Pages

Saturday, July 4, 2015

သမ္မတ ဦးသိန်းစိန်ကို ဂျပန်ရောက် မြန်မာများ ကန့်ကွက်ဆန္ဒ






ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ ၇ ကြိမ်မြောက် မဲခေါင် – ဂျပန် ထိပ်သီး အစည်းအဝေးကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ကို အစည်းအဝေးကျင်းပရာ ASAKUSA ဧည့်ဂေဟာ ရှေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား၂၀၀ ကျော်က လာရောက်ကန့် ကွက်ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းသားတွေအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်ပေးရေး၊ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ပေးဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွေကို ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
ဓာတ်ပုံ – ဇော်ဇော်လှိုင်

DVB

တိုက်ပွဲဖြစ်နေသည့် အာရှလမ်းမပေါ်တွင် ဆိုင်ကယ်စီးသူ ၂ ဦး အပစ်ခံရ


အစိုးရနဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တို့  တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အာရှလမ်းမပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ လင်မယား ၂ ဦး သေနတ်နဲ့ ပစ်ခံရပါတယ်။
ဇူလိုင် ၄ ရက် မနက် ၁၀ ကျော်ခန့်က ကော့ကရိတ်ကနေ မြ၀တီကို အလာလမ်းမှာ ပစ်ခံရတာ ဖြစ်ပါတယ်။
အမျိုးသားက တင်ပါးမှာ ထိမှန်ခဲ့သလို အမျိုးသမီးက ခြေသလုံးမှာ ထိမှန်ခဲ့တဲ့အတွက် ကော့ကရိတ် ဆေးရုံမှာ တက်ရောက် ကုသခံနေရပါတယ်။ ပစ်ခတ်တဲ့အဖွဲ့ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ညနေပိုင်းကနေ စတင်ပြီး မြ၀တီကောကရိတ် သွားတဲ့ လမ်းဟောင်း၊ လမ်းသစ်တွေကို ပိတ်ထားပါတယ်။
ဒီကနေ့ မနက် ၉ နာရီကလည်း သင်္ကန်းညီနောင်မြို့ထဲကနေ တပ်မတော်ဘက်က လက်နက်ကြီး ၁၀ လုံးလောက် ပစ်ခတ်ခဲ့ပါတယ်။
ဒဏ်ရာရရှိသွားသူ အမျိုးသား (ဓာတ်ပုံ - Mg Po Hpa-an)
ဒဏ်ရာရရှိသွားသူ အမျိုးသား (ဓာတ်ပုံ – Mg Po Hpa-an)
ဇူလိုင် ၃ ရက်က မြ၀တီ ဆက်ဆံရေးရုံးက တာဝန်ရှိတဲ့  ကိုသန်းအောင်ကို စစ်တပ်က ခေါ်ဆောင် သွားပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ /၁ နဲ့ အမှုဖွင့်ထားပါတယ်။
ီDVB

အမျိုးသမီးကမာ့္ဘဖလား အကောင်းဆုံးကစားသမား ဆန်ကာတင်စာရင်း ဖီဖာထုတ်ပြန်


ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၅ အမျိုးသမီး ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ အကောင်းဆုံး ကစားသမားဆုတွေအတွက် ဆန်ကာတင်စာရင်းကို ဖီဇာက ထုတ်ပြန်လိုက်ပါတယ်။
အကောင်းဆုံး အမျိုးသမီး ကစားသမားဆုအတွက် ချီးမြှင့်မယ့် အက်ဒီးတပ် ရွှေဘောလုံးဆု၊ အကောင်းဆုံး ဂိုးသမားဆုအတွက် ချီးမြင့်မယ့် ရွှေလက်အိပ်ဆုနဲ့ ဟွန်ဒိုင်း လူငယ်ကစားသမားဆုအတွက် ရွေးချယ်ထားတဲ့ စာရင်းကို ဇူလိုင် ၂ ရက်က ထုတ်ပြန်ပါတယ်။
ဖီဖာ နည်းပညာဆိုင်ရာ လေ့လာရေးအဖွဲ့က တင်သွင်းတဲ့ စာရင်းမှာတော့ ရွှေဘောလုံးဆု အတွက် ကစားသမား ၈ ဦး၊ ရွှေလက်အိတ်ဆုအတွက် ၃ ဦး၊ ဟွန်ဒိုင်း လူငယ်ကစားသမား ဆုအတွက် ၃ ဦးကို ရွေးချယ်ထားပါတယ်။
ရွှေဘောလုံးဆုအတွက် ရွေးချယ်ထားတဲ့ စာရင်းမှာတော့ ဂျပန် အမျိုးသမီး ဘောလုံးသမား ဆာအိုရီ အာရီယိုရှီနဲ့ အာယာမီယာမတို့ ပါဝင်သလို အမေရိကန်က ဂျူလီ ဂျွန်တန်၊ ကာလီ လော့ဒ်၊ မီဂန် ရက်ပီနိုတို့ ရွေးချယ်ခံထားရပါတယ်။
ဒါ့အပြင် ဂျာမနီက ဆီလီယာ ဆာဆစ်၊ ပြင်သစ်က အာမန်ဒိုင်း ဟန်နရီနဲ့ အင်္ဂလန်က လူစီ ဘရောင်းတို့ကို ရွေးချယ်ထားပါတယ်။
ရွှေလက်အိတ်ဆုအဖြစ် ဂျာမနီက နာဒိုင် အန်ဂါရာ၊ ဂျပန်က အာယူမီ ခိုင်ဟိုရီနဲ့ အမေရိကန်က ဟုတ် ဆိုလိုတို့ကို ရွေးချယ်ထားပါတယ်။
၁၉၉၅ ဇန်န၀ါရီ ၁ ရက်နောက်ပိုင်း မွေးဖွားတဲ့ ဟွန်ဒိုင်း လူငယ်ကစားသမား ဆုအတွက် ကနေဒါက ခါဒိုင်းရှာ ဘူချာနန်၊ နော်ဝေက အက်ဒါ ဟီဂါဘတ်ခ်နဲ့ တရုတ်က ဂျိုင်းလီတန်တို့ကို ရွေးချယ်ခဲ့ပါတယ်။
ဒီဆုတွေအားလုံးအတွက် ဖီဖာ နည်းပညာဆိုင်ရာ လေ့လာရေး အဖွဲ့က ဆုံးဖြတ်မှာ ဖြစ်ပြီး ဇူလိုင် ၅ ရက် ဗိုလ်လုပွဲမှာ ကြေညာသွားမှာဖြစ်ပါတယ်။
DVB

ရန်ကုန်လှိုင်ရိပ်မွန်အိမ်ရာတွင် လက်နက်များဖမ်းဆီးရမိ၊ မန္တလေး လက်နက်ဖမ်းဆီးမှု၏ နောက်ဆက်တွဲ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်


ရန်ကုန် ဇူလိုင် ၃

မန္တလေးမြို့အတွင်း ဇွန် ၂၇ ရက်ကသေနတ်နှင့် ဆက်စပ်ပစ္စည်း ၄ဝကျော်ဖမ်းဆီးရမိမှု နောက်ဆက် တွဲစစ်ဆေးချက်များအရ ယခုလ ၁ရက်က ရန်ကုန်မြို့ လှိုင်မြို့နယ် အတွင်းရှိ လှိုင်ရိပ်မွန်အိမ်ရာကို ဝင် ရောက်ရှာဖွေရာလက်နက်များသိမ်း ဆည်းရမိကြောင်း အနောက်ပိုင်း ခရိုင်မှ ဒုရဲမှူးကြီးကျော်ထွဋ်က ယနေ့အတည်ပြုပြောကြားသည်။

ယခုလ ၁ရက် ည ၁၁ နာရီ ကမှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)မှ ဒုရဲမှူး လွင်ဦး ဦးဆောင်သောအဖွဲ့က ရန်ကုန်မြို့ လှိုင်မြို့နယ်(၁ဝ)ရပ် ကွက် ကန်လမ်း လှိုင်ရိပ်မွန်အိမ်ရာ တိုက်အမှတ် အခန်းအမှတ်(၆ဝ၅) နေ ဦးမင်းမင်းထွဋ်၏နေအိမ်သို့ဝင် ရောက်စစ်ဆေးရှာဖွေရာ လေ သေနတ်အရှည်တစ်လက်၊ လေ သေနတ်ပစ္စတိုတစ်လက်၊ နှစ်လုံး ပြူးသေနတ်ပြောင်းပိုတစ်ခုနှင့် ဆက်စပ်ပစ္စည်းများ၊ ခဲကျည်ထိပ် ဖူး၁၁ဝခန့်၊ ၃ဝ၃ ကျည်ဆန်ငါး တောင့်၊ပြောင်းတိုက်တံ၊ကျည်ဆန် အဟောင်း၁၃တောင့် သိမ်းဆည်း ရမိခဲ့သည်။

''စီအိုင်ဒီမှုခင်းတပ်ဖွဲ့မန္တလေး စစ်ကြောချက်အရ ဒီမှာဒီလိုရှိတယ် ဆိုပြီး လာတာပေါ့နော်။ ၁ရက်နေ့ မန္တလေးတိုင်းဒေသကြီး စဥ့်ကူး မြို့မရဲစခန်း(ပ/၂၇/၂ဝ၁၅)၊ လက် နက်ပုဒ်မ (၁၉/က)၊ အဲဒီအမှုကွင်း ဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးတာပါ''ဟု ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လှိုင်မြို့နယ်ရဲစခန်းကနေအိမ်ပိုင်ရှင် ဦးမင်းမင်းထွဋ်ကို လက်နက်ပုဒ်မ (၁၉/က) အရ အမှုဖွင့်အရေးယူ ထားကြောင်းသိရသည်။

ဇွန် ၂၆ ရက်က မန္တလေးမြို့ စဥ့်ကူးမြို့နယ် ရပ်ကွက်(၁) သီလှ ရွာထိပ် စဥ့်ကူး- ရွှေဘိုသွားကား လမ်းမပေါ် မိုင်တိုင်အမှတ် ၁/ဝ နှင့် ၁/၁ အကြားတွင် စဥ့်ကူး မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက မှုခင်းကျဆင်းရေးအတွက် ပိတ်ဆို့ စစ်ဆေးရှာဖွေစဉ် စနိုက်ပါ၊ ရိုင် ဖယ်၊ နှစ်လုံးပြူး၊ လက်ကိုင်စကား ပြောစက်များ၊ နာရီဓာတ်ခဲများ၊ စိတ်ကြွရူးသွပ်ဆေးဝါးများဖမ်းဆီး ရမိခဲ့သည်။ ယင်းနောက်ဆက်တွဲ စစ်ဆေးမှုများအရ မန္တလေးမြို့ ၈၂လမ်းနှင့် ၂၉x၃ဝလမ်း ကြားရှိ အောင်စတိုးမုန့်ဆိုင်ကို ဇွန် ၂၇ရက် က နယ်မြေခံရဲတပ်ဖွဲ့နှင့်စစ်ဘက် ဆိုင်ရာအရာရှိများက ဝင်ရောက်ရှာ ဖွေရာသေနတ်နှင့်ဆက်စပ်ပစ္စည်း ၄ဝကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့ သည့်အတွက် အောင်ကျော်မိုးနှင့် အောင်ဇော်မိုးတို့ ညီအစ်ကိုအပါ အဝင် စုစုပေါင်းငါးဦးအား လက် နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ ဆက်သွယ်ရေး စက်ကိရိယာတရားမဝင်ကိုင်ဆောင် မှု၊ သာမန်လက်နက်မှု စသည့်ပုဒ်မ ၁၉(က)၊ ၂၂(ခ)၊ ၁၉(ခ)၊ ၁၉(င) အပါအဝင် ပုဒ်မငါးခုဖြင့်အမှုဖွင့် ကာစုံစမ်းစစ်ဆေးလျက်ရှိသည်။

''လှိုင်မြို့နယ်မှာမိတာကတော့ သာမန်လေသေနတ်တွေပါ။ရန်ကုန် လုံခြုံရေးနဲ့ပတ်သက်ပြီး ပိတ်ဆို့စစ် ဆေးရှာဖွေမှုတွေ၊ မသင်္ကာဖွယ်ရှိ တဲ့အိမ်တွေကို ဧည့်စစ်တာတွေ ဆောင်ရွက်နေပါတယ်''ဟု ဒုရဲမှူး ကြီးကျော်ထွဋ်က ပြောသည်။

