Pages

Sunday, May 1, 2016

မြိတ်ဆေးရုံကြီးတွင် ကြမ်းတမ်းစွာ ပြောဆိုခဲ့သည့် NLD ပါတီ ဝင်တစ်ချို့ ကိစ္စ လွှတ်တော် ကိုယ်စားလှယ်များ ကြားဝင် တောင်းပန်ခဲ့ရ

 မြိတ်၊ မေ ၁
မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ၂၅ ရက် ညပိုင်းအချိန်က NLD ပါတီဝင်တစ်ချို့ကြမ်းတမ်းစွာ သွား ရောက် ပြောဆိုမှု ကြောင့် လွှတ်တော် ကိုယ်စားလှယ်များက ကြားဝင် တောင်းပန်ခဲ့ရကြောင်း မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဋ္ဌေးထံမှ သိရသည်။
ဧပြီလ ၂၅ ရက် ည ၇နာရီခန့်က ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲတွင် မြိတ် တောင်ကျေးရွာမှ NLD ပါတီဝင် အမျိုး သမီးတစ်ဦးက ဆေးရုံတွင် သွေးစစ်စဉ် ဆရာဝန်က ငွေသုံးသောင်းတောင်းခဲ့သည်ဟု ဝန်ကြီးချုပ်အား ပြောဆို ခဲ့ကြောင်း ဦးစိုးပိုင်ဋ္ဌေးက ပြောပြသည်။
“အမျိုးသမီးတိုင်တဲ့ကိစ္စကို ဟုတ် မဟုတ် ဖျားနာဆောင်မှာ စုံစမ်းတော့ ပိုက်ဆံတောင်းတာ မဟုတ်ဘူး၊ ရန်ကုန် မှာ သွေးစစ် ရမှာ ဖြစ်တဲ့အတွက် အဲသည် လောက်ကုန်မယ်၊ တတ်နိုင်သလား မေး တာခဲ့တာပါ”ဟု မြိတ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိ ဆရာဝန်တစ်ဦးက ပြောပြ သည်။
မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၆ ရက်မှစပြီး အတွင်းလူနာများအတွက် ဓာတ်ခွဲ စမ်းသပ်မှုပေါင်း ၄၄ မျိုးကို အခမဲ့ပြု လုပ်ပေးနေပြီဖြစ်ကြောင်း ယင်းဆေးရုံ ကြီးမှ သိရသည်။
“ဆေးရုံက ၄၄ မျိုးလုပ်ပေးထားတာ အခုဖြစ်တာက လည်ပင်ကြီးရောဂါ (Virus) ပိုးစစ်ရမယ်ဆိုတာ့ ပိုးစစ်တာ မြိတ်မှာ မရှိတဲ့အတွက် ရန်ကုန်မှာ စစ်မှရမယ်ဆိုတာကို ဆေးရုံက ပြန်ရှင်း ပြတော့ ဝန်ကြီးချုပ်ကလည်း သဘော ပေါက် သွားပြီ”ဟု ဦးစိုးပိုင်ဋ္ဌေးက ပြောပြသည်။
ယင်းနေ့ ညပိုင်းတွင် အဆိုပါ အမျိုးသမီးအပါ ပါတီဝင်တစ်ချို့က ဆေးရုံတွင် သွားရောက်ပြောဆိုရာတွင် ကြမ်းတမ်းသည့် စကားများပါသွားသည့် အတွက် ယင်းသို့ တောင်းပန်ခဲ့ရခြင်း ဖြစ်ကြောင်း  ဦးစိုးပိုင်ဋ္ဌေးက ပြောပြ သည်။
“လူနာစောင့်တွေထဲမှာ တိုင်ချင်တဲ့ သူရှိရင် ထွက်လာတိုင်ပါ၊ အားကိုး အားထား ရှိတယ်၊ ခေတ်ကလည်း ပြောင်းနေပြီလို့အော်ပြီး လာတာရယ်၊ ပိုက်ဆံတောင်းတဲ့ ဆရာဝန်က ဘယ် သူလဲ နာမည်သေချာမေးခဲ့ ဆရာဝန်ကို ပြုတ်ထွက် သွားအောင် လုပ်မယ် ဆိုပြီး ဆေးရုံမှာ လာရောက်ခြိမ်းခြောက်ခဲ့ တယ်”ဟု မြိတ်ဆေးရုံကြီးမှ တာဝန်ရှိ ဆရာဝန်က ပြောပြသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ပါ တီဝင် အမျိုးသမီး အပါအဝင် တိုင်းပါတီ ရုံးမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူ့ လွှတ် တော်လွတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီချို တို့က ဧပြီလ ၂၇ ရက်တွင် မြိတ်ဆေးရုံ အုပ်ကြီး ထံသွားပြီးညှိနှိုင်းဖြေရှင်းတောင်းပန် ခဲ့ကြောင်း သိရသည်။
ဆေးရုံကြီးတွင် ကြမ်းတမ်းသည့် စကားများ သွားရောက်ပြောကြားခဲ့သည့် ပါတီဝင်များကို သတိပေးထားပြီးဖြစ်ကာ နောက် နောင် ယင်းဖြစ်ရပ်မျိုးဖြစ် ပေါ်လာပါက ပါတီဝင်အဖြစ်မှ ရပ်နားခြင်းနှင့် ဝတ္တရား နှောက်ယှက်မှုဖြင့် ဥပဒေအတိုင်း အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း ဦးစိုးပိုင်းဋ္ဌေးထံမှ သိရ သည်။
Dawei Watch၊