Pages
▼
Monday, January 25, 2016
အိုင်အက်စ်က သွေးဆာနေသည့် တိုက်ခိုက်ရေးသမားများ စေလွှတ်မည်ဟု ခြိမ်းခြောက် (ရုပ်သံ)
အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဟာ ပဲရစ်အကြမ်းဖက် တိုက်ခိုက်မှုနဲ့ အလားတူ ၁၅ မိနစ်စာ ရုပ်သံဗွီဒီယိုဖိုင်ကို ဇန်န၀ါရီ ၂၄ ရက်နေ့မှာ ထုတ်လွှင့်ပြီး ခြိမ်းခြောက်လိုက်ပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်မှာ ပြီးခဲ့တဲ့ ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ဘယ်လ်ဂျီယံနိုင်ငံသား ၄ ဦး၊ ပြင်သစ်နိုင်ငံသား ၃ ဦး၊ အီရတ်နိုင်ငံသား ၂ ဦးရဲ့ ပုံတွေနဲ့အတူ ပြင်သစ်-အာရပ် နှစ်ဘာသာနဲ့ အကြမ်းဖက်အဖွဲ့ဝင်တဦးက နောက်ခံစကားပြောခဲ့တာပါ။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလကတည်းက ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေက အိုင်အက်စ်တွေကို တိုက်ခိုက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတွေအားလုံးကို ရည်ရွယ်တာ ဖြစ်တယ်လို့ ပြောထားတာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီနဲ့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေက မှတ်ချက်တစုံတရာ မပေးခဲ့ကြပါဘူး။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ “သူတို့(ကာ့ဖ်)တွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေပဲ ရပ်တည်နေပါစေ။ ကျနော်တို့ရဲ့ပစ်မှတ်တွေ ဖြစ်လာမှာပဲ” လို့ ပြောဆိုထားတာကို ထည့်သွင်းပြသခဲ့တာပါ။
မွတ်ဆလင်တွေကို ဗုံးကြဲတိုက်ခိုက်ဖို့ တိုက်လေယာဉ်တွေ လွှတ်မယ်ဆိုရင် သူတို့ အိုင်အက်စ်တွေဘက်ကလည်း သွေးဆာနေတဲ့ တိုက်ခိုက်ရေးသမားတွေကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ ပြန်လည် ခြိမ်းခြောက် ပြောဆိုလိုက်တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေးဗစ်ကင်မရွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူတွေဘက်က တုံ့ပြန် ပြောဆိုတာတွေ မရှိသေးပါဘူး။
မနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ အိုက်အက်စ်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၀ သေဆုံးခဲ့ကြတာပါ။
DVB