နေထက်ဝေ
The Union Daily

ပဲခူးတိုင်းဒေသကြီးတွင် သိမ်းဆည်းခံလယ်မြေများ ပြန်ရရေး ဆန္ဒပြခဲ့သော သဲကုန်းမြို့ အောင်ကုန်းကျေးရွာမှ လယ်သမားများ ထောင်မှပြန်လွတ်လာပြီး လယ်မြေများပြန်လည်ရရှိရေး သပိတ်စခန်းဖွင့် ထပ်မံဆန္ဒပြမည်

ပဲခူးတိုင်းဒေသကြီးတွင် သိမ်းဆည်းခံ လယ်မြေများ ပြန်ရရှိရေးဆန္ဒပြခဲ့သော သဲကုန်းမြို့၊ အောင်ကုန်းကျေးရွာမှ လယ်သမားများ ထောင်မှပြန်လွတ်လာပြီး လယ်မြေများ ပြန်လည်ရရှိရေး သပိတ်စခန်းဖွင့် ထပ်မံဆန္ဒ ပြတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အောင်ကုန်းကျေးရွာလယ်သမားများက ဇူလိုင် ၃ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားသည်။
အဆိုပါ အောင်ကုန်းကျေးရွာ လယ်သမားများသည် ၂၀၁၄ ခုနှစ်  ဖေဖော်ဝါရီလတွင် သဲကုန်းမြို့နယ်တွင် သိမ်းဆည်းခံ လယ်မြေများ ပြန်ရရှိရေး သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့ရာ သက်ဆိုင်ရာ၏ ဖြိုခွင်းမှုခံရပြီး သပိတ်ခေါင်းဆောင် လယ်သမား ငါးဦးသည် ပုဒ်မ- ၁၈၊ ပုဒ်မ-၅၀၅ (ခ)တို့ဖြင့် ထောင်ဒဏ်အသီးသီး ကျခံခဲ့ရကြောင်း သိရသည်။ 
“ ကျွန်မတို့ ထောင်ချခံရတုန်းက အစိုးရလူကြီးတွေက ဥပဒေနဲ့ အညီတောင်းပါလို့ ပြောတယ်။ အဲဒါကြောင့် ကျွန်မတို့ရဲ့ လယ်မြေတွေအတွက် ပဲခူးတိုင်းအစိုးရအဖွဲ့ရယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီကို လယ်မြေများနှင့် ပတ်သက်ပြီး စိစစ်ဆောင်ရွက်ပေးဖို့ အသနားခံစာ တင်ထားတယ်။ အခု သပိတ်စခန်းဖွင့်ပြီး စောင့်မယ်။ ဘာမှမထူးခြားရင်တော့ လုပ်စရာရှိတာတွေ၊ တိုက်စရာတွေရှိတယ် ” ဟု ထောင်ဒဏ် တစ်နှစ်ချမှတ်ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသော လယ်သမား ဒေါ်ဌေးဌေးညို (ခ) ဒေါ်ညိုက ပြောကြားသည်။
သဲကုန်းမြို့၊ အုပ်ဖိုကျေးရွာအုပ်စုမှ အောင်ကုန်းကျေးရွာ လယ်သမားများက မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အပါအ၀င် အစိုးရအဖွဲ့သို့ တင်ပြခဲ့သော အသနားခံစာတွင် အုပ်ဖိုကျေးရွာအုပ်စုအတွင်းရှိ လယ်ယာ မြေဧက ၁၁၅၉ ဒဿမ ၅၅ကို အမှတ် (၃) သ/မ လီမိတက်မှ ၁၉၉၉-၂၀၀၀ ခုနှစ်တွင် အဓမ္မသိမ်းယူခဲ့ကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအဆင့်သို့ တင်ပြခဲ့ရာ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ပထမအကြိမ် ၂၀၁၅ ခုနှစ် မေ ၁၇ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ် ၂၀၁၅ ခုနှစ်၊ မေ ၂၄ ရက်တွင် လည်းကောင်း သိမ်းဆည်းခံလယ်သမားများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစစ်ဆေးခဲ့ရာ ၇၄၈ ဒဿမ ၇၄ ဧကကို စိစစ်ပြီး မြို့ နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ထံတင်ပြပြီး ဖြစ်ကြောင်း၊ ထပ်မံစစ်ဆေးအတည်ပြုရန် ၄၁၀ ဒဿမ ၈၁ ဧကကျန်နေသေးကြောင်း၊ ထို့ကြောင့် စစ်ဆေးတွေ့ရှိသည့် လယ်မြေဧက ၇၄၈ ဒဿမ ၇၄ နှင့် စစ်ဆေးရန် ကျန်ရှိနေသည့် ၄၁၀ ဒဿမ ၈၁ ဧကတို့ကို အမြန်ဆုံး တွေ့ဆုံစစ်ဆေး၍ ယခုနှစ် မိုးစပါး စိုက်ပျိုးချိန် အမီစီမံဆောင်ရွက်ပေးပါရန်ဖြစ်ကြောင်း ပါရှိသည်။ 
“ ကျွန်တော်တို့ အောင်ကုန်းရွာ တစ်ခုလုံးရဲ့ လယ်မြေတွေကို သိမ်းဆည်းခဲ့တာကြောင့် တစ်ရွာလုံးဟာ လယ်မလုပ်ရဘဲ ငါးရောင်းရတဲ့ ဘ၀ရောက်ကုန်ပြီ။ အသိမ်းခံရတဲ့ လယ်တွေပေါ်မှာ ခရိုနီတစ်ဦးက ငါးကန်တွေ ဖောက်ထားတယ်။ လယ်မြေတွေကို ပြန်ရဖို့ အတွက် သပိတ်ကော်မတီအနေနဲ့ ဆက်တိုက်သွားမှာဖြစ်တယ်” ဟု ထောင်ဒဏ်ခြောက်လ  ချမှတ်ခံခဲ့ရသော လယ်သမားဦးပေါက်စ (ခ) ဦးဌေးဝင်းက ပြောကြားသည်။
ထို့ပြင် ၎င်းတို့လယ်သမားများ ကိစ္စအား လိုက်လံဆောင်ရွက်ပေးမှုဖြင့် တရားစွဲဆိုခံထားရပြီး ထိန်းသိမ်းခြင်းခံထားရသော ကိုသန့်စင်ထက်အား အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း အောင်ကုန်းကျေးရွာလယ်သမားများက ပြောကြားသည်။
Writer: ကြည်နိုင်
Eleven Media Group

မန္တလေးမြို့တွင် သေနတ်၊ ကျည်ဆန်နှင့် ဆက်စပ်ပစ္စည်းများ ဆက်လက် ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ချမ်းအေးသာစံမြို့နယ် နှင့် ပုသိမ်ကြီးမြို့နယ်များတွင် သေနတ်နှင့် ဆက်စပ်ပစ္စည်းများ ကို ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
သေနတ်များ စတင်တွေ့ရှိခဲ့သည့် အမြွှာညီအစ်ကိုနှစ်ဦး ပါဝင်သောသူများ၏ ဆက်စပ်ထွက်ဆိုချက်အရ ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေမှုများပြုလုပ်နေပြီး ဇူလိုင် ၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီး ပျော်ဘွယ် အရှေ့ရပ်ကွက်၊ လမ်း၃၀၊ ၈၉လမ်း နှင့် လမ်း ၉၀ကြားရှိ ဦးခင်မောင်စိန် ၅၉ နှစ်၊ ရှမ်း/ဗုဒ္ဓ၏ နေအိမ်တွင် သေနတ်ကျည်အိမ် တစ်ခု၊ ပစ်ခတ်ပြီး ကျည်ခွံငါးခု၊ သေနတ်ပြောင်းတိုက်တံ တစ်ခု၊ ပြောင်းတိုက်နိုင်လွန် ကြိုးတစ်ချောင်း၊ ၁၂ဗို့ကျည် ပစ်ခတ်ရာတွင် အသုံးပြုသောဂျပ်စက္ကူပြား ၅၀ ခု၊ လေသေနတ်ခဲကျည် ၅၀ ခု၊ ကျည်ဆန်ဖင်တွင် F အမှတ်အသားပါ ကျည်ဆံ ၁၁ တောင့်၊ ကျည်ထည့်သည့် ဘူးခွံတစ်ချောင်း၊ အဆက်သုံးခုပါ ပြောင်းတိုက်တံတစ်ချောင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။
ဆက်လက်ပြီး ထွက်ဆိုချက်အရ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာရှိ ၎င်းပိုင် ခြံဝင်းအတွင်း သိမ်းထားသော ၂၂ ပြောင်းရှည်သေနတ် တစ်လက်နှင့် ၀ ဒသမ ၃၀၀၆ ပြောင်းရှည် သေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေနတ်များ သိမ်းဆည်းထားသည့် ဦးခင်မောင်စိန်ကို အမှတ်(၆)နယ်မြေ ရဲစခန်းတွင် (ပ) ၁၄၃/၂၀၁၅ လက်နက် (ယာယီ) ပြင်ဆင်ချက်အက်ဥပဒေ ပုဒ်မ ၁၉-ကဖြင့် အမှုဖွင့်စစ်ဆးလျက်ရှိသည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီး စဥ့်ကူး-မတ္တရာ ကားလမ်းပိုင်းပေါ်တွင် ဇွန် ၂၆ ရက်၌  ကားတစ်စီးပေါ်မှ သေနတ်ငါးလက်နှင့် မူးယစ်ဆေးဝါးများ စတင်ဖမ်းမိရာမှ တစ်ဆင့် မန္တလေးမြို့တွင် လက်နက်အစိတ်အပိုင်းနှင့် ဆက်စပ်ပစ္စည်း ၁၉ မျိုး၊ ခဲယမ်း ဆက်စပ်ပစ္စည်း ၁၈ မျိုးသေနတ်နှင့် ကျည်ဆန်များ၊ အမဲလိုက်ရာတွင် အသုံးပြုသည့် ဒူးလေး၊ လေသေနတ်များ ဆက်တိုက်ဖမ်းဆီးရမိပြီး ရန်ကုန်မြို့တွင်လည်း ဇူလိုင်၂ ရက်က သေနတ် နှစ်လက်တွေ့ ရှိခဲ့ပြီး ယခုအခါ စုစုပေါင်း သေနတ်၃၆ လက် ရှိပြီဖြစ်ကြောင်း သိရသည်။      
Writer: 
ယဉ်မျိုးသွယ်
Eleven Media Group

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံမည်ဖြစ်ပြီး တရုတ်၊ ကိုရီးယား အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာလုပ်သားများအား ငွေဝယ်ကျွန်အဖြစ် မမြင်ရန် အလုပ်သမားအဖွဲ့အစည်းများ ပြောကြား

