Pages
Saturday, August 1, 2015
ပြင်သစ်ပိုင် ရီယူနီယံကျွန်းတွင် မီးတောင်ပေါက် (ရုပ်သံ)
အိန္ဒိယ သမုဒ္ဒရာထဲက ပြင်သစ်ပိုင် ရီယူနီယံ ကျွန်းပေါ်မှာ ဇူလိုင် ၃၁ ရက်က မီးတောင် ပေါက်ကွဲခဲ့ပါတယ်။
မီးတောင်ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၃၀မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ပြင်သစ် အစိုးရက မီးတောင်ရှိရာလမ်းကို ရဟတ်ယာဉ်တွေပါ မသွားရအောင် တားမြစ်ပိတ်ပင်ထား ပါတယ်။
မာဒါကတ်စကား ကျွန်းနိုင်ငံ အရှေ့ဘက်ရှိ ၃၉ မိုင်ရှည်ပြီး ၂၈ မိုင်ကျယ်တဲ့ ဒီကျွန်းမှာ လူ ၈ သိန်းကျော်လောက် နေထိုင်နေသလို ဒီကျွန်းပေါ်မှာ မကြာသေးမီက ပျောက်ဆုံး မလေးရှားလေယာဉ် MH370 က လေယာဉ်တောင်ပံလို့ ယူဆရတဲ့ အစိတ်အပိုင်းကို တွေ့ရှိခဲ့ရပါတယ်။
၁၆၄၀ ခုနှစ်နောက်ပိုင်းကတည်းက ဒီကျွန်းမှာ အရှေ့ဘက်က နှင်းထိပ်တောင်လို့ အမည်ရတဲ့ လှုပ်ရှားနေတဲ့ မီးတောင်တခုဟာ ပေါက်ကွဲတာ အကြိမ် ၁၀၀ ကျော်ရှိသွားပြီ ဖြစ်သလို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက တခါ ပေါက်ကွဲခဲ့ပါသေးတယ်။
DVB
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရခိုင်၊ မွန် နဲ့ ရှမ်း ပြည်နယ်တွေက ကိုယ်စားလှယ်လောင်း စာရင်း
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ၂၀၁၅ ရွေးကောက်ပွဲ တွင် ရခိုင်၊ မွန် နဲ့ ရှမ်း ပြည်နယ်တွေက ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ စာရင်းကို NLD ကနေ အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။
DVB
ရခိုင် တွင် မြို့နယ် ၇ ခုလုံး ရေကြီး၊ ၉ ဦးသေ
ရခိုင်ပြည်နယ်၊ မြို့နယ် ၇ ခုမှာ ရဟတ်ယာဉ်ဆင်းဖို့ နေရာမရှိတဲ့ထိ ရေကြီးနေပြီး ရေဘေးကြောင့် သေဆုံးသူ ၉ ယောက်ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေမှာ မြို့ပေါ်နဲ့ ကျေးရွာတွေမှာပါ ရေကြီးနေတယ်လို့ သူက ပြောပါတယ်။
“ရွာလုံးကျွတ် မဟုတ်ဘူး မြို့ပါ မြုပ်နေတာ၊ အကုန်မြုပ်နေတာ၊ ရဟတ်ယာဉ်ဆင်းမယ်ဆိုရင်တောင် ဆင်းဖို့ နေရာ မရှိဘူး။ ရေက ၁၀ ပေ၊ ၁၅ ပေ အဲ့လိုမြုပ်တာလဲ မဟုတ်ဘူး၊ ၃ပေ – ၄ပေ လောက်ပေါ့။ ထွေအုပ်ရုံးတွေဆိုရင် ၄ ပေလောက်ရှိတယ်၊ ရေ ၄ ပေဆိုတော့ မြုပ်တာပေါ့ဗျာ၊ ရုံးမြုပ်တာပေါ့၊ တချို့ နိမ့်တဲ့နေရာတွေဆို ခေါင်မိုးလောက် မြှုပ်ပါတယ်။”
မုန်တိုင်းအဖျားခတ်တာရယ်၊ မိုးကြီးတာရယ်၊ ရေထရက် ဒီရေတက်တာရယ် ပေါင်းဆုံပြီး ရေကြီးတာလို့ ပြောပါတယ်။
မြောက်ဦးမှာ မြစ်ကို ဖြတ်ကူးချိန် လှေမှောက်လို့ ၄ ယောက်သေဆုံးပြီး ပုဏ္ဏားကျွန်းမှာ အိမ်ပေါ် သစ်ပင်ပိလို့ ၁ ယောက်သေ၊ ကျောက်တော်မှာ ၁ ယောက်၊ မောင်တောမှာ လှေမှောက်လို့ ၃ ယောက် စုစုပေါင်း ၉ ယောက်သေဆုံးတယ်လို့ ပြည်နယ်အစိုးရစာရင်းအရ သိရပါတယ်။
ပြည်နယ်အတွင်း လတ်တလော ယာယီကယ်ဆယ်ရေးစခန်း ၅၃ ခု ဖွင့်ထားပြီး အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော်၊ လူဦးရေ ၁၈၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရပါတယ်။
ဒီကိန်းဂဏန်းတွေက လက်ရှိရရှိထားတဲ့ စာရင်းဇယားတွေထက် တိုးလာဖို့ပဲ ရှိတယ်လို့ ပြည်နယ်အစိုးရက ခန့်မှန်းထားပါတယ်။
ရေကြီး ရေကျော်နေတဲ့အတွက် တမြို့နဲ့ တမြို့ ကူးသန်းသွားလာလို့မရဘဲ အလှူရှင်တွေလည်း သွားကူလို့ မရသေးတဲ့ အခြေအနေဖြစ်ပြီး  ရေကျမှပဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်မယ်လို့ သိရပါတယ်။
ခန့်မှန်းခြေ နောက် ၂ ရက် ၃ ရက်လောက်မှာ ရေပြန်ကျနိုင်တယ်လို့ သိရပါတယ်။
DVB
အပေးအယူ ဖြင့် တရုတ်အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ဟု သမ္မတရုံးညွှန်မှူး ပြော
သစ်ခိုးထုတ်မှုနဲ့ တသက်တကျွန်းကျ တရုတ် ၁၅၀ ကျော် ပြန်လွှတ်ပေးခဲ့တာဟာ တရုတ်နိုင်ငံနဲ့ အပေးအယူလုပ်ပြီး လွှတ်ပေးခဲ့တာလို့ သမ္မတရုံးက ပြောပါတယ်။
ဇူလိုင် ၃၀ ရက်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၇၀၀၀ လောက် ပြန်လွှတ်ပေးခဲ့တဲ့ထဲ ကချင်ပြည်နယ်ထဲ သစ်ခိုးထုတ်လို့ တသက်တကျွန်းပြစ်ဒဏ် ချခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်လည်း ပါဝင်ခဲ့ပါတယ်။
သစ်ခိုးထုတ်လို့ နှစ်ရှည်ထောင်ဒဏ်ချခံထားရတဲ့ တရုတ်တွေ ရက်ပိုင်းလောက်ပဲ ပြစ်ဒဏ်ကျခံရပြီး လွတ်မြောက်ခဲ့တဲ့အတွက် အစိုးရအပေါ် လူထုရဲ့ ဝေဖန်မှုမြင့်တက်နေချိန်မှာ သမ္မတရုံးရဲ့ အခု ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သမ္မတရုံးညွှန်မှူး ဦးဇော်ဌေးက တရုတ်နဲ့ အချက် ၅ ချက် အပေးအယူလုပ်ပြီး လွှတ်ပေးခဲ့တာလို့ အခုလို ပြောပါတယ်။
“နံပါတ်တစ်က အကျဉ်းသား ကိစ္စပေါ့။ ဟိုဘက်မှာ ကျနော်တို့ဆီက အကျဉ်းကျခံနေရသူ ၂၅၀ ကျော် ရှိတယ်။ အလားတူ ကိုးကန့် စစ်ဘေးရှောင် ၃၀၀၀ လောက်ကို သူတို့ စောင့်ရှောက်ထားတာ ရှိတယ်၊ နောက်တချက်က ဟိုဘက်မှာ တရားဝင် အလုပ်လုပ်ခွင့် မရှိဘဲ လုပ်နေတဲ့ ကျနော်တို့ အလုပ်သမားတွေ အများကြီးရှိတယ်။ ဟိုမှာ သူတို့ နေမှုထိုင်မှု လုပ်သာကိုင်သာ အဆင်ပြေနေတာ သိရတယ်ပေါ့နော်။ အဲ့ဒါတွေ တရားဝင်ဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်နေတယ်။ သူတို့ဘက်က ၂၅၀ ကျော်ကို ကြိုပြီးတော့ လွှတ်လိုက်တယ်။ နောက် တချက်ကတော့ ငြိမ်းချမ်းရေးကိစ္စ၊ တရုတ်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ၃ ချက် ကျနော်တို့ကို ပြောထားတယ်။ သူတို့ရဲ့ ကတိက၀တ်လို့ ခေါ်ရမှာပေါ့။ နံပါတ်တစ်အချက်က တရုတ်နိုင်ငံအနေနဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေကို ကူညီထောက်ပံ့မှု မလုပ်ပါဘူး၊ နံပါတ်နှစ်အချက်က အစိုးရက လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ တရုတ်နိုင်ငံအနေနဲ့ ထောက်ခံတယ်။ နံပါတ်သုံးအချက်ကတော့ one china policy ပေါ့။ ကျနော်တို့ဘက်က ထားသလို သူတို့ဘက်ကလည်း မြန်မာနိုင်ငံအစိုးရနဲ့ပဲ Deal လုပ်မယ် ဆိုတဲ့ဟာ၊ ဒီ ကတိက၀တ်တွေက ကျနော်တို့ကို ပေးထားပြီး ဖြစ်တယ်။ ကုန်သွယ်မှုပိုင်းဆိုင်ရာမှာ မြန်မာဘက်က ဆန်တင်ပို့မှုကို တရုတ်အစိုးရက တရားဝင်ဖြစ်အောင် ဆောင်ရွက်ပေးမယ်။”
ဒါ့အပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ မဟာဗျုဟာ  မိတ်ဖက် နိုင်ငံတွေ အချင်းချင်းကြားမှာ ကတိက၀တ်ထား လုပ်ဆောင်နေတာတွေကြောင့် တရုတ်အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
အခုနှစ်ဆန်းပိုင်းက တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသအတွင်း  စစ်ဆင်ရေးမှာ တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို သစ်ထုတ်တဲ့ ပစ္စည်းကိရိယာတွေ၊ မော်တော်ယာဉ်တွေနဲ့ ဖမ်းဆီးမိခဲ့တာပါ။
DVB
မြန်မာ ယူ ၁၆ အသင်း ဖိလစ်ပိုင်ကို ၃ ဂိုးပြတ်နိုင်
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ကျင်းပနေတဲ့ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲမှာ မြန်မာက ဖိလစ်ပိုင်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်း ၃၇ မိနစ်မှာ မြန်မာ အသင်းကစားသမား ဟိန်းထက်အောင်က အဖွင့်ဂိုး စတင်သွင်းယူသွားတာဖြစ်သလို ဒုတိယပိုင်း ၄၄ မိနစ်မှာ ၀င်းနိုင်ထွန်းက ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။
ပထမဂိုးသွင်းယူပြီးတဲ့နောက် မြန်မာအသင်းက ဖိကစားထားခဲ့သလို အပိုင်ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်တဲ့အတွက် ပထမပိုင်းမှာ ၂ ဂိုးနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကွင်းတ၀က်ဖိကစားပြီး ဖိလစ်ပိုင်ကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း မြန်မာအသင်းက ဖိကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လွဲချော် အားနည်းနေပါတယ်။ ဖိလစ်ပိုင်အသင်းကလည်း အခွင့်အရေး တချို့ရခဲ့ပေမယ့် ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းပွဲပြီးခါနီးမှာတော့ မြန်မာအသင်းက နောက်ထပ်တဂိုးသွင်းယူခဲ့ပြီး ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
မြန်မာအသင်းက ပထမပွဲစဉ်မှာ စင်ကာပူအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားထားပြီး ၃ မှတ် ရရှိထားပါတယ်။
ဖိလစ်ပိုင်က ကမ္ဘောဒီးယားကို ၁-၀၊ စင်ကာပူကို ၄ ဂိုး ၁ ဂိုးနဲ့ ၂ ပွဲကစား ၂ ပွဲရှုံးထားပါတယ်။
မြန်မာအသင်းဟာ အုပ်စု (ခ)မှာ သြစတြေးလျ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားတို့နဲ့ တအုပ်စုတည်းကျရောက်နေပါတယ်။
DVB
မြန်မာနိုင်ငံရှိ အဓိက မြစ်ကြီးများ စိုးရိမ်ရေမှတ်များသို့ ရောက်ရှိ ကျော်လွန်နေပြီး ရေဘေးသင့် ပြည်သူ ၁ သိန်းကျော် ၊ သေဆုံးသူ ၂၇ ဦးထိရှိနေ
မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းမှု များကြောင့် ရေကြီး ရေလျှံဖြစ်နေသာ စစ်ကိုင်းတိုင်း ကလေးမြို့အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- U Ye Htut Facebook)
    ရန်ကုန် ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
    မြန်မာနိုင်ငံ တစ်ဝန်းလုံး ဇွန် ၊ ဇူလိုင်လများအတွင်း မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းမှု များကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုရှိ ရေဘေးသင့်ခံ မြို့ နယ်ပေါင်း ၄၂ မြို့ နယ်တွင်  ရေဘေးသင့် ပြည်သူ စုစုပေါင်း ၁၁၄,၈၄၅ ဦး ရှိပြီး ယနေ့ အထိ နောက်ဆုံးရရှိထားသည့် စာရင်းအရ သေဆုံးသူဦးရေ ၂၇ ထိ ရှိနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ သိရသည်။
ယင်းရေကြီး ရေလျှံမှု ၊ သဘာဝဘေးများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် ရေကြီး နစ်မြုပ်မှုနှင့် သီးနှံများ ထိခိုက် ပျက်စီးမှု အခြေအနေမှာ စုစုပေါင်း ရေနစ်မြုပ်ဧက ၅၂၄,၈၉၆ ရှိပြီး ထိခိုက်ဧက ၈၇,၂၉၀ ဧက နှင့် ပျက်စီးဧက ၃၄,၀၇၆ ဧက အထိ ရှိနေကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ထားချက်အရ သိရသည်။
