Pages

Saturday, April 23, 2016

ရက္ခိုင့်တပ်မတော်နှင့်တိုက်ပွဲအတွင်း အစိုးရတပ်က ဒေသခံများကို အထမ်းသမားအဖြစ် ခေါ်ယူ

Army soldiers carry weapons as they walk to the earthquake struck area in Tarlay, Myanmar March 28, 2011. REUTERS/Soe Zeya Tun

ရခိုင့်တပ်မတော် (အေအေ) နဲ့ အစိုးရတပ်ဖွဲ့တွေကြား တိုက်ပွဲတွေအတွင်း ဒေသခံတွေကို အထမ်းသမားအဖြစ် အဓမ္မခေါ်ယူခိုင်းစေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင့်တပ်မတော် (AA) နဲ့ အစိုးရတပ်တွေဟာ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်ထဲက လောရ မတောင်ပေါ်မှာ ဧပြီ  ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်နေပြီး တောတောင်ထဲမှာ သစ်ခုတ်၊ ထင်းခုတ်နဲ့ တောင်ယာလုပ်ကိုင်သူတွေကိုလည်း စစ်တပ်က ပစ္စည်းတွေထမ်းဖို့ ခိုင်းစေခံနေရတာတွေ ရှိနေတယ်လို့ ရေကောင်းချောင်းရွာနေ ဦးမောင်တင်ငွေက ပြောပါတယ်။
“ကျနော်က ဆေးရွက်ကြီးစိုက်ပါတယ်။ စစ်သားတွေလာတာမြင်လို့ မထရဲတော့ပါဘူး။ ထိုင်နေတုန်း ရှေ့လူတွေလွန်သွားပြီး နောက်ကလာတဲ့လူက ကျနော့်ကိုခေါ်ပါတယ်။ ကျနော်ဆင်းသွားတော့ ဒါကိုထမ်းလို့ပြောလို့ ထမ်းပါတယ်။ ထမ်းသွားပြီး သူတို့ ခဏနားမယ်ဆိုပြီး နားနေတုန်း ကျနော်အလစ်ပြန်ထွက်ပြေးလာပါတယ်” လို့ ပြောပါတယ်။
ဒီလိုခေါ်ယူခိုင်းစေခံနေရတာတွေဟာ ရသေ့တောင်မြို့နယ်ထဲက၊ ရေကောင်းချောင်း၊ ရီစိုးချောင်း ရွာတွေမှာ အများဆုံး ဖြစ်နေတာလို့ ပြောကြပါတယ်။
ရီစိုးချောင်းရွာနေ ကိုထွန်းနိုင်စိုးက “ကျနော့်ကို အစ်ကိုကခေါ်ပြီး အဖေ့ကို စစ်သားတွေ ဖမ်းသွားပြီလို့ ပြောတယ်။ ကျနော်ကမယုံလို့ ဖုန်းဆက်ပြီး အဖေနေတဲ့နေရာကို စုံစမ်းတော့ လေးယောက်ပါသွားတယ်တဲ့။ ငထောင်ချေ၊ ဦးလေးသာထွန်း၊ နောက်ကျနော့်အဖေပါတယ်။ နောက်တစ်ယောက် သန်းထွန်းပါတယ်။ သူကလည်း ကျနော့်ဘဒွေးပါ။ အားလုံး ကျနော့်ဆွေမျိုးမိသားစုထဲကပါ။ ပထမ ဒီလိုဖမ်းတယ်ဆိုတာ မယုံပါဘူး။ အခုကျနော်တို့ လက်တွေ့ ကြုံရမှယုံတာပါ။ အဖေ့ကို ကင်ပွန်းချောင်းဘက် ခေါ်သွားတယ်လို့ ကြားပါတယ်။ အမေလည်း ဘယ်မှာလည်း မသိဘူး။ စုံစမ်းလို့မရပါဘူး” လို့ ပြောပါတယ်။
စစ်တပ်က ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေဖြစ်နေတဲ့အပြင် လက်နက်ကြီး ပစ်ခတ်သံတွေကြောင့် တိုက်ပွဲဖြစ်တဲ့ နေရာအနီးအနားက ဒေသခံတွေဟာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ နေအိမ်နဲ့ မွေးထားတဲ့ တိရစ္ဆာန်တွေပါထားခဲ့ပြီး နီးစပ်ရာကျေးရွာတွေနဲ့ ဇာတိရပ်ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
နတ်အိုင်ရွာသူ မသန်းရွှေက “ကျမတို့က မရှိဆင်းရဲသားတွေဖြစ်လို့ တောင်မှာလုပ်စားနေတာပါ။ အခုလို အသံတွေကြားလို့ ကြောက်ပြီး ဆင်းပြေးလာတာပါ။ အဲ့ဒီအသံတွေကိုလည်း မကြားချင်ပါဘူး” လို့ ပြောပါတယ်။
တိုက်ပွဲတွေအတွင်း အစိုးရတပ်ဘက်က ဒေသခံတွေကို လမ်းပြ၊ အထမ်းသမားတွေအဖြစ် ခေါ်ယူမှုတွေ ရှိနေကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အစိုးရတပ်ဘက်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။
တိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်းမြို့နယ်တွေက ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ဒုက္ခသည် ၅၀၀ လောက် ခိုလှုံနေကြရပါတယ်။
DVB