Pages

Saturday, December 12, 2015

စားအုန်းဆီနှင့် အခြားစားသုံးဆီ ရောထားသော စားသုံးရန် မသင့်သည့် မြေပဲဆီ ၁၈ မျိုး ထုတ်ပြန်


ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ဈေးကွက်အတွင်း စားအုန်းဆီနှင့် အခြား စားသုံးဆီ ရောထားသော စားသုံးရန် မသင့်သည့် မြေပဲဆီ ၁၈ မျိုးကို ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော တော်ဝင်နဒီ၊ Lucky ၊ ss ၊ ရွှေမိုး၊ စိန်သရဖူ၊ Family၊ စံထိပ်တန်း၊ ရွှေစင်၊ ညွှန့်ဌေး၊ ရွှေကမ္ဘာ၊ စိန်တောင်တန်း၊ အိုကေစီ၊ Quality၊ ရွှေတောင်၊ ကောင်းထက်ကျော်၊ ကောင်းကြိုက်၊ အင်းဝနှင့် အေးမြတ်မွန် စသော အမှတ်တံဆိပ် မြေပဲဆီများမှာ မြေပဲဆီ အစစ်မဟုတ်ဘဲ စားအုန်းဆီနှင့် အခြားစားသုံးဆီ အရောများ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ အမှတ် တံဆိပ်ဖြင့် မြေပဲဆီ ထုတ်လုပ်သည့် လုပ်ငန်းများ အနေဖြင့် စံမညီ စားသုံးဆီများအား ဈေးကွက်မှ အမြန်ဆုံး ပြန်လည် ရုပ်သိမ်းသွားရန်နှင့် ဆက်လက် ထုတ်လုပ် ရောင်းချကြောင်း စိစစ်တွေ့ရှိရပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ၂၈ (ခ) အရ အရေးယူ သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။
သတ်မှတ် စံနှုန်းများနှင့် ညီညွတ် စေရန်အတွက် ဈေးကွက်များရှိ စားသုံးဆီများအား ဆက်လက် စစ်ဆေး ဖော်ထုတ် ကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။  (Xinhua)

သဘာဝ ဘေးအန္တရာယ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း တစ်ဘီလီယံခန့် လိုအပ်


ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
သဘာဝ ဘေးအန္တရာယ်များအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း တစ်ဘီလီယံခန့် လိုအပ်ကြောင်း ရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှု အလွန်ကာလ လိုအပ်ချက်များ ဆန်းစစ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာခဲ့သော စီးပွားရေး တန်ဖိုး ပမာဏသည် ပျမ်းမျှအားဖြင့် ကျပ်သန်းပေါင်း(၁ . ၉)ထရီလီယံ (သို့မဟုတ်) အမေရိကန် ဒေါ်လာသန်းပေါင်း (၁ . ၅) ဘီလီယံ ခန့် ဆုံးရှုံးမည်ဟု ခန့်မှန်းထားပြီး ပြန်လည် ထူထောင် ရေးအတွက် လိုအပ်ချက်မှာလည်း ယင်းပမာဏခန့် ရှိကြောင်း ဖော်ပြထားသည်။
ယင်းအစီရင်ခံစာ၏ အရေးပါသော အကြံပြုချက်များမှာ အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းမှုကို အားကောင်းစေရေး၊ သတင်း အချက်အလက် စနစ်နှင့် ရှေးဦးအရေးပေါ် ကြိုတင် ကြေညာနိုင်မှု စနစ်များ ထူထောင်နိုင်ရေး၊ အရေးပေါ်လုပ်ငန်းစဉ်များ အားကောင်း စေရေး၊ ရှေးဦး ပြန်လည် ထူထောင်ရေး အား ဦးစားပေး ဆောင်ရွက်နိုင်ရေး၊ အရင်းအမြစ် ခွဲဝေမှုကို ပွင့်လင်း မြင်သာစွာနှင့် တာဝန်ယူမှု ပြည့်ဝစွာ စီမံ ခန့်ခွဲနိုင်ရေး၊ အုပ်ချုပ်ရေး စနစ်နှင့် လုပ်ထုံး လုပ်နည်းများ ခိုင်မာရေး တို့ဖြစ်သည်။
ယခု အစီရင်ခံစာသည် ပြည်တွင်း ပြည်ပမှ စွမ်းအားများ အားလုံးကို အမိအရ လက်ကမ်း ရယူလျှက် နိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် အကျိုးရှိစွာ အသုံးချနိုင်မည်ဟု မျှော်လင့် ရပါကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ပြောကြားသည်။  (Xinhua)

KNU ရောင်းချမြေပေါ် က နေအိမ်တွေ ဖယ်ရှားပေးဖို့ အမိန့်ထုတ်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သာယာကုန်းရွာနဲ့ အမြန်လမ်းမကြီးကြားမှာရှိတဲ့ မြေကွက်တွေကို KNU ကရင်အမျိုးသားအစည်းအရုံးထံကနေ ၀ယ်ယူထားသူတွေက လက်ရှိ နေအိမ်ဆောက်လုပ်နေတာကို ဖယ်ရှားပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးစာထုတ်ထားပါတယ်။
အဲဒီမြေကွက်တွေဟာ ဆင်းရဲသားတွေ အိမ်ယာပိုင်ဆိုင်နိုင်ဖို့ အကောင်အထည်ဖော်တဲ့ စီမံကိန်းဆိုပြီး ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ကွက်ကို ငွေကျပ် သုံးသိန်းနဲ့ KNU က ရောင်းချထားတာဖြစ်တယ်လို့ မြေကွက်တစ်ကွက်ဝယ်ယူ ထားတဲ့ ဦးစိန်သောင်းက ပြောပါတယ်။
"သမ္မတကြီး ခွင့်ပြုချက်နဲ့ ကေအဲန်ယူကနေပြီး မြေကွက်တွေကို ဖော်ဆောင်တယ်လို့ သူကရေးထားတာလေ၊ ၂၅.၂.၂ဝ၁၄ ကစပြီး ဆိုင်းဘုတ်မှာ အဲ့အတိုင်းတင်တာပေါ့နော်၊ ဒါဘယ်မြေမှန်း မသိဘူးလေ၊ သူတို့က စိုက်ပျိုးရေးမြေလို့သာပြောတာ ဒီနေရာက မြက်တောင် မပေါက်ပါဘူးဗျာ၊ ကေအဲန်ယူက အကွက်ရိုက်ပြီး ကျနော်တို့ကို ရောင်းတာ၊ ရောင်းတော့ ကျနော်တို့ကလည်း ဝယ်တာပေါ့၊ ၄ဝ x ၆ဝ တစ်ကွက်ကို ၃ သိန်းလေ၊ အိမ်ခြံမြေမရှိတဲ့သူတွေ ရက်ကွက်ကနေ အိမ်ခြံမြေမရှိကြောင်း ထောက်ခံချက်ယူပြီး ကေအဲန်ယူအဖွဲ့ မှာ လျှောက်လွှာတင်တာပေါ့"
KNU က ရောင်းချထားတဲ့ မြေကွက်တွေဟာ ဧကတစ်ထောင်ကျော်လောက်ရှိပြီး ၀ယ်ယူထားသူတွေထဲက တချို့ဟာ နေအိမ်ဆောက်လုပ်နေထိုင်နေကြပြီး တချို့ကခြံစည်းရိုးတွေ ခတ်ထားပြီးဖြစ်တာကြောင့် ဒီနေရာကနေ မဖယ်ရှားခိုင်းဖို့ နိုင်ငံတော်သမ္မတဆီကို မနေ့က အသနားခံစာ တင်ထားတယ်လို့ သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်တဲ့ သတိပေးစာမှာတော့ အဲဒီမြေနေရာဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဦးစီးဌာနကပိုင်တဲ့ မြေနေရာဖြစ်တာကြောင့် မြေကွက်ဝယ်ယူထားသူတွေအနေနဲ့ မဖယ်ရှားပေးဘူးဆိုရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့လည်း ပါရှိတယ်လို့ သိရပါတယ်။
RFA

ပြစ်မှုကျူးလွန်ကြောင်း သက်သေ အခိုင်အမာ မပြသနိုင်သည့် မြန်မာနှစ်ဦး၏ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ် အမိန့်ချမည်


ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွီခရိုင် အတွင်းရှိ လိပ်ကျွန်းတွင် ၂၀၁၄ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် စွဲချက် အတင်ခံထားရသည့် မြန်မာလုပ်သား နှစ်ဦးကို ယခုလ ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုင်းရဲတပ်ဖွဲ့၏ အငြင်းပွားဖွယ် ဆောင်ရွက်ချက်များကြောင့် ကမ္ဘာသိခဲ့သည့် ထိုလူသတ်မှုတွင် ရွှေ့ပြောင်းမြန်မာလုပ်သား နှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို ပြစ်မှုကျူးလွန်သည်ဟု ဆိုကာ သေဒဏ် ချမှတ်နိုင်သည့် ပုဒ်မများဖြင့် ကော့စမွီ ခရိုင်တရားရုံးတွင် စွဲချက်တင်ခဲ့ပြီး တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် ၂၀၁၅ ဒီဇင်ဘာ ၂၄ တွင် အပြီးသတ် အမိန့်ချမည် ဖြစ်သည်။
ပြီးခဲ့သည့် တရားခွင် စစ်ဆေးချက်များတွင် စွဲချက် အတင်ခံထားရသူများသည် ကျူးလွန်သည်ဟု မျက်မြင် သက်သေနှင့်တကွ ခိုင်မာသည့် သက်သေပြချက်များ မပေးနိုင်ခဲ့သောကြောင့် သံသယ ရှိသူများ ဖြစ်နေသည့် အတွက် လွတ်မြောက်ရန် အားသာနေသော်လည်း တရားစွဲ အဖွဲ့အစည်းမှာ ထိုင်းရဲတပ်ဖွဲ့ ဖြစ်နေသည့် အတွက် ထိုင်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာအတွက် ပြစ်ဒဏ် ချမှတ်နိုင်ဖွယ်လည်း ရှိနေကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က သုံးသပ်သည်။
၎င်းက “ဥပဒေအရ ဆိုရင်တော့ အပြစ်ပေးလို့ မရဘူးခင်ဗျ။တစ်ခုတော့ ရှိတာပေါ့လေ။ ထိုင်းနိုင်ငံမှာ ကျွန်တော်တို့ ကလေးတွေကို တရားစွဲတာက ရဲတပ်ဖွဲ့ ဖြစ်နေတော့ သူတို့ သိက္ခာပိုင်းဆိုင်ရာ ဖြစ်နေတယ်။သိက္ခာပိုင်း ဆိုင်ရာ ဖြစ်နေတော့ သိက္ခာဆယ်တဲ့ အနေနဲ့ အပြစ်ပေးမယ် ဆိုရင်လည်း ဒါက သူတို့ နိုင်ငံမှာ ရှိနေတဲ့ ကျွန်တော်တို့ မြန်မာ အလုပ်သမားတွေ အနေနဲ့ ဘာမှမတတ်နိုင်ဘူးပေါ့” ဟု မှတ်ချက်ပြုသည်။
ထို့ပြင် မြန်မာလုပ်သား နှစ်ဦးအား မည်သည့် ပြစ်ဒဏ်ချမှတ်သည် ဖြစ်စေ၊ မချမှတ်သည် ဖြစ်စေ ၎င်းတို့ နှစ်ဦးအမှုနှင့် ပတ်သက်ပြီး မြန်မာသံရုံး အထူးအဖွဲ့ အနေဖြင့် ရှေ့ဆက် လုပ်ဆောင်သွားမည့် အစီအစဉ်များ အဆင်သင့် ရှိနေကြောင်းလည်း ဦးအောင်မျိုးသန့်က ထပ်လောင်း ပြောကြားသည်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ကလေးတွေ လွတ်သွားပြီဆိုရင်လည်း ကျွန်တော်တို့က ရှေ့ဆက်ဖို့ အနေအထားတွေ ရှိနေပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ တကယ်လို့ ကျွန်တော်တို့ ဘက်က တရားသေ လွတ်သွားပြီးရင် ထိုင်းအစိုးရ ရှေ့နေဘက်က ပြင်ဆင်ချက် တက်ဖို့ စီစဉ်ပါလိမ့်မယ်။အဲ့ဒီ အတောအတွင်းမှာ ဒီကလေး နှစ်ဦးကို ထောင်ထဲမှာပဲ ထားဖို့ လျှောက်ထားရင် ကျွန်တော်တို့ ဘက်ကနေပြီးတော့ ကလေးတွေက အပြစ်မရှိလို့ လွှတ်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် အပြင်ကနေပြီးတော့ပဲ သူတို့ရဲ့ ပြင်ဆင်ချက်ကို ရင်ဆိုင်သွားဖို့ လုပ်ရပါလိမ့်မယ်။ တကယ်လို့ အပြစ်ပေး လိုက်တယ်ဆိုရင်လည်း ဘန်ကောက်မှာ ရှိတဲ့ တရားရုံးချုပ်ကို ကလေးတွေ အတွက် အယူခံဝင် ရပါလိမ့်မယ်။ ဒါကိုလည်း မြန်မာသံရုံးက သံအမတ်ကြီးနဲ့ တိုင်ပင်ပြီးသား ဖြစ်ပါတယ်” ဟု ဆိုသည်။
ထိုလူသတ်မှုနှင့် ပတ်သက်ပြီး သေဆုံးသူ ဟန်နာ၏ ကိုယ်ပေါ်ရှိ ဒီအင်အေနှင့် စွပ်စွဲခံထားရသူများ၏ ဒီအင်အေကို ပြန်လည် တိုက်ဆိုင် စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် တူညီမှု မရှိကြောင်း ထိုင်းနိုင်ငံ၏ ကျော်ကြားသည့် မှုခင်းဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ ဖွန်တစ်က တရားခွင် ရုံးချိန်းတစ်ခုတွင် လာရောက် သက်သေပြ ထွက်ဆိုခဲ့သည်။ မြန်မာလုပ်သား နှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ၀င်းဇော်ထွန်း တို့ကို လူသတ်မှု၊ မုဒိမ်းမှု အပါအ၀င် ပြစ်မှုပုဒ်မ - ၇ ခုဖြင့် စွဲချက်တင် ထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ဥပဒေအရ ပြစ်မှု ထင်ရှားပါက သေဒဏ်ထိ ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်နိုင်သည်။
Writer: 
ဥာဏ်ဝင်းရှိန် EMG

မန္တလေးစည်ပင်သာယာမှ တန်ဖိုးမျှတအိမ်ရာ ခြောက်ထပ်တိုက် ၁၃၅ လုံး ဆက်လက်တည်ဆောက်မည်


မန္တလေးမြို့တော် စည်ပင်သာယာမှ မြရည်နန္ဒာမြို့သစ်တွင် တန်ဖိုးမျှတအိမ်ရာ ၁၃၅ လုံးကို တည်ဆောက် မည်ဖြစ်၍ စည်ပင်သာယာလိုင်စင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များဘက်မှ ဆောက်လုပ်မည့် အလုံးရေကို တင်ပြနိုင်ကြောင်း မြို့တော် စည်ပင်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။

မြိုတော်စည်ပင်မှ မြေနေရာပေးကာ ဆောက်လုပ်ရေးကုမ္ပဏီများဘက်မှ ငွေကြေးစိုက်ထုတ် တည်ဆောက်ရ မည် ဖြစ်ပြီး အခန်းအရေအတွက် ခွဲဝေမှုကို နှစ်ဖက်သဘောတူ လုပ်ဆောင်သွားမည် ဖြစ်သည်။ ''ဆောက်လုပ် သူတွေဘက်က သူတို့အတွက် အကျိုးရှိမှလုပ်နိုင်မှာဆို တော့ PAE တွက်ချက်ပြီး တိုက်ခန်းရောင်းရတဲ့အပေါ် ရာခိုင်နှုန်း ၇၀-၃၀ စသဖြင့် ညှိရမှာပါ။ တိုက်ခန်းတွေ ရောင်းမယ်ဆိုရင်လည်း စည်ပင်နဲ့ကုမ္ပဏီက ဈေးနှုန်း အတူတူဖြစ်ဖို့လိုတယ်''ဟု ၎င်းက ပြောသည်။

အဆိုပါအဆောက်အအုံစီမံကိန်းကို မမ-၂၅ တွင် ၂၄လုံး၊ မမ-၂၈ တွင် ၄၈ လုံး၊ မမ- ၂၉ တွင် ၄၈ လုံး၊ မမ- ၁၉ တွင် ၁၅ လုံးတို့ဖြစ်၍ အခန်း ပေါင်း ၂၈၀၀ ပါဝင်မည်ဖြစ်ကာ စုစုပေါင်းခြောက်ထပ်အဆောက်အအုံ ၁၃၅ လုံးဖြစ်ပြီး လူနေတိုက်ခန်းများအပြင် ပန်းခြံများ၊ ကလေးကစား ကွင်းများ ပါဝင်မည်ဖြစ်သည်။
''ပြီးခဲ့တဲ့ရက်ပိုင်းက ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့တွေ့ဆုံခဲ့တယ်။ သူတို့ဆောက်နိုင်မယ့်အရေအတွက်ကို တင်ပြရမယ်။ လုပ်ငန်းရှင်တွေက ငွေစိုက်ထုတ်ပြီး စည်ပင်က မြေနေရာပေးမယ်။
စည်ပင်နဲ့ကုမ္ပဏီဘက်က ဘယ်လိုခွဲဝေမလဲဆိုတာနဲ့ ညှိနှိုင်းရဦးမှာပါ''ဟု စည်ပင်အတွင်းရေးမှူးက ဆက်လက်ပြောကြားသည်။

ရောင်းချမည့် တိုက်ခန်းဈေးနှုန်းနှင့် ဦးစားပေးရောင်းချမည့်အစီအစဉ်ကို မသတ်မှတ်ရသေးကြောင်း၊ လက်ငင်း စနစ်၊ ဘဏ်ငွေစနစ်၊ အရစ်ကျစနစ်များအနက် မည်သို့ရောင်းချသွားမည်ကို ဆက် လက်ဆွေးနွေးရမည်ဟု ဆိုသည်။''ကျွန်တော်တို့နဲ့တွေ့ပြီး PAE နဲ့ လုပ်ငန်းခွင်ကို ရှင်းပြတယ်။ ကိုယ့်အဆောက်အအုံရှေ့က လမ်းပိုင်းတွေပါ လုပ် ရမယ်လို့ အကြမ်းဖျင်းသိရတယ်။ လုပ်ငန်းကာလက ခြောက်လလောက်ပေးမယ် ထင်တယ်''ဟု 58-Pioner ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းလင်းက ပြောသည်။

အဆိုပါ မြို့သစ်တွင် RC လေးထပ်၊ ရှစ်ခန်းတွဲ ၂၇ လုံး၊ လေးခန်းတွဲ အလုံး ၃၀၊ စုစုပေါင်းအခန်းပေါင်း ၁၃၄၄ ခန်းတို့ကို အငြိမ်းစားဝန်ထမ်းများ၊ ရောင်း/၀ယ် မှားခဲ့သူများ၊ တိုက်ပွဲကျစစ်သည်များ၊ ပင်စင်စားတို့အား ရောင်း ချပေးခဲ့ပြီး ကမ်းနားလမ်းတွင်လည်း ကျူးများအတွက် အငှားအိမ်ရာ RC ခြောက်ထပ် ၂၂ လုံး၊ အခန်းပေါင်း ၁၅၈၄ကို ငှားရမ်းပေးရန် စီစဉ်နေကြောင်း သိရသည်။


(News Watch)

တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏အချိန်စာရင်းများကြေငြာ



တက္ကသိုလ်ဝင်တန်းစာမေးပွဲအချိန်စာရင်းများကို ပညာရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ၁၁ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့ကြောင်းသတင်းရရှိသည်၊

