Pages
Saturday, August 29, 2015
ရွှံ့နွံတွေ ပါလာပြီး ဟားခါးလေးကျေးရွာကို လွှမ်းသွားတာ (ရုပ်သံ)
ချင်းပြည်နယ် သဘာဘေးကြုံတွေ့ခဲ့ရမှု (H Thang Thang Deirek)
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲက ဟားခါးလေးကျေးရွာဟာ အခုဆိုရင် ရွှံ့နွံ့တွေ ဖုံးလွှမ်းနေတယ်။ အိမ်ခြေ ၃၇ လုံးပျက်စီးခဲ့ပြီး လူအသေအပျောက်တော့ မရှိဘူးလို့ တွန်းဇံရေဘေးကယ်ဆယ်ရေးကော်မတီက ပြန်ကြားရေးတာဝန်ခံ ကိုမိုးကျော်သိန်းက ပြောပါတယ်။
သြဂုတ်၂၈ ရက် မနက်အစောပိုင်းက မိုးကြီးပြီး တောင်ပေါ်က သဘာဝရေကန် ရေလျှံကျိုးပေါက်ခဲ့လို့ ရွှံ့ရေတွေ ဒလဟောစီးဆင်းခဲ့ပြီးတဲ့နောက် ရွာကို ရွှံ့နွံတွေ ဖုံးသွားခဲ့တာ ဖြစ်ပါတယ်။
အိမ်ခြေ ၅၀ကျော် လူဦးရေ ၃၀၀ ကျော်နေထိုင်တဲ့ ဟားခါးလေးရွာမှာ တီးတိန်ချင်းလူမျိုးတွေ နေထိုင်ကြတာဖြစ်ပြီး အခုတော့ သူတို့ အားလုံး ကယ်ဆယ်ရေးစခန်းရောက်နေကြပြီလို့လည်း သိရပါတယ်။
တွန်းဇံမြို့နယ်ထဲမှာ ပထမရေဘေးအတွင်း တောင်ပေါ်ရွာတွေနဲ့ အခု တောင်အောက်ခြေရွာ ဟားခါးလေးအပါအ၀င် လူဦးရေ ၁၄၀၀ လောက် ရေဘေးဒုက္ခကြုံတွေ့နေကြပြီး အိမ်ခြေ ၅၀၀ လောက်ပျက်စီးခဲ့ပါတယ်။
တွန်းဇံ ရေဘေးကယ်ဆယ်ရေးကော်မတီက ကိုမိုးကျော်သိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
ဟားခါးလေးရွာဘက် သတင်းဓာတ်ပုံတွေတက်လာတာတော့ ရွံ့ပြင်ကြီး ဖြစ်သွားပြီဗျ၊ အဲ့ဒီဘက် အခြေအနေ သိပါရစေ။
“တနေ့က ရွာတဲ့မိုးကြောင့် တောင်ကျရေ တအားဆင်းပြီးတော့ ရွှံ့နွံတွေ ပါလာတာပေါ့၊ ပါလာပြီး ရွာကို တအား လွှမ်းသွားတာ၊ ရွာကို လွှမ်းသွားတဲ့အတွက်ကြောင့် ၃၇ အိမ်တော့ ပျက်စီးတယ်၊ စုစုပေါင်း နေအိမ်ကတော့ သူတို့ တအုပ်စုလုံး ၅၉ အိမ် ရှိတယ်ဗျ။ လူဦးရေ ၃၁၀ ကတော့ လောလောဆယ် တွန်းဇံသဘာဝဘေးအန္တရာယ် ကော်မတီကဖွင့်တဲ့ ကယ်ဆယ်ရေးစခန်းမှာ ရောက်နေတယ်။ ရွာက တရွာတည်းဗျ၊ တွီ့ခိန်ဇန် ဆိုတာက ပြည်ထဲရေးက တရားဝင်ပေးထားတဲ့နာမည်၊ ဒေသအခေါ်က ဟားခါးလေး၊ ရွာနာမည်က နှစ်မျိုးဖြစ်ပြီးတော့ ၂ ရွာလိုလို ဖြစ်နေတာပါ။အမှန်က တရွာထဲပါ။ ဟားခါးလေးကျေးရွာက ရွှံ့နွံတွေ ဖုံးသွားတဲ့အတွက် လောလောဆယ် ပြန်နေလို့တော့ မရနိုင်သေးဘူး၊ မိုးရွာရင်လည်း ဆက်ပြီး ရေကျနိုင်သေးတာကိုး၊ ဒေသခံတွေ သဘောထားပေါ့၊ သူတို့ ဆက်နေချင်တယ်ဆိုလည်း ဒီဘက်က ပြန်နေရာချထားပေးမှာပေါ့။ မနေချင်တော့ဘူးဆိုလည်း မြေမြင့်ပြီး မြင့်တဲ့နေရာမှာ ပြန်ပြီး နေရာချထားပေးရမှာပေါ့။ ကော်မတီတွေ
 ဒေသခံတွေ ပူးပေါင်းNပီးတော့လေ။”
တချို့အိမ်တွေ ခေါင်မိုးလောက်ထိ မြုပ်နေတာလည်း တွေ့ရတယ်၊ အထဲက လူတွေ ကယ်ထုတ်နိုင်ရဲ့လား။
“မနေ့ကအထိတော့ ရွာရှိ လူဦးရေအကုန်လုံး ကျနော်တို့ ပြန်စိစစ်ပြီးပြီ၊ တယောက်မှ အသေအပျောက်မရှိဘူး။ ဖြစ်ဖြစ်ချင်းတော့ ပြေးကြတာပေါ့။ ဟိုပြေးဒီပြေးနဲ့ အဆက်အသွယ်မရတော့ ပထမတော့ ၄ ယောက်ပျောက်တယ်တို့၊ ၁၀ ယောက်ပျောက်တယ်တို့ သတင်းတွေ ထွက်နေတာပေါ့။ ဖြစ်တာက မနက် ၃ နာရီမှာ ဖြစ်တာ။ မနေ့ညနေ ၃ နာရီက လူစာရင်းလည်း စစ်ပြီးပြီ၊ ကယ်ဆယ်ရေးစခန်းမှာ လက်ခံတဲ့အချိန်မှာတော့ တယောက်မှ အသေအပျောက် မရှိဘူး၊ ရွာကလူ အစုံအစေ့ ကယ်ဆယ်ရေးစခန်းမှာ ရှိတယ်ဗျ။”
ရွာက ရွှံ့နွံတောကြီးလိုတော့ ဖြစ်သွားပြီပေါ့နော်။
“ဟုတ်တယ်ဗျ၊ ဟုတ်တယ်။ ပထမအကြိမ်မှာ ဇူလိုင် ၁ ရက်က ရေတခါကြီးသေးတယ်၊ ရေကြီးတဲ့အချိန်မှာ အဲ့ဒီရွာရဲ့ အပေါ်မှာ မြေပြိုပြီးတော့ ရွှံ့နွံအိုင်ကြီးလို ဖြစ်သွားတာ၊ ရွှံ့နွံအိုင်လို ဖြစ်ပြီး ရေကန်လို ပေါ်လာတယ်။ တနေ့ညက တောင်ကျရေဆင်းတော့ ရေက ရွှံ့နွံအိုင်ကြီးကို ဖြတ်ပြီးတော့ ပါလာပြီး အဲ့ဒီရွှံ့နွံတွေက ရွာပေါ် စီးကျသွားတာ၊ နောက်တခုက နောက်တခါ တောင်ကျရေက မိုးတွင်းတောက်လျှောက် ဖြစ်လာနိုင်သေးတယ်လေ။”
ရွာက ပြန်ကောင်းလာနိုင်ပါဦးမလား၊ ဘယ်လို မြင်လဲ။
“ကောင်းတာကတော့ ဒီလို ရေလမ်းကြောင်းကျပြီး တောင်ကျရေ ထိုးနိုင်တဲ့ နေရာဖြစ်နေတော့ ပြောင်းရွှေ့ပြီးနေရင်တော့ အကောင်းဆုံးပါပဲ။ ချင်းတောင်က သက်နုမြေလွှာလည်း ဖြစ်တယ်၊ မိုးတွင်းတောက်လျှောက် တောင်ကျရေလည်း ရှိတယ်ဆိုတော့ အဲ့ဒီနေရာမှာ နောက်တခေါက်ပြန်နေလည်း နောက်တခေါက် ထပ်ဖြစ်နိုင်တဲ့ အနေအထား ရျိတယ်ဗျ။”
ရွာမှာနေတဲ့ လူမျိုးတွေက ဘာတွေလဲဗျ။
“ဇိုမီးချင်း တီးတိန်ချင်းလို့ ခေါ်မှာပေါ့ဗျာ၊ တရားဝင်ခေါ်တာတော့ တီးတိန်ချင်းပေါ့၊ ဇိုမီး လူမျိုးတွေ များပါတယ်။”
တော်တော်တော့ ဆိုးတယ်ဗျနော်။
“ဒီမှာက ရေဘေးသတင်းငြိမ်သွားမှ ဒီဟားခါးလေးက တက်သွားတော့ ပို ဂရုစိုက်မိကြတောပေါ့။ တောင်ပေါ်မှာ ပြိုနေတာလည်း ၄-၅ ရွာ ရှိတယ်ဗျ။ ပထမအကြိမ် တီးတိန်မှာ ဆိုရင် ရွာ ၅-၆ ရွာလောက်ပြိုတယ်၊ တီးတိန် ကယ်ဆယ်ရေးစခန်းမှာ ခုချိန်ထိ လူ ၃၀၀ လောက်ရှိတယ်။ အဲ့ဒါ ပထမအကြိမ် ရေဘေးကတည်းက၊ တီးတိန်နဲ့ တွန်းဇံက လူသိပ်မသိဘူးဖြစ်နေတာ။ အခု တီးတိန်နဲ့ တွန်းဇံမှာ နေအိမ် ၃၀၀ ကျော်လောက်က ပြောင်းရွှေ့ပေးရမှာ၊ အဲ့ဒါ တောင်ပေါ်ရွာ။ ဟားခါးလေးကကျ တောင်ခြေမှာ၊ တီးတိန်မှာ ရွာ ၅ ရွာ ပျက်စီးတယ်၊ တွန်းဇံမှာ ရွာ ၄ ရွာ ပျက်စီးတယ်၊ အဲ့လိုပဲ တောင်ကျရေ ကျတယ်၊ မြေပြိုတယ်၊ ရွာတွေ နှစ်ခြမ်းကွဲသွားတယ်။ တွန်းဇံဘက်မှာဆိုရင် မဏိပူရမြစ်ကူးတံတားတွေ ကျေးရွာချင်း ဆက်လမ်းတွေ အကုန်ပျက်သွားတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတာပေါ့။ အခုမှ ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေ သွားကူနေရတုန်း ရှိသေးတယ်။ တောင်ပေါ်တောင်အောက် ၁၀ ရွာလောက်မှာ လူဦးရေ ၁၀၅၆ ဦး၊ ဒါ ထွေအုပ်စာရင်းပေါ့။ နောက် လူ ၇ ယောက်ပျောက်နေတယ်၊ ပထမအကြိမ်တုန်းက၊ အခု ဟားခါးလေး မပါသေးဘူး၊ ဟားခါးလေးပါပါရင် ၁၄၀၀ လောက် ဖြစ်သွားမှာပေါ့။”
ချင်းပြည်နယ် သဘာဘေးကြုံတွေ့ခဲ့ရမှု ရုပ်သံ (H Thang Thang Deirek)
DVB
နိုင်ငံရေးပါတီများမှ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များတွင် ဟောပြောခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်
နိုင်ငံရေးပါတီများမှ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များတွင် ဟောပြောခွင့်
http://uecmyanmar.org/index.php/2014-02-11-08-31-43/665-27-8-2015-announce-52
ဒေသခံများ ကန့်ကွက်သော်လည်း ရွှေတောင်ဦး သတ္တုကုမ္ပဏီ နောက်ဆုတ်စကားမဆို
Dawei Watch| မေတ္တာ၊ သြဂုတ် ၂၉
ထားဝယ်မြို့နယ်အတွင်းရှိ မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာ အုပ်စုအတွင်း လုပ်ဆောင်မည့် ခဲမဖြူ၊ အဖြိုက်နက် သတ္တုလုပ်ကွက်ကို ဒေသခံ ကျေးရွာသူရွာသားများက ကန့်ကွက်နေသော်လည်း နောက်ဆုတ်ရန် မဖြစ်နိုင်ကြောင်း သတ္တုတူးဖော်ခွင့်ရ ကုမ္ပဏီ ရွှေတောင်ဦးမှ ကိုယ်စားလှယ် ဦးခင်ဇော်ဦးက Dawei Watch သို့ ပြောကြားသည်။
ကျောက်မဲတောင်ကျေးရွာ အုပ်စု ပျဉ်းသားတောကျေးရွာတွင် သြဂုတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် ကုမ္ပဏီနှင့် တွေ့ဆုံပွဲတွင် သတ္တုတူးဖော်မည့် ကိစ္စကို ဒေသခံများက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြပြီး ကန့်ကွက်လက်မှတ်များကို ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ဌာနဆိုင်ရင် အဆင့်ဆင့်သို့ တင်ပြရန် စီစဉ်လျက်ရှိသည်။
ကန့်ကွက်မှုကြောင့် ဆက်လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ရန်မှာ သတ္တုတွင်းဝန်ကြီးဌာန၏ အဆုံးအဖြတ် အပေါ်တွင်သာ မူတည်ပြီး ကုမ္ပဏီအနေနှင့် နောက်ဆုတ်ရန် မရှိကြောင်း ဦးခင်ဇော်ဦးကဆိုသည်။
“ကျွန်တော်တို့က (ဒေသခံနဲ့ ၀န်ကြီးဌာနပြီးနောက်) တတိယလူ ဖြစ်သွားပြီ”ဟု သူက ပြောသည်။ 
ဒေသခံ ၁၅၀ ၀န်းကျင်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကုမ္ပဏီမှ ကိုယ်စားလှယ် နှစ်ဦး တက်ရောက်ခဲ့သော ယင်းတွေ့ဆုံပွဲတွင် ဒေသခံများက ကုမ္ပဏီနှင့် နောက်ခံအကြောင်းရင်း၊ ဒေသခံများ မနစ်နာစေရေး လုပ်ဆောင်မည့် အခြေအနေ စသည့် မေးခွန်းပေါင်းများစွာကို မေးမြန်းခဲ့သည်။
ကုမ္ပဏီအနေနှင့် ဥပဒေ လုပ်ထုံးလုပ်နည်းများအရ လုပ်ဆောင်မည် ဆိုသည့်အပေါ်တွင်လည်း “ဥပဒေက စာအုပ်ထဲမှာပဲရှိတယ်”ဟု ဒေသခံ ကရင်အမျိုးသမီးတစ်ဦးက တုံ့ပြန်ပြောဆိုခဲ့သည်။
၂ နာရီခွဲကျော်အကြာ ဆွေးနွေးပြီးနောက် ကျောက်မဲတောင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ဒေသခံများအနေနှင့် စီမံကိန်းအပေါ် ကန့်ကွက်၊ ထောက်ခံ တစ်ခုခု ဖြေကြားရန် မေးမြန်းရာ ကန့်ကွက်ကြောင်း ဒေသခံများက တညီတစ်ညွတ်တည်း ဖြေကြားခဲ့သည်။
ယင်းကြောင့် ဒေသခံများအနေနှင့် စီမံကိန်း အပေါ် ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး တင်ပြရန် နှင့် ၎င်းအနေနှင့် ဌာနဆိုင်ရာ အဆင့်ဆင့် တင်ပြသွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည်။
ထိုသို့ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး အစီရင်ခံတင်ပြရန် ယင်းဒေသ တစ်ဝိုက်ရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံတစ်ထောင်ကျော်၏ လက်မှတ် ရရှိထားပြီး ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ရွှေတောင်ဦး ကုမ္ပဏီကို စမ်းသပ်ကာလ ၃ နှစ်ပြီးနောက် ကျောက်မဲတောင် ကျေးရွာအုပ်စုအတွင်းရှိ မြေဧက ၄၉.၅ တွင် သတ္တုတူးဖော်ခွင့်ပြုရန် သတ္တုတွင်း ၀န်ကြီးဌာနက ယခုနှစ်ဆန်းပိုင်းတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီသည် စမ်းသပ်ကာလနှင့် သတ္တုတူးဖော်ခွင့်ရပြီးနောက်ပိုင်းအထိ ဒေသခံများနှင့် တစ်ကြိမ်မျှတွေ့ဆုံခြင်း မရှိခဲ့ဘဲ ယခုတွေ့ဆုံမှု သည် ပထမဆုံးဖြစ်သည်။
မေတ္တာမြို့နှင့် တစ်ဝိုက်တွင် လုပ်ကိုင်နေသော ဟိန္ဒားသတ္တုတွင်း၊ ဘ၀ပင် သတ္တုတွင်းတို့မှ စွန့်ပစ်မြေဇာများကို စနစ်တကျမစီမံနိုင်ခြင်း တို့ကြောင့် ကျေးရွာများအတွင်း မြေစာများဝင်ရောက်လာခြင်း၊ ဒေသခံများ မှီခိုအားထားနေရသော မြစ်ချောင်းများ ပျက်စီးခြင်းတို့ ကြုံတွေ့လျက်ရှိသည်။
Dawei Watch
Friday, August 28, 2015
အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးရေးနဲ့ အောင်နိုင်ရေးကာလအတွင်း ပြောရေးဆိုခွင့် ရှိသူများစာရင်းကို အဖွဲ့ချုပ်က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အဖွဲ့ချုပ်ရဲ့ သြဂုတ် ၂၈ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အရ ရွေးကောက်ပွဲကြေညာစာတမ်း၊ နိုင်ငံရေးမူဝါဒသဘောထားတို့နဲ့ ပတ်သက်ပြီး နာယက ဦးတင်ဦးနဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ပဲ ပြောရေးဆိုခွင့် ရှိတယ်လို့ သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်သွယ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်ချက်တွေနဲ့ ပတ်သက်ရင် ပြောရေးဆိုခွင့်ရှိသူက ဦးဉာဏ်ဝင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်တွေနဲ့ ပတ်သက်ရင် ဦးဝင်းထိန်၊ အဖွဲ့ချုပ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတို့နဲ့ ပတ်သက်ရင် ဦးဝင်းမြင့်၊ ရွေးကောက်ပွဲသတင်းတွေ ဖြန့်ချိရေးနဲ့ပတ်သက်ရင် ဦးသိန်းဦး စသူတို့ကသာ ပြောရေးဆိုခွင့်ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ဒီကြေညာချက်နဲ့ ပတ်သက်လို့  အလုပ်တွေ များလာတဲ့အတွက် တာဝန်ခွဲဝေဖြန့်လိုက်တာလို့ ပြောပါတယ်။
“အဓိကကတော့ အလုပ်တွေ များလာပြီးရင် တယောက်နှစ်ယောက်ထဲဆို အလုပ်တွေ မနိုင်မှာစိုးလို့ အခု နီးလာလေ အလုပ်တွေများလေ ဖြစ်နေတယ်၊ အဲ့ဒါကြောင့် နည်းနည်းလေး အလုပ်တာဝန်ခွဲဝေပေးတာ လုပ်တာပေါ့ဗျာ၊ နည်းနည်း ဖြန့်လိုက်တာပါ။”
လတ်တလောမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း စိစစ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေချိန်ဖြစ်လို့ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေ မီဒီယာမှာ မပြောဖို့ တားမြစ်ထားပြီး စိစစ်ရေးကာလ လွန်ရင်တော့ ကိုယ်စားလှယ်လောင်းတွေ မီဒီယာနဲ့ ပြောလို့ ရတယ်လို့လည်း သူက ပြောပါတယ်။
အဖွဲ့ချုပ်ဟာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၁၃၈ နေရာ ၀င်ပြိုင်ဖို့ စာရင်းတင်သွင်းထားပြီး ၀င်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားသူတွေကို သတိကြီးကြီးထား ကိုင်တွယ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။
DVB
သမ္မတဦးသိန်းစိန်က သူရဦးရွှေမန်းအား ပါတီဥက္ကဌနေရာက ဖယ်ရှားရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း ရိုက်တာသတင်းမှ ထုတ်ဖော်ရေးသား
 မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်က ပြိုင်ဘက်ဖြစ်သူ ဦးရွှေမန်းကို USDP ပါတီ ဥက္ကဌနေရာမှ ဖယ်ရှားရန် အနည်းဆုံး ၂ ကြိမ်ခန့် ကြိုးစားခဲ့ပြီး သုံးကြိမ်မြောက်ဖြစ်သည့် သြဂုတ်လ ၁၂ ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က အာဏာရ ပါတီ၏ ဌာနချုပ်အတွင်း လက်နက်အင်အား လူအင်အား သုံးပြီး ၀င်ရောက် စီးနှင်းသည့်အခါမှ နောက်ဆုံး အောင်မြင် ခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ရေးသားလိုက်သည်။
အဆိုပါ ညက ပါတီဌာနချုပ်အတွင်း ရှိနေသူများအားလုံး၏ မိုဘိုင်းဖုန်းများနှင့် ကွန်ပြူတာများကို ရဲတပ်ဖွဲ့က စားပွဲပေါ် ပုံတင်ထားခိုင်းခဲ့ပြီး စောင့်ကြည့်နေ စဉ် ဦးရွှေမန်းအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌ အဖြစ်မှ ဖယ်ရှားရန် သမ္မတထောက်ခံသူများက သမ္မတထံမှ အမိန့် အတိုင်း ဆောင်ရွက်ခဲ့ကြသည်ဟု ရိုက်တာသတင်းဌာန က ဖော်ပြခဲ့သည်။
နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးတွင် ပြုပြင်ပြောင်းလဲမှုများ မြန်ဆန်ရေး လာလိမ့်မည်ဟု မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပတွင် မျှော်လင့်ချက်များ မြင့်မားနေချိန်ပြီး ဦးသိန်းစိန် အစိုးရ၏ လုပ်ဆောင်မှုများ အပေါ် အကောင်းမြင် မှု နည်းပါးနေချိန်တွင် ပါတီအပေါ် သူ၏ ချုပ်ကိုင်မှု သေချာစေခြင်းဖြင့် ဦးသိန်းစိန်က သမ္မတရာထူး (၂ ဆက်) တည်မြဲရေး ပိုသေချာစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာသတင်းဌာနက သုံးသပ်ထားသည်။
”လူတွေ ၀င်လာတာကို ကျွန်တော်ကြားလိုက်တယ်။ ကွန်ပြူတာရှေ့ ကနေ မော့ကြည့်လိုက်တော့ ကျွန်တော့် ဘေးနားမှာ လက်နက်ကိုင် အစောင့်တွေ ဒါဇင်ဝက်လောက် ၀ိုင်းထားတယ်။”ဟု ရဲတပ်ဖွဲ့ ၀င်လာစဉ် အဆောက်အဦအတွင်း ရှိနေသူတစ်ဦးက ပြောပြခဲ့သည်။ သူ၏ လုံခြုံရေး အရ အမည် ဖော်ပြရန် ငြင်းဆိုထားသည်။
”သူတို့တတွေက သူတို့ လက်နက်တွေကို ဆွဲမထုတ်ခဲ့ပါဘူး။ သူတို့က ဘယ်သူကိုမှ အပြင်နှင့် မဆက်သွယ်စေချင်ဘူးဆိုတာ ထင်ရှားပါတယ်။”
ဦးရွှေမန်းသည် ပါတီဌာနချုပ်တွင် ရှိမနေသော်လည်း ဦးသိန်းစိန် ကို ထောက်ခံသူများက ပါတီကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် အရေးကြီး အချိန်တွင် ဦးရွှေမန်းအား ထောက်ခံသူများက မည်သည့် တုန့်ပြန်မှုများမှ မလုပ်ဆောင်နိုင်စေရန် တံခါးများ ပိတ်ထားခဲ့သည်။
ယခင် တပ်မတော်အစိုးရ လက်ထက်က ရာထူးဖယ်ရှားပုံများကဲ့ လက်နက် ကိုင်များ အသုံးပြုကာ ပါတီဌာနချုပ်အား စီးနှင်းပြီး ဦးရွှေမန်းအား ဖယ်ရှား ခဲ့ခြင်းက ရွေးကောက်ပွဲမတိုင်မီ ၃ လ မကြာတော့သည့် အချိန်တွင် ဦးရွှေမန်းအနေဖြင့် သမ္မတအဖြစ် ယှဉ်ပြိုင်ခြင်းမှ ထိထိရောက်ရောက် ပထုတ်ထားခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာ သတင်းဌာန က ရေးသားခဲ့သည်။
အဖယ်ရှားခံ ပါတီဥက္ကဌက ဒီမိုကရေစီသို့ ပိုမိုမြန်ဆန်စွာ ကူးပြောင်းဖွယ် အပါအ၀င် ကြေငြာရန် ရှိနေသည့် အစီအစဉ်မှလည်း သွေဖယ် သွားခဲ့ သည်ဟု ပါတီ၏ အကြံပေးများက ရိုက်တာသို့ ပြောကြားခဲ့သည်။
ဦးသိန်းစိန်က သူ၏ ပါတီအနေဖြင့် ရွေးကောက်ပွဲအပြီး သူ့လူ အများစု ပါဝင် သည့် အစိုးရဖွဲ့စည်းနိုင်လျှင် သူကိုယ်တိုင် သမ္မတဆက်ဖြစ်ရန်၊ သူရွေးခြယ် ထားသည့် သမ္မတလောင်းကို တင်မြှောက်နိုင်ရန် လမ်းရှင်းခဲ့ခြင်း ဖြစ်သည်။
အနားယူပြီး တပ်မတော်သားများ လွှမ်းမိုးထားသည့် USDP ပါတီတစ်ခုတွင် ယခင် ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည့် ဦးရွှေမန်းသည် ရာဒီကယ် ဆန်သည့် ပြုပြင်ပြောင်းလဲရေးသမားတော့ မဟုတ်သော်လည်း ပါတီအတွင်း တွင် ပြုပြင်ပြောင်းလဲရေးအတွက် အသံကျယ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ပိုမို အလုပ်ဖြစ်စေနိုင်သည့် မူဝါဒစာ ရွက်စာတမ်းများ ကျယ်ပြန့်စွာ လုပ်ဆောင် လျက်ရှိကြောင်း ရိုက်တာက သိရှိထားသည်။
”ပါတီအတွင်း ပဋိပက္ခတစ်ခုပါ။ ဒီလိုပုံစံမျိုး ခေါင်းဆောင်ပိုင်း အပြောင်းအလဲ က USDP ပါတီ ဒါမှမဟုတ် အခြားနိုင်ငံရေးပါတီတွေ အတွက် ကောင်းတဲ့ အရာ မဟုတ်ပါဘူး။ သူတို့က နောက်ဆုံး မတတ်သာလို့ လုပ်ခဲ့ကြ တာပါ။”ဟု ပြန်ကြားရေးဝန်ကြီးနှင့် သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ရိုက်တာကို ပြောကြားခဲ့သည်။
(တွေ့ဆုံမေးမြန်းရန် ရိုက်တာသတင်းဌာန၏ ပန်ကြားမှုကို ဦးရွှေမန်း၏ ရုံးက ငြင်းဆိုခဲ့သည်။)
သမ္မတဖြစ်လိုသည့် သူ၏ ရည်ရွယ်ချက်ကို မလျှို့ဝှက်ခဲ့သည့် ဦးရွှေမန်းအား ဖယ်ရှားလိုက်ခြင်းက နိုင်ငံရေးဖြစ်စဉ်အတွင်း နိုင်ငံတကာနှင့် ပြည်တွင်း ယုံကြည်မှုအပေါ် နောက်ထပ် ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့သည်။
ဦးရွှေမန်းအား ပါတီဥက္ကဌရာထူးမှ ဆင်းစေရန် သမ္မတက အနည်းဆုံး ၂ ကြိမ် ခန့် ကြိုးပမ်းခဲ့ပြီး မအောင်မြင် ဖြစ်ခဲ့ကြောင်း အာဏာရ USDP ပါတီဝင်များ၊ USDP ပါတီ၏ အကြံပေးများ၊ USDP အကြံပေးများ၊ သံတမန် များနှင့် တွေ့ဆုံမေးမြန်းမှုများမှ ရိုက်တာဌာနက ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ် သည်ဟု ဖော်ပြခဲ့သည်။
ဒီဇင်ဘာလတွင် ၁ ကြိမ်နှင့် မေလတွင် နောက် ၁ ကြိမ် ကျင်းပခဲ့ သည့် ခေါင်းဆောင်ပိုင်း အစည်းအဝေး များတွင် ဦးရွှေမန်းအား ဖယ်ရှားရန် ၂ ကြိမ်အထိ ကြိုးပမ်းခဲ့မှုများကို ဦးရွှေမန်းနှင့် သူ၏ ဘက်တော်သားများက တားဆီးနိုင်ခဲ့သည်ဟု ပါတီအကြံပေးတစ်ဦးနှင့် အနောက်နိုင်ငံတစ်ခုမှ သံအရာရှိတို့က ရိုက်တာကို ပြောကြားခဲ့သည်။
၂ ဘက်အုပ်စုများက မည်သူက သမ္မတလောင်းနှင့် ဥက္ကဌဖြစ်သင့်သည်နှင့် ပါတီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်သင့်သည့်အပေါ် အားပြိုင် ခဲ့ပြီးနောက် အစည်းအဝေး ၂ ခုလုံးကို အနိုင် အရှုံးမရှိ အဖြေ မထွက်ပဲ အဆုံးသတ်ခဲ့သည်ဟု ရိုက်တာ ရေးသားခဲ့သည်။
”ဒီလို ကြိုးပမ်းမှုတွေက မနှစ်ကတည်းက ဖြစ်လာခဲ့တာ။” ဟု အသေးစိတ်များ ကို သတိ မပြုမိသော်လည်း အဖယ်ရှားခံ ဥက္ကဌကို ထောက်ခံသည့် USDP လွှတ်တော် ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
လွှတ်တော်အတွင်းတွင် ရွေးခြယ်ခံမဟုတ်သည့် တပ်မတော်သား ၄ ပုံ ၁ ပုံ ခွင့်ပြုထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ချက်ကို ရဲရဲ တင်းတင်း ထောက်ခံလိုက်ခြင်းဖြင့် ဦးရွှေမန်းက တပ်မတော်ကို စိတ်ဆိုးစေ ခဲ့သည်။
နိုဝင်ဘာလရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က USDP ပါတီ၏ လက်ရှိနေရာများကို အနိုင်ရနိုင်ခြေ ကို ရင်ဆိုင်နေရသည့် သဘောထား တင်းမာသူများ အတွက် အန္တရာယ် အမှတ်အသားတစ်ခု ဖြစ်ခဲ့သည်။
”တပ်မတော်တွင်းမှ သဘောထား တင်းမာသူများနှင့် သမ္မတတို့က အခြေခံဥပဒေ ပြင်ဖို့ သူ့ရဲ့ အားထုတ်မှုတွေကို အတော်ကြီး မကြိုက်ကြဘူး။” ဟု လုံခြုံရေးတပ်ဖွဲ့များ တံခါးပိတ်လိုက်စဉ် ပါတီ ဌာနချုပ်တွင် ရှိနေခဲ့သည့် အမည်မဖော်လိုသူ USDP လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က ပြောကြားခဲ့သည်။
”ဦးရွှေမန်းက USDP ပါတီကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တာကို တပ်မတော် က ရပ်ဖို့ အမိန့်ပေးခဲ့တယ်။” ဟု အဆိုပါ USDP လွတ်တော် ကိုယ်စားလှယ်က ရိုက်တာသို့ ပြောကြားခဲ့သည်။
ရည်မှန်းချက်ကြီးသူ ဦးရွှေမန်းအပေါ် သြဇာညောင်းသည်ဟု ထင်မြင် ထားကြသည့် USDP ပါတီကို ထိန်းကျောင်းသူ ဗိုလ်မှူးကြီးဟောင်း ဦးအောင်သောင်း ဇူလိုင်လအတွင်း သေဆုံးပြီးနောက် ပါတီတွင်း အုပ်စုကွဲမှု ပိုဆိုးရွားလာခဲ့သည်။ ဦးအောင်သောင်းသည် ဦးရွှေမန်းဘက်က ဖြစ်သော် လည်း သမ္မတ၊ တပ်မတော်တို့နှင့် ခိုင်မာသည့် ဆက်ဆံရေးကို ထိန်းထားခဲ့ သည်။ သူ မရှိသည့်အခါမှ ပြဿနာတွေက ပေါ်ပေါက်လာခဲ့သည်။
ဦးရွှေမန်း ရာထူးချရာတွင် တပ်မတော်က မည်သည့် အခန်းက ပါဝင်ခဲ့သည် မှာ မရှင်းလင်းသော်လည်း တပ်မတော်က ဆိတ်ဆိတ်နေ လက်ခံခြင်း ကြောင့်သာ ယခုကဲ့သို့ အင်အားသုံးဖယ်ရှားနိုင်ခဲ့ကြခြင်း ဖြစ်မည် ဟု နိုင်ငံရေး လေ့လာသူများက ဆိုသည်။
နေပြည်တော် နယ်နမိတ်တွင် ပါတီဌာနချုပ်တစ်ခုအား နာရီအတန်ကြာ ပိတ်ဆို့ ထားရန် ရဲတပ်ဖွဲ့ချထားရန် အမိန့်သည် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို ၏ အတည်ပြုချက် လိုပါလိမ့်မည်ဟု ရိုက်တာသတင်းက ဖော်ပြခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ၀န်ကြီးဌာနမှာ အခြေခံဥပဒေအရ တပ်မတော်၏ အုပ်ချုပ်မှုအောက်တွင်ရှိသည် ၀န်ကြီးဌာန ၃ ခုအနက် ၁ ခုဖြစ်သည်။
”သူတို့ လုပ်ခဲ့တာက အာဏာရှိကြောင်း ပြလိုက်တာပါ။ ‘ကြည့်လိုက်စမ်း။ ငါတို့ ဒါမျိုး လုပ်နိုင်တယ်’ လို့ အခြားသူတွေကို ပြလိုက်တာ။”ဟု USDP လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက ဆိုသည်။
Hnin Yadana Zaw နှင့် Simon Webb တို့ ရေးသားသည့် Reuters ၏ သတင်းဆောင်းပါးကို The Ladies News Journal မှ ဆီလျော်အောင် ပြန်ဆိုသည်။
(Additional reporting by Antoni Slodkowski in NAYPYITAW and Aung Hla Tun in YANGON; Editing by Raju Gopalakrishnan and Alex Richardson)
The Ladies News Journal
https://www.facebook.com/News.TheLadies
စိုက်ပျိုးရန် လယ်မရှိတော့၍ မျိုးစပါး အလကားဖြန့်ဖြူးသော်လည်း ရွာသားများလက်မခံ
( သကြားကျေးရွာအနီးရှိ လယ်ကွင်းများကို ကြွမ်းဆိုးခေါ် ဒိုက်သရော အမှိုက်သရိုက်များ ဖုံးလွှမ်းထားစဉ်/ ဓာတ်ပုံ နိရဉ္စရာ)
 ရန်ကုန်၊ သြဂုတ် ၂၈
 ရခိုင်ပြည်နယ်မှ ရေကြီးခဲ့သော နေရာအချို့တွင် စပါးစိုက်ပျိုးနေသော လယ်မြေများအပေါ် ရခိုင်အခေါ် ကြွမ်းဆို၊ (မြန်မာ အခေါ် ဒိုက်သရောများ၊ အမှိုက်သရိုက်ဆိုးများ) ဖုံးလွှမ်းသွားသဖြင့် စပါးစိုက်ပျိုးရန် လယ်မြေမရှိတော့၍ မျိုးစပါးများကို ဖြန့်ဖြူးသော်လည်း လက်မခံကြတော့ဟု ဆိုသည်။
“ ကျွန်တော်တို့ မြောက်ဦးမြို့နယ်က သကြားဆိုတဲ့ ရွာကို ရောက်ပါတယ်။ လယ်ဧက အတော်တော်များများကို အမှိုက်သရိုက် ကြွမ်းဆိုးတွေ ဖုံးနေတာကို တွေ့ရတယ်။ မျက်စိ တစ်ဆုံးပါဘဲ။ ဒီလို ဖြစ်နေတော့ မျိုးစပါး ဖြန့်ဖြူးတော့လည်း ရွာသားတွေက လက်မခံကြတော့ပါဘူး” ဟု ကိုယ်တိုင် မျိုးစပါး ဖြန့်ဝေရန် သွားရောက်ခဲ့သည့် ရခိုင်မျိုးစောင့်အုပ်စုမှ ကိုခိုင်ထူးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၂၇ ရက်နေ့မှ သြဂုတ်လ တစ်ရက်နေ့ထိ ရေကြီးစဉ် လေးမြို့မြစ်အထက်ပိုင်း မှ သစ်ပင်များ၊ ထင်းတုန်းများ၊ အမှိုက်သရိုက်များ၊ ဒိုက်သရောများ ရေစီးနှင့် အတူ မျောပါလာပြီး လယ်ကွင်း အတော်အတော်များများကို ဖုံးလွှမ်းသွားခဲ့သဖြင့် စိုက်ပျိုးမြေဧက ရာနှင့် ချီ၍ ပျက်စီးသွားခဲ့သည်။
“ သူတို့အနေနဲ့ ဒီအမှိုက်သရိုက်တွေကို ဖယ်ရှားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ တင်ကျန်ရစ်ခဲ့တဲ့ ဒိုက်သရောတွေက နည်းနည်းနှောနှော မဟုတ်ဘူး။ စက်ကရိယာတွေအားနဲ့သာ ဖယ်ရှားရမယ်ထင်ပါတယ်။ အစိုးရ အကူအညီမပါရင် ဘယ်လိုမှဒေသခံတွေ အနေနဲ့ တတ်နိုင်မှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။
အများစု လယ်သမားများမှာ ရေဘေးကယ်ဆယ်ရေး အဖွဲ့များ၏ အထောက်အပံ့များကြောင့် စာရေး သောက်ရေးကို တစ်ရက်စာ၊ တပတ်စာ အတွက် ပူပင်စရာ မရှိသော်လည်း ရေရှည်အတွက်မှု မျှော်လင့်ချက်မဲ့နေကြသည်ဟု သိရသည်။
မြောက်ဦးဒေသခံ ကျောင်းဆရာတစ်ဦးကမူ ယခု ရေဘေးပြီးနောက် စားဝတ်နေရေး အကျပ်အတည်းကြောင့် မိမိဒေသကို စွန့်ခွာပြီး ထိုင်း၊ မလေးရှား၊ တရုတ်နယ်စပ်များသို့ ရခိုင် မိသားစုများ ဘယ်အတိုင်းအတာထိ ထွက်ခွာသွားကြမည် ကို သူ့အနေနှင့် မခန့်မှန်းနိုင်ဟု ပြောဆိုသည်။
၂၀၁၀ ဂီရိမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းကလည်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် မဆောက်ရွက်ခဲ့ သဖြင့် လေဘေးသင့် ဒေသမှ မိသားစု အများအပြားမှာ ကချင်၊ တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်များသို့ အလုပ် လုပ်ကိုင်ရန် ထွက်ခွာသွားခဲ့ကြသည်ဟု သိရသည်။
Arakan State
အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အုပ်စု ပွဲစဉ်တွင် မြန်မာ နှင့် တီမောသရေကျ
အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အုပ်စု (ခ) ပွဲစဉ်တွင် မြန်မာ နှင့် တီမောအသင်းတို့ ယှဉ်ပြိုင်နေကြစဉ် (ဓာတ်ပုံ-MFF)