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံနိုင်မည်ဖြစ်ပြီး တရုတ်၊ ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာလုပ်သားများကို ငွေဝယ်ကျွန်အဖြစ် မမြင်ဘဲ လူသားတစ်ဦးအဖြစ်သာ မြင်ပေးရန်  အလုပ်သမားအဖွဲ့အစည်းများက ဇူလိုင် ၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
မြန်မာနိုင်ငံရှိ အလုပ်သမားများအနေနှင့် အစိုးရ၀န်ထမ်းများ၏ အနိမ့်ဆုံးလစာထက်ပင် နည်းပါးနေသည့် ကျပ် ၃၆၀၀ သတ်မှတ်မှုကို လက်မခံနိုင်ဘဲ အခြေခံလစာနှင့်အတူ ခရီးစရိတ်(ဖယ်ရီ)၊ နေထိုင်စရိတ်နှင့် လုပ်ငန်းခွင်ပညာသင်ကြားခွင့်များ သတ်မှတ်ပေးရန်နှင့် လုပ်သက်အကျိုးခံစားခွင့် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀ ပေးရန်နှင့် အဆိုပါ တောင်းဆိုချက်များရရှိမှသာ အစိုးရ၏ ကျပ် ၃၆၀၀ သတ်မှတ်မှုကို လက်ခံမည်ဖြစ်ကြောင်း ဇူလိုင် ၃ ရက်တွင် သဘောထားထုတ်ပြန်မှုကိုလည်း ပြုလုပ်ခဲ့သည်။
အဆိုပါ သဘောထားထုတ်ပြန်မှုနှင့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရုံး၌ ဇူလိုင် ၃ ရက်က ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်၊ မြန်မာနိုင်ငံကျောင်း ဆရာ/ဆရာမများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်နှင့် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်စသည့် အဖွဲ့ချုပ်ငါးခုမှ  ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
အလုပ်သမားများအနေနှင့် ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် စစ်တမ်းများကောက်ယူခဲ့မှုအရ တစ်ရက်လျှင် လုပ်ခလစာ ကျပ် ၅၆၀၀၊ ကျပ် ၆၀၀၀၊ ကျပ် ၇၀၀၀၊ ကျပ် ၈၅၀၀ အစရှိသည်ဖြင့် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အလုပ်သမားအဖွဲ့ချုပ် ငါးခုအနေနှင့် အဖြစ်နိုင်ဆုံးနှင့် အသင့်လျော်ဆုံးဖြစ်သည့် တစ်နာရီကျပ် ၅၀၀ နှင့် တစ်ရက်လျင် ကျပ် ၄၀၀၀ ကို လက်ခံသဘောတူရန် ကြိုးပမ်းခဲ့ရကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက ဆိုသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက သတ်မှတ်သည့် ကျပ် ၃၆၀၀ ကို နောက်ဆုံးအဆင့်အနေနှင့် လက်ခံလိုက်ခြင်းသာဖြစ်ပြီး ထပ်မံညှိနှိုင်းရန်မရှိတော့ကြောင်းနှင့် ထိုသို့ လက်ခံရာတွင်လည်း ခရီးစရိတ်(ဖယ်ရီ)၊ နေထိုင်စရိတ်နှင့် လုပ်ငန်းခွင်ပညာသင်ကြားခွင့်များ သတ်မှတ်ပေးရန်နှင့် လုပ်သက်အကျိုးခံစားခွင့် တစ်နှစ်လျင် ကျပ် ၁၀၀၀၀ ပေးဆောင်ရန် စသည့်အချက်များ ပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း အလုပ်သမားသမဂ္ဂများက သဘောထားထုတ်ပြန်သည်။ ထိုသို့ အလုပ်သမားများက ကျပ် ၃၆၀၀ သတ်မှတ်မှုကို လျှော့ချလက်ခံခဲ့ရခြင်းမှာ အလုပ်သမားဝန်ကြီးဌာန၏ အဆိုပြုမှုအပေါ် အလုပ်ရှင်၊ အလုပ်သမား ကောင်းမွန်သည့် ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်မည့် အမြော်အမြင်ဖြင့်သာ လက်ခံခဲ့ခြင်းဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် တစ်ရက်အနည်းဆုံး အခကြေးငွေ တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ပါက လာမည့် စက်တင်ဘာလတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်ကြမည်ဖြစ်ကြောင်း ဖြစ်ကြောင်း တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များက ဇူလိုင် ၂ရက်တွင် ပြုလုပ်သည့် အထည်ချုပ်လုပ်ငန်းရှင်များအသင်း အစည်းအဝေးတွင် ခြိမ်းခြောက်ပြောဆိုမှု ပြုလုပ်ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည့်အပြင် အစိုးရက ကျပ် ၃၆၀၀ သတ်မှတ်လိုက်၍ စက်ရုံပိတ်သိမ်းကာ အိမ်ပြန်ရပါက အစိုးရ၏ လုပ်ဆောင်ချက်ကြောင့်သာ စက်ရုံပိတ်သိမ်းခဲ့ရသည့်အတွက် သတ်မှတ်နစ်နာကြေးများ၊ လျော်ကြေးများ ပေးနိုင်မည်မဟုတ်ကြောင်း တရုတ်အထည်ချုပ်လုပ်ငန်းရှင်များက ထပ်ဆင့်ခြိမ်းခြောက်ခဲ့သည်။ 
ထိုသို့ အထည်ချုပ်လုပ်ငန်းရှင်အသင်းအနေနှင့် ကန့်ကွက်သည့် အစည်းအဝေးပြုလုပ်ခဲ့သော်လည်း လာရောက်သည့် လုပ်ငန်းရှင်ပေါင်းမှာ အထည်ချုပ်လုပ်ငန်းရှင်များ၏ ထက်ဝက်ပင်မရှိသည့် ၁၄၅ ဦးသာ တက်ရောက်ခဲ့သည်။
“လောလောဆယ်မှာ ကန့်ကွက်မှုတွေ ပေါ်နေတယ်။ ဘယ်သူတွေက ကန့်ကွက်လဲဆိုတော့ အလုပ်ရှင်တွေက ကန့်ကွက်တယ်။ ၃၆၀၀ ကျပ်ဆိုတဲ့ စကားလုံးပေါ်မှာပဲ သူတို့ ပေးရတာ တော်တော်များတယ်ဆိုပြီးတော့ ကန့်ကွက်နေတယ်။ စက်ရုံပိတ်သိမ်းဖို့အထိ တရုတ်နဲ့ ကိုရီးယား အထည်ချုပ်စက်ရုံတွေက မကိုက်ဘူးဆိုပြီးတော့ ပြောလာတယ်။ ကျွန်တော်ကတော့ အကျပ်ကိုင်တယ်လို့ပဲမြင်တယ်။ ကျွန်တော်တို့ကို ငွေဝယ်ကျွန်လို့ သဘောမထားစေချင်ဘူး။ ကိုရီးယားနိုင်ငံမှာဆိုလို့ရှိ ရင် ဒီအထည်ချုပ်လုပ်မယ့် အလုပ်သမားတစ်ယောက်ရဲ့ လုပ်ခစရိတ်က အနည်းဆုံးက တော့ ၁၂ သိန်းနဲ့ ၁၅ သိန်းကြားမှာ မပေးရင်မရပါဘူး။ အလုပ်သမားဟာ အဲဒီ ၁၂ သိန်းနဲ့ ၁၅ သိန်းကြားမှာ မပေးရင်  ငှားဖို့တော့ လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာ အလုပ်သမားတွေကို တစ်ရက်ကို ၂၅၀၀ ကျပ်ပေးဖို့။ ပြောရမယ်ဆိုရင် တစ်ရက်ကို ၅၀၀ ကျပ်ပေးဖို့တောင်မှ အခက်အခဲဖြစ်နေတယ်လို့ တွေ့ရတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံကို ဂုပ်သွေးစုပ်ဖို့ လာသလား။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကိုများ ငွေဝယ်ကျွန်လိုသဘောထားပြီး တော့ လုပ်ငန်းကို လာလုပ်တာလားဆိုတဲ့ မေးခွန်းထုတ်ရပါမယ်။ နောက်ပြီးတော့ ကျွန်တော်တို့ လွတ်လပ်တဲ့ ပြိုင်ဆိုင်မှုစနစ်ကို စလာပြီဆိုရင် ဒီစီးပွားရေးလုပ်ငန်းရှင်တွေ ထွက်သွားပြီဆိုရင် ကျွန်တော်တို့က ရဲရဲတင်းတင်းပဲ ကျန်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ Europe က လုပ်ငန်းရှင်တွေ တံခါးဖွင့်ပေးထားဖို့လိုတယ်။ ကျွန်တော်တို့ကတော့ အဲဒီနည်းနဲ့ပဲ သွားချင်တယ်။ ထွက်သွား ဘာမှမဖြစ်ဘူး။ အလုပ်သမားကို အလုပ်သမားလို့ တန်ဖိုးထားတဲ့ အလုပ်ရှင်တွေပဲ မြန်မာပြည်က ကြိုဆိုတယ်။ လိုအပ်တယ်။ အလုပ်သမားတွေကို ကျွန်လို သဘောထားတဲ့ အလုပ်သမားတွေကို မြန်မာပြည်မှာ မလိုအပ်ဘူးလို့ ဒီကနေ ရဲရဲတင်းတင်းပြောချင်တယ်။ ထွက်သွားတာ ဂုဏ်တောင်ယူသေးတယ် ကျွန်တော်တို့က။ ဘာကြောင့်လဲဆိုလို့ရှိရင်  ဖြစ်လိုက်သမျှ ဒီဆန္ဒပြပွဲတွေ ကြည့်မယ်ဆိုရင် ကိုရီးယားဖြစ်ရင်ဖြစ် မဖြစ်ရင် တရုတ်ပဲ”ဟု ဒေါက်တာအာကာမိုးသူက ပြောကြားသည်။
“ကျပ် ၃၆၀၀ ကို နောက်ဆုံးအနေနဲ့ လက်ခံလိုက်တာ ကျွန်တော်တို့ အလုပ်သမားတွေရဲ့ မျက်ရည်နဲ့ ရင်းထားပြီး လက်ခံလိုက်ရတာပါ။ ဒီလိုလက်ခံရတာကလည်း မြန်မာနိုင်ငံမှာ အလုပ်သမားတွေအတွက် အခကြေးငွေသတ်မှတ်ချက် ဥပဒေထွက်ဖို့ လိုအပ်နေလို့ အလျှော့ပေးပြီး လက်ခံခဲ့တာပါ။ ဥပဒေမထွက်သရွေ့ နစ်နာနေရတာက အလုပ်သမားပါပဲ။ တကယ်ဆို ၂၀၁၄ ခုနှစ် ကတည်းက ဒီအနည်းဆုံးအခကြေးငွေ ထွက်ခဲ့ရမှာ။ အခုဆိုရင်တောင် တစ်နှစ်လောက် နစ်နာနေပြီ”ဟု အလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်သူ  မြန်မာနိုင်ငံ တောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးဇာနည်သွေးက ပြောကြားသည်။
အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံနိုင်မည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်နှင့် အဆိုပါအကြောင်းအရာများကို လာမည့်ရက်ပိုင်းအတွင်း အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဇာနည်သွေးက ဆက်လက်ပြောသည်။
Writer: 
ဖြိုးဝေ၊ ဇော်ဝေ Eleven Media Group

နေစွမ်းအင်သုံးလေယာဉ် ဟာဝိုင်ယီကျွန်းသို့ ရောက်ရှိကာ သမိုင်းဝင်ခရီးစဉ် အဆုံးသတ်


နေစွမ်းအင်တစ်ခုတည်းဖြင့် ကမ္ဘာပတ်ရန် ကြိုးပမ်းနေသော နေစွမ်းအင်သုံးလေယာဉ် Solar Impulse 2 (Si2) သည် ခက်ခဲကြမ်းတမ်းသောအခြေအနေကို ကျော်လွန်နိုင်ခဲ့ပြီးနောက် ဟာဝိုင်ယီကျွန်းစုသို့ ဇူလိုင် ၃ ရက်တွင် ရောက်ရှိခဲ့သည်။ ဂျပန်မှ ထွက်ခွာလာခဲ့ပြီးနောက် Si2 ကို လေးရက်ကျော်ကြာ ထိန်းချုပ်ပျံသန်းလာခဲ့ရ၍ ခြေကုန်လက်ပန်း ကျနေသော ဆွစ်ဝါရင့် လေယာဉ်မှူး  Andre Borschberg သည် စီစဉ်ထားသည့်အတိုင်း ဖြစ်မြောက်ပါက ပစိဖိတ်ရှိ အမေရိကန်ကျွန်းစုပြည်နယ် ဟာဝိုင်ယီသို့ ဒေသစံတော်ချိန် ဇူလိုင် ၃ ရက် နံနက်ပိုင်း၌ ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။ “လေကြောင်းပျံသန်းမှုနှင့် စွမ်းအင်အသုံးချမှု သမိုင်းဝင်ဖြစ်ရပ်ပါ” ဟု  ဘာထရန်ပစ်ကပ်က ပြောကြားသည်။