 အချိန်စာရင်းများအရ စာမေးပွဲကို ၂၀၁၆ခုနှစ်မတ်လ၉ရက်နေ့တွင်စတင်ဖြေဆိုရမည်ဖြစ်ပြီး
၉.၃.၂၀၁၆ရက်နေ့တွင် မြန်မာစာဘာသာရပ်၊
၁၀.၃.၂၀၁၆ရက်နေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊
၁၁.၃.၂၀၁၆ရက်နေ့တွင် သင်္ချာဘာသာရပ်၊
၁၂.၃.၂၀၁၆ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်၊
၁၄.၃.၂၀၁၆ရက်နေ့တွင် ဓာတုဗေဒဘာသာရပ်၊
၁၅.၃.၂၀၁၆ရက်နေ့တွင် ရူပဗေဒဘာသာရပ်၊
၁၆.၃.၂၀၁၆ရက်နေ့တွင် ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်၊
၁၇.၃.၂၀၁၆ရက်နေ့တွင် ပထ၀ီဝင်ဘာသာရပ်၊
၁၈.၃.၂၀၁၆ရက်နေ့တွင် သမိုင်းဘာသာရပ် တို့ကိုအသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း
သတင်းရရှိသည်။

အိုက်အက်စ် မ၀င်ရောက်နိုင်ရန် ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် လုံခြုံရေးတိုးမြှင့်


ထိုင်း-မြန်မာနယ်စပ်ဘက်ကနေ အိုင်အက်စ်စစ်သွေးကြွတွေ မဝင်ရောက်နိုင်အောင် ကြိုတင် တားဆီးတဲ့အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က  လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာ နယ်စပ်ကနေ ဘာသာရေးအစွန်းရောက် အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်တွေ ဝင်ရောက်လာမှု မရှိရလေအောင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်တဲ့နေရာမှာ ဒေသခံ အစ္စလာမ်ဘာသာဝင်တွေကို လက်တွဲဆောင်ရွက်ကြဖို့ မြဝတီခရိုင်ရဲတပ်ဖွဲ့က တွေ့ဆုံဆွေးနွေးခဲ့တာပါ။
မြ၀တီမြို့ ဒုတိယရဲမှူးကြီး မိုးညိုက “အစ္စလာမ်အစွန်းရောက်အဖွဲ့ အိုင်အက်စ်က တကမ္ဘာလုံး နိုင်ငံအတော်များများမှာ ဖောက်ခွဲဖျက်ဆီးတာတွေ၊ အကြမ်းဖက်မှုတွေ လုပ်နေတာကြောင့် လူတဦးတယောက်ရဲ့ မကောင်းမှုကြောင့် အေးချမ်းစွာနေထိုင်တဲ့ တိုင်းသူပြည်သားအများစုအနေနဲ့ အဖျက်အမှောင့်မခံရအောင် အရေးကြီးပါတယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့ ဆွေးနွေးတယ်၊ ပြောပြတယ်။ ဖြစ်လာမှ လုပ်တာထက် မဖြစ်ခင် လုပ်တာက ပိုပြီးအောင်မြင်မှုလည်း ရှိပါတယ်။ နားလည်း နားလည်ကြပါတယ်။”
ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက မြဝတီမြို့ အစ္စလာမ်ဘာသာရေး ကျောင်းဆောင်မှာ မြဝတီခရိုင်ဒုတိယရဲမှူးကြီး နဲ့အဖွဲ့တွေက ဒေသခံ အစ္စလာမ် ဘာသာရေး အသင်းအဖွဲ့ တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တာပါ။
ကိုဇော်ဝင်း
ကိုဇော်ဝင်း
မြဝတီမြို့နယ်အစ္စလာမ် ဘာသာရေးကျောင်း ဥက္ကဋ္ဌ ကိုဇော်ဝင်းက “မြ၀တီနယ်စပ်ပေါက်ကနေ ၀င်လာဖို့တော့ မဖြစ်နိုင်ဘူး။ ကျနော်တို့ မြ၀တီမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကလည်း ဒီဟာကို လုံးဝ စိတ်မ၀င်စားဘူး၊ တချို့ဆို အိုင်အက်စ်ကို ဘာမှန်းတောင် မသိကြဘူး။ ကျနော်တို့ မြ၀တီမြို့ကတော့ အစွန်းရောက်အဖျက်သမားတွေကို လုံးဝ အားမပေးတာတော့ အာမခံတယ်” လို့ ပြောပါတယ်။
မြဝတီမြို့ဟာ နယ်စပ်မြို့ ဖြစ်တာကြောင့် လုံခြုံရေးအထူးဂရုစိုက်ရပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေရဲ့ သတင်းပေးပို့မှုအရ လုံခြုံရေး တိုးမြှင့်ထားပြီး မသင်္ကာဖွယ်ရာ လူတွေ ဝင်ရောက်လာခဲ့ရင် အချိန်မီ သတင်းပေးပို့နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေုးဆိုင်ရာ ပြဿနာတွေ တွေ့ရှိခဲ့ရင်လည်း အမြန်ဆုံးသတင်းပေးပို့စေလိုကြောင်း ပြောကြားခဲ့ပါတယ်။
မြဝတီခရိုင်အတွင်းမှာ အစ္စလာမ်ဘာသာဝင် သုံးသောင်းအထက်  ရှိပြီး အစ္စလာမ် ဘုရားရှိခိုးကျောင်းတကျောင်းနဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ ပညာသင်ကြားရေးနေရာ  ၇ နေရာ ရှိပါတယ်။
DVB

ခိမ်းခြောက်ခံရမှုကြောင့် ဘန်ကောက်အဲဝေးခရီးစဉ် ဖျက်သိမ်း


ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ကော့စမွိခရိုင်ကို သွားမယ့် ဘန်ကောက်အဲဝေး လေကြောင်းလိုင်းဟာ ခြိမ်းခြောက်ခံရတဲ့အတွက် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
နိုင်ငံခြား ခရီးသည် ၂ ဦး စကားများရာက တဦးက လေယာဉ်ကို ဗုံးခွဲမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သုဝဏ္ဏဘုံမိ လေဆိပ် အထွေထွေမန်နေဂျာကို ကိုးကားပြီး ဘန်ကောက်ပိုစ်သတင်းမှာရေးပါတယ်။
ဒီအတွက် ကောစမွီခရိုင်ကို ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီ ၂၀ မိနစ်မှာ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ပီဂျီ ၁၄၅ လေယာဉ်က ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
လုံခြုံရေးတာဝန်ရှိသူတွေ စစ်ဆေးဖို့အတွက် ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်းတွေ အားလုံးလည်း လေယာဉ်ကနေ ထွက်ခွာဖို့ အမိန့်ပေးခဲ့သလို ခရီးသည်အိတ်တွေကိုလည်း အိပ်ခ်ျရေးနဲ့ ပြန်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးရာမှာ တစုံတရာသံသယရှိစရာမတွေ့ရဘူးလို့ လုံခြုံရေး အရာရှိတွေက ပြောသလို ခရီးသည် ၂ ဦးကိုလည်း တရားဥပဒေအရ အရေးယူသွားဖို့ ဘန်ကောက်အဲဝေးက ဆုံးဖြတ်လိုက်ပါတယ်။
အပြစ်ရှိကြောင်း တွေ့ရရင်တော့ ခရီးသည်တွေက ဘတ်ငွေ ၂ သိန်း ဒါမှ မဟုတ် ထောင်ဒဏ် ၅ နှစ် (သို့) ၂ ခုလုံး ပူးတွဲကျခံရမယ်လို့ ဆိုပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည် ၉၉ ဦး လိုက်ပါဖို့ရှိနေသလို ဒီခရီးစဉ်ကို ည ၇ နာရီခွဲမှာ ပြန်လည်ရွှေ့ဆိုင်းပြီး ပီဂျီ ၁၈၇ လေယာဉ်နဲ့ ပြန်လည်သွားရောက်ခဲ့ပါတယ်။
DVB

အာဏာ အလွှဲအပြောင်း ချောမွေ့ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း


မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ အနိုင်ရပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု။ (ဒီဇင်ဘာလ ၂၊ ၂၀၁၅)

နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းရေး အတွက် နိုင်ငံတော်အစိုးရ နဲ့ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီတို့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွေ ဖွဲ့စည်းထားပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး က သတင်းထုတ်ပြန်ပါတယ်။ NLD ပါတီက အသွင်ကူးပြောင်းရေး အဖွဲ့ဝင် ကတော့ နောက်တပတ်မှာ နှစ်ဖက်ကော်မတီ အစည်းဝေး ကျင်းပပြီးချိန်မှာ လက်ရှိဆောင်ရွက်တာတွေကို သိနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။ ဒီသတင်း ကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ အရင်က အစဉ်အလာ မရှိသေးတဲ့ နိုင်ငံတော် အကြီးအကဲတာဝန် စနစ်တကျလွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်းတရပ် ထူထောင်ဖို့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလ ၂ရက်နေ့ တွေ့ဆုံဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။

ဒီဆွေးနွေးခဲ့တဲ့ အချက်တွေကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အတွက် နိုင်ငံတော် အစိုးရဘက်က နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ ကို ဖွဲ့စည်းခဲ့သလို NLD ပါတီဘက်ကလည်း အသွင်ကူးပြောင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

အစိုးရဖက်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန် ထားပါတယ်။

လက်ရှိ လုပ်ငန်းဆောင်ရွက်ထားတဲ့အခြေအနေတွေကို မေးမြန်းနိုင်ဖို့ ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း ကိုဆက်သွယ်ရာမှာ အစည်းအဝေးမှာရောက်ရှိနေသလို နဲ့ ဦးရဲထွဋ်ကို ဆက်သွယ်ရာမှာလည်း ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

NLD ပါတီဘက်ကတော့ အသွင်ကူးပြောင်းရေးအဖွဲ့ကို အဖွဲ့ဝင် ၆ဦးနဲ့ ဖွဲ့စည်းပြီး နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ နဲ့ နောက်တပတ်မှာ ကျင်းပမယ့် အစည်းအဝေး အပြီးမှာ လက်ရှိလုပ်ငန်းဆောင်ရွက် တာတွေကို သိရှိနိုင်မှာဖြစ်ကြောင်း အသွင်ကူးပြောင်းရေး အဖွဲ့ ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

" ဖွဲ့ပြီးပြီ။ ဖွဲ့ပြီးပြီ။ ကျနော်ရယ် ဒေါက်တာမျိုးအောင် ရယ် ဒေါက်တာအောင်သူ ရယ် နောက် လွှတ်တော်ကိုယ်စားလှယ် သုံးယောက် ပါဦးမယ်။ သူတို့နဲ့ဆွေးနွေးပြီးတော့မှ နောက်အပတ်မှာ အစည်းအဝေးလုပ်ပြီးမှ ဆောင်ရွက် ရမှာတွေ သိမယ်။"

အစည်းအဝေးအပြီးမှာ သတင်းထုတ်ပြန်ဖို့ လိုအပ်မှသာ သတင်းထုတ်ပြန် သွားမှာဖြစ်ကြောင်းလည်း ဦးဝင်းထိန်က ပြောပါတယ်။

လောလောဆည်မြန်မာပြည်သူအချို့အကြားမှာတော့ အာဏာလွှဲပြောင်းရေးအတွက် စိုးရိမ်သူတွေ ရှိသလို ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန်ယူရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆောင်ရွက်ဖို့ လိုလားသူတွေလည်း ရှိနေပါတယ်။

မြန်မာ့နိုင်ငံရေးသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းကတော့ လက်ရှိဆောင်ရွက်နေမှုတွေ အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

"တခုတော့ရှိတယ်ဗျ။ အာဏာလွှဲပြောင်းရေးက အာဏာလွှဲပြောင်းရေး သပ်သပ် ဆိုရင်တော့ အာဏာလွှဲပြောင်းရေးက မဖြစ်စရာ အကြောင်းမရှိဘူး။ အဲ့လိုမဟုတ်ပဲနဲ့ အာဏာလွှဲပြောင်းရေးတင်မကပဲနဲ့ အခြေခံဥပဒေပြင်ဆင်ရေးရော အကုန်လုံးကို တခါတည်း လုပ်မယ်ဆိုရင်တော့ ချက်ခြင်း အဖြေက ရမှာမဟုတ်ဘူး။ တချို့က သိပ်ပြီးတော့ ဖြစ်စေချင်တာတွေ များနေတာပေါ့လေ။ အဲ့တော့ ကျနော်တို့ ဖြစ်စေချင် တာကတော့ အာဏာ လွှဲပြောင်းရေး သပ်သပ်ကို အရင်ဆုံး စလုပ် ကျန်တဲ့ အခြေခံဥပဒေကို တဖြေးဖြေး လုပ်ပေါ့။ အဲ့သလို သွားကြရင်တော့ ပိုအဆင်ပြေလိမ့်မယ် ထင်တာပဲ။"

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကတော့ လက်ရှိ လွှတ်တော်သက်တမ်းကုန်ဆုံးချိန်မှာ လွှတ်တော် အသစ်ခေါ်ယူနိုင်ရေးအတွက် လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယက နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ အခြား တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။

လက်ရှိ လွှတ်တော်သက်တမ်းဟာ လာမယ့်နှစ် ဇန်န၀ါရီလ ၃၀ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိ နိုင်ငံတော်အစိုးရသက်တမ်းကတော့ လာမယ့် နှစ် မတ်လ ၃၀ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။


မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)

ကဘူးလ် တိုက်ခိုက်မှု တာလီဘန်တွေ လက်ချက်


ကဘူးလ်အတိုက်ခိုက်ခံရ။ (ဒီဇင်ဘာ ၁၁၊ ၂၀၁၅)
သောကြာနေ့ ညက အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့၊ သံတမန် ရပ်ကွက် မှာ ဖြစ်ပွားတဲ့ ကားဗုံးပေါက်ကွဲမှုနဲ့ သေနတ် ပစ်ခတ်မှုတွေဟာ သူတို့ပြုလုပ်ခဲ့တာဖြစ်တဲ့ အကြောင်း တာလီဘန်အဖွဲ့က ကြေညာခဲ့ပါတယ်။

အာဖဂန်ရဲတွေရဲ့ ပြောကြားချက်အရ စပိန် ရဲတပ်ဖွဲ့ဝင် တစ်ဦးအပါအ၀င် အနည်းဆုံး နှစ်ဦးသေဆုံးပြီး အမြောက်အများ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ အနားမှာရှိတဲ့ အီတလီ အဖွဲ့အစည်းတစ်ခုရဲ့ ဆေးရုံကတော့ ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရခဲ့သူ ခုနစ်ဦးကို လက်ခံကုသပေးခဲ့တယ်လို့ သတင်းပို့ခဲ့ပါတယ်။

ဒီရပ်ကွက်ထဲက တည်းခိုရိပ်သာတစ်ခုမှာ စစ်ရေးနဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အတွက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid ကပြောပါတယ်။

”ကျွန်တော်တို့ အဲဒီနေရာကို အကြာကြီး စောင့်ကြည့်ခဲ့ပြီးမှ၊ ဒီနေ့မှာ ကျွန်တော်တို့ရဲ့ မူဂျာဟေစ်ဒင်အုပ်စုကနေ တိုက်ခိုက်ခဲ့တာပါ။ ဒီအဆောက်အဦးထဲ ၀င်လို့ရအောင် အနီးမှာ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့်တင်ထားတဲ့ ကားကို ကျွန်တော်တို့ထဲက တစ်ယောက်က စတင်ဖောက်ခွဲခဲ့ပါတယ်။ အဲဒီ အဆောက်အဦးထဲမှာ နိုင်ငံခြားသားတွေ အများကြီး ရှိနေပါတယ်။” လို့ သူက ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ အနည်းဆုံး လူသုံးဦးပါဝင်တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

ဝါရှင်တန်မြို့မှာ အမေရိကန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂိုလ် ဂျွန်ကာဘီက အခုလို အကြမ်းဖက်မှု ဖြစ်ပေမယ့်လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အစုအဖွဲ့ အားလုံး ပြန်လည်ရင်ကြားစေ့ရေးအတွက် ဆက်လက် လုပ်ဆောင်ဖို့ လိုမယ်လို့ ယုံကြည်ဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုအပတ် အစောပိုင်းက ကန်ဒါဟာတောင်ပိုင်းဒေသ က လေဆိပ်တစ်ခု အနီးမှာ ရှိတဲ့ စစ်တပ် အိမ်ယာတစ်ခုကို အသေခံ ဗုံးခါးပတ်တွေ တပ်ထားတဲ့ တာလီဘန် တိုက်ခိုက်ရေး သမား ၁၀ဦး ၂၇နာရီကြာ ၀င်ရောက် စီးနင်းထားတဲ့ဖြစ်ရပ် ဖြစ်ခဲ့ပြီး၊ အရပ်သား ၃၉ဦး အပါအ၀င် လူအနည်းဆုံး ၅၄ဦး သေဆုံးခဲ့ပါတယ်။


VOA Burmese

ဗိုလ်ချုပ်မှူးကြီးဟောင်းနှင့် ဒေါ်စုတွေ့ဆုံမှု အကျိုးရှိဟု ဦးရွှေမန်း ပြော



ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ အာဏာ မရှိတော့ပေမယ့် သြဇာရှိသေးတဲ့အတွက် သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ အကျိုးရှိတယ်လို့ လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်လူထုနဲ့ ဦးရွှေမန်း တွေ့ဆုံပွဲအပြီး မီဒီယာကို အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
“ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့နေရာမှာ အဓိကကျတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်၊ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဒီနိုင်ငံ ပါတီစုံ ဒီမိုကရေစီပြောင်းလဲဖို့အတွက် အဓိက ဦးဆောင်ပေးခဲ့သူလည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ သူဟာ ဒီနေ့ အာဏာမရှိတော့ဘူးဆိုပေမယ့် သြဇာရှိတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်၊ ဒါကြောင့်မို့လို့ ဒီလို တွေ့ဆုံမှုတွေဟာ အင်မတန် ကောင်းပါတယ်။”
ဦးရွှေမန်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖြစ်ဖို့ စီစဉ်ပေးခဲ့သူလို့ သတင်းတွေ ထွက်ပေါ်ခဲ့သူ ဖြစ်ပါတယ်။
သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ ဒီ့မတိုင်မီ မီဒီယာနဲ့တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးဟောင်းနဲ့ ဒေါ်စုတို့ တွေ့ဆုံမှုကို အစိုးရက ကြိုတင် မသိသလို သူတို့နှစ်ယောက် တွေ့ဆုံမှုဟာလည်း အစိုးရတာဝန်လွှဲပြောင်းမှုအပေါ် သြဇာ သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။
၂၀၁၅ ခု ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၂ ရက်မှာ သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ဒီဇင်ဘာ ၄ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ၈ ကြိမ်ထက်မနည်း သီးသန့်တွေ့ဆုံခဲ့ပြီး လွှတ်တော် ၂ ရပ်စလုံးက ဥက္ကဋ္ဌ တွေနဲ့လည်း ၁ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
DVB

Friday, December 11, 2015

ကြက်သွန်သူခိုးဟု ခြိမ်းခြောက်၍ ၁၁ နှစ်သမီးကို အဓမ္မပြုကျင့်မှု ရေစကြိုမြို့နယ် တွင် ဖြစ်ပွား