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အုပ်စု ပွဲစဉ်တွင် မြန်မာအသင်းသည် တီမောအသင်းကို နာကျင်အချိန်ပို၌ ရရှိခဲ့သည့် သွင်းဂိုးဖြင့် သရေကျခဲ့ ပြီး လက်ရှိတွင် မြန်မာအသင်းမှ ရမှတ် ၄ မှတ် ရရှိထား ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ သတင်းထုတ်ပြန်သည်။
မြန်မာ ယူ-၁၉ အသင်းသည် ယခုပွဲတွင် ပွဲချိန် ၁ မိနစ် မပြည့်မီ ကတည်းက တီမော အသင်း၏ ဦးဆောင်မှုကို ခံခဲ့ရပြီး နာကျင် အချိန်ပို ၂ မိနစ်တွင် ချေပဂိုး ပြန်ရခဲ့ သောကြောင့်သာ ရှုံးပွဲမကြုံတွေ့ ခဲ့ရခြင်း ဖြစ်သည်။
" တီမောလို အားနည်းတဲ့ အသင်းကိုတောင် ကျွန်တော်တို့ အနိုင်မကစား နိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ အားနည်းချက် များစွာ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကံကောင်းလို့ သရေကျခဲ့တာပါ"ဟု မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဆီဇီက ပြောသည်။
မြန်မာ ယူ-၁၉ အသင်းသည် ပွဲစစချင်းမှာပင် ရုတ်တရက် အငိုက်မိကာ တီမော အသင်း၏ ဦးဆောင်ခြင်းကို ခွင့်ပြုခဲ့ရသည်။ ယင်းနောက်တွင် ချေပဂိုး ပြန်လည် ရရှိရန် အားထုတ် ခဲ့သော်လည်း ပထမပိုင်း ပွဲချိန် တစ်လျှောက် ကစားပုံ ဆိုးရွားခဲ့ပြီး တီမော အသင်းကသာ မြန်မာအသင်း ဂိုးပေါက်ကို ခြိမ်းခြောက် နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင်မူ မြန်မာ အသင်းက အသာစီး ရလာခဲ့ပြီး တီမော အသင်းကို ဖိကစား လာခဲ့သည်။ အပိုင် ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း တိုက်စစ်မှူးများ အားနည်းခဲ့ သောကြောင့် ဂိုးမရခဲ့ပေ။ သာမန် ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီးနောက် နာကျင် အချိန်ပို ၄ မိနစ်တွင်မူ မြန်မာ အသင်း ချေပဂိုး ရခဲ့သည်။ ယင်းဂိုးကို နာကျင် အချိန်ပို ၂ မိနစ် အရောက်တွင် ဘယ်ခြမ်း လက်ပစ်ဘောမှ တဆင့် တိုက်စစ်မှူး အောင်ဇင်ဖြိုးက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် လက်ရှိ အချိန်တွင် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်၌ ရမှတ် ၄ မှတ် ရရှိထားသည်။ မြန်မာ ယူ-၁၉ အသင်းသည် လာမည့် သြဂုတ်လ ၂၉ ရက်တွင် မလေးရှား အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
(Xinhua)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ မှ အနည်းဆုံး အခကြေးငွေ ထုတ်ပြန်ကြေညာ
    ရန်ကုန် ၊ သြဂုတ် ၂၈ ရက်
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ မှ သြဂုတ်လ ၂၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၂ /၂၀၁၅ ဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက် အား တရားဝင် ထုတ်ပြန်ခဲ့သည်။
ယနေ့ထုတ်ပြန်လိုက်သည့် အနည်းဆုံး အခကြေးငွေ ထုတ်ပြန်ကြေညာစာ အကြောင်းအရာ များမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရန် ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇ အဖြစ် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၌ပြဋ္ဌာန်းပေးခဲ့ပြီး အနည်းဆုံးအခကြေးငွေနည်းဥပဒေများကိုလည်း ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေနှင့် နည်းဥပဒေများ နှင့်အညီ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီး ကော်မတီ နှင့်ပြည်နယ်ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းပေးခဲ့ပြီး မြန်မာ နိုင်ငံရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ပေးနိုင်ရေးကို လုပ်ငန်းစဉ် ၅ ရပ် ချမှတ်၍ ဆောင်ရွက်ခဲ့ ပါသည်။
၃။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လက်ရှိအချိန်အထိ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေး(၈)ကြိမ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်းများ ပါဝင်သော သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးပွဲ အကြိမ်(၃၀)နှင့် ပညာရှင်များ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသော ရပ်မိရပ်ဖများပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲကြီး ကိုလည်း ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေသတ်မှတ်ရေး ဆိုင်ရာ သဘောထားများနှင့် အကြံပြုချက်များကို ရယူခဲ့ပါသည်။
၎။ ထိုသို့ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် (၇)ကြိမ်မြောက် အမျိုးသား ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီးကော်မတီနှင့် ပြည်နယ်ကော်မတီဝင်များ၏ အကြံပြုချက်များနှင့် သဘော ထားမှတ်ချက်များ၊ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သောအမျိုးသားကော်မတီအစည်းအဝေးများ၏ ရလဒ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများမှ ရရှိလာသော ဆွေးနွေးပွဲရလဒ်များ၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ ကော်မတီများအလိုက် ကျင်းပပြုလုပ်ခဲ့ သော အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးမှုများမှရရှိလာသည့် အဆိုပြု နှုန်းထားများ၊ တစ်နိုင်ငံလုံးကိုလွှမ်းခြုံ၍ မြို့နယ်ပေါင်း (၁၀၈) မြို့နယ်ရှိ အိမ်ထောင်စုပေါင်း (၂၂၀၃၂)စု၏ နေထိုင်စားသောက်မှုကုန်ကျစရိတ် စာရင်းစစ်တမ်း ကောက်ယူမှုမှရရှိခဲ့သည့် လူတစ်ဦးချင်း၏ ပျမ်းမျှနေထိုင်စားသောက်မှုကုန်ကျစရိတ်နှုန်းထားများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံး အခြေခံလစာနှင့် နေ့စားအလုပ်သမားများ၏လုပ်ခ စသည်တို့အပေါ်တွင် မှီငြမ်းကိုးကား၍ အဆိုပြု အနည်းဆုံး အခကြေးငွေကို ညှိနှိုင်းသတ်မှတ်ခဲ့ကြပါသည်။
၅။ ထိုသို့ဆွေးနွေးညှိနှိုင်းချက်အရ မြန်မာနိုင်ငံရှိအလုပ်သမားများအတွက် အဆိုပြုအနည်းဆုံး အခကြေးငွေ နှုန်းထားနှင့် ပတ်သက်၍ နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်သည့် အဆိုပြု အနည်းဆုံးအခကြေးငွေမှာ တစ်နာရီလျှင် ကျပ် ၄၅၀/- (ကျပ်လေးရာ ငါးဆယ်တိတိ) နှုန်းဖြင့် အလုပ်ချိန် (၈) နာရီ (တစ်ရက်)အတွက် ကျပ် ၃၆၀၀/- (ကျပ်သုံးထောင် ခြောက်ရာတိတိ) ဖြစ်ကြောင်းနှင့် ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၅ ဦးနှင့် အောက်ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်း ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အမိန့်ကြော်ငြာစာအမှတ်၊ ၁/၂၀၁၅ ဖြင့် ထုတ်ပြန်ကြေညာ ပေးခဲ့ပါသည်။
၆။ အဆိုပါ အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းနှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက်ပြုခြင်း၊ ကန့်ကွက်ခြင်းနှင့် ပြင်ဆင်ခြင်းများကို ဆောင်ရွက်လိုသည့် အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်သည် အဆိုပြု အနည်းဆုံး အခကြေးငွေ ထုတ်ပြန်သည့် နေ့ရက်မှစ၍ ရက်သတ္တနှစ်ပတ်အတွင်း သတ်မှတ် ပေးထားသည့် ပုံစံတွင်ဖြည့်စွက်ပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ပြည်ထောင်စု နယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ (သို့မဟုတ်) ပြည်နယ်ကော်မတီထံ ပေးပို့နိုင်ကြောင်း ကိုလည်း ထုတ်ပြန်ကြေညာ ပေးခဲ့ပါသည်။
၇။ အဆိုပါကြေညာချက်အရ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အလုပ်ရှင်နှင့် အလုပ်ရှင် အဖွဲ့အစည်းများ၊ အလုပ်သမားနှင့် အလုပ်သမားအဖွဲ့အစည်းများ၏ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်း၊ အဆိုပြုခြင်းနှင့် ထောက်ခံခြင်း စသည့် သဘောထားမှတ်ချက်များအား ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများက ကွင်းဆင်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါသည်။
၈။ ထိုသို့ဆောင်ရွက်ခဲ့ပြီးနောက် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မတီဥက္ကဌများ အပါအဝင် ညှိနှိုင်းအစည်းအဝေးထပ်မံကျင်းပ၍ အတည်ပြုအနည်းဆုံး အခကြေး ငွေသတ်မှတ်နိုင်ရေးကို ညှိနှိုင်းဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၄၅၀/- (ကျပ်လေးရာ ငါးဆယ်တိတိ) နှုန်းဖြင့် အလုပ်ချိန် (၈) နာရီ (တစ်ရက်) အတွက် ကျပ် ၃၆၀၀/- (ကျပ် သုံးထောင် ခြောက်ရာတိတိ) သတ်မှတ်သင့်ကြောင်းနှင့် ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၅ ဦးနှင့် အောက်ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင် တစ်နိုင်လုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်းကို ကန့်ကွက်သူ မရှိဘဲ သဘောတူအတည်ပြုခဲ့ကြ ပါသည်။
၉။ သို့ဖြစ်ပါ၍ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ) နှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်အရ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်သည့် အနည်းဆုံးအခကြေးငွေမှာ တစ်နာရီလျှင် ကျပ် ၄၅၀/- (ကျပ်လေးရာ ငါးဆယ်တိတိ) နှုန်းဖြင့် အလုပ်ချိန် (၈)နာရီ (တစ်ရက်) အတွက် ကျပ် ၃၆၀၀/- (ကျပ် သုံးထောင် ခြောက်ရာတိတိ) ဖြစ်ကြောင်းနှင့် ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၅ ဦးနှင့် အောက်ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။
ချင်းပြည်နယ်၌ သဘာဝ တောင်ပေါ် ရေကန် ရေလျှံကျိုးပေါက် ၍ ရွာနှစ်ရွာ ရေထဲမျောပါ ပျက်စီး
ချင်းပြည်နယ် တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် လူနေအိမ်များ ပျက်စီးနေပုံ (ဓာတ်ပုံ-MOI)
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
ချင်းပြည်နယ် တွန်းဇံမြို့တွင် ယနေ့နံနက် ၃နာရီမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းကာ သဘာဝ တောင်ပေါ်ရေကန် ရေလျှံ ကျိုးပေါက် ၍ ရွာနှစ်ရွာ ရေထဲမျောပါ ပျက်စီးခဲ့ကြောင်း အစိုးရ သတင်းဌာန များတွင် ထုတ်ပြန်သည်။
တွီ့ခိန်ဇန်ကျေးရွာ မှ အိမ်ခြေ ၄၀ ကျော် နှင့် ဟားခါးလေးကျေးရွာ မှ အိမ်ခြေ ၅၀ ကျော် ရေထဲမျောပါကာ လက်ရှိ အချိန်ထိ လူနှစ်ဦးပျောက်ဆုံး နေပြီး အဆိုပါ ဒေသသို့ ကယ်ဆယ်ရေးများ သွားရောက် ဆောင်ရွက် လျက်ရှိသည်။
လက်ရှိ တောင်ပေါ် ရေကြီး ရေလျှံမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းရှိ နေရဉ္ဇာမြစ်ရေ တက်လျက်ရှိသော်လည်း ရာဇဂြိုလ်ဆည် ကျိုးပေါက်ခြင်းမရှိသေးကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ရာဇဂြိုလ်ဆည်ပေါက်ကျသည့် ကောလဟာလများကြောင့် ကလေးမြို့ အနိမ့်ပိုင်းရှိမြို့များမှ ဒေသခံများ နေရာများ ပြောင်းရွေ့လျှက်ရှိသည်။
(Xinhua)
၁၂ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် ပြီးဆုံး
၁၂ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး (ဆင်ဟွာ)
    ရန်ကုန်၊သြဂုတ်၂၈ ရက် (ဆင်ဟွာ)
    ၁၂ ကြိမ်မြောက် ပြည်ထောင် စုလွှတ်တော် အစည်းအဝေး ယနေ့ ပြီးဆုံး ကြောင်း နှင့် မကြာမီ ပြန်စမည့် လွှတ်တော် တွင် ဥပဒေ များ ပြင်ဆင်ရန် ရှိသည့် အတွက် လွှတ်တော် ကိုယ်စားလှယ် များ အနေဖြင့် ကြိုတင် ပြင်ဆင် စရာ ရှိသည် များအား ပြင်ဆင်ထားရန် ပြည်ထောင်စု လွှတ်တော် နာယက မှ ပြောကြားခဲ့ ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က ဆင်ဟွာ ကိုပြော သည်။
    ဦးခိုင်မောင်ရည်က “ ပြည်ထောင်စု လွှတ်တော် က လ လွှတ်တော် ကိုယ်စားလှယ် ၅၀ ရာခိုင် နှုန်း နဲ့ ၆၀ ရာခိုင်နှုန်း ပြန်လည်ပြီး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကြမယ်ဆိုတဲ့ အကြောင်းနဲ့  မကြာမီ လွှတ်တော်ပြန်စမယ် ဆိုပြီး နာယကကြီးက ဒီနေ့ ပြောသွားပါတယ်” ဟု ပြောသည်။
    ယခု ၁၂ ကြိမ်မြောက် အစည်းအဝေး တွင် ဥပဒေကြမ်းပေါင်း ၅၂ ခုအား အတည်ပြုနိုင် ခဲ့ပြီး လက်ရှိတွင် ရုပ်မြင်သံကြား နှင့် အသံထုတ်လွှင် ခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ၂၀၁၂ ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေ ကို ပြင်ဆင် သည့်  ဥပဒေကြမ်း၊ မော်တော်ယာဉ်ဥပဒေကြမ်း  နှင့် တစ်လင် တစ်မယား စနစ်ကျင့် သုံးခြင်း ဆိုင်ရာ ဥပဒေကြမ်း ၄ ခု အား အတည် ပြုပြီး သမ္မတ ထံသို့ ထပ်မံ ပေးပို့ထားကြောင်း သိရသည်။
    ဆွေးနွေးဆဲ ဥပဒေကြမ်း ၃ ခု ရှိပြီး  လွှတ်တော် ကိုယ်စားလှယ် တာဝန် မှ ပြန်လည်ရုတ် သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်း အပါအဝင် ဆိုင်းငံ့ ထားသည့် ဥပဒေကြမ်း ၉ ခု ရှိကြောင်း၊ အဆိုပါ မပြီးပြတ်သေးသည့် ဥပဒေကြမ်းများအား ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် သူရဦးရွှေမန်းမှ ပြောကြားခဲ့သည်။