ယခု ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်တာတမံများ ကျိုးပေါက်မှု မရှိစေရေး ရေကင်းများ ချထားပြီး စောင့်ကြပ် ကြည့်ရှု ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်း တိုင်းတာချက်အရ ရေလှောင် တမံကြီး ၄၃ ခုတွင် သတ်မှတ် ရေလှောင်ပမာဏ ပြည့်မီသဖြင့် ရေပိုလွှဲများမှ ရေထုတ် လွှတ်လျက်ရှိပြီး တာတမံများ ကျိုးပေါက်မှု မရှိကြောင်း၊ ရေလှောင်တမံကြီးများ နှင့် ရေလှောင်တမံ ၂၁ ခုတွင် သတ်မှတ် ရေလှောင်ပမာဏ ပြည့်မီခြင်း မရှိသေးကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများ ဖြစ်သော ဧရာဝတီမြစ်၊ ချင်းတွင်း မြစ်၊ စစ်တောင်းမြစ်၊ ငဝန်မြစ်၊ ပဲခူးမြစ်နှင့် သံလွင်မြစ် စသည့်မြစ်ကြီးများ၏ ရေဆင်း ဧရိယာများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ယင်းမြစ်များ၏ စိုးရိမ်ရေမှတ်များသို့ ရောက်ရှိ ကျော်လွန်လာပြီ ဖြစ်သည်။
သက်ဆိုင်ရာ ရေဘေး ကာကွယ်ရေး တာတမံများ ကြံ့ခိုင်မှု အတွက် ကြိုတင် ကာကွယ် ဆောင်ရွက်ခြင်း၊ ၂၄ နာရီ စောင့်ကြည့် စီမံခြင်း၊ အရေးပေါ်ရေဘေး ကာကွယ်ရေး ပစ္စည်းများ အရန်သင့် စုဆောင်းခြင်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ ရေဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို အချိန်ပြည့်စောင့်ကြည့် စီမံ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့ပြင် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ကော်မတီမှ ဦးဆောင်၍ ရေကြီး ရေလျှံမှုများနှင့် သဘာဝဘေး ကျရောက်နေသော ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ် ဒေသများတွင်လည်း သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ ဖြစ်သော ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနှင့် ပြန်လည် နေရာချ ထားရေး ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 (Xinhua)
http://www.xinhuamyanmar.com
မင်းသမီး ဂျိုလီ နဲ့ ဒေါ်အောင်ဆန်းစုကြည် အထည်ချုပ်သမတွေ၊ ကျူးကျော်တွေနဲ့ တွေ့ဆုံ
 သြဂုတ်လ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီတို့ဟာ လှိုင်သာယာမြို့နယ်မှာ အလုပ်သမတွေ၊ ကျုးကျော်နေထိုင်သူတွေနဲ့ သွားရောက်တွေ့ဆုံစဉ် Photo: Kyaw Zaw Win/RFA
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အထူးကိုယ်စားလှယ် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီတို့ဟာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်က အထည်ချုပ်လုပ်ငန်းတွေက အလုပ်သမတွေ၊ ကျုးကျော်ရပ်ကွက်တွေမှာ နေထိုင်သူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
မင်းသမီး ဂျိုလီက လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ရွေးကောက် ပွဲ ဖြစ်ကြောင်း ပြောပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ၊ လူငယ်တွေအနေနဲ့ မိမိတို့အမည်တွေ မဲစာရင်းမှာပါ မပါ သွားရောက်စစ်ဆေးကြဖို့ တိုက်တွန်းကြောင်း ရန်ကုန်မြို့ ဗြိတိန်သံရုံးက မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
သူဟာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ လေးရက်တာခရီးစဉ်အတွင်း ကချင်ပြည် နယ် မြစ်ကြီးနားမြို့က ဒုက္ခသည်စခန်းတွေဆီ သွားရောက်လေ့လာခဲ့သလို အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိ သူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဧရာဝတီ၊ တနင်္သာရီ၊ ပဲခူး၊ မကွေး နဲ့  စစ်ကိုင်းတိုင်း တွေက ကိုယ်စားလှယ်လောင်း စာရင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ၂၀၁၅ ရွေးကောက်ပွဲ တွင် ဧရာဝတီ၊ တနင်္သာရီ၊ ပဲခူး၊ မကွေး နဲ့  စစ်ကိုင်းတိုင်း တွေက ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ စာရင်းကို NLD ကနေ အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။
Friday, July 31, 2015
ကံမမြို့နယ်တွင် မင်းတုန်းချောင်းရေလျှံမှုဖြစ်ပွား
 ကံမ ဇူလိုင် ၃၁
 မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မင်းတုန်းချောင်းရေ ရေလျှံမှုဖြစ်ပွားခဲ့ရာ ရေနံ့သာ ကျေးရွာအနီး သရက်-ကံမ-ပြည် မော်တော် ကားလမ်းပေါ်ရှိ မင်းတုန်းချောင်း ကူးတံတား (ရေနံ့သာ)၏ မြောက်ဘက် တံတားချည်း ကပ်လမ်း ပေါ်သို့ ယနေ့နံနက်မှ စတင်၍ နေ့လည်ပိုင်း အထိ ချောင်းရေများဖြတ် သန်းစီး ဆင်းလျှက်ရှိသည်။
အဆိုပါစီးဆင်းနေသော ချောင်းရေများမှာ တံတားကြမ်း ခင်းကိုထိ ကပ်နေပြီး ချည်းကပ်လမ်း တာဘောင်ပေါ်တွင်အကျယ်ပေ ၂၀၀ ခန့်ဖြတ်သန်းစီး ဆင်းကာ ရေစီး အလွန်ကြမ်း သဖြင့် မော်တော်ယာဉ်များ၊ ခရီးသွားလုပ် သားပြည် သူများ ဖြတ်သန်းသွားလာ၍ မရသည့် အတွက် ချောင်းရေလျော့ ကျသွားမည်အချိန်ကိုစောင့်ဆိုင်းနေကြရကြောင်း သိရသည်။
ကျော်ဇေယျဝင်း(iprd)
MOI Webportal Myanmar
မင်းပြားရေဘေးတိမ်းရှောင်ဒေသခံ ၂၀ ကျော် ရေထဲမျောပါ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရေကြီးမှုအတွင်း ရေလွတ်ရာထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံ ၂၀ကျော် ရေထဲမျောပါ ပျောက်ဆုံးသွားတယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ဝင်းက ပြောပါတယ်။
ပြည်နယ်အတွင်း မင်းပြားနဲ့မြောက်ဦးမြို့တို့မှာ ရေကြီးမှု အဆိုးဆုံးဖြစ်ပြီး မင်းပြားမြို့နယ် ဆီးပင်ကြီးကျေးရွာမှာတော့ လူသေဆုံးတဲ့ အခြေအနေထိ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
“သူတို့ရွာတွေကနေ ရေလွတ်မယ့်နေရာကို စက်လှေသေးသေးလေးတွေနဲ့ သွားကြတယ်။ လှေလေးတွေနဲ့ ထွက်ပြေးကြတယ်။ အဲ့ဒီမှာ မင်းပြားတို့ မြောက်ဦးတို့မှာက တောင်ကျချောင်းတွေ ရှိတယ်ဗျ။ အဲ့ဒီမှာ ရေစီးကြမ်းတော့ ရေထဲမျောပါသွားကြတာရှိတယ်။ ရေစီးကြမ်းထဲမှာ မြုပ်သွားတဲ့ စက်လှေတွေလည်း ရှိတယ်။ လူ ၂၀ ကျော်လောက် သေတယ်လို့ ကျနော်တို့ သတင်းကြားတယ်။”
ဇူလိုင် ၃၀ ရက် ရခိုင်ပြည်နယ်ကို ဘင်္ဂလားပင်အော်မှာဖြစ်ပေါ်တဲ့ ကိုမန်ဆိုင်ကလုန်း မုန်တိုင်း အဖျားခတ် ၀င်ရောက်တိုက်ခတ်နေတုန်း ဖြစ်ပွားခဲ့တာပါ။
လက်ရှိ မင်းပြားမြို့ပေါ်မှာသွားလို့ လာလို့ မရအောင် ရေကြီးနေပြီး မြို့အနီးက ဆီးပင်ကြီးရွာ တရွာလုံး ရေမြုပ်နေပါတယ်။
မုန်တိုင်းတိုက်တဲ့အချိန်မိုးကြီးတာနဲ့ ပင်လယ်ဒီရေတက်တဲ့ လပြည့်နေ့တို့ တိုက်ဆိုင်နေလို့ ရေကြီးတဲ့အခြေအနေ ပိုဆိုးသွားတာဖြစ်ပြီး ရေမြုပ်နေတဲ့ရွာတွေမှာ အစားအသောက် လိုအပ်ချက်ရှိနေတယ်လို့ ပြည်နယ်အမတ်က ပြောပါတယ်။
မင်းပြားမြို့ခံ လူမှုကူညီရေး အဖွဲ့ဝင် ကိုခိုင်ဖိုးထူးကတော့ ရေအမြင့် ၁၅ ပေထိ မြင့်တက်လာကာ မင်းပြားမှာ အမြင့်ဆုံးဖြစ်တဲ့ ကျိန်းတောင်ခြေရင်း ၁ပေထိရေတက်ကြောင်း၊ ရေဘေးသင့်ပြည်သူ ၃ ထောင်ကျော်ရှိပြီး သူတို့ကို ဘေးလွှတ်ရာကို ပို့ဆောင်ဖို့ လှေတွေမလုံမလောက်ဖြစ် နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီကနေ့စစ်တွေမြို့မှာတော့ မိုးတွေရွာနေဆဲဖြစ်ပြီး မနေ့က ရေလွှမ်းခံရတဲ့ ရပ်ကွက်ထဲ မှာလည်း ရေတွေမကျသေးသလို ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ်တွေမှာလည်း ရေတွေကြီးနေဆဲဘဲလို့ ရခိုင်အမျိုးသားပါတီက ဦးအောင်မြတ်ကျော်က ပြောပါတယ်။
ရေကြီးမှုကြောင့် စစ်တွေမှာ အသေအပျောက်ရှိကြောင်း မသိရသေးပေမယ့် တချို့မြို့မှာ ရေတွေက ဈေးထဲဝင်ရောက်ခဲ့တဲ့အတွက် ဈေးထဲက ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးကုန်တယ်လို့ ဆိုပါတယ်။
ကျောက်တော် – မြောက်ဦး သွားလမ်းမှာလည်း ရေတွေလွှမ်းနေတဲ့အတွက် သွားလာလို့ မရဘဲ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။
သံတွဲမှာတော့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်က သံတွဲချောင်းရေလျှံပြီး ရပ်ကွက် ၄၊ သမုချောင်း၊ ဂူကြီးခုန် စတဲ့ ရပ်ကွက်ထဲကို ရေတွေဝင်ရောက်ခဲ့တာမှာ ဒီကနေ့တော့ ရေကျသွားပြီလို့ သံတွဲမြို့ သိမ်ကုန်းကျောင်း တိုက်ဆရာတော် ဦးတေဇိန္ဒက မိန့်ပါတယ်။ တနေ့က လင့်သာရွာမှာ လေဆင်နှာမောင်း ၀င်တိုက်သွားတဲ့အတွက် အိမ်တလုံးပျက်စီးပြီး တရော်တောရွာမှာလည်း ကမ်းပါးပဲ့ကျအတွက် အိမ် ၄ လုံးကို ဖျက်ပြီးရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ကမ်းပါးပြိုမယ့် အခြေအနေရှိတဲ့အတွက် ကမ်းနားက နောက်ထပ်အိမ်တွေ ဖျက်ပြီး ရွှေ့ပြောင်းဖို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက စီစဉ်နေတယ်လို့ ဆရာတော်က မိန့်ပါတယ်။ အဲဒီရွာဟာ အိမ်ခြေ ၅၀ လောက်ရှိပြီး ဖျက်ပြောင်းရမယ့်အိမ်တွေမှာ အိမ်ကြီးအိမ်ကောင်းတွေပါ ပါဝင်တယ်လို့ ဆရာတော်က ဒီဗွီဘီကို မိန့်ကြားပါတယ်။
DVB
ဓာတ်ပုံ – Khaing Morm Twan
မင်းပြားမြို့နယ်ပြည်သူ့ဆေးရုံရေမြုပ်၊ ကျေးရွာအချို့တွင် ကယ်သူမဲ့နေ
( ရခိုင်တွင် ရေကြီးနေစဉ်/ ဓာတ်ပုံ- အင်တာနက်)
 ဇူလှိုင် ၃၁
 ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ယနေ့ ရေအဆမတန် တက်လာရာမှ ဆေးရုံကြီးထိ ရေ၀င် ရောက်လာသဖြင့် လူနာများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းလိုက်ရသည်ဟု သိရသည်။
“ ရေတွေက မနေ့ညနေကတည်းက ဆေးရုံ လူနာဆောင်တွေ အထဲထိ ၀င်လာတဲ့ အတွက် လူနာတွေကို အထက်တန်းကျောင်းတို့၊ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေကို ရွှေ့ပြောင်းလိုက်ရပါတယ်” ဟု ဆေးရုံနှင့် နီးစပ်သူ ဦးသန်းဝင်းက ပြောဆိုသည်။
မင်းပြားမြို့ပေါ်တွင် ယနေ့တွင် ရေ ၇ ပေ ၈ ပေထိ တက်လာပြီး ယနေ့တွင် အဆိုးရွားဆုံး ရေတက်ခြင်း ဖြစ်ကြောင်း၊ အိမ်များသာမက ဆေးရုံနှင့် ဈေးလည်း ရေနစ်မြုပ်နေကြောင်း မင်းပြားဒေသခံ ဦးသိန်းစံက ပြောသည်။
ထောင်နှင့် ချီသော မင်းပြားဒေသခံများကို ဘေးလွှတ်ရာ ဘုန်းတော်ကြီးကျောင်းများ ဖြစ်ကြသည့် သိမ်ဂုတ္တရ၊ တောင်ကျောင်း၊ ရတနာ့ဗိမာန်၊ ရွှေ့ပြောင်းထားရပြီး လူဦး ၁၀၀၀ ကျော် ခန့်ရှိကြောင်း သူက ဆိုသည်။