အရှည်ကြာဆုံးနှင့် အပင်ပန်းရဆုံး ယင်းပျံသန်းမှုအပြီး လေယာဉ်မှူးနှင့် လေယာဉ်အတွက် အကန့်အသတ်ဖြစ်စေခဲ့ပြီး အင်ဒရီသည် ယခုအခါ ပစိဖိတ်သမုဒ္ဒရာနေရောင်အောက် ရောက်ရှိနေပြီဖြစ်ကြောင်း ယင်းခရီးစဉ် စီစဉ်သူများက နောက်ဆုံးအခြေအနေကို ထုတ်ပြန်ခဲ့သည်။ ဂရင်းနစ်စံတော်ချိန် ၀၂:၀၀ နာရီတွင် Si2 လေယာဉ်သည် ဟာဝိုင်ယီသို့ သွားရောက်သည့် ခရီးစဉ်၏ ၉၁ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း၊ သီအိုရီအရဆိုလျှင်  ၇၄၇၁ ကီလိုမီတာ (၄၆၄၂ မိုင်) သွားရောက်ခဲ့ပြီး ဖြစ်ကြောင်း၊ နောက်ထပ်ပျံသန်းချိန် ၁၂ နာရီမျှသာ လိုတော့ကြောင်း သိရသည်။ ပို၍ အရေးကြီးသည်မှာ ဟာဝိုင်ယီသို့ မရောက်မီ ဒုတိယနှင့် နောက်ဆုံးအတားအဆီးဖြစ်သော အေးမြသောရာသီဥတုကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်ဒရီသည် ဂျပန်မှ ထွက်လာပြီးနောက် ယခုအချိန်အထိ ပျံသန်းချိန် ၁၀၄ နာရီ ကျော်လာပြီဖြစ်ရာ ၂၀၀၆ ခုနှစ်တွင် စတိဗ်ဖောဆက်က တစ်ဦးတည်းပျံသန်းချိန် ၇၆ နာရီ ၄၅ မိနစ်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ ဂျပန်မှ ဟာဝိုင်ယီသို့ ခရီးစဉ်တစ်ခုလုံးသည် ပျံသန်းချိန်နာရီ ၁၂၀ ရှိမည်ဟု မျှော်လင့်ထားသည်။ ယင်း စွန့်ဦးတီထွင်လေယာဉ်ကို ထိန်းချုပ်မောင်းနှင်စဉ် ယခုခရီးစဉ်အတွင်း အင်ဒရီသည် တစ်ကြိမ်အိပ်လျှင် မိနစ် ၂၀ သာ အိပ်ကြောင်း သိရသည်။ အကယ်၍ ပစိဖိတ်သမုဒ္ဒရာထဲသို့ လေယာဉ်ပျက်ကျခဲ့လျှင် အရေးပေါ်သုံးနိုင်ရန် လေထီးတစ်ခုနှင့် လေထိုးလှေတစ်ခုတို့ ကို ယူဆောင်ခဲ့ကြောင်းလည်း သိရသည်။

Si2 လေယာဉ်ကို တရုတ်နိုင်ငံ နန်ကျင်းမြို့မှနေ၍ ဟာဝိုင်ယီသို့ တိုက်ရိုက်ပျံသန်းရန် အစောပိုင်းတွင် စီစဉ်ထားခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ဂျပန်နိုင်ငံသို့ ဆင်းသက်ခဲ့ရကာ တစ်လခန့် နှောင့်နှေးခဲ့ရကြောင်း သိရသည်။
Writer:
Ref:AFP
Eleven Media Group

တောင်ကိုရီးယား ဓာတုစက်ရုံပေါက်ကွဲမှုဖြစ် ငါးဦးသေဆုံး



ဆိုးလ် ဇူလိုင် ၃

တောင်ကိုရီးယား အရှေ့တောင်ပိုင်း အာလ်ဆန်မြို့တော်၌ ဟန်ဟွာ ရေဆိုးထုတ် ဓာတုစက်ရုံအနီးတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားရာ ငါးဦးသေဆုံးခဲ့ပြီး တစ်ဦးပျောက်ဆုံးနေကြောင်း ယိုနက်ပ်နယူးအေဂျင်စီက ဖော်ပြသည်။

ပေါက်ကွဲမှုသည် ဟန်ဟွာ အုပ်စုပိုင် ဒုတိယမြောက် ဓာတုစက်ရုံ၌ နံနက် ၉ နာရီ ၁၉ မိနစ်ခန့်က ဖြစ်ပွားခြင်း ဖြစ်သည်။ ရေဆိုးသန့်စင်သည့် ရေကန်အထက်ပိုင်း၌ ဂဟေဆော်ခြင်းလုပ်ငန်းလုပ်ကိုင်နေသော အလုပ်သမား ငါးဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးနေကာ သေဆုံးသူ အရေအတွက်မြင့်တက်လာဖွယ်ရှိသည်။ အလုပ်သမားတစ်ဦး ထက်မက ဒဏ်ရာအသေးအဖွဲရရှိခဲ့ကြသည်။

ပေါက်ကွဲမှုမဖြစ်ပွားခင် စက်ရုံတွင် စုစုပေါင်း ၁၁ ဦးအလုပ်လုပ်ကိုင်နေကြသည်။ ဂဟေဆော်ရာမှ ထွက်ရှိလာသည့် ဓာတ်ငွေ့အကြွင်းအကျန်များကြောင့် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ အကြောင်းအရင်းအတိအကျကိုစုံစမ်း လျက်ရှိကြောင်း သိရသည်။

(ဆင်ဟွာ)
Myanmaalinn

ဂျပန်ကုမ္ပဏီတွေ ပိုမို ရင်းနှီးမြှုပ်နှံဖို့ မြန်မာ ဖိတ်ခေါ်



ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ်ဆောင်သွားဖို့ မဲခေါင်ဒေသ အဖွဲ့ဝင်နိုင်ငံတွေနဲ့ဂျပန်နိုင်ငံတို့ရဲ့ ထိပ်သီး အစည်း အဝေးပွဲ တက်ရောက်ဖို့ တိုကျိုမြို့ကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း လိုက်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံ အနေနဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် လက်တွေ့မှာ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဂျပန်-မြန်မာအရေး အကဲခတ်တွေက မြင်ကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ၇ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ဇူလိုင် ၂ရက်နေ့က တိုကျိုမြို့ကို ရောက်ရှိ နေတာဖြစ်ပါတယ်။ မဲခေါင်ဒေသ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံခေါင်းဆောင်တွေနဲ့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးတို့ဟာ မနက်ဖြန် ဇူလိုင် ၄ရက်နေ့ တိုကျိုမြို့မှာ ထိပ်သီးအစည်းဝေးပွဲ ကျင်းပဖို့ရှိပြီး ၊ ဒီကနေ့မှာတော့ မဲခေါင်ဒေသ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေနဲ့ ဂျပန်စီးပွား ရေးလုပ်ငန်းရှင်ကြီးတွေ သီးသန့် ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာ ဂျပန်-ထိုင်း-မြန်မာ ၃နိုင်ငံက ဖက်စပ် လုပ်ဆောင်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုံ စီမံကိန်းဟာ မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက်ပါ အရေးပါကြောင်း သမ္မတ ဦးသိန်းစိန်က ဂျပန်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ဆွေးနွေးပွဲအတွင်း ပြောဆို သွားပါတယ်။

"၂၀၁၅ခုနှစ်အကုန်မှာ အပြီးသတ်ထူထောင်ရန် ရည်ရွယ်ထားတဲ့ အာဆီယံ စီးပွားရေး အသိုက်အဝိုင်းအတွက် ကြီးမားစွာ အထောက်အကူဖြစ်စေမယ့် မဲခေါင်ဒေသခွဲ ဝန်းကျင်ဒေသတွင်း ချိတ်ဆက်မှုကို မြှင့်တင်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပေါင်းစီးမှုကို တိုးမြှင့်ပေးမယ့် ထားဝယ် အထူးစီးပွားရေး စီမံကိန်းရဲ့ အရေးပါမှုကို မိမိတို့ သုံးနိုင်ငံလုံးက အသိအမှတ်ပြုထားပါတယ်။"

ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးလုပ်ဆောင်ပေးဖို့ဂျပန်အစိုးရ ရုပ်သံလွှင့်ဌာနဖြစ်တဲ့ NHK နဲ့ ကြာသာပတေးနေ့ တုန်းကပြုလုပ်တဲ့ သီးသန့်မေးမြန်းခန်းမှာ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း သွားပါတယ်။ မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားတိုင်းပြည် တွေထဲမှာ ဂျပန်နိုင်ငံဟာ အဆင့် ၁၂ မှာသာ ရှိတယ်လို့ မြန်မာအစိုးရက ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖေါ်ပြထားတာပါ။

ဂျပန် စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ ဂျပန်နိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေရတာဟာ မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့်ဖြစ်တယ်လို့ ဂျပန်-မြန်မာအရေးလေ့လာနေတဲ့ ဦးတင်ဝင်းက ဆိုပါတယ်။

" အခုလတ်တလော စီးပွားရေးကုမ္ပဏီတွေက ဒီမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ တုံ့နေတာက အခု မြန်မာနိုင်ငံမှာ ရှိနေတဲ့ မြေယာပြဿနာတို့ မြေယာပေါ်လစီ အဲ့တာတွေ နောက်ပြီးတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပေါ်လစီ ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်တွေရှိနေလို့ အင်နဲ့ အားနဲ့ မဝင်တာပဲရှိတယ်ဗျ။ "

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးတဲ့ အခြေနေကောင်းတရပ် ပေါ်တဲ့အထိ ဂျပန်ကုမ္ပဏီတွေက စောင့်ဆိုင်းလိုတဲ့ သဘောရှိတယ်လို့ မြန်မာ့ အရေးလှုပ်ရှားနေတဲ့ ဦးကျော်ကျော်စိုးကလည်း သုံးသပ်ပါတယ်။

" ဥပမာအားဖြင့် ဆိုလို့ရှိရင် သန်လျှင်မှာရှိတဲ့ သီလဝါ အထူးစီးပွားရေးဇုံမှာ ဆိုလို့ရှိရင် ဒီစီးပွားရေးဇုံတခုလုံးရဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး ကို ဂျပန်က လုံးဝ တာဝန်ယူ လုပ်မှာဖြစ်တယ်။ အဲ့ဒီ့မှာ ဂျပန်ကုမ္ပဏီတွေက အင်တိုက် အားတိုက်နဲ့ သွားတာမျိုးကို နည်းနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ပတ်သက်တာ နဲ့ နောက်တချက် တကယ်လို့များ ဥပဒေကြောင်းအရ အငြင်းပွားမှုတွေ ပြသနာတွေဖြစ်လာရင် ဖြေရှင်းဖို့ ကိစ္စတွေ အဲ့မှာရှိတဲ့ လယ်မြေသိမ်းတဲ့ကိစ္စတွေ နဲ့ပတ်သက်ပြီးတော့ ဂျပန်ကုမ္ပဏီတွေ အဲ့ဒီ့မှာ အလုပ်သွားလုပ်တဲ့အခါကျရင် အစွန်းအထင်းဖြစ်လာမှာကို သူတို့ မလိုလားတဲ့ အတွက်ကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု အခြေအနေကောင်း တခုပေါ်လာတဲ့အထိ စောင့်ဆိုင်းနေတယ်လို့ပဲ ကျနော်ကတော့ ယူဆပါတယ်။"

တိုကျိုမှာရှိတဲ့ မြန်မာအရေးလှုပ်ရှားနေသူတွေကတော့ မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲ လုပ်နေချိန် စနေနေ့မှာ ဦးသိန်းစိန်ကို ဆန္ဒပြသွားကြ မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဂျပန်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတယ်ဆိုပေမယ့် လမ်းပမ်း ဆက်သွယ်ရေး အခြေခံ အဆောက်အဦတွေ အပါဝင် စက်မှု လျှပ်စစ်နဲ့ ရေနံသဘာဝ ဓါတ်ငွေ့ ကဏ္ဍတွေမှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို မြန်မာ အစိုးရက ပိုပြီးလိုလားနေပါတယ် ။