    အမျိုးသား လွှတ်တော် တွင် ဆောင်ရွက်ဆဲ အဖြစ် ဥပဒေကြမ်း ၂၆ ခု၊ လွှတ်တော် ကော်မတီ နှင့် ကိုယ်စားလှယ် မှ တင်သွင်း သည့် ဥပဒေကြမ်း ၄ ခု၊ စုစုပေါင်း ဥပဒေကြမ်း ၃၀ ကျန်ရှိနေကြောင်း သိရသည်။ သြဂုတ်လ ၂၇ ရက် နေ့ ကလည်း ပထမအကြိမ် ၁၂ ကြိမ်မြောက် ပြည်သူ့ လွှတ်တော် အစည်းအဝေး ပြီးဆုံးခဲ့ပြီး ယခု အကြိမ် အစည်းအဝေးသည် ၇ လ နှင့် ၉ ရက် ကြာမြင့် ခဲ့ကြောင်း သိရသည်။ အစည်းအဝေး ပေါင်း ၈၉ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ကြယ်ပွင့်ပြ မေးခွန်း ၄၁၂ ခု အနက် ၃၆၆ ခု မေးမြန်း နိုင်ခဲ့ပြီး၊ ကြယ်ပွင့် မပြ မေးခွန်း ၁၃၈၁ ခု အနက် ၁၃၀၀ ခုကို ဖြေကြား နိုင်ခဲ့ကြောင်း၊ အဆို ၂၅ ခု နှင့် အရေးကြီး အဆို ၁ ခု ကို ဆောင်ရွက် နိုင်ခဲ့ ကြောင်း သိရသည်။
 (Xinhua)    
အနည်းဆုံးအခကြေးငွေ တစ်နာရီ ၄၅ဝ နှင့် တစ်ရက် ၈ နာရီလျှင် ကျပ် ၃၆ဝဝ သတ်မှတ်
ရန်ကုန်၊ သြဂုတ် ၂၈
 အနည်းဆုံးအခကြေးငွေအား တစ်နာရီ ၄၅ဝ နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ တစ်ရက်အတွက် ကျပ် ၃၆ဝဝ ဖြစ်ကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက
 သြဂုတ်လ ၂၈ ရက်တွင် သတ်မှတ်လိုက်သည်။
ယင်းအနည်းဆုံးအခကြေးငွေကို မြန်မာနိုင်ငံရှိ အလုပ်သမားများအ တွက် နေရာဒေသနှင့် လုပ်ငန်းအမျိုး အစားမခွဲခြားဘဲ ၂ဝ၁၅ ခုနှစ်၊ စက် တင်ဘာလ ၁ ရက်မှစတင်၍ တစ်နိုင် ငံလုံးတစ်ပြေးညီ သတ်မှတ်ထား ကြောင်း၊ ယင်းနှုန်းထားသတ်မှတ် ချက်မှာ အလုပ်သမား ၁၅ ဦးနှင့် အောက်ရှိသည့် လုပ်ငန်းငယ်များနှင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများ နှင့် သက်ဆိုင်မှုမရှိကြောင်း အနည်း ဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင် ရာ အမျိုးသာကော်မတီ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။
အနည်းဆုံးအခကြးငွေ သတ် မှတ်သည့်အပေါ်တွင် မြန်မာနိုင်ငံ တောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဇာနည် သွေးက ''အခုလို ၃၆ဝဝ သတ်မှတ် လိုက်တာကို သဘောတူပါတယ်။ သို့ သော်ကျွန်တော်တို့တောင်းဆိုတာ ၃၆ဝဝ တင်မကဘူး၊ သွားလာမှုစရိတ်၊ နေဖို့နေရာ၊ လုပ်ငန်းခွင်အလိုက် ကျွမ်း ကျင်မှု၊ သင်ကြားမူပိုင်းတွေ ဒါတွေ လည်းပါတယ်။ ဒီနေ့တက်လာတဲ့ ကုန်ဈေးနှုန်းအခြေအနေကိုကြည့်ရမယ်။ အခုလိုအရင်ဆုံး အသိအမှတ်ပြုပြီး နှုန်းထားတစ်ခုကို သတ်မှတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒါသည် ပထမအဆင့်အောင်မြင်တာ ဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။
အနည်းဆုံးအခကြေးငွေသတ် မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ သည် ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီ ဥက္ကဋ္ဌများအပါအဝင် အစည်းအဝေး ထပ်မံကျင်းပ၍ အတည်ပြုအနည်းဆုံး အခကြေးငွေသတ်မှတ်နိုင်ရေးကို ညှိနှိုင်းဆွေးနွေးပြီး သဘောတူ အ တည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 နိုင်
The Street View
https://www.facebook.com/pages/The-Street-View
လစာငွေများတွင် စက္ကူဖြတ်စများ ရောနှောပါဝင်ခဲ့မှုကို CID မှ စစ်ဆေးနေ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် မြို့နယ်ပညာရေးဝန်ထမ်းများအတွက် ဖေဖော်ဝါရီလက ထုတ်ယူခဲ့သော လစာငွေများတွင် စက္ကူဖြတ်စများ ရောနှောပါဝင်ခဲ့မှုကို ယခု ၆ လ အကြာတွင် ကျောင်းဆရာတစ်ဦးအား ယမန်ယူ၍ စစ်ဆေးနေပြီဖြစ်ကြောင်း မှုခင်းရဲတပ်ဖွဲ့ CID မှ သိရှိရသည်။
ပုသိမ်၊ သြဂုတ် ၂၈
ပြစ်မှုကျူးလွန်သူဟု ယူဆရသူ မအူပင်မြို့နယ်၊ ကုန်းတန်းကြီးကျေး ရွာ၊ မူလတန်းပြကျောင်းဆရာ ဦးဌေး ဝင်းအား ယမန်ယူ၍ စစ်ဆေးနေပြီး သုံးစွဲခဲ့သော သက်သေခံငွေကြေးများ ကို ဆောက်လုပ်ရေးပစ္စည်းဆိုင်၊ ရွှေ ဆိုင်နှင့် အကြွေးပေးဆပ်ထားသူများ ထံမှ ရဲတပ်ဖွဲ့တာဝန်ရှိသူများက လိုက် လံသိမ်းဆည်းနေကြောင်း သိရှိရသည်။
''အခုအချိန်မှာတော့ ဥပဒေနဲ့ အညီ ယမန်ယူစစ်ဆေးနေဆဲပဲရှိပါ သေးတယ်။ ပေါ်ပေါက်လာတဲ့အပေါ် မှာမှ ဥပဒေအကြံတောင်းတင်ရပါ ဦးမယ်၊ ဒါတောင်မှ တရားခံမဖြစ် သေးပါဘူး၊ မသင်္ကာသူပဲရှိပါသေး တယ်၊ ဥပဒေအကြံပြုချက်နဲ့ဆက်လုပ် ပြီး တရားသူကြီးကသာ ဆုံးဖြတ်နိုင် ပါတယ်၊ ကျွန်တော်တို့အနေနဲ့ အမှား အယွင်းမရှိအောင် စေ့စေ့စပ်စပ် ဆောင်ရွက်နေပါတယ်''ဟု ဧရာဝတီ တိုင်းဒေသကြီး မှုခင်းတပ်ဖွဲ့တာဝန် ရှိသူတစ်ဦးပြောသည်။
ပြစ်မှုကျူးလွန်သူဟု ယူဆရသော ဦးဌေးဝင်းနှင့်ပတ်သက်သည့် အပေါင် ဆိုင်လက်မှတ်များ သက်ဆိုင်ရာ စာ ရွက်စာတမ်းများ ဦးဌေးဝင်းထံမှ ငွေ ၉ သိန်းတို့ကို မအူပင်မြို့နယ် ပညာ ရေးဝန်ထမ်းများ၏ လစာထုတ်ခေါင်း ဆောင်မြို့နယ်ပညာရေးမှူး ဦးမြင့်စိုး နှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများက လိုက် လံသိမ်းဆည်းနေကြောင်း ဦးဌေးဝင်း သည် ဧရာဝတီတိုင်းဒေသကြီးမှ ဂျ ပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ပညာ ရေးလေ့လာရေးအဖွဲ့တွင် ရွေးချယ်စေ လွှတ်ခံရသူများတွင် ပါဝင်သူဖြစ် ကြောင်း မအူပင်မြို့မှ ဦးထွန်းနိုင်မှ ပြောသည်။
''၂၇ ရက်မနက်ပိုင်းက သမီး တော်ရွှေဆိုင်မှာ ဝင်စစ်နေတာတွေ့ တယ်၊ သက်သေခံသိမ်းတာတို့၊ ဘာ တို့လုပ်တယ်၊ ညနေပိုင်းမှာ ပညာ ရေးမှူးဦးမြင့်စိုးပိုင်တဲ့ မိုးမိတ်လက် ဖက်ရည်ဆိုင်မှာ ကိုဌေးဝင်းက ငွေ အပြောင်းအလဲလုပ်ပုံကို ရဲတပ်ဖွဲ့ဝင် တွေရှေ့မှာ လုပ်ပြရတယ်၊ အခုတော့ သူ့ကို ရန်ကုန်(CID)ကို ခေါ်သွား တယ်လို့ သိရတယ်''ဟု မအူပင်မြို့ ပျိုးခင်းသစ်ဖောင်ဒေးရှင်းမှ ကိုထိုက် ထိုက်ကပြောသည်။
မအူပင်မြို့နယ်ပညာရေးဝန် ထမ်း များအတွက် လစာငွေကျပ် သိန်း ၁၉၁၈ ၁၉၁၈ သိန်းတွင် သိန်း ၅ဝ ကျပ်တန်ဖိုးရှိသည့် ငွေထုတ်၌ ငွေ စက္ကူထုပ်ပုံစံ လှီးဖြတ်ထုတ်ပိုးထား သည့် A4 အမျိုးအစားစက္ကူထုတ်များ ရောနှောပါဝင်ခြင်းနှင့် ပတ်သက်၍ မအူပင်မြို့နယ် အခြေခံပညာဦးစီးဌာ န၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦး မြင့်စိုးက ဖေဖော်ဝါရီလ ၂၇ ရက်၊ ည ၇း၃ဝ အချိန်တွင် မအူပင်မြို့၊ မြို့မရဲစခန်းသို့ သိန်း ၅ဝ မှားယွင်း မှုအား စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်ကြားလာသဖြင့် ၄င်းရဲစခန်းမှ ပြစ်မှုအမှတ် (ပ)၄ဝ/၂ဝ၁၅ ပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိ သော အမှုဖြစ်ကြောင်းသိရှိရသည်။
မြင့်မိုဃ်း
The Street View
https://www.facebook.com/pages/The-Street-View
မောင်းမကန်လမ်းတစ်ကြော ညဘက် မီးမကြာခဏပျက်
|Dawei Watch|ထားဝယ်၊ သြဂုတ် ၂၈
သဘာဝဓာတ်ငွေ့ဖြင့် ထားဝယ်ခရိုင်လေးမြို့နယ် ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားရပြီးသည့်အချိန်မှစ၍ ထားဝယ်မြို့ ကမြောကင်း တံတားထိပ်မှ မောင်းမကန်လမ်း တစ်လျှောက် ညဘက်တွင် လျှပ်စစ်မီး မကြာခဏ ပျက်နေကြောင်း ယင်းလမ်းတစ်လျှောက်ရှိ ဒေသခံများက ပြောသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ ကမြောကင်း၊ သောကြာပြင်တို့မှ စ၍ မောင်းမကန်၊ သဘော့ဆိပ် စသည့်ကျေးရွာများအထိ ဆယ်သွယ်ထားသည့် လျှပ်စစ်ဓာတ်အားလိုင်းမှာ ညတိုင်းနီးပါး လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်သည်ဟု ကမြောကင်းကျေးရွာနှင့် မောင်းမကန်ကျေးရွာတို့မှ ဒေသခံတို့က ပြောသည်။
“ဖယောင်းတိုင်နဲ့ မီးခြစ် လက်ထဲကကို မချရဘူး။ မီးက ခဏခဏပျက်နေတာ။ ဘာမှလုပ်လို့မရဘူး” ဟု မောင်းမကန်ကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ဖွင့်ဟသည်။
နေ့ဘက်တွင် တခါတရံသာ လျှပ်စစ်ဓာတ်အား ပြတ်တောက်လေ့ရှိသော်လည်း ညဘက်တွင်မူ ညတိုင်းနီးပါး လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး တစ်ညလျှင် ၃ ကြိမ် ၄ ကြိမ် အထိ ပြတ်တောက်ကာ တစ်ကြိမ် လျှင် ၁၅ မိနစ် နှင့် ၂၀ မိနစ်ကြာလေ့ရှိ သည့်အပြင် တခါတရံတွင် မီးပျက်ပြီး ပြန်မရတော့ဟု မောင်းမကန်ကျေးရွာနှင့် ကမြောကင်းကျေးရွာနေထိုင်သူများက ပြောသည်။
မီးပျက်သည်နေသည်နှင့် ပတ်သက်ပြီ ဖြစ်နိုင်ခြေ အရှိဆုံး အကြောင်းရင်းမှာ ဓာတ်အားလိုင်းကို သစ်ခက်များရိုက်မိ၍ ဖြစ်နိုင်ကြောင်း တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဲဒီလိုင်းက ထိတာနဲ့ အခြားလိုင်းတွေကိုပါ မထိခိုက်အောင် ချက်ချင်းဖြတ်ချပစ်တဲ့ နည်းစနစ်ကို သုံးထားတယ်။ ဒါကြောင့် လိုင်းတစ်လျှောက်မှာ ကြိုးနဲ့နီးတဲ့ သစ်ကိုင်းသစ်ခက်တွေကိုရှင်းဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။
ထိုကြောင့် ၁၁ ကေဗွီ လိုင်းနှင့် သစ်ကိုင်းသစ်ခက်များ နှီးကပ်စွာရှိနေပါက ရှင်းလင်းပစ်ရန်လိုအပ်ပြီး ယင်းသို့ရှင်းလင်းရာတွင် ကိုယ်တိုင် ရှင်းလင်းပါက အန္တရာယ်များသည့်အတွက် လျှပ်စစ်ဌာနသို့ ဆယ်သွယ်ပေးစေလိုကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ကံပေါက်မှ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး စတင်ဖြန့်ဖြူးချိန်က ရေဖြူမြို့နယ်ကိုပေးမည့် လျှပ်စစ်ဓာတ်အား ပြတ်တောက် ခဲ့ဖူးပြီး ဇဟာကျေးရွာတွင် ၁၁ ကေဗွီဓာတ်အားလိုင်းပေါ် ပုတ်သင်ညိုထိသည်ဟု အကြောင်းပြဖူးသည်။
Dawei Watch
တနင်္သာရီတွင် နှစ်ပေါင်းသုံးဆယ်အတွင်း ရိုးရာခြင်းလုံး ပြိုင်ပွဲ ပထမဆုံး ပြန်ကျင်းပ
|Dawei Watch| ထားဝယ်၊ သြဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီးတွင် နှစ်ပေါင်းသုံးဆယ်အတွင်း မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲကို ထားဝယ်မြို့ရှိ ရွှေဝယ်သီရိ အားကစား ခန်းမတွင် သြဂုတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။
၁၉၈၅ ခုနစ်က တနင်္သာရီတိုင်းဒေသကြီးတွင် ၁၀ မြို့နယ် မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့ပြီး ယခုနှစ် ၂၀၁၅ ခုနစ်တွင်မှ ခရိုင်အလိုက် မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲကို ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း တိုင်းအား/ကာ ထံမှ သိရသည်။
ဒေသအတွင်း ခြင်းလုံးခတ်သူများမှာ အပျော်တမ်းခတ်သူများသာ များသည့်အတွက် တိုင်းနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲများ သွားသည့်အခါ အဆင်မမီဖြစ်ခဲ့သည်ဟု တိုင်းအား/ကာမှူး ဦးစိုးမိုးနိုင်က ပြောသည်။
“ပြိုင်ပွဲခတ်တဲ့ ပုံစံအတိုင်း လူငယ်တွေ ၀ါသနာပါပြီး လေ့ကျင့်လာအောင် အခုလို ပြန်ကျင်းပဖြစ်တာ”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။
ယင်းရိုးရာခြင်းလုံးပြိုင်ပွဲကို ကော့သောင်းခရိုင်အသင်း၊ ထားဝယ်ခရိုင်(က)အသင်း၊ ထားဝယ်ခရိုင်(ခ)အသင်းနှင့် မြိတ်ခရိုင် အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကော့သောင်းခရိုင်အသင်းက ပထမ၊ ထားဝယ်ခရိုင်(က)အသင်းက ဒုတိယနှင့် ထားဝယ်ခရိုင် (ခ)အသင်းက တတိယ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
“ရိုးရာခြင်း ပြိုင်ပွဲတွေလုပ်မယ်ဆိုရင် စနစ်တကျ ခတ်နိုင်အောင် သင်ပေးမယ့် နေရာတွေရှိဖို့ လိုတယ်” ဟု ညနေဘက် ခြင်းလုံး ခတ် လေ့ရှိသည့် ထားဝယ်မြို့ခံ လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။
၁၉၉၀ ခုနစ် မတိုင်မီက တနင်္သာရီတိုင်းဒေသကြီးအသင်းက တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲများတွင် အမြင့်ဆုံးဆုများအဖြစ် တတိယဆု သုံးကြိမ်၊ အကောင်းဆုံးကစားသမား ဆုတစ်ဆုနှင့် တိုးတက်ဆုံးအသင်းဆုတစ်ဆု တို့ကို ရရှိခဲ့ဖူးကြောင်း တိုင်းအား/ကာထံမှ သိရသည်။
Dawei Watch
တောဆင်ရိုင်းများ မူလကျက်စားရာ ပဲခူးရိုးမဆီသို့ ပြန်လည်ပို့ဆောင်ရေး စတင်ထိန်းကျောင်းမောင်းနှင်
 ကျောက်ပန်းတောင်း သြဂုတ် ၂၇
 နတ်မောက်မြို့သစ် ပဲခူးရိုးမဆီမှ နယ်ကျွံဝင်ရောက်လာခဲ့သော ရိုးမပျော်ဆင်ရိုင်းအုပ်စုကို မိုင်ရာကျော် ခရီးနှင်၍ ၄င်းတို့ဝင်ရောက်လာရာလမ်းမှ ယခုအခါ သင့်လျော်သော သဘာဝပတ်ဝန်းကျင်ရှိရာ ၄င်းတို့၏ မူလအရပ် ပဲခူးရိုးမဆီသို့ ပြန်လည်ဦးတည်စေ၍ ယနေ့ ညနေတွင် စတင်ထိန်းကျောင်းမောင်းနှင်နေပြီ ဖြစ်သည်။
ပဲခူးရိုးမပေါ်မှတစ်ဆင့် နတ်မောက်မြို့သစ်နယ်၊ ယင်းမှတစ်ဆင့် မိတ္ထီလာ ညောင်ဦးမြို့နယ်များကို ဖြတ်ကျော် ကာ သြဂုတ် ၂၇ ရက်တွင် ကျောက်ပန်း တောင်းမြို့နယ်အတွင်းရှိ လွန်ပင်ကုန်းရွာအနီး လျှိုတစ်ခုအတွင်း နေခိုရပ်နား နေကြကြောင်းသိရသည်။