မင်းပြားမြို့နယ် ကျေးရွာအချို့တွင် ရွာလုံးကျွတ် ရေနစ်မြုပ်သွားပြီး ရေစီးသန်နေသဖြင့် စက်လှေများဖြင့် သွားရောက်ကယ်တင်ရန် အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။
ကျေးရွာအချို့တွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများလည်း သေဆုံးမှုများ ရှိနေသည်ဟု သတင်း ရရှိကြောင်း ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဦးလှစောက ပြောသည်။
ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးမှ ရေကြီးနေသဖြင့် လူထောင်နှင့် ချီပြီး ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေကြောင်းနှင့် ယခင်က ကြိုတင် ပို့ဆောင်သော စားနပ်ရိက္ခာများကို အရေးပေါ် ကူညီပေးနေကြောင်း ပြောကြားသည်။
၎င်းပြင် ကားလမ်းများကို ရေကျော်နေပြီး အပျက်အစီးများ ရှိနေသဖြင့် အထောက်အပံ့ ပစ္စည်းများ ပို့ဆောင်ရန် မလွယ်ကူဘဲ ဖြစ်နေရသည်ဟု ယနေ့တွင် နိရဉ္စရာသို့ ပြောဆိုသည်။
Arakan State
လွတ်ငြိမ်းချမ်းသာခွင့် ရည်ရွယ်ချက် နဲ့ လုပ်ရပ် မကိုက်ညီကြောင်း အဖွဲ့အစည်းတွေ ပြစ်တင်ဝေဖန်
 မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို ဇူလိုင်လ ၃ဝ ရက်နေ့က မှန်လုံးကား ၅ စီးနဲ့တင်ဆောင်ပြီး တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီကနေတဆင့် တရုတ်ပြည်ကို ပြန်လည်ပို့ဆောင်စဉ် Photo: Kyaw Myo Min/RFA
 သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပြီး ဇူလိုင်လ ၃ဝ ရက်နေ့က အကျဉ်းသား ၇ ထောင်နီးပါး ပြန်လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၃ ယောက်ပဲ ပါဝင်တဲ့ အတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပ်မကိုက်ညီဘူးလို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တို့က ဒီနေ့ ကြေညာချက်ထုတ်ပြီး ပြစ်တင်ဝေဖန်လိုက်ပါတယ်။
နိုင်ငံတည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးနဲ့ နိုင်ငံရေးမှာအားလုံး ပါဝင်ခွင့်ရနိုင်ရေးတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်လို့ဖော်ပြထားပေမယ့် တကယ့်လက်တွေ့မှာတော့ တိုင်းပြည်ရဲ့ သယံဇာတတွေခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေကို ဦးစားပေးလွှတ်လိုက်တာပဲ တွေ့ရတဲ့အတွက် အစိုးရရဲ့လုပ်ရပ်ဟာ ပြည်သူရဲ့ ယုံကြည်မှုကျဆင်းစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။
"ကိုယ့်နိုင်ငံထဲမှာ သယံဇာတတွေ ခိုးထုတ်နေတဲ့လူတွေကို ဥပဒေအရ တစ်သက်တစ်ကျွန်းချပြီးတော့ ၈ ရက်လောက်အကြာမှာ အဲ့ဒီလိုခြွင်းချက်မရှိ လွှတ်ပေးတယ်ဆိုလို့ရှိရင် ကျနော်တို့ ဒီနိုင်ငံရဲ့ဥပဒေ အသစ်ပြဌါန်းဖို့အတွက် ပြုပြင်ပြောင်းလဲဖို့အတွက် ဆန္ဒထုတ်ဖော်တဲ့ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို ဘာကြောင့်မလွှတ်ပေးတာလဲဆိုတဲ့ကိစ္စက မေးခွန်းထုတ်စရာတစ်ခုရှိပါတယ်၊ လွှတ်ပေးထားတဲ့ ရည်ရွယ်ချက်ကိုက ငြိမ်းချမ်းမှုဖော်ဆောင်ဖို့ ၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် နောက်တစ်ခါ နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်တယ်ဆိုတဲ့အခါကျတော့ ဒီရည်ရွယ်ချက်နဲ့သာ လွှတ်တယ်ဆိုလို့ရှိရင် တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရွေးကောက်ပွဲမတိုင်မီမှာ ခြွင်းချက်မရှိ လွှတ်ကိုလွှတ်ပေးရလိမ့်မယ်လို့ ကျနော်တို့ အဲ့ဒီလိုမြင်ပါတယ်"
ဒါ့အပြင် အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့လုပ်ရပ်အရ နိုင်ငံခြားသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ ထင်သလိုလုပ်ကိုင် ဆောင်ရွက်နိုင်တယ်ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေက မှတ်ယူသွားနိုင်သလို၊ အိမ်နီးချင်းနိုင်ငံသားတွေ အခုလိုဝင်ရောက်လုပ်ကိုင်နေတာဟာ နိုင်ငံရဲ့လုံခြုံရေးစည်း ပေါက်တာဖြစ်တယ်လို့လည်း အဲ့ဒီအဖွဲ့တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
RFA Burmese
လှိုင်သာယာကျူးကျော်နေအိမ်များကို သက်ဆိုင်ရာရှင်းလင်း(ရုပ်သံ)
လှိုင်သာယာ ၁၅ ရပ်ကွက်က နေအိမ် ၄၀ ကျော်ကို ကျူးကျော်အနေနဲ့ သက်ဆိုင်ရာက ဇူလိုင်လ ၃၀ ရက်နေ့က ရှင်းလင်းဖယ်ရှား လိုက်ပါတယ်။ ဦးအာကာ သတင်းပေးပို့ထားပါတယ်။
DVB
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြန်မာစံတော်ချိန် (၁၃း၀၀)နာရီအချိန်တွင် မြစ်ရေကြီးခြင်းအခြေအနေသတင်း
================================================
ဧရာဝတီမြစ်ရေသည် ဟင်္သံတမြို့တွင် (၃၁.၇.၂၀၁၅)ရက်နေ့ (၀၀း၃၀)နာရီ မှစတင်ကာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၀)စင်တီမီတာ (ပေ၀က်ခန့်) ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပါသည်။
ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် (၂၉.၇.၂၀၁၅)ရက်နေ့ (၀၂း၃၀)နာရီ မှစတင်ကာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၄၃)စင်တီမီတာ (၄-ပေခွဲခန့်) ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပါသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂၈.၇.၂၀၁၅)ရက်နေ့ (၁၄း၃၀)နာရီ မှစတင်ကာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၉၂)စင်တီမီတာ (၃-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပါသည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၃၁.၇.၂၀၁၅)ရက်နေ့ (၂၀း၃၀)နာရီ မှစတင်ကာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၁၅)စင်တီမီတာ (၄-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပါသည်။
င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၂၇.၇.၂၀၁၅)ရက်နေ့ (၁၆း၃၀)နာရီ မှစတင်ကာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၅၇)စင်တီမီတာ (၂-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (၃၁.၇.၂၀၁၅)
သဘာဝဘေးမှာတနိုင်ငံတည်းဖြစ်ခြင်းမဟုတ်၊ ဆုံးရှုံးမှုနဲအောင်လုပ်မည်ဟု သမ္မတဆို
ဧရာဝတီ
သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုသည် မိမိတို့တစ်နိုင်ငံတည်း ဖြစ်ပွား ခြင်း မဟုတ်ဘဲ ရာသီဥတု ဖောက်ပြန်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း သဘာဝ ဘေးအန္တရာယ်ကို ကြုံတွေ့ခံစားနေကြရ ပါကြောင်း၊တာဆီး၍ မရနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများဖြင့် ဆုံးရှုံးမှုအနည်း ဆုံးဖြစ်အောင် ဆောင်ရွက်သွား နိုင်ပါကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြုလုပ်သည့် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက် ရေး ဗဟိုကော်မတီ အစည်းအဝေးတွင်ပြောကြားသည်။
ကြိုတင်ပြင်ဆင်မှုအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန က ပို့ဆောင်ရေး ၀န်ကြီး ဌာန မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနနှင့်ပူးပေါင်းပြီး မိုးလေ၀သသတင်း များကို ရုပ်မြင်သံကြားနှင့် သတင်းစာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် သတိပေးမှုများဆောင် ရွက်လျက်ရှိ ပါကြောင်း၊ လတ်တလော ဆောင်ရွက် ရမည့်အပိုင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းဖြစ်ပြီး အစားသောက်နှင့် အ၀တ်အထည် ထောက်ပံ့ပေးခြင်း၊ ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများ တွင် ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးများရှာဖွေပေးခြင်း၊ ရေကျချိန်၌ ချက်ချင်းစိုက် ပျိုးနိုင်အောင် ထွန်ယက်ပေးခြင်း၊ စာသင် ကျောင်းများတွင် ပျက်စီးဆုံးရှုံး သွားသည့် စာအုပ်စာစောင်များကို ဖြည့်တင်းပေးခြင်း၊ လျှပ်စစ်မီးနှင့် လမ်းပန်း ဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများကို အမြန်ပြန်လည်တည်ဆောက် ပေးခြင်း များကို ဆက်လက်ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း၊ လတ်တလောသွား လာရေး အဆင်ပြေမှုရှိစေရန် ဘေလီတံတားတည်ဆောက်ပေးခြင်းမျိုး ကဲ့သို့ စီမံဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်းဆိုသည်။
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကတပ်မတော်လေယာဉ် Y-8 တစ်စီးကို မိတ္ထီလာမြို့တွင်လည်းကောင်း၊ MI-17 ရဟတ်ယာဉ် ၃ စီးကို မုံရွာမြို့တွင် တစ်စီးနှင့် ကန့်ဘလူမြို့တွင် ၂ စီး ဖြန့်ခွဲထားရှိပြီး၊ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေရှိ တိုက်ကြီး၊ ထန်းတပင်နှင့် အဖျောက် မြို့နယ်များအတွက် နည်းဗျူဟာတစ်ခုနှင့် တစ်ရင်း ၃ ရင်းကို ယာဉ်အကြီး ၂၀၊ ဂျွန်ဆင်စက်လှေ ၁၀ စီး၊ သံလျင်၊ ဒလနှင့် မှော်ဘီ တပ်နယ်များတွင် တပ်နယ်တစ်ခုစီ၌ ယာဉ်အကြီး ၅ စီးစီနှင့် ဂျွန်ဆင်စက်လှေ ၅ စီးစီဖြင့်လည်းကောင်း၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းတွင် မော်တော်ယာဉ် အစီး ၄၀၊ အနောက်တောင် တိုင်း စစ်ဌာန ချုပ်နယ်မြေ ကွင်းကောက်ဒေသ တွင် ယာဉ် အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီင်္ ၅၀ထည်၊ ဟင်္သာတမြို့နယ်ရှိ နယ်မြေခံတပ်ရင်းတွင် ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီ ၅၀ ထည်၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေ တွင် ပဲခူးမြို့ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီင်္ ၅၀ ထည်၊ ညောင်လေး ပင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၅ စီးနှင့် အသက်ကယ်အကျီင်္ ၂၅ ထည်၊ ရွှေကျင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၅ စီးနှင့် အသက်ကယ်အကျီင်္ ၂၅ ထည် တို့ကိုအသင့်ပြင်ဆင်စုဖွဲ့ထားရှိပါကြောင်းပြောသည်။
မုန်းချောင်းဘေးတစ်လျှောက် ရွာတွေကို ကယ်ဆယ်ရေး ဝင်ပေးပါ
=============================================
