Pages

Thursday, March 31, 2016

အလုပ်သမား သေဆုံးခဲ့သော ထားဝယ်ရှိ အအေးခန်းစက်ရုံ အလုပ်ရှင် အလုပ်သမား စာချုပ်အသစ် ပြန်ချုပ်မည်



Dawei Watch| ထားဝယ်၊ မတ် ၃၁

ရဲတပ်ဖွဲ့ဝင်၏ ရိုက်နှက်မှုကြောင့် အလုပ်သမားသေဆုံးခဲ့သည့် ထားဝယ်မြို့ရှိ ငါးအအေးခန်းစက်ရုံတွင် အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်ကို မကြာမီ ပြန်လည်ချုပ်ဆိုမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့်မတ်လ ၇ ရက်နေ့က ရဲတပ်ဖွဲ့ဝင်၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည့်ဖြစ်စဉ်အပြီး နောက်တစ်နေ့ မတ်လ ၈ ရက်နေ့တွင် အလုပ်သမားများက အနိမ့်ဆုံးလုပ်ခလစာမရရှိခြင်း၊ အလုပ်နားရက်မရှိခြင်းနှင့် အချိန်ပိုကြေးမရခြင်းတို့ကို သက်ဆိုင်ရာ အလုပ်သမားရုံးသို့ တိုင်ကြားခဲ့ပြီးနောက် ထိုသို့ စာချုပ်ချုပ်ဆိုရန် စီစဉ်လာခြင်း ဖြစ်သည်။

မတ်လ ၁၃ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ချိန်တွင် အလုပ်သမားဥပဒေအတိုင်းဆောင်ရွက်မှု အားနည်းနေသည်ကို တွေ့ရှိခဲ့ရသည့်အတွက် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်(EC စာချုပ်) ကို ပြန်လည်ချုပ်ဆိုရန်ညွှန်ကြားထားကြောင်း မြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဦးက ပြောသည်။

“ဥပဒေနဲ့အညီ လုပ်ဆောင်သွားဖို့ပြောထားတယ်”ဟု မြို့နယ်ဦးစီးမှူး ဦးသန်းဦး ကပြောသည်။

ယင်းသဘောတူစာချုပ်အား စက်ရုံပိုင်ရှင်၏ တောင်းဆိုချက်အရ လာမည့် သင်္ကြန်ကာလအပြီးတွင် ချုပ်ဆိုပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးမယ်ဆိုတော့ ကျေနပ်တယ်”  ဟု ယင်းစက်ရုံမှ အလုပ်သမားတစ်ဦးဖြစ်သူ ကိုမျိုးဇော်အောင် ကပြောသည်။

သင်္ကြန်ကာလအတွင်း အိမ်ပြန်မည့်အလုပ်သမားများရှိပြီး အသစ်လုပ်မည့်သူများရှိသောကြောင့် သင်္ကြန်ပြီးမှသာ အလုပ်ရှင်/အလုပ်သမားသဘောတူစာချုပ် ချုပ်ဆိုနိုင်လိမ့်မည်ဖြစ်ကြောင်း ဟိုင်ယွမ် ငါးအအေးခန်းစက်ရုံမှ မန်နေဂျာ ဦးအောင်စိုးနိုင် ကဆိုသည်။
“အခြေခံလစာကတော့ စာချုပ် ချုပ်တဲ့အချိန်ကျမှ အလုပ်သမားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းသွားမယ်” ဟု ၎င်းကပြောသည်။
၂၀၁၅ ဒီဇင်ဘာလမှ ၂၀၁၆ မတ်လ အထိ လေးလအတွက် အချိန်ပိုကြေးများကို တစ်လလျှင် နာရီ ၄၀ နှုန်းဖြင့် ဈေးနှုန်းအား အလုပ်သမားခေါင်းဆောင်များနှင့်ညှိနှိုင်းကာ သင်္ကြန်မတိုင်မီ ပြန်လည်ပေးအပ်သွားမည်ဟု ဦးအောင်စိုးနိုင် ကဆိုသည်။

အဆိုပါစက်ရုံမှာ မတ်လ ၇ ရက်နေ့ ညပိုင်းတွင် အလုပ်ရှင်နှင့် အလုပ်သမား အချို့ စကားများရန်ဖြစ်ကြသည့်အပေါ် ရပ်ကွက်တာဝန်ရှိသူများမှ အကူအညီတောင်းခံသဖြင့် ရဲတပ်ဖွဲ့မှ လာရောက်ကာ ၀င်ရောက်ဖြန်ဖြေစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ယင်းစက်ရုံမှ အလုပ်သမားတစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ရိုက်နှုက်မှုကြောင့် သေဆုံးသွားခဲ့သည်။

ယင်းသို့သေဆုံးရခြင်းကြောင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက တောင်းပန်ထားသည်။

Dawei Watch