တောဆင်ရိုင်းခြောက်ကောင်အနက်တစ်ကောင်သည် ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း ယူဆရသဖြင့် နတ်ပလ္လင်တောင်၌ အုပ်စုမှ သင်းကွဲကာ ကျန်ရစ်ခဲ့ကြောင်းသိရသည်။
ကျန်ရှိငါးကောင်မှာ သြဂုတ် ၂၇ ရက် ညနေပိုင်းအထိ ကျောက်ပန်း တောင်းမြို့နယ် လွန်ပင်ကုန်းကျေးရွာနှင့် စံပြကျေးရွာအကြားရှိ လျှိုတစ်ခု အတွင်း ရပ်နားခဲ့ကြသည်။
ယခုအခါတွင် ယင်းဆင်ရိုင်းအုပ်စုကို ရိုးမတောသို့ ပြန်လည်ထိန်းကျောင်း မောင်းနှင်ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများနှင့်အတူ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်မှ ဆင်ယဉ်များ ရောက်ရှိလာပြီး ယနေ့ ညနေပိုင်းမှစ၍ ထိန်းကျောင်းမောင်းနှင်နေပြီဖြစ်ကြောင်း၊ ဆင်ယဉ်များ သယ်ဆောင်လာသူများက ဆင်အုပ်၏ဦးတည်ရာ လမ်းကြောင်းမပြောင်းလဲ စေရေး၊ ဆင်များအနှောင့်အယှက်မဖြစ်စေရေး၊ ဒေသခံများအန္တရာယ်မဖြစ် စေရေးအတွက် ဆင်များကို အနီးကပ်လာရောက်ကြည့်ရှုခြင်းမပြုရန်နှင့် ဆင်များဖြတ်သန်းမည့် ခန့်မှန်းလမ်းကြောင်းများတွင်လည်း သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများက သတိပေးလျက်ရှိကြောင်းသိရသည်။
သို့သော်လည်း ရွာသူရွာသားများက ဆိုင်ကယ်များအုပ်စုဖွဲ့၍ လူ ၅ဝ-၇ဝ မှ ၂ဝဝ အထိ မြောက်မြားစွာ လာရောက်ကြည့်ရှုဆူညံခြင်း ပြုလုပ်လျက် ရှိရာ ဆင်များကိုမူလနေရာ ပြန်ပို့မည့် လမ်းကြောင်းအတွက် အနှောင့် အယှက်ဖြစ်သလို ဒေသခံများအတွက်လည်း အန္တရာယ်ကိုလက်ယပ်ခေါ် နေသလိုဖြစ်ကြောင်း တောဆင်ရိုင်းများ သွားလာရာလမ်းကြောင်းအတိုင်း လိုက်ပါကာ အနီးကပ်စောင့်ကြည့်နေသည့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောပြသည်။
''တောဆင်ရိုင်းတွေက လွန်ပင်ကုန်းကျေးရွာဘက်ကို နံနက် ၈ နာရီက တည်းက ရောက်နေတာပါ။ တစ်နေကုန်လျှိုထဲမှာပဲခိုနေကြတယ်။ သူတို့ကို မူလကျက်စားရာဆီ ပြန်ပို့ဖို့ကတော့ အခုညနေကျမှ ဆင်ယဉ်တွေသုံးပြီး စတင်ထိန်းကျောင်းမောင်းနှင်တာပါ။ အခုတော့ စံပြကျေးရွာနဲ့ မဲထီးကျေးရွာ ဘက်ကို ဦးတည်ပြီး မောင်းနေပါတယ်။ အခုညနေမှ စမောင်းတာဆိုတော့ နောက်ထပ်ဘာတွေ ထပ်ဖြစ်မလဲဆိုတာ အတိအကျ ပြောလို့မရသေးပါဘူး'' ဟု ကျောက်ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်း ထိုက်ကပြောသည်။
နောက်ဆုံးသတင်းများအရ ည ၉ နာရီအထိ လွန်ပင်ကုန်းလျှိုမြောင် အတွင်း တောဆင်ရိုင်းငါးကောင်ကို မောင်းထုတ်ရန်အတွက် လေ့ကျင့်ပေး ထားသော ဆင်ယဉ်လေးကောင်ဖြင့် မျှားခေါ်၍ နေရပ်သို့ ပြန်ရန် ဆောင် ရွက်လျက်ရှိသည်။ အဆိုပါ တောဆင်ရိုင်းများသည် ကျောက်ပန်းတောင်း မြို့နယ် စံပြကျေးရွာအနီးသို့ ချဉ်းကပ်လာသဖြင့် ဒေသခံပြည်သူများက ကျေးရွာအတွင်းသို့ ဝင်ရောက်မလာနိုင်ရန် မီးလင်းဖိုများပြုလုပ်ပြီး ခြောက် လှန့်ခဲ့ရကြောင်း သိရသည်။
ဇူလိုင်မိုး(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမျိုးသား တိုးတက်​​ရေးပါတီ တနင်္သာရီတိုင်းအတွင်း မြို့နယ်​ ၅​​ ခုတွင် ၀င်ပြိုင်မည်
ကော့သောင်းတွင် ခရိုင်နှင့် မြို့နယ် ပါတီ ရုံးခန်း ဖွင့်လှစ်စဉ်
ဓာတ်ပုံ - နိုင်သစ် / Dawei Watch
 ကော့သောင်း၊ သြဂုတ် ၂၆
သမ္မတ ဦးသိန်းစိန် အစိုးရ၏ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် ဦးနေဇင်လတ် ခေါင်းဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီမှ တနသ်ာရီ တိုင်း​ဒေသကြီးအတွင်းမြို့နယ် ၅ ခုတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမျိုးသားတိုးတက်​ရေးပါတီ ဗဟို​ပြော​ရေးဆိုခွင့်​ရှိသူများထံမှ သိရသည်။
ယင်းပါတီမှ ထားဝယ်၊ ​မြိတ်၊ ​​ ကော့သောင်း​၊ ပုလောနှင့် တနင်္သာရီမြို့နယ်ရှိ မဲဆန္ဒနယ် ၁၁ ခုတွင် ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း အမျိုးသားတိုးတက်​ရးပါတီေ​ပြာ​ရေးဆိုခွင့် ရှိသူ ​​ ဒေါက်​တာလင်း​ကျော်​သူထွန်းက ပြောသည်။
“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေးပါတီတွေ ဝင်ပြိုင်တာဖြစ်လို့ ထွေထွေထူးထူး ပြောစရာတော့မရှိ​ပေမဲ့ ရသင့်​ရထိုက်​တဲ့ မဲအ​ရေအတွက်​ မရပဲ မဲ​ကစဉ့်​ကလျား ဖြစ်​သွားမှာ စိုးရိမ်တယ်”ဟု ​​ပိ​တောက်​​ရွှေဝါ ရပ်​ကွက်​​နေ ဦး​အောင်​စိုးက ဖွင့်ဟသည်။
တိုင်းအတွင်း ကြံ့ခိုင်ရေးပါတီနှင့် NLD ပါတီတို့က တိုင်းအတွင်းရှိ မဲဆန္ဒနယ်အားလုံး ၄၃ နေရာ စလုံးကို ၀င်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်ပြီး တ.စ.ည ပါတီက မဲဆန္ဒနယ် ၃၃ နေရာ၊ ထားဝယ်တိုင်းရင်းသားများပါတီက ၁၃ နေရာ စသဖြင့် ပါတီ ၁၁ ခု ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
 |Dawei Watch|
Thursday, August 27, 2015
အိုင်အက်စ် သိမ်း ကျေးရွာ ၁၀ ရွာကို ကာ့ဒ်တပ်ဖွဲ့ ပြန်သိမ်းပိုက်
ကာ့ဒ်တပ်ဖွဲ့ဝင်အချို့။ (ဓာတ်ပုံ - ရိုက်တာ)
အီရတ်မြောက်ပိုင်း ကာကွပ်ခရိုင်ထဲ အိုင်အက်စ်တွေ သိမ်းပိုက်ထားတဲ့ ကျေးရွာ ၁၀ ရွာကို ပက်ခ်ျမာဂါ ကာ့ဒ်တပ်ဖွဲ့တွေက သြဂုတ် ၂၆ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ရခဲ့တယ်လို့ ကာ့ဒ်တပ်ဖွဲ့တွေက ဆိုပါတယ်။
ဘဂ္ဂဒက်မြို့တော်မြောက်ဘက် ၁၁၀ မိုင်အကွာမှာ ပက်ခ်ျမာဂါကာ့ဒ်တပ်ဖွဲ့ဝင် ၂၀၀၀ ကျော်နဲ့ သြဂုတ် ၂၆ ရက် မနက်ပိုင်းမှာ စစ်ဆင်ရေး စတင်ခဲ့ပြီး ညနေပိုင်းမှာ ၂၄ စတုရန်းကီလိုမီတာကို သိမ်းပိုက်ရမိခဲ့တယ်လို့ ပက်ခ်ျမာဂါကာ့ဒ်တပ်ဖွဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်ဆင်ရေးအတွင်း အမေရိကန် တိုက်လေယာဉ်တွေက လေကြောင်းပစ်ကူပေးခဲ့ပြီး အိုင်အက်စ်အကြမ်းဖက် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ကာ့ဒ်တပ်ဖွဲ့တွေဘက်က ၅ ဦးသေဆုံးခဲ့ပြီး ပြုပြင်ထားတဲ့ လမ်းဘေးထောင်ဗုံးထိပြီး သေဆုံးကြတာလို့ ကာ့ဒ်တပ်မှူးကြီးတဦးက ဆိုပါတယ်။
ပက်ချမာဂါ ကာ့ဒ်တပ်ဖွဲ့တွေဟာ သူတို့ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ အီရတ်မြောက်ပိုင်းက နယ်မြေအများစုကို ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်ပါတယ်။
ဒါကြောင့် သူတို့နယ်မြေတွေကို တိုက်ရိုက်ခြိမ်းခြောက်တဲ့ နေရာတွေကလွဲရင် ဆွန်နီမွတ်စလင် အများစုနေထိုင်ရာ ဒေသတွေကို တိုက်ခိုက်သိမ်းပိုက်ဖို့ ဆန္ဒမပြင်းပြကြပါဘူး။
ပက်ချမာဂါကာ့ဒ်တပ်ဖွဲ့တွေဟာ အမေရိကန်ဦးဆောင်တဲ့ အိုင်အက်စ် အကြမ်းဖက် လေကြောင်းစစ်ဆင်ရေးမှာ အဓိကကျတဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်။
ရေနံကြွယ်ဝပြီး အီရတ်အစိုးရနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကာကွပ်မြို့ကို အိုင်အက်စ် အကြမ်းဖက်တွေ လက်ထဲကနေ ပြီးခဲ့တဲ့နှစ်က ကာ့ဒ်တပ်ဖွဲ့တွေက သိမ်းယူခဲ့တာပါ။
အဲဒီနောက်ပိုင်း အီရတ်ကာ့ဒ်တွေရဲ့ သမိုင်းဝင်မြို့လို့ ကြေညာထားတဲ့ ကာကွပ်မြို့ အိုင်အက်စ်တွေလက်ထဲ ပြန်မကျအောင် ပတ်ဝန်းကျင်နယ်မြေတွေကို ထိုးစစ်ဆင် ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
DVB
လွှတ်တော် ကျင်းပသည့် လေးနှစ်ကျော် ကာလအတွင်း ဥပဒေ ၁၈၀ ခန့် ပြဋ္ဌာန်းနိုင်၊ ဥပဒေ ၅၀ ပြဋ္ဌာန်းရန် ကျန်ရှိသေးဟု ဆို
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ရေးရာ ကော်မတီ ၊ ကော်မရှင်များ တွေ့ဆုံနေစဉ် (ဆင်ဟွာ)
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)
လွှတ်တော် စတင်ကျင်းပချိန်မှ စ၍ ယခုအချိန်အထိ လေးနှစ်ကျော် သက်တမ်းကာလ အတွင်းတွင် ဥပဒေပေါင်း ၁၈၀ ခန့် ပြဋ္ဌာန်းနိုင်ခဲ့ပြီး၊ လက်ရှိအချိန်တွင် အစိုးရအဖွဲ့မှ တင်သွင်းထားသည့် ဥပဒေများမှ ဥပဒေပေါင်း ၅၀ ခန့် ပြဋ္ဌာန်းပေးရန် ဆက်လက် ကျန်ရှိ နေသေးကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင် အဖွဲ့ဝင်များ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပြောကြားခဲ့သည်။
အဆိုပါ ကျန်ရှိသည့် ဥပဒေ ၅၀ ခန့်တွင် ပြည်သူ့ လွှတ်တော်မှ ၁၇ ခု၊ အမျိုးသား လွှတ်တော်မှ ၂၄ ခု နှင့် ပြည်ထောင်စု လွှတ်တော်မှ ၉ ခု ဖြစ်ကြောင်း ဦးရွှေမန်းက အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသည့် အတွက် လွှတ်တော် အစည်းအဝေးများ ရပ်နားသည့် အချိန်တွင်  လွှတ်တော်ရေးရာ ကော်မတီများမှ အတည်ပြုရန် ကျန်ရှိနေသော ဥပဒေကြမ်းများအတွက် ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ပြည်သူ့ ငွေစာရင်း ကော်မတီ ဥက္ကဌ ဦးသူရိန်ဇော်က ပြောကြားသည်။
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီ အတွင်းရေးမှူးများ၊ ကော်မရှင် အဖွဲ့ဝင်များ သည် ယမန်နေ့က ပြည်သူ့ လွှတ်တော် အဆောက်အဦ အစည်းအဝေး ခန်းမ၌ လွှတ်တော်ရေးရာ ကော်မတီများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ကျင်းပရာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တက်ရောက်ခဲ့သည်။
“အတည်ပြုရန် ဥပဒေ (၅၀) ကျော် ကျန်ရှိ နေသေးသောကြောင့် လွှတ်တော်အား ပြန်လည် ခေါ်ယူဖွယ်ရှိပြီး ရှေ့ဆက် အတည်ပြုရန် ရှိသေးကြောင်း’’  ပြည်သူ့ ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က မီဒီယာများနှင့် တွေ့ဆုံစဉ် ဖြေကြားခဲ့သည်။ပြည်သူ့ လွှတ်တော် နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီ အရေး နှင့် လူ့အခွင့်အရေး ကော်မတီမှ ဥက္ကဋ္ဌ ဦးဋ္ဌေးဦးက လွှတ်တော် ရပ်နားသော်လည်း ကော်မတီ ၊ ကော်မရှင် အစည်းအဝေးအား နေပြည်တော် သို့မဟုတ် ရန်ကုန်တွင်လည်း ကျင်းပနိုင်ကြောင်း၊ ဆွေးနွေးရန် ကိစ္စများရှိပါက အဆင်ပြေသည့် နေရာတွင် ကျင်းပနိုင်ကြောင်း ဆိုသည်။
ဦးဌေးဦးက “လွှတ်တော် ရပ်နားထားသော်လည်း မိမိတို့ လူ့အခွင့်အရေး ကော်မတီအနေဖြင့် ရပ်နားထားခြင်း မရှိပါကြောင်း၊ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေအား ဆောင်ရွက် ပြီးစီးပါပြီ။ ကော်မတီကို နေ့စဉ်ပေးပို့လာတဲ့ စာတွေကိုတော့  နေ့စဉ် ဖြေရှင်း ပေးနေပါတယ်။
ဆက်ပြီး ပေးပို့လာတဲ့စာ တွေကိုလည်း ဆက်ပြီး ဖြေရှင်း ပေးသွားမှာ ဖြစ်တယ်’’ ဟု ဆင်ဟွာကို ပြောသည်။
ရွေးကောက်ပွဲ ကာလ နီးကပ်လာသည့် အတွက် လွှတ်တော် ခေတ္တရပ်နားပြီး ၊ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလလယ်တွင် လွှတ်တော် ပြန်လည် ခေါ်ယူနိုင်ဖွယ် ရှိကြောင်း၊ ယခု လွှတ်တော် သက်တမ်းသည် ဇန်နဝါရီ လကုန်အထိ သက်တမ်း ရှိကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုသည်။အဆိုပါ အစည်းအဝေးသို့ ပြည်သူ့ လွှတ်တော်ရေးရာ ကော်မတီ ၂၃ ခုနှင့် ကော်မရှင် ၁ခု တက်ရောက် ခဲ့ကြောင်း သိရသည်။
(Xinhua)
တောဆင်ရိုင်း အုပ်အား မူရင်းဒေသ ပဲခူးရိုးမ တစ်ဝိုက်သို့ ပြန်လည် ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ထုတ်ပြန်
ညောင်ဦးမြို့နယ် အတွင်း ရောက်ရှိနေသော တောဆင်ရိုင်း ခြောက်ကောင် (ဓာတ်ပုံ- MOI)
 ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)
    ညောင်ဦးမြို့နယ်အတွင်း ရောက်ရှိနေသော တောဆင်ရိုင်း ခြောက်ကောင်အုပ်အား
 ဒေသခံ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်မှု မရှိစေရေး ဦးစား ပေးကာ မူလ ကျက်စားရာနယ်မြေ ဖြစ်သော နတ်မောက်မြို့သစ် နယ်မြေရှိ ပဲခူးရိုးမ ဒေသအတွင်းသို့ ပြန်လည် ပို့ဆောင်နိုင်ရန် အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ စီမံ ဆောင်ရွက်လျက် ရှိကြောင်း ယနေ့ သတင်း ထုတ်ပြန်သည်။
နိုင်ငံတော် သမ္မတမှလည်း အဆိုပါကိစ္စ နှင့်ပတ်သက်၍ ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း သိရသည်။ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ မြန်မာ့ သစ်လုပ်ငန်း တာဝန်ရှိသူများ နှင့် တောဆင်ရိုင်း ထိန်းသိမ်းရာတွင် ဝါရင့်အတွေ့အကြုံရှိသော
ဆင် ဆရာဝန် ဒေါက်တာ စည်သူဝမ်ထွန်းနှင့် ဦးစီးအင်အား ၃၅ ဦး၊ တောဆင် ရိုင်းများ ကျေးရွာများသို့ ဝင်ရောက်မှု မရှိစေရေး၊ လမ်းကြောင်း ပိတ်ဆို့ရေး ဆောင်ရွက်ရန် ညွှန်ကြားရေးမှူး နှစ်ဦး၊ ဦးစီးအင်အား ၂၈ ဦးတို့သည် သြဂုတ်လ ၂၄ ရက်မှ စတင်၍ တောဆင်အုပ် ရှိရာနယ်မြေတွင် အင်အားစု ဖွဲ့ပြင်ဆင်ပြီး လုပ်ငန်း တာဝန်များ စတင် ဆောင်ရွက်လျက် ရှိပြီး သြဂုတ်လ ၂၅ ရက်မှ စတင်ကာ ဆင်အုပ်နှင့် အနီးကပ် စောင့်ကြည့် ထိန်းကျောင်း လျက်ရှိကြောင်း သိရသည်။
