Pages

Saturday, April 23, 2016

အမြန်ဆုံး အမိန့်ချမှတ်ပေးရန် ကဗျာဆရာ မောင်ဆောင်းခ ပြော

မောင်ဆောင်းခ
 မောင်ဆောင်းခ

အမှုစစ်​​ဆေးချိန်​ကြာမြင့်​လာ​လေ နစ်​နာဆုံးရှုံးမှု​တွေရှိလာတာ​ကြောင့်​ အမြန်​ဆုံးအမိန့်​ချပေးဖို့ ကဗျာဆရာ​ မောင်​​ဆောင်းခက ​တောင်းဆိုလိုက်​ပါတယ်​။
နိုင်​​ငံတော်သမ္မတ ဦးသိန်းစိန်ကိုထိခိုက်တဲ့ ကဗျာရေးသားပြီး ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ တင်ခဲ့တာကြောင့် ကဗျာဆရာ​မောင်​​ဆောင်းခ (ခေါ်) ကိုအောင်စည်သူဟာ လက်​ရှိမှာ ၂၀၁၃ ခုနှစ်​ ဆက်​သွယ်​​ရေးဥပ​ဒေပုဒ်​မ ၆၆ (ဃ) နဲ့ တရားဆွဲခံရတာပါ။
တရားရုံးချိန်း​တွေမှာ တရားလိုနဲ့သက်​​သေ​တွေက မလာ​ရောက်​တာ​ကြောင့်​ လိုအပ်​တာထက်​ပိုကြာ​နေပြီး ချုပ်​ရက်​ကပင် ​၆ လနီးပါးရှိ​နေတာ​ကြောင့်​ အမြန်ဆုံး အမိန့်ချမှတ်ပေးဖို့ မောင်ဆောင်းခက အခုလို​ပြောလိုက်​တာဖြစ်​ပါတယ်​။
“ဒီနေ့ရုံးချိန်းက ကျနော့်ကို အမှုမဖျက်ပေးရင် တကယ်ဆို တရားလိုပြသက်သေ တွေလာရမှာ။ ပြီးတော့ ကျနော့်ဆီကို တရားလိုပြသက်သေတွေ မလာတာ သုံးလေးငါး ပတ်ရှိနေပြီ။ လက်ရှိတရားရုံးနဲ့ အမှုကိုင်တွေ ရဲတွေက အရမ်းကိုပဲ ပေါ့လျော့တယ်။ သေချာမလုပ်ဘူးပေါ့။ နောက်ထပ် လာမယ့် တနင်္လာ၊ အင်္ဂါနှစ်ရက်ကို ပြန်ချိန်းတယ်။ ၆၆ (ဃ) က ကျန်တဲ့ သူတွေအားလုံးကို ကြည့်လိုက်တော့ ၆ လပဲကျတယ်။ ကျနော်က ၆ လ ပြည့်ခါနီးနေပြီ။ ကျနော့်အမှုကို ဒီတိုင်းပဲထားမယ်ဆိုရင် ၆ လကျော်ပြီးတော့ ထောင်ထဲမှာ ထပ်နေရမယ်။ ဆိုတော့ ဒီတရားစီရင်ရေးစနစ်ကို နှောင့်နှေးကြန့်ကြာအောင် လုပ်တာက  တရားဥပဒေစိုးမိုးမှု မရှိတာပဲလို့ ကျနော်ယူဆတယ်။ သူတို့တွေက အမိန့်မချဘဲနဲ့ အချိန်ဆွဲထားတဲ့ အတွက်ကြောင့် ဒီလိုမျိုးထောင်ထဲမှာ ကျနော့်အချိန်တွေ အများကြီးဆုံးရှုံးရတယ်။ အဲ့အတွက် ကျနော် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးခံခဲ့ရတယ်။”
ခံစားချက်​​ပေါ်မူတည်​ပြီး ဆုံးဖြတ်​ချက်​ကို အလျင်​စလိုချမှတ်​တာ​ကြောင့်​ အမှား​တွေကြုံ​တွေ့ရတာထက်​ အချိန်​တခုထိ​စောင့်​ပြီး အမှန်​တရား​ပေါ်လာ​အောင် ​ကြိုးစား သင့်​တယ်​လို့ သူ့အမှုကိုအကျိုး​ဆောင်​​ပေး​နေတဲ့ တရားလွှတ်​​တော်​​ ရှေ့​နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။
“၆၆ (ဃ) ကတော့ ချောစန္ဒီထွန်းကနေပြီးတော့ ဈေးဖွင့်တာ ပေါက်ဈေးက (၆) လ ရှိတယ်။ ဇော်မျိုးညွှန့်လည်း (၆) လပဲ။ ကန်ကြီးထောင့်က ဦးသန်းထွန်းကလည်း (၆) လပဲဆိုတော့ ဈေးတော့ မတက်သေးဘူးဗျ။ အ၀ယ်သိပ်မလိုက်လို့။ အဲ့လို အမှုတွေ များလာရင်တော့ ဈေးတက်ရင်တက်သွားမယ်။ ခံစားချက်ခြင်းမတူတာပေါ့နော်။ ပိုကြန့်ကြာပေမယ့်လို့ လမ်းမှန်ကိုရောက်ရင် အဲ့ဒါအမြတ်ပါ မဆုံးရှုံးပါဘူး။ အရေးကြီးတာက အဖြေမှန်တရပ်ရဖို့ပါ။ ကျနော်တို့ ခံစားချက်တခုတည်းနဲ့ ကြည့်လို့မရဘူး။ အေးချမ်းစွာနဲ့ လုပ်သွားရမှာပါ။ ချုပ်ရက်တာရှည်သော်လည်းပဲ အဆုံးသတ်အဖြေကောင်းတယ်ဆိုရင် ကျနော်တို့အတွက် အကျိုးရှိပါတယ်။ ဖြည်းဖြည်းချင်းတော့ သွားကြရမှာပေါ့။”
ကဗျာဆရာ မောင်ဆောင်းခဟာ  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်​ပြီး၊ ပုဒ်မ ၅၀၅ (ခ) ကိုတော့ ဧပြီလ ၈ ရက်နေ့က ရုပ်သိမ်းပေးခဲ့တာဖြစ်​ပါတယ်​။ မောင်​ဆောင်းခကို လက်​ရှိအင်းစိန်အကျဉ်း​ထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ဧပြီ ၂၅ ရက်နေ့ကို ရုံးချိန်းပြန်လည်​ချိန်းဆိုထားပါတယ်​။
DVB