Pages

Saturday, April 9, 2016

မွန်ပြည်နယ်တွင် သင်္ကြန်ကာလ ပုံဖျက် မလည်ရ

Dawei Watch| မော်လမြိုင်၊ ဧပြီ ၇
မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနိုင်ရန် ပုံဖျက်လည်ပတ်မှုမပြုရန်အပါအဝင် စည်းကမ်းချက် ၁၅ ချက်ကို မွန်ပြည်နယ် ရိုးရာသင်္ကြန်ပွဲတော် ကျင်းပရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စည်းကမ်းချက်များတွင် ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် အပြုအမူ၊ ဝတ်စားဆင်ယင်မှုများ၊  ပုံဖျက်ထားခြင်းများ၊ ဓား၊ ဒုတ်၊ လက်နက်ကိုင်ဆောင်ခြင်းများ၊ နိုင်ငံတော်ဂုဏ်သိက္ခပျက်ပြားစေမည့် အပြောအဆို အပြုအမူများ၊ နိုင်ငံတကာအလံကို တပ်ဆင်ထားခြင်းများ အစရှိသည်တို့ ပါဝင်ပြီး ထုတ်ပြန်ချက်ကို ဖောက်ဖျက်လျှင် တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်သည်။
မွန်ပြည်နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနိုင်ရန်ထိုစည်းကမ်းချက်များ ထုတ်ပြန်ခြင်း ဖြစ်ပြီး ဖောက်ဖျက်ပါက တည်ဆဲဥပဒေများ အရ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရိုးရာသင်္ကြန်ပွဲတော် ကျင်းပရေးအဖွဲ့မှ မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောဆိုသည်။
“သင်္ကြန်လည်ပတ်ရာမှာ ရာဘာ ပိုက်လုံးတွေ အတွင်း သစ်သား၊ သံချောင်းတွေထည့်ထားပြီး အမှတ်အသား တစုံတခုကို ထိပ်မှာချည်၊ အလံ တိုင်တခုအဖြစ်အသုံးပြုတတ်ပါတယ်။ အဖွဲ့လိုက်လည်ပတ်တဲ့ လူငယ်တွေမှာဆိုရင် ပုံစံ မျိုးစုံရှိတဲ့ ဒုတ်၊ ချိန်းကြိုး လိုလက်နက်ကိရိယာတွေကို ပြီးခဲ့ တဲ့ သင်္ကြန်နှစ်တွေတုန်းက အတော်များများ တွေ့ခဲ့ရပါတယ်”ဟု ၎င်းက ဆိုသည်။  
မွန်ပြည်နယ်တွင် သင်္ကြန်လည်ပတ်ကြသည့် လူငယ်အများစုက ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့ပြီး ကစားကြလေ့ရှိသည့်အပြင် ဓား၊ ဒုတ်အစရှိသည့် လက်နက်တစ်မျိုးမျိုးကိုင်ဆောင်ကာ လည်ပတ်ကြသည်ကိုလည်း နှစ်စဉ် နှစ်တိုင်း တွေ့မြင်နေကြရပြီး တစ်စုံတစ်ရာ အရေးယူထိန်းသိမ်းခြင်း မရှိခဲ့ပေ။
“ပုံစံအမျိုးမျိုးနဲ့ တွေ့နေရတဲ့ သင်္ကြန်ကာလမှာ ကိုင်တွယ်ဖို့တော့ ခက်မယ်ထင်တယ်၊ ဒီအတိုင်းလွှတ်ထားရင်လည်း မဖြစ်ဘူး တစ်နှစ်ထက် တစ်နှစ် ဆိုးလာတယ်၊ စနစ်တကျလုပ်ဖို့တော့ လိုတယ် ကြာလာရင် ယဉ်ကျေးမှုကလည်း ပျက်သွားမယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
မွန်ပြည်နယ်၏ သင်္ကြန်ပွဲတော်သည် စည်ကားလှသည့် ပွဲတော်တခုဖြစ်ကာ အထူးသဖြင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်စဲကမ်းခြေတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားသူတို့ကြောင့် အစည်ကားဆုံးနေရာတစ်ခုဖြစ်ပြီး သင်္ကြန်အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့တို့တွင် မော်လမြိုင်၊ ကျိုက်မရောနှင့် ရိုးဂိုကျေးရွာတို့တွင် အစည်ကားဆုံးနေရာဖြစ်သည်။

Dawei Watch