Pages

Monday, July 4, 2016

မုံးကိုသို့ တက်လာသည့် အစိုးရစစ်ကြောင်းကို KIA မိုင်းဖြင့် တိုက်ခိုက်



ရှမ်းပြည်နယ်မြောက်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) မုံးကို ဒေသသို့ မုန်ဘော်ဘက်မှ တက်လာသော အစိုးရ စစ်ကြောင်းကို လမ်းခုလပ်တွင် KIA တပ်ဖွဲ့များ ဇူလိုင် ၂ ရက် စနေနေ့ ညနေပိုင်းတွင် မိုင်းဖြင့် ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခဲ့သည့် နေရာမှာ ပန်ဆိုင်း (ကြူကုတ်) မြို့ အလွန် နမ်ဘာတတ် (Nam Ba Tek) ရွာတွင် ဖြစ်ကြောင်း KIA တပ်မဟာ ၆ အရာရှိ တစ်ဦးက ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောပါသည်။

ဇူလိုင် ၃ ရက်နေ့ တပ်မတော်ပိုင် မြဝတီ သတင်းတွင်ကား ‘တာဝန်လဲလှယ်ရန်ချီတက်လာသည့် တပ်မတော်စစ်ကြောင်းအား KIA လက်နက်ကိုင်အဖွဲ့က ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်’ စသည်ဖြင့် ဖော်ပြထားပါသည်။

လက်ရှိ ကချင်ပြည်နယ်တွင်လည်း KIA ဗဟိုဌာနချုပ် လိုင်ဇာအနီး တစ်ဝိုက်တွင် လွန်ခဲ့သည့် တစ်ပတ်တာ တိုက်ပွဲအတွင်း အစိုးရတပ်မှ ကျဆုံးမှုများပြားခဲ့သဖြင့် အင်အားသုံး တိုက်ခိုက်မည့် အခြေအနေ ရှိနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း သိရပါသည်။

Kachinnews
http://burmese.kachinnews.com