မြန်မာနိုင်ငံကို အကူအညီပေးတဲ့ တိုင်းပြည်တွေထဲမှာ ဂျပန်နိုင်ငံဟာ နှစ်ပေါင်း အတော်ကြာကတည်းက ထိပ်ဆုံးမှာရှိခဲ့ပြီး ODA လို့ခေါ်တဲ့ နိုင်ငံရပ်ခြား အကူအညီ အထောက်အပံ့တွေကို ပေးလာခဲ့တာပါ။ ၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံမှာ အရပ်သား အစိုးရတရပ် ပေါ်လာပြီးနောက် မြန်မာနိုင်ငံက ဂျပန်နိုင်ငံ ကို ပြန်ပေးရမယ့် ကြွေးမြီ အတော်များများကိုလည်း ဂျပန်အစိုးရက လျှော်ပစ်ပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ချေးငွေ ဒေါ်လာသန်း (၂၁၀)ကျော် ပေးသွားမယ်လို့ ကတိပေးတဲ့ နှစ်နိုင်ငံသဘောတူစာချုပ်ကို ဇူလိုင် ၁ ရက် နေ့က နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ နေပြည်တော်မှာ လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)

ကျေးလက်နေ ဆင်းရဲသားပြည်သူများအတွက် ဒေါ်လာ သန်း ၄၀၀ ကမ္ဘာ့ဘဏ်ပေးအပ်



မြန်မာနိုင်ငံက ကျေးလက်နေ ဆင်းရဲသားပြည်သူတွေအတွက် လူထုဗဟိုပြု စီမံကိန်းတွေ တိုးချဲ့လုပ်ကိုင်ဖို့အတွက် မြန်မာကို အမေရိကန်ဒေါ်လာ သန်း ၄၀၀ ထပ်မံပေးအပ်ဖို့ ကမ္ဘာ့ဘဏ်က အတည်ပြုကြောင်းကြေညာပါတယ်။
ဇွန်လ ၃၀ ရက်နေ့မှာ ကမ္ဘာ့ဘဏ်ရဲ့ အမှုဆောင် ဒါရိုက်တာ အဖွဲ့က အတည်ပြုပေး လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံက ကျေးလက်နေ ပြည်သူတွေအတွက် ကျန်းမာရေးဆေးပေးခန်း၊ စာသင်ကျောင်း၊ လမ်းတံတားနဲ့ သောက်သုံးရေ ရရှိရေးလုပ်ငန်းတွေကို ပြုပြင်မွန်းမံ အသစ်တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
ဒီအကူငွေတွေဟာ ဖွံ့ဖြိုးမှုနောက်ကျပြီး ပြည်သူ့ဝန်ဆောင်မှုတွေ ခေတ်အဆက်ဆက် မရရှိခဲ့တဲ့ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်နေ ပြည်သူတွေအတွက် အဓိက ရည်ရွယ်တာဖြစ်ပြီး ရန်ပုံငွေတွေနဲ့ မြို့နယ်ပေါင်း ၆၂ မြို့နယ်ရှိ လူဦးရေ  ၇ သန်းလောက်အတွက် မရှိမဖြစ် အခြေခံ အဆောက်အဦတွေနဲ့ လူမှုရေး ၀န်ဆောင်မှုလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်သွား မယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာအူလ်ရစ်ခ်ျဇာဟာက   “ဒီကနေ့ထိ လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းငယ်ပေါင်း ၃၅၀ ကျော်ကို ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတချို့မှာ ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူတွေရဲ့ ဘ၀တိုးတက်ဖို့ ကူညီနိုင်ခဲ့တယ်၊  လက်ရှိ မြို့နယ် ၉ မြို့နယ်မှာ ကျေးရွာပေါင်း ၁၇၀၀ အတွက် ရေရရှိရေး၊ စာသင်ကျောင်း၊ လုံခြုံကောင်းမွန်တဲ့ လမ်းတံတား စတာတွေ တည်ဆောင်သွားဖို့ ကူညီပေးနေတယ်လို့” မြန်မာပြည်မှာ ဆောင်ရွက်ပေးနေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ကမ္ဘာ့ဘဏ်ဟာ ရန်ပုံငွေတွေကို ကျေးလက်နေပြည်သူတွေကိုယ်တိုင် စီမံခန့်ခွဲ လုပ်ကိုင်ရမယ့် ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ စတင်လုပ်ကိုင်နေတာဖြစ်ပါတယ်။
DVB

Friday, July 3, 2015

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့် တပြိုင်တည်း ကျင်းပမည်


၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမှုမြင်ကွင်းတခု (ဓာတ်ပုံ – ဧရာဝတီ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(ဃ) ပြင်ဆင်နိုင်ရန်အတွက် ပြုလုပ်မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် ပူးတွဲပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သိရ သည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲပြုလုပ်ချိန်တွင် ပူးတွဲပြုလုပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပြည်ထောင် စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇူလိုင် ၁ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
“ဟုတ်ပါတယ်။ တပြိုင်တည်း လုပ်သွားမယ်။ မူကြမ်း ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ မဲရုံတို့၊ မဲရုံမှူး အဖွဲ့ဝင်တို့၊ မဲလက်မှတ် တို့၊ မဲပုံးတို့၊ ဆန္ဒပြုခန်းတို့ အဲဒါတွေ အကုန်လုံး လိုအပ်တဲ့ ရန်ပုံငွေတွေ၊ ပစ္စည်းကိရိယာတွေ တွက်ချက်ပြီး ဆောင်ရွက်နေပါတယ်။ နည်းဥပဒေကတော့ ရေးဆွဲပြီး အတည်ပြုဖို့အတွက် လုပ်နေတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းထုတ်ပြန် ရေး အဖွဲ့ဝင် ဦးသောင်းလှိုင်က ဧရာဝတီကို ပြောသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို တချိန်တည်း၊ တပြိုင်တည်း ပြုလုပ်မည် ဆိုသော်လည်း လိုအပ်သည့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များကို ခွဲခြားထားမည်ဖြစ်ပြီး သီးခြားနည်းဥပဒေ ပြဋ္ဌာန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မဲလက်မှတ်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုစဉ်ကကဲ့သို့ ထောက်ခံသည် (သို့မဟုတ်) ကန့်ကွက် ဆိုသည့် နေရာတွင် အမှတ်အသား ပြုရသည့် ပုံစံမျိုး ပြုလုပ်သွားရန် အကြမ်းဖျင်း လျာထားသည့်အတွက် မဲဆန္ဒရှင်များ အခက်အခဲ ရှိမည်မဟုတ်ကြောင်း ဦးသောင်းလှိုင်က ပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းတွင် တင်သွင်းခဲ့သည့် ပုဒ်မ၊ ပုဒ်မခွဲ (၆) ခု အနက်မှ ပုဒ်မ ၅၉ (ဃ) တခုတည်းသာ ထောက်ခံဆန္ဒမဲ ၅၅၆ မဲဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူနိုင်ရန် အောင်မြင်ခဲ့သောကြောင့် အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေ ကုန်ကျမှုများကို လျှော့ချနိုင်ရေးအတွက် ထိုကဲ့သို့ ပူးတွဲဆောင်ရွက်ရေး ကော်မရှင်ထံ စာပေးပို့ရန် ဦးရွှေမန်းက ဇူလိုင် ၁ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ သီးခြားလုပ်မယ်ဆိုရင် အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေ အားလုံး ထပ်မံ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ယခုနှစ် အောက်တိုဘာကုန် သို့မဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ပူးတွဲပြီး ဆောင်ရွက်ရင် အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေ၊ ကုန်ကျမှုတွေကို လျှော့ချနိုင်တဲ့အပြင် ဥပဒေအရ အကျိုးသက်ရောက်မှုလည်း ထိခိုက်တဲ့ အခြေအနေ မရှိကြောင်း သုံးသပ်တွေ့ရှိ ရပါတယ်”ဟု သူရဦးရွှေမန်းက ပြောဆိုသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူရာတွင် ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ပိုင်ခွင့် ဖြစ်သောကြောင့် ထိုကဲ့သို့ အကြောင်းကြားစာ ပေးပို့ရခြင်း ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်အတွင်းကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားသည်။
 ဧရာဝတီ
http://mobile.irrawaddy.org/news/2015/07/03/77448.html

လော်ခီးလာ ပြင်ဆင်ချက် အစည်းအဝေးဆုံးဖြတ်ချက်အဖြစ်ထားရန် အစိုးရတောင်းဆို

အစိုးရဘက်က အပစ်ရပ်စာချုပ်မူကြမ်းကို မပြင်ဆင် မဖြည့်စွက်လိုတဲ့အတွက် လော်ခီးလာ ပြင်ဆင်ဖြည့်စွက် ၁၂ ချက်ကို အစည်းအဝေး ဆုံးဖြတ်ချက်အနေနဲ့ထားဖို့ အစိုးရဘက်က တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇူလိုင် ၃ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့တာလို့ ဆွေးနွေးပွဲအပြီးမှာ ၀န်ကြီး ဦးအောင်မင်းက မီဒီယာကို ပြောပါတယ်။
“ဒီနေ့ ဆွေးနွေးတာကတော့ ကျနော်တို့က အန်စီအေ (အပစ်ရပ်စာချုပ်မူကြမ်း) စာချုပ်ကြီးကို မပြင်ချင်၊ မဖျက်ချင်ဘူး။ အဲ့ဒီတော့ နောက်ထပ် လော်ခီးလာက တက်လာတဲ့ အချက် ၁၂ ချက်ကို အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ ထည့်ပါဆိုပြီးတော့ ကျနော်တို့ဘက်က တောင်းဆိုတာပေါ့။ သူတို့ကိုလည်း ကျနော်တို့ ပစ်ပယ်တာ မဟုတ်ဘူးလေ။”
မနက်ဖြန်မှာ နှစ်ဘက် ဆွေးနွေးပွဲဆက်ပြီး သဘောတူညီချက်တချို့ရရင် ချင်းမိုင် ဒါမှမဟုတ် ရန်ကုန်မှာ ဆွေးနွေးပွဲတွေဆက်မယ်လို့လည်း ပြောပါတယ်။
ဇွန်လဆန်း ကရင်ပြည်နယ်၊ လော်ခီးလာမှာ လုပ်ခဲ့တဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့ရဲ့ ထိပ်သီး ညီလာခံက အပစ်ရပ်စာချုပ်မူကြမ်းပါ အချက် ၁၅ ချက်ကို ပြင်ဆင်ဖြည့်စွက်မယ်လို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီထဲ ၃ ချက်က ဆွေးနွေးစရာမလိုတဲ့ အချက်တွေဖြစ်ပြီး ၁၂ ချက် ပြင်ဆင်ဖြည့်စွက်ရေး ဆက်လက်ဆွေးနွေးကြဖို့ ရှိနေတာပါ။
နှစ်ဘက် ဆွေးနွေးပွဲစတင်တဲ့ ဒီနေ့ မနက်ပိုင်းမှာ တိုင်းရင်းသား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဘက်က အပစ်ရပ်စာချုပ်ကို အခု အစိုးရလက်ထက် ရွေးကောက်ပွဲမတိုင်မီ လက်မှတ်ထိုးလိုတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် ပူးဇင်ကျုံးကတော့ မနက်ဖြန်မှာ သူတို့အဖွဲ့တွင်း ဆွေးနွေးပြီး အစိုးရဘက်ကို အကြောင်းပြန်နိုင်မယ်လို့ ပြောပါတယ်။
“အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ရှိပါတယ်။ အစိုးရက တင်ပြလာတဲ့ အချက်အပေါ်မှာ ပြန်ပြီးတော့ အကြောင်းပြန်တာမျိုး၊ ဒီလိုလုပ်ပါမယ်ဆိုတဲ့ကိစ္စမျိုး ဘာမှ ပြောကြားတာ မရှိသေးပါဘူး။ မနက်ဖြန်မှာမှ အဖွဲ့အတွင်း ပြန်လည်ဆွေးနွေးပြီးတော့ အဖြေပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။”
အစိုးရဘက်က အပစ်ရပ်ဆွေးနွေးပွဲတွေ ဆက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားသလို တိုင်းရင်းသားတွေဘက်ကလည်း အချိန်မဆွဲဘဲ အမြန်ဆုံးလက်မှတ်ထိုးလိုတယ်လို့ ပြောဆိုထားတာပါ။
ဇူလိုင် ၄ ရက်မှာ နှစ်ဘက် ဆွေးနွေးပွဲတွေ ဆက်ဖို့ရှိပြီး သဘောတူညီချက် တစုံတရာ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။
ဓာတ်ပုံ – Nyo Ohn Myint
 DVB

