Pages

Monday, January 4, 2016

ထားဝယ်စီမံကိန်း မြန်မာ လုပ်သားများ လုပ်ခနှင့် အချိန်ပို တိုးပေးရန် တောင်းဆို


|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၃
ထားဝယ် - ကန်ချနပူရီလမ်းရှိ ၁၇ကီလိုမီတာအနီး ITD ကုမ္ပဏီမှ တည်ဆောက်လျက်ရှိသော မြို့ပြအိမ်ယာစီမံကိန်းမှ မြန်မာ အလုပ်သမားများက ကျွမ်းကျင်ပညာရပ်အလိုက် လုပ်ခခံစားခွင့် ပိုပေးရန်နှင့် အချိန်ပို တစ်နေ့လျှင် နှစ်နာရီ လုပ်ခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။
နေ့စား လုပ်သားများကို စမ်းခန့်ကာလ  ၆လကျော် အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် အလုပ်ရှင်နှင့် အလုပ်သမား သဘောတူ စာချုပ်ချုပ်ဆိုရာအထက်ပါအချက်များကို ထည့်သွင်းနိုင်ရန် အလုပ်သမားညွန်ကြားမှုဦးစီးဌာန၊ မြို့ပြအိမ်ယာစီမံကိန်းရုံးတို့မှ တာဝန်ရှိသူများနှင့် နေ့စား လုပ်သားများ ဇန်န၀ါရီလ ၂ ရက်တွင် တွေ့ဆုံစဉ် အထက်ပါအချက်ကို နေ့စားလုပ်သားများ က တောင်းဆိုခဲ့သည်ဟု သိရသည်။
"ကိုယ့်ပညာရပ်အလိုက် နေ့စားခကို တိုးပြီး လိုချင်တယ်၊ အခုက အကြမ်းရော၊ အချောရော( အလုပ်ကြမ်းရော၊ အလုပ်ချောရော) ကျွန်တော်တို့ပဲ လုပ်နေရတာ"ဟု မြို့ပြစီမံကိန်းမှ မြန်မာ လုပ်သားတစ်ဦဖြစ်သူ ဦးသန်းထိုက်က ဆိုသည်။
အလုပ်ခန့်စဉ်က ကျွမ်းကျင်မှုအလိုက် လုပ်ခခံစားခွင့်ပေးမည်ဟု ပြောထားသည့်အတွက် တောင်းဆိုခြင်းဖြစ်ပြီး အလုပ်သမား ညွန်ကြားမှု ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက လုပ်ငန်းအပေါ်မူတည်ပြီး လုပ်ဆောင်ပေးမည် ဟု ပြောဆိုခဲ့ကြောင်း အလုပ်သမားများက ပြောပြသည်။
ယင်းစီမံကိန်း လုပ်ငန်းခွင်တွင် ထိုင်းနိုင်ငံသား အလုပ်သမားများကို ကျွမ်းကျင်မှုအလိုက် လုပ်ခခံစားခွင့်ပေးထားပြီး ယင်းစီမံကိန်း အနီးရှိ အသေးစား စက်မှုဇုန် တည်ဆောက်ရေး လုပ်ငန်းခွင်မှ မြန်မာအလုပ်သမားများလည်း ကျွမ်းကျင်မှုအလိုက် လုပ်ခ ခံစားခွင့်နှင့် တစ်နေ့ ၂ နာရီ အချိန်ပို လုပ်ခွင့် ရရှိသည်ဟု အလုပ်သမားများက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာလုပ်သားတစ်ဦး တနေ့ အလုပ်ချိန် ၈နာရီအတွက် လုပ်အားခ ၃၆၀၀ ကျပ်နှင့် အချိန်ပို တစ်နာရီ အတွက် လုပ်အားခ ၉၀၀ကျပ် စုစုပေါင်းတနေ့ လုပ်အားခ ၄၅၀၀ ကျပ်၊ တစ်လလျှင် ပျမ်းမျှ ၁၂၀၀၀၀ကျပ်သာ ရရှိမိသားစု စားဝတ်နေရေး အဆင်မပြေဟု နေ့စားလုပ်သားများက ပြောသည်။ 
အလုပ်အချိန်ပို တစ်နာရီ ထပ်မံလုပ်ကိုင်ခွင့်ရရှိလျှင် ပုံမှန်အလုပ်ဆင်းမည်ဆိုလျှင် တစ်လလျှင် တစ်သိန်းခွဲကျပ်ကျော် ရရှိပြီး စာဝတ်နေရေး အနည်းငယ်အဆင်ပြေလာမည်ဖြစ်အချိန်ပို တစ်နာရီအလုပ်ဆင်းခွင့်ပေးရန် ထပ်မံတောင်း ဆိုရခြင်းဖြစ်ကြောင်း  နေ့စားလုပ်သား တစ် ဦးဖြစ်သူ ဦးမျိုးဝင်းက ပြောဆိုသည်။ 
ထားဝယ်-ကန်ချနပူရီ လမ်းမကြီး၏ ၁၆ ကီလိုမီတာနှင့် ၁၇ ကီလိုမီတာအနီး မြေယာရှင်းလင်းခြင်း စီမံကိန်း၊ အသေးစား စက်မှု ဇုန်စီမံကိန်းတို့ လုပ်ကိုင်လျက်ရှိပြီး  မြို့ပြအိမ်ယာစီမံကိန်း၌ ၅ထပ် အဆောက်အဦးတစ်လုံး တည်ဆောက်လျက်ရှိသည်။ 
မြို့ပြအိမ်ယာစီမံကိန်း လုပ်ငန်းခွင်တွင် မြန်မာလုပ်သား ၄၀ဦးဝန်းကျင် လုပ်ကိုင်လျက်ရှိသည်။

Dawei Watch