ရေစကြိုမြို့နယ်တွင် အရွယ်မရောက်သေးသော မိန်းကလေးငယ်အား ကြက်သွန်ခိုး သည်ဟု စွပ်စွဲကာ ခြိမ်းခြောက်ပြီး အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့သူအား တိုင်တန်းမှု ဒီဇင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ဖြစ်စဉ်မှာ ရေစကြိုမြို့နယ်၊ သူဌေးကုန်းကျေးရွာနေ တရားလို မ-----၊အသက် ၁၁ နှစ် သည် ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၅း၀၀ နာရီချိန်က ညီမဖြစ်သူ မနိုင်ဇင်လဲ့၊ အသက် ခြောက်နှစ်နှင့်အတူ သူဌေးကုန်းကျေးရွာ အရှေ့ဘက် ကိုက်သုံးရာခန့်အကွာတွင်ရှိသော ၎င်းတို့၏ ကြက်သွန်ခင်းအား စောင့်နေစဉ် တစ်ရွာတည်းနေ ဖိုးထွန်း(ခေါ်)တင်ထွန်းအောင်၊ အသက် ၂၈ နှစ် ရောက်ရှိလာပြီး ၎င်းတို့ညီအစ်မ နှစ်ယောက်အား ကြက်သွန်ခိုးကြောင်း၊ ဥက္ကဋ္ဌထံ မတိုင်စေလိုလျှင် ယင်းနှင့် လိုက်ခဲ့ရမည်ပြော၍ ကြက်သွန်ခင်းဘေးရှိ ပြောင်းခင်းထဲသို့ ခေါ်သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြပါရှိသည်။ ဖိုးထွန်း (ခေါ်) တင်ထွန်းအောင်က ညီမဖြစ်သူ မနိုင်ဇင်လဲ့အား ရွာပြန်ရန်ပြောကာ မပြန်လျှင် ဓားနှင့်ထိုးမည် ပြောသောကြောင့် ညီမဖြစ်သူမှာ ရွာသို့ပြန်သွားစဉ် ဖိုးထွန်း (ခေါ်) တင်ထွန်းအောင်က မ-----အား ပြောင်းခင်းထဲ၌ ဖက်လှဲ၍ အလိုမတူဘဲ သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဖိုးထွန်းက လူကြီးတွေပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့၍မ ----- ကမပြောဘဲ နေခဲ့ရာမှ ၎င်း၏ မိန်းမကိုယ်မှာ မခံနိုင်လောက်အောင် နာကျင်လာသောကြောင့် မိဘများအား ဖွင့်ပြောပြီး တိုင်းကြားခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အလိုမတူဘဲ သားမယားပြုကျင့်သူ ဖိုးထွန်းအား အရေးယူပေးရန် မ------က ဒီဇင်ဘာ ၁၀ ရက်နေ့တွင် တရားလိုပြု တိုင်ကြားခဲ့သောကြောင့် ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေ ရဲစခန်းက (ပ)၁၂၀/၂၀၁၅၊ ပုဒ်မ ၃၇၆ / ၅၀၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ (The Ladies News)

ဟွန်ဒူးရပ်စ် ဘောလုံးကစားသမား အာနို ပရာတာကို ဈေးဝယ်ဆင်တာက ကားရပ်နားရာ နေရာမှာ အမည်မသိ သေနတ်သမားတွေက ပစ်သတ်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်က လူတစုက သူနေထိုင်ရာ လာစီဘာမြို့ ဈေးဝယ်စင်တာမှာ ပစ်သတ်လိုက်တာ ဖြစ်ပြီး လုယက်ဖို့ အတွက် အခုလို လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။


ဟွန်ဒူးရပ်စ် ဘောလုံးကစားသမား အာနို ပရာတာကို ဈေးဝယ်ဆင်တာက ကားရပ်နားရာ နေရာမှာ အမည်မသိ သေနတ်သမားတွေက ပစ်သတ်လိုက်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က လူတစုက သူနေထိုင်ရာ လာစီဘာမြို့ ဈေးဝယ်စင်တာမှာ ပစ်သတ်လိုက်တာ ဖြစ်ပြီး လုယက်ဖို့ အတွက် အခုလို လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။
သေနတ်နဲ့ ပစ်ခံရပြီး ၁၈ ချက်ထိမှန် ဒဏ်ရာတွေကြောင့် သေဆုံးသွားသလို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။
ပရာတာရဲ့ ပစ္စည်း တစုံတခုမှ ယူသွားတာမရှိဘူးလို့လည်း လုံခြုံရေး ၀န်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။
အိုလင်ပီယာမှာ ကစားနေတဲ့ အသက် ၂၆ နှစ် ပရာတာဟာ နိုင်ငံလက်ရွေးစင် ကစားသမား တဦးလည်း ဖြစ်ပါတယ်။ အရင်က စကော့တလန် ကလပ် ရိန်းဂျားမှာ ကစားခဲ့တာလည်း ဖြစ်ပါတယ်။

စစ်တပ်ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့် ပုဒ်မ ၅၉(စ) ကို ယာယီဆိုင်းငံ့ ထားနိုင်ရန် ပြည်ထောင်စုလွှတ်တော်သစ်တွင် အဆိုတင်သွင်းရမည်ဟုဆို


ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် အခြေခံ ဥပဒေပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ထားရန် လာမည့်လွှတ်တော်၌ အဆို တင်သွင်းရေး အကြံပြုချက်တစ်ခုကို တရားစီရင်ရေး ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ် ဆောင်ရွက်ရေး ကော်မတီ၏ ဥက္ကဋ္ဌ ကြံ့ခိုင်ရေးပါတီ အမတ်တစ်ဦးဖြစ်သူ သူရဦးအောင်ကိုက ထောက်ခံ လိုက်သည်။

“လာမယ့် လွှတ်တော်မှာ အဆို တင်သွင်းရပါမယ်။ ပြီးရင် လွှတ်တော်က ကိုယ်စားလှယ် ထက်ဝက်ကျော်ရဲ့ ထောက်ခံမှုရရင် အတည်ပြုနိုင်ပါတယ်။ ဒါဆို သူ့ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတအဖြစ် ရွေးချယ်တင်မြောက်လို့ ရပါတယ်” ဟု သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ရွေးချယ်ခံ အမတ်နေရာ ၈၀ ရာခိုင်နှုန်းခန့် အနိုင်ရခဲ့သည့် NLD ပါတီမှ အမတ်နေရာ အများစု လွှမ်းမိုးထားမည့် လွှတ်တော်သစ်အား ဇန်န၀ါရီတွင် စတင်မည်ဖြစ်သည်။ ထိုသို့စတင်ချိန်တွင် အဆိုပါ အထူးအဆိုကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေသည် ၁၉၇၄ အခြေခံဥပဒေကဲ့သို့ ပုဒ်မများ ဆိုင်းငံ့ရန် ခွင့်ပြုထားခြင်း မရှိသဖြင့် ပုဒ်မ ၅၉(စ)ကို ကျော်လွှားရန် အတားအဆီး ဖြစ်လျက် ရှိသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေတို့ ဒီဇင်ဘာ ၄ တွင် တွေ့ဆုံခဲ့ပြီးနောက် ထိုပုဒ်မအား ဆိုင်းငံ့ထားရေးကို စစ်တပ်အတွင်းမှ စိတ်ဝင်စားမှု ရှိလာသည်ဟု ဆိုသည်။

ပုဒ်မ ၅၉(စ) အား ယာယီဆိုင်းငံ့ထားရေးမှ လွှတ်တော်အမတ် အများစု ထောက်ခံပါက သီအိုရီအရ ဖြစ်နိုင်ဖွယ်ရှိသည်။ အရေးအကြီး အချက် မှာ ဒေါ်အောင်ဆန်းစုကြည် က တိုင်းပြည် ကောင်းကျိုးအတွက် သမ္မတတာဝန် ထမ်းဆောင်သည်ကို စစ်တပ်က သဘောတူရန် ဖြစ်ရန်၊ သဘောတူပါက မဖြစ်နိုင်စရာ မရှိဟု ဥပဒေရေးရာ ကျွမ်းကျင်သူများက ဆိုသည်။

စစ်တပ်အနေဖြင့် ပုဒ်မ ၅၉(စ)ကို လုံးဝ ဖျက်သိမ်းခြင်းအစား ယာယီ ဆိုင်းငံ့ထားရန်ကိုသာ သဘောတူရန် ဆန္ဒရှိသည်ဟု လေ့လာသူ အချို့က ဆိုသည်။ လွှတ်တော်အတွင်းမှ စစ်တပ်ကိုယ်စားလှယ်များ ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချှုပ်မှုးကြီး မင်းအောင်လှိုင်က ရွေးချယ်ခံအပ်ခြင်းဖြစ်ပြီး ၄င်းတို့သည် တစုတတည်းတသံတည်း မဲပေးရမည် ဖြစ်သည်။

၁၉၅၈ တွင် ဦးနုက ၁၉၄၇ အခြေခံဥပဒေပါ အခန်းအချို့  ကို ခေတ္တ ယာယီရပ်ဆိုင်းပြီးနောက် ထိုအချိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် နေ၀င်း ဦးဆောင်သည့် အိမ်စောင့်အစိုးရထံ အာဏာ လွှဲအပ် ခဲ့သည်။ အကြောင်းရင်းမှာ ၁၉၄၇ အခြေခံဥပဒေအရ လွတ်လပ်ရေး ရရှိပြီး ၁၀ နှစ်ပြည့်သည့်အချိန်တွင် ရှမ်းနှင့် ကရင်နီတို့က ဦးနု အစိုးရ အပေါ် ကျေနပ်မှု မရှိသဖြင့် ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးပမ်း ခဲ့ခြင်းကြောင့် ဖြစ်သည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေတွင် ယာယီဆိုင်းငံ့ခြင်းနှင့် ပတ်သက်၍ ဖော်ပြ ထားခြင်း မရှိပေ။

(The Ladies News)

ထိုင်းဟိုတယ်လုပ်ငန်းတွင် မြန်မာအလုပ်သမားများ ခေါင်းပုံဖြတ်ခံနေရ

ထိုင်းနိုင်ငံက ဟိုတယ်လုပ်ငန်းတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်သမားအခွင့်အရေး အပြည့်အ၀မရဘဲ ခေါင်းပုံဖြတ်ခံနေရတယ်လို့ ဆွီဒင်အခြေစိုက် Fair Action  နဲ့ Schyst resande ၂ ဖွဲ့ ပူးတွဲ ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဖူးခက်နဲ့ ခိုလတ်ခ်ကျွန်း ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းရှိ ဆွီဒင် ခရီးသွားကုမ္ပဏီတွေနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ ဟိုတယ်နဲ့ ဆက်စပ်လုပ်ငန်း ၁၃ ခုမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၃၀ လောက်ကို မေးမြန်းလေ့လာပြီး ဒီအစီရင်ခံစာထုတ်ပြန်ထားတာပါ။
ဆွီဒင်နိုင်ငံသားတွေအပါအ၀င် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ နိဗာန်ဘုံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရတယ်လို့ ဒီဇင်ဘာ ၉ ရက်နေ့ထုတ် အစီရင်ခံစာမှာ ရေးပါတယ်။
တချို့ဟိုတယ်လုပ်ငန်းမှာဆိုရင် အိပ်ယာခင်းတွေ လျော်ဖွတ်ရတဲ့လုပ်သမားတွေဟာ  ၁၇ နာရီကနေ ၁၉ နာရီလောက်ထိအလုပ်လုပ်ရပြီး ဧည့်သည်တွေအတွက် ဘူဖေး နံနက်စာစားဖို့ မီးဖိုဆောင်မှာ ပေါင်မုန့်ဖုတ်ရတဲ့ လုပ်သားတွေဟာ ၁ နှစ်လုံးမှာ အားလပ်ရက်မရှိဘဲ အလုပ်လုပ်နေရတယ်၊ ဟိုတယ် စားပွဲထိုးတွေနဲ့ ဟိုတယ်ခန်းတွေ ပြင်ဆင်ထိန်းသိမ်းရတဲ့ ၀န်ထမ်းတွေဟာလည်း လစာနည်းနည်းနဲ့ အလုပ်လုပ်နေရတယ်လို့ ဆိုပါတယ်။
အ၀တ်လျော်လုပ်ငန်းတခုရဲ့ ခြံဝင်းထဲမှာဆိုရင် မြန်မာအလုပ်သမား ၂၃ ယောက်ဟာ အိမ်သာ ၂ လုံးနဲ့ မီးဖိုချောင်တခုကိုတည်းကို အားလုံးဝိုင်းအသုံးပြု နေရတယ်၊   ထိုင်းဝန်ထမ်းတွေ အတွက်တော့ အဆင့်မြင့် အိမ်သာတွေ ပေးထားပြီး မြန်မာတွေကို သုံးခွင့်မပေးဘူးလို့ အစီရင်ခံစာမှာ ရေးပါတယ်။
တွေ့ဆုံမေးမြန်းခဲ့တဲ့ ဟိုတယ် အလုပ်သမားတွေထဲက တ၀က်လောက်ဟာ အနိမ့်ဆုံး လုပ်ခလစာအောက်လျော့နည်းရရှိပြီး ၃ ယောက်လောက်ကပဲ ခွင့်ရက်ရတယ်၊ ဒါတွေဟာ ထိုင်းအလုပ်သမားဥပဒေနဲ့ နိုင်ငံတကာ အလုပ်သမား အခွင့်အရေး စာချုပ်တွေကို ချိုးဖောက် ရာရောက်တယ်လို့ ဝေဖန်ထောက်ပြထားပါတယ်။
မြန်မာအလုပ်သမားတွေ ခွဲခြားနှိမ့်ချ ဆက်ဆံခံနေတာကနေ တားဆီးနိုင်ဖို့အတွက် ဟိုတယ်တွေမှာ အလုပ်သမားတွေရဲ့ အလုပ်ချိန်၊ လုပ်အားခနဲ့ခံစားခွင့်တွေနဲ့ပတ်သက်လို့ ဥပဒေအသေအချာ လိုက်နာဆောင်ရွက်လာအောင် လုပ်ဆောင်ဖို့ ဆွီဒင်ခရီးသွား လုပ်ငန်းတွေကို တိုက်တွန်းအကြံပြုထားပါတယ်။
Fair Action  အဖွဲ့ဟာ လူတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်ယူတတ်လာအောင် ဆွီဒင် ကုမဏီတွေကိုအားပေးတဲ့ အန်ဂျီအိုအဖွဲ့ဖြစ်ပြီး Schyst resande အဖွဲ့ကတော့ ဆွီဒင်ဟိုတယ်နဲ့ စားသောက်ဆိုင်အလုပ်သမားများသမဂ္ဂ အပါအ၀င် အဖွဲ့ ၇ ဖွဲ့ပူးပေါင်း ထားတဲ့ ကွန်ယက်အဖွဲ့ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွား ၂၅ သန်းလောက် နှစ်စဉ် လာရောက်ပတ်လေ့ရှိတဲ့ နေရာဖြစ်ပြီး ဆွီဒင်နိုင်ငံသား ၃ သိန်းလောက် ခုနှစ် ဆောင်းရာသီမှာ ထိုင်းကို အလည်အပတ် အပန်းဖြေ ခရီးထွက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
 DVB

အခွန်ငွေများ အာဏာပိုင်အိတ်ထဲ ရောက်သည့် အဖြစ်မျိုး မဖြစ်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား





မြန်မာနိုင်ငံအနေဖြင့် အခွန်စနစ်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးကြောင်းနှင့် ပြည်သူများ၏ အခွန်ငွေကြေးမှာ အာဏာပိုင်များ၏ အိတ်ထဲသို့ မရောက်ရန်လိုကြောင်း ယနေ့ကျင်းပပြုလုပ်သည့် လွှတ်တော်ရေးရာ ကော်မတီ အစည်းအဝေး တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

"အခွန်ကောက်တာက ဒီနိုင်ငံမှာ ပြသ၁နာ အကြီးအကျယ် ရှိနေတယ်။ အခွန်ယဉ်ကျေးမှု ကျွန်မတို့ဆီမှာ မရှိခဲ့ဘူး။ ပြည်သူတွေ ဘာကြောင့် အခွန်ပေးရတယ်ဆိုတာ နားလည်အောင် ကျွန်မတို့ အရင်လုပ်ရပါမယ်။ ပြည်သူ့ အခွန်ငွေတွေဟာ ပြည်သူတွေ အကျိုးအတွက် အသုံးပြုတယ်၊ နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ အာဏာပိုင်တွေရဲ့ အိတ်ထဲ အခွန်ငွေတွေ ရောက်မသွားဘူးဆိုတာ သက်သေပြဖို့ လိုတယ်"ဟု အနိုင်ရပါတီ ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အနိုင်ရပါတီဥက္ကဋ္ဌ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီး နောက်ပိုင်းတွင် လူမှုရေး စီးပွားရေး အားနည်းချက်များ၏ ပြင်ဆင်စရာရှိသည်များကို ယခင်ထက် ပိုမိုထောက်ပြ ပြောဆိုလာခဲ့သည်။ မကြာခင် ရက်ပိုင်းအတွင်းကလည်း ငွေစက္ကူတွင် ဗိုလ်ချုပ်ပုံ ထည့်သွင်းရေးထက် တိုင်းပြည်အတွက်အရေးပါသော ကိစ္စရပ်များကို ပိုမိုဦးစားပေး ဆောင်ရွက်သွားမည် ဟုလည်း ပြောကြားခဲ့သေးသည်။


(The Ladies News)

နိုဘဲလ် ငြိမ်းချမ်းရေးဆု အပေါ် ကိုကိုကြီး အမြင်


နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ ကျင်းပ တဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုပေးပွဲ အခမ်းအနားကို ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီး။ သတင်းဓာတ်ပုံ- Credit to ( Audun Aagre - Norwegian Burma Committee)

ဒီမိုကရေစီထွန်းကားရေး အတွက် ကြိုးပမ်းကြတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တဲ့ အတွက် တဦးတယောက်တည်းအတွက်ကိုသာမက သူ့လူ့အဖွဲ့အစည်းတခုလုံးအတွက်ပါ အထောက်အကူဖြစ်စေတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ နိုဘဲလ်ဆုပေးပွဲ အခမ်းအနားကို ဧည့်သည်တော်အဖြစ် ဦးကိုကိုကြီး တက်ရောက် ခဲ့သလို၊ နော်ေ၀၀န်ကြီးချုပ်ဟောင်းတဦးနဲ့လည်း လက်ရှိ မြန်မာနိုင်ငံ ရဲ့ ရွေးကောက်ပွဲလွန်ကာလ အခြေအနေတွေ နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပါမယ်။

ကမ္ဘာ့ နိုင်ငံ တော်တော်များများမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေးအတွက် လုပ်ဆောင်သူတွေနဲ့ အဖွဲ့အစည်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ နော်ဝေနိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီ ကနေ နှစ်စဉ် ရွေးချယ်ပြီး ငြိမ်းချမ်းရေးနိုဘဲလ်ဆု ပေးအပ်ချီးမြှင့်တဲ့အတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ ပိုမို ရရှိလာပြီး ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာ အထောက်အကူ ဖြစ်စေတယ်လို့ - နော်ဝေနိုဘဲလ်ဆုပေးပွဲကျင်းပရေးကော်မတီရဲ့ ဖိတ်ကြားချက်နဲ့ ကြာသပတေးနေ့ က နော်ဝေနိုင်ငံ အော်စလိုမြို့ တော်မှာ ကျင်းပတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆု ပေးပွဲ အခမ်းအနားကို ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီး ပြောပါတယ်။