ထားဝယ်ဂုဏ်ဆောင် အနုပညာရှင်များကို သုခုမကြယ်စင် ဆုပေးမည်


|Dawei Watch| ထားဝယ်၊ ဇူလိုင် ၃
ထားဝယ်ဒေသကို ဂုဏ်ဆောင်နိုင်ခဲ့သည့် သက်ကြီးဝါရင့် အနုပညာရှင်များကို သုခုမကြယ်စင် ထူးချွန်ဆုများ ပေးအပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဖြူစင်နှလုံးသား (Good Heart) ပရဟိတဖောင်ဒေးရှင်းထံမှ သိရသည်။
ဖြူစင်နှလုံးသား ပရဟိတဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ကျင်းပပြုလုပ်မည့် ပေးဆပ်သူတို့ နှလုံးသားဂီတ အနုပညာပွဲတော်တွင် အထက်ပါ အစီအစဉ်ကို ထည့်သွင်းထားပြီး အခမ်းအနားဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း  ပွဲစီစဉ်သူ
သရုပ်ဆောင်နှင့်ဇာတ်ညွှန်း ကျော်ဗိုလ်ဗိုလ်သာက ပြောသည်။
“ဒီအစီအစဉ်လေးက ထူးထူးခြားခြားနဲ့ တစ်ခါမှ မလုပ်ဖူးသေးတဲ့ အစီအစဉ်လေးပါ” ဟု ယခင်က ကိုဗိပ်အမည်ဖြင့် အနုပညာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သူ ကျော်ဗိုလ်ဗိုလ်သာက ဆိုသည်။
အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍများတွင် ထားဝယ်လူမျိုးကို ကိုယ်စားပြုနိုင်သည့် သက်ကြီး ၀ါရင့် အနုပညာရှင်များကို ရွေးချယ်ချီးမြှင့်မည်ဖြစ်ပြီး အနုပညာရှင်ကြီးများအား ဂါရ၀ပြုချီးမြှင့်တတ်စေရန်၊ ဂုဏ်ယူတန်ဖိုးထားတတ်စေရန်၊ နှစ်စဉ် ချီးမြှင့်လာကြရန် စသည့် ရည်ရွယ်ချက်များဖြင့် စီစဉ်ရခြင်းဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။
လက်ရှိတွင် ဆိုရေးတီး ကျွမ်းကျင်သူ တစ်ဦး၊ ထားဝယ်သီချင်းများရေးသူ တစ်ဦး၊ သဘင်ပညာရှင် တစ်ဦး၊ အကပညာရှင် တစ်ဦးနှင့် ဆိုကရေးတီး ဘက်စုံ ကျွမ်းကျင်သူ တစ်ဦး စုစုပေါင်း ငါးဦးကို ချီးမြှင့်ရန် လျာထားပြီး အတိအကျကို လာမည့် ဇူလိုင်လ ၈ ရက်နေ့တွင် အတည်ပြုမည် စီစဉ်သူ ကျော်ဗိုလ်ဗိုလ်သာက ပြောသည်။
ဆုချီးမြှင့်ရန် ရွေးချယ်ခံရသူများအနက် သေဆုံးပြီးသော ပုဂ္ဂိုလ်များပါဝင်ပါက ၎င်း၏ မိသားစုဝင်များကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်း ဂီတအနုပညာပွဲတော်ကို သြဂုတ်လ ၂၉ နှင့် ၃၀ ရက်တို့တွင် ကျင်းပရန် လျာထားပြီး သုခမ ကြယ်စင် ထူးချွန်ဆု ချီးမြှင့် သည့် အခမ်းအနားနှင့်အတူ ဖြူစင်နှလုံးသား အလှပိုင်ရှင် အလှမယ်ရွေးချယ်ပွဲနှင့် ဂီတဥယျာဉ် တေးသီးချင်း ပြိုင်ပွဲများ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲများကိုပါ ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။
Dawei Watch

Thursday, July 2, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရပ်တည်ချက်သဘောထားကို တပ်မတော်ခေါင်းဆောင်များ ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် ဒေါက်တာအေးမောင်ပြော



ရန်ကုန်၊ ဇူလိုင် ၁

ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးတပ်မတော်၏ ရပ်တည်ချက် သဘောထား ကိုပြန် လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည် များကို တပ်မတော်ခေါင်းဆောင် များက ပြန်လည်သုံးသပ်ပြင်ဆင် ရေးဆောင်ရွက် ပေးရန် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဒေါက် တာအေးမောင်က လွှတ်တော်အ တွင်း ပြောကြားခဲ့သည်။

ဇူလိုင် ၁ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ် မြောက်ပုံမှန်အစည်းအဝေးတွင် ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းပုဒ်မ၄၃၆(ခ)ပါ ပြင် ဆင်ချက်များကို ဆွေးနွေးရာတွင် ဒေါက်တာအေးမောင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့သည်။

ဒေါက်တာအေးမောင်က''ပုဒ်မ ၄၃၆(ခ)ပါ တိုင်းဒေသကြီး၊ ပြည်နယ် များရဲ့ ရပိုင်ခွင့်၊ ပြည်သူလူထုရဲ့ စစ် မှန်သော ကိုယ်စားပြုမှု၊ သယံဇာတ ခွဲဝေခွင့် အပါအဝင်တိုင်းရင်းသား များတောင်းဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်၊ ကျွန်တော်တို့ အခွန်အကောက် မျှဝေခံစားခွင့်၊ ၆၇ နှစ်ကြာတိုင်းရင်း သားများ တောင်းဆိုတဲ့လမ်းကြောင်း ပေါ်ရောက်အောင် အမြော်အမြင်ကြီး စွာဖြင့် စစ်မှန်တဲ့ပြည်သူ့ကိုယ်စား လှယ်များပီပီ နိုင်ငံရေးအမြော်အမြင် ကြီးစွာဆွေးနွေးပြီးမှ ငြင်းခုံပြီးမှ ပြည်သူကိုအဖြေထုတ်နေတဲ့ကာလ ဖြစ်တယ်ဆိုတာ ပြန်လည်သုံးသပ် ဆင်ခြင်ပြီး ပုဒ်မ-၄၃၆(ခ)ပါ ပုဒ်မ များကို တပ်မတော်သားကိုယ်စား လှယ်တွေ ဆွေးနွေးခဲ့ကြတဲ့အတိုင်း မဟုတ်သေးဘဲ လာမယ့်အပတ် အင်္ဂါနေ့မှာ အပြန်အလှန်သုံးသပ် နိုင်တဲ့ တပ်မတော်သားခေါင်းဆောင် တွေ၊ နိုင်ငံရေးအမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်တွေအဖြစ် ဖွဲ့စည်းပုံကို အသက်ရှင်ဖို့အတွက် ရဲရဲဝံ့ဝံ့ပြောင်း လဲသင့်တာကို ပြောင်းလဲပြင်ဆင်သင့် တာကို ပြင်ဆင်၊ ဖြည့်စွက်သင့်တာ ကိုဖြည့်စွက်ပြီး သမိုင်းအမှန်ရဲ့ မှတ် တိုင်တစ်ခုကို ရဲရဲရင့်ရင့်ရယူသွားကြ ပါလို့ ပြောချင်ပါတယ်''ဟု လွှတ်တော် အတွင်း ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်ဦး သိမ်းဆွေကလည်း ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးသည် လွှတ် တော်အတွင်းရှိ တပ်မတော်သားကိုယ် စားလှယ်များအပေါ်မူတည်သည့် အ တွက်ပြင်သင့်ပြင်ထိုက်သည်များကို ပြောင်းလဲရန်ပြောကြားခဲ့သည်။

YM, MO

ကျောင်းသား ၇ ဦးကို တိုက်ပိတ်၊ နောက်ထပ်တစ်ဦးကို ဖမ်းဆီး


 သာယာဝတီ အကျဉ်းထောင်ဂိတ်တံခါးကို တွေ့ရစဉ် Photo: Kyaw Zaw Win/ RFA

 အကျဉ်းထောင်အတွင်း ဆေးလိပ်နဲ့ ကွမ်းယာကို ယူဆောင်ခဲ့မှုနဲ့ သာယာဝတီ အကျဉ်းထောင်က ကျောင်းသား ၇ ဦးဟာ မနေ့ကစပြီး တိုက်ပိတ်ခံလိုက်ရပါတယ်။

အဲဒီကျောင်းသား ၇ ဦးကို အကျဉ်းထောင်ဥပဒေ ချိုးဖောက်မှုပုဒ်မ ၄၂ နဲ့ သာယာဝတီ အကျဉ်းဦးစီးဌာနက တရားစွဲမယ်လို့ နေပြည်တော် အကျဉ်းဦးစီးဌာနရုံးချုပ်က အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောပါတယ်။

"ရုံးပြန်လာတဲ့အခါမှာလည်း သူတို့သည် တမင်တကာ ရည်ရွယ်ချက်တွေနဲ့ ဒါတွေကိုယူလာတယ်၊ ထောင်တံခါးဝမှာဝင်ပြီးတော့မှ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေရှေ့မှာ ဆေးလိပ်တို့ ကွမ်းယာတို့ ယူလာတယ်၊ နောက်တစ်ယောက်ဆိုရင် ဒါတွေကို မအပ်နိုင်ဘူးလို့ပြောတယ်၊ ရှာတွေ့တဲ့အခါမှာ ဒေါသတွေဖြစ်ပြီးတော့ အင်္ကျီချွတ်တယ် လုံချည်ကို သူ့ဘာသာသူချွတ်ပြီးတော့မှ တိုက်ဝန်ထမ်းကို ကွမ်းတံထွေးနဲ့ထွေးတယ်၊ အကျဉ်းထောင်ဥပဒေအရ တာဝန်ခံအရာရှိကနေပြီးတော့ တိုက်ပိတ်ပြစ်ဒဏ်ချပါတယ်၊ နောက်ဥပဒေအရ တားမြစ်ပစ္စည်းကို ဝင်လာတဲ့အတွက် အကျဉ်းထောင်လက်စွဲဥပဒေမှာ ပုဒ်မ ၄၃ အရ တရားစွဲဖို့အတွက် ဆောက်ရွက်နေပါတယ်"

အကျဉ်းထောင်အတွင်း ထုတ်ပြန်ထားတဲ့ တားမြစ်ချက်တွေကို နှစ်ကြိမ်ထက်ကျော်လွန် ချိုးဖောက်တယ်ဆိုရင် တိုက်ပိတ်ပြစ်ဒဏ်၊ တာဝန်ကျဝန်ထမ်းတွေကို နှောင့်ယှက်မထီမဲ့မြင်လုပ်မှု အကြိမ်ကြိမ်ကျူးလွန်ချိုးဖောက်ရင် အကျဉ်းထောင်ဥပဒေ ပုဒ်မ ၄၂ အရ အရေးယူခွင့်ရှိတယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်နေ့က သာယာဝတီမြို့နယ် ရုံးချိန်းအပြန်မှာ ကျောင်းသားတွေက ဆေးလိပ်နဲ့ကွမ်းယာကို ယူဆောင်ခဲ့တာကြောင့် ကိုအောင်မှိုင်းဆန်း အပါအ၀င် ၃၅ ယောက်ကို ထောင်ဝင်စာပိတ်လိုက်ပါတယ်။

အဲဒီလိုထောင်ဝင်စာ အပိတ်ခံရတဲ့အထဲက ကျောင်းသား ၇ယောက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၃ဝရက်နေ့က တရားရုံးချိန်းအပြန်မှာလည်း ကွမ်းယာနဲ့ ဆေးလိပ်တွေ ယူဆောင်လာရာ အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေအကြား စကားများခဲ့ကြတယ်လို့ သိရပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူနဲ့ ၀န်းရံသူ ၆၈ ယောက်ထဲမှာ ကျောင်းသားနဲ့ ၀န်းရံသူ ၆၁ ယောက် ပါဝင်ပါတယ်။

ဒီအတောအတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက နှုတ်ထွက်သွားဖို့အတွက် ဇွန်လ ၃၀ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြခဲ့တဲ့ တကသခေါင်းဆောင်တဦးဖြစ်တဲ့ ကိုပိုင်ရဲသူကို ဒီကနေ့ မွန်းလွဲ၃နာရီခန့်က ကျောက်တံတားရဲစခန်းက လာရောက်ဖမ်းစီးသွားကြောင်း တကသ ကျောင်းသားတွေက ပြောပါတယ်။ ကိုပိုင်ရဲသူဟာ ဇွန်၃၀ရက်နေ့ ဆန္ဒပြပွဲမှာ ဦးဆောင်သူဒဂုံတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်ပြီး သူနဲ့အတူ ကိုဇေယျာလွင်၊ ကိုရဲဇာနည်ထွန်း၊ ကိုမင်းသုကျော်နဲ့ ကိုနန်းလင်းတို့ကို ကျောက်တံတားနဲ့ ပန်းပဲတန်းစခန်းတွေက ပုဒ်မ၁၈နဲ့ အရေးယူထားကြောင်းသတင်းတွေ ထွက်နေတာဖြစ်ပါတယ်။ ကိုပိုင်ရဲသူကို ဖမ်းသွားတာနဲ့ ပတ်သက်ပြီး ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းက ခုလိုပြောပါတယ်။

"လာဖမ်းသွားတယ်ဆိုတဲ့ဟာက အတည်ပြုလုပ်လို့ရပါတယ်၊ ကျောက်တံတားမြို့နယ် ရဲစခန်းက အင်းစိန်ကိုခေါ်သွားတယ် ဆိုတာကတော့ မီဒီယာတချို့က သူတို့နီးစပ်ရာအသိုင်းအဝန်းကို ဖုန်းဆက်မေးတော့ သိရတယ်လို့ပြောတယ်၊ အိမ်ကိုလာခေါ်သွားတယ်ဆိုတာကတော့ ကျနော်တို့ အတည်ပြုလို့ရပါတယ်"

ဒီဖမ်းဆီးမှုနဲ့ပတ်သက်လို့ အသေးစိတ်သိရသေးပေမယ့် ဇူလိုင်လ ၁ရက်နေ့က အရေးယူထားတယ်ဆိုတဲ့ ပုဒ်မ ၁၈အပြင် ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မပါတပ်ထားလို့ ဖြစ်နိုင်တယ်လို့ ကျောင်းသားတွေက ယူဆနေပါတယ်။ အခုနှစ်ပိုင်းအတွင်း တက်ကြွလှုပ်ရှားသူတွေကို ဆန္ဒဖော်ထုတ်လို့ ဖမ်းဆီးရာမှာ ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်မှု ပုဒ်မ၁၈အပြင် အာမခံပေးလို့မရတဲ့ နိုင်ငံတော် အကြည်အညိုပျက်စေမူ ပုဒ်မ ၅၀၅ (ခ)နဲ့ပါ ထပ်ဆင့်အရေးယူနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေကို အကူအညီပေးနေတဲ့ ဥပဒေရေးရာကျွမ်းကျင်သူတွေက ပြောပါတယ်။

အခုလို မြန်မာနိုင်ငံမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အပြစ်ပေးအရေးယူနေတာတွေအပြင် ပညာရေးဥပဒေအတွက်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တောင်းဆိုကြတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း  ဖမ်းဆီးအရေးယူနေတာတွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် အစိုးရဘက်က ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်တာဆိုတဲ့ အမြင်နဲ့သုံးသပ်ချက်တွေထွက်ပေါ်နေပါတယ်။

RFA Burmese

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မဲပေးနိုင်ဖို့  အမည်စာရင်း သွင်းနိုင်ပြီ ဖြစ်ကြောင်း မြန်မာသံရုံး (ဘန်ကောက်) ကြေငြာ



 ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးဖို့ စာရင်းပေး သွင်းနိုင်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မဲပေးမယ့်သူတွေဟာ ပုံစံ ၁၅ ကို ဖြည့်သွင်းရမှာဖြစ်ပါတယ်။ ပုံစံ ၁၅ ကို မြန်မာသံရုံးမှာ သွားရောက် ဖြည့်နိုင် သလို၊ သံရုံးရဲ့အင်တာနက် စာမျက်နှာ www.myanmarembassybkk.org ကနေ ပုံစံစာရွက်ရယူပြီး Email က တဆင့် ပေးပို့နိုင်ကြောင်း သံအမတ်ကြီး ဦးဝင်းမောင် က RFA ကို ပြောပါတယ်။
"ကြိုတင်မဲပေးချင်တဲ့လူက ပုံစံ ၁၅ ဖြည့်ရမယ်၊ သူတို့နေတဲ့ရပ်ကွက်တွေမှာ အခြေခံမဲစာရင်းပါရမယ်၊ အဲ့ဒါဆို လို့ရှိရင် မဲထည့်မလိုဘူး ကြိုတင်မဲလာထည့်လို့ရတယ်၊ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ရမယ်၊ မှတ်ပုံတင်ရှိရမယ်၊ အဲ့ဒါဆိုရင်ရပါပြီ၊ စာရင်းပေးလို့ရပြီ ပေးလို့ရပြီဆိုတာ သူတို့ရဲ့ အခြေခံမဲစာရင်း ကို ပြန်စစ်ရမှာလေ၊ အခြေခံမဲစာရင်းပါမှ ပေးလို့ရမယ်၊ အခြေခံမဲစာရင်းမှာ နာမည်မပါရင်ပေးလို့မရဘူး"
ပုံစံ ၁၅ ဖြည့်ရတာဟာ မဲပေးမယ့်သူ နေထိုင်ရာဒေသက အခြေခံမဲစာရင်းမှာ ပါမပါ ပြန်စစ်ဆေးရမှာကြောင့်ဖြစ် ပြီး၊ ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် လာရောက်ပညာသင် ယူနေသူတွေ၊ အစိုးရတာဝန်နဲ့ ရောက်ရှိနေသူတွေနဲ့ သာမန်နိုင်ငံကူးလက်မှတ် ရရှိထားတဲ့ မြန်မာအလုပ် သမားတွေ အလွယ်တကူ မဲပေးနိုင်ဖို့ဖြစ်တယ်လို့ သံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားဦးရေ ၁ သန်း ၈ သိန်း ဝန်းကျင်ရှိပြီး၊ သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးထားတဲ့ဦးရေ ၂ သိန်းခွဲ ဝန်းကျင်ရှိပါတယ်။ ၂ဝ၁၅ ရွေးကောက် ပွဲမှာ သာမာန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ သိန်းခွဲဟာလည်း ဆန္ဒ မဲပေးနိုင်တော့မှာ ဖြစ်တယ်လို့သိရပါတယ်။(မူရင်းပို့...RFA မြန်မာ)
(ဖြည့်စွက်ချက် ။ ။ စင်ကာပူ နှင့် မလေးရှား ရှိ မြန်မာသံရုံးများမှ လည်း မဲပေးနိုင်ဖို့ အမည်စာရင်းများ ပေးသွင်းနိုင်ဖို့  ကြေငြာ ထားပြီး ဖြစ်သည် )

အီဂျစ်မှာ ISအကြမ်းဖက် လူ ၁၀၀ ကျော်သေဆုံး


အီဂျစ်နိုင်ငံ မြောက်ပိုင်း Sinai ဒေသမှာ ဖြစ်တဲ့ တိုက်ခိုက်မှုကို အဝေးက မြင်ရစဉ် (Credit: Reuters) 
IS ​အစ္စလာမ်မစ် ​အဖွဲ့က ​အီဂျစ်နိုင်ငံမှာ ​အကြမ်းဖက်ခဲ့ရာက ​အနည်းဆုံး ​လူပေါင်း ​၁၀၀ ​လောက် ​သေဆုံးရပြီလို့ ​အီဂျစ် ​အစိုးရက ​တရားဝင် ​ပြောဆိုထားပါတယ်။

အီဂျစ်နိုင်ငံ ​ဆီနိုင် ​ကျွန်းဆွယ်ဒေသမှာ ​အကြမ်းဖက်မှု ​ဖြစ်ပွားခဲ့တာ ​ဖြစ်ပြီး ​အကြမ်းဖက်သမားတွေက ​စစ်ဆေးရေးဂိတ် ​၅ ​ခုနဲ့ ​ရဲစခန်းတစ်ခုကို ​ပစ်မှတ်ထား ​တိုက်ခိုက်ခဲ့တာလို့ ​ဆိုပါတယ်။

အဲဒီလို ​တိုက်ခိုက်မှုအတွင်း ​အီဂျစ် ​စစ်သား ​၁၇ ​ယောက် ​သေဆုံးပြီး ​IS ​အဖွဲ့ဝင် ​အယောက် ​၁၀၀ ​သေဆုံးခဲ့တယ်လို့ ​အီဂျစ်အစိုးရရဲ့ ​ထုတ်ပြန်ချက်ထဲမှာ ​ဖော်ပြထားပါတယ်။

အီဂျစ် ​စစ်သားတွေရဲ့ ​ကျဆုံးမှု ​စာရင်းကို ​အီဂျစ်အစိုးရက ​တမင်တကာ ​လျှော့ချပြောဆိုတာမျိုး ​ရှိခဲ့ဖူးပါတယ်။

ကျန်းမာရေး ​အမှုထမ်းတွေကတော့ ​အီဂျစ် ​စစ်သား ​အယောက် ​၇၀ ​လောက် ​သေဆုံးခဲ့ရတယ်လို့ ​ပြောဆိုပြီး ​ပြည်သူနဲ့ ​IS ​အဖွဲ့ဝင် ​၃၈ ​ယောက် ​သေဆုံးခဲ့ရတယ်လို့ ​ဆိုပါတယ်။

ဒီအကြမ်းဖက်မှုနဲ့ ​ပတ်သက်ပြီး ​IS ​အဖွဲ့က ​ပြုလုပ်ကြောင်း ​တာဝန်ယူထားပြီး ​ဆီနိုင်ဒေသက ​လုံခြုံရေးတပ်တွေရဲ့ ​နယ်မြေ ​၁၅ ​ခုမှာ ​တိုက်ခိုက်မှု ​လုပ်ခဲ့သလို ​အသေခံ ​ဗုံးဖောက်ခွဲမှု ​၃ ​ခု ​ပြုလုပ်ခဲ့တယ်လို့ ​တုန့်ပြန်ထားပါတယ်။

IS ​အဖွဲ့ဟာ ​ရာမာဒန် ​ဥပုတ်ကာလအတွင်း ​တိုက်ခိုက်မှုတွေ ​ပိုလုပ်ဖို့ ​နောက်လိုက်သူတွေကို ​တိုက်တွန်းထားပေမယ့် ​အီဂျစ်ကို ​ပစ်မှတ်ထားတဲ့အကြောင်း ​ပြောဆိုခြင်း ​မရှိခဲ့ပါဘူး။

ဥပုတ်ကာလက ​ဇွန်လ ​လယ်မှာ ​စတင်ပြီး ​တစ်လကြာမှာ ​ဖြစ်ပါတယ်။

By Middle East correspondent Sophie McNeill, wires
ABC Radio Australia

မြန်မာကိုပါ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသော အယ်လ်ကိုင်းဒါးအဖွဲ့ဝင်များကို ဘင်္ဂလာဒေရှ့်တွင်ဖမ်းဆီး


( ဘင်္ဂလာဒေ့ရှ် အထူးမူခင်း နှိမ်နှင်းရေးတပ်ဖွဲ့ RAB အဖွဲ့ဝင်များ)
ရန်ကုန်၊ ဇူလှိုင် ၂

မြန်မာကို ပါတိုက်ခိုက်မည်ဟု ယမန်နှစ် စက်တင်ဘာလ အတွင်းက ခြိမ်းခြောက်ခဲ့သော အယ်လ်ကိုင်းဒါး အဖွဲ့၏ ဆက်သွယ် ညှိနိုင်းရေးမှူး တစ်ဦးအပါအ၀င် အဖွဲ့ဝင် ၁၂ ဦးကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

