Pages

Tuesday, May 17, 2016

ထားဝယ်-ထီးခီးလမ်းတွင် KNU က ကောက်ခံသည့် ငွေကြေးပမာဏများဟု ယာဉ်လိုင်းတာဝန်ရှိသူများပြော


|Dawei Watch| ထားဝယ်၊ မေ ၁၆
ထိုင်း-မြန်မာနယ်စပ် ထီးခီးနယ်စပ်ဂိတ်နှင့် ထားဝယ်ကြားလမ်းပိုင်းတွင် KNU က ကောက်ခံသည့် ငွေကြေးပမာဏ များသော ကြောင့် အခက်တွေ့နေရကြောင်း ထားဝယ်ထီးခီးခရီးသည်တင်ယာဉ်လိုင်း တာဝန်ခံအချို့နှင့် ယာဉ်မောင်းများက ပြောသည်။
ထားဝယ်မြို့မှ ထီးခီးနယ်စပ်ဂိတ်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းဂိတ်တစ်ဂိတ်လျှင် တစ်နှစ်စာအတွက် ထိုင်းဘတ်ငွေ တစ် သောင်း(ကျပ် သုံးသိန်းခွဲခန့်) ပေးဆောင်ရသည့်အပြင် ထားဝယ်မြို့မှ ထီးခီးနယ်စပ်ဂိတ်သို့ ၀င်ရောက်ရာတွင် လူတစ်ဦးကို ထိုင်းဘတ်ငွေ ၁၀၀ အား လမ်းပိုင်းရှိ KNU ဂိတ်တွင် ပေးဆောင်နေရကြောင်း ထားဝယ်-ထီးခီးပြေးဆွဲနေသည့် ယာဉ်လိုင်း တာဝန်ခံတစ်ဦးက ပြောသည်။
၎င်းအပြင် ထီးခီးမှ ထားဝယ်သို့ (အနည်းဆုံး ခရီးသည်တစ်ဦး တင်ဆောင်ပြီး) ပြန်ထွက်ပါက ထီးခီးနယ်စပ်ဂိတ်အနီးရှိ KNU စခန်းဂိတ်တွင် ဘတ်ငွေ ၄၀၀ အား ပေးဆောင်နေရသဖြင့် ခရီးသည်ရရှိမှု နည်းပါးသည့်အချိန်တွင် အဆင်မပြေကြောင်း ၎င်းက ဆိုသည်။
“ငွေကြေး မကောက်နဲ့လို့ မပြောဘူး၊ ပေးရတဲ့သူတွေ အဆင်ပြေအောင် ပုံမှန်စံနှုန်းတစ်ခု သတ်မှတ်ပြီး ကောက်စေချင်တယ်” ဟု အဆိုပါယာဉ်လိုင်း တာဝန်ခံက ပြောသည်။
ယင်းအပြင် ထားဝယ်ဘက်မှ ရေထွက်ပစ္စည်း(ငါး၊ပုဇွန်) များအား ထိုင်းနိုင်ငံသို့ တင်ပို့ရန် သယ်ဆောင်ရာတွင် ငါးအ၀ယ်ဒိုင်မှ ပြေစာနှင့် အစိုးရ၏ သက်ဆိုင်ရာ အခွန်စာရွက်စာတမ်းများအား အဆိုပါ ကေအင်ယူ တပ်စခန်းဂိတ် များတွင် ထုတ်ပြသော် လည်း ၁လီတာဆံ့ ပုံး ၈ လုံး သယ်ဆောင်လာသည့် ယင်းခရီးစဉ်တွင် ထိုင်းဘတ်ငွေ ၂၅၀၀ ပေးဆောင်ခဲ့ရကြောင်း ထီးခီး ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ဆိုသည်။
ကားသမားများ၏ ပြောကြားချက်နှင့်ပတ်သက်ပြီးတပ်မဟာ ၄ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ကားသမားများအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနထံသို့ဖြစ်စေ  တပ်မဟာ ၄ ကေအင်ယူ ဆက်ဆံရေး ရုံးသို့ ဖြစ်စေ တရားဝင်တင်ပြပြီး တွေ့ဆုံဆွေးနွေးပါက အဖြေရှာရန် လွယ်မည်ဟုထင်ကြောင်း တပ်မဟာ ၄ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ဖဒိုဝင်းခိုင်က ဆိုသည်။
“ဒါက တော်တော်ကြီး လုပ်ယူရမယ့်အပိုင်းမှာ ရှိတဲ့အပေါ်မှာ အဲလောက်ပဲ ပြောနိုင်မယ်၊ တရားဝင်နည်းလမ်းပုံစံနဲ့ ဆွေးနွေး ကြမယ်ဆို ပိုအဆင်ပြေမယ်ထင်တယ်”ဟု ဖဒိုဝင်းခိုင် ကပြောသည်။
မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ရှိ ထီးခီးနယ်စပ်ဂိတ်အား ၂၀၁၃ ခုနှစ် ဇွန်လက စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ခရီးသည် တင်ယာဉ်လိုင်း ၂၀ခန့် ပြေးဆွဲလျက်ရှိကြောင်း ယာဉ်လိုင်းအသိုင်းအ၀ိုင်းမှ သိရသည်။