Pages

Saturday, March 12, 2016

ငါးအအေးခန်းစက်ရုံ အလုပ်သမား သေဆုံးရမှု ရဲတပ်ဖွဲ့ တောင်းပန်


တိုင်းရဲတပ်ဖွဲ့မှူ; စက်ရုံအလုပ်သမားများနှင့် တွေ့ဆုံတောင်းပန်နေစဉ်ဓာတ်ပုံ - Dawei Watch
-

၊ ထားဝယ်၊ မတ် ၁၂


ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက်ရှိ (ဟိုင်ယွမ်) ငါးအအေးခန်းစက်ရုံတွင် မတ်လ ၇ ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့သည့် ဖြစ်ရပ်အပေါ် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက စက်ရုံသို့သွားရောက် တောင်းပန်ခဲ့သည်။


တိုင်းရဲတပ်ဖွဲ့မှူးသည် အဆိုပါ ငါးအအေးခန်းစက်ရုံရှိ အလုပ်သမားများနှင့် မတ်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် စက်ရုံ၌ တွေ့ဆုံကာ အလုပ်သမား သေဆုံးရမှုအပေါ် ညီအစ်ကို တစ်ဦးဆုံးရှုံးရသလို ၀မ်းနည်းရပြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးအနေနှင့် တောင်းပန်ကြောင်း စက်ရုံမန်နေဂျာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် သတင်းထောက်အချို့ ရှေ့မှောက်တွင် ရဲမှူးကြီးက ပြောကြားခဲ့သည်။


မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသည့် ယင်း အကြောင်းအရာအပေါ် ရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ လိုအပ်သည့် စစ်ဆေးအရေးယူမှုများပြုလုပ်နေပြီး ပြည်သူများအပေါ် နောင်မဖြစ်စေရန် တာဝန်ယူ လုပ်ဆောင်သွားမည်ဟု တိုင်းရဲမှူးကြီး နေမျိုး ကဆိုသည်။


“ပြဿနာတစ်ခုအပေါ် ခေါင်းအေးအေးနဲ့ သေချာရှင်းပြပြီး ဖြေရှင်းသွားဖို့လိုတယ်”ဟု အလုပ်သမားများနှင့်တွေ့ဆုံပွဲတွင် ရဲမှူးကြီး နေမျိုး ကပြောသည်။


အလုပ်သမားများအနေနှင့် ယင်းစက်ရုံတွင် အလုပ်ဆက်လက်လုပ်ကိုင်မည်ဆိုပါက ဆက်လုပ်နိုင်ပြီး ယင်းအပေါ် ရဲတပ်ဖွဲ့အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိကြောင်း၊ လိုအပ်သည့် အကြံဥဏ်များလည်း တောင်းခံနိုင်ပြီး တစ်ဦးနှင့်တစ်ဦး အမြင်ရှင်းရန်လိုအပ်ကြောင်း ရဲမှူးကြီး ကဆက်ပြောသည်။


ရဲမှူးကြီးက ထိုကဲ့သို့ လာရောက်ရှင်းပြ ပြောဆိုသည့်အတွက် ကျေနပ်ကြောင်း စက်ရုံ အလုပ်သမားတစ်ဦး ကဆိုသည်။


တိုင်းရဲတပ်ဖွဲ့မှူးမှ ယခုလို လာရောက်ပြောကြားပေးခဲ့သည့်အတွက် မထင်မှတ်ဘဲ ဖြစ်သည့်ကိစ္စအပေါ်တွင် အလုပ်သမားများဖက်မှ အမြင်ရှင်းသွားနိုင်ကြောင်း စက်ရုံမန်နေဂျာ ကိုအောင်စိုးနိုင် ကပြောဆိုသည်။



မတ်လ ၇ ရက်နေ့ ညပိုင်းတွင် အလုပ်ရှင်နှင့် အလုပ်သမားအချို့ စကားများရန်ဖြစ်ရာမှ ရပ်ကွက်တာဝန်ရှိသူများ သွားရောက်ဖျန်ဖြေရာ အဆင်မပြေဖြစ်ရာမှ ရဲတပ်ဖွဲ့ထံ ရပ်/ကျေးတာဝန်ရှိသူများက ဆက်သွယ်အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့မှ သွားရောက်ညှိနှိုင်းဖျန်ဖြေရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရိုက်နှုက်မှုကြောင့် အလုပ်သမားတစ်ဦး သေဆုံးသွားခဲ့သည်။


ဖြစ်စဉ်တွင်ပါဝင်သည့် အလုပ်သမား၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များအား တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် ခုံရုံးဖွဲ့စစ်ဆေးနေပြီး ရိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်အား ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


ဖြစ်စဉ် ဖြစ်ပွားစဉ်တွင် တာဝန်ကျ တိုင်းရဲတပ်ဖွဲ့မှူး မရှိဘဲ ရဲမှူးကြီးနေမျိုးမှာ မတ်လ ၁၀ နေ့တွင်မှ စတင် ပြောင်းရွေ့တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည်။

ယခင် ရဲမှူးကြီး ကြည်လင်းမှာ ဖေဖော်ဝါရီလ တတိယ အပတ်ကတည်းက တာဝန်မှ ပြောင်းရွေ့သွားခဲ့သည်။
Dawei Watch