“များသောအားဖြင့် ကျနော်တို့ ဒီ အာဏာရှင် နိုင်ငံတွေကနေပြီးတော့ ဒီမိုကရေစီ ထွန်းကားအောင်လုပ်တဲ့ ဖြစ်စဉ်တွေမှာ နိုင်ငံတကာ မိသားစုရဲ့ အာရုံစိုက်မှု၊ ပံ့ပိုးကူညီမှုတွေ ရဖို့အတွက် ဒီနိုဘဲလ်ဆုချီးမြှင့်တာဟာ အများကြီး အထောက်အကူဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံ ဆိုရင်လည်း နိုင်ငံတကာ မှာ ပြောကြစို့ ဆိုရင် မထင်မရှား နိုင်ငံလေးပါ။ အဲ့လိုနိုင်ငံလေးရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို တကမ္ဘာလုံးက အာရုံစိုက်လာအောင် ကြိုးပမ်းတဲ့အခါမှာ နိုဘဲလ်ငြိမ်းချမ်းရေးဆုဟာ အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။ အခုလည်းပဲ ဒီ တူနီးရှားဆိုလို့ရှိရင် အာရပ်နွေဦးလှုပ်ရှားမှုကို စတင်ခဲ့တဲ့ နိုင်ငံ၊ ဒါပေမဲ့ လုပ်ကြံတာတွေ၊ လူမှုရေးမငြိမ်မသက် ဖြစ်တာတွေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ဟာ ပြန်ပြီးတော့ နောက်ပြန်ဆုတ်သွားတော့မလို၊ ပျက်စီးတော့မလို၊ ဖြစ်တဲ့အချိန်မှာ ဒီအဖွဲ့ ၄ ဖွဲ့ကနေ ပေါင်းပြီးတော့ တမျိုးသားလုံး တွေ့ဆုံဆွေးနွေးမှုတွေဖြစ်အောင် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အစိုးရပေါ်လာအောင် ကြိုးစားခဲ့တဲ့ သူတို့ရဲ့ ဖြစ်စဉ်ပေါ့လေ အဲဒါကို အခုလို ငြိမ်းချမ်းရေးဆု ပေးလိုက်တဲ့ အတွက်ကြောင့် အခြား ဒီမိုကရေစီကြိုးပမ်းနေတဲ့ နိုင်ငံတွေအတွက်ပါ အများကြီး ခွန်အားဖြစ်စေပါတယ်။”


ဖိတ်ကြားလွှာ

ဒီနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုကိုတော့ - တူနီးရှားနိုင်ငံမှာ ၂၀၁၁ ခုနှစ်က လူထုအုံကြွမှုနောက်ပိုင်း ဒီမိုကရေစီ ထူထောင်ရေးအတွက် ကူညီကြိုးပမ်းပေးခဲ့ကြတဲ့ Tunisian National Dialogue Quartet အဖွဲ့က ရရှိခဲ့တာပါ။

တူနီးရှား အထွေထွေ အလုပ်သမားသမဂ္ဂ၊ တူနီးရှား စက်မှု၊ ကုန်သွယ်ရေးနဲ့ လက်မှုလုပ်ငန်းအသင်း၊ တူနီးရှားလူ့အခွင့်အရေးအဖွဲ့ချုပ်နဲ့ တူနီးရှားရှေ့နေများအဖွဲ့ ၄ ဖွဲ့တို့ကနေ စုပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ညွန့်ပေါင်းအဖွဲ့ကနေ ကြာသပတေးနေ့က အော်စလိုမှာ ဆုကို လက်ခံရယူခဲ့ပြီး - ဒီအဖွဲ့ကို တိုင်းပြည်မှာ အာဏာရှင်အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် အများပါဝင်ခွင့်ရနိုင်မယ့် ဒီမိုကရေစီစနစ် ထူထောင်ရာမှာ ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တာကြောင့် နိုဘဲလ်ဆုရွေးချယ်ရေးကော်မတီကနေ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒီဆုပေးပွဲအခမ်းအနားအပြီးမှာတော့ ၈၈ မျိုးဆက် ခေါင်းဆောင် ဦးကိုကိုကြီးဟာ နော်ေ၀၀န်ကြီးချုပ်ဟောင်း ခဲ မာဂနာ ဗိုနာဗစ် (Kjell Magne Bondevik) နဲ့ Oslo Center မှာ ၁ နာရီကြာ
 တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲလွန်ကာလ အခြေအနေတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

“အဓိကကတော့ နော်ဝေနိုင်ငံမှာ ညွန့်ပေါင်းအစိုးရဖွဲ့တာတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ နောက်ပြီး ကျနော်တို့နိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေ အဲဒါတွေကို ကျနော်တို့ ပြောဖြစ်၊ ဆွေးနွေးဖြစ်တာပါ။”

မေး - ဟုတ်ကဲ့ရှင့် ဆိုတော့ ဦးကိုကိုကြီးအနေနဲ့ ပါတီထောင်မယ့် ကိစ္စကိုရော ဆွေးနွေးဖြစ်သေးလား။

“အဓိကကတော့ ကျနော်တို့က ကျနော်တို့နိုင်ငံရဲ့ အခြေအနေဆိုရင် ကျနော်တို့ ကိုယ်တိုင်က ဒီအချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းနိုင်ဖို့ နိုင်ငံရေး အပြောင်းအလဲက အဓိကကျနေတော့ ကျနော်တို့ကတော့ ဒီဟာကိုပဲ အာရုံစိုက်ပြီးတော့ ဆောင်ရွက်နေကြတာပါ။”

မြန်မာ့အရေးမှာ အရင်ကတည်းက တစိုက်မတ်မတ် ကူညီပေးခဲ့ သလို၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက်ကိုလည်း အဓိက ကူညီပေးနေတဲ့ Norwegian Burma Committee ကနေ ဦးကိုကိုကြီးကို ရွေးကောက်ပွဲ အလွန်ကာလနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ အတွက်ကိုလည်း ဖိတ်ကြားခဲ့တာပါ။ ဒီဖိတ်ကြားချက်နဲ့ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၈ ရက်အထိ ဥရောပ ၄ နိုင်ငံခရီး ထွက်ခွာလာတာ ဖြစ်ပါတယ်။

ဒီဥရောပခရီးစဉ်အတွင်း နော်ဝေ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်တို့ကို သွားရောက်မှာဖြစ်ပြီး၊ အဲဒီမှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံကာ လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၊ ငြိမ်းချမ်းရေးကိစ္စ စတာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကျရင်တော့ အော်စလိုမြို့ရဲ့ House of Literature မှာ ဦးကိုကိုကြီး၊ ဦးခိုင်ဝင်း၊ KNU ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ နော်စီဖိုးရာစိန် တို့ကနေ အစိုးရသစ် မတိုင်ခင်နဲ့ အစိုးရသစ်တက်ပြီးနောက် ကြုံတွေ့ရမယ့် မြန်မာနိုင်ငံ ရဲ့ အဓိက စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေ၊ ပြီးတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လှုပ်ရှားမှုတွေအကြောင်းကို အပြန်အလှန် ဆွေးနွေးကြမှာဖြစ်ပါတယ်။


နန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)

တိုက်ပွဲတွေ ရပ်တန့်ရေး၊ တပ်ပြန်ဆုတ်ရေး SSPP နဲ့ အစိုးရ သဘောတူညီ


SSPP/SSA ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ် လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး နှစ်ဘက်တပ်တွေ မူလနေရာကို ဆုတ်ခွာဖို့ အတွက် သဘောတူညီမူရခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့က အစိုးရအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီတို့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးပွဲအပြီး နှစ်ဘက်တပ်တွေ ဆုတ်ခွာဖို့ သဘောတူခဲ့တာလို့ ရှမ်းပြည်တပ်မတော် SSPP/SSA က ပြောရေးဆိုခွင့်ရှိသူ စိုင်းဖုန်းဟန်က ပြောပါတယ်။

"နှစ်ဘက်တပ်များကို ကျနော်တို့ရင်ဆိုင်နေတဲ့ တပ်ပေါ့နော်၊ ဒီဟာကိုပြန်ပြီးတော့ခွာဖို့ရယ်၊ ပြီးတော့ ကျနော်တို့ ITP ပြန်ဖို့ကိစ္စ၊ ပြီးတော့ ကျောင်းတွေပြန်ဖွင့်ဖို့ကိစ္စပေါ့၊ မိုင်းရှူး မိုင်းနောင် ကားလမ်းကို ကျနော်တို့ ပြန် ပြီးတော့ လွတ်လွတ်လပ်လပ် သွားနိုင်အောင်ဆိုပြီးတော့ ဒါလေးပဲကျနော်တို့ အကြမ်းဖျင်းအားဖြင့် ကျနော်တို့ တင်ပြခဲ့ပါတယ်"

ဒါ့အပြင် မိုင်းရှူး-မိုင်းနောင် ကားလမ်းတောင်ဘက်ခြမ်းက နှစ်ဘက်တပ်တွေ ဆုတ်ခွာဖို့နဲ့ မိုင်းနောင်မြို့မှာ ဆက်ဆံရေးရုံးဖွင့်လှစ်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

SSPP/SSA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေကြောင်း ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ နေ ရပ်ပြန်နိုင်ရေးအတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပြီး အဲ့ဒီကိစ္စကို တိုက်ပွဲဖြစ်နေတဲ့ နှစ်ဘက်တပ်တွေ ဆုတ်ခွာပြီးမှ ဒုတိယအဆင့်အနေနဲ့ အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးရင် တိုက်ပွဲအခြေအနေ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်လို့ ပြောခဲ့ပေမယ့် ရှမ်းပြည်တပ်မတော် SSPP/SSA အနေနဲ့ လက်ရှိမှာ တိုက်ပွဲတွေ ရပ်တန့်ရေးကိုသာ ဦးစားပေးဆောင်ရွက် သွားမယ်လို့ စိုင်းဖုန်းဟန်က ပြောပါတယ်။

အလားတူ တိုက်ပွဲတွေ တကယ်ရပ်တန့်သွားမလားဆိုတာဟာ နှစ်ဘက်တပ်တွေ ဘယ်အတိုင်းအတာ အထိ နောက်ပြန်ဆုတ်ခွာနိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။

ရှမ်းပြည်တပ်မတော် SSPP/SSA ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခု နှစ်က  တောင်ကြီးမြို့မှာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။


RFA Burmese

အသွင်ပြောင်း ပိုလီယို မြန်မာမှာတွေ့


ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးအသစ် (ပိုလီယိုကာကွယ်ဆေး) ထိုးနှံခြင်း။ သတင်းဓာတ်ပုံ-မြန်မာ့အလင်း ပြန်ကြားရေးဝန်ကြီးဌာန။

ပြီးခဲ့တဲ့နှစ်က ပိုလီယို ကင်းရှင်းတဲ့ နိုင်ငံ အဖြစ် ကြေညာထားတဲ့ မြန်မာနိုင်ငံမှာ အသွင်ပြောင်း ပိုလီယို ရောဂါပိုး တွေ့ရှိရတဲ့ အကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက တရားဝင် ကြေညာလိုက်ပါတယ်။ ဒီနှစ်အတွင်း အသွင်ပြောင်း ပိုလီယို ရောဂါပိုး ကူးစက်ခံရသူ ၂ ဦး တွေ့ရှိထားရပြီး နောက်မှာတော့ နိုင်ငံတ၀န်း ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးမှုကို အရှိန်မြှင့် ဆောင်ရွက်ကြဖို့နဲ့ ပိုလီယို ကူးစက်မှု မရှိရေး အတွက် ကာကွယ်ဆေး စနစ်တကျ တိုက်ကျွေးကြဖို့ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူတို့က တိုက်တွန်းပါတယ်။ အသွင်ပြောင်း ပိုလီယို ကူးစက်မှု မဖြစ်အောင် ဘာတွေ သတိထားဖို့ လိုအပ်မလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြ ထားပါတယ်။

လက်ရှိ တိုက်ကျွေးနေတဲ့ ပိုလီယို ကာကွယ်ဆေးတွေကနေ တဆင့် ဖြစ်ပေါ်လာတဲ့ အသွင်ပြောင်း ပိုလီယို ရောဂါက ပိုလီယိုရောဂါ အရိုင်းပိုး အတိုင်းဘဲ ကူးစက်ခံရသူကို အန္တရာယ် ဖြစ်စေပြီး အခုနောက်ပိုင်း ပြောင်းလဲလိုက်တဲ့ ပိုလီယို ရောဂါ ကာကွယ်ဆေး ထိုးဆေးသစ်ကတော့ အသွင်ပြောင်း ပိုလီယို မဖြစ်စေဘူးလို့ မြန်မာနိုင်ငံ ဆရာဝန် အသင်းရဲ့ အတွင်းရေးမှူးဆေးတက္ကသိုလ် (၁) ကလေး ကျန်းမာရေး နဲ့ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းက ပြောပါတယ်။

"အသွင်ပြောင်း ပိုလီယို ဗိုင်းရပ်စ်ဆိုတာ ဘာလဲဆိုတော့ ဒီကာကွယ်ဆေးက ရသော ပိုလီယိုပေါ့နော်။ အဲ့တာတွေက ကြိုကြား ကြိုကြား တကမ္ဘာလုံးမှာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ဒီနှစ်ဆို ၁၇ယောက် လောက်ရှိမှာပေါ့။ အဲ့ဒီ့အထဲက ကျနော်တို့က ဒီနှစ်မှာ နှစ်ယောက်လောက်ရှိသွားတယ်။ ဒီနှစ်မှာ။ အသွင်ပြောင်း ပိုလီယိုကတော့ ပိုလီယို ရောဂါဖြစ်ရင် တကယ့်ပိုလီယိုလိုပဲ ကလေးက ခြေလက်မသန် တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူကနေ ဒီ့ပြင်ကူးမယ့် ကလေးတွေမှာတော့ ကာကွယ်ဆေးတွေ ထပ်တိုက်လိုက်လို့ရှိရင် သက်သာသွားတယ်ပေါ့နော်။ ဒါကြောင့်လဲ ကျနော်တို့က အခုအချိန်မှာ ထိုးဆေးပါ ထည့်ထားတာဖြစ်ပါတယ်။ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးတဲ့အချိန်မှာ ပိုလီယို ထိုးဆေးပါ ထည့်တယ်။ ပိုလီယိုထိုးဆေးကတော့ တစ်၊ နှစ်၊ သုံးပေါ့နော်။ ပိုလီယို ပိုး သုံးမျိုးစလုံးပါတယ်။ သူကတော့ အသေပေါ့။ သူကတော့ ပိုးကိုသေအောင်သတ်ပြီးမှ ထိုးတာဆိုတော့ ခုနက ပြောတဲ့ အသွင်ပြောင်း ပိုလီယို မဖြစ်နိုင်ဘူး။ "

ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးထားသူ ကလေးငယ်တွေရဲ့ မစင်ကနေ တဆင့် ကူးစက် ဖြစ်ပွားတဲ့ အသွင်ပြောင်း ပိုလီယို ကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ အတွက် ကြိုတင်ကာကွယ်နိုင်တဲ့ အခြေအနေကိုလည်း မြန်မာနိုင်ငံ ဆရာဝန် အသင်းရဲ့ အတွင်းရေးမှူးဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး နဲ့ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းက အခုလို ပြောပါတယ်။

" ဆောင်ရန်၊ ရှောင်ရန်ကတော့ ပိုလီယိုက ဒီ ရေကနေ ကူးစက်တာပေါ့နော်။ ပိုလီယိုပိုးရှိတဲ့သူက ဝမ်းသွားတဲ့အထဲမှာ ပိုးပါသွားမယ်။ အဲ့ဒီ့ပိုးက တနည်းနည်းနဲ့ ကျန်တဲ့သူရဲ့ အစားအသောက်ထဲကို ဝင်သွားတယ်ဆိုရင် ကူးစက်နိုင်တယ်ပေါ့။"

မြန်မာနိုင်ငံတွင်းမှာ တွေ့ရတဲ့ အသွင်ပြောင်း ပိုလီယို ရောဂါပိုး ကူးစက်ခံရမှုဟာ နယ်စပ် ဖြတ်ကျော် ကူးစက်တာ ဖြစ်နိုင်သလို မြန်မာနိုင်ငံတွင်းက မတည်မငြိမ် ဖြစ်တဲ့ ဒေသတွေမှာ ကာကွယ်ဆေး တိုက်ကျွေးမှု လစ်ဟင်းရ တာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပါမောက္ခ ဒေါက်တာ စောဝင်း က ပြောပါတယ်။

"တခါတလေကျတော့လည်း ဘာဖြစ်တတ်လဲဆိုတော့ ကျနော်တို့ဘက်က မဟုတ်ပဲနဲ့ တဖက်နိုင်ငံက ဝင်လာတာလည်း ဖြစ်နိုင်တယ်။ အဲ့တော့ အရေးကြီးတာ ဘာလဲဆိုတော့ ကျနော်တို့ routine immunization လို့ခေါ်တဲ့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးတာပေါ့။ ဒါပေမဲ့ ရခိုင်ဘက်က တချို့နေရာတွေမှာတော့ conflict areas လူမျိုးရေး နိုင်ငံရေး မတည်ငြိမ်မှုကြောင့် သွားမတိုက်နိုင်တဲ့ နှုန်းတွေ နည်းနည်းကျတာရှိပါတယ်။"

ပိုလီယို ကူးစက်ခံရမှု ၃ နှစ်တိတိ ကင်းရှင်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကမှ မြန်မာနိုင်ငံ ဟာ ပိုလီယိုရောဂါ အရိုင်းပိုး လုံးဝ ကင်းရှင်းတဲ့ နိုင်ငံ အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အတွက် ၂၀၁၆ ခုနှစ် ဧပြီလကုန်မှာ ပိုလီယို ကာကွယ်ဆေးသစ်ကို ပြောင်းလဲ သုံးစွဲသွားမယ်လို့ မြန်မာ့ ကျန်းမာရေး ၀န်ကြီးဌာနကလည်း ကြေညာထားပါတယ်။

ဒါ့အပြင် ပိုလီယို ကာကွယ်ဆေးကနေ တဆင့် ဖြစ်လာတဲ့ အသွင်ပြောင်း ပိုလီယို တွေ့ရှိရတဲ့ အခြေအနေတွေကိုလည်း ကြာသပတေးနေ့မှာ ကျန်းမာရေး ၀န်ကြီးဌာနက ပြည်သူကို အကျယ်တ၀င့် ရှင်းလင်း ပြောကြားဖို့ ရှိနေပါတယ်။


မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)

သတင်းမီဒီယာတွေအတွက် စိန်ခေါ်မှုအသစ်တွေ ကြုံတွေ့ရမယ်လို့ ဝန်ကြီးပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ မြန်မာနိုင်ငံက သတင်းမီဒီယာတွေအတွက် စိန်ခေါ်မှုတွေဟာ သတင်းမီဒီယာတွေအနေနဲ့ တကယ်ပဲ ဘက်မလိုက်ဘဲ ဝေဖန်ရဲပါ့မလားဆိုတာနဲ့ အန်အယ်လ်ဒီ ကို ဝေဖန်မယ်ဆိုရင် ပြည်သူတွေကရော လက်ခံပါ့မလားဆိုတဲ့ စိန်ခေါ်မှုတွေကို မီဒီယာတွေအနေနဲ့ ရင်ဆိုင်ရ မှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ Chatrium Hotel မှာ စတင်ကျင်းပတဲ့ မီဒီယာဖွံ့ဖြိုးမှုညီလာခံမှာ အာအက်ဖ်အေ က နောင်တက် လာမယ့် အစိုးရလက်ထက် မီဒီယာတွေရဲ့ အခြေအနေကို ဘယ်လိုဖြစ်စေချင်ပါသလဲလို့ မေးမြန်းရာမှာ ၀န်ကြီး ဦးရဲထွဋ် က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"ပထမတစ်ချက်ကတော့ ခင်ဗျားတို့ရဲ့စိန်ခေါ်မှုပေါ့၊ အဲဒီ့အစိုးရရဲ့ မူဝါဒတွေကို ခင်ဗျားတို့ လိုအပ်လို့ရှိရင် တိတိကျကျ ဘက်မလိုက်ဘဲနဲ့ ဓမ္မဓိဌာန်ကျကျ ဝေဖန်နိုင်စွမ်းရှိမလား၊ ခင်ဗျားတို့ ဝေဖန်လို့ရှိရင်ရော အဲဒီ့အစိုးရကို ထောက်ခံတဲ့သူတွေက မီဒီယာတွေအပေါ်မှာ နားလည်ပေးနိုင်ပါ့မလား ဆိုတဲ့ဟာတစ်ခုက စိန်ခေါ်မှုပေါ့၊ နောက်တစ်ခုက ပြည်သူတွေက ဘာပဲပြောပြော မျှော်လင့်ချက်က အရမ်းမြင့်မားနေတယ်၊ ဒါပေမဲ့ ဘယ်အစိုးရမဆို စတင်ဖွဲ့စည်းပြီးတဲ့အချိန်မှာ မူဝါဒတွေ အကောင်အထည်ဖော်ဖို့အတွက် အတိုင်းအတာတစ်ခုအထိ အချိန်ယူရမှာပဲ၊ အဲ့လိုအချိန်ယူဖို့လိုတယ်ဆိုတာကို ပြည်သူတွေနားလည်အောင် ခင်ဗျားတို့ မီဒီယာတွေဘက်က ပြောပေးနိုင်ဖို့လိုတာပေါ့"
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း သတင်းမီဒီယာတွေကို လေ့လာကြည့်ရာမှာ ကျင့်ဝတ်နဲ့ အရည်အချင်းပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေ ရှိတယ်ဆိုတာကို တွေ့ရှိရကြောင်း၊ အစိုးရဘက်ကလည်း သတင်းထုတ်ပြန်မှုမှာ အားနည်းကြောင်း ဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။
နိုင်ငံပိုင် ပုံနှိပ်မီဒီယာတွေကိုလည်း လာမယ့်အစိုးရသစ်လက်ထက်မှာ ဆက်လက်ထားရှိသေးသင့်ကြောင်း လည်း ပြောပါတယ်။
သတင်းမီဒီယာဖွံ့ဖြိုးမှု ညီလာခံကို ဒီကနေ့ကနေ မနက်ဖြန်အထိ ၂ ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။
RFA