ပွင့်ဖြူရေဘေးဆိုလို့ ပွင့်ဖြူတို့ ရှောက်တောတို့ဆိုတာ မြို့ကြီးရွာကြီးတွေ ဖြစ်သလို မုန်းချောင်းနဲ့လည်း သိပ်ကပ်လွန်းတာ မဟုတ်ပါဘူး။ အထူးသဖြင့် ပွင့်ဖြူပေါ့။ Township မြို့ဖြစ်တဲ့ ပွင့်ဖြူဟာ မုန်းချောင်းနဲ့ မကပ်လှပါဘူး။ ဒါတောင် ခု မြို့က ရေ မြုပ်နေပါပြီ။
ပွင့်ဖြူအောက်ဘက် ဧရာဝတီမြစ် မရောက်ခင်အထိ မုန်းချောင်းတစ်လျှောက် ရွာပေါင်း ဆယ်ဂဏန်း အတော်များများဟာ ရေနစ်နေပါပြီ။ လူနဲ့ ကျွဲနွားတွေ အဓိက လွတ်အောင် ရုန်းနေကြပါတယ်။ မုန်းချောင်းဘေးတစ်လျှောက် ရွာတွေဟာ ပြေးစရာ မြေမရှိတာမို့ ရေကလည်း ဆက်တိုးနေတဲ့ အနေအထားမှာ သက်ဆိုင်ရာက အသက်အန္တရာယ် ကယ်ဆယ်ရေး အမြန်ဆုံး စသင့်ပါပြီ။ ရွာတွေကို အာရုံစိုက်ပေးပါ။ အသက်ဘေးကျစတမ်းဆိုရင် ပွင့်ဖြူ ရှောက်တော ထက် မုန်းချောင်းတစ်လျှောက်က ရွာတွေရွာတွေ ဒုက္ခရောက်ကျမှာပါ။ အခု အခြေအနကေ မုန်းချောင်းအပေါ်က ဆည်နှစ်ခု မကျိုးသေးပါဘူး။ ကျိုးမလား ဆည်မြောင်း အရာရှိများ ရင်တမမ စောင့်နေရတဲ့ အနေအထားပါ။ မိုးကလည်း ဆက်တိုက်ရွာနေသလို ဆည်မှာလည်း ရေဝင်တိုးနေတာပါ။
စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား အနားက ရွာတွေဖြစ်တဲ့ သစ်တော်၊ မင်းမြေ၊ ကွက်သစ်၊ မင်းလှ လို ရေလာရင် ကုန်းပေါ်တက်ပြေးစရာ ရှိသေးတယ်ဆိုတဲ့ရွာတွေ အခု စိုးရိမ်နေရပါတယ်။ အထူးသဖြင့် ချောင်းရေနဲ့ ကုန်းမြေကို အတားအဆီးလုပ်ပေးထားတဲ့ အင်္ဂလိပ်လက်ထက်က ဖောက်ခဲ့တဲ့ ဆည်မြောင်းပေါ်ကို ရေစကျော်နေပြီ ဖြစ်သလို ဆည်မြောင်းဟာ နေရာကွက်ကြား ကျိုးနေပြီမို့ အရင် ရေဆိုးဆိုးရွားရွား ကြီးစဉ်က ဆည်မြောင်းဘောင်ပေါ် ရှောင်လို့ရခဲ့တဲ့ အနေအထားမှာ ခု စိုးရိမ်နေရပါတယ်။
ဆည်မကျိုးသေးတာတောင် ရွာတွေမှာ ရေက လည်ပင်း ခါး စသည်ဖြင့် ရောက်နေပါပြီ။ မုန်းချောင်းနဲ့ အနည်းငယ်လှမ်းတဲ့ ကျွန်တော့်ရွာ (မင်းမြေ) မှာတောင် ရွာအရှေ့ပိုင်းမှာ ရေက လည်ပင်းအထိ ရောက်နေပါပြီ။ ဆည်များ ကျိုးခဲ့ရင် .. frown emoticon ။
လက်ရှိအခြေအနေအရ ပွင့်ဖြူမြို့နယ်ကို ရောက်နိုင်တဲ့ လမ်းနှစ်ခုလုံး ရေနဲ့ ပိတ်နေပါပြီ။ အရပ်ဘက် အဖွဲ့တွေ ဝင်ဖို့ခက်သွားပါပြီ။ မကွေးကနေ ဝင်လို့ မဖြစ်တော့သလို ချောက် လမ်းကြောင်းကနေလည်း ဝင်မရတော့ပါဘူး။ ပွင့်ဖြူနဲ့ သူ့ရွာတွေဟာ ရေထဲမှာ ပိတ်မိနေတဲ့ အနေအထားပါ။ အစိုးရက ကယ်ဆယ်ရေး ဝင်မှ အဆင်ပြေမယ့် အနေအထားပါ။
သက်ဆိုင်ရာ လူကြီးမင်းများ
မုန်းချောင်းဘေးတစ်လျှောက် ရွာတွေကို အမြန်ဆုံး ကယ်ဆယ်ရေး ဝင်ပေးပါ။
Ref : Naw Ko
ကလေးမြို့ ရေကြီးမှု ဆိုးရွားလာနေ (ဓာတ်ပုံ)
ကလေးမြို့ ဒီကနေ့ နေ့လယ်ပိုင်း ရေကြီးရေလျှံတာ ပိုမိုဆိုးရွားလာနေပါတယ်။ ကယ်ဆယ်ရေးကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရပြီး ဒေသခံပြည်သူများက တောင်ခြေကောလိပ်တက္ကသိုလ် (ခေါ်) ၉ မိုင် ချင်းတောင်ခြေကို ပြောင်းရွှေ့နေနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဓာတ်ပုံ – အောင်ဇော်ခင် (ကလေးမြို့)
မုန်းတမံ ရေကျော်နေပြီ၊ အစိုးရက ရေဘေးကယ်ဆယ်ရေးကို အပူတပြင်းလုပ်ပေးပါ – ဦးနေမျိုးကျော်
မကွေးတိုင်း စေတုတ္ထရာမြို့နယ်က မုန်းတမံ ရေကျော်ပြီလို့ နယ်မြေခံ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေထံက သိရပါတယ်။ ရေပိုလွှဲတွေက ထွက်ပေမယ့် ရေတွေဟာ တမံကို ကျော်ကျသွားတဲ့အတွက် စေတုတ္ထရာမြို့ပေါ်ရပ်ကွက်တွေ အားလုံးဟာ ရေထု ၁၀ ပေကနေ ၁၅ ပေအကြား ရေထုမြင့်တက်သွားပြီလို့ ပြောပါတယ်။
ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူး ဦးနေမျိုးကျော်ကို ဒီနေ့ခင်း ၁ နာရီခွဲမှာ ဆက်သွယ်မေးမြန်းထားပါတယ်။
မကွေးတိုင်း စေတုတ္ထရာမြို့နယ်က မုန်းတမံကြီးက ကြောက်စရာကောင်းတဲ့ အခြေအနေ ရောက်နေတယ်လို့ သိရပါတယ်။ ဘာတွေပြင်ဆင် ဆောင်ရွက်နေကြသလဲ။ အဲဒီဘက်က အခြေအနေကို ပြောပြပါ။
“စေတုတ္ထရာက ဒီတမံကနော်။ နောက်ဆုံးရတဲ့ သတင်းအရ ၅၅၅ ဒသမ ၂ ပေကို ကျော်သွားပြီ။ အဲ သူ့ရဲ့ခံနိုင်တဲ့ စိုးရိမ်ရေအမှတ်က ၅၄၅ ဆိုရင် တမံကို ကျော်သွားတာပေါ့။ တမံကြီးကိုပဲ ရေပိုလွှဲတွေက ထွက်သွားတာက မလုံလောက်တော့တဲ့အတွက် တမံကို ကျော်ကျသွားပြီ။ ကျော်ကျသွားတဲ့အတွက် စေတုတ္ထရာမြို့ပေါ်ရပ်ကွက်တွေ  အားလုံးဟာ ရေထု ၁၀ ပေကနေ ၁၅ ပေအကြား ရေထုမြင့်တက်သွားပြီ စေတုတ္ထရာမြို့ပေါ်မှာ။ ပြီးခဲ့တဲ့ ၂ ရက်ကပဲ ကြိုတင်ဆော်သြမှုတွေနဲ့ အရေးပေါ်အခြေအနေ ကြေညာပြီးတော့မှ မြို့သူမြို့သားတွေကို ရှောင်ရှားဖို့ ပြောထားတဲ့အတိုင်း သွားရောက်နေရာယူနေတဲ့ ပိတောက်မြိုင်ကုန်း၊ အထက ကျောင်းကုန်း၊ မီးသတ်ကုန်း။ အဲဒီကုန်းတွေပေါ်မှာ ရှိနေတဲ့ ပြည်သူတွေကတော့ ရေလွတ်နေတယ်။ သို့သော်လည်းပဲ အဲဒီမှာ အစားအသောက်တွေ ပြတ်လပ်မှုတွေ စဖြစ်နေသလို မိုးထဲ၊ လေထဲမှာ ၂ ရက် ၃ ရက်ကြာတာ ဖြစ်တဲ့အတွက် အမိုးအကာ လိုအပ်နေတဲ့ပြဿနာ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက ဒီမှာ အင်မတန်စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်။”
ရေက တမံကို ကျော်ကျလာတာ ဒီကနေ့လား၊ မနေ့ကတည်းကလား။
ဓာတ်ပုံ - နေမျိုးကျော်ဖေ့စ်ဘွတ်ခ်
ဓာတ်ပုံ – နေမျိုးကျော်ဖေ့စ်ဘွတ်ခ်
“တမံကို မနေ့ကတည်းက ကျော်သွားတယ်။ ဒီကနေ့က အမြင့်ဆုံးအခြေအနေကို ရောက်သွားတယ်လို့ ဒေသခံတွေက အဓိက ပြောပါတယ်။ နောက်တချက်က အဲဒီ စေတုတ္ထရာတမံကနေ အောက်ဘက်ကို မိုင် ၂၀ မှာ အောက်တမံလို့ ခေါ်တဲ့ ပွင့်ဖြူနဲ့နီးတဲ့ ကြီးအုံကြီးဝတမံ ရှိနေတယ်။ အဲဒီ ကြီးအုံကြီးဝတမံကိုလည်း ဦးတည်ပြီးတော့ ဒီကရေက သွားနေတယ်။ နဂိုကလည်း အဲဒီမိုင် ၂၀ အတွင်းမှာ ရှိနေတဲ့ ရေပင်လယ်ကန်ကြီးအတွင်းက ရေထုပမာဏကလည်း ရှိနေတဲ့အတွက် ကြီးအုံကြီးဝတမံကလည်း စပီးဝေးလ်လို့ခေါ်တဲ့ ရေပိုလွှဲကလည်း ထွက်နေတာက နှစ်ပေါက်လုံးက တပြိုင်နက်တည်း ထွက်သွားရတဲ့အဆင့် ရောက်သွားပြီ။ ကျနော်တို့ ကြီးအုံကြီးဝတမံမှာ ရေပိုလွှဲ ၂ ပေါက်ရှိတော့ အဲဒီရေပိုလွှဲတွေကနေမှ လျှံထွက်သွားတဲ့အတွက် ကြီးအုံကြီးဝတမံကလည်း အမြင့်ပေ ၃၈၀ ရှိတာကို အခု ၃၇၀ ရှိသွားပြီ ရေက။ အဲဒီအတွက် စေတုတ္ထရာမြို့နယ် တခုတည်းတင် ထိခိုက်တာ မဟုတ်တော့ဘဲနဲ့ ပွင့်ဖြူမြို့နယ်ဟာ ရေဦးတိုက်တည့်တည့် ကြီးအုံကြီးဝ တမံကနေ ရေပိုလွှဲက ထွက်လာတဲ့ရေတွေ၊ မုန်းချောင်းက ရေတွေ၊ မယ်ဇလီရေလွှဲဆည်က ရေမထိန်းနိုင်တဲ့ရေတွေက ပွင့်ဖြူနယ် တနယ်လုံးကို ၀င်သွားတာ ဖြစ်တဲ့အတွက် နောက်ဆုံး ဒေသခံတဦးဖြစ်တဲ့ မယ်ဇလီက ဦးထွန်းထွန်းတို့၊ သရက်အုပ်က ကိုဝင်းဌေးတို့ရဲ့ သုံးသပ်မှုအရဆိုရင် ပွင့်ဖြူမြို့နယ် ၅၆ အုပ်စု၊ ကျေးရွာပေါင်း ၂၀၀ ကျော်မှာ ၇၅ ရာခိုင်နှုန်းက ရေလွှမ်းသွားပြီဗျ။”
ရွာသားတွေ မြို့သားတွေက ကြိုတင်ပြီးတော့ ပြင်ထားတဲ့အတွက် ထိခိုက်ပျက်စီး ဆုံးရှုံးတဲ့ အနေအထားကရော ဘာတွေ ကြားရလဲ။
“ကျနော်တို့ ပွင့်ဖြူမှာတော့ အသေအပျောက်တွေတော့ ရှိတယ်လို့တော့ ကြားတယ်။ အရေအတွက် အားဖြင့်တော့ မသိရဘူး။ နောက်ဆုံး သိရတာတော့ လူ ၁ ယောက် သေတယ်၊ ရွာအမည်တော့ မကြားရဘူး။ ဒါတွေကလည်း ဘာကြောင့်လဲဆိုတော့ သတင်းအချက်အလက်နဲ့ ပတ်သက်လို့ အစိုးရဘက်က၊ အုပ်ချုပ်ရေးဘက်က ဘာမှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘူး။ ဒေသခံပြည်သူတွေနဲ့ အပြန်အလှန် သတင်းဖလှယ်ခြင်းလည်း မရှိဘူး။ အခုဟာက သတင်းမီဒီယာတွေနဲ့ ပြည်သူတွေနဲ့ လူထု အင်တာနက်စာမျက်နှာတွေကနေ တဆင့်သော်လည်းကောင်း။ ဖုန်းသတင်းသော်လည်းကောင်း။ ကျနော်တို့ CITIZEN JOURNALIST တွေ ဒီလို အနေအထားမျိုးတွေနဲ့ တယောက်နဲ့ တယောက်နဲ့ အပြန်အလှန် သတင်းပေးပြီးတော့မှ အလုပ်လုပ်ရတဲ့ အခြေအနေ ဖြစ်တယ်။ အခု ရေကြီးရေလျှံမှုတွေနဲ့ ပတ်သက်တဲ့ ကြိုတင်ကာကွယ်မှုတွေကိုလည်း အစိုးရက အစောပိုင်းကာလမှာ မလုပ်ခဲ့သလို ဖြစ်ပွားနေတဲ့ကာလမှာ ကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ နည်းပညာအပိုင်းတွေ၊ ငွေကြေးအပိုင်းတွေ၊ လူအင်အားအပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ ကာကွယ်စောင့်ရှောက်မှု လုပ်တာကိုလည်း ကျနော်တို့ မတွေ့ရဘူး။ ခုဟာက ပြည်သူပြည်သူချင်း ပြန်လည် စောင့်ရှောက်တယ်။ ဒါတွေကို မီဒီယာတချို့က လာရောက်ပြီးတော့မှ ဖော်ပြပေးတဲ့ အတွက်သာလျှင် ကျနော်တို့ အပြန်အလှန် ကူညီနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်ဗျ။”
အခု ဒီနေ့ခင်းပိုင်း ကောင်းကင်ပေါ်မှာ မိုးတိမ်တောင်တွေ အခြေအနေက ဘယ်လိုမြင်ရလဲ။
“မိုးက ကျနော်တို့ စကုလို နေရာမျိုးနဲ့ ချိန်ပြောရင်ကိုပဲ ကျနော်တို့ ဒီဒေသမှာ အနောက်ဘက်ကမ်းမှာ မိုးရွာတာ ဒီနေ့ရောဆိုရင် ၁၄ ရက်ရှိပါပြီဗျ။ အခုလည်း မိုးရွာနေတယ်၊ ညကလည်း မိုးရွာသွန်းမှုက သည်းသည်းမည်းမည်း ရွာထားတယ်။ အဲလို တပြိုင်နက်တည်းမှာ စေတုတ္ထရာမြို့ရဲ့ အရှေ့တောင်စွန်းစွန်းမှာ ရှိနေတဲ့ ငဖဲမြို့နယ်ကလည်း မန်းချောင်းကို ပိတ်ပြီးတော့မှ တည်ဆောက်ထားတဲ့ ငဖဲရေလှောင်တမံကလည်း ရေပိုလွှဲကနေ ရေလွှတ်ပေးရုံနဲ့ မနိုင်ဘဲနဲ့ ရေကို ဖောက်ချနေရတဲ့ အခြေအနေဖြစ်တဲ့အတွက် ကျနော်တို့ မင်းဘူးမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စကုမြို့မှာလည်း မန်းချောင်းရေကြီးမှုကြောင့် ရပ်ကွက်တွေ ရေမြုပ်သွားပြီ။ မန်းချောင်းတလျှောက်မှာရှိတဲ့ ကျေးရွာပေါင်း ၅၀ ကျော်ကလည်း အနိမ့်ပိုင်းတွေအားလုံး ရေ၀င်ပြီးတော့မှ ရေလွှမ်းသွားပြီ။ အဲဒီအတွက် အဓိကကတော့ မြို့ပြနဲ့ ကျေးလက်တွေ ဆက်သွယ်ရေးတွေ အားလုံးပြတ်တောက်သွားတာ ဖြစ်သလို စကု-မန်းချောင်းတံတားဟာလည်း သွားလာနိုင်ဖို့အတွက် ဒဏ်မခံနိုင်တော့တဲ့အတွက် ပိတ်ထားလိုက်ရပြီ။ နောက် ပွင့်ဖြူမြို့နယ်ကိုလည်း အ၀င်အ၀ စိုက်သိပ္ပံအနီးမှာရှိတဲ့ မြို့အ၀င်ဆိုင်းဘုတ်အနီးက မြောင်းနားမှာ လုံးဝ ပိတ်ဆို့သွားပြီးတော့မှ လူတရပ်လောက် ရှိနေတဲ့အတွက် လမ်းပန်းဆက်သွယ်မှုတွေအားလုံး ပြတ်တောက်သွားပြီ။ အဲလိုပဲ ပွင့်ဖြူမြို့နယ်မြောက်ဘက် မုန်းဦးတံတားကလည်း လုံးဝရေကျော်သွားပြီဖြစ်တဲ့အတွက် မြို့တွေက တမြို့နဲ့ တမြို့နဲ့ ပြတ်တောက်သွားတော့ အခု ဘာပြဿနာရှိသလဲဆိုတော့ ရေဘေးဒုက္ခရောက်နေတဲ့ ဒေသက ပြည်သူတွေကလည်း အကူအညီတွေ လိုအပ်နေတယ်။ သူတို့ကို ကူညီမယ့်၊ ကယ်တင်မယ့်သူတွေ အတွက်ကလည်း သွားပြီးတော့ ကူညီလို့ မရနိုင်လောက်အောင်အထိ ဖြစ်နေတဲ့အတွက် အတော်ကို အခက်အခဲဖြစ်နေတဲ့ အခြေအနေပဲ။ အခု ဒီမိုးရွာမှုတွေ၊ ရေကြီးမှုတွေဟာ နောက် ၃ ရက်လောက်အထိ ဆက်ရှိနေမယ်ဆိုရင် စားရေးသောက်ရေး ကိစ္စတွေ၊ ကျန်းမာရေးကိစ္စတွေ။ နောက်ဆက်တွဲ လူမှုပဋိပက္ခတွေ အများကြီး ဒီဒေသမှာ ဖြစ်လာနိုင်တယ်။”
ဓာတ်ပုံ - နေမျိုးကျော်ဖေ့စ်ဘွတ်ခ်
ဓာတ်ပုံ – နေမျိုးကျော်ဖေ့စ်ဘွတ်ခ်
အခုလောလောဆယ် နေရေးထိုင်ရေးထက် စားရေးသောက်ရေးပေါ့၊ ဘယ်ဟာ အရေးကြီးဆုံး ခက်ခဲလဲ။ ဘာအရင်ဆုံး လုပ်သင့်လဲခင်ဗျ။
“နှစ်မျိုးလုံး အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ အခုဖြစ်ပွားတဲ့ ၁ ရက် ၂ ရက်အတွင်းမှာလည်း လူတိုင်းက ကိုယ့်အိမ်မှာ ဆန်ရှိနိုင်တယ်၊ ဆီရှိနိုင်သေးတယ်။ သို့သော် လုံလောက်သလားဆိုရင်တော့ ကူညီကယ်တင်ဖို့ လိုအပ်တယ်။ သာမန်ပြည်သူတွေကတော့ အဲလိုရှိနိုင်သော်လည်းပဲ လက်လုပ်လက်စားတွေကတော့ ဒီမိုး၊ ဒီလေနဲ့ ဒီအချိန်မှာ ၃၊ ၄၊ ၅ ရက် လက်လုပ်လက်စားတွေက အလုပ်ပြတ်သွားတယ်ဆိုတာနဲ့ တပြိုင်နက် စားရေး၊ သောက်ရေး ခက်ခဲသွားပြီ။ အဲဒါတပိုင်း။ အဲလို စားရေးကပဲ အရေးကြီးသလားဆိုတော့ မဟုတ်ဘူး။ ကျနော်တို့ နေရေးအတွက်ကလည်း ဒီတနယ်လုံးမှာ ပျံ့နှံ့သွားတာဖြစ်တဲ့အတွက် နိမ့်တဲ့အိမ်တွေက လုံးဝ နေလို့မရတော့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဇရပ်တွေမှာ နေရတဲ့အခါမှာလည်း ကျန်းမာရေးအရ အခင်း၊ အကာ မရှိတာတွေ၊ အေးစက်နေတဲ့ သမံတလင်းတွေမှာ အိပ်ရတာတွေ၊ စောင်အလုံအလောက် မရှိတာတွေ၊ ညဘက်ခြင်ကိုက်လို့ လူတွေမှာ နောက်ဆက်တွဲရောဂါ ဖြစ်ရတာတွေ၊ ကလေးတွေဆို ညဘက်မှာ လန့်ပြီးတော့ နိုးလာနိုင်တဲ့ ပြဿနာတွေ ဒါတွေ အများကြီးရှိတဲ့အတွက် နေရေးရော၊ စားရေးရော နှစ်ခုလုံးက အရေးကြီးတယ်ဗျ။ နေရေးစားရေးရဲ့နောက်ဆက်တွဲမှာ အခုကိုပဲ ၂ ရက် ၃ ရက်လောက် ကြာလာတဲ့အခါမှာ ကျန်းမာရေးအရ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေဟာ ကျန်းမာရေး အင်မတန်ထိခိုက်တဲ့ အခြေအနေကို ဖြစ်လာတယ်။ အခု စကုမှာဆိုရင် ညက မန်းရေတိုးသလို မြို့ရဲ့ တောင်ဘက်မှာရှိတဲ့ မြောင်းတွေကလည်း ရေတက်လာတဲ့အတွက် စကုဆေးရုံဟာ ည ၃ နာရီလောက်က မြို့ခံလူထုရဲ့ အကူအညီနဲ့ ဆေးရုံလူနာတွေ၊ ပစ္စည်းကိရိယာတွေ အားလုံးကို မြို့ပေါ်မှာရှိတဲ့ ပုညရှင်ဓမ္မာရုံမှာ ယာယီ ဆေးရုံဖွင့်ဖို့အတွက် ရွှေ့ပြောင်းလိုက်ရတဲ့ အခြေအနေ ဖြစ်သွားတယ်ဗျ။”
စားရေးသောက်ရေး နေရေးထိုင်ရေးနဲ့ဆိုရင် ငွေကြေးသုံးစွဲရမှာဖြစ်တော့ အုပ်ချုပ်ရေးပိုင်းက သမ္မတ အပါအ၀င်၊ လုပ်ငန်းရှင်ကြီးတွေမကျန် ဒီကိစ္စမှာ စိုက်ထုတ်သင့်သလား၊ ပံ့ပိုးသင့်သလား၊ ဘယ်လိုမြင်သလဲ။
“အခုချိန်မှာလေ ဗမာပြည် အနယ်နယ်အရပ်ရပ်မှာ တိုင်းနဲ့ပြည်နယ် ၁၁ ခုလုံးမှာလည်း ရေကြီးရေလျှံမှုတွေ၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုတွေ ကြုံနေတော့ အားလုံးကတော့ လိုအပ်တဲ့လူတွေပဲ ဖြစ်တယ်။ အဓိက တာဝန်အရှိဆုံးကတော့ အစိုးရသာလျှင်ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် အစိုးရကိုင်တွယ်နေတဲ့ ဘဏ္ဍာငွေဟာ ဦးသိန်းစိန်ပိုက်ဆံ တပြားမှ မပါဘူး။ အစိုးရကိုင်တွယ်နေတဲ့ ဘဏ္ဍာငွေဟာ အာဏာရပါတီပိုက်ဆံ တပြားမှ မပါဘူး။ ကျနော်တို့ပြည်သူတွေရဲ့ ဘဏ္ဍာငွေတွေကို ထိန်းသိမ်းပြီး ကိုင်တွယ်ဖြေရှင်းနေတဲ့ အစိုးရဟာ ဒီကနေ့ ပြည်သူတွေ အခုလို ဒုက္ခရောက်နေတယ်ဆိုရင် အဲဒီပြည်သူ့ဘဏ္ဍာငွေနဲ့ ပြည်သူ့ကို ပြန်ကူညီကုစားဖို့ကို လက်တွန့်မနေစေချင်ဘူးပေါ့နော်။ အခုဟာကတော့ လက်တွန့်နေတယ်ဆိုတာ အစိုးရဘက်က အင်မတန်မှ ထင်ရှားတယ်။ အခု ကျနော့်အိမ်မှာဆိုရင် မကွေးက တကသကျောင်းသားတွေ၊ ဗကသ ကျောင်းသားတွေ၊ ရှစ်ဆယ့်ရှစ် မြေလတ်ကျောင်းသားတွေ၊ မကွေးမြို့ပေါ်က အင်မတန် တာဝန်သိတတ်တဲ့ ပြည်သူတွေ၊ စကုမြို့ပေါ်က ပြည်သူတွေက ကိုယ့်နည်းကိုယ်ဟန်နဲ့ ဒီရေဘေးအတွက် ဆန်တွေ၊ အခုဆိုရင် အိတ်တွေထုပ်ပြီးတော့မှ လှူဒါန်းဖို့ လုပ်နေကြတယ်။ အစိုးရက ဒါကို လုံးဝ လျစ်လျူရှုထားတယ်။ လျစ်လျူရှုတဲ့အပြင်မှာမှ တာဝန်ပျက်ကွက်မှုအပိုင်းက ဘာတွေရှိနေလဲဆိုတော့ ဆည်တွေက ရေဖောက်ချထားတဲ့ အခြေအနေတွေကို သိလျက်နဲ့ မြို့ကပြည်သူတွေ၊ ချောင်းဘေးဝဲယာက ပြည်သူတွေကို ဘယ်အချိန်မှာ ရေလွှတ်မယ်၊ ဘယ်နေရာကို ဘယ်နှနာရီမှာ ရေရောက်လာနိုင်တယ်ဆိုတဲ့ တိတိကျကျ သတင်းပေးမှုတွေ မရှိတဲ့အတွက် အစိုးရဘက်ကတော့ ဒီရေဘေးမှာ လုံးဝ၊ ဦးဝင်းတင်စကားနဲ့ပြောရင်တော့ အစိုးရကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူးလို့ ပြောချင်တယ်ဗျ။”
DVB
“မုံရွာ ကမ်းနားတွင် မြစ်ရေတိုက်စားသဖြင့်ကျောက်စီရေထိန်းနံရံ အနည်းငယ်အက်”
မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီဖြစ်ပြီး
ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းက လှိုင်းပုတ်သဖြင့် မုံရွာမြို့ဆုတောင်းပြည့်
ဘုရားကြီး အနောက်ဘက်မုဒ်အနီးရှိ စက်လှေ ဆိပ်တွင် ကျောက်စီရေထိန်းနံရံ အက်သွားခဲ့ကာ သဲအိတ်များဖို့ခဲ့ရကြောင်း သတင်းရရှိ သည်။
“ချင်းတွင်းတာရိုးတစ်လျှောက်ရေကင်းတွေဖွင့်ပြီးနေ့ရောညပါစောင့်ကြည့်နေရတယ်” ဟုမုံရွာမြို့နယ်စီမံခန့်ခွဲ မှု ကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်စိုးက ပြောကြား
သည်။
ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ ၃၀ရက် မွန်းလွဲတစ်နာရီ တိုင်းတာချက်အရ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ကာ ၁၀၀၉ စင်တီမီတာသို့ရောက်ရှိနေသည် ။မိုးများအဆက်မပြတ် ရွာသွန်းနေသည့်ကြား မှ မြစ်ရေမြင့်တက်လာသည်ကိုကမ်းနားတစ်လျှောက်လာရောက်ကြည့် ရှု့သူများဖြင့် စည်ကားနေ သည်ဟု ဒေသခံများကပြောကြားသည်။ချင်းတွင်းမြစ်ရေမှာ မုံရွာမြို့ မျက်နှာပြင်ထက် ကျော်လွန်နေပြီဖြစ်ပြီး မြို့ခံများက ရေလွှမ်းမိုးခံရမည်ကို စိုးရိမ်သဖြင့် စောင့်ကြည့်လျှက်ရှိသည်။
ဓာတ်ပုံ- မျိုးမင်းဦး
7 Day
ဟားခါးမြေပြိုမှု အန္တရာယ်ကြုံ
ချင်းပြည်နယ် ဟားခါးမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရေကြီးမြေပြိုမှု အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။
ဇူလိုင် ၂၇ ရက်နေ့ကစပြီး မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ ၂၈ ရက်နေ့မှာဆိုရင် ပြည်တော် သာရပ်ကွက် ၃ ထပ်တိုက် ၂ လုံး ပြေပြိုမှုမှာပါပြီး ပျက်စီးသွားခဲ့တယ်လို့ မြို့ခံ ဦးဇာအောင်က ပြောပါတယ်။
ဒါ့အပြင် လက်ရှိဟားခါးမြို့ အထက ၁ ကျောင်းအောက်ပိုင်းမှာရှိတဲ့ ဆင်ထေပူ ရပ်ကွက် ဆိုရင် မြေပြိုမှုအန္တရာယ်ရင်ဆိုင်နေရတဲ့အတွက် အိမ်ခြေ ၈၀ ကမိသားစုတွေ ရွှေ့ပြောင်းနေ ထိုင်ကြရတယ်လို့ ဦးဇာအောင်က ပြောပါတယ်။
“တော်တော်လေးကို အခြေအနေဆိုးတယ်။ အထက ၁ အောက်ပိုင်း ဆင်ထေပူ ရပ်ကွက် ဆိုလို့ရှိရင် တအိမ်မှမကျန်တော့ဘူး။ လူအကုန်လုံးထွက်ပြေးကုန်ပြီ။ ဒါအပြင် ပြည်တော်သာ မှာရှိတဲ့ တော်လှန်ရေးရေကန် ပေါက်တော့မယ်ဆိုပြီးတော့ မြို့ဟောင်းဘက် အားလုံးကို ပြောင်း ရွှေ့ပါဆိုပြီးတော့ အထက်က အမိန့်ထုတ်လိုက်ပြီ။  အခြေအနေလုံးဝကို မကောင်းတော့ဘူး။ ဟားခါးတမြို့လုံး သုံးပုံ နှစ်ပုံကတော့ အဲလို အခြေအနေရောက်နေတယ်။ အခု။”
ဒါ့အပြင် ရန်ကုန်၊ မန္တလေး နဲ့ ကလေးမြို့ဘက်ကို သွားတဲ့ လမ်းတွေလည်း ပျက်စီးကုန်တဲ့ အတွက် လမ်းပန်းဆက်သွယ်မှုပြတ်တောက်နေတဲ့အတွက်လည်း မြို့ပေါ်ကဆန်ဆိုင်တွေမှာ ဆန်မရှိသလောက်ဖြစ်နေတဲ့အခြေအနေဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့ကြောင့် ဟားခါးမြို့အတွက် အစားအသောက်နဲ့ အမိုးအကာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
DVB
Thursday, July 30, 2015
သမ္မတကြီးဦးသိန်းစိန်က အခြေအနေပေးလျှင် သမ္မတ ဒုတိယသက်တမ်း ထမ်းဆောင်လိုဟု ဆိုလာပြန်
 သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ရွေးကောက်ပွဲ အလွန်တွင်လည်း လက်ရှိ သမ္မတ သက်တမ်း ကုန်လွန်သည်အထိ ပြုပြင်ပြောင်းလဲရေးများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောကြားပြီး ပြုပြင် ပြောင်းလဲရေး ရပ်တန့်နေသည်ဆိုသည့် ပြောဆိုမှုများကို ပယ်ချခဲ့သည်။
Nikkei Asian နှင့် ဇူလိုင် ၂၉ ရက်နေ့ကပြုလုပ်သော အင်တာဗျုးတွင် ဦးသိန်းစိန်က ဒုတိယ သမ္မတ သက်တမ်းကို ထမ်းဆောင်လိုသည်ဟု ဆိုခဲ့ရာ လက်ရှိသက်တမ်းကုန်လျှင် အနားယူမည်ဆိုသော အစောပိုင်း ပြောဆိုမှုသည် ပြောင်းလဲသွားပြီဖြစ်သည်။ သို့ရာတွင် ဒုတိယ သမ္မတ သက်တမ်း ထမ်းဆောင်ရန်မှာ နိုင်ငံရေး အခြေအနေနှင့် ပြည်သူ့ဆန္ဒပေါ်တွင် မူတည်သည်ဟု ဆိုသည်။
လက်ရှိသက်တမ်း၏ နောက်ဆုံးအဆင့်တွင် ဦးစားပေးလုပ်ဆောင်မည့်ကိစ္စရပ်များမှ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ သဘောတူလက်မှတ်ရေးထိုးနိုင်မည်ဟု ၎င်းက လေးလေးနက်နက် ယုံကြည်နေပုံရသည်။ ထို့ပြင် အိမ်းနီးချင်းနိုင်ငံများနှင့် ရင်နှီးချစ်ခင်မှု ပိုမိုခိုင်မာရေး၊ ကုန်ထုတ်လုပ်ရေးကဏ္ဍ အထူးသဖြင့် အသေစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခြင်းဖြင့် ကုန်ကြမ်းတင်ပို့သည့်နိုင်ငံအဖြစ်မှ ကုန်ချောထုတ်လုပ်နိုင်သည့်နိုင်ငံဖြစ်ရေး ဦးစားပေးလုပ်ဆောင်မည်ဟုလည်း ဆိုသည်။
“ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ရပ်တန့်နေတယ်ဆိုတာကို ကျွန်တော် သဘောမတူဘူး”ဟု နေပြည်တော် သမ္မတအိမ်တော်ရာတွင် ဦးသိန်းစိန်က ပြောသည်။ ယခုအစိုးရသက်တမ်းအစောပိုင်းက လုပ်ဆောင်မည်ဟုဆိုခဲ့သော ဆင်းရဲမှုလျော့ကျရေးနှင့် ၀င်ငွေတိုးတက်ရရှိရေး ကိစ္စရပ်များ မအောင်မြင်သေးသည်ကို အသိအမှတ်ပြုသော်လည်း နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်လဲမှုတွင် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် ရလဒ်များ ရရှိခဲ့သည်ဟု ၎င်းကပြောသည်။
၎င်းတို့ထဲတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်အကြား တိုက်ပွဲများ သိသိသာသာ ကျဆင်းသွားခြင်း၊ စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုမှရရှိလာသည့် နိုင်ငံရေးနှင့်လုံခြုံရေးပိုင်း တိုးတက်လာမှုအပြင် နိုင်ငံရေးအကျဉ်းသားအချို့ပင်ပါဝင်သော နိုင်ငံရေးပါတီသစ် ၈၀ ခန့် ထွက်ပေါ်လာခြင်းတို့ဖြစ်သည်ဟု ၎င်းကပြောသည်။
“အသိသာဆုံးအောင်မြင်မှုကတော့ သွေးထွက်သံယိုမဖြစ်ဘဲ စစ်အစိုးရကနေ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံအစိုးရအဖြစ် တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲလိုက်နိုင်ခြင်းပါပဲ။ ဒါကတော့ မြန်မာ့သမိုင်းမှာ ကျွန်တော်တို့ရဲ့မှတ်တမ်းအမွေအနှစ် ဖြစ်ပါလိမ့်မယ်”ဟု ဦးသိန်းစိန်က ပြောသည်။
သက်တမ်းအားဖြင့် ၈ လသာကျန်တော့သည့်အချိန်တွင် စီးပွားရေးကဏ္ဍ၌ ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး အာကောင်းလာစေးရေး ပိုမို လုပ်ဆောင်မည်ဖြစ်သဖြင့် လျှပ်စစ်မီးအလုံအလောက်ရရှိရေးနှင့် နည်းပညာပိုင်းတွင် အသိပညာပိုမိုတိုးပွားလာရေးစသည့် အခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာရေးကို အလေးထားဆောင်ရွက်မည်ဟု ဖြည့်စွက်ပြောကြားသည်။ ၎င်းကိစ္စရပ်များအတွက် ပြည်ပအကူအညီ မရှိမဖြစ်လိုအပ်ကြောင်း ၎င်းက ပြောသည်။
“လိုအပ်တဲ့အပိုင်းတွေကို ဖာထေးနိုင်ဖို့ ဂျပန်လိုနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် အတူတကွ လုပ်ကိုင်တေပါတယ်”ဟု ပြောသည်။ ပထမအဆင့်ပြီးမြောက်တော့မည်ဖြစ်သော ဒေါ်လာ ဘီလီယံများစွာကုန်ကျခံဆောက်လုပ်သည့် သီလ၀ါအထူးစီးပွားရေးဇုန်၊ ထိုင်း-မြန်မာတို့နှင့်အတူ ဖော်ဆောင်မည့် ထားဝယ်စီးပွားရေးဇုန်၊ နိုင်ငံတောင်ပိုင်းရှိ ရေနက်ဆိပ်ကမ်းတို့အပါအ၀င် အခြားစီမံကိန်းကြီးများတွင် ဂျပန်နိုင်ငံ၏ အကူအညီနှင့် ရင်းနှီးမြှပ်နှံမှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းသို့ စီးပွားရေးသီးသန့် လက်တွဲမှုများအပြင် မြန်မာသည် နိုင်ငံတကာရပ်ဝန်းနှင့် နှီးနှောဆက်ဆံလိုကြောင်း ၎င်းကပြောသည်။ တရုတ်နိုင်ငံသည် မြန်မာ၏မိတ်ဆွေကောင်းဖြစ်၍ နိုင်ငံတွင်းအများဆုံးရင်နှီးမြှပ်နှံသည့်နိုင်ငံဖြစ်သော်လည်း အမေရိကန်နှင့်ဆက်ဆံရေးသည်လည်း အချို့သော ရင်နှီးမြှပ်နှံမှုကြီးများ ၀င်လာရန် လက်တွန့်နေကြလင့်ကစား သိသာစွာ နွေးထွေးမှုရှိလာသည်ဟု ၎င်းကပြောသည်။
“စီးပွားရေးပိတ်ဆို့ထားတာတွေ အလုံးစုံမဟုတ်ပေမယ့် တော်တော်များများ ဖြေလျော့ပေးထားတယ်။ သမ္မတ အိုဘာမားအစိုးရက မြန်မာနိုင်ငံအပေါ် ချည်းကပ်မှုပုံစံသစ်နဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေး မူဝါဒကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်လာပါတယ်”ဟု ဦးသိန်းစိန်က ပြောကြားခဲ့သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မွန်တွင် တပ်တွင်း မဲရုံ ၆၁ ရုံ ထားမည်
မွန်တွင် တပ်တွင်း မဲရုံ ၆၁ ရုံ ထားမည်
|Dawei Watch| မော်လမြိုင်၊ ဇူလိုင် ၂၈
လာမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း၌ မဲရုံပေါင်း ၉၃၄ ရုံထားရန် လျာထားပြီး တပ်မတော်သားများအတွက် တပ်  တွင်းမဲရုံ ၆၁ ရုံ ထားမည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
တပ်တွင်း မဲရုံများအတွက် မဲရုံဝန်ထမ်းကို တပ်မတော်သားများအား ခန့်ထားမည် မဟုတ်ဘဲ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ သူများ၊ မီဒီယာသမားများ လွတ်လပ်စွာ ဝင်ထွက် သွားလာခွင့် ရှိမည်ဟု ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။
“မဲရုံကတော့ အရပ်ဘက် မဲရုံပဲဖြစ်ဖြစ် တပ်ထဲမှာပဲဖြစ်ဖြစ် ကေအန်ယူ နယ်မြေထဲက မဲရုံဖြစ်ဖြစ် ရပိုင်ခွင့်က အတူတူပဲ ဖြစ်ရ မယ်၊ ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲထည့်နိုင်အောင် စီမံထားတယ်” ဟု ဦးဟိဏ်းလင်းထက်က ပြောသည်။
မွန်ပြည်နယ်တွင် လျာထားသည့် မဲရုံများအတွက် မဲရုံဝန်ထမ်း အင်အား ၁၈၀၀၀ ခန့် ခန့်အပ်သွားရန် လျာထားကြောင်း ပြည်နယ် ကော်မရှင်ထံမှ သိရသည်။
မဲဆန္ဒရှင် ၃၀၀ မှ ၃၀၀၀ ထိရှိလျှင် မဲရုံတစ်ရုံထားရန် သတ်မှတ်ထားပြီး မဲရုံတစ်ရုံတွင် မဲရုံမှူး ၁ ဦး၊ ဒုတိယ မဲရှုံမှူး ၁ ဦး၊ မဲစာ ရင်း စစ်ဆေးသူ ၃ ဦး၊ ဆန္ဒမဲ လက်မှတ်ထုတ်ပေးသူ ၃ ဦး၊ မဲရုံ လုံခြုံရေး ၁ ဦးနှင့် လက်များကို မှင်တို့ပေးမည့်အဖွဲ့ဝင် ၁ ဦး စုစုပေါင်း မဲရုံဝန်ထမ်း ၁၀ ဦး သတ်မှတ်ထားပြီး လိုအပ်ပါက မဲရုံ ဝန်ထမ်း တိုးချဲ့ခန့်အပ်နိုင်ကြောင်း ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်တွင် ဖော်ပြထားသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် ဘီးလင်းမြို့နယ် အတွင်းရှိ ဘောနော်ခီးကျေးရွာ အုပ်စုတစ်ခုမှအပ ကျေးရွာအုပ်စု အားလုံးတွင် ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
Dawei Watch
ကော့သောင်း အ.ထ.က (၁) ကျောင်းချိန်ပြောင်း
ကော့သောင်း အ.ထ.က ၁ ကျောင်းသူကျောင်းသားများကို တွေ့ရစဉ်
ဓာတ်ပုံ - နိုင်သစ် / Dawei Watch
|Dawei Watch| ကော့သောင်း၊ ဇူလိုင် ၂၆
ပြီးခဲ့သည့် နှစ်များက ကျောင်းချိန်ကို နေ့တစ်ဝက် သတ်မှတ်သည့် ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်ရှိ အ.ထ.က (၁)တွင် လာမည့် တနင်္လာနေ့၊ ဇူလိုင်လ ၂၇ ရက်နေ့မှ စပြီး တစ်နေ့လုံးကျောင်းအဖြစ် ကျောင်းချိန် ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ယင်းကျောင်းတွင် ပညာသင်နေသည့် ကျောင်းသူကျောင်းသားများ၏ မိဘများထံမှ သိရသည်။
၎ တန်း၊ ၈ တန်း၊ ၉ တန်းနှင့် ၁၀ တန်း များအတွက် ကျောင်းချိန်ကို နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
“ကျောင်းသား​တွေ အကုန်လုံးက သူ့အတန်း အလိုက် အရေးကြီးပါတယ်၊ ကျောင်းဆောင်အနေအထားအရ အတန်းကြီး တွေကိုပဲ အချိန်ပြောင်းခဲ့တယ်”ဟု အသစ်ရောက်လာသည့် ကျောင်းအုပ်ဆရာကြီးက ကျောင်းသား မိဘများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ကျောင်းသား အရေအတွက် များသည့်အတွက် ယခင်က ၄တန်း၊ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းများအတွက် ကျောင်းချိန်ကို နံနက် ၆ နာရီ ၄၅ မိနစ်မှ ၁၁ နာရီ ၄၅ မိနစ်အထိ သတ်မှတ်ပြီး ကျန်အတန်းများအတွက် နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအထိ သတ်မှတ်ခဲ့သည်။
“​ကောင်းတယ်​လို့ မြင်​တယ်​၊ အရင်တုန်းကလည်း ကျောင်းချိန်က ဒီအတိုင်းပဲ၊ နောက်ပိုင်းလည်း အတန်းတိုင်းအတွက် ဒီအချိန်ပဲ ဖြစ်သင့်တယ်”ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးစိုးသိန်းက ဆိုသည်။
ကော့သောင်း အ.ထ.က ၁ တွင် ပင်မဆောင်အပါအ၀င် ကျောင်းဆောင် ၄ခုရှိပြီး ကျောင်းသူကျောင်သား ၁၈၅၈ ဦး ပညာ သင်ကြားလျက်ရှိသည်။
Dawei Watch
တရုတ်သစ်ခိုးထုတ်သမား ၁၅၀ ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့အတူ လွှတ်ပေး
 မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို ဇူလိုင်လ ၃ဝ ရက်နေ့က မှန်လုံးကား ၅ စီးနဲ့တင်ဆောင်ပြီး တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီကနေတဆင့် တရုတ်ပြည်ကို ပြန်လည်ပို့ဆောင်စဉ် Photo: Kyaw Myo Min/RFA
တရားမ၀င်သစ်ခိုးထုတ်မှုနဲ့ မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်အပါအ၀င် အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၆၉၆၆ ယောက် ကို နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီနေ့ လွှတ်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အကျဉ်းကျနေသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နိုင်ငံခြားသံရုံးတွေက အစိုးရကို တောင်းဆို တာကြောင့် ချစ်ကြည်ရေးအတွက် အခုလိုလွှတ်ပေးတာဖြစ်တယ်လို့ ကချင်ပြည်နယ် အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်လင်းက ပြောပါတယ်။
"ကချင်ပြည်နယ် အကျဉ်းဦးစီးဌာနကနေ လွှတ်ပေးတာ တရုတ်နိုင်ငံသားတွေ အပါအဝင် စုစုပေါင်း အားလုံး ၄၁ဝ ဦးရှိပါတယ်၊ နိုင်ငံခြားသံရုံးတွေကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ပြောတာလည်းပါတယ်၊ နောက်တစ်ခုက နိုင်ငံ အချင်းချင်း ချစ်ကြည်ရေးအရလည်းပါပါတယ်၊ ဒါကလည်း တစ်နိုင်ငံလုံးအနေနဲ့ဆိုရင် ပါကစ္စတန်နိုင်ငံ သားတွေ နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ၊ သြစတြေးလျနိုင်ငံသားတွေလည်းပါပါတယ်၊ ကချင်ပြည်နယ် မှာတော့ တရုတ်နိုင်ငံသားချည်းပဲဖြစ်ပါတယ်"
လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို မြစ်ကြီးနား-ကန်ပိုက်တီး လမ်းကြောင်းအတိုင်း တရုတ်နိုင်ငံ နယ်စပ်အထိ မော်တော်ယာဉ်တွေနဲ့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ လွတ်မြောက်တဲ့စာရင်းတွေ အရ နိုင်ငံရေးအကျဉ်းသား ၁၃ယောက်လောက် ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသူတွေ က ပြောပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရရှိတဲ့အထဲမှာ အင်းစိန်အကျဉ်းထောင်မှာ သာသနာညှိးနွမ်းစေမှု နဲ့ ပြစ်ဒဏ်ကျနေတဲ့ V Gastro Bar ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာ ၂ဦး၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အကျဉ်းကျနေတဲ့ ဘိုင်မွန်းတည့်နေဂျာနယ်က သတင်းသမား ၅ဦး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ထောက်ခံလက်မှတ်ရေးထိုးတာကြောင့် အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ဗိုလ်မှူးကျော်စွာဝင်းတို့ ပါဝင်ပါတယ်။
RFA Burmese
မုန်တိုင်းသတိပေးချက် (၃၀.၇.၂၀၁၅)
မုန်တိုင်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၈း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “ကိုမန်” (Komen)သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်လျှက်ရှိပါသည်။
နောက်(၆)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ဖြတ်ကျော်နေစဉ်အတွင်း မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၇၀)အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် (၄၀)မှ မိုင်(၆၀)အထိတိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်နေစဉ်အတွင်း မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင် ကမ်းခြေဒေသတွင် (၅)ပေမှ (၇)ပေ ခန့်အထိနှင့် စစ်တွေခရိုင်ကမ်းခြေဒေသတွင် (၃)ပေမှ (၅)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်မည်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသည်။
အကြံပြုချက်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးရှောင်ရှားကြရန် အကြံပြုအပ်ပါသည်။
(၃၀.၇.၂၀၁၅)ခုနှစ်၊ (၁၉း၀၀)နာရီ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Wednesday, July 29, 2015
နိုင်ငံတော် သမ္မတနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော UNHCR အထူးကိုယ်စားလှယ် မစ္စစ် အင်ဂျလီနာဂျိုလီ တို့ တွေ့ ဆုံ
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် မစ္စစ် အင်ဂျလီနာဂျိုလီ တို့ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ဆွဲနှုတ်ဆက် နေစဉ် (ဓာတ်ပုံ- Myanmar President's Office )
    ရန်ကုန် ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
    နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သော ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် ၊ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး ဖြစ်သူ မစ္စစ် အင်ဂျလီနာဂျိုလီ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ကို  ယနေ့  ဇူလိုင်လ ၂၉ ရက် တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်၌ တွေ့ ဆုံခဲ့ကြောင်း သမ္မတရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် ၊ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး ဖြစ်သူ မစ္စစ် အင်ဂျလီနာဂျိုလီ၏ ခရီးစဉ်သည် ဇူလိုင် ၂၉ ရက်မှ စတင်၍ လေးရက်ကြာမြင့်မည် ဖြစ်ပြီး ယခု ခရီးစဉ် ပထမနေ့ အစောပိုင်းတွင် ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်လည်း တွေ့ ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသနှင့် နယ်စပ်ဒေသ အနီးရှိ ဒေသများတွင် အမျိုးသမီးများနှင့် ကလေး သူငယ်များ၏ အခွင့်အရေး ဆုံးရှုံးမှု များပြားနေရခြင်း အကြောင်းများ ဖြစ်သော လက်နက်ကိုင် ပဋိပက္ခများ ၊ ဆင်းရဲ မွဲတေမှုများ ၊ တရားဥပဒေ စိုးမိုးရေး အားနည်းမှုများ စသည်တို့နှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂမှ အဖွဲ့အစည်းများ သာမက ယင်းဒေသများရှိ ပြည်သူများ၊ လူမှု အဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့အစည်းများနှင့် ဥပဒေပြု အဖွဲ့အစည်းများ စသည်တို့မှလည်း ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လွှတ်တော်၏ ဥပဒေပြုရေးအခန်းကဏ္ဍမှ ဆောင်ရွက်ပေးနိုင်သည်များအား ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ Mrs. Angelina Jolie ကဲ့သို့ ကျော်ကြားထင်ရှားသော ပုဂ္ဂိုလ်များမှ မြန်မာနိုင်ငံအတွက် စိတ်ဝင်စားစွာ ဆောင်ရွက်ပေးသည့် အတွက် ပိုမို ထိရောက် အောင်မြင်မည်ဟု ဆွေးနွေးခဲ့ကြောင်း  ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ၄င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာမှ တဆင့် ထုတ်ပြန်လိုက်သည်။
ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် မစ္စစ် အင်ဂျလီနာဂျိုလီ တို့ နေပြည်တော်ရှိ ဇဗ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ဆွဲနှုတ်ဆက် နေစဉ်  (ဓာတ်ပုံ -H.E. Thura U Shwe Mann)
ကမ္ဘာကျော် ရုပ်ရှင် မင်းသမီး  မစ္စစ် အင်ဂျလီနာဂျိုလီ ၏ ခရီးစဉ် အတွင်း အစိုးရအဖွဲ့ တာဝန်ရှိသူများကို တွေ့ဆုံသွားရန်ရှိပြီး လူ့အခွင့်ရေး နှင့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ အမျိုးသမီး အခွင့်အရေး နှင့် ရွေးကောက်ပွဲ အသိပညာပေး လှုပ်ရှားဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံ သွားရန် ရှိကြောင်း ဗြိတိသျှ သံရုံး ရန်ကုန်မှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး၏ အထူး သံတမန်အဖြစ် ဆောင်ရွက်နေသူ မစ္စစ် အင်ဂျလီနာဂျိုလီ သည် ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UN Refugee Agency) ၏ သံတမန်အဖြစ် ၂၀၀၁ ခုနှစ် ကတည်းက ဆောင်ရွက်ခဲ့ပြီး လူ့အခွင့်အရေး လှုပ်ရှားသူအဖြစ် United Nations Association – USA က ချီးမြှင့်သည့် Global Humanitarian Action Award (ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူဆု) ကို ၂၀၀၅ ခုနှစ်တွင် ရရှိခဲ့သည်။
 (Xinhua)
အစိုးရဖွဲ့လို့ရတဲ့အထိ အနိုင်ရရှိ ဖို့ ပြည်ခိုင်ဖြိုးပါတီ မျှော်လင့်
ဗဟန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှာ ဇူလိုင်လ ၂၉ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ခန့်အပ်ပွဲအခမ်းအနားတွင် ပါတီအထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း ကိုတွေ့ရစဉ်။ Photo: Aung Thain Kha/ RFA
လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အများစုအနိုင်ရမယ် လို့ မျှော်လင့်မထားပေမယ့် အစိုးရ ဖွဲ့နိုင်လောက်တဲ့ အထိတော့ နိုင်မှာဖြစ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဒီနေ့ ကျင်းပတဲ့ ကိုယ်စားလှယ်ခန့်အပ်ပွဲမှာ ပြောပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပြည်ခိုင်ဖြိုးပါတီရုံးမှာ ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်လောင်း ခန့်အပ်ပွဲအခမ်းအနားအပြီးမှာ ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောကြားခဲ့တာပါ။
"၂၀၁၀ လိုတော့ အဲ့လိုအနိုင်ရလာဒ်မျိုးမမျှော်မှန်းပါဘူး၊ အဲ့လိုလည်းမဖြစ်နိုင်ပါဘူး၊ ဒါပေမယ့် ကျနော်တို့ထိုက်သင့် တဲ့အချိုးတော့ရမယ်၊ ကျနော်တို့ ကိုယ်ဟာကို ယုံကြည်တာတော့ ကျနော်တို့ရဲ့အနိုင်ရလာဒ်နဲ့ဘဲ ကျနော်တို့ကတော့ အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ အဲ့လောက်ထိမျှော်မှန်းပါတယ်"
ပြည်ခိုင်ဖြိုးပါတီဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၅ ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒ နယ် ၁၂ ခု၊ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၉၀ နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ စုစုပေါင်း ၁၄၉ နေရာမှာ ရွေးကောက်ပွဲဝင်မှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး တပ်မတော်က ဗိုလ်ချုပ်အဆင့် တချို့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပေမယ့် အမည်စာရင်းကိုတော့ မထုတ်ပြန်နိုင်သေးကြောင်း ဦးမောင်မောင်သိမ်း က ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ တစ်နိုင်ငံလုံးအနှံ့ မဲဆန္ဒနယ်အားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ်လောင်းအားလုံးရဲ့ အမည်စာရင်းကို လာမယ့်သြဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
RFA Burmese
တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တချို့ ရွေးကောက်ပွဲဝင်မည်
 လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လက်ရှိ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး သူရသက်ဆွေတို့ဟာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားတယ်လို့ ပြည်ခိုင်ဖြိုးပါတီက ပြောပါတယ်။
တပ်မတော်အရာရှိ ၅၀ ၀န်းကျင်ဟာ ယူနီဖောင်းချွတ်ပြီးတော့ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကနေ ၀င်ရောက် ယှဉ်ပြိုင်ဖို့ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မမေခ နဲ့ ကိုစည်သူ က သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်တွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း အသိအမှတ်ပြု ပေးအပ်လွှာ အခမ်းအနားမှာပဲ တပ်မတော် အကြီးတန်းအရာရှိတချို့လည်း ပြည်ခိုင်ဖြိုးပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ထုတ်ပြန် ပြောဆိုခဲ့တာပါ။ ပြည်ခိုင်ဖြိုးအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဒေသကြီးရှိ မဲဆန္ဒနယ် ၁၄၉ နေရာအပြည့် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပါတီကိုယ်စားလှယ် ဦးသန်းဝင်းက အခုလို ပြောပါတယ်။
“ပြည်သူ့လွှတ်တော်က ၄၅ ဦး၊ မြို့နယ် ၄၅ မြို့နယ် ၄၅ ဦး ပြိုင်မယ်။ အမျိုးသားလွှတ်တော်က ၁၂ ဦး ၀င်ပြိုင်မယ်။ တိုင်းဒေသကြီးလွှတ်တော်က လူ ၉၀ ပေါ့ ၀င်ရောက်ယှဉ်ပြိုင်မယ်။ ကရင်ရေးရာအတွက်ကို ကရင်တိုင်းရင်းသား၊ နောက်တခါ ရခိုင်တိုင်းရင်းသား အားလုံးပေါင်း ဟိုဒင်းပေါ့ကွာ ၁၄၉ ဦးတို့ ရန်ကုန်တိုင်းဒေသကြီးမှာ ၀င်ပြိုင်မှာပေါ့နော်။ တိုင်းဒေသကြီးကတော့ တပ်ကလာမှာဆိုတော့ ဘယ်သူမှန်း မသိသေးဘူးပေါ့နော်။”
ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးက ထုတ်ပြန်လိုက်တဲ့ ပြည်ခိုင်ဖြိုးစာရင်းတွေအရ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးလှဌေးဝင်းက မူလက အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် (၉)မှ ဝင်ရောက် ယှဉ်ပြိုင်ဖို့ လျာထားပေမဲ့ ဒီကနေ့  ညနေပိုင်း ပါတီဆုံးဖြတ်ချက်အရ နေပြည်တော် မဲဆန္ဒနယ်တခုကနေ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန် ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး သူရသက်ဆွေက ပြည်သူ့လွှတ်တော်အတွက် ရန်ကုန်တိုင်းဒေသကြီး ကိုးကိုးကျွန်းမဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံသွားမှာပါ။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိအစိုးရပိုင်းမှာ ဝန်ကြီးအနေနဲ့ တာဝန်ယူထားရတဲ့ ၃ ဦးဖြစ်တဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမြင့်က ကျောက်တန်းမဲဆန္ဒနယ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုးက လှည်းကူးမဲဆန္ဒနယ်၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သန်းအောင်က လမ်းမတော် မဲဆန္ဒနယ် တို့ကနေ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ စီပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက မရမ်းကုန်း မဲဆန္ဒနယ်နဲ့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရွှေပြည်သာမဲဆန္ဒနယ်တို့မှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာတွေနဲ့ ပတ်သတ်ပြီး ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးကော်မတီဝင် ဦးသန်းဝင်း က အခုလို ပြောပါတယ်။
“တချို့သမ္မတရုံးဝန်ကြီးတွေက သူတို့နေရာမှာ သူတို့ ၀င်ပြိုင်မှာလေးတွေ ရှိပါတယ်။ သမ္မတရုံးဝန်ကြီး ကျောက်ပန်းတောင်းက ဦးလှထွန်း၊ နောက်တခါ ဦးစိုးမောင် ပေါက်လား ဘာလားတော့ မသိဘူး အရင်နေရာပဲပေါ့လေ ဒါပေမဲ့ နေရာတော့ လွဲချင်လွဲမှာပေါ့။ အရင်နေရာပေါ့။ နောက် သမ္မတကြီး အနေအထားကကျတော့ ဟိုဒင်း သူ့အတွက် နေရာချန်ထားတယ် အခုအချိန်ထိတော့ အကြောင်းမကြားသေးဘူးပေါ့နော်။ သူ့အတွက် နေရာရှိတယ်။”
ပြည်ခိုင်ဖြိုးပါတီကနေပြီးတော့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်ယှဉ်ပြိုင်တာနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်း သင်္ကန်းကျွန်း မဲဆန္ဒနယ် ၁ က ဦးကျော် က အခုလို မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။
“ကျနော့်အမြင်ကတော့ပေါ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးနေရာ တော်တော်များများမှာ တပ်မတော်က ပထမအခြေအနေကိုပဲ လူကြီးတွေက တာဝန်ယူသွားမယ့် အနေအထားကိုတော့ ဖြစ်ဖို့ အလားအလာရှိတာပေါ့။ တကယ်လို့ အဲဒီအတိုင်းသာ သွားမယ်ဆိုရင် ဒါ အလိုလို လက်ရှိ သူတို့ထဲကပဲ ၀န်ကြီးချုပ်တက်ဖြစ်မယ်၊ သူတို့ထဲကပဲ အစိုးရအဖွဲ့ ဖြစ်သွားမယ့်သဘော ရှိတာကိုး။ ဆိုလိုတာက ပြည်ခိုင်ဖြိုးပါတီရဲ့ တပ်မတော်သား ဗိုလ်ချုပ်ကြီးတွေကပဲ ပြန်ပြီးတော့မှ ပြည်နယ်၊ တိုင်းတွေမှာ အစိုးရအဖွဲ့ကို နေရာယူသွားမယ်ဆိုရင် ယခင်အတိုင်းပဲ ဟိုဟာပေါ့ လူထုရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ် မှန်သော်လည်းပဲ တကယ် လူထုကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်ဖြစ်ဖို့ကတော့ အရေးကြီးတာပေါ့လေ။”
ပြည်ခိုင်ဖြိုး ထုတ်ပြန်ချက်အရ လက်ရှိ ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးနန္ဒကျော်စွာက လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အမတ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ကနေ ၀င်ပြိုင်မှာပါ။ ဒါ့အပြင် လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် စာရင်းကို လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးကနေ ပြည်သူ့လွှတ်တော်အတွက် ၄၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၂ ဦး၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ၉၀ ဦး၊ ကရင်ပြည်နယ်အတွက် ၁ ဦးနဲ့ ရခိုင်ပြည်နယ်အတွက် ၁ ဦး ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
ကိုစည်သူ / ဗွီအိုအေ (မြန်မာပိုင်း)
Magsaysay ဆု ကိုကျော်သူ ချီးမြှင့်ခံရ
 အသက်ရှင်သူတွေသာမက ကွယ်လွန်ခဲ့သူတွေအတွက်ပါ ကူညီဆောင်ရွက်ပေးနေသူ ဦးကျော်သူကို အခုနှစ်အတွက် Ramon Magsaysay ဆုရှင်အဖြစ် ရွေးချယ်လိုက်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၆ ဦးမြောက် Ramon Magsaysay ဆုရှင်ဖြစ်လာတဲ့ အကယ်ဒမီ ဦးကျော်သူကတော့ ဒီဆုရွေးချယ်ခံရတဲ့အတွက် သူ့ရဲ့ လူမှုကူညီရေးလုပ်ငန်းတွေကို ပိုပြီး လုပ်ဆောင်ဖို့ တွန်းအားဖြစ်စေတယ်လို့ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို မသိင်္ဂီထိုက် က တင်ပြထားပါတယ်။
နာရေးကူညီမှု အပါအ၀င် လူမှုရေးလုပ်ငန်းတွေနဲ့ ကျော်ကြားသူ အကယ်ဒမီ ရုပ်ရှင်မင်းသား ကျော်သူကို ၂၀၁၅ ခုနှစ်အတွက် Ramon Magsaysay ဆုရှင်အဖြစ် ရွေးချယ်လိုက်ကြောင်း ဖိလစ်ပိုင်အခြေစိုက် Ramon Magsaysay Award Foundation ရဲ့ Board အဖွဲ့က ကြေညာလိုက်ပါတယ်။ အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့တောင် တင်စားခံရတဲ့ Ramon Magsaysay ဆု ချီးမြှင့်ခံရတဲ့အတွက် လက်ရှိ လူမှုကူညီရေးလုပ်ငန်းတွေအတွက် ပိုပြီး တွန်းအားဖြစ်စေပါတယ်လို့ အကယ်ဒမီ ရုပ်ရှင်မင်းသား ကျော်သူက ပြောပါတယ်။
“ဒီဟာက ကျနော်တို့ ရုပ်ရှင်လောကမှာဆို အကယ်ဒမီဆုလိုပေါ့ဗျာ ကိုယ်တွေက တကယ် အကယ်ဒမီရတဲ့နောက်ပိုင်း ကိုယ်ရိုက်တဲ့ကားတိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်သလို၊ ဒီလူမှုရေးဆုကျတော့ ဒီဟာလည်း ကိုယ်ကပိုပြီးတော့ အများအတွက် ပိုလုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်လေးကို ဖြစ်လာတယ်။ ပြီးတော့ ကိုယ်လုပ်ထားတဲ့ ပင်ပန်းတဲ့ဟာတွေကလည်း ဒါ ကိုယ့်အတွက် ဟိုဟာ အင်အားတွေ ရစေပါတယ်။ ဒီဆုရမယ်ဆိုတာလည်း မထင်ထားဘူး။ ဒါ သူတို့ကလည်း သေချာလေ့လာပြီးတော့မှ ပေးလိုက်တဲ့ဆုဖြစ်တော့ ဒါ ကျနော်လည်း တန်ဖိုးထားရမှာပေါ့။ ”
သက်ရှိထင်ရှားရှိနေသူတွေ သာမက ကွယ်လွန်သူတွေအတွက်ပါ နာရေးကူညီမှုအသင်း ထူထောင်ပြီး ဖြည့်ဆည်ပေးနေတဲ့ ဦးကျော်သူရဲ့ လူမှုရေးလုပ်ငန်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့လည်း အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့ တင်စားခေါ်ဝေါ်ကြတဲ့ Magsaysay ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ လူမှုအကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်တာကြောင့် အာဏာပိုင်တွေရဲ့ အနှောင့်အယှက်ပေးတာတွေနဲ့ ရင်ဆိုင်ခဲ့ရသူတဦးလို့လည်း ကြေညာချက်က ဖော်ပြခဲ့တာပါ။ ဦးကျော်သူကတော့ အခက်အခဲ အတားအဆီးတွေဟာ အခုချိန်ထိလည်း တချို့နေရာတွေမှာ ရှိနေဆဲ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
၂၀၀၂ ခုနှစ်ရဲ့ Ramon Magsaysay ဆုရှင် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးသူ ဒေါက်တာ စင်သီယာမောင်ကတော့ အခုလို နာရေးကူညီမှုအသင်းရဲ့ အကြီးအကဲ ဦးကျော်သူကို ဆုချီးမြှင့်လိုက်တာဟာဆိုရင် နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်သလို လူငယ်ထုအတွက်လည်း အတုယူစရာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
“အဲဒီဆုနဲ့ ပတ်သက်လို့ကတော့ ကျမတို့ အထူးသဖြင့်တော့ ဒီလို ဒီမိုကရေစီ တည်ဆောက်တဲ့အချိန်မှာ လွတ်လပ်တဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်မှုမှာပေါ့နော် ဦးကျော်သူအနေနဲ့က တည်ဆောက်ခဲ့တယ်ပေါ့နော်။ တည်ဆောက်ခဲ့တယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ လူထုတွေအများကြီးထဲကိုက လူမှုရေးစိတ်ဓာတ် မြှင့်တင်မှုတွေ၊ အနစ်နာခံမှုတွေ၊ နောက်တော့ ဒီ ပူးပေါင်းဆောင်ရွက်မှုတွေပေါ့ အများကြီးဆောင်ရွက်နိုင်တဲ့ လူတယောက်၊ အထူးသဖြင့်တော့ လက်ရှိ ကျမတို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့အချိန်မှာနဲ့ နောက်တော့ ကျမတို့ လက်ရှိ အာဏာရှင်အောက်မှာ ကြီးပြင်းလာတဲ့ လူငယ်လူရွယ်တွေ၊ ကျမတို့ ပြည်သူလူထုတွေအတွက်တော့ လွတ်လပ်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးတော့ နားလည်သဘောပေါက်လာပြီးတော့ ပံ့ပိုးမှုတွေလည်း ပိုပြီး များလာတဲ့အတွက်ကြောင့် ကျမတို့ မြန်မာပြည်အတွက်ရော အထူးသဖြင့်တော့ အာရှနိုင်ငံတွေမှာလည်း အရေးကြီးတဲ့ ခေါင်းဆောင်ကောင်းပေါ့ ဖြစ်တဲ့အတွက်ကြောင့် အများကြီး ကျမတို့ နိုင်ငံအတွက်လည်း ဂုဏ်ယူစရာ ကောင်းပါတယ်။”
ဖိလစ်ပိုင်နိုင်ငံရဲ့ တတိယမြောက်သမ္မတ Ramon Magsaysay ရဲ့ ခေါင်းဆောင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၅၈ ခုနှစ်ကစလို့ အာရှဒေသတလွှားက လူမှုအကျိုးစီးပွားကို ထမ်းဆောင်ကြသူတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး ရှေးရှုဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်ပြီး နှစ်စဉ် ချီးမြှင့်လာခဲ့တာ အခုဆိုရင် ၅၇ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။
Ramon Magsaysay ဆု ချီးမြှင့်ခံရသူ မြန်မာနိုင်ငံသား ၆ ဦးထိ ရှိလာပြီဖြစ်ပြီး၊ ၁၉၅၉ ခုနှစ်က Tee Tee Luce၊ နဲ့ Eeward Law Yone တို့ ပထမဆုံး ရွေးချယ်ချီးမြှင့်ခံရပြီးနောက်ပိုင်း ဒေါက်တာ စင်သီယာမောင်၊ ကစောဝါး၊ ဆိုင်းရော်လဖိုင်နဲ့ ဒီနှစ်မှာ ဦးကျော်သူတို့ ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ ဆုချီးမြှင့်ပွဲကိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ဦးကျော်သူကတော့ စက်တင်ဘာလ ၁ ရက်နေ့မှာ ဆုကို လက်ခံရယူဖို့ ရှိပါတယ်။
သာယာဝပြောတဲ့ အာရှတိုက်ဖြစ်လာစေဖို့ မျှော်လင့်ချက်တွေအဖြစ် ရည်ညွှန်းပြီး ချီးမြှင့်ခဲ့တဲ့ ၂၀၁၅ ခုနှစ် Magsaysay ဆုရှင်တွေထဲမှာတော့ မြန်မာနိုင်ငံက ဦးကျော်သူအပြင်၊ လာအိုနိုင်ငံက ရိုးရာအမွေအနှစ် ပိုးထည်လုပ်ငန်းကို ထိန်းသိမ်းရင်း အမျိုးသမီးအခွင့်အရေးတွေကို ကာကွယ်ဖို့ ကြိုးပမ်းခဲ့သူ Kommaly Chanthavong ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ရိုးရာအနုပညာ မပျောက်ပျက်အောင် ကြိုးပမ်းခဲ့သူ Ligaya Fernando-Amilbangsa၊ အိန္ဒိယနိုင်ငံမှာ ဆင်းရဲသားတွေအတွက် ရေရှည်ဖွံ့ဖြိုးရေး ကူညီပေးခဲ့တဲ့ Anshu Gupta၊ အိန္ဒိယနိုင်ငံက အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်ဖို့ ကြိုးပမ်းခဲ့သူ Sanjiv Chaturvedi တို့လည်း ပါဝင်ကြပါတယ်။
မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)