့ လွှတ်တော်ပြန်စတဲ့အချိန်မှာ တင်မယ်လို့ ကတိပေးတယ်။”

တချိန်တည်းမှာပဲ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးတောင်းဆိုနေတဲ့ ကျောင်းသားသပိတ်တွေကို ထောက်ခံကြောင်း ရန်ကုန်က တက္ကသိုလ် ကျောင်းသားတွေက ဦးဆောင်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေပါဝင်တဲ့ ဒုတိယအကြိမ်မြောက် လူထုလှုပ်ရှားမှုတရပ် ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ တားဆီးမှုတချို့ရှိခဲ့ပေမဲ့ လမ်းတလျောက် ရန်ကုန်နေပြည်သူတွေကို ဘာကြောင့် သပိတ်မှောက် ကျောင်းသားတွေကို ထောက်ခံရပါသလဲ။ ကျောင်းသားတွေတောင်းဆိုနေတဲ့အချက်တွေက ဘာတွေလဲဆိုတာကို ဦးဆောင် ကျောင်းသားတွေက ရှင်းပြခဲ့တယ်လို့ ဦးဆောင်သူ တဦးဖြစ်တဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကိုလင်းထက်နိုင်က ပြောပါတယ်။

“မနက် ၁၁ က သမိုင်းလမ်းဆုံကစတယ်။ လှည်းတန်းကနေ မြေနီကုန်းအားကစားကွင်းဘေးမှာပဲ ရန်ကုန်မှာ အကြောင်းအမျိုးမျိုးကြောင့် သပိတ် စစ်ကြောင်းတွေကို သွားရောက်ပူးပေါင်းနိုင်ခြင်းမရှိသေးတဲ့ကျောင်းသားတွေပေါ့- အထူးသဖြင့်တော့ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂတွေ၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ကျောင်းသားသမဂ္ဂတွေ ပါတယ်။ နောက် အရပ်ဖက်အဖွဲ့အစည်းတွေပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါတယ်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများက ဒါကို ထောက်ခံတယ်ဆိုပြီးတော့ ပါတယ်။ လမ်းတလျှောက်လူထုကလည်း အကုန်လိုက်ပါလာတယ်။ သပိတ် ဘာကြောင့် ဆက်သွားနေတဲ့အကြောင်းကို ရှင်းပြတယ်။ ကျောင်းသားတွေတောင်းဆိုနေတဲ့လိုချင်တာတွေဟာ အခုအချိန်အထိ အာမခံမှု တစုံတရာမရသေးဘူးဆိုတာကို ကျနော်တို့ တိတိကျကျ ရှင်းပြတယ်။ အထူးသဖြင့် လွှတ်တော်က အတည်ပြုဖို့ လိုသေးတယ်ဆိုတဲ့အကြောင်းရယ်၊ သမ္မတလက်မှတ်ထိုးဖို့ လိုသေးတယ်ဆိုတဲ့အကြောင်းရယ်၊ အဲဒါတွေကို ကျနော်တို့က ရှင်းပြတယ်။ တခါ အစိုးရဘက်က ကြေညာချက်ထုတ်ပြီးတော့ ရန်ကုန်ကို အဝင်မခံဘူး၊ ဥပဒေအရ အရေးယူမယ်- စသည်ဖြင့် ပြောတဲ့အခါမှာ ရန်ကုန်လူထုရဲ့အသံကို ကျနော်တို့ယူတယ်။ ရန်ကုန်ကို ရောက်စေချင်လား၊ ထောက်ခံလား၊ ဒီဥစ္စာကိုယူတယ်။ နောက် ရန်ကုန်ကို မလာစေချင်ဘူးဆိုတာဟာ ရန်ကုန် ပြည်သူလူထုက မလာစေချင်တာမဟုတ်ကြောင်းကို လူထုနဲ့အတူတူ လုပ်တယ်။”

အခုဆိုရင်တော့ ဇန်နဝါရီလ ၂၀ ရက်နေ့က မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ချီတက်လမ်းလျှောက်လာနေကြတဲ့ ပင်မ ကျောင်းသားသပိတ် စစ်ကြောင်းက ပဲခူးတိုင်းထဲ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ရန်ကုန်ဝင်ရင် ဥပဒေအရအရေးယူမယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ထားပေမဲ့ ကျောင်းသားထုဘက်ကတော့ အခုချိန်အထိ ရန်ကုန်ရောက်အောင်ချီတက်နေကြဆဲဖြစ်တယ်လို့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကိုယ်စားလှယ်လည်းဖြစ် ကျောင်းသားသပိတ် ဦးဆောင်သူတစ်ဦးလည်းဖြစ် ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

“ကျနော်တို့ မနေ့ကဆွေးနွေးပွဲမတိုင်ခင်မှာ ပင်မစစ်ကြောင်းက သဘောထားကြေညာချက်တခု ထုတ်ထားတာရှိတယ်လေ။ သူတို့က တောင်းဆိုချက် ရခဲ့သည်ဖြစ်စေ၊ မရခဲ့သည်ဖြစ်စေ ရန်ကုန်ကိုဝင်မယ်လို့ ကြေညာချက်ထဲမှာ ထုတ်ထားတယ်။ တောင်းဆိုချက်မရခင်အချိန်ဆိုလို့ရှိရင် ရန်ကုန်ကို သပိတ်တိုက်ပွဲပုံစံမျိုး သူတို့ဝင်ကြမယ်။ တောင်းဆိုချက်ရခဲ့ပြီဆိုရင်တော့ ---- ပုံစံနဲ့ပဲ ဝင်မှာပေါ့။ မဖြစ်မနေတော့ ရန်ကုန်ကိုဝင်မယ်လို့ သူတို့ ကြေညာချက်ထုတ်ထားတာရှိတယ်။ ဒါကတော့ ရှိနေတဲ့အနေအထား ဖြစ်နေတုန်းကပေါ့ဗျာ၊ မနေ့က ဆွေးနွေးပွဲအနေအထား ရလာတဲ့အကြိုရလဒ်တွေ ရှိတဲ့အခါကျတော့ ပြန်တိုင်ပင်ရအုံးမှာလေးတွေ ရှိသေးတယ်။ မထုတ်ပြန်သေးဘူး၊ ဟုတ်တယ်၊ ဘာလို့လဲဆိုတော့ ရန်ကုန်မှာ ဆွေးနွေးပွဲလာတဲ့သူတွေက စစ်ကြောင်းကို ပြန်မရောက်ကြသေးဘူး၊ ဒီနေ့အထိ အစည်းအဝေးတွေရှိနေတဲ့အခါကျတော့ မပြန်နိုင်သေးဘူး။”