နေပြည်တော်မှာ လူ့အခွင့်ရေးနေ့ အမှိုက်ကောက်ခွင့် ပိတ်ပင်ခံရ

10-12-2015 နေပြည်တော်
ဒီနေ့ ကျရောက်တဲ့ ၆၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဒေသခံလူငယ် ၅ဝ လောက်က နေပြည်တော် ပျဉ်းမနားမြို့က ကုတင် ၂ဝဝ ဆေးရုံမှာ အမှိုက်ကောက်ပြီး သန့်ရှင်းရေး လုပ်တာကို နေပြည်တော်ခရိုင်အုပ်ချုပ်ရေးမှူးက ခွင့်မပြုကြောင်း တားမြစ်ခဲ့ပါတယ်။
သန့်ရှင်းရေးလုပ်ဖို့အတွက် ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားပြီး ခွင့်ပြုချက်ရတဲ့အတွက် ဒီကနေ့ မနက်ပိုင်း ဆေးရုံမှာသန့်ရှင်းရေးလုပ်နေတဲ့အချိန်မှာ ခရိုင်က ခွင့်မပြုဘူးဆိုပြီး ခေါ်ပြောတာလို့ အဖွဲ့ခေါင်းဆောင် မဇင်မာကျော်က ပြောပါတယ်။
လူ့အခွင့်အရေးအဖွဲ့ Equality Myanmar ကသင်ကြားပေးတဲ့ အခြေခံလူ့အခွင့်အရေးသင်တန်း တက်ရောက်ထား တဲ့ ပျဉ်းမနားမြို့ခံ လူငယ် ၅ဝ လောက်ဟာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် လှုပ်ရှားမှုပြု လုပ်တာဖြစ်ပါတယ်။
အဲ့ဒီလူငယ်တွေဟာ မူလတန်းကျောင်းတွေမှာ အမှိုက်ကောက်တာတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ပိုစတာကပ် တာတွေ လက်ကမ်းစာစောင်တွေ ဝေငှဖို့ အရင်က စီစဉ်ထားပေမယ့် တားမြစ်ခံရတဲ့အတွက် ပျဉ်းမနားဆေးရုံမှာပဲ သန့်ရှင်းရေးလုပ်ခဲ့တာဖြစ်ပါတယ်။
လူ့အခွင့်အရေး အထိမ်းအမှတ်အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ပုသိမ်၊ ဘားအံ၊ မကွေး၊ ရွှေဘို စတဲ့ မြို့နယ်တွေမှာ ကျင်းပကြတာ ဖြစ်ပါတယ်။
RFA

လွှတ်တော်သစ် ကျင်းပနိုင်ရေး ဒေါ်အောင်ဆန်း စုကြည်နဲ့ လွှတ်တော်အကြီး အကဲတွေ ဆွေးနွေး

နေပြည်တော် လွှတ်တော်ဝင်းအတွင်းက ဇဗ္မူသီရိခန်းမဆောင်မှာ ဒီဇင်ဘာလ ၁ဝ ရက်နေ့က ဒုတိယအကြိမ် လွှတ်တော်အသီးသီးကို ပထမအကြိမ်ပုံမှန်အစည်းအဝေးခေါ်ယူကျင်းပနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်စဉ်
Photo:NLD Chairperson

လာမယ့် လွှတ်တော်အသစ် ကျင်းပနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်နှစ်ရပ် ဥက္ကဌတွေ၊ အစိုးရအဖွဲ့ဝင်တချို့နဲ့ ဒီကနေ့ ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိအစည်းအဝေးခန်းမဆောင်မှာ ဆွေးနွေးညှိနှိုင်းခဲ့ ကြပါတယ်။
အဲ့ဒီဆွေးနွေးမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့ နိုဝင်ဘာလ ၁၉ ရက်က တွေ့ဆုံမှုရလဒ်ကို အကောင် အထည်ဖော်တာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အစည်းအဝေးမှာ ပြောပါတယ်။
"ဒီနေ့အစည်းအဝေးဟာ ဒုတိယအကြိမ်မြောက် လွှတ်တော်အတူတူ ကျင်းပနိုင်ရေးအတွက် ပြုလုပ်တဲ့ အစည်းအဝေးဖြစ်ပါတယ်၊ ၁၉ ရက်နေ့က ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ကြေညာ တဲ့ ကြေညာချက်ကိုလည်း အကောင်အထည်ဖော်တဲ့အပိုင်းလည်းဖြစ်ပါတယ်"
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးရာမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲအရ ပြည်သူလူထုရဲ့ ရွေးချယ်တာဝန်ပေးမှုကို ဆက်လက် အကောင်အထည်ဖော်ဖို့၊ လွှတ်တော်ဖွဲ့စည်းရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလေးထားဆောင်ရွက်ဖို့၊ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ တခြားကိစ္စရပ်တွေမှာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့၊ ဒုတိယအကြိမ် လွှတ်တော်တွေကို ဥပဒေနဲ့အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေး အတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိ လွှတ်တော်အသီးသီးဟာ လာမယ့် ဇန်နဝါရီလ ၃ဝ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်အသစ်တွေကို လက်ရှိလွှတ်တော်သက်တမ်း မပြီးဆုံးမီ ခေါ်ယူရမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ အင်တာနက်ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒီနေ့ အစည်းအဝေးကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ လွှတ်တော် ဒုတိယဥက္ကဌ ၂ ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဌတွေ၊ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်နဲ့ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်တွေ တက်ရောက်ခဲ့ပါတယ်။
RFA

Thursday, December 10, 2015

မန်မာနိုင်ငံအတွက် အာဟာရဖြည့်ဆန်ကို ဒီဇင်ဘာ ၁၀ ရက်က မိတ်ဆက်ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီမှစ၍ တစ်နိုင်ငံလုံးသို့ ဖြန့်ချိမည်

မန်မာနိုင်ငံအတွက် ဗီတာမင်နှင့် သတ္တုဓာတ်များ ထည့်သွင်းထုတ်လုပ်ထားသည့် အာဟာရဖြည့် အားဖြည့်ဆန် စတင်မိတ်ဆက်သည့် အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်  မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့၏ တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က “အာဟာရဖြည့်ဆန် ထုတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေ ပြည်ပကနေ တင်သွင်းဖို့ တပ်ဆင်စမ်းသပ်ထုတ်လုပ်ဖို့အတွက် ဒေသခံကုမ္ပဏီတွေကို နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေဟာ ဗီတာမင်နဲ့ သတ္တုဓာတ် ရောစပ်ထားတဲ့ အာဟာရမှုန့်နဲ့ ဆန်မှုန့်ကို ရောစပ်ပြီးတော့ Pasta လုပ်တဲ့စက်ကို သုံးပြီး ဆန်ပုံစံအတိုင်း ဆန်စေ့များ ထုတ်လုပ်ပါတယ်။ အဲဒီ အာဟာရဖြည့်ဆန်စေ့တွေကို သမားရိုးကျဆန်နဲ့ ၁း၁၀၀ ရောနှောပြီးတဲ့နှောက် အာဟာရဖြည့်ဆန် ရလာပါတယ်”ဟု ပြောကြားသည်။
 
အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာန၏ အရည်အသွေးအသိအမှတ်ပြု တံဆိပ်များ ရိုက်နှိပ်ထားသော အသင့်ထုပ်ပိုးပြီး အာဟာရဖြည့်ဆန်များကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှစတင်ကာ တစ်နိုင်ငံလုံး ဈေးကွက်အတွင်းသို့ ဖြန့်ချိရောင်းချသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးအဖွဲ့အပါအ၀င် အဖွဲ့အစည်းများကလည်း  နှင့် တီဘီရောဂါသည်များကဲ့သို့ ထိခိုက်လွယ်အုပ်စုများကို လူမှုကူညီ ပံ့ပိုးရေးအစီအစဉ်များမှတစ်ဆင့် အာဟာရဖြည့်ဆန်ကို ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။
 
နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်း PATH သည် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ LIFT၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံတွင် အာဟာရဖြည့်ဆန် စတင်မိတ်ဆက်နိုင်ရန် အစိုးရဌာနနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဆန်တွင် အာဟာရဖြည့်စွက်ခြင်းသည် အဏုအာဟာရချို့တဲ့မှုများကို လျှော့ချရာတွင် ထိရောက်မှုရှိကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ပြုလုပ်ခဲ့သော ဆေးပညာရပ်ပိုင်းဆိုင်ရာ စစ်တမ်းပေါင်း ၃၀ ကျော်အရ  သက်သေပြပြီး ဖြစ်ပါတယ်ဟု PATH ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဌာနမှ ကက်သီကာဟေးလ်က ပြောကြားသည်။
 
“မြန်မာနိုင်ငံအတွက် ဆန်ဟာ ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့ အစာထဲမှာ အဓိက ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံများအားလုံးထက် ကျွန်တော်တို့ဟာ တစ်ဦးချင်း ဆန်စားသုံးမှု ပိုများပါတယ်။ နေ့စဉ်စားသုံးတဲ့ အခြေခံအစာကို အာဟာရဖြည့်စွက်တာဟာ အဏုအာဟာရချို့တဲ့မှုတွေကို တိုက်ဖျက်ဖို့ အများတတ်နိုင်တဲ့ ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။  
ပြီးတော့ အဲဒီလိုလုပ်တာဟာ လူအများရဲ့ ပုံမှန်စားသောက်မှု အလေ့အထပုံစံကို ပြောင်းလဲစရာလည်း မလိုပါဘူး”ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က အဆိုပါအခမ်းအနားတွင် ပြောကြားသည်။
မိသားစု၏ ကျန်းမာရေးနှင့်အာဟာရကို အလေးထားသည့် မိခင်များအနေဖြင့် ယခုထွက်ရှိလာသည့် အာဟာရဖြည့် ဆန်အမျိုးအစားကို ၀ယ်ယူအားပေးကြမည်ဟု ဆန်စပါးလုပ်ငန်းရှင်များက ခန့်မှန်းထားကြောင်း သိရသည်။                        
Writer: 
နီလာEMG
 

အစိုးရအသစ် အတွက် ICTJ အစီရင်ခံစာထုတ်ပြန်


လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးတွေ တကျော့ပြန် ဖြစ်မလာဖို့ NLD အစိုးရသစ်အနေနဲ့ အလေးအနက်ထား ဆောင်ရွက်သင့်

မြန်မာနိုင်ငံမှာ အတိတ်ကာလက ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖိနှိပ်မှုမျိုး၊ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးတွေ တကျော့ပြန် ဖြစ်မလာဖို့ NLD အစိုးရသစ်အနေနဲ့ အလေးအနက်ထား ဆောင်ရွက်သင့်တယ် ဆိုပြီး International Center for Transitional Justice ICTJ အဖွဲ့ကြီးက မနေ့က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အတိတ်ကာလ အကြမ်းဖက်မှုမျိုးတွေ တကျော့ပြန် ဖြစ်မလာရေး ကုထုံးကုနည်းများ လို့ အမည်ပေးထားတဲ့ အဲဒီ အစီရင်ခံစာထဲမှာ အစိုးရနဲ့ လူမှု အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ လက်ရှိ ဖြစ်နေဆဲ ဖြစ်ရပ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အဖြစ်မှန် ပေါ်ပေါက်ရေးနဲ့ ပြုမှားမိတာတွေအပေါ် ပြန်လည်ပေးဆပ်ရေးတွေကို လိမ်မာ ပါးနပ်စွာ ကိုင်တွယ် ဆောင်ရွက်တတ်ဖို့ လိုတယ်လို့ အဲဒီ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ခု လတ်တလော နှစ်ပိုင်းတွေအတွင်း လက်ရှိ အစိုးရက နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာ ပြန်လွှတ်ပေးခဲ့တာမျိုး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နင်းခဲ့မှုအတွက် ဒေသခံ ရဲအာဏာပိုင်တွေက ဝန်ချ တောင်းပန်တာမျိုးတွေလို တိုးတက်မှုတွေ ရှိခဲ့ပေမယ့် နောက်ထပ် ဆောင်ရွက်စရာတွေ အများကြီးလိုနေသေးတယ်လို့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

အတိတ်က ဖြစ်ရပ်တွေအတွက် ပြန်လက်စားချေမှာကို စိုးရွံ့မှုတွေ ရှိနေတဲ့ စစ်တပ်ရဲ့ ထိန်းချုပ် ကန့်သတ်မှုတွေ အောက်မှာ အစိုးရသစ်အနေနဲ့ နိုင်ငံကို ထိထိရောက်ရောက် အုပ်ချုပ်နိုင်ရေးမှာ စစ်တပ်နဲ့ အတိမ်းအစောင်း မခံတဲ့ ဆက်ဆံမှုမျိုး ထားရှိဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

BBC Burmese

ချိုချဉ် နှင့် ငရုတ်ဆီပါအ၀င် ၈ မျိုးကို စားသုံးရန် မသင့်ကြောင်းကြေညာ


ကလေးငယ်တွေစားတဲ့ ရောင်စုံတုတ်ထိုးချိုချဉ်နဲ့ ငရုတ်ဆီတွေအပါအ၀င် အစားအစာ ၈ မျိုးကို ခွင့်မပြု ဆိုးဆေးတွေ ပါဝင်နေတာကြောင့် အများပြည်သူစားသုံးရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်ပါတယ်။
ကြေညာလိုက်တဲ့ အမျိုးအစားတွေထဲမှာ အမှတ်တံဆိပ်မပါရှိတဲ့ လိမ္မော်ရောင် တုတ်ထိုးချိုချဉ်/စုပ်ပြား၊ Social တံဆိပ် ရောင်စုံတုတ်ထိုးချိုချဉ်၊ Five Star တံဆိပ် ငရုတ်ဆီ၊ ဟိန်းကြွယ်တံဆိပ် ငရုတ်ဆီ၊ ထူးရှယ် (ရေနဂါး) တံဆိပ် ငရုတ်ဆီ၊ ချစ်ကလေးတံဆိပ် မက်မန်းသီး (အသေး)၊  ပြည့်စုံ ငရုတ်သီးမှုန့်နဲ့ မော်လီစိန် မျှင်ငါးပိတွေ ပါဝင်ပါတယ်။
ဈေးတွေ၊ ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းချနေတဲ့  အစားအသောက်တွေကို ဝယ်ယူစစ်ဆေးရာမှာ အဆိုပါ အမှတ်တံဆိပ်တွေနဲ့  ထုတ်လုပ်တဲ့ အစားအသောက်တွေဟာ  အဏုဇီဝ သတ်မှတ်ချက်နဲ့ ကိုက်ညီခြင်းမရှိတာ၊  ခွင့်မပြုဆိုးဆေးတွေ ပါဝင်နေတာတွေ့ရလို့ စားသုံးဖို့ မသင့်ကြောင်း အသိပေးကြေညာတာလို့ ဆိုပါတယ်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူတွေအနေနဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီအောင် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈ (က) အရ တရားစွဲဆို အရေးယူမယ်လို့လည်း နှိုးဆော်ထားပါတယ်။
DVB

ရော်နယ်ဒို ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး စံချိန်တင်


ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဒီဇင်ဘာ ၈ ရက်က ကစားခဲ့တဲ့ မာမိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ရီးရဲလ်အတွက် ၄ ဂိုး သွင်းနိုင်ခဲ့လို့ ချန်ပီယံလိဂ်မှာ စုစုပေါင်း ၈၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံးစံချိန် တင်လိုက်ပါတယ်။
ချန်ပီယံလိဂ်မှာ ရီးရဲလ်ကစားသမားတဦး ဂိုးအများဆုံး သွင်းယူနိုင်တဲ့ စံချိန်နဲ့ ချန်ပီယံလိဂ် သမိုင်းတလျှောက် ၁၁ မိနစ်အတွင်း ၃ ဂိုး သွင်းနိုင်ခဲ့တဲ့ တတိယမြောက် အမြန်ဆုံး ဂိုးသွင်းနိုင်တဲ့ စံချိန်လည်း တင်လိုက်နိုင်ပါတယ်။
ချန်ပီယံလိဂ်မှာ ဒုတိယ ဂိုးအများဆုံး သွင်းထားသူကတော့ သူ့ရဲ့ပြိုင်ဘက် လီယွန်နယ် မက်ဆီဖြစ်ပြီး ၇၉ ဂိုး သွင်းထားတာပါ။
တတိယကတော့ အနားယူသွားပြီဖြစ်တဲ့ ရီးရဲလ်ကစားသမားဟောင်း ရာအူးဖြစ်ပြီး ၇၁ ဂိုး သွင်းယူခဲ့ပါတယ်

မြန်မာငါးဖမ်းရေလုပ်သား ၉၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီး


ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ တရားမ၀င် ငါးဝင်ဖမ်းတဲ့ မြန်မာငါးဖမ်းလှေ ၁၂ စီးနဲ့ ငါးဖမ်းရေလုပ်သား ၉၂ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ ဒီဇင်ဘာ ၈ ရက်က ရေတပ်က ဘင်္ဂလားပင်လယ်အော်တွင်း ကင်းလှည့်စဉ် မြန်မာနယ်စပ် ကော့ဇ်ဘဇားခရိုင် စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲမှာ ဖမ်းမိတာဖြစ်ပြီး ရဲကိုလွှဲပြောင်းပေးလိုက်ပြီလို့ ဒေသဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ရဲအရာရှိတဦးက သတင်းမှာ ပြောပါတယ်။
မြန်မာရေလုပ်သားတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးလှသိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ အပြင်က ပြောဆိုမှုတွေ ရှိပေမယ့် တကယ်ဟုတ်မဟုတ် ပြည်ထောင်စုအစိုးရက အတည်ပြုမှသာ သိနိုင်မယ်လို့ ပြောပါတယ်။
“ကျနော်တို့ ပြည်နယ်အစိုးရက နိုင်ငံခြားနဲ့ သီးခြားဆက်သွယ်လို့မရဘူး။ ဆက်သွယ်မယ်ဆိုရင်တော့ ပြည်ထောင်စုအစိုးရနဲ့ပဲ ဆက်သွယ်ပြီး ဆောင်ရွက်လို့ရမယ်။ ဆိုတော့ သူတို့ကလည်း ကျနော်တို့ကို မပြောဘူး။ တရားဝင်တော့မသိဘူး။ မနေ့ကလည်း တယောက်က ပြောတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဖမ်းထားတဲ့အကြောင်း ပြောတယ်။ ဒါပေမယ့် ဒါက သူတို့ပြောတဲ့အပိုင်းပေါ့။ တကယ်ဟုတ်မဟုတ် ဆိုတာကတော့ နိုင်ငံတော်အပိုင်းကပဲ သိမယ်။ နိုင်ငံတော်အပိုင်းက သိမယ်ဆိုတာက သူတို့က ဆက်သွယ်မှပေါ့။”
ဒါကာမြို့အခြေစိုက် ဒေးလီးစတား ဘင်္ဂလားဒေ့ရှ် သတင်းမှာတော့  စိန့်မာတင်ကျွန်းအနား ဖမ်းမိခဲ့တဲ့ မြန်မာနိုင်ငံသား ရေလုပ်သားအရေအတွက် ၉၉ ဦးရှိပြီး တက်ကနက်ဖ် ကမ်းရိုးတန်းကို ခေါ်ဆောင်သွားကာ ရဲကိုလွှဲပေးမှာဖြစ်တယ်လို့  ဖော်ပြပါတယ်။
DVB

