Pages

Wednesday, May 18, 2016

တနင်္သာရီတိုင်းဒေသကြီးတိုင်းလွှတ်တော်တွင် ရေးရာကော်မတီ ၆ ခုဖွဲ့စည်းမည်


|Dawei Watch| ထားဝယ်၊ မေ ၁၇
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် ရေးရာကော်မတီ ၆ ခုဖွဲ့စည်းထားကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။
ယခင်က တိုင်းဒေသကြီးလွှတ်တော်တွင် ရေးရာကော်မတီ ၅ ခုကို ဖွဲ့စည်းရန် လျာထားသည်ဟု ပြောဆိုခဲ့ဖူးသော်လည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်ပင်ဆွေးနွေးကာ လိုအပ်ချက်အရ ကော်မတီ ၆ ခုကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
ထပ်တိုးလိုက်သည့် ကော်မတီမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ ကော်မတီ ဖြစ်သည်။
“ကော်မတီတွေဖွဲ့စည်းဖို့ပြင်ဆင်နေတာ အချိန်တစ်လလောက်ကြာသွားတယ်” ဟု ဦးခင်မောင်အေးက ပြောသည်။
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီနှင့် တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ တို့ကို မေလ ၁၀ ရက်နေ့က ဖွဲ့စည်းအတည်ပြုခဲ့သည်။
မေလ ၁၆ ရက်နေ့ တွင်မူ တိုင်းဒေသကြီးလွှတ်တော်အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့်တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာစိစစ်ရေးကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ ကော်မတီ နှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီတို့ကို ထပ်မံအတည်ပြုခဲ့သည်။
“ဥပဒေပြုရေးဆိုင်ရာ ကော်မတီအနေနဲ့ တိုင်းလွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေတွေထဲက ယစ်မျိုးဥပဒေနဲ့ မြို့နယ်စည်ပင် သာယာရေးကော်မတီဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို ပထမဆုံးလေ့လာပြီး ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြ ဌာန်းဖို့ကိစ္စတွေအတွက် အချက်အလက်တွေ စုဆောင်းသွားမယ်” ဟု ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌဖြစ်သည့် တိုင်းလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုးက ပြောသည်။
ဥပဒေများ၏ အားနည်းချက်၊ အားသာချက်ကို လေ့လာပြီး ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြဌာန်းခြင်းဖြင့် အသက်မ၀င်သည့် ဥပဒေကို အသက်ဝင်လာစေရန်၊ မကျင့်သုံးသည့် ဥပဒေကို ကျင့်သုံးလာစေရန် ရည်ရွယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးကြည်စိုးက ဆိုသည်။
ကော်ရှင်များကိုမူ ဒုတိယပုံမှန်အစည်းအဝေးပြန်လည်ကျင်းပချိန်တွင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ထံမှ သိရသည်။

စဉ်
ဖွဲ့စည်းထားသည့်ကော်မတီများ
လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ
ဥပဒေပြုရေးဆိုင်ရာကော်မတီ
တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာကော်မတီ
တိုင်းဒေသကြီးလွှတ်တော်အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာစိစစ်ရေးကော်မတီ၊
စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်သဘာဝပတ်ဝန်းကျင်ရေးရာကော်မတီ
ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