Pages

Thursday, March 31, 2016

တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်ခံရမှု ပါတီအပေါ် သက်ရောက်မှုမရှိဟု မွန်အမျိုးသားပါတီထုတ်ပြန်



Dawei Watch| မော်လမြိုင်၊ မတ် ၃၁

ပြည်ထောင်စု အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်သု ဝန်ကြီးအဖြစ် မွန်အမျိုးသားပါတီမှ ဒု-ဥက္ကဋ္ဌ (၁) နိုင်သက်လွင်ကို ခန့်အပ်လိုက်သည့်အပေါ် ပါတီတွင်း တစုံတရာ သက်ရောက်မှုမရှိကြောင်း မွန်အမျိုးသားပါတီ (MNP) က ထုတ်ပြန်ကြေညာလိုက်သည်။

ပါတီကို အသိပေးခြင်းမရှိဘဲ နိုင်သက်လွင်အား တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းသည် မွန်အချင်းချင်းများအကြား သွေးကွဲအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု မွန်ပြည်သူလူထုများကြား ဝေဖန်မှုများ ထွက်ပေါ်နေသည့်အပေါ် တုန့်ပြန်သည့်သဘောဖြင့် MNP ပါတီက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တိုင်းရင်းသားနိုင်ငံရေး လုပ်ကိုင်နေသော အဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်ကို တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်ခြင်းအတွက် လုပ်သင့်လုပ်ထိုက်သော အလုပ်ဖြစ်သည်ဟု ထင်မြင်ကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး (၂) နိုင်စိုးမြင့် က ပြောသည်။

“ဒီအပေါ်မှာ တချို့သော ဝေဖန်ရေးသမားတွေရှိတော့ မွန်တွေ ကွဲမယ်ဆိုတာ ဒီအတွက်ကြောင့် ကျနော်တို့ ပါတီမှာကွဲဖို့ဆိုတာ အကြောင်းမရှိဘူး” ဟု ၎င်းက ပြောသည်။

NLD အနေဖြင့် မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်မည်ဆိုသည်ကို ပါတီသို့ တရားဝင်အကြောင်းကြားထားခြင်းမရှိကြောင်း ခန့်အပ်မည့်သူကိုသာ ခေါ်ယူဆွေးနွေး မေးမြန်းပြီး ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

မွန်အမျိုးသားပါတီ၏ သဘောထားဆန္ဒရယူခြင်းမရှိဘဲ NLD မှ မွန်အမျိုးသားပါတီ၏ ဒုဥက္ကဋ္ဌ (၁) ကို ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ထားခြင်းသည် မဖြစ်သင့်ကြောင်း ပါတီ ဒုဥက္ကဋ္ဌ (၂) ဖြစ်သည့် နိုင်ငွေသိန်းက ပြောသည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့တို့က လက်မခံနိုင်သည့်အနေအထားရှိနေပြီး ပါတီတွင်း သဘောထားကွဲလွဲမှုများ ရှိနေသည်ဟု ပါတီခေါင်းဆောင်အချို့ထံမှ သိရသည်။

မွန်နိုင်ငံရေးကိုအနီးကပ်စောင့်ကြည့်နေသည့် မင်းမင်းနွယ်က “အဖွဲ့ချုပ်က အခု တိုင်းရင်းသားတွေကိုတိုင်းရင်းသားရေးရာဝန်ကြီးပေးတာဟာ အနှစ်မပါတဲ့ နေရာပေးမှုလို့ပဲ မြင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ မည်သည့်တိုင်းရင်းသားပါတီကိုမှ သူတို့က မူဝါဒအရ ညှိနှိုင်းမှုမရှိဘဲနဲ့ သြဇာရှိတဲ့ ပါတီခေါင်းဆောင်တွေကို ဆွဲထုတ်ခန့်အပ်လိုက်ခြင်းအားဖြင့် ပါတီများအတွင်း အကွဲအပြဲဖြစ်ပေါ်စေပြီးတော့ ပါတီ အားနဲချည့်နဲ့သွားအောင် ဘော်လစီအရ သူတို့ ရွေးချယ် လုပ်ဆောင်နေတယ်လို့ပဲ မြင်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။

မွန်အမျိုးသားပါတီ၏ ထုတ်ပြန်ချက်တွင် သမ္မတဦးထင်ကျော် ဦးဆောင်သော အစိုးရအဖွဲ့သည် ပြည်သူ့ကိုယ်စားပြု အစိုးရတစ်ရပ်ဖြစ်သောကြောင့် မွန်အမျိုးသားပါတီအနေဖြင့် အပြုသဘောဆောင်စွာ ကြိုဆိုကြောင်းလည်း ပါရှိသည်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာနသည် သမ္မတဦးထင်ကျော်ဦးဆောင်သည့် အစိုးရလက်ထက်တွင် ပေါ်ပေါက်လာသည့် ဝန်ကြီးဌာနအသစ်တစ်ခု ဖြစ်ပြီး ယင်းနေရာအတွက် ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ကနဦးကမ်းလှမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရ ဖွဲ့စည်းရန် အခြားပါတီများမှ ခေါင်းဆောင်များကို အစိုးရအဖွဲ့ဝင်နေရာများ၊ လွှတ်တော်အကြီးအကဲနေရာများ ခန့်အပ်ရာတွင် သက်ဆိုင်ရာ ပါတီများကို အသိပေးခြင်းမရှိသည့်အတွက် ဝေဖန်မှုများရှိနေသည်။

UNA ခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့် မွန်အမျိုးသားပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၃ ဦး အနိုင်ရရှိထားသည့်ပါတီဖြစ်သည်။

Dawei Watch