ဗိုလ်ချုပ်မှူးကြီးဟောင်းနှင့် တွေ့ဆုံခဲ့မှု ကြီးမားသည့်အကျိုးရရှိဟု ဒေါ်စု ပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးငြိမ်း သန်းရွှေတို့ ၂၀၀၃ ခုနှစ် တွေ့ဆုံခဲ့စဉ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံပွဲမှာ ‘နိုင်ငံအကျိုးအတွက် သဘောတူညီမှု ယူနိုင်တယ်’ လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေသတင်းဌာနနဲ့ အပတ်စဉ် မေးမြန်းခန်းမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့ တွေ့ဆုံမှုကနေ ကြီးမားတဲ့အကျိုး ရရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။
ဒါဟာ  နေပြည်တော်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ နေအိမ်မှာ ၂ နာရီခွဲကြာ တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က ပထမဆုံး ထုတ်ဖော်ပြောဆိုတာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ အန်အယ်လ်ဒီက တရားဝင် သဘောတူညီချက် ထုတ်ပြန်တာ မရှိပေမယ့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်က နှစ်ဘက် သဘောတူညီချက်အရ ဆိုပြီး ဒီဇင်ဘာ ၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကနေ သတင်းထုတ်ပြန်ချက်မှာ စစ်အစိုးရ အကြီးအကဲဖြစ်ခဲ့တဲ့ ဦးသန်းရွှေက ရွေးကောက်ပွဲအနိုင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ် နိုင်ငံခေါင်းဆောင်အဖြစ် ထောက်ခံတဲ့အကြောင်းနဲ့ တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်တဲ့နေရာမှာ ‘တတ်နိုင်သည့်ဘက်မှ အစွမ်းကုန် ပံ့ပိုးကူညီမည်’ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။
DVB

Wednesday, December 9, 2015

ဗစ်တိုးရီးယားကုန်တိုက် လုပ်ငန်းပိတ်သိမ်း

 victoria-mart-protest-620.jpg
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ Victoria ကုန်တိုက်မှာ အလုပ်သမား ၂ဝဝ ကျော်ကို လုပ်သက်အလိုက် အလုပ်ပိတ်နစ်နာကြေးတွေ ဒီနေ့ ထုတ်ပေးပြီး ကုန်တိုက်ကို ပိတ်လိုက်ပါတယ်။
လုပ်သက် ၆လမပြည့်သေးတဲ့ အလုပ်သမား ၂၈ဦးကလွဲပြီး ကျန်တဲ့အလုပ်သမားအားလုံး အလုပ်ပိတ်နစ် နာကြေးတွေ ရရှိတယ်လို့ အဲဒီကုန်တိုက်က အလုပ်သမား ကိုအောင်ဝေယံဦးက ပြောပါတယ်။
"၂၄၅ ယောက်တော့ရှိတယ်ပေါ့ဗျာ၊ ၂၈ ယောက်က ၆ လ သမားတွေဖြစ်တဲ့အတွက် လုံးဝမပေးနိုင်ဘူးလို့ သူတို့တွေကပြောပါတယ်၊ ကျနော်တို့လည်း ဝန်ထမ်းတွေဆီက အကုန်လုံးအလှူခံပြီးတော့ ၂၈ ယောက်စာ အတွက် ခွဲဝေပေးလိုက်ပါတယ်၊ ကျန်တဲ့လူတွေကတော့ နှစ်လိုက်ရသွားတာပေါ့"
အဲဒီကုန်တိုက်မှာ အလုပ်သမား ၂၄၅ ဦးရှိပြီး ဥပဒေအရ လုပ်သက် ၆လ မပြည့်သေးတဲ့ အလုပ်သမားတွေကို နစ်နာကြေး ပေးစရာမလိုဘဲ လုပ်သက်အလိုက် ၆လကနေ တစ်နှစ်ကြားရှိတဲ့ အလုပ်သမားတွေက လတ၀က်စာ၊ ၁နှစ်ကနေ ၂နှစ် လုပ်သက်ရှိသူတွေက တစ်လစာ၊ ၂နှစ်ကနေ ၃နှစ်ရှိသူတွေက တစ်လခွဲစာ၊ ၃နှစ်ကနေ ၄နှစ်က ၃လစာ၊ ၄နှစ်ကနေ ၆နှစ်က ၄လစာ အလုပ်ပိတ်နစ်နာကြေးတွေ အသီးသီးရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ အလုပ်သမား ၁ဝဝ ကျော်လောက်က အနည်းဆုံးလုပ်ခလစာ တစ်ရက် ၃၆ဝဝ ကျပ် မရလို့ဆိုပြီး ကုန်တိုက်ရှေ့မှာ ဆန္ဒပြမှုဖြစ်ပွားပြီးနောက် အဲဒီကုန်တိုက်ကို ပိတ်တော့မှာဖြစ်ကြောင်း အလုပ်ရှင်က အလုပ်သမားတွေကို တစ်လကြိုတင်အသိပေးခဲ့တာဖြစ်ပါတယ်။
အဲဒီကုန်တိုက်ကို ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အလုပ်သမားအများစုဟာ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့က လာရောက်လုပ်ကိုင်ကြတာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ Victoria ကုန်တိုက်နာမည်နဲ့ ဖွင့်ထားတာ ဆိုင်ခွဲ ၃ဆိုင်ရှိပြီး အခြားနာမည်တွေနဲ့ ကုန်တိုက်တွေ ဖွင့်လှစ်ထားတာရှိတယ်လို့ သိရပါတယ်။
RFA

ဘေဂျင်း မီးခိုးမှိုင်း သတိပေးချက်


Published 09.12.2015
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ မီးခိုးမြူတွေ ဖုံးလွှမ်းနေတဲ့အတွက် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်လိုက်သလို ကားသုံးစွဲမှုကန့်သတ်တာ၊ လေထုညစ်ညမ်းစေတဲ့ လုပ်ငန်းခွင်တွေ ရပ်ဆိုင်းတာ၊ ကျောင်းတွေပိတ်တာတွေလို ညွှန်ကြားချက်တွေလည်း ထုတ်ပြန်ထားပါတယ်။ Bill Ide ရဲ့သတင်းလွှာကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

အရှေ့မြေထဲပင်လယ်ဒေသရောက် ရုရှားရေငုပ်သင်္ဘော က စစ်သွေးကြွပစ်မှတ်မျးကို ခရုစ်ဒုံးကျည်များဖြင့် ပထမဆုံးအကြိမ် ပစ်ခတ်

 
ဆီးရီးယားနိုင်ငံ အတွင်းရှိ အစ္စလာမ္မစ် နိုင်ငံ အကြမ်းဖက်အုပ်စု ISIS ပစ်မှတ်များကို ရုရှားစစ်ဘက်က ယမန်နေ့တွင် လေကြောင်း ထိုးစစ်များ ၊ ဒုံးကျည် ပစ်လွှတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အရှေ့ မြေထဲပင်လယ် ဒေသသို့ ရောက်ရှိနေသည့် ရုရှားရေငုပ်သင်္ဘော တစ်စီးကလည်း ပထမဆုံးအကြိမ်ဖြစ် ခရုစ်ဒုံးကျည် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း စကိုင်းနယူးစ် သတင်းဌာန က ဖော်ပြခဲ့ကြောင်း သိရသည်။

အရှေ့မြေထဲပင်လယ် ဒေသအတွင်း ရောက်ရှိနေသော ရော့စတော့ဗ်အွန်ဒွန် အမျိုးအစား ကိုယ်ပျောက် ရေငုပ်သင်္ဘောသည် ယမန်နေ့တွင် ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ ပစ်မှတ်များကို ကာလီဗာ ခရုစ်ဒုံးကျည် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန် ခဲ့သည်။

ရေဒါ ထောက်လှမ်းမှုကို ကိုယ်ယောင်ဖျောက် စစ်ကစားနိုင်စွမ်း ရှိသည့် ရော့စတော့ဗ်အွန်ဒွန် ကိုယ်ပျောက် ရေငုပ်သင်္ဘောသည် ကာလီဗာ အမျိုးအစား ခရုစ်ဒုံးကျည် များဖြင့် ဆီးရီးယား ISIS စစ်သွေးကြွ ပစ်မှတ်များကို ပစ်ခတ်ချေမှုန်း နိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက သမ္မတ ဗလာဒီမာပူတင် ထံသို့ ယမန်နေ့တွင် တင်ပြခဲ့သည်။

ပြီးခဲ့သည့် သုံးရက်တာ အတွင်း ပြုလုပ်ခဲ့သော ISIS စစ်သွေးကြွ ချေမှုန်းရေး လေကြောင်း ထိုးစစ်များတွင် ရုရှားလေတပ်မှ တီယူ-၂၂ ဗုံးကြဲလေယာဉ် များလည်း ပါဝင်ခဲ့ ကြသည်။

ကတ်စပီယန် ပင်လယ်နှင့် မြေထဲပင်လယ် အခြေစိုက် ရုရှားစစ်ဘက် များသည် ယခုလအတွင်း ဆီးရီးယား ISIS စစ်သွေးကြွ ပစ်မှတ်များကို ခရုစ်ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သော်လည်း ရေငုပ်သင်္ဘောမှ တစ်ဆင့် ခရုစ်ဒုံးကျည် ပစ်လွှတ် တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။


(Pyi Chit Thar)

မြန်မာ့ အထည်ချုပ်လုပ်သားများ ဆင်းရဲတွင်းနက်ဆဲ

 မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမားများ။
မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမား ထက်ဝက်လောက်ဟာ လုပ်ခလစာ မလုံလောက်မှုကြောင့် ကြွေးမြီ ပြ ဿနာနဲ့ ရင်ဆိုင်နေကြရတယ်လို့ နိုင်ငံတကာလူမှုကူညီရေးအဖွဲ့ Oxfam နဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။
အထည်ချုပ် အလုပ်သမားတွေဟာ တစ်ပတ်မှာ ၆ ရက်၊ တစ်ရက်မှာ ၁၁ နာရီနှုန်းနဲ့ အလုပ်လုပ်ကြပေမယ့်လည်း ဆင်းရဲတွင်းနက်နေဆဲပဲလို့ ဆိုပါတယ်။ သတင်း အပြည့်အစုံကို တော့ ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။
Oxfam နဲ့ အလုပ်သမား အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေပူးပေါင်းပြီး မြန်မာပြည်က အထည်ချုပ် အလုပ် သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို စစ်တမ်းကောက်ယူထားတဲ့ "Made in Myanmar" ဆိုတဲ့ သုတေသန အစီရင်ခံစာကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Oxfam နဲ့ အလုပ်သမား အခွင့်အရေးဆိုင်ရာလှုပ်ရှားသူ တို့ပူးပေါင်းပြီး အစီရင်ခံစာထုတ်ပြန်Oxfam နဲ့ အလုပ်သမား အခွင့်အရေးဆိုင်ရာလှုပ်ရှားသူ တို့ပူးပေါင်းပြီး အစီရင်ခံစာထုတ်ပြန်
အထည်ချုပ် အလုပ်သမားအများစုဟာ အချိန်ပိုလုပ်ခနဲ့ ဆုကြေးအပါအဝင် ပျှမ်းမျှလုပ်ခလစာ ၁၂၂၀၀၀ ကျပ် ရရှိပေမယ့်လည်း သူတို့ရဲ့ အခြေခံကုန်ကျစရိတ်ကို မကာမိသလို ၄၃%သော အထည်ချုပ် အလုပ်သမားတွေ မှာ ပျှမ်းမျှ အကြွေး ၅သောင်း ၇ထောင်ကျော် ရှိတယ်လို့ Oxfam အဖွဲ့ရဲ့မူဝါဒ ဆိုင်ရာ အကြံပေး Ms. Daisy Gardener က အထည်ချုပ်အလုပ်သမားများ အခြေအနေကို ဖော်ပြထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
"ဒီအစီရင်ခံစာမှာ ဖော်ပြထားတဲ့ အပိုဆုကြေးအပါအဝင် ပျှမ်းမျှလစာ ၁၂၂၀၀၀ ကျပ်ဆိုတဲ့ ပမာဏက သူတို့ရဲ့ အခြေခံ အသုံးစရိတ် တွေကို မကာမိဘူးလို့ အထည်ချုပ်အလုပ်သမားတွေက ပြောပြပါတယ်။ သူတို့တွေထဲက တစ်ဝက်လောက်ကလည်း ကြွေးမြီပြဿနာနဲ့ ရင်ဆိုင်နေကြရတာပါ။ အစိုးရက အနည်းဆုံးလုပ်ခလစာ မသတ် မှတ်ခင်ကတည်းက စစ်တမ်းကောက်ထားတဲ့ ၁၂၂၀၀၀ ကျပ်ဆိုတဲ့ ပမာဏက လက်ရှိအခြေအနေအထိ အကျုံး ဝင်နေပါသေးတယ်။ ဘာလို့လဲဆိုတော့ အစိုးရက သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခလစာက တစ်လကို ၁၀၈၀၀၀ ကျပ်ဖြစ်ပါတယ်။ ကျွန်မတို့ စစ်တမ်းက တွေ့တဲ့ ၁၂၂၀၀၀ ဆိုတဲ့ ပမာဏကို ကြည့်ခြင်းအားဖြင့် လက်ရှိ အထည်ချုပ် အလုပ်သမားတွေကြုံတွေ့နေရတဲ့ လူနေမှုစရိတ်ပေါ်အခြေခံပြီး အနည်းဆုံးလုပ်ခ လစာ ပမာဏကို ထပ်ပြီးညှိနှိုင်းစရာမလိုတော့ပါဘူး။"
အထည်ချုပ်အလုပ်သမား တွေရဲ့ ၄၀% ကျော်ဟာ လုပ်ငန်းခွင်မှာ လုံခြုံမှု မခံစားရသလို ဖိနှိပ်ခံရတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်မှာ လုပ်ကိုင်နေကြရတယ်လို့လည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပြီး ၂၀၁၅ စက်တင်ဘာမှာ အနိမ့်ဆုံးလုပ်ခလစာ တစ်ရက်ကို ၃၆၀၀ နှုန်း အစိုးရကသတ်မှတ်လိုက်ပေမယ့်လည်း အဲ့ဒီ ပမာဏက အထည် ချုပ် အလုပ်သမားတွေ အတွက် လုံလောက်မှုမရှိသေးဘူးလို့ ဆိုပါတယ်။
လုပ်ငန်းခွင်လုံခြုံမှုလို့ဆိုတဲ့နေရာ အထည်ချုပ်အလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆို ရင် အလုပ်ဖြုတ်ခံရမှာကို စိုးရိမ်နေကြရတယ်လို့ ၈၈ မျိုးဆက် ငြိမ်းဆက်ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အလုပ်သမားရေး ဌာနက မသက်သက်အောင်က ပြောပါတယ်။
“သိပ်အရေးကြီးတဲ့အချက်တချက်ကိုပြောချင်ပါတယ်။ အဲဒါဘာလဲဆိုတော့ အလုပ်သမားတွေ အလုပ်ဖြုတ်ခံနေရတာပါ။ Union ၀င်ဖို့အတွက်တောင်မှ အလုပ်သမားတွေက စိုးရိမ်နေတယ်။ သူတို့အလုပ်သမားတွေဟာ သူတို့အခွင့်အရေးကို သူတို့တောင်းဆိုတာနဲ့ သူတို့မှာ အလုပ်ဖြုတ်ခံရဖို့အတွက် ခြိမ်းခြောက်ခံနေရပြီလို့ သူတို့က alarm မြည်နေပြီ။ ဟုတ်ပါတယ် ဘာကြောင့်လဲဆိုတော့ ဒါဟာတကယ်ဖြစ်နေတာပါ။ တကယ်ဖြစ်နေလို့လည်း တကယ်ကြောက်ကြရတာပါ။ အဲတော့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းနိုင်သလဲဆိုလို့ရှိရင် တိုင်ကြားမှု ယန္တရားတွေကို သေသေချာချာလုပ်ဖို့လိုအပ်ပါတယ်။ ပြီးတဲ့အခါကျတော့ တိုင်ကြားလာတဲ့အခါမှာလည်းပဲ ဒီ ထိရောက်တဲ့ဖြေရှင်းမှုမျိုးတွေကိုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ Freedom of Association ဖြစ်နေပြီလို့ပြောသော်လည်းပဲ တကယ့်တကယ်ကျတော့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ရွေးပြီးတော့ အလုပ်ဖြုတ်နေခြင်းသည် ဒါဟာ Freedom of Association ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းကိုတော့ ပြန်ပြီးသုံးသပ်ရမယ်လို့ ကျမအနေနဲ့ ထင်ပါတယ်။”
၂၀၁၅ ဇွန်လနဲ့ ဇူလိုင်လအတွင်း အထည်ချုပ်အလုပ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ Oxfam ရဲ့ ဒီသုတေသနအစီရင်ခံစာဟာ ရန်ကုန်မြို့ အနီး စက်မှုဇုံတွေက စက်ရုံ ၂၂ ရုံက အမျိုးသမီး အထည် ချုပ် အလုပ်သမားတွေကို အဓိကထား စစ်တမ်းကောက်ထားတာဖြစ်ပြီး မြန်မာနိုင်ငံ စက်ရုံတွေအတွင်းက ညံ့ ဖျင်းတဲ့ အခြေအနေတွေ၊ တရားဥပဒေစိုးမိုးမှု အားနည်းတာတွေနဲ့ အခြေခံ အလုပ်သမားအခွင့်အရေးတွေကို အလေးထားမှုကင်းမဲ့တာတွေကို နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံက အထည် ချုပ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြဖို့လည်း ဒီအစီရင်ခံစာက အကြံပြုထားပါတယ်။
VOA

မိုင်းနောင် - မိုင်းရှူးကြား စစ်ရေးပဋိပက္ခဒေသ အစိုးရတပ်နှင့် SSPP ၂ ဘက်လုံး တပ်ဆုတ်မည်


သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ် နှင့် ကျေးသီးမြို့နယ် အတွင်း ဖြစ်ပွားနေသည့် အစိုးရတပ်နှင့်သျှမ်းပြည်တပ်မတော် SSPP/SSA တပ်တို့အကြား စစ်ရေးပဋိပက္ခများဖြေရှင်းနိုင်ရေး အတွက် မိုင်းရှူး - မိုင်းနောင် ကားလမ်းတောင်ဘက်ခြမ်းအတွင်းရှိသည့် တပ်များဆုတ်ဖို့ နှစ်ဘက်သဘောတူမှုရရှိခဲ့သည်ဟု သိရှိရပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရကိုယ်စားလှယ်တို့ ဒီဇင်ဘာ ၇ - ၈ ရက် နေပြည်တော်၌ နှစ်ရက်ကြာတွေ့ဆုံရာ မိုင်းရှူး - မိုင်းနောင် ကား လမ်းတောင်ဘက်ခြမ်းရှိနှစ်ဘက်တပ်များ ဆုတ်ဖို့ ၊ မိုင်းနောင်မြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ဖို့၊ သဘောတူကြသည်ဟု ဌာနချုပ်အရာရှိ တစ်ဦးကပြောသည်။

“နိုဝင်ဘာ ၂၃-၂၄ တွေ့ဆုံတုန်းက မူအရ သဘောတူထားတဲ့ အချက် ၆ က အမှတ် ၂ (ဂ) က ကျနော် တို့တပ်တွေ မြောက်ဘက်ခြမ်းကို ရွှေ့ရမယ်။ အစိုး ရ တပ်ကတော့ တပ်တွေ နေရာ ပြန်ချမယ် ဆိုတာ တော့ မဟုတ်ဘူးလေ။ ဆုတ်မယ် ဆိုရင် နှစ်ဘက်လုံးဆုတ်မယ်ပေါ့။ ကျနော်တို့ တပ်တွေ အဲဒီ့ ဘက်မှာ မရှိရင် သူတို့တပ်တွေလဲ ရှိစရာအကြောင်းမရှိဘူးပေါ့။ ကျနော်တို့ ဆုတ်မယ်ဆိုရင် သူတို့လဲဆုတ်မယ်လို့သဘောတူလိုက်တာ” - ဟု ဌာနချုပ်ပြန်ကြားရေး အရာရှိတဦးကပြောသည်။

တောင်ကြီး - လွယ်လင် - လဲချား - မိုင်းနောင် - မိုင်းရှူး - တန့်ယန်း ၊ တောင်ကြီး - လွယ်လင် - ခိုလမ် - မိုင်းနောင် - မိုင်းရှူး - တန့်ယန်း လမ်း သည် မြန်မာနိုင်ငံ အရှေ့ပိုင်းစစ်ရေးမဟာဗျူဟာ လမ်းဖြစ်သောကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား မဖြစ်မနေရှင်းလင်းရမည်ဟု တပ်မတော် အရာရှိ ကြီး တဦးကလည်းပြောဆိုခဲ့ဖူးသည်။

မိုင်းနောင် - မိုင်းရှူး ကားလမ်းတောင်ဘက်ခြမ်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများ အား အောက်တိုဘာ ၆ ရက်နေ့မှ နိုဝင်ဘာ လနှောင်းပိုင်းအထိ အစိုးရတပ်မတော် မှ ထိုးစစ်ဆင် တိုက်သောကြောင့် ဒေ သခံ ၁၀၀၀ ကျော် နေရပ်မှ စွန့်ခွါခဲ့ရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရ တို့သည် ၂၀၁၂ ခု နှစ် ဦးပိုင်းက တောင်ကြီးမြို့၌ ပြည်ထောင်စုအဆင့် အပစ်ရပ် စာချုပ် လက် မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးတည်ဆောက် ထားကြပြီး ဖြစ်သည်။

(PangLong Burmese)

ရန်ကုန်စတော့အိပ်ချိန်းတွင် ရှယ်ယာရောင်းနိုင်မည့် အများပိုင်ကုမ္ပဏီကြီး ၆ ခုကို ရွေးချယ်


မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ ရန်ကုန်စတော့အိပ်ချိန်းဈေးကွက်မှာ အစုရှယ်ယာတွေကို ၀င်ရောက်ရောင်းချနိုင်ဖို့အတွက် အများပိုင်ကုမ္ပဏီကြီး ၆ ခုကို ရွေးချယ်လိုက်ပါတယ်။
စတော့အိပ်ချိန်းမှာ ရှယ်ယာတွေ တရားဝင် ရောင်းချခွင့်ရသွားတဲ့ အများပိုင်ကုမ္ပဏီကြီးတွေထဲမှာ FMI ကုမ္ပဏီ၊ ပထမမြန်မာပုဂ္ဂလိကဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာသီလ၀ါ SEZ Holding ကုမ္ပဏီ၊ မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်းနဲ့ Golden Land public ကုမ္ပဏီတို့ ဖြစ်ပါတယ်။
ဒါပေမယ့် အစုရှယ်ယာတွေကတော့ လာမယ့်နှစ် ဖေဖော်ဝါရီနောက်ပိုင်းမှ စတင်ဝယ်ယူရောင်းချခွင့် ရရှိမှာဖြစ်သလို အစုရှယ်ယာတန်ဖိုးတွေကိုလည်း ဈေးကွက်ရဲ့ ပေါက်ဈေးနှုန်းထားအတိုင်း ရောင်းချခွင့် ရရှိမှာဖြစ်တယ်လို့ မြန်မာငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောပါတယ်။
ဂျပန်တိုကျိုစတော့အိပ်ချိန်း ဥက္ကဋ္ဌကတော့ မြန်မာနိုင်ငံမှာ လက်ရှိ အကောင်အထည်ပေါ်လာတဲ့ ရန်ကုန်စတော့အိပ်ချိန်း ဖွံ့ဖြိုးလာဖို့က ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိဖို့ များစွာအရေးပါတယ်လို့ သုံးသပ်ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ရန်ကုန်စတော့အိပ်ချိန်း (YSX) ကို ဆူးလေဘုရားလမ်းနဲ့ ကုန်လည်လမ်းထောင့်ရှိ မြ၀တီဘဏ်ရုံးချုပ်ဟောင်း နေရာမှာ ဒီဇင်ဘာ ၉ ရက်နေ့ မနက်က  အခမ်းအနားနဲ့ တရားဝင် စတင်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

နှစ်ပဲတစ်ပြားကိစ္စအတွက် တန်ဖိုးရှိသည့် အချိန်များကို နှမြောမိဟု ဦးလှဆွေပြော



အင်တာနက်ဖေ့ဖွတ်စာမျက်နှာ၌ Eleven Media Group ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည့် အရေးအသားများ ရေးသားသည်ဟု ဆိုကာ Eleven Media Group က တရားစွဲဆိုထားသည့်အမှု၏ ဒီဇင်ဘာ ၇ စတုတ္ထမြောက်ကြိမ်မြောက် ရုံးချိန်းသို့ ရောက်ရှိလာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက နှစ်ပဲတစ်ပြားကိစ္စအတွက် တန်ဖိုးရှိသည့်အချိန်များကို နှမြောမိကြောင်း ပြောကြားလိုက်သည်။

“နှစ်ပဲတစ်ပြားကိစ္စအတွက် ကျွန်တော်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ နှမြောတယ်မိတယ်။ ဒါပါပဲ . . . ကျွန်တော်ကတရား ရုံးကိစ္စတွေ သိပ်နားမလည်ဘူး။ ကျွန်တော်က သူတို့မေးတဲ့ဟာတွေကို ဒီလိုပဲရေးလိုက်တော့ ပြီးသွားတာပေါ့”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က News Watch သို့ ပြောသည်။

အဆိုပါရုံးချိန်းတွင် Eleven Media Group မှ သက်သေ ၁၃ ဦးစာရင်းပေးခဲ့ပြီး တရားပြိုင် ဦးလှဆွေဘက်မှ သက်သေ တင်ပြခြင်းမရှိခဲ့ကြောင်း Eleven Media Group၏ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“ဦးလှဆွေက သူ့ဘက်က သက်သေပြစရာမရှိဘူးတဲ့။ သူ့ဖေ့ဘွတ်မှာ သူတင်တာမိုလို့ သက်သေပြစရာမရိုဘူးလို့ ပြောပါတယ်။ ဆရာတို့ဘက်က သက်သေ ၁၃ ယောက်ပေးတယ်”ဟု ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

လာမည့်ရုံးချိန်းအား ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်သို့ ချိန်းဆိုခဲ့ပြီး ယင်းရုံးချိန်းတွင် ကြားဖြတ်အမိန့်တခုအတွက် နှစ်ဘက်လျှောက်လွှဲချက်ပေးရမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။တရားလို Eleven Media Group Co.,Ltd ၏ ကောင်းသော ဂုဏ်သတင်းနှင့် သိက္ခာကို ထိခိုက်စေသဖြင့် တရားမကြီး အမှု အမှတ် ၁၀၈/၁၅ နစ်နာကြေး သိန်း ၆ ထောင်ရလိုမှု ဖြင့် နစ်နာကြေးငွေကျပ် သိန်း (၆၀၀၀)ရလိုမှု ဖြင့် တရား ပြိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ၄င်း၏ဖေ့ဖွတ်စာမျက်နှာတွင် ၉၊ ၇၊ ၂၀၁၅ ရက်နေ့၌ " ကျနော်က ဂျာနယ်တွေထဲမှာ သူရိယနေ၀င်းရယ် မြန်မာသံတော်ဆင့်ရယ် အလဲဗင်းရယ် ဘာမေးမေး မဖြေ ဘူးလို့ ဆုံးဖြတ်ထားတာပါ။ အလွန်စက်ဆုပ်ဖွယ်ကောင်းလို့ဗျ။" ၊ " ကျနော်က ဂန့်ဂေါအမတ်ဘဲ သူတို့ဂျာနယ် တည်ထောင် သူတွေ အရင်က ဂန့်ဂေါဘက်မှာ သစ်ကုမ္ပဏီထောင်ပြီး သစ်တွေထုတ်လို့ ကုန်ခါနီး လိုင်းပြောင်းပေါ်ပင် ဘောလုံး ဂျာနယ်ထုတ်၊ ဘောလုံးပွဲလောင်းသူတွေရဲ့ အားပေးမှုကြောင့် ပေါက်လာပြီး အခုမှ အင်ဗာရိုမင့်အကြောင်းတွေ လာပြောနေ စိတ်ကုန်စရာကြီး" ဟု ဖော်ပြခဲ့ခြင်းကြောင့် Eleven Media Group Co.,Ltd က ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ (၇)ရက်အတွင်းလာရောက်ဖြေရှင်းပေးရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် အများသိစေရန် အသိပေးကြေညာခဲ့ပြီး တရားမကြီး အမှု အမှတ် ၁၀၈ / ၁၅ နစ်နာ ကြေး သိန်း ၆ထောင်ရလိုမှု ဖြင့် နစ်နာကြေးငွေကျပ် သိန်း (၆၀၀၀) ရလိုမှု ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

ရခိုင်ဆားတောင်သူများကို တစ်ဧကသုံးသိန်းကျပ်နှုန်းဖြင့် ငွေထုတ်ချေးပေးမည်



(ထိုင်းနိုင်ငံမှ အဆင့်မီ ဆားလုပ်ငန်းခွင် တစ်ခုအားတွေ့ရစဉ်)


နိရဉ္စရာ၊ ဒီဇင်ဘာ ၈

ရခိုင်ပြည်နယ်မှ ဆားတောင်သူများကို တစ်ဧက ကျပ်သုံးသိန်းနှုန်းဖြင့် မြန်မာနိုင်ငံ ဆားလုပ်ငန်းရှင်များ အသင်းမှ ငွေထုတ်ချေးပေးရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

ငွေချေးယူလိုသူ ဆားတောင်သူများသည် မြန်မာနိုင်ငံ ဆားလုပ်ငန်း ရှင်များအသင်း ထောက်ခံချက်၊ မိမိတို့ ဆားလုပ်ငန်း လုပ်ကိုင်နေသော မြေနေရာပုံစံ (၇)၊ ပုံစံ (၁၀၅)၊ မြန်မာနိုင်ငံ ဆားလုပ်ငန်းရှင်များ အသင်းဝင်ကတ်၊ အမှန်တကယ် ဆားကုန်ထုတ် လုပ်သူ ဖြစ်ကြောင်း တို့ဖြင့် လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်သည်ဟု သိရသည်။

မြန်မာနိုင်ငံ ဆားးလုပ်ငန်းရှင်များအသင်းမှ နိုဝင်ဘာ ၂၃ ရက်နေ့ နေ့စွဲဖြင့် ငွေချေး ယူနိုင်ကြောင်းကို ရခိုင်ပြည်နယ်မှ ဆားလုပ်ငန်း အဓိက လုပ်ကိုင်နေသော မြို့နယ်များတွင် ကြေညာချက် ထုတ်ပြန်ထားသည်ဟု ဆားလုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းငွေများကို ဆားလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် ဘဏ်တစ်ခုမှ ထုတ်ချေးပေးသွားမည်ဟု သိရသည်။

ယခုလို ငွေထုတ်ပေးရန် စီစဉ်နေခြင်းသည် အရင်းအနှီးနည်းပါး၍ အရည်အသွေး ပြည့်မီသော ဆားများကို ထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် ဈေးကွက်ပျောက်လာရာမှ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေသော ရခိုင် ဆားထုတ်လုပ်ငန်းကို ကျားကန်ပေးရန် ရည်ရွယ်ပုံရကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

( NarinjaraNews )

မူဆလင်အားလုံးအား အမေရိကန်သို့ခရီးသွားလာခွင့်ပိတ်ပင်သင့်ကြောင်း Trump ပြောကြား

Photo -New York Times


တနင်္လာနေ့တွင် Donald Trump က မွတ်ဆလင်များအားလုံးအမေရိကန်ပြည်ထောင်စုသို့ဝင်ရောက်နေခြင်းကိုပိတ်ဆို့သင့်တယ်လို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်၊

အမေရိကန်ကို ​မုန်းတီးတဲ့ ​မွတ်ဆလင်တွေ ​များပြားတဲ့အတွက် ​အမေရိကန် ​နိုင်ငံမှာ ​အကြမ်းဖက်မှုတွေ ​ပိုဖြစ်နိုင်တယ်လို့လည်း ​ပြောပါတယ်။

အဲဒီ ​အမုန်းတရားတွေ ​ဘယ်ကနေ ​လာသလဲ ​ဆိုတာကို ​အဖြေရှာရမှာ ​ဖြစ်တယ်လို့လည်း ​ပြောပါတယ်။

မွတ်ဆလင်တွေကို ​အမေရိကန်နိုင်ငံထဲ ​ပေးမဝင်ဖို့ ​ပြောတဲ့အခါ ​အလည်အပတ်လာတဲ့ ​မွတ်ဆလင်တွေပါသလား၊ ​အမေရိကန်နိုင်ငံထဲ ​ရွှေ့ပြောင်းလာတဲ့ ​မွတ်ဆလင်တွေကိုပါ ​ပြောတာလား၊ ​ဒါမှမဟုတ် ​ပြည်ပကို ​ရောက်နေတဲ့ ​အမေရိကန်မွတ်ဆလင်တွေကို ​ပြောသလား ​ဆိုတာတော့ ​မသိရသေးပါဘူး။

သမ္မတလောင်း ​တစ်ဦးကနေ ​အခုလို ​ပြောဆိုတဲ့အပေါ် ​အမေရိကန် ​သမ္မတအပြင် ​တခြားပြိုင်ဘက် ​သမ္မတလောင်းတွေကလည်း ​Donald ​Trump ​ကို ​ဝေဖန်ခဲ့ကြပါတယ်။

Donald ​Trump ​ရဲ့ ​ပြောဆိုချက်က ​အမေရိကန်ရဲ့ ​ခံယူချက်နဲ့ ​ဆန့်ကျင်နေတယ်လို့ ​ပြောဆိုကြပါတယ်။

အိမ်ဖြူတော်ရဲ့ ​လုံခြုံရေးအရာရှိ ​Ben ​Rhodes ​ကတော့ ​အမေရိကန်နိုင်ငံရဲ့ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေထဲမှာ ​လွတ်လပ်စွာ ​ကိုးကွယ်ခွင့်ရှိတယ်လို့ ​ဖော်ပြထားသလို ​Donald ​Trump ​ရဲ့ ​ပြောဆိုမှုက ​အမေရိကန် ​လုံခြုံရဲ့နဲ့လည်း ​ဆန့်ကျင်နေတယ်လို့ ​ဆိုပါတယ်။

IS ​အဖွဲ့က ​အမေရိကန်ဟာ ​အစ္စလာမ်ကို ​ဆန့်ကျင်နေတယ်လို့ ​လူတွေကို ​အယုံသွင်းဖို့ ​ကြိုးစားတဲ့အချိန်မှာ ​အခုလို ​ပြောဆိုတာက ​မသင့်တော်ဘူးလို့ ​ဆိုပါတယ်။

တချို့ ​နိုင်ငံရေးသမားတွေကလည်း ​Donald ​Trump ​ရဲ့ ​ပြောဆိုမှုက ​ဖက်ဆစ်ဆန်သလို ​တချို့ကလည်း ​မွတ်ဆလင်တွေကိုသာ ​ပစ်မှတ်မထားပဲ ​အမေရိကန်နိုင်ငံထဲ ​ဝင်လာသူ ​မှန်သမျှကို ​စောင့်ကြည့်မှုတွေ ​လုပ်သင့်တယ်လို့ ​ပြောဆိုကြပါတယ်။


(Radio Australia)

Tuesday, December 8, 2015

ဖားကန့်မြေစာပုံပြိုကျမှုကိစ္စ လာရောက်ဖြေရှင်းဖို့ အမျိုးသားလွှတ်တော်မှာ ကြေညာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးက စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူ နိုဝင်ဘာလ ၂၄ ရက်နေ့က ရှာဖွေကြစဉ်။
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့မှာ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူ ၁၁၄ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ၃ ပတ်အတွင်း သက်ဆိုင်ရာ အစိုးရဌာနက အမျိုးသားလွှတ်တော်မှာ လာရောက်ဖြေရှင်းဖို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ လွှတ်တော်မှာ ကြေညာပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၈ဦး ဆွေးနွေးခဲ့ပေမယ့် သက်ဆိုင်ရာအစိုးရဘက်က လာရောက်ရှင်းပြတာ မရှိတဲ့အတွက် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က အစိုးရအနေနဲ့ နောက်ထပ် ၂၁ ရက်အတွင်း လွှတ်တော်မှာ ရှင်းလင်းတင်ပြဖို့ ကြေညာလိုက်ပါတယ်။
"အခုတင်သွင်းတဲ့ အဆိုတဲ့စပ်လျဉ်းပြီး ၂ဝ၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၇၁ နည်းဥပဒေခွဲ ဂ အရ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ၂၁ ရက်အတွင်း ပြန်လည်ဖြေရှင်းဆွေးနွေးနိုင်တဲ့ အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လာရောက်ဆွေးနွေးနိုင်မယ့် နေ့ရက်မှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူမယ်ဖြစ်ကြောင်း ကြေညာမယ်"
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့က ပြိုကျခဲ့တဲ့ မြေစာပုံကို အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေက ၆ရက်ဆက်တိုက် ရှာဖွေရာမှာ ရုပ်အလောင်း ၁၁၄ လောင်းကို တွေ့ရှိပြီးနောက် ရှာဖွေမှုကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။
ကျောက်မျက်ဥပဒေမှာ လုပ်ငန်းလုပ်တဲ့သူတွေကိုသာ အကာအကွယ်ပေးထားတာဖြစ်ပြီး တစ်ပိုင်တစ်နိုင် လုပ်စားနေသူတွေကို အကာအကွယ်ပေးထားတာ မရှိတဲ့အတွက် ဥပဒေအရ အားနည်းနေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်အောင်က ဆွေးနွေးခဲ့ပါတယ်။
ကိုယ်စားလှယ်တချို့ရဲ့ ဆွေးနွေးချက်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
 RFA

တရုတ်သမ္မတ နုတ်ထွက်ဟု မှားရေးမိသည့် သတင်းထောက် ၄ ဦး တာဝန်မှ ရပ်စဲ

တရုတ်သမ္မတ ရှီကျင့်ဖျင်။ (ဓာတ်ပုံ - Sean Gallup/Getty-Images)