ယင်းသတင်းကို The Daily Star သတင်းစာက Rapid Action Battalion (RAB) တပ်ဖွဲ့မှ ပြောခွင့်ရသူ လက်ထောက် ညွှန်ကြားရေးမှူး Maksudul Alam ကိုကားပြီး ယနေ့ သတင်းဖော်ပြရာတွင် ဖမ်းဆီးခံရသူ ၁၂ ဦးထဲတွင် ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ ဆက်သွယ် ညှိနိုင်းရေးမှူး တာဝန်ခံ မူဖ်တီ မိုင်နှုရ် အစ္စလာမ်နှင့် ယင်းအဖွဲ့၏ အကြံပေးအရာရှိ မော်လနာ ဇာဖား အာမင်တို့ ပါဝင်ကြောင်း ဖော်ပြသည်။

ယင်းတို့အား အထူးမူခင်းနှိမ်နှင်းရေး RAB တပ်ဖွဲ့မှ ဒက္ကားမြို့တော်ရှိ နေရာ အတော်များများကို ယမန်နေ့ ညဉ့်က နှိမ်နှင်းရေး လုပ်စဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

သူတိုနှင့် အတူ သိုဝှက်ထားသော ပေါက်ကွဲပစ္စည်း အများအပြား အပါအ၀င် ဗုံးလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများ၊ ဓါးများ၊ သင်တန်းပြုလုပ်ရာတွင် ပို့ချသော ဂျီဟတ်ဒီး စာအုပ်များကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

အိန္ဒိယ တိုက်ငယ် ရှိ အယ်လ်ကိုင်းဒါး အဖွဲ့ခွဲတစ်ခုမှ ယခုနှစ်စောစောပိုင်းက ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် စာရေးဆရာ Avijit Roy ကို သတ်ဖြတ်ခြင်းမှာ သူတို့အဖွဲ့မှ ဖြစ်ကြောင်း ဗီဒီယို ကလစ်မှ တဆင့် ထုတ်ဖော်ဝန်ခံထားသည်။

လွန်ခဲ့သောနှစ် စက်တင်္ဘာလ က အယ်လ်ကိုင်းဒါး အဖွဲ့သည် တောင်အာရှတွင် ဂျီဟတ် စစ်ပွဲဆင်နွှဲရန် ကျေညာခဲ့ပြီး Al-အယ်လ်ကိုင်းဒါးခေါင်းဆောင် Ayman al-Zawahiri ကလည်း ဘင်္ဂလာဒေ့ရှ်၊ မြန်မာနှင့် အိန္ဒိယတို့တွင် သူတို့တိုက်ပွဲကို မြင့်တင်ရန် အခန်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်ကြောင်း ဗီဒီယိုမှ ပေးပို့သော မိန်းခွန်း တစ်ခုတွင် ဖော်ပြထားခဲ့သည်။

Narinjara

ဖမ်းထားသည့် ဖီဖာအရာရှိ ၇ ဦး လွှဲပေးရန် အမေရိကန် တောင်းဆို


မေလက အကျင့်ပျက်ခြစားမှုနဲ့ စွဲဆိုဖမ်းဆီးထားတဲ့ ဖီဖာအရာရှိ ၇ ဦးကို အမေရိကန် ပြည်ထောင်စုထံ လွှဲပြောင်းပေးဖို့ တောင်းဆိုထားတယ်လို့ ဆွစ်ဇာလန် အရာရှိတွေက ပြောပါတယ်။
ဇူလိုင် ၁ ရက်က တရားဝင်တောင်းဆိုတဲ့ စာကို ပေးပို့ထားပြီး ရက် ၄၀ အတွင်း လွှဲပြောင်းပေးဖို့ သတ်မှတ်ထားတယ်လို့ ဆွစ်ဖက်ဒရယ် တရားရုံး (အက်ဖ်အိုဂျေ) က ပြောပါတယ်။
လွှဲပြောင်းပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဇူးရစ်ရဲတပ်ဖွဲ့က ဖီဖာအဖွဲ့ဝင် ၇ ဦးထံက ကြားနာမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အပြစ်ရှိကြောင်း တွေ့ရှိရရင် ထောင်ဒဏ် နှစ် ၂၀ ကျခံနိုင်တဲ့ အဖွဲ့ဝင် ၇ ဦးကတော့ ကနဦးကတည်းက လွှဲပြောင်းပေးဖို့ ငြင်းဆန်ထားပါတယ်။
ဒီအရာရှိတွေနဲ့ ရှေ့နေတွေက တောင်းဆိုချက်ကို တုံ့ပြန်ဖို့အတွက် ၁၄ ရက် အချိန်ရမှာသလို အခြေအမြစ် ခိုင်ခိုင်လုံလုံ ရှိရင်တော့ သတ်မှတ်ရက်ကို ထပ်တိုးပေးဖို့ တောင်းဆိုနိုင်မှာလို့ အက်ဖ်အိုဂျေ ထုတ်ပြန်ချက်က ရေးပါတယ်။
ဒီနောက်မှာတော့ လွှဲပြောင်းရေးအတွက် အက်ဖ်အိုဂျေက ဆုံးဖြတ်ပြီး သီတင်းပတ် အနည်းငယ်မှာ တုံ့ပြန်သွားရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အက်ဖ်အိုဂျေရဲ့ ဆုံးဖြတ်ချက်ကို ဖက်ဒရယ် ဒုစရိုက် တရားရုံးနဲ့ ဖက်ဒရယ် တရားရုံးချုပ်မှာ ထုချေနိုင်တယ်လို့ ဆိုပါတယ်။
ဇူးရစ်မှာ အကျင့်ပျက်ခြစားမှုနဲ့ စွဲဆိုခံထားရတဲ့ ဖီဖာအရာရှိ ၁၄ ဦးထဲက  ထိပ်တန်းအရာရှိ ၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဒီ ၇ ဦးဟာ အမေရိကန် တရားရေးဌာနက အကျင့်ပျက် ခြစားမှုနဲ့ စွဲဆိုထားတဲ့ ၁၄ ဦးထဲမှာ ပါဝင်နေသလို အမေရိကန် စုံစမ်းစစ်ဆေးရေး ဖက်ဒရယ်ဗျူရိုကလည်း အဓိက စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
ဖမ်းဆီးထားတဲ့ ဖီဖာ အရာရှိ ၇ ဦးကတော့ ကေမန်ကျွန်းက ဖီဖာ ဒု-ဥက္ကဋ္ဌ ဂျက်ဖရေးဝက်၊ ဥရုဂွေးက ဖီဖာ ဒု-ဥက္ကဋ္ဌဟောင်း ယူဟဲနီ ဖီဂွယ်ရဲဒို၊ ကော်စတာရီက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အက်ဂွာဒို လီ၊ ဘရာဇီးဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟောင်း ဂျိုဆေး မာရီယာ မာရင်၊ ဗင်နီဇွဲလားဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ရာဖေး အက်စကီဗဲလ်လီနဲ့ ဖီဖာဝန်ထမ်း ဂျူလီယို ရိုချာနဲ့ သမုဒ္ဒရာပိုင်းဇုန် ကွန်ကာအက်ဖ် ဥက္ကဋ္ဌအတွက် အလုပ်လုပ်ပေးနေတဲ့  ကော့စတပ် တာပ်ကစ်တို့ ဖြစ်ပါတယ်။
DVB

၂၀၁၅ ခုနှစ်အတွင်း မိုးများမည်ဟု ဦးထွန်းလွင် ခန့်မှန်း

၂၀၁၅ ခုနှစ်အတွင်း အယ်လ်နီညို ရာသီဥတုဖြစ်ဖို့ ၇၀ ရာခိုင်နှုန်းရှိနေတာကြောင့် အယ်လ်နီညိုနှစ်တွေထဲက ဒီနှစ်ဟာ မိုးရွာသွန်းမှု ပိုများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
UTunLwin“၂၀၁၅ နွေရာသီ၊ နွေရာသီဆိုတာက ဆောင်းမရောက်ခင်အထိ၊ အဲဒီကာလအတွင်းမှာ အယ်လ်နီညိုဖြစ်ဖို့ ၇၀ ရာခိုင်နှုန်း သေချာတယ်။ ၂၀၁၅ ခုနှစ်ရဲ့ နွေရာသီ စပ်ကူးမတ်ကူး ကာလဖြစ်တဲ့အတွက် ရာသီက အထိုင်မကျဘူး။ သူက နွေလည်း အစစ်မဟုတ်ဘူး၊ မိုးလည်း အစစ်မဟုတ်ဘူး၊ နှစ်ခု ရောနေပြီ။ သာဓကပြရရင် ဒီလိုကာလမျိုးတွေကြည့်ရင် မြေပြင်ကလည်း ပူတယ်။ အပေါ်က လေမှာလည်း ရေငွေ့က ရှိနေတယ်။ အဲတော့ သူက နွေနဲ့မတူဘူး။”
၂၀၁၅ မိုးကုန်ကာလ စက်တင်ဘာလထိ မိုးရွာသွန်းမှုအခြေအနေမှာ တောင်အာရှ အတွင်း မြန်မာနိုင်ငံက ရွာနှုန်းထက်ပိုနိုင်တယ်လို့ နိုင်ငံတကာ ရာသီဥတုနှင့် လူ့အဖွဲ့အစည်း သုတေသနအဖွဲ့က ခန့်မှန်းထားပါတယ်။
ဒီနှစ်မှာ ရွာသွန်းနှုန်း ပုံမှန် ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းထိ ပိုမယ်လို့လည်း ခန့်မှန်းထားပါတယ်။ မိုးများနေတဲ့ ရာသီဥတုကာလ ဖြစ်တာကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့ သတိထားဖို့ လိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်တွေက ၂ နှစ်ဆက်တိုက် အယ်လ်နီညို ရာသီဥတုနှစ်တွေ တွေ့ကြုံခဲ့ရပြီး စံချိန်တင် ပူပြင်းမှုတွေ၊ မြစ်တွေမှာ ရေနည်းပါးလို့ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းတွေနဲ့ ကျန်းမာရေးချို့တဲ့တာတွေ လူသေဆုံးတာတွေ ကြုံတွေ့ခဲ့ပါတယ်။
ကမ္ဘာပေါ်တွင် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံး ခံစားရတဲ့ ပထမနိုင်ငံဟာ ဟွန်ဒူးရပ်စ်နိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယဟေတီနိုင်ငံ၊ စတုတ္ထ နီကာရာဂွါနိုင်ငံနဲ့ ပဉ္စမ ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်ကြောင်း Global Climate Risk Index မှာ ဖော်ပြထားပါတယ်။
DVB

မြန်မာပါဝင်သည့် အာရှ ယူ ၁၉ အုပ်စု (ဆ) ခြေစစ်ပွဲစဉ်များထွက်

 
၂၀၁၆ ခုနှစ် ဘာရိန်းနိုင်ငံမှာ  ကျင်းပမယ့် အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ယူ ၁၉  ချန်ပီယံရှစ် ပြိုင်ပွဲအတွက် မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အုပ်စု (ဆ)ပွဲစဉ်တွေ ထွက်ပေါ်လာပါတယ်။
အုပ်စု (ဆ) မှာတော့ မြန်မာ အသင်းဟာ ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူးနိုင်း၊ အရှေ့တီမော အသင်းတွေနဲ့ အတူ ကျရောက်နေပါတယ်။
စက်တင်ဘာ ၃၀ ရက်မှာ မြန်မာနဲ့ ဘရူးနိုင်း၊ အောက်တိုဘာ ၂ ရက်မှာ မြန်မာနဲ့ တီမော၊ အောက်တိုဘာ ၄ ရက်မှာ မြန်မာနဲ့ ဟောင်ကောင်၊ အောက်တိုဘာ ၆ ရက်မှာ မြန်မာနဲ့ ဗီယက်နမ်တို့ ကစားကြမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲတွေကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၆ ရက်အထိ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်းမှာ ကစားသွားမှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲတွေကို အုပ်စု ၁၀ ခု ခွဲပြီး ကျင်းပတာဖြစ်သလို အုပ်စု ပထမရတဲ့ အသင်း ၁၀ သင်းနဲ့ အကောင်းဆုံး အုပ်စု ဒုတိယ ၅ သင်း၊ အိမ်ရှင် ဘာရိန်းအသင်းတို့ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘာရိန်း ယူ ၁၉  ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်တဲ့ အသင်း ၄ သင်းက ၂၀၁၇ ခုနှစ် တောင်ကိုရီးယားမှာ ကျင်းပမယ့် ယူ ၂၀ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
DVB