Pages

Tuesday, April 26, 2016

ရေးတွင် လက်ပစ်ဗုံးနှင့် ဆေးပြားများ ဖမ်းမိ



Dawei Watch| ရေး ၊ ဧပြီ ၂၆

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာတွင် ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းက စိတ်ကြွဆေးပြား
၂၂၈ ပြားနှင့်အတူ လက်ပစ်ဗုံးတစ်လုံးသိမ်းဆီးရမိခဲ့သည်ဟု ရေးမြို့နယ် မူးယစ်တပ်ဖွဲ့စု (၃၉)ထံမှ သိရသည်။
ယင်းနေ့နံနက်ပိုင်းတွင် ရေးမြို့နယ်မူးယစ်တပ်ဖွဲ့စု(၃၉)မှ ဒုရဲမှူးသန်းဇော် ဦးစီးအဖွဲ့သည်
တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ အစင်စံပြကျေးရွာ၊ နယ်မြေ(၃)ရှိ စိုးမိုးဦးဆိုသူ၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာတွင် ၄င်းနေအိမ် အိပ်ယာနံဘေးတွင် အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၁၅ ပြား၊ R စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား
၁၃ ပြား စုစုပေါင်း ဆေးပြား ၂၂၈ ပြား (အလေးချိန် ၂၂.၈ ဂရမ်ခန့်) နှင့်အတူ MG 1 အမျိုးအစား ပလပ်စတစ် လက်ပစ်ဗုံး တစ်လုံး (ဖြူးစ်မပါ) တို့အား သက်သေများရှေ့တွင် သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

တရားခံအား စစ်ဆေးချက်အရ ၄င်းဆေးပြားများကို အဘော်ကျေးရွာ၊ ရေးမြို့နယ်နေမှ အမျိုးသားတစ်ဦးထံမှ  လွန်ခဲ့သော ၄ ရက်ခန့်က သွားရောက်ဝယ်ဆောင်ခဲ့ပြီး ဆေးပြား ၁ ပြားလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ဆေးပြား
၄၀၀ ၀ယ်ဆောင်ခဲ့ကာ ယခုဆေးပြားများမှာ ရောင်းချ၍ ကျန်ခဲ့သော ဆေးပြားများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့စခန်း မှတ်တမ်းအရသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွဆေးပြားများနှင့် လက်ပစ်ဗုံးတစ်လုံးနှင့်အတူ တွေ့ရှိသူ စိုးမိုးဦးနှင့် ကွင်းဆက်တရားခံ ၏တို့အား အမှုဖွင့်အရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိသည်ဟု ရေးမြို့နယ်မူးယစ်တပ်ဖွဲ့စု(၃၉)ထံမှ သိရှိရသည်။