တရုတ်သမ္မတ ရှီကျင့်ဖျင် နုတ်ထွက်တယ်လို့ မှားပြီး ရိုက်နှိပ်မိတဲ့ သတင်းထောက် ၄ ဦးကို တာဝန်ကနေ ရပ်စဲထားပါတယ်။
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ် အာဖရိက-တရုတ် ထိပ်သီးဆွေးနွေးပွဲကို တရုတ်သမ္မတ တက်ရောက်နေပြီး တရုတ်သတင်းဝန်ဆောင်မှု (စီအန်အက်စ်) က ဒီဇင်ဘာ ၄ ရက်နေ့ ဖော်ပြတဲ့ သတင်းတပုဒ်မှာ မှားယွင်းခဲ့တာ ဖြစ်ပါတယ်။
တရုတ်နဲ့ အာဖရိကတို့ဟာ သမိုင်းပေးကံတရားကို မျှဝေနေတယ်လို့ သမ္မတက မိန့်ခွန်းမှာ ပြောကြားခဲ့တာလို့ ရေးရမယ့်အစား သမ္မတက နုတ်ထွက်တယ်လို့ ရေးသားခဲ့တဲ့အတွက် ဖြစ်ပါတယ်။
တရုတ် မက်ဒရင်းမှာ မိန့်ခွန်းကို Zhi Ci လို့သုံးပြီး နုတ်ထွက်တာကို Ci Zhi လို့ သုံးစွဲတာလည်း ဖြစ်ပါတယ်။
ဒီအတွက် သမ္မတက နုတ်ထွက်တဲ့သဘောမျိုး သက်ရောက်သွားပြီး တချို့သတင်းဌာနတွေကလည်း စီအန်အက်စ်က အမှားမပြင်မချင်း ဒီသတင်းကို အသုံးပြုခဲ့ကြပါတယ်။
ဒီအတွက် သတင်းဌာနက သတင်းထောက်တွေနဲ့ တောင်အာဖရိက ဗျူရိုအကြီးအကဲလည်း ရာထူးကနေ နုတ်ထွက်ပေးရတယ်လို့ ဆောက်ချိုင်းနား မောနင်းပို့စ်က ရေးပါတယ်။
DVB

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးပြတ်


ဓာတ်ပုံ-မြ၀တီ

မန္တလေးတိုင်းအတွင်းမှာ အပြီးသတ် တည်ဆောက်ပြီးစီးတဲ့ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို မနက်ဖြန် ဒီဇင်ဘာ ၉ ရက်နေ့မှာ စတင်ဖွင့်လှစ်မယ်လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရုံးက ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန တာဝန်ရှိသူကို ကိုးကားပြီး မြ၀တီသတင်းဌာနက ဖော်ပြပါတယ်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး နေပြည်တော် ပျဉ်းမနားမြို့ အရှေ့ဘက် ၂၆ မိုင်ခန့်အကွာရှိ ပေါင်းလောင်းမြစ်ပေါ်မှာ ၂၀၀၅ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရုံး တာဝန်ရှိသူနဲ့ မေးမြန်းခွင့်မရပေမယ့်  ရုံးဝန်ထမ်းတဦးကတော့ မနက်ဖြန် ဖွင့်ပွဲရှိတယ်လို့သာ ဖြေကြားပါတယ်။
ဒီစီမံကိန်းဟာ မန္တလေးတိုင်း ပျဉ်းမနားမြို့နယ်၊ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်နဲ့ ကယားပြည်နယ် ဖယ်ခုံမြို့နယ် ဆုံရာမှာ တည်ရှိပြီး ပျဉ်းမနားနယ်ထဲကို စီးဆင်းလာတဲ့ ပေါင်းလောင်းချောင်းကို ရေကာတာတည်ဆောက်ထားတာ ဖြစ်ပါတယ်။
စီမံကိန်းအရ တပ်ဆင်စက်အင်အား ၁၄၀ မီဂါဝပ်နဲ့ တနှစ်လျှင် ပျှမ်းမျှဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၄၅၄ သန်းခန့် ထုတ်ပေးနိုင်မယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီစီမံကိန်းမှာ ဆည်အတွင်း ရေအမြင့်ဟာ ၁၂၁၄ ပေ ရှိပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ပေါင်းလောင်းမြစ်ဘေး အနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာ ၂၃ ရွာက ဒေသခံတွေကို ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ကို ပြောင်းရွှေ့ပေးခဲ့ပြီး ပေါင်းလောင်းမြို့သစ်အဖြစ် တည်ထား နေရာချပေးထားတယ်လို့ ပျဉ်းမနားမြို့က အင်ဂျင်နီယာတဦးက ပြောပါတယ်။
ရွှေ့ပြောင်းကျေးရွာသားတွေအတွက် နစ်နာကြေးကိစ္စကိုတော့ ဂဃဏန မသိရဘူးလို့ သူက ပြောပါတယ်။
အထက်ပေါင်းလောင်းဆည် စီမံကိန်းကို မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ယူနန် စက်ယန္တရား သွင်းကုန်ထုတ်ကုန်ကုမ္ပဏီ၊ နည်းပညာပိုင်းမှာ ဥရောပကုမ္ပဏီတချို့လည်း ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၁၃ ဇူလိုင်မှာ ထုတ်ဝေတဲ့ စာတမ်းအရ မြန်မာပြည်မှာ ရေအားလျှပ်စစ်စက်ရုံ ၂၀၊ ဓာတ်ငွေ့သုံးစက်ရုံ ၁၀ ခုနဲ့  ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံ ၁ ခု စုစုပေါင်း ၃၁ ခုရှိပြီး စုစုပေါင်း မီဂါဝပ် ၃၉၀၀ သာ ထုတ်နိုင်ပါတယ်။
မြန်မာ့လျှပ်စစ်စွမ်းအင် သုံးစွဲမှုနှုန်းဟာ အာဆီယံနိုင်ငံတွေထဲမှာ အနည်းဆုံး ဖြစ်ပါတယ်။
DVB

အန်စီအေစာချုပ်ကို ပြည်ထောင်စုလွှတ်တော် ကန့်ကွက်သူမရှိ အတည်ပြု


တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်သူမရှိ တခဲနက် အတည်ပြု  ထောက်ခံလိုက်ပါတယ်။
နိုင်ငံတော်သမ္မတထံက ပေးပို့ထားတဲ့ အန်စီအေစာချုပ်နဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်အမတ် တဒါဇင်ကျော်လောက်က ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်တွေမှာ ၂ ရက်ကြာ ဆွေးနွေးပြီးနောက် ခုလို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
အန်စီအေစာချုပ်နဲ့ပတ်သက်ပြီး ပါဝင်ဆွေးနွေးခဲ့တဲ့ အင်ဂျန်းယန် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက စာချုပ်ကို အားလုံးက အတည်ပြုသင့်တယ်လို့ ပြောပါတယ်။
“အားလုံးက ဒါက အတည်ပြုသင့်တယ်ပေါ့နော်။ အခု ၈ ဖွဲ့ပဲ လက်မှတ်ထိုးထားပေမယ့် အတည်ပြုသင့်တယ်။ နောက် လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားတွေအတွက်လည်း အကုန်လုံး လမ်းဖွင့်ထားတယ်။ သူတို့နဲ့လည်း ဆက်လက်ဆွေးနွေးသွားတယ် ဆိုတာမျိုးတွေ ပြောသွားပါတယ်။ နောင်အစိုးရတက်ရင်တော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ် ဆိုတာတွေ ပြောသွားပါတယ်။ ပြောပြီးတော့မှ ဒီဟာကတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုရေး သူတို့ သဘောတူထားတဲ့ အပိုဒ် ၂၆ မှာလည်း ပါပါတယ်။ နောက်ပြီးမှ ဒီဟာကို လက်မှတ်ထိုးတာ ၈ ဖွဲ့ဖြစ်ပေမယ့် လက်မှတ်မထိုးသေးတဲ့ လူတွေကိုလည်း ဒီစာချုပ်မူကြမ်းကိုတော့ အကုန်လုံး လက်မှတ်ထိုးထားတယ် ဆိုတဲ့အခါကျတော့ ဒီနေ့တော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်ရှင်။”
အန်စီအေစာချုပ်နဲ့ ပတ်သတ်ပြီး လက်ရှိ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအပြင် အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ နောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေ အရင်လိုထပ်မဖြစ်ဘဲ ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ကို လွှတ်တော်ကိုယ်စားလှယ်တွေက ဦးတည်ဆွေးနွေးခဲ့ကြပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြရာ “ကျန်ရှိတဲ့ အဖွဲ့များအတွက်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများ စိုးရိမ်မှုမရှိဖို့ တင်ပြလိုပါတယ်။ ၂၀၁၅ ခု နိုဝင်ဘာလ ၁-၃ ရက်နေ့အထိ ပန်ဆန်းမြို့၌ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစည်းအဝေးသို့ အန်စီအေ လက်မှတ်ရေးထိုးခြင်း မရှိသေးသည့်၊ ရေထိုးခွင့်မရရှိသေးသည့် အဖွဲ့ပေါင်းစုံများ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှ ထုတ်ပြန် သည့် ကြေညာချက်အပိုဒ် ၃မှာ အထွေထွေ ရွေးကောက်ပွဲပြီးနောက် ပေါ်ထွက်လာမည့် အစိုးရသစ်နှင့် ပါဝင်ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကြီးကို အမြန်ဖော်ဆောင်သွားရန် ဆန္ဒရှိသည်ဟု ဖော်ပြထားပါတယ်။ ပန်ဆန်းကြေညာချက်အရ နောင်တက်လာမည့် အစိုးရအနေဖြင့် ယခုထက် အောင်မြင်အောင် ပိုမိုဆောင်ရွက်နိုင်မည်ဟု ယူဆပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်များမှ ထာဝရငြိမ်းချမ်းရေး ရရှိအောင်၊ ထာဝရငြိမ်းချမ်းရေးမှသည် တမျိုးသားလုံး ပြန်လည်သင့်မြတ်ရေး၊ စည်းလုံးရေး ဆောင်ရွက်နိုင်မည်ဟုလည်း ယူဆပါတယ်” လို့ ပြောသွားပါတယ်။
အန်အယ်လ်ဒီအမတ် ဒေါ်မေ၀င်းမြင့်ကတော့ အန်စီအေစာချုပ်ဟာ တနိုင်ငံလုံး လွှမ်းခြုံမှုမရှိတာ၊ လက်မှတ်ထိုးအဖွဲ့နဲ့ မထိုးတဲ့အဖွဲ့အကြား နားလည်မှုလွဲမှားနိုင်တာနဲ့ လက်မှတ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ်မှာ ဖိအားပေးသလို ဖြစ်လာနိုင်တာတွေကြောင့် စာချုပ်မှာ အသိသက်သေအဖြစ် ပါဝင်လက်မှတ်မထိုးခဲ့တာလို့ လွှတ်တော်မှာ မနေ့က ရှင်းလင်းသွားပါတယ်။
ဆယ်စုနှစ်တွေနဲ့ချီ လက်နက်ကိုင်တိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
DVB

သပိတ်မှောက်ကျောင်းသား ကိုမင်းသွေးသစ် အပါအ၀င် ၄ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြရင်း လက်ပံတန်းမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဗကသကျောင်းသားတွေကို ဒီနေ့မနက်က သာယာဝတီခရိုင် တရားရုံးမှာ ၂၉ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးနေပါတယ်။
ဒီနေ့ ရုံးထုတ်ရာမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် အပါအ၀င် ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၄ ဦးဟာ ကျန်းမာရေး မကောင်းတဲ့အတွက် ဒီနေ့ညနေမှာပဲ သာယာဝတီထောင်ကနေ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်နေပြီလို့ ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။
“အဓိက ကိုမင်းသွေးသစ်ကဆိုရင် အစာအိမ်ယောင်တယ်။ အာရုံကြောဖြစ်တယ်ပေါ့နော့်။ အခု ဆေးတွေပါ တခါတည်း သွင်းရတာလေ။ အခု ရန်ကုန်ဆေးရုံကြီးကို သွားနေပြီ။ မာနော်ဆိုရင်လည်း သူက ကျောက်ကပ်ဖြစ်တာလေ။ သူကကျတော့ အန်တယ်ပေါ့နော်။ ဆီးသွားရင်လည်း သွေးပါတယ်။ အော့တယ် နာတယ်ပေါ့။ ထိန်လင်းအောင်ကလည်း အစာအိမ်ပဲ။ ကိုမြကြီးဆိုရင်လည်း အာရုံကြောပေါ့၊ ကိုယ်တခြမ်း ထုံထိုင်းပြီး လေဖြတ်ချင်သလိုမျိုး ဖြစ်နေတာပေါ့။”
ဆေးကုသခွင့်ရရှိတဲ့ ၄ ဦးကတော့ ကျောင်းသား ကိုမင်းသွေးသစ်၊ ကိုမာနော်၊ ၀န်းရံပြည်သူ ကိုမြကြီးနဲ့ ကိုထိန်လင်းအောင်တို့ ဖြစ်ပါတယ်။
လက်ရှိ သာယာဝတီထောင်ကနေ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသနေတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၉ ဦးရှိပြီး အခု နောက်ထပ် ၄ ဦး ထပ်တိုးလာတာ ဖြစ်ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာတော့ ကိုခန့်အောင်နဲ့ တေဇာထွန်းတို့ ၂ ဦး အာမခံရရှိတယ်လို့လည်း ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။
“ဒီနေ့ ရုံးထုတ်မှာတော့ ကျမတို့ တရားလို ရဲမှူးဘုန်းမြင့်ကို ဆက်စစ်ပါတယ်။ လွန်ခဲ့တဲ့ရုံးချိန်းက အာမခံ ၃ ယောက် လျှောက်ထားတဲ့ထဲက ၂ ယောက်ရပါတယ်။ ခန့်အောင်ပေါ့နော်။ သူက ၁၀ တန်းကျောင်းသား၊ စာမေးပွဲဖြေဖို့နဲ့ရတယ်။ နောက်တခါ တေဇာထွန်း၊ သူက လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံတက်နေတဲ့ တယောက်ပေါ့။  သူတို့နှစ်ယောက် အာမခံရပါတယ်။ ကိုခင်မောင်ဝင်းကတော့ စာရွက်စာတန်းတွေ မပြည့်စုံလို့ဆိုပြီး အပယ်ခံရပါတယ်။”
ဒါ့အပြင် ဒီကနေ့မှာလည်း နောက်ထပ် ၃ ယောက် အာမခံရဖို့ ထပ်လျှောက်ထားတယ်လို့လည်း ပြောပါတယ်။
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်ကို ခရီးရှည်ချီတက် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လက  လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွင်းပြီး သာယာဝတီထောင်မှာ ဖမ်းဆီး တရားစွဲဆိုထားတာပါ။
ဖမ်းဆီးတရားစွဲဆိုခံရတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူပေါင်း ၆၈ ဦးရှိခဲ့ပြီး ဒီနေ့ထိ ၁၈ ဦး အာမခံရရှိထားပြီ ဖြစ်ပါတယ်။
ကျန် အယောက် ၅၀ ကတော့ ထောင်တွင်းမှာ ဆက်လက် အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
DVB

မှုခင်းကျဆင်းရေး လူထုတွေ့ဆုံပွဲများ ရပ်ကွက်များတွင် စတင်



Dawei Watch| ထားဝယ်၊ ဒီဇင်ဘာ ၈

တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်မြို့ကြီး သုံးမြို့ရှိ ရပ်ကွက်တိုင်းတွင် မှုခင်းကျဆင်းရေး လူထုတွေ့ဆုံပွဲပြုလုပ်ရေး အစီအစဉ်အရ ယခုလဆန်းမှ စတင်၍ ထားဝယ်မြို့ပေါ် ရပ်ကွက်နှစ်ခုတွင် စတင်လိုက်ပြီဖြစ်သည်။

ယခုတစ်ပတ်အတွင်း ထားဝယ်မြို့ ကြက်စားပြင်နှင့် ထိန်သစ်ရပ်ကွက်တို့တွင် မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး နှင့် အထွေထွေ ကိစ္စရပ်များအတွက် ရဲတပ်ဖွဲ့နှင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေးမေးမြန်းစေနိုင်ရန် ရည်ရွယ်၍ လူထု တွေ့ဆုံပွဲများ ထိုသို့ ကျင်းပရခြင်း ဖြစ်ကြောင်း ထားဝယ်မြို့မ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

 “ ရဲတွေ ဘာလုပ်နေတယ်ဆိုတာကို ပြည်သူလူထုကို သိစေချင်တယ်။ ပြည်သူက ရဲကို အပြည့်အ၀ မယုံရဲသေးဘူး။ သံသယရှိနေသေးတယ်။ တွေ့ဆုံပွဲမှာ အမှုတွေနဲ့ ပတ်သက်ပြီး မေးကြတယ်။ ရဲတပ်ဖွဲ့ကလည်း အထောက်အထားနဲ့ ပြန်ရှင်းပြပါတယ်” ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူး ကြီး ကြည်လင်းက ပြောကြားသည်။

ယခင်က ယင်းသို့ တွေ့ဆုံပွဲကို ရဲစခန်းများတွင် ပြုလုပ်ခဲ့ဖူးသော်လည်း မထိရောက်ဘဲ အစည်းအဝေးတက်ရောက်သူ ထပ်နေသဖြင့် ရပ်ကွက်အသီးသီးသို့ သွားရောက်က တွေ့ဆုံခြင်းဖြစ်ကြောင်း ရဲမှူးကြီးက ပြောသည်။

ယင်းအစီအစဉ်ကို တိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း မြို့ပေါ်ရပ်ကွက်များတွင် ဆက်တိုက်ပြုလုပ်သွားမည်ဟု ရဲမှူးကြီး ကြည်လင်းကဆိုသည်။

ယင်းအပြင် ရဲစခန်းတွင် အမှုစစ်နေချိန်တွင် ပြည်သူများ ကိုယ်တိုင်လာရောက်လေ့လာနိုင်ကြောင်း ထားဝယ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်မှ စ၍ အမှုစစ်ချိန်တွင် ပြည်သူများ လာရောက်လေ့လာခွင့်ပြုခဲ့သော်လည်း တရားခံ၊ တရားလို မိသားစုဝင်များမှအပ လေ့လာသူမရှိကြောင်း ဒုရဲမှူး က ပြောကြားသည်။

 “ထင်သာမြင်သာရှိအောင်လို့ အမှုစစ်ခန်းနဲ့ အချုပ်ခန်းတွေမှာ CCTV ကင်မရာတွေလည်း တပ်ထားတယ်” ဟု ဒုရဲမှူး က ဆိုသည်။

ရဲတပ်ဖွဲ့က ပြုပြင်ပြောင်းလဲနေချိန်တွင် ရဲတပ်ဖွဲ့အား ပြည်သူ၏ ယုံကြည်ကိုးစားမှုရရှိစေရန်နှင့် ပြည်သူနှင့်နီးစပ်သည့်ဆက်ဆံရေး ရရှိစေရန် ရည်ရွယ်၍ အမှုစစ်နေချိန်နှင့် အချုပ်ခန်းများအား မည်သူမဆိုလာရောက်လေ့လာနိုင်သည်ဟု ဒုရဲမှူး မျိုးမြင့်ဦးက ပြောကြားသည်။

 “အခုလို လေ့လာခိုင်းတာက တစ်ဖက်ကလည်းမကောင်းဘူး။ အမှုနဲ့ ပက်သက်တဲ့ သြဇာအာဏာရှိတဲ့သူတစ်ယောက်က ၀င်နေနေမယ်ဆိုရင် အဆင်မပြေနိုင်ဘူး” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု အထက်တန်းကျောင်းများ အထိ ပြန့်နှံ့လာသဖြင့် အထူးအလေးပေးလုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။