ပင်မကျောင်းသားသပိတ်မှောက်စစ်ကြောင်းကို ထောက်ခံတဲ့ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်စတဲ့ တိုင်းနဲ့ပြည်နယ်တွေက ချီတက်လာတဲ့ အရန် ကျောင်းသား သပိတ် စစ်ကြောင်းတွေကလည်း ပင်မစစ်ကြောင်းနဲ့အတူ ရန်ကုန်အထိ ဆက်လက်ချီတက်ကြဖို့ အခုလောလောဆယ်မှာ ဆန္ဒတူညီနေကြပြီး လေးပွင့်ဆိုင် ဆွေးနွေးမှုရဲ့ ရလာဒ်အဖြေအပေါ်မူတည်ပြီး စည်းဝေးဆုံးဖြတ်ကြမှာဖြစ်တယ်လို့ သပိတ်မှောက် ကျောင်းသားတွေကပြောပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
==========================================
နောက်ဆုံးရ သတင်းကတော့ သပိတ်စစ်ကြောင်းနှစ်ခု ရပ်နားထားမယ်လို့ သိရကြောင်းပါ။

 အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ကျောင်းသား တွေရဲ့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်း ကို တနင်္ဂနွေ နေ့မှာ အပြီးသတ် ဆွေးနွေးခဲ့ အပြီး မှာတော့ ရန်ကုန် ကို ချီလာတဲ့ ကျောင်းသား သပိတ် စစ်ကြောင်းတွေ ထဲက ၂ ဖွဲ့ဟာ သပိတ် ရပ်နား တော့မှာ ဖြစ်ပါတယ်။

အဲဒီ ၂ ဖွဲ့ ကတော့ မော်လမြိုင် - ထားဝယ် သပိတ် စစ်ကြောင်းနဲ့ ဧရာဝတီ သပိတ် စစ်ကြောင်း တွေ ဖြစ်ကြပြီး၊ သီတဂူ ဆရာတော်ကြီး ကလည်း ကျောင်းသား တွေ အနေနဲ့ သပိတ်မှောက် ရပ်ကြဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

ရန်ကုန်ကို ချီတက်မှာ မဟုတ်ပေမယ့် လွှတ်တော်မှာ ဆွေးနွေး မယ့် ဥပဒေ မူကြမ်း အခြေ အနေကို သပိတ် မလှန်ဘဲ စောင့်ကြည့် နေမှာ ဖြစ်တယ်လို့ ထားဝယ် သပိတ် စစ်ကြောင်းက ကျောင်းသား ခေါင်းဆောင် ကိုမင်းလွင်ဦးက ပြောပါတယ်။

ဥပဒေကြမ်းကို လွှတ်တော်မှာ ဆွေးနွေး နေစဉ် ကာလ အတွင်း ကျောင်းသား သမဂ္ဂတွေ လိုက်လံ ဖွဲ့စည်းပြီး ပညာရေး ဥပဒေ အကြောင်းကို လိုက်လံ ရှင်းပြ မယ်လို့ ရန်ကုန်ကို ချီတက် တော့မှာ မဟုတ်တဲ့ ဧရာဝတီ သပိတ် စစ်ကြောင်းက ကျောင်းသား ခေါင်းဆောင် ကိုအောင်ခန့်ဇော်က ဆိုပါတယ်။

မန္တလေးက လာတဲ့ ပင်မ သပိတ် စစ်ကြောင်းက ကျောင်းသားတွေ ကတော့ အုတ်ဖို ကို ရောက်နေပြီး ပဲခူးက ကျောင်းသား တွေ က သူတို့နဲ့ သွားရောက် ပူးပေါင်း ခဲ့ ပါတယ်။

ဒီစစ်ကြောင်းက ရန်ကုန်ကို ချီတက် မလား ဆိုတာ ကတော့ ရန်ကုန် ဆွေးနွေးပွဲ တက်ရောက် တဲ့ ကျောင်းသား တွေက သွားရောက် ဆွေးနွေး ပြီးကာမှ ဆုံးဖြတ် နိုင်မယ်လို့ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကို အောင်မှိုင်းဆန်းက ပြောပါတယ်။

ရန်ကုန်မှာတော့ ပညာရေး ဥပဒေကို သပိတ်မှောက် နေတဲ့ ကျောင်းသား တွေကို ထောက်ခံ တဲ့ အနေနဲ့ လူအင်အား (၂၀၀) လောက်က သမိုင်း လမ်းဆုံ ကနေ မြေနီကုန်း အထိ ချီတက် လမ်းလျှောက်ခဲ့ ပါတယ်။

အစိုးရ ကတော့ ကျောင်းသား သပိတ် စစ်ကြောင်းတွေ ကို နယ်တွေ ကနေ ရန်ကုန်ကို ချီတက် မလာကြဖို့ ပြောထား ပါတယ်။
BBC