ဆင်ထိန်းသိမ်းရေး၊ ပိတ်ဆို့ရေး အဖွဲ့နှင့်အတူ တောဆင်ရိုင်းများအား လိုအပ်သလို ထိန်းကျောင်းနိုင်ရန် တောဆင် ထိန်းသိမ်းရေးအတွက် လေ့ကျင့် သင်ကြားထားသည့် ဆင် ယဉ် ကွန်ဂျီဆင်ကြီး ခြောက်ကောင်၊ လိုအပ်ပါက ဒေသခံ ပြည်သူလူထု အား အန္တရာယ် မပြုစေနိုင်ရေးအတွက် အသုံးပြုရန်မေ့ဆေး သေနတ် လေးလက်၊ မေ့ဆေး သေနတ်သမားများ စုဖွဲ့ထားပြီး လိုအပ်ချက်ပေါ် မူတည်၍ တောဆင်ရိုင်းများအား ယာဉ်ကြီးများဖြင့် တင်ဆောင် ရွှေ့ပြောင်းနိုင်ရေး အတွက် ၁ဝ ဘီး ယာဉ် ခုနစ်စီး ပါဝင်စုဖွဲ့ကာ တောဆင်အုပ် အခြေပြုရာ နေရာ တစ်ဝိုက်တွင် အနီးကပ် စောင့်ကြည့် ထိန်းကျောင်းလျက်ရှိသည်။
တောဆင်ရိုင်း အုပ်အား မူလ ကျက်စားရာ နယ်မြေဖြစ်သည့် နတ်မောက်မြို့သစ် နယ်မြေ ပဲခူးရိုးမ အတွင်းသို့ ပြန်လည် ပို့ဆောင်ရာတွင် ဒေသခံ ပြည်သူများ၏ အသက် အိုးအိမ် မထိခိုက်စေဘဲ ဆင်ထိန်း သိမ်းရေး ကျွမ်းကျင်သူများ၏ ကြီးကြပ်မှုဖြင့် ကွန်ဂျီဆင်များကို အသုံးပြု၍ ပြန်လည် ထိန်းကျောင်း ပို့ဆောင်သွားရေး သက်ဆိုင်ရာ ဒေသ အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။
တောဆင်ရိုင်း အုပ်အား မူရင်း ဒေသ ပဲခူးရိုးမသို့ ပြန်လည် ရောက်ရှိရေး ဆောင်ရွက်ရာတွင်
 ပြည်သူ လူထု ၏ အသက်အိုးအိမ် စည်းစိမ် အန္တရာယ် မကျရောက်စေရေး အတွက်
အတွေ့ အကြုံရှိသည့် ဝါရင့် ဆင်ထိန်းသိမ်းရေး ကျွမ်းကျင်သူအဖွဲ့နှင့် ပိတ်ဆို့ရေးအဖွဲ့ များက အထူး ဦးစားပေး ဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသခံ ပြည်သူလူထု အနေဖြင့် တောဆင်ရိုင်းများအား ဝိုင်းဝန်း ကြည့်ရှုခြင်း၊ခြောက်လှန့်ခြင်း များ၊ ဓာတ်ပုံရိုက်ခြင်း မပြုလုပ်ကြရန် နှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့များ၏ ဆင်အန္တရာယ် ကင်းရှင်းရေး မေတ္တာ ရပ်ခံ နှိုးဆော်ချက်များ အပေါ် ပါဝင် ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် ထိန်းသိမ်း ပို့ဆောင်ရေး လုပ်ငန်းစဉ် ဆောင်ရွက်မှုများ ကို ပိုမို ချောမွေ့ မြန်ဆန်စေ မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင်ပါ ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် အထိ တောဆင်ရိုင်း ကောင်ရေ  ၃,၀၀၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဌေးက ပြောကြားသည်။
 (Xinhua)
ကေအိုင်အေ နှင့် အစိုးရတပ်တိုက်ပွဲများ ထပ်မံဖြစ်ပွား
ကေအိုင်အေတပ်ဖွဲ့ဝင်တဦး။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်-မလိယန်ဒေသမှာ အစိုးရတပ်တွေနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက ထုတ်ပြန်ပါတယ်။
သြဂုတ် ၂၆ ရက် မနက် ၁၀ နာရီခွဲလောက်က တပ်မတော်စစ်ကြောင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်စဉ်  ကေအိုင်အေ အင်အား ၁၀ ဦးလောက်နဲ့  တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ထပ် နေရာတခုမှာလည်း ကေအိုင်အေ အင်အား ၁၅ ဦးလောက်နဲ့  ထပ်မံတွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အသေအပျောက် ဒဏ်ရာရသူရှိမရှိတော့ မသိရသေးပါဘူး။
သြဂုတ် ၂၅ ရက်နေ့ကလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ ကွန်ဟိန်းအခြေစိုက် ခလရ ၂၄၆ လက်အောက်ခံ အစိုးရတပ်ဖွဲ့ ရင်ဆိုင်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။
အလားတူ နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာနဲ့ တောင်ရိုးဘုရားကြားမှာ သြဂုတ် ၂၅ ရက်နဲ့ ၂၆ ရက်က တအာင်းတပ်ရင်း ၄၃၄ နဲ့ မြန်မာ့တပ်မတော် တပ်မ ၇၇ တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) က သတင်းထုတ်ပြန်ထားပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆို လက်မှတ်ရေးထိုးရေး ဆွေးနွေးကြိုးပမ်းနေချိန် အောက်ခြေမှာ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာပါ။
DVB
တီယန်ကျင်း ကုန်လှောင်စခန်း ပေါက်ကွဲမှု တာဝန်ရှိသူများကို အရေးယူ
တီယန်ကျင်း ကုန်လှောင်ရုံ ပေါက်ကွဲမှုဖြစ်ပြီးနောက် အပျက်အစီးမြင်ကွင်း။ (ဓာတ်ပုံ - ရိုက်တာ)
အခုလဆန်းပိုင်းက တီယန်ကျင်း ဆိပ်ကမ်း ကုန်လှောင်စခန်း ပေါက်ကွဲမီးလောင်မှုမှာ တာဝန်ပေါ့လျော့တယ်ဆိုပြီး ဒေသခံအစိုးရနဲ့ ဆိပ်ကမ်းအာဏာပိုင် ၁၁ ဦးကို သြဂုတ် ၂၇ ရက်နေ့က တာဝန်တွေ ရပ်ဆိုင်းခံရပါတယ်။
သူတို့ကို ဖမ်းဆီးအရေးယူမလား ဆိုတာကတော့ အသေအချာ မသိရသေးပါဘူး။
ဒါပေမယ့် ကုန်လှောင်စခန်း ပိုင်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး အာဏာပိုင် ၁၁ ဦးကတော့ ဖမ်းဆီးခံရပါတယ်။
သြဂုတ် ၁၂ ရက်နေ့ညက ဓာတုကုန်လှောင်စခန်း ပေါက်ကွဲမှုကြီးဖြစ်ပြီး အနီးပတ်ဝင်းကျင်က အိမ် ၁၀၀ ကျော်လည်း ပျက်စီးခဲ့ပါတယ်။
ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၁၃၉ ဦး သေဆုံးခဲ့သလို အနည်းဆုံး ၃၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး လူနာ ၅၀၀ ကျော်လည်း လက်ရှိအချိန်အထိ ဆေးရုံက မဆင်းနိုင်သေးပါဘူး။
ဒီပေါက်ကွဲမှုကြီးကြောင့် တရုတ်နိုင်ငံမှာ အန္တရာယ်ကြီးတဲ့ ဓာတုပစ္စည်းတွေ သိုလှောင်မှုစနစ်၊ ဥပဒေနဲ့ပတ်သက်ပြီး ပြည်သူတွေ လိုက်နာမှုအပေါ် အထူးစိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။
ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့တဲ့နေရာမှာ လူနေအဆောက်အဦကြီး အနည်းဆုံး ၃ ခုဟာ ဥပဒေကို ချိုးဖောက်ပြီး ကုန်လှောင်စခန်းနဲ့ ၁ ကီလိုမီတာအတွင်း တည်ဆောက်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
DVB
ရက္ခိုင့်တပ်မတော်ကို စစ်ဆင်ရာတွင် ဘင်္ဂလာဒေ့ရှ် F 7 တိုက်လေယာဉ်တစ်စီး ပူးပေါင်းပါဝင်ခဲ့ဟုဆို
(ဘင်္ဂလာဒေ့ရှ် လေတပ်မှ F 7 တိုက်လေယာဉ်)
 ရန်ကုန်၊ သြဂုတ် ၂၇
 ယမန်နေ့က ရက္ခိုင့်တပ်မတော်ကို တိုက်ခိုက်ရန် ပြုလုပ်ခဲ့သော စစ်ဆင်ရေး အတွင်း ဘင်္ဂလာဒေ့ရှ် လေတပ်မှ F 7 အမျိုးအစား တိုက်လေယာဉ် တစ်စီးကိုပါ အသုံးပြုခဲ့သည်ဟု BDNEWS 24 တွင် ဖော်ပြသည်။
စစ်တပ် တပ်ဖွဲ့ (၂) ဖွဲ့နှင့် နယ့်ခြားစောင့်တပ်ဖွဲ့များကိုလည်း ယင်းစစ်ပွဲ ဖြစ်ပွားရာ တန်းဆိပ်မြို့နယ် မော်တုတ်ကြီးသို့ တိုက်ပွဲ ဖြစ်ပွားပြီးရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ယခုအခါ ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်များမှာ တိုက်ပွဲ ဖြစ်ပွားရာနေရာမှ ဆုတ်ခွာသွားပြီး ဖြစ်သဖြင့် ယင်းဒေသ အခြေအနေမှာ နဂို အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီဟု ဆိုသည်။
ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေး ၀န်ကြီးက Asaduzzaman Khan Kama က ရက္ခိုင့်တပ်မတော်ကို မောင်းထုတ်ရန် စစ်ဆင်ရေးကို ဆက်လက် ပြုလုပ်သွားမည်ဟု ဆိုသည်။ ၎င်းပြင် မြန်မာဘက်ကို ပါ နယ်စပ်ကို ပိတ်ဆို့ထားရန် အကြောင်းကြားထားသည်ဟု ဆိုသည်။
ပြည်ထဲရေးဝန်ကြီးသည် ယနေ့တွင် အဆိုပါ ကိစ္စကြောင့် ရွာတော်ခေါ် ဘင်ဒရိုဘင် ခရိုင်မြို့သို့ သွားရောက်မည်ဟု ပြောဆိုသည်။
ယမန်နေ့က တိုက်ပွဲမှာ ပြင်းထန်ပြီး နံနက် ၉ နာရီ ၃၀ မှ နေ့လယ် ၂ နာရီထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ နေ့လယ်ပိုင်းတွင် ရက္ခိုင့်တပ်မတော်မှ တပ်ဖွဲ့ဝင်များမှာ မော်တုတ်ကြီးမှ ဆုတ်ခွာသွားကြသည်ဟု ဆိုသည်။
ယခုတိုက်ပွဲမှာ ရက္ခိုင့်တပ်မတော်မှ ရိက္ခာသယ်ယူသော မြင်း (၁၀)ကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီး ယူဆောင်သွားရာမှ ရက္ခိုင့်တပ်မတော်မှ လာရောက် တိုက်ခိုက်ခြင်း ဖြစ်ပုံရသည်ဟု ဘင်္ဂလာဒေ့ရှ် တာဝန်ရှိသူများက ပြောဆိုသည်။ ယင်းတိုက်ပွဲတွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်သားတစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။
ရက္ခိုင့်တပ်မတော်မှလည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်ကို အတည်ပြုထားပြီး အမှတ် ၅ ဗျူဟာ၊ (၈၉၄)တပ်ရင်း လက်အောက်ခံ ၊ တပ်ခွဲ (၃) နှင့် ဘင်္ဂလာ နယ်ခြားစောင့်တပ် BGB တို့တိုက်ပွဲဖြစ်ပွားကြောင်း သူတို့၏ ဖေ့စ်ဘွတ်မှ အတည်ပြုပြောကြားသည်။ သို့သော်လည်း တိုက်ပွဲမှာ နှစ်ဖက်တပ်များနားလည်မှု လွဲမှားမှုကြောင့် ဖြစ်ပွားခဲ့သည်ဟု ပြောဆိုသည်။
Arakan State
https://www.facebook.com/NarinjaraNews
ပြည်သူ့လွှတ်တော် ရပ်နား
 ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကို ဒီကနေ့မှာ ရပ်နား လိုက်ပြီဖြစ်ပါတယ်။ လာမယ့်သောကြာနေ့ မှာ လည်း ပြည်ထောင်စု လွှတ်တော် ကို ရပ်နားတော့မှာပါ။ ဒီလိုရပ်နားတာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော် ပုံမှန် အစည်းအဝေးတွေကို ရပ်ဆိုင်းပေးဖို့ ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်မှာ အရေးကြီး အဆိုတွေ တင်သွင်း ကာ ရပ်နား ဖို့ လုပ်ဆောင်တာမှာ အမျိုးလွှတ်တော်ဘက်က ရပ်နားလိုက်တဲ့အတွက် အခုလို ဒီတလအတွင်းမှာတင် ကျန် လွှတ်တော် နှစ်ခု လုံးပါ ရပ်နား လိုက်တာဖြစ်တယ်လို့လည်း လွှတ်တော်အမတ်တွေက သုံးသပ်နေကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း ကမေခကပေးပို့ထားပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ၈၉ ရက်မြောက်နေ့မှာ ရပ်နားကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေ မန်းက အခုလို ကြေညာခဲ့တာပါ။
"ပထမအကြိမ်ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးကြောင်း ကြေညာပါတယ်"
လွှတ်တော်သက်တမ်းဟာ လာမယ့် နှစ် ဇန်နဝါရီမှ ကုန်ဆုံးမှာဖြစ်တဲ့အတွက် လွှတ်တော် ရပ်နားပေမယ့် လွှတ်တော်က ဖွဲ့စည်း ထားတဲ့ ကော်မတီ၊ ကော်မရှင် အစည်းဝေးတွေကနေ ဥပဒေပြုလုပ်ငန်းများ ဆက်လုပ်ဖို့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းထားပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ တရားမျှတဖို့ အတွက်လည်း လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကူညီလုပ် ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
"လွတ်လပ်၍တရားမျှတပြီး တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိအောင် ရွေးကောက်ပွဲကော်မရှင်တွင်သာ တာဝန်ရှိတာ မဟုတ်ဘဲ နိုင်ငံတော် အစိုးရ ဥပဒေပြုအဖွဲ့ တရားစီရင်ရေးအဖွဲ့ ပါတီများ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများနဲ့ ပြည်သူတရပ်လုံးမှာပါ တာဝန်ရှိသည်ဟု ခံယူပြီးဆောင်ရွက်ကြရမှာဖြစ် ပါတယ်။ ရွေးကောက်ပွဲ အကြိုကာလ ရွေးကောက်ပွဲ ကာလ နှင့် ရွေးကောက်ပွဲ အပြီးကာလတွေမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ရရှိအောင် အားလုံး ပါဝင်ဆောင်ရွက်နေကြရမှာဖြစ်ပါတယ်။ ဒီလို မဆောင်ရွက်နိုင်လျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထိခိုက်နာကျင်မှု ခံစားရမှာက ပြည်သူများသာဖြစ်ပါလိမ့်မယ်။"
 သြဂုတ်လ ၁၈ရက်နေ့က ပြန်လည်ကျင်းပခဲ့တဲ့ ဒီလွှတ်တော် အစည်းအဝေးတွေ တိုင်ခင်မှာ အများက စိတ်ဝင် စားနေကြ တဲ့ ပြည်ခိုင်ဖြိုးခေါင်းဆောင်ပိုင်း အပြောင်းအလဲ ကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်တွင်းကိုပါ ဂယက်ရိုက် လာမှာကို လွှတ်တော်ကိုယ်စားလှယ်အချို့ စိုးရိမ်မှုတွေ ဖြစ်ခဲ့ကြပါတယ်။
အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ သြဂုတ်လ ၁၂ ရက်နေ့ ညနဲ့ သြဂုတ်လ ၁၃ ရက်နေ့ အဖြစ်အပျက်တွေကြောင့် စိုးရိမ်မကင်း ဖြစ်ခဲ့ကြတာပါ။ လွှတ်တော်ပြန် စစချင်း မှာပဲ ရေဘေးနဲ့ လာမယ့်ရွေးကောက်ပွဲပြင်ဆင်ဖို့ အတွက် ဟုဆိုကာ ပြည်ခိုင်ဖြိုး ပါတီဝင်အချို့က လွှတ်တော်ပုံမှန်အစည်းအဝေးတွေကို ရပ်ဆိုင်းပေးဖို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အရေးကြီးအဆိုတွေ တင်သွင်းခဲ့ကြပါတယ်။ ဒါပေမယ့် လွှတ်တော်ကို ချက်ချင်း မရပ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုအပေါ်ချေပခဲ့ပေမယ့် အမျိုးသား လွှတ်တော်ကတော့ အဆိုကိုလက်ခံကာ သြဂုတ် ၁၉ရက်က လုံးဝ ရပ်နားလိုက်ပါတယ်။
ဒီလိုအမျိုးသားလွှတ်တော် ရပ်နားမှုကြောင့် ပြည်သူ့ လွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်လည်း အခုလို မြန်မြန်ဆန်ဆန် ရပ်နားလိုက်ရတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စား လှယ်တွေအချို့က သုံးသပ်နေကြပေမယ့် အချို့ကတော့ ရွေးကောက်ပွဲနီးတဲ့အတွက် ရပ်နားတာဖြစ်တယ် လို့မြင်ကြတာဖြစ်ပါတယ်။
ဒီအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းထိန်ကတော့ သူ့အမြင်ကို ခုလိုပြောပါတယ်။
"အမျိုးသားလွှတ်တော်ရပ်ဖို့ ပြည်သူ့လွှတ်တော်ရပ်ဖို့ဆိုတာ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တွေကတင်တာ။ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တွေ ဘာကြောင့်တင်ရသလဲဆိုရင်တော့ မှန်းဆကြည့်ရတာ သူတို့ ဥက္ကဌ ဦးဌေးဦးက တင်ခိုင်းလို့ လို့ယူဆရတယ်။ ဦးဌေးဦးကို ဘယ်သူကခိုင်းသလဲဆိုတာက ဒါက နိုင်ငံရေးပြင်ပကနေ စဉ်းစားပြီးမှ အဖြေထုတ် လို့ရတာပေါ့။ ရွေးကောက်ပွဲ နီးပြီဆို ဒီ လွှတ်တော်က ရပ်ကိုရပ်ရတော့မှာ။ သို့သော်လည်းပဲ သူတို့ ဗြုန်းစားကြီး ရပ်စရာ မလိုဘူး"
ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကတော့ လွှတ်တော်နဲ့ပတ်သတ်ပြီး သူ့အမြင်ကို အခုလိုပြောပါတယ်။
"လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ကတော့ ပြည်သူက ရွေးချယ် တင် မြှောက် လိုက်တာလေ။ လွှတ်တော်ကိုယ်စားလှယ် ရဲ့ အဓိကတာဝန်ကတော့ ဥပဒေပြုဖို့ပေါ့။ နံပါတ် ၂ က တော့ Check and Balances လုပ်ဖို့ ပေါ့။ Check and Balances လုပ်ဖို့ဆိုတာက မဏ္ဍိုင်ကြီး ၃ ခုကို တခုနဲ့တခု Check and Balances လုပ်ဖို့ပေါ့။ နံပါတ် ၃ ကတော့ ကျနော်တို့ဒေသအတွက် ကျနော်တို့ရွေးချယ်ပေး လိုက်တဲ့ပြည်သူတွေ ကိုယ့်နယ်ဒေသကို ပြန်ပြီးတော့ အကျိုးပြု တဲ့ မေးခွန်းတွေပေါ့လေ ကျနော်တို့ဒီမှာ လုပ်ပေးဖို့ ကျနော်တို့ အများကြီး လုပ်ပေးနိုင်ခဲ့ပါတယ်။ ဥပဒေအနေနဲ့ နံပါတ်တစ် ဥပဒေနဲ့ ပြောရင် လွှတ်တော်ကြီး တစ်ခုလုံးအနေနဲ့  ဥပဒေပေါင်း ၁၈၀ လောက်ပြီးပါတယ်။ တခုလုံးခြုံကြည့်ရင်တော့ ရာနှုန်းပြည့်တော့မပြီးဘူး။ ၈၀ ရာခိုင်နှုန်းလောက်တော့ပြီး တယ်လို့ပြောရတယ်။ ကျေနပ်ပါတယ် ကျနော်တို့"
အခု ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးဟာ လွှတ်တော် ကျင်းပခဲ့တဲ့ သက်တမ်း တလျှောက်လုံးမှာ အဆိုများ တင်သွင်းခြင်း နဲ့ ဥပဒေကြမ်းများ စိစစ်ခြင်း တို့အား အများဆုံး ပြုလုပ်ခဲ့တာကြောင့် အစည်း အဝေးကာလ အရှည်ဆုံးဖြစ်ခဲ့ပါတယ်။ ဒီအစည်းအဝေးကျင်းပမှုဟာ ၇လကျော် ကြာမြင့်ခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ ကြယ် ပွင့်ပြနဲ့ ကြယ်ပွင့်မပြမေးခွန်း စုစုပေါင်း ၁၇၀၀ ကျော် အနက် ၁၆၀၀ကျော် ဖြေဆိုနိုင်ခဲ့ပါတယ်။ အဆို ၂၅အနက်မှာ အရေး ကြီးအဆိုတခုတင်နိုင်ခဲ့ပါတယ်။ ဥပဒေကြမ်း ၉၀ကျော်မှာ ၈၀ကျော် ဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ကို ၂၀၁၁ ဇန်နဝါရီလ ၃၁ရက်နေ့က စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ထုတ်ပြန်ထားချက်များအရ လွှတ်တော်သက်တမ်း ၅နှစ်အတွင်း ပြင်ဆင်ဖြည့်စွက် အသစ်ရေးနိုင်ခဲ့တဲ့ ဥပဒေပေါင်း ၁၈၀ကျော် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို လာမယ့်ရွေးကောက်ပွဲ အပြီး လွှတ်တော်သက်တမ်းသက်တမ်းကုန်ဆုံးမယ့် လာမယ့် နှစ် ဇန်နဝါရီမှာ နောက်ဆုံးထပ်မံခေါ်ယူ ဦးမှာဖြစ်တယ်လို့ လွှတ်တော်အမတ်တွေကပြောပါတယ်။
မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရွေးကောက်ပွဲ လွတ်လပ်မျှတ တည်ငြိမ်ရေး သူရဦးရွှေမန်း တိုက်တွန်း
 ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ကို သြဂုတ်လ ၂၇ ရက်နေ့က ပြည်သူ့လွှတ်တော်အဆောက်အဦ အစည်းအဝေးခန်းမ မှာ တွေ့ရစဉ်။ Photo:H.E. Thura U Shwe Mann Facebook
 လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ တည်ငြိမ်အေးချမ်းမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ ရပ်နားလိုက်ပြီဖြစ်ကြောင်း ဒီနေ့ကြေညာပြီးနောက် မိန့်ခွန်းပြောကြားရာမှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ထည့်သွင်းပြောသွားတာဖြစ်ပါတယ်။
"နိုဝင်ဘာလ ၈ ရက်နေ့မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် လွတ်လပ်တရား မျှတပြီး ပွင့်လင်းမြင်သာမှုရှိအောင် ရွေးကောက်ပွဲကော်မရှင်တွင်သာ တာဝန်ရှိတာမဟုတ်ဘဲ နိုင်ငံတော်အစိုးရ အုပ်ချုပ်ရေးအဖွဲ့၊ ဥပဒေပြုအဖွဲ့၊ တရားစီရင်ရေးအဖွဲ့၊ ပါတီများ၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ နဲ့ ပြည်သူတစ်ရပ်လုံးမှာပါ တာဝန်ရှိသည်ဟုခံယူပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်၊ ရွေးကောက်ပွဲအကြို ကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီးကာလတို့မှာ
 နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးရရှိအောင် အားလုံးပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်"
ဒီတစ်ကြိမ်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးဟာ ၇ လ ကျော် ကြာမြင့်ခဲ့ပြီး ပြန်လည်စတင်မယ့်နေ့ရက် ကို ကြေညာခဲ့ခြင်းမရှိပါဘူး။
အမျိုးသားလွှတ်တော် အစည်းအဝေးတွေကတော့ ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးနဲ့ ရွေးကောက်ပွဲလုပ်ငန်းတွေ
 ဆောင် ရွက်ဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ရက်နေ့က ရပ်နားလိုက်ပြီဖြစ်ပြီး ပြန်လည်ကျင်းပမယ့်နေ့ရက်ကို မကြေညာခဲ့ပါဘူး။
လက်ရှိလွှတ်တော်သက်တမ်းဟာ လာမယ့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
RFA Burmese
ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်တစ်ဦး ဘင်္ဂလာဒေ့ရှ်ရဲက ဖမ်းဆီး
( ဘင်္ဂလာသတင်းများတွင် ဖော်ပြထားခြင်းခံရသော Arakan Army တပ်ဖွဲ့ဝင်)
 ရန်ကုန်၊ သြဂုတ် ၂၇
 ရက္ခိုင့်တပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးကို ဘင်္ဂလာရဲတပ်ဖွဲ့မှ ရင်ဂါမာတီခရိုင်၊ ရာဆတိုးလီမြို့နယ် တပ်တောင် ကျေးရွာတွင် ယမန်နေ့ညနေက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။
ဘင်္ဂလာသတင်းများတွင် ရေးသားဖော် ပြချက်အရ သူတို့အခေါ် အာရ်ကန် အာမီး ( Arakan Army) တပ်ဖွဲ့ဝင်ကို သတင်းအရ ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု ဖော်ပြသည်။
ဖမ်းဆီးခံရသူမှာ အောင်နိုင်ဝင်းဆိုသူဖြစ်ပြီး သူနှင့် အတူ မော်တာဆိုင်ကယ်တစ်စီး၊ မြင်း ၂ကောင်၊ ရက္ခိုင့်တပ်မတော် ယူနီဖောင်း ၃စုံ၊ ကင်မရာ ၂ လုံး၊ လက်တော့ ကွန်ပျူတာ ၃ လုံး၊ လက်ကိုင်ဖုန်း တစ်လုံးကိုလည်း သိမ်းဆည်းရမိကြောင်း သတင်းများတွင် ဖော်ပြသည်။
ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့တို့သြဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဘင်ဒရာဘင်ခရိုင် တန်းဆိပ်မြို့နယ် မော်တုတ်ကြီးကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သည်ဟု သံသယရှိသူများကို ဘင်္ဂလာအာဏာပိုင်များက ရှာဖွေနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
တိုက်ပွဲဖြစ်ပွားရာ မော်တုတ်ကြီးဒေသသို့လည်း ဘင်္ဂလာအစိုးရမှ နယ်ခြားစောင့်တပ်ဖွဲ့နှင့် စစ်တပ်ကို အင်အား ဖြည့်ထားပြီး စစ်ဆင်ရေးတရပ်ပြုလုပ်ရန်နေကြောင်း သိရသည်။
အဆိုပါ ဒေသတွင် ခိုအောင်းနေသည့် လက်နက်ကိုင် တပ်ဖွဲ့များ မြန်မာဘက်သို့ မ၀င်ရောက်နိုင် အောင် မြန်မာအစိုးရအနေဖြင့် နယ်စပ်ကို ပိတ်ဆို့ပေးရန် ဘင်္ဂလာအစိုးရမှ ဒက္ကာမြို့ ရှိ မြန်မာ သံရုံးမှ တဆင့် မြန်မာအစိုးရကို တောင်းဆိုထားကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။
Arakan State
ဒေါ်လာဈေးအတက်ကြောင့် ကံပေါက်လျှပ်စစ်မီး အင်ဂျင်ငှားခ တစ်လ ကျပ်သိန်း ၈၀၀ နီးပါး ပိုပေးနေရ
ထားဝယ် ဓာတ်အားခွဲရုံကို တွေ့ရစဉ် - ဓာတ်ပုံ - Dawei Watch
|Dawei Watch| ထားဝယ်၊ သြဂုတ် ၂၇
ဒေါ်လာဈေးမြှင့်တက်နေခြင်းကြောင့် ထားဝယ်ခရိုင်လေးမြို့နယ်သို့ ဖြန့်ဖြူးပေးနေသည့် ကံပေါက်လျှပ်စစ်မီးအတွက် အင်ဂျင် ငှားခကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်လလျှင် ကျပ်သိန်း ၈၀၀နီးပါး ပိုပြီး ပေးနေရကြောင်း တိုင်းဒေသကြီး မီးလင်းရေး ကော်မတီအတွင်းရေးမှူး ဦးခင်လေးက ပြောသည်။
၁ မဂ္ဂါဝပ်အင်ဂျင် ၆ လုံးအတွက် ငှားရမ်းခကို စက်စငှားသည့်အချိန်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို မြန်မာငွေပေါက်ဈေး ၉၇၀ သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်ဒေါ်လာပေါက်ဈေးမှာ မြန်မာငွေ ၁၃၀၀ ကျပ်နီးပါး ရှိနေသည်။
ထိုကြောင့် ဒေါ်လာဖြင့်သာ ငွေပေးချေရသည့် စက်ငှားရမ်းခအတွက် တစ်လကို ကျပ်သိန်း ၇၀၀ ကျော် အရှုံးပေါ်နေကြောင်း အထက်ပါ ကော်မတီ အတွင်းရေးမှူး တိုင်းအင်ဂျင်နီယာမှူးကြီး ဦးခင်လေးက ပြောကြားသည်။
“အဓိက ကတော့ ဒေါ်လာဈေးကြောင့်ပဲ။ ဒေါ်လာဈေးကြောင့် စက်ဖိုးသက်သက်ကို သိန်း ၇၀၀ ကျော် ရှုံးနေပြီလေ” ဟု ဦးခင်လေးက ဆိုသည်။
၁ မဂ္ဂါဝပ်အင်ဂျင် ၆ လုံးအတွက် လစဉ် ယူနစ် ၄၃၂၀၀၀၀ ကို တစ်ယူနစ်လျှင် ၅ဒဿမ၇ ဆင့်(အမေရိကန်ငွေ)နှုန်းဖြင့် ဒေါ်လာ ၂၄၆၂၄၀ ကို လစဉ်ပေးဆောင်ရမည် ဖြစ်သည်။
စတင် သဘောတူချိန်က ဒေါ်လာပေါက် ဈေးမှာ မြန်မာငွေဖြင့် တစ်ဒေါ်လာကို ၉၇၀ ကျပ်သာ ရှိသဖြင့် ၂၄၆၂၄၀ ဒေါ်လာ အတွက် မြန်မာငွေ ကျပ်သိန်းပေါင်း ၂၃၈၈ကျော် ပေးချေရမည်ဖြစ်သော်လည်း လက်ရှိဒေါ်လာဈေးမှာ တစ်ဒေါ်လာ ၁၂၈၁.၅၀ကျပ်(သြဂုတ်လ ၂၆ ရက်နေ့ဈေး) ဖြင့်တွက်ချက်ပါက ကျပ်သိန်းပေါင်း ၃၁၅၅ ကျော် ပေးဆောင်ရ မည်ဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။
“ဒီလိုဒေါ်လာဈေးတက်ပြီး ရှုံးနေတော့ ဈေးနှုန်းကို လျှော့ချဖို့ မလွယ်သေးဘူး” ဟု ဦးခင်လေးက ပြောသည်။
တစ်ယူနစ် သုံးရာကျပ်နှုန်းဖြင့် ကံပေါက် ဂက်စ်မီးကို ပြီးခဲ့သည့် ဇွန်လမှ စတင်ဖြန့်ဖြူးပေးခဲ့ပြီး တစ်ယူနစ်လျှင် ကျပ် ၃၀၀ ထက်ပိုမိုကောက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
Dawei Watch
ဖိလစ်ပိုင်သမ္မတချီးမြှင့်မယ့် ရီမွန်မက်ဆေးဆေးဆု
 နာရေးကူညီမှုအသင်း (ရန်ကုန်) ကိုတည်ထောင်သူ ဦးကျော်သူနဲ့ အာရှတိုက်က ဆုရရှိသူ ၄ ဦးကို ဖိလစ်ပိုင်သမ္မတ ဘီနစ်နို အာကွီနို က အာရှရဲ့ အမြင့်ဆုံးလို့တင်စားတဲ့ ရေမွန်မက်ဆေးဆေးဆုကို လာမယ့် သြဂုတ်လ ၃၁ရက်နေ့မှာ ချီးမြှင့်ဂုဏ်ပြုမယ်လို့ မက်ဆေးဆေးဆုအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဆုရရှိသူအားလုံးဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို လာမယ့် သြဂုတ်လ ၂၆ ရက်နေ့မှာ ရောက်ရှိကြမှာဖြစ်တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။
ဖိလစ်ပိုင်သမ္မတဟောင်း ရီမွန်မက်ဆေးဆေးကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ၁၉၅၇ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဆုပေးတဲ့နေ့အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
ဓါတ်ပုံ - Ramon Magsaysay Award
RFA Burmese
ရခိုင်မှာ ဘုန်းကြီးကျောင်း ၉၀ နီး ပါးပြန်ဆောက်ဖို့ သီတဂူဆရာတော် ကျပ်သိန်း ၈၀၀ ကျော်လှူဒါန်း
သီတဂူ ဆရာတော်အရှင်ဉာဏိဿရက၏ ရခိုင်ဒေသခရီးစဉ်ကို သြဂုတ်လ ၂၆ ရက်နေ့တွင် တွေ့ရစဉ်။ Photo: သီတဂူအောင်သန်းဝင်း( Facebook )
  ရခိုင်ပြည်နယ်အတွင်းက ရေဘေးကြောင့် ပျက်စီးခဲ့ရတဲ့ ဘုန်းတော်ကြီး ၈၆ ကျောင်း အတွက် သီတဂူ ဆရာတော် အရှင်ဉာဏိဿရက ငွေကျပ် သိန်းပေါင်း ၈၀၀ ကျော်ကို စစ်တွေမြို့မှာ ဒီနေ့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြု နိုင်ဖို့ ငွေကျပ် သိန်းပေါင်း ၄၀၀၀ ကျော်ကိုလည်း ရခိုင်ပြည်နယ်အစိုးရကနေ တစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ဆရာတော် အရှင်ဉာဏိဿရဟာ မနေ့က ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေကိုသွားရောက်ပြီး ရေဘေး သင့်ဒေသခံတွေအတွက် စားနပ်ရိက္ခာ အချို့လှူဒါန်းပေးခဲ့ သလို ဆရာတော်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း ရေဘေးသင့်မြို့နယ် ၆ ခု အတွက် ဆန်အိတ်ပေါင်း ၂၀၀၀ ကို လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
RFA Burmese
တောဆင်ရိုင်းများ အနက် ငါးကောင် ကန်ကြီးထောင့် ကျေးရွာ အနီး ရောက်ရှိ လာပြီး တစ်ကောင်ပြတ်ကျန်
 နေပြည်တော် သြဂုတ် ၂၆
 ညောင်ဦးမြို့နယ် အတွင်း ရောက်ရှိ နေသော တောဆင်ရိုင်း ခြောက်ကောင် သည် ယနေ့ညနေ ၅ နာရီခန့်တွင် ကျောက်ပန်းတောင်း မြို့၏ အနောက်မြောက် ယွန်းယွန်းရှိ ကြပ်ထောင် ကျေးရွာ အနီး ရောက်ရှိ
 နေကြောင်း၊ ဒေသခံပြည်သူ များကို ရန်မူခြင်း မရှိကြောင်း သိရသည်။
''သြဂုတ် ၂၅ ရက် ညနေ ၆ နာရီနဲ့ ည ၇ နာရီကြားမှာ တောဆင်ရိုင်း ခြောက်ကောင်က ရွှေလိုက်ကျေးရွာ၊ ချောင်းရှည်ကျေးရွာနဲ့ နတ်ပလ္လင် ကျေးရွာတို့ရဲ့ အလယ်ဗဟိုဧရိယာထဲ ရောက်ရှိလာပါတယ်။ အဲဒီကနေဆက် ပြီး ထွက်လာတာ ည ၁ဝ နာရီလောက်မှာ မြကန်ကို ဆက်သွားပါတယ်။ နမင်းမှေးကျေးရွာကိုတော့ နံနက် ၂ နာရီလောက်မှာ ဖြတ်ပါတယ်။ အဲဒီကနေ ဆင်တွေကို မျက်ခြည်ပြတ်သွားခဲ့တယ်။ ဒီနေ့ မနက် ၈ နာရီ လောက်မှာ တော့ ရွာဘို၊ ရွာသစ်ရွာတွေကိုဖြတ်သွားတယ်လို့ ဒေသခံထန်းတက်သမား တစ်ဦးက ပြောပြလို့ခြေရာခံပြီး တောဖြန့်ရှာတဲ့အခါ ကျောက်ပန်းတောင်း မြို့ရဲ့ အနောက်မြောက်ဘက် ကြပ်ထောင်ကျေးရွာအနီးမှာ ခြေရာခံမိခဲ့ပါ တယ်။
''တောဆင်ရိုင်းတွေက တစ်နေ့ကို ရွေ့နှုန်း မိုင် ၂ဝ ကျော် လျှောက်နေ ပါတယ်။ ဆင်တွေက နေ့ခင်းဘက်မှာခဏနားပြီး ဆက်လက်အစာရှာထွက်တယ်။ လမ်းကြောင်းတစ်လျှောက်လုံးမှာ
တောဆင်ရိုင်းတွေက ဒေသခံတွေ ကို ရန်မူတာ မရှိခဲ့ပါဘူး။
အရင်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကလည်း ဒေသခံတွေက ဆင်ရိုင်းတွေအနားကို တိုးပြီး ဓာတ်ပုံရိုက်တာ၊ ဝိုင်းပြီး ခြောက်လှန့်တာတွေ လုပ်လို့ ဆင်ရိုင်းတွေက သူတို့ကိုယ်သူတို့ ကာကွယ်ရင်းနဲ့ ဒေသခံတွေ ထိခိုက် ဒဏ်ရာရတာတွေဖြစ်ခဲ့တာပါ။ တော ဆင်ရိုင်းတွေက လူများများနဲ့ မနေဖူး တဲ့အတွက် လူမြင်ရင် မငြိမ်ဘူး'' ဟု တောဆင်ရိုင်း ထိန်းသိမ်းရာတွင် လိုက်ပါဆောင်ရွက်သည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ တောဆင်ရိုင်များကို မူရင်းဒေသဖြစ်သည့် ပဲခူးရိုးမသို့ ပြန်လည်ပို့ဆောင်ရာတွင် တောဆင် ရိုင်းထိန်းသိမ်းရာ၌ ဝါရင့်အတွေ့ အကြုံရှိသော ဆင်ဆရာဝန် ဒေါက်တာ စည်သူဝမ်ထွန်း ဦးစီး အင်အား ၃၅ ဦး၊ တောဆင်ရိုင်းများ ကျေးရွာများသို့ ဝင်ရောက်မှုမရှိစေ ရေး၊ လမ်းကြောင်းပိတ်ဆို့ရေး ဆောင်ရွက်ရန် ညွှန်ကြားရေးမှူး နှစ်ဦး ဦးစီးအင်အား ၂၈ ဦးတို့ လိုက် ပါဆောင်ရွက်လျက်ရှိကြောင်း၊ တော ဆင်ရိုင်းများအား နေရပ်သို့ပြန်လည် ပို့ ဆောင်ရာတွင် မြန်မာ့သစ်လုပ်ငန်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ဦးစီး၍ ဆောင်ရွက်နေကြောင်း သိရသည်။
''ဆင်တွေက ဒေသခံတွေကို အန္တရာယ်မပြုပါဘူး။ သူတို့က သူတို့ ဘာသာ လျှောက်သွားနေတာပါ။ ဒေသခံတွေကိုလည်း ဆောင်ရန်၊ ရှောင်ရန်လေးတွေကို သက်ဆိုင်ရာ က ဟောပြောပွဲလေးတွေ ပြုလုပ် ပေးနေပါတယ်။ ဆင်တွေနဲ့ ဧရိယာ ငါးမိုင်ပတ်လည်က ဒေသခံတွေကို အရင်နေ့ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေး တွေ၊ မှတ်တမ်းတွေနဲ့ ပညာပေး အစီအစဉ်တွေ လုပ်ပေးတယ်။ လုပ်ငန်းခွင်ထဲရောက်နေတဲ့ ဒေသခံ တောင်သူတွေကိုလည်း ပြန်ခေါ် တယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ မြန်မာ့သစ်လုပ်ငန်းက တာဝန်ရှိသူ တွေကလည်း ဆင်နဲ့နီးတဲ့ ဧရိယာ အတွင်းကို ဒေသခံတွေ ဝင်မလာနိုင် အောင် ဝါးလုံးတားပြီး ဆောင်ရွက် ပေးနေပါတယ်။ အဲဒီနောက် ဒေသခံ တွေထိခိုက်မှုမရှိအောင်Hand Speaker တွေကိုင်ထားပြီး အခြေ အနေကို အဆက်မပြတ် သတင်းပို့ ပေးတယ်။ ဌာနပေါင်းစုံနဲ့ပူးပေါင်းပြီး ဆောင်ရွက်ပေးနေပါတယ်။
''ဒါပေမယ့် ဒေသခံတချို့က မလိုက်နာဘူး။ ဆင်တွေနောက်ကို အနီးကပ်လိုက်ကြည့်တယ်။ ဒေသခံ တွေ စည်းကမ်းချိုးဖောက်တာဟာ လုပ်ငန်းမှာ အများကြီးအနှောင့် အယှက်ဖြစ်ပါတယ်။ တောဆင်ရိုင်း တွေ မူရင်းဒေသကိုရောက်ရှိအောင် ဆောင်ရွက်တဲ့အခါမှာ ဒေသခံတွေ ကပါ ဝိုင်းဝန်းပြီး စည်းကမ်းရှိရှိ လိုက်နာကြမယ်၊ ကူညီကြမယ်ဆိုရင် လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို ထိခိုက်မှုမရှိဘဲ ချောချောမွေ့မွေ့နဲ့ မူရင်းဒေသကို ပြန်လည်ပို့ဆောင် နိုင်မှာဖြစ်ပါတယ်။ တောဆင်ရိုင်းတွေသွားတဲ့ လမ်း ကြောင်း တစ်လျှောက်က ဒေသခံ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ကို မထိခိုက်စေဖို့ ဆင်ယဉ်ကွန်ဂျီဆင် ကြီး ခြောက်ကောင်ကို အသုံးပြုပြီး တောဆင်ရိုင်းတွေရဲ့ နေရပ်ကို ပြန် လည်ထိန်းကျောင်း ပို့ဆောင်သွား မှာပါ'' ဟု ၄င်းက ဆက်လက် ပြောကြားသည်။
တောဆင်ရိုင်းများကို မူရင်း ဒေသ ပဲခူးရိုးမသို့ ပြန်လည်ပို့ဆောင် ရာတွင် ဒေသခံတချို့က ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာမှုမရှိဘဲ စည်းကမ်းများချိုးဖောက်နေကြောင်း သိရသည်။ နတ်မောက်-မြို့သစ်-ကန်ပြားလမ်း ရိုးမတော ဧရိယာ အနီးရှိ ကျေးရွာများသို့ ဖြတ်သန်း သွားရမည်ဖြစ်၍ ဒေသခံများအပေါ် အန္တရာယ်မကျရောက်စေရန် ဆင် ထိန်းသိမ်းရေး ကျွမ်းကျင်သူများနှင့် ပိတ်ဆို့ရေးအဖွဲ့များက အထူး ကြိုးစား ဆောင်ရွက်လျက်ရှိသည်။ ဒေသခံများအနေဖြင့် တောဆင်ရိုင်း များအား ဝိုင်းဝန်းကြည့်ရှုခြင်း၊ ခြောက်လှန့်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း များ မပြုလုပ်ရန် လိုအပ်ကြောင်း၊ သို့မှသာ တောဆင်ရိုင်းများကို မူရင်း ဒေသသို့ ပို့ဆောင်ရာတွင် ချောမွေ့ မြန်ဆန်မည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သတင်း-ဇူလိုင်မိုး(မြန်မာ့အလင်း)
ဓာတ်ပုံ-ရဲသူရအောင်(ညောင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘင်္ဂလာဒေ့ရှ် တပ်ဖွဲ့ဝင်အများအပြား နယ်စပ်သို့ စေလွှတ်
 ရန်ကုန်၊ သြဂုတ် ၂၆
 ရက္ခိုင့်တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာ ရရှိသွားပြီးနောက် ယခုအခါ ဘင်္ဂလာဒေ့ရှ် စစ်သားအများအပြားကို နယ်စပ်သို့ စေလွှတ်ထားလိုက်ပြီဟု ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် အာဇစ်အာမတ် (Aziz Ahmed) ကပြောသည်။
ထိုသို့ စေလွှတ်ခြင်းမှာ ဘင်ဒရိုဘင် ခရိုင် တန်းဆိပ်နယ်မြေရှိ ယနေ့မနက်က ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို တိုက်ခိုက်သွားသော မြန်မာခွဲထွက်ရေး အုပ်စုဝင်များကို ၀င်ရောက်စီးနှင်း တိုက်ခိုက်ရန်ဟု သူက ဆိုသည်။
( ယခု ဓာတ်ပုံပါသူမှာ ဘီဂျီပီ အကြီးအကဲ အဇစ်အာမတ် ဖြစ်ပြီး ဓာတ်ပုံများမှာ ဘင်္ဂလာဒေ့ရှ် သတင်းစာများတွင် ဖော်ပြထားသော ပုံများ ဖြစ်ကြပါသည်)
ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် က မော်တုတ်ကြီးရှိ ဘီဂျီဘီ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံခဲ့ရပြီးနောက် BGB နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကိုသာမက စစ်သားများကိုပါ စေလွှတ်ပြီး အင်အား ဖြည့်တင်းထားလိုက်ပြီဟု သူက ဆိုသည်။
ယင်းပြင် မြန်မာစစ်တပ်ကိုလည်း နယ်စပ်များကို ပိတ်ဆို့ ထားရန် အကြောင်းကြားထားသဖြင့် မြန်မာနိုင်ငံမှ ခွဲထွက်ရေးအုပ်စုမှာ ထွက်ပြေးရန် အခွင့်အရေးမရှိတော့ဟု သူက ဆိုသည်။
အလယ်ခွာတောင်နှင့် ဘော်လီပါရာရှိ စစ်တပ်မှ တပ်ခွဲ နှစ်ခုကိုလည်း အခင်းဖြစ်ပွားရာသို့ စေလွတ်လိုက်ပြီဟု ဆိုသည်။
တိုက်ပွဲမှာ ယနေ့ နံနက် ၉ နာရီခွဲမှ နေ့လယ် ၂ နာရီထိ ဖြစ်ပွားခဲ့ပြီး ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်သားတစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး စစ်ရဟတ်ယာဉ်ဖြင့် စစ်တကောင်းမြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
သြဂုတ်လ ၂၇ ရက်နေ့တွင် စစ်ဆင်ရေး စတင်မည် ဖြစ်သည်ဟု ဆိုသည်။
ယနေ့ နေ့လယ်က ဒက္ကားမြို့ရှိ Press Club တွင် ဘင်္ဂလာ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal မှ သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး နောက်နောင်ထိုကဲ့သို့ တိုက်ခိုက်မှုများ မပြုလုပ်ရအောင် လိုအပ်သော ပူးပေါင်းစစ်ဆင်ရေး တစ်ရပ်ကို နယ်စပ်တွင် ပြုလုပ်မည်ဟု ပြောဆိုသည်။
Arakan State
https://www.facebook.com/NarinjaraNews
မြန်​မာ​နဲ့ ​ဘ​င်္ဂ​လား​ဒေ့​ရှ် ​နယ်​စပ်​မှာ ​တိုက်​ပွဲ​ဖြစ်
ဘ​င်္ဂ​လား​ဒေ့​ရှ် ​နယ်​ခြား​စောင့်​တပ်​ဖွဲ့​များ
မြန်​မာ ​အ​စိုး​ရ​ကို ​လက်​နက်​ကိုင် ​တိုက်​ခိုက် ​နေ​တဲ့ ​ရ​ခိုင်​တပ်​မ​တော် AA ​နဲ့ ​ဘ​င်္ဂ​လား ​နယ်​ခြား​စောင့် ​တပ်​ဖွဲ့​တွေ​ကြား ​သြ​ဂုတ်​လ ၂၆ ​ရက်​နေ့ ​မ​နက် ၁၀ ​နာ​ရီ​က​နေ ၁၂ ​နာ​ရီ​လောက် ​အ​ထိ ​အ​ပြန်​အ​လှန် ​တိုက်​ပွဲ ​ဖြစ်​ခဲ့​တယ်​လို့ AA ​စစ်​စီး​ချုပ် ​ဗိုလ်​မှူး​ချုပ် ​ထွန်း​မြတ်​နိုင်​က ​ဘီ​ဘီ​စီ​ကို ​ပြော ​ပါ​တယ်။
AA ​တပ်​ဖွဲ့​တွေ ​ရှိ​နေ​တဲ့ ​နေ​ရာ​ကို ​ဘ​င်္ဂ​လား​ဒေ့​ရှ် ​နယ်​ခြား​စောင့်​တပ်​က ​ဝင်​လာ​တဲ့​အ​တွက် ​သ​တိ​ပေး ​ပစ်​ခတ်​ရာ​က​နေ ​တိုက်​ပွဲ ​စ​ဖြစ်​ခဲ့​တာ​လို့ ​သူ​က ​ပြော​ပါ​တယ်။
ဘ​င်္ဂ​လား​ဒေ့​ရှ်​နယ်​ခြား​စောင့်​တပ်​ဖွဲ့​ရဲ့ ​တပ်​မှူး​ကြီး ​ဖြစ်​တဲ့ ​ဗိုလ်​ချုပ် ​အာ​ဇစ် ​အာ​မက်​က​တော့ ​သူ​တို့ ​နယ်​ခြား​စောင့်​တပ် ​ကင်း​လှည့်​လာ​တာ​ကို AA ​ဘက်​က ​ပစ်​ခတ်​လို့ ​တိုက်​ပွဲ​ဖြစ်​ရ​တာ​လို့ ​ပြော​ပါ​တယ်။
တိုက်​ပွဲ ​ဖြစ်​တဲ့​နေ​ရာ​က ​ဘ​င်္ဂ​လား​ဒေ့​ရှ် ​အ​ခေါ် ​ဆင်​ကူး​ရေ​ဗာ ၊ ​မြန်​မာ ​အ​ခေါ် ​ရို​ကြို​ချောင်း​ဖျား ​မှာ​လို့ AA ​ဘက်​က ​ပြော​ပါ​တယ်။
အ​ခု​လို ​တိုက်​ပွဲ​တွေ ​မ​ဖြစ်​ခင် ​လွန်​ခဲ့​တဲ့ ​နှစ်​ပတ်​လောက်​က ​ဆေး​ဝါး​နဲ့ ​စား​နပ်​ရိ​က္ခာ ​အ​ကူ​အ​ညီ​တွေ ​သွား​ပေး​တဲ့ ​ဒေ​သ ​အ​ကျိုး​ပြု ​လုပ်​ငန်း ​လုပ်​ဆောင်​နေ​သူ AA ​အ​ဖွဲ့​ဝင်​တွေ​ရဲ့ ​မြင်း​တွေ​နဲ့ ​လား​တွေ​ကို ​ဘ​င်္ဂ​လား​ဒေ့​ရှ် ​နယ်​ခြား​စောင့်​တပ်​က ​သိမ်း​ဆည်း​ထား​တာ ​အ​ခု​ချိန်​ထိ ​ပြန်​မ​ရ​သေး​ဘူး​လို့ AA ​တပ်​မှူး​က ​ပြော​ပါ​တယ်။
ဘ​င်္ဂ​လာ​ဒေ့​ရှ် ​နယ်​ခြား​စောင့် ​တပ်​တွေ​ရဲ့ ​လှေ ​ငါး​စီး​လောက်​ကို AA ​ဘက်​က​သိမ်း​ထား​တယ်​ဆို​တဲ့ ​သ​တင်း​တွေ​လည်း ​မ​ဟုတ်​မှန်​ကြောင်း AA ​စစ်​စီး​ချုပ် ​ဗိုလ်​မှူး​ချုပ် ​ထွန်း​မြတ်​နိုင်​က ​ပြော ​ပါ​တယ်။
အ​ခု ​ဖြစ်​တဲ့ ​တိုက်​ပွဲ​တွေ​ကြောင့် ​ဘ​င်္ဂ​လာ​ဒေ့​ရှ် ​ဘက်​က ​တစ်​ယောက် ​ဒဏ်​ရာ​ရ ​ခဲ့​ပေ​မဲ့ AA ​ဘက်​က​တော့ ​ထိ​ခိုက်​ဒဏ်​ရာ ​ရ​သူ​မ​ရှိ​ဘူး​လို့ ​သူ​က ​ပြော​ပါ​တယ်။
BBC Burmese
ရွေးကောက်ပွဲသတင်းယူခွင့် စည်းမျဉ်းကန့်သတ်ချက်တွေ ထုတ်ပြန်
နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်။ Photo: Myo Thant Khaing/RFA
 လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်တွင်းသတင်းသမားတွေအနေနဲ့ မိမိတို့ သတင်းယူမယ့် မြို့နယ်အတွက် ကြိုတင်လျှောက်ထားရမှာဖြစ်ပြီး ကိုယ်တိုင် ဝန်ခံချက် ရေးသားတင်ပြရ မှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာအဖွဲ့အစည်းတွေထံ ဒီနေ့ အကြောင်း ကြားလိုက်ပါတယ်။
မြို့နယ်တစ်မြို့နယ်မှာ ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းတစ်ခုက သတင်းသမား အများဆုံး ၃ဦး သတင်းယူခွင့် ရှိပြီး အဲဒီအတွက် ခံဝန်လက်မှတ်ထိုးရမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ရေး အဖွဲ့မှူး ဦးသိန်းဦးက ပြောပါတယ်။
"တစ်မြို့နယ်မှာ ၃ ယောက်မတတ်နိုင်ရင် ၁ ယောက်ထားလိုက်ပေါ့၊ ဒီနေရာမှာ တစ်ယောက်သွား၊ ဟိုတစ်မြို့ နယ်မှာ တစ်ယောက်သွား၊ အဲ့လိုလုပ်လိုက်ပေါ့"
လာမယ့် နိုဝင်ဘာလ ၅ရက်နေ့ နောက်ဆုံးထားပြီး မိမိတို့သတင်းယူမယ့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲအသီးသီး မှာ လျှောက်ထားရမှာဖြစ်ပါတယ်။ လက်ရှိ ထုတ်ပြန် ချက်ဟာ သတင်းရယူခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ထား သလို ဖြစ်နေတာကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အနေနဲ့ ရွေးကောက်ပွဲကော်မရှင် နဲ့ တွေ့ဆုံဖို့ တောင်းဆို ထားတယ်လို့ စာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဌ သတင်းစာဆရာဖိုးသောကြာ က ပြောပါတယ်။
"လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်မဖြစ်၊ ပြည်သူလူထုကိုယ်စား စောင့်ကြည့်သတင်းယူရမည့် သတင်းမီဒီယာများ၏ သတင်းလွတ်လပ်စွာရယူခွင့်ကို ကန့်သတ်သကဲ့သို့ဖြစ်မသွားစေရန် အလို့ငှာ အဘတို့ ကပြန်တောင်းဆိုရမှာပေါ့နော်၊ ဘာလို့လည်းဆိုတော့ သူစာထဲမှာတချို့စာသားတွေက မရှင်းလင်းတာတွေ ကိုတော့ ကော်မရှင်ကိုသေချာမေးရမယ်၊ ဘာလို့လည်းဆိုတော့လွတ်လပ်စွာသတင်းရယူ နိုင်ရေးမရှိဘဲ နဲ့ ရွေးကောက်ပွဲဟာ တရားမျှတလွတ်လပ်ခြင်းရှိမရှိ၊ ဘယ်လိုပြောမလဲ၊ ရွေးကောက်ပွဲကော်မရှင်ဘက်က လွတ်လပ်မျှတစွာလုပ်ခြင်းမလုပ်ခြင်းကို အဘတို့ကကန့်သတ်ချက်တွေကြား ထဲကနေ စောင့်ကြည့်ရမယ် ဆိုရင်တော့ သိပ်မဟုတ်သေးဘူး"
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့မှာ အဲဒီလိုဝန်ခံချက် ရေးထိုးရခြင်း မရှိပါဘူး။ အဲဒီညွှန်ကြားချက်ဟာ ပြည်တွင်းသတင်း မီဒီယာအဖွဲ့အစည်းတွေနဲ့သာ အကျုံးဝင်ပြီး ပြည်ပသတင်းဌာနတွေ အနေနဲ့ ရွေးကောက်ပွဲမှာ သတင်းရယူ ဖို